နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, July 16, 2015

ဦးအောင်သောင်း ကျန်းမာရေး ပြည်ခိုင်ဖြိုးနှင့် မြန်မာ့နိုင်ငံရေး အပေါ် ဘယ်လို ရိုက်ခတ်မလဲ



ဦးအောင်သောင်း ၂၀၁၅ ဧပြီလက ဂျာမနီသို့ မထွက်ခွာမီ လေဆိပ်၌ တွေ့ရစဉ် / ဓာတ်ပုံ − နစ်ကီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟို အတိုင်ပင်ခံ၊ ပါတီ အပေါ်တွင် ဩဇာ ကြီးမားသူ၊ ပါတီ တည်ထောင် သူများ အနက် တစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ခင်မင် ရင်းနှီးသူလည်း ဖြစ်သည့် တောင်သာ လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သောင်းသည် ဦးနှောက် သွေးကြော ပေါက်သွား၍ စင်ကာပူတွင် ဆေးကုသမှု ခံယူနေ ရသည်။ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာသော ဇူလိုင် ၈ ရက်တွင် တိုက်ဆိုင် စွာပင် ထိုညက ဦးနှောက် သွေးကြော ပေါက်ကာ မူးလဲပြီး ဇူလိုင် ၉ ရက်တွင် စင်ကာပူ နိုင်ငံသို့ ပို့ဆောင် ကုသခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ လက်ထက်တစ် လျှောက်လုံးနှင့် ယနေ့ ဦးသိန်းစိန် အစိုးရ လက်ထက် အထိ သဘော ထားတင်းမာ သူဟု နာမည်ကျော် ပြီး အတိုက် အခံနှင့် ဒီမိုကရေစီ အင်အားစု များကို ဖြိုခွဲ ဖိနှိပ်ခြင်း အကြောင်းပြ ချက်ကြောင့် အစိုးရ သစ်လက်ထက်တွင် နာမည်တပ်၍ အမေရိကန် အစိုးရ၏ ပိတ်ဆို့မှု စာရင်းသွင်း ခံခဲ့ရသည့် ဦးအောင် သောင်း ကျန်းမာရေးချို့ယွင်းသွား ခြင်းမှာ လပိုင်းသာ လိုတော့သော ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေး အပေါ် ထိခိုက်နိုင်ကြောင်း သုံးသပ်မှုများ ရှိလာသည်။

ထို့အပြင် သဘောထား တင်းမာသူ၊ အတိုက်အခံ များကို မုန်းတီးသူဟု နာမည်ကျော် သူတစ်ဦး နိုင်ငံရေးတွင် မပါဝင် လာနိုင်ခြင်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးနှင့် ဒီမိုကရေစီ အင်အားစုများ အတွက် အနည်းငယ် အသက်ရှူ ချောင်သွားစေကြောင်း နိုင်ငံရေး လေ့လာသူ အချို့က သုံးသပ်မှုများ လည်းရှိသည်။

ဦးအောင်သောင်း၏ လက်ရှိ ကျန်းမာရေးအခြေအနေသည် ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် အထိုက်အလျောက်ထိခိုက်နိုင်သော်လည်း ပြည်ခိုင်ဖြိုးပါတီမှာ တစ်ဦးတစ်ယောက်တည်းက ချမှတ်ထားသည့် မူဝါဒဖြင့်သွားနေခြင်းမဟုတ် ဘဲ အားလုံးညှိနှိုင်းတာဝန်ခံလုပ် နေသည့်ပါတီဖြစ်ကြောင်း ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ ဦးဝင်းမြင့်က ခုခံပြောကြားသည်။

‘‘ပါတီက ဦးအောင်သောင်း တစ်ယောက်တည်း မူဝါဒနဲ့သွားနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ပါတီမှာ လူကြီး၊ လူငယ်ဆိုပြီး လှေကားထစ်လို အဆင့်ဆင့် တည်ဆောက်ထားတာဖြစ်လို့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အနည်းငယ်မှအပ သိပ်ပြီးထိခိုက်တာမရှိနိုင်ပါဘူး’’ဟု ၎င်းက ပြော သည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပမှ ဝေဖန်နေသကဲ့သို့ ဦးအောင်သောင်းမှာ သဘောထားတင်းမာ သူဆိုသည်ကိုလည်း လုံးဝငြင်းဆို ကြောင်း ဦးဝင်းမြင့်က ပြောသည်။

‘‘သူ့ကို hard liner လို့ပြောတာတွေကို ကျွန်တော်တို့ အနီး ကပ်နေတဲ့အတွက် မဟုတ်ဘူးလို့ လုံးဝငြင်းလို့ရပါတယ်။ ကျွန်တော်တို့ပါတီဟာ ပြည်ပကိုအားမကိုးဘဲ ကိုယ့်ဘာသာ ရပ်တည်တဲ့ပါတီ ဖြစ်လို့ ပြည်ပအားကိုးတဲ့သူတွေ က သူ့ကိုမလိုလို့ပြောကြတာဖြစ်တယ်။ သူဟာ နိုင်ငံနဲ့ နိုင်ငံသား တွေ အကျိုးရှိမယ့် လုပ်ငန်းဆိုရင် ရပ်တည်ပြီး ဆောင်ရွက်နေပါ တယ်’’ဟု ၎င်းက ပြောသည်။

ဦးဝင်းမြင့်က ပါတီကို မထိခိုက်နိုင်ကြောင်းပြောသော်လည်း ပါတီ၏ ဗဟိုကော်မတီဝင်ဦးအောင်သိန်းလင်းကမူ ဦးအောင်သောင်းကျန်းမာရေး အခြေအနေဆိုးရွားသွားခြင်းမှာ ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးကို ထိခိုက်နိုင်ပြီး ပါတီတွင်း ပြန်လည်သင့်မြတ်ရေးကိုလည်း အားနည်းစေ နိုင်ကြောင်း ဘီဘီစီမြန်မာပိုင်းအစီ အစဉ်သို့ ဇူလိုင် ၈ ရက်က ပြော ကြားထားသည်။

စစ်အစိုးရခေတ်တစ်လျှောက်လုံးတွင် ဦးအောင်သောင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ အားလုံးအတွက် စီးပွားရေးတွင်သာမက ဒီမိုကရေစီရေးတွင်ပါ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူတစ်ဦးဖြစ်သည်။ လူထုမုန်းသည့် စစ်ခေါင်းဆောင်များထဲတွင် ထိပ်ဆုံးနားက ရှိနေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

လက်ရှိအစိုးရလက်ထက် လွှတ်တော်နှင့် ပါတီအားပြိုင်မှု များ ပိုမိုဖြစ်ပွားလာပြီးနောက် အာဏာရပါတီအတွင်း သဘောထား တင်းမာသူ၊ ပျော့ပျောင်းသူ၊ ကြား နေသူဟူ၍ အကွဲအပြဲများရှိခဲ့ရာ ဦးအောင်သောင်းကို သဘောထား တင်းမာသူဟု သတ်မှတ်ထားကြသည်။ သို့သော် ဦးအောင်သောင်း မှာ သူရဦးရွှေမန်းနှင့် ပိုမိုနီးစပ်လာပြီးနောက် သဘောထားပျော့ပျောင်းလာသည်ဟု သုံးသပ်မှုများ ရှိသည်။

ပါတီတွင်း ဦးသိန်းစိန်လိုလားသူနှင့် သူရဦးရွှေမန်းလိုလားသူဟူ၍ အားပြိုင်မှုတွင် ဦးအောင်သောင်းမှာ သူရဦးရွှေမန်းဘက်ရောက်သွား၍ သူရဦးရွှေမန်း ပါတီတွင်း အသာရလာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

အမေရိကန် အစိုးရက ဦးအောင်သောင်းကို ပိတ်ဆို့ရာ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများပျက်စီးစေရန် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အကျင့်ပျက်လာဘ်စားမှုများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသူဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ဆိုင်ရာ ဘဏ္ဍာရေးဌာန (OFAC) ညွှန်ကြားရေးမှူး အာဒမ်ဇူဘင်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

ထို့အပြင် အတိုက်အခံနှင့် ဒီမိုကရေစီအင်အားစုများကို နှိမ်နင်းရာတွင်လည်း ပါဝင်ပတ်သက် သူဖြစ်ကြောင်း အမေရိကန်အစိုး ရ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

‘‘ပြည်ခိုင်ဖြိုးမှာ ဩဇာသိပ် ကြီးတဲ့ ဦးအောင်သောင်းဘက်ပြောင်းလာတာကြောင့် ပါတီရဲ့ အလယ်၊ အလတ် သဘောထားရှိ တဲ့ အင်အားစုတွေ အားကောင်း လာတယ်လို့ မှတ်ချက်ပြုတာတွေ ရှိလာပါတယ်။ ဒီလိုအခြေအနေ (ဦးအောင်သောင်းကျန်းမာရေးကို ဆိုလိုသည်)မှာ သဘောထားတင်းမာသူတွေ ပြန်အသာစီးရသွား မလားဆိုတာ စဉ်းစားရမှာပါ။ ဒါ ဆိုရင်တော့ မြန်မာ့နိုင်ငံရေးရဲ့ အခြေအနေကိုလည်း တစ်နည်း နည်းနဲ့ ရိုက်ခတ်မှုရှိမယ်လို့ယူဆ ပါတယ်’’ဟု ယနေ့ခေတ် နိုင်ငံရေး မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသက်ဇင်က ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း သူရဦးရွှေမန်းက မဟာမိတ်ဖြစ်ပါတယ်။ ဒါကြောင့် ပြည် ခိုင်ဖြိုးပါတီတွင်းမှာ သဘောထား အလယ်၊ အလတ်ရှိသူတွေ အား ကောင်းနေဖို့လိုပါတယ်။ ဒါဟာ ဒီမိုကရက်တစ်တစ်အင်အားစု တွေအတွက်တော့ အရေးပါတယ် လို့ဆိုရမှာပါ။ ဦးအောင်သောင်းဟာ သဘောထားပျော့ပျောင်းသူတွေရဲ့ မဟာမိတ်ဖြစ်နေတာဟာ သူ့ရဲ့ကြီးမားတဲ့ဩဇာကြောင့် အလယ်၊ အလတ်ရှိသူတွေ အား ကောင်းလာရတာပါ။ သူမလုပ်နိုင် ရင် ဘယ်ဘက်အင်အားစုက အား ကောင်းလာနိုင်မလဲ စောင့်ကြည့်ရ မှာပါ။ အဲဒီမျှခြေက လွှတ်တော်တွင်းနိုင်ငံရေးရဲ့ မျှခြေတစ်ခုလို့ ယူဆပါတယ်’’ဟု ဦးသက်ဇင်က ဆက်လက်ပြောကြားသည်။

သို့သော် ပြည်ခိုင်ဖြိုးမှာ ဦးအောင်သောင်းမရှိရုံဖြင့် အင် အားချည့်နဲ့သွားမည်ဟု မထင်ကြောင်း နိုင်ငံရေးသိပ္ပံလေ့လာသူ ဦးကျော်လင်းဦးက ပြောသည်။

‘‘ပြည်ခိုင်ဖြိုးက ဦးအောင်သောင်းမရှိလည်း သိပ်အားနည်း သွားမှာမဟုတ်ဘူး။ ဒီချုပ်လို မဟုတ်ဘူး။ ဒီချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရှိသရွေ့ ပါတီကို ထောက်ခံနေမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်မရှိရင် ပါတီက တစ်မျိုးဖြစ်နိုင်တယ်။ ပြည်ခိုင်ဖြိုးမှာတော့ ဦးအောင်သောင်းမရှိတာက ဒီချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လို တိုက်ရိုက်အချိုးကျမယ်မထင်ဘူး။ သူ့နယ်မြေမှာ သူရဦးအေး မြင့်တို့ ဝက်လက်ကနေ ဝင်ပြိုင်နိုင်တယ်’’ဟု ၎င်းက ပြောသည်။

ဦးအောင်သောင်းသည် စစ်အစိုးရလက်ထက်တစ်လျှောက် အတိုက်အခံများကို ခါးခါးသီးသီး မုန်းတီး၍ ဒီမိုကရေစီအင်အားစု များကို မမြင်လိုသည့် သဘော ထားပြင်းထန်သူဖြစ်ပြီး ကျန်းမာ ရေးချို့ယွင်းသဖြင့် နိုင်ငံရေးအခန်းကဏ္ဍတွင် အားနည်းသွားနိုင်ခြင်း မှာ ပြည်ခိုင်ဖြိုးပါတီအတွက် အား လျော့မှုတစ်ခုဖြစ်လာမည်ဖြစ် ကြောင်း အရပ်ဘက်အဖွဲ့အစည်း များကော်မတီမှ ဒေါ်ခင်လေးက သုံးသပ်သည်။

‘‘သူက ပြည်ခိုင်ဖြိုးမှာဆို ဦးရွှေမန်းထက်တောင် ပါတီကို စီးထားနိုင်တဲ့ပါတီတည်ထောင်သူ ဖြစ်တယ်။ ဦးသန်းရွှေက ဦးအောင်သောင်းကို ပိုပြီးယုံကြည်တဲ့ သဘောရှိတယ်။ ဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့ထက်လည်း ပိုစီနီယာ ကျတယ်။ အသက်အရွယ်အားဖြင့် လည်း ကြီးတယ်။ သူအခုလို ကျန်းမာရေးအရ အားနည်းသွားတာဟာ ပါတီကို အစဉ်အဆက်သစ္စာရှိပြီး ဖက်တွယ်ထားသူ တစ်ယောက် အဖြစ်တော့ အားနည်းသွားတာ ပေါ့။ တစ်ဖက်ကကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအင်အားစုတွေအတွက်တော့ နည်းနည်းပါးပါးသက်သာရာရမယ်လို့ထင်ပါတယ်။ သဘောထားပျော့ပျောင်းတဲ့သူတွေ ပါတီထိပ်ပိုင်းရောက်လာဖို့၊ ပါဝါရလာ ဖို့ မျှော်လင့်တယ်’’ဟု ဒေါ်ခင်လေး က မှတ်ချက်ပြုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေက မြန်မာနိုင်ငံတွင် စစ်တပ်ကို အာဏာအရှိဆုံးအဖွဲ့အစည်း အဖြစ် တည်မြဲနေစေရေးအပြည့် အဝကာကွယ်ပေးထားပြီးဖြစ်၍ ဦးအောင်သောင်း ကျန်းမာရေး အရ ရွေးကောက်ပွဲဝင်မပြိုင်တော့ဟုဆိုပါက သတင်းကောင်း ဖြစ်သော်လည်း မြန်မာ့နိုင်ငံရေး အတွက် ဦးအောင်သောင်းပါဝင်ခြင်း၊ မပါဝင်ခြင်းက ကြီးမားသော အ ပြောင်းအလဲဖြစ်မည်ဟု မထင် ကြောင်း မြန်မာ့အရေးကျွမ်းကျင် သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏မြေး သမိုင်းပညာရှင် နာမည်ကျော်စာရေးဆရာ သန့်မြင့်ဦးက ဦးအောင်သောင်းသည် လာမည့်ရွေးကောက် ပွဲတွင် အရေးပါသူတစ်ဦးဟု ပြော သည်။ ၎င်းက စိတ်လှုပ်ရှားဖွယ် ကောင်းသော မြန်မာနိုင်ငံရွေး ကောက်ပွဲ၏ အဓိကဇာတ်လိုက် တစ်ဦး ဖြစ်နိုင်သည်။ ဦးအောင်သောင်းတစ်ယောက် ဦးနှောက် သွေးယို၍ စင်ကာပူသို့ သွားရောက်ဆေးကုသမှုခံယူနေသည်ဟု ၎င်း ၏ တွစ်တာတွင် ဇူလိုင် ၉ ရက်က မှတ်ချက်ရေးသားထားသည်။

‘‘သူ့ကို မကြိုက်ပါဘူး။ လူပြောများလှတဲ့ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုတွေ၊ အရှုံးပြနေတဲ့ စက်ရုံတွေလုပ်ခဲ့တာတွေ နိုင်ငံအတွက် အကျိုးမဲ့စေတာတွေကို အဓိကမကြိုက်တာပါ။ ကျွန်တော့်အမြင်ကတော့ အခုလက်ရှိ လူကြီးတွေနားသင့်ပါပြီ။ ကျန်းမာရေးအရ ရော၊ လုပ်နိုင်စွမ်းအရရော နေရာဖယ်ပေးသင့်ပါပြီ။ အပြောင်းအလဲ ကိုလည်း မြင်ချင်ပါပြီ’’ဟု အသက် (၃၈)နှစ်အရွယ် ဆရာဝန်တစ်ဦး က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် လက်ရှိအစိုးရအဖွဲ့နှင့် နိုင်ငံကို ဦးဆောင်နေသူများမှာ အသက်အရွယ်အရကြီးရင့်နေပြီး လူငယ်များအား နေရာပေးသင့်ကြောင်း၊ အထူးသဖြင့် ဦးအောင်သောင်း၏ ကျန်းမာရေးထိခိုက်မှု အပေါ် သုံးသပ်ရေးသားသူများနှင့် ဦးအောင်သောင်းကို ထောက်ခံသူများကြား ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင် တစ်ဖက် နှင့်တစ်ဖက် တိုက်ခိုက်ပြောဆိုရေးသားမှုများရှိနေသည်။

သို့သော် ယခု ဦးအောင်သောင်း၏ ကျန်းမာရေးထိခိုက်မှုအပေါ် လက်ရှိနိုင်ငံကိုအုပ်စိုးသူ များက သင်ခန်းစာယူမည်ဟု မထင်ကြောင်း စင်ကာပူရောက် မြန်မာ ကိုကျော်စွာဝင်းက ပြောသည်။

‘‘ဦးအောင်သောင်းအဖြစ်ကို အကောင်းဘက်က သင်ခန်းစာယူ ကြမယ်လို့ မထင်မိဘူးဗျ။ ဒီမိုကရက်တစ်အင်အားစုတွေအတွက်တော့ သူမရှိတော့ အတင်းကာရောစွတ်လုပ်ပြီး ဒုက္ခပေးနိုင် တဲ့သူ နည်းသွားတာမို့ ကောင်းတာ ပေါ့။ အဖျက်လုပ်ဖို့ ဦးဆောင်မယ့် သူ၊ အကြံပေးမယ့်သူမရှိတော့ အတိုက်အခံကို သဘောထားပျော့ပျောင်းသူတွေအနေနဲ့ ပူးပေါင်း ချင်ပူးပေါင်းလာနိုင်တယ်ပဲ ယူဆမိပါတယ်။ အဲဒီလိုပူးပေါင်းမယ်ဆို ရင်လည်း သူတို့ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့ ကာဗာပေးဖို့ ဆိုတာကိုတော့ တောင်းမယ်ထင် ပါရဲ့’’ဟု ၎င်းက ပြောသည်။

လက်ရှိနိုင်ငံကို အုပ်စိုးထားသူများမှာ မတတ်သာသဖြင့်သာ လက်လျှော့လိုက်မည်။ အနားယူ ဖွယ်တော့မမြင်ကြောင်း၊ မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကိုလေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက ပြောသည်။

‘‘စစ်ဗိုလ်တွေသဘောအရတော့ နောက်ဆုံးအချိန်ထိ ခုခံလေ့ရှိတယ်။ သူတို့ခံနိုင်မယ်ထင် တဲ့အထိ ချနေဦးမှာပဲ။ ဒါပေမဲ့ သူတို့နောက်ဆုံးရွေးမယ့်အချိန်ဟာ သူတို့တွင်း ပဋိပက္ခတွေကလည်း သက်ရောက်နိုင်ပါတယ်။ လက်ရှိ ဦးရွှေမန်းနဲ့ ဦးသိန်းစိန်ကြား ပဋိပက္ခမျိုးပေါ့။ လက်ရှိက နည်းနည်း စောင့်ကြည့်ဖို့လိုမယ်။ ဒီဂယက်က လက်ရှိ စစ်ဗိုလ်တွေကို ဘယ်လောက်သက်ရောက်သလဲကြည့် ဖို့လိုပါမယ်’’ဟု ဦးမောင်မောင်စိုးက ဆက်လက်ပြောကြားသည်။

By - အေးသူစံ

Original link - http://www.7daydaily.com/story/41823

No comments:

smy909@gmail.com