နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Monday, July 25, 2016

ဂျာမနီတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ငြင်းဆန် ခံရသူ တစ်ဦး အသေခံ ဗုံးခွဲ




ဂျာမနီတွင် ဒုက္ခသည် အဖြစ် ခိုလှုံခွင့် ငြင်းဆန် ခံထား ရသူ တစ်ဦးက အသေခံ ဗုံးခွဲမှု တစ်ခု ကျူးလွန် ခဲ့ရာ လူ ၁၂ ဦး ဒဏ်ရာများ ရရှိ ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၄ ရက် ညပိုင်းက အန်းစ်ဘာ့ခ်ျ မြို့ အနီးတွင် ဆီးရီးယား နိုင်ငံသား တစ်ဦး၏ အသေခံ ဗုံးခွဲ တိုက်ခိုက် မှုကြောင့် ၎င်း သေဆုံးပြီး လူ ၁၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က အတည်ပြု ခဲ့သည်။

ဘာဗေးရီးယား ပြည်နယ် ပြည်ထဲရေး ဝန်ကြီး ဌာနက အသက် ၂၇ နှစ် အရွယ် အမျိုးသားသည် ဖောက်ခွဲရေး ပစ္စည်းများကို ကျောပိုး အိတ်ထဲ ထည့်ယူ လာခြင်းဟု ဆိုသည်။

၎င်းသည် အန်းစ်ဘာ့ခ်ျရှိ ဂီတ ပွဲတော် တစ်ခုသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ပြီး တာဝန်ရှိ သူများက ငြင်းဆန် သည့်နောက် ဗုံးခွဲ ခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု အပြီးတွင် ဂျာမနီ တောင်ပိုင်း ဒေသရှိ မြို့မှ လူပေါင်း ၂၇၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ ရသည်။

ဘာဗေးရီးယား ပြည်နယ်တွင် ယခုဖြစ်ရပ်သည် တစ်ပတ်အတွင်း တတိယ အကြိမ်မြောက် ပေါ်ပေါက်လာသည့် တိုက်ခိုက်မှု အနေဖြင့်လည်း မှတ်တမ်းဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က မြူးနစ်တွင် ရမ်းကားပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့သလို ဝူရာ့ဇ်ဘာ့ဂ်တွင်လည်း ရထားပေါ်တွင် ပုဆိန်ဖြင့် တိုက်ခိုက်သူ တစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ရသည်။

ယခုတစ်ကြိမ် ဗုံးခွဲမှုတွင် ဒဏ်ရာရသူများအနက် ၃ ဦးသည် အခြေအနေ ဆိုးရွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြည်နယ်၏ ပြည်ထဲရေးဝန်ကြီး ဂျိုအာချင်မ် ဟာမန်းက ကျူးလွန်သူသည် ဂျာမနီသို့ လွန်ခဲ့သည့် ၂ နှစ်ခန့်က ရောက်ရှိနေပြီး ၎င်း၏ ခိုလှုံခွင့် တောင်းခံမှုကို တာဝန်ရှိသူများက ပြီးခဲ့သည့်နှစ်အတွင်း ပယ်ချထားသည်။

အဆိုပါ အမျိုးသားသည် ဂျာမနီတွင် ယာယီ ဆက်လက် နေထိုင်ရန် ခွင့်ပြုချက် ရရှိထားပြီး အန်းစ်ဘာ့ခ်ျတွင် ဆက်ရှိနေခဲ့ကြောင်း ဟာမန်းက ဆိုသည်။ ယခုတိုက်ခိုက်မှုကြောင့် ဂျာမနီတွင် လာရောက် ရွှေ့ပြောင်း အခြေချသူများနှင့် ပတ်သက်၍ ပိုမိုတင်းကျပ်သည့် ထိန်းချုပ်မှုမျိုး လိုအပ်နေပြီဟု ခံစားမိကြောင်းလည်း ၎င်းက ဝန်ခံခဲ့သည်။

ယခု အသေခံ ဗုံးခွဲမှုကို ကျူးလွန်ခဲ့သူ အမျိုးသားသည် ယခင်က သေကြောင်းကြံရန် နှစ်ကြိမ် အားထုတ်ဖူးသဖြင့် စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင် ကုသမှု ခံယူစေခဲ့ဖူးသည်။ “ဒီဖြစ်ရပ်မှာ သူ့ကိုယ်သူ သေကြောင်းကြံတာ သက်သက်လား၊ တခြားသူတွေကိုပါ သေစေချင်စိတ် ရှိခဲ့သလား ဆိုတာတော့ ကျွန်တော်တို့ ကွဲကွဲပြားပြား မသိရသေးပါဘူး”ဟု ဟာမန်းက ပြောကြားခဲ့သည်။

ဗုံးကျွမ်းကျင်သူများကမူ ကျောပိုးအိတ်ထဲ ထည့်ယူလာသည့် ဖောက်ခွဲရေး ပစ္စည်းများ၏ အနေအထားသည် ပတ်ဝန်းကျင်တွင် ရှိနေသူများကို သေဆုံးစေခြင်း၊ သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရစေခြင်းများ ဖြစ်ပေါ်စေရန် လုံလောက်မှုရှိကြောင်း မှတ်ချက်ပေးထားသည်။ အန်းစ်ဘာ့ခ်ျ ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ရိုမန် ဖာတင်ဂါ၏ အဆိုအရ ကျောပိုးအိတ်ထဲတွင် သတ္တု အစအနများ ထည့်သွင်းလာပြီး ပေါက်ကွဲချိန်တွင် ပတ်ဝန်းကျင်၌ ရှိနေသူများကို ပိုမို အထိအခိုက် ကြီးမားစေရန် ရည်ရွယ်ခဲ့ဟန် ရှိနေကြောင်းလည်း သိရသည်။

Ref: BBC

From : 7daydaily

Originally published at - http://www.7daydaily.com/story/71091

No comments:

smy909@gmail.com