နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Thursday, July 07, 2016

Twilight Over Burma ဇာတ်ကား ထိုင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ပိတ်




Twilight Over Burma ရုပ်ရှင် ဇာတ်ကားကို ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ရုပ်ရှင် ပွဲတော် တခုမှာ ပြသဖို့ စီစဉ် ထားပြီးကာမှ ပွဲတော်ကို စီစဉ်တဲ့ ထိုင်းရုပ်ရှင် အဖွဲ့က အစီအစဉ်ကို ဖျက်လိုက်တဲ့ အကြောင်း ထိုင်းအခြေစိုက် The Nation သတင်းဌာနရဲ့ သတင်း တပုဒ်မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ဒီကားကို ပြသခွင့် ပိတ်ပင်ခံ ရပြီးတဲ့နောက် ထိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် အစီအစဉ် ကိုလည်း ပယ်ဖျက် လိုက်တာပါ။

ဘာ့ကြောင့် မပြတာလည်းဆိုတာနဲ့ပတ်သက်ပြီး ပွဲစီစဉ်တဲ့အဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်မရှိပေမဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး အပေါ် စဉ်းစားတာကြောင့်ဖြစ်မယ်လို့ ယူဆကြပါတယ်။

ရှမ်းစော်ဘွား စ၀်ကြာဆိုင်ရဲ့ မဟာဒေ၀ီ စ၀်သုစန္ဒီ ခေါ် Inge Sargent ရဲ့ ဖြစ်ရပ်မှန်အခြေခံ ကိုယ်တိုင်ရေးစာအုပ်အပေါ် အခြေခံ ရိုက်ကူးထားတဲ့ Twilight Over Burma ရုပ်ရှင်ပါ ဇာတ်ဝင်ခန်းတချို့မှာ ဗမာစစ်သားတွေက ရှမ်းအမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ အခန်းတွေ ပါဝင်တာကြောင့် တပ်မတော်ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့ အတွက် ပြသဖို့ မသင့်ဘူး ဆိုပြီး လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင် ပွဲတော်မှာ ပြသဖို့ကို မြန်မာနိုင်ငံ ရုပ်ရှင် အဆင့်အတန်း သတ်မှတ်ရေး အဖွဲ့က ခွင့်မပြု ခဲ့တာပါ။

ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းအများစုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ရိုက်ကူး ခဲ့တာဖြစ်ပြီး ဇာတ်ဝင်ခန်း တချို့ကိုတော့ မြန်မာ နိုင်ငံ၊ တောင်ကြီးမြို့နဲ့ အင်းလေးကန် ဒေသတွေမှာ ရိုက်ကူးခဲ့တာပါ။



ဗွီအိုအေ (မြန်မာပိုင်း)

Originally published at - http://burmese.voanews.com/a/twilight-over-burma-thailand-cancel-/3405963.html

No comments:

smy909@gmail.com