နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, December 14, 2016

မန္တလေးမြို့အနီးတွင် သဘာဝ သုံးဆင့် ရေတံခွန်တခု တွေ့ရှိ




မန္တလေးမြို့ကနေ ၅ မိုင်လောက် သွားရတဲ့ ပုသိမ်ကြီး မြို့နယ် အတွင်းက ရှင်တော်ကုန်း ကျေးရွာမှာ သဘာဝ အတိုင်း ရှိနေသေးတဲ့ သုံးဆင့်ရေတံခွန် တခုကို တွေ့ရှိ ခဲ့ပါတယ်။

ရေတံခွန်ကို တွေ့ရှိခဲ့တာ နှစ်ပတ်လောက်သာ ရှိသေးပေမယ့် လာရောက် လည်ပတ် သူတွေနဲ့ စည်ကားနေတာပါ။

“မန္တလေးမြို့ရဲ့ အနီးဆုံးနေရာမှာ ဒီရေတံခွန်ဖြစ်ပေါ်လာတဲ့ အတွက် မန္တလေးမြို့ပေါ်က အပန်း လာဖြေတဲ့ သူတွေ တဖြည်းဖြည်းနဲ့ များလာတယ်။ အဲဒီလို များလာတဲ့ အချိန်မှာ ဒါလေးက သဘာဝ အတိုင်းပဲ ရှိနေမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်။

လာရောက်တဲ့သူတွေ အနေနဲ့လည်း စည်းကမ်းရှိရှိနဲ့ အမှိုက်ပစ်တာ၊ နေတာထိုင်တာကအစ အားလုံးဝိုင်းဝန်းပြီး ထိန်းသိမ်းလိုက်မယ်ဆိုရင် ကျနော်တို့ ဒါလေးဟာ ခရီးသွားလုပ်ငန်းတခု အတွက်လည်း အဆင်ပြေနိုင်မယ့် နေရာလေး တခုပါ” လို့ မန္တလေးမြို့မှ ကိုထွန်းထွန်းလတ်က ပြောပါတယ်။

လာရောက်လည်ပတ်သူတွေက ရေတံခွန်ကို သဘာဝတောလမ်းအတိုင်း သွားလာရတာကို နှစ်သက်ကြပြီး ပြန်လည်ပြုပြင်မှာကို မလိုလားကြပါဘူး။

မြစ်ကြီးနားမြို့မှ လာရောက်လည်ပတ်သူ မမေချယ်ရီက “မြစ်ကြီးနားမြို့ကနေပြီးတော့ အလည်လာတာပေါ့နော်။ ဒီရေတံခွန်က သဘာဝအတိုင်းလေးဆိုတော့ အရမ်း လှပါတယ်။ သိပ်လည်းမမြင်တော့ သွားရလာရတာ အရမ်းလွယ်ကူတယ်။ ဒီအတိုင်းလေးထားတာ ပိုကောင်းမယ်ထင်တယ်” လို့ ပြောပါတယ်။

မန္တလေးမြို့ကနေ အနီးဆုံးနေရာမှာ ရှိနေတဲ့ အတွက် လာရောက် လည်ပတ်သူတွေ များလာပြီး ရေတံခွန် ပတ်ဝန်းကျင် စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်မှုတွေက များနေ ပါတယ်။

သဘာဝအတိုင်း ရှိနေတဲ့ အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပြီး တောတွင်း ခရီးသွား လုပ်ငန်း ဆောင်ရွက်သင့်ပြီး ဒေသခံတွေ အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ပိုမို ရရှိလာနိုင်တယ်လို့ သုံးသပ် သူတွေလည်း ရှိနေပါတယ်။

From : ဒီဗွီဘီ by အိမ်ခိုင်မြဲ

Originally published at - http://burmese.dvb.no/archives/179719

No comments:

smy909@gmail.com