နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, December 14, 2016

ဝေလငါးမန်းများနှင့် ရေကူးရင်း ဓာတ်ပုံရိုက်ခဲ့သည့် မယ်စကြဝဠာ အလှမယ်များ ဝေဖန်ခံနေရ




ဖိလစ်ပိုင် နိုင်ငံမှာ မယ်စကြဝဠာ ပြိုင်ပွဲဝင် အလှမယ် တွေဟာ ဝေလ ငါးမန်းတွေနဲ့ ရေကူးရင်း အလှ ဓာတ်ပုံတွေ ရိုက်ခဲ့ ကြတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ဝေဖန်နေ ကြပါတယ်။

ဒါဟာ ဖိလစ်ပိုင်နိုင်ငံမှာ လာမယ့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပမယ့် မယ်စကြဝဠာ ပြိုင်ပွဲအကြို အလှဓာတ်ပုံ ရိုက်ကူးမှုရဲ့ တစိတ်တဒေသ အနေနဲ့ စီစဉ်ခဲ့တာပါ။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ခုလို အန္တရာယ်ကြီးတဲ့ ဓာတ်ပုံ ရိုက်ကူးမှုဟာ တာဝန်မဲ့မှု တရပ်ဖြစ်တယ်ဆိုပြီး ပြစ်တင် ရှုတ်ချနေကြတာပါ။

ဒီဓာတ်ပုံတွေကို ဒီဇင်ဘာ ၁၃ ရက်နေ့က စီဘူးမြို့ ကျွန်းတကျွန်းထဲမှာ ရိုက်ကူးခဲ့ကြတာ ဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အလှမယ်တွေဟာ ရေကူးဝတ်စုံတွေနဲ့ အလှပြကာ လှေစီးရင်း၊ ရေကူးရင်း ဝေလငါးမန်းတွေနဲ့အတူ ရိုက်ကူးခဲ့ကြတာပါ။

ဒါဟာ ဖိလစ်ပိုင်နိုင်ငံမှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်တဲ့ နေရာတခုအဖြစ် ရှိနေတာဖြစ်ပြီး ရေထဲမှာ လှေစီးရင်း ဝေလငါးမန်းတွေကို အစာကျွေးတာတွေ၊ ရေကူးတာတွေ ပြုလုပ်နိုင်တဲ့ နေရာတခု ဖြစ်ပါတယ်။

ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ ခုလို ဝေလငါးမန်းတွေကို အစာကျွေးတာဟာ သူတို့ကို မှီခိုလိုစိတ်များလာပြီး ရေထဲမှာသွားလာနေတဲ့ လှေတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတာတွေ၊ နေထိုင်မှုအလေ့အထတွေ ပြောင်းလဲကာ မျိုးတုံးပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်လို့ ပြောနေကြတာပါ။

ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလာရေးဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ ကက်ဒီ ကစ်ထရိုကတော့ ဝေလငါးမန်းတွေဆီ အလည်အပတ်ခရီးစဉ်ဟာ ဒေသတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး အဏ္ဏဝါဗေဒဆိုင်ရာ အပြန်အလှန် ဆက်နွယ်နေမှုကြား စနစ်တကျ စီမံခန့်ခွဲထားတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒီဓာတ်ပုံတွေ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။

ဂါဘရီယယ်လ်ရက်ပ်အမည်နဲ့ အသုံးပြုသူတဦးကတော့ မယ်စကြဝဠာတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်မှာ ရူးနှမ်းတဲ့သူတွေ မဖြစ်ကြပါစေနဲ့လို့ ဝေဖန်လိုက်ပါတယ်။

ခုလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေအပြင် အလှမယ်တွေအတွက် လုံခြုံရေးဆိုင်ရာ ပြဿနာတွေဟာလည်း သတိပြုစရာ ဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကတော့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေဟာ သူတို့အနေနဲ့ မယ်စကြဝဠာပြိုင်ပွဲအတွင်း ခြိမ်းခြောက်လာနိုင်ဖွယ်ရှိတဲ့ အိုင်အက်စ် အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို စောင့်ကြည့်နေတယ်လို့ ပြောခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/179718

No comments:

smy909@gmail.com