နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, February 15, 2017

အကျဉ်းထောင်ဟာ ငရဲလား၊ ပြုပြင်ရေး စခန်းလား




ထောင်ကျ အကျဉ်းသားလို့ ပြောလိုက်ရင် လူ့အဖွဲ့ အစည်းဝင် တွေက အနည်းနဲ့ အများတော့ ကြဉ်လိုက် ကြတာပါပဲ။ ထောင်ထွက် ဆိုရင် လူ့အဖွဲ့ အစည်းက ဘေးဖယ် ထုတ်လိုက် ကြတယ်။ ထောင်ပြင် ရောက်တော့လည်း ထပ်မံ အဖယ်ခံ လိုက်ရတော့ ဒီလို အကြဉ်ခံ လိုက်ရခြင်း သည်ပင် နောက် တကြိမ် ပြစ်ဒဏ် ထပ်ပေး သလို ဖြစ်နေ ပြန်တယ်။

တကြိမ် ပြစ်မှုကျူးလွန်မိတာနဲ့ ဘဝတလျှောက်လုံး ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ခွင့် မရှိရတော့ဘူးလား။ လူသားဖြစ်ခြင်းရဲ့ တန်ဖိုးတွေကို အပြည့်အဝ ကာကွယ်စောင့်ရှောက်မှု မရနိုင်တော့ဘူးလား။ ဘဝရဲ့ ပြုပြင်ပြောင်းလဲခွင့်တွေ လက်လွတ်ဆုံးရှုံးလိုက်ရတော့မှာ လား။ စတဲ့အမေးတွေက ဒီနေ့ခေတ်သစ် လူ့အဖွဲ့အစည်းမှာ မေးစရာတွေ ဖြစ်နေပါတော့တယ်။

တကယ်တော့ ဒီနေ့ကာလလို လူ့အခွင့်အရေး ဦးစားပေး စဉ်းစားနေချိန်မှာ အကျဉ်းထောင်လို နေရာမျိုးမှာလည်း လူ့ငရဲခန်း ဆိုတာထက် ပြုပြင်လို့ရ သမျှ ပြုပြင်ရေး အမြင်နဲ့ အုပ်ချုပ် တာဟာ ပိုလို့သင့်လျော်မယ် ထင်ပါတယ်။

ဒီလိုအမြင်နဲ့ အကျဉ်းထောင်အုပ်ချုပ်ရေးကို ပုံဖော်မယ်ဆိုရင် အကျဉ်းထောင်ဌာနဟာ တရားရေးဌာန အောက်ကို မဖြစ်မနေ ထားပေးရမှာပါ။ နောက်တခုကတော့ အရင်ခေတ်တွေက ပေးခဲ့တဲ့ အကျဉ်းလက်စွဲဥပဒေပါ အကျဉ်းသားခံစားခွင့် အပြည့်အဝ ဖော်ဆောင်ပေးဖို့လည်း လိုအပ်နေပါတယ်။

ဒီအချက်တွေကို အခြေခံပြီး အကျဉ်းထောင်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ လို၊ မလို ဆိုတဲ့အကြောင်းတွေကို ဆွေးနွေးဝေဖန်အကြံပြုနိုင်ဖို့အတွက် ဒီဗွီဘီရဲ့ ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ (Law Lab) အစီအစဉ်မှာ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အစီအစဉ်အစမှာတော့ တင်ဆက်သူ ဦးခင်သန်းက ပါဝင်ဆွေးနွေးသွားမယ့် သူတွေနဲ့ ဒီဗွီဘီရဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ အကျဉ်းထောင်ကို လူ့အခွင့်အရေးနဲ့ အညီ ပြောင်းလဲဖို့ဆိုရင် ဘယ်လိုအချက်တွေ လိုအပ်မလဲဆိုတဲ့ ဦးခင်သန်းရဲ့အမေးကိုတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဦးနေမင်းက “အကျဉ်းထောင် ဌာနဟာ ၁၉၄၈ ခုနှစ်ကတည်းက တရားရေးဌာနအောက်မှာ ရှိခဲ့တာပါ။

နောက်ပိုင်း မ.ဆ.လ အစိုးရ လက်ထက်ကစပြီး လုံခြုံရေးအကြောင်းပြုလို့ ပြည်ထဲရေးဝန်ကြီးဌာနအောက် ရောက်သွားခဲ့ပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းချက် တခုပဲ။ ဒါကို ပြုပြင်ဖို့ ဆိုရင် ၂၀၀၈ ခြေ/ဥက အဟန့် အတား ဖြစ်နေတယ်။

ဒါကြောင့် ၂၀၀၈ ခြေ/ဥ က အရင်ပြင်မှ ဖြစ်မှာပါ”လို့ ဆိုပါတယ်။ ဒီအချက်ကိုတော့ ဆွေးနွေကြသူတွေအားလုံးက တညီတညွတ်တည်း ထောက်ခံဆွေးနွေး အကြံပြုခဲ့ကြပါတယ်။

ဆက်လက်ဆွေးနွေးကြရာမှာတော့ လက်ရှိလွှတ်တော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တဝက်နီးပါး ပါရှိနေပေမယ့် အခုချိန်ထိ အကျဉ်းထောင် ဥပဒေတခု မပေါ်ပေါက်နိုင်သေးတာဟာ ဘာကြောင့်လို့ ထင်မြင် ယူဆပါသလဲ ဆိုတဲ့ အမေးကိုတော့ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ ဦးဆောင်ကော် မတီဝင် ဦးထွန်းကြည်က “အဓိကကတော့ နိုင်ကျဉ်း ဆိုတဲ့ ဝေါဟာရကို အသုံးမပြုလိုတာ ကနေ စတာပဲ။

ဥပဒေပညာရှင်တွေ၊ လူပုဂ္ဂိုလ်ပညာရှင်တွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူ ပညာရှင်တွေ၊ အကျဉ်းထောင်နဲ့ ဆက်စပ်သူတွေ စတာတွေနဲ့ ပူးပေါင်းရေးဆွဲသင့်တယ်။ အဲဒီလိုပူးပေါင်းမှုကို လက်ခံ မစဉ်းစားလို့ ကြန့်ကြာတာပါ။ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ မပြောနဲ့၊ အခုထိ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တောင် မဖွင့်ဆိုနိုင်
သေးပါဘူးလို့ ဆိုပါတယ်။

အကျဉ်းသားတွေကို တန်းတူအခွင့်အရေးပေးရမယ်လို့ အကျဉ်းထောင်ဥပဒေမှာ ပါရှိတယ်။ ဒီတော့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ ဖွင့်ဆိုချက်နဲ့ အခွင့်အရေးတွေဟာ ဘယ်လို ဖြစ်လာနိုင်သလဲ ဆိုတာကိုတော့ တရားရေးလွှတ်တော်ရှေ့နေ ဦးဌေးက “နိုင်/ကျဉ်းနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြည် ထဲရေးဝန်ကြီးက အဖြေပေးခဲ့ဖူးတယ်။

ဘာပဲဖြစ်ဖြစ် ၁၈၉၄ ကတည်းက ရရှိထားတဲ့ အကျဉ်သား အခွင့်အရေးပဲ။ ၂၀၀၈ ခြေ/ဥမှာ မပါပေမယ့် နိုင်/ကျဉ်းတွေရဲ့ အခွင့်အရေး ရသင့်တယ်။ ကျနော်တို့ မဲပေးရွေးချယ်စဉ်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးရရှိဖို့ မျှော်လင့်ခဲ့ကြတာပဲ”လို့ ဆိုပါတယ်။

တဆက်တည်း ဆွေးနွေးခဲ့ကြတာတွေကတော့ “ပြစ်မှုကြွေး ချွေးနဲ့ဆပ်မယ်” ဆိုတဲ့ အသံနဲ့ ရဲဘက်စခန်းတွေဖွင့်ပြီး အဓမ္မခိုင်းစေမှုတွေ၊ လူ့အခွင့်အရေးသာမက အကျဉ်းသား အခွင့်အရေး ချိုးဖောက်မှုပေါင်းများစွာ လုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒီစခန်းတွေမှာ အာဟာရပြတ်တဲ့ အကျဉ်းသားတွေ၊ ခန္ဓာကိုယ် ချွတ်ယွင်းသွားပြီး လူဖြစ်ကျိုး ဆုံးရှုံးခဲ့သူတွေ၊ အသက်ဆုံးရှုံးခဲ့ကြသူတွေဟာ အလွန်များပြား လှပါတယ်။ အခုထိ ခြေချင်းတွေ၊ ဒေါက်တွေ ခတ်ပြီး စေခိုင်းနေကြဆဲပါပဲ။ ဒါတွေဟာ လူ့အခွင့်အရေးနဲ့ မညီတော့တာတွေ ဖြစ်တဲ့အတွက် ရဲဘက်စခန်းဟာ ဖျက်သိမ်းသင့်ကြောင်းကို ဆွေးနွေးသူ အားလုံးက တညီတညွတ်တည်း ပြောဆိုခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ အားလုံးက ဥပဒေရေးဆွဲသူတွေဟာ လူသားဆန်တဲ့စိတ်နဲ့ ရေးသလား၊ ဒါမှမဟုတ် တခြားသော လက်စားချေလိုစိတ်နဲ့ ရေးသလားဆိုတာ စဉ်းစားစရာပါ။ တကယ်တော့ အကျဉ်းထောင်ဥပဒေဆိုတာ စာရိတ္တမြင့်မာရေးကို စာရိတ္တ ပြုပြင်လိုစိတ်နဲ့ လုပ်ဆောင်သင့်တယ်လို့ ယူဆကြတယ်။ တဆက်တည်းမှာပဲ ဒီလို လုပ်နိုင်ဖို့အတွက် အကျဉ်းထောင်ကို တရားရေးဌာနအောက် ထားရှိပေးဖို့ လိုတယ်လို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးချက်တွေကို အနှစ်ချုပ်ပြီး တာနဲ့ အစီအစဉ်ရိုက်ကူးရေး ပြီးဆုံးခဲ့ပါတယ်။

အစီအစဉ် ပြီးဆုံးသွားပေမယ့် ခေတ်ဆေက်ဆက်က အကျဉ်းသားတွေအပေါ်မှာ ထားရှိတဲ့ လူ့အဖွဲ့အစည်း အမြင်တွေကို ဘယ်လို ပြောင်းကြမလဲ။

ပြစ်ဒဏ်ကျခံပြီးပေမယ့် လူဆိုး၊ လူမိုက် ဆိုတဲ့အမြင်က ခိုင်ကျည်နေဆဲပါ။ သူတို့ကိုယ်တိုင်ကလည်း မဝင်ဆံ့တော့တဲ့ လူ့အဖွဲ့အစည်းအပေါ် အမြင်မကြည်တော့သလို လူ့အဖွဲ့ အစည်းအပြင်ကို တရွေ့ရွေ့ချင်း ထွက်ခွာသွားကြတော့တာပဲ။

ကြာလာတော့ မကောင်းမှုသံသရာထဲကနေ ရုန်းမထွက်နိုင်တော့သလို ပတ်ဝန်းကျင်ကလည်း သူတို့ ရုန်းထွက်နိုင်အောင် လုံလောက်တဲ့ အထောက်အပံ့ မရရှိ ခဲ့ကြပါဘူး။ အကျဉ်းထောင် အုပ်ချုပ်သူတွေ ကိုယ်၌လည်း ပြုပြင်ရေး ဆိုတာထက် အကျဉ်းထောင် ဆိုတာ နှိပ်စက်ညှဉ်းပန်းရာ ငရဲခန်း တခုလို့ ခံယူ ထားကြဟန် ပါပဲ။

မြန်မာတို့ရဲ့ အစဉ်အလာ အယူအဆမှာကိုက အကျဉ်းထောင်ဆိုတာ “တာပံတ ငရဲခန်း”ကို စံနမူနာထား ဖန်တီးခဲ့တယ်လို့ ဆိုထားလေတော့ အကျဉ်းသားဟာ လူ့ငရဲခန်းထဲက ဘယ်တော့များမှ လွတ်မြောက်နိုင်ပါတော့မလဲလို့ စဉ်းစားနေမိပါတော့တယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/189635

No comments:

smy909@gmail.com