နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Wednesday, April 19, 2017

သံမဏိနှင်းဆီ ဂျာနယ် ထုတ်ဝေသူ အသတ်ခံရ




သံမဏိ နှင်းဆီ ဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း လုပ်ကြံ သတ်ဖြတ် ခံထား ရတာကို ပုဇွန်တောင် မြို့နယ် အတွင်းက သူ့ရဲ့ အလုပ် တိုက်ခန်းမှာ တွေ့ရှိ ခဲ့ရကြောင်း ပုဇွန်တောင် မြို့နယ် စခန်းမှူး ဒုရဲမှူး ယဉ်ထွေးက ပြောပါတယ်။

ဘာကြောင့် အသတ်ခံ ရတယ်ဆိုတဲ့ ကိစ္စကို အခုချိန်မှာ စုံစမ်း စစ်ဆေး နေဆဲလို့ ဆိုပါတယ်။ အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးပါမယ်။

ပုဇွန်တောင်မြို့နယ်အတွင်းက သူ့ရဲ့ အလုပ် တိုက်ခန်း ကနေ အပုတ်နံ့ ထွက်လာတဲ့ အတွက် ဘေးချင်း ကပ်လျက် အခန်းက လူက မိဘတွေထံ အကြောင်း ကြားခဲ့ တာမှာ မိဘတွေကို သက်ဆိုင်ရာ ရဲစခန်းက တာဝန် ရှိသူတွေနဲ့ အတူ သူ့အခန်းကို ရောက်သွားတဲ့ အချိန်မှာတော့ အပြင်ကနေ အခန်းကို သော့ခတ် တာကို တွေ့ရ တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အခန်းသော့ဖွင့်ပြီး ၀င်ရောက် စစ်ဆေးတဲ့အခါမှာ ၀မ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာ ၁၅ ချက်နဲ့ သံမဏီနှင်းဆီ ဂျာနယ် ထုတ်ဝေသူ အသက် (၂၇) နှစ်အရွယ် ကိုဝေယံဟိန်း သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။

သူအလောင်းကို ဧပြီလ ၁၆ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ယဉ်ထွေးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ပုဇွန်တောင်မြို့နယ် ၂ ရပ်ကွက် ၊ ဗိုလ်တထောင် ဈေးလမ်းပေါ့နော် ၊ တိုက်အမှတ် ၂၀၈ (A) ပေါ့နော် သံမဏိနှင်းဆီ အလုပ်တိုက်ခန်းကပဲ အခန်း ထဲမှာပဲ အသတ်ခံ ရတာပေါ့နော်။ သူသေဆုံး တာက အခန်းထဲက ကုလားထောင်လေး ပေါ်မှာပဲ ပက်လက် အနေ အထားလေးနဲ့ ထိုးသွင်း ဒဏ်ရာနဲ့ပေါ့နော် ၊ အဲဒါလေးနဲ့ သေဆုံးနေတာ ကျနော်တို့ ကတော့ ရောက်တဲ့ အချိန်ကျတော့ နည်းနည်းတော့ အနံ့ရနေပြီပေါ့နော်

ကျနော်တို့ကတော့ ၁၆ ရက်နေ့ ၈နာရီ ၄၀ လောက်ကရောက်တာပေါ့နော် ၊ ခန့်မှန်းတာကတော့ အနံ့ရပြီဆိုရင်တော့ ကျနော်တို့ ခန့်မှန်းတာကတော့ အနည်း ဆုံး ၄၈ နာရီအဲလောက်ကြာပြီလို့တော့ ခန့်မှန်းလို့ရတာပေါ့နော် ၊ ဒါကတော့ ကျနော်တို့ ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုအပိုင်းပေါ့နော် ကျနော်တို့ရဲတွေကတော့ အကြမ်းဖျင်းခန့်မှန်း တာပါခင်ဗျ။”

အခုချိန်မှာ ဒီအမှုကို သက်ဆိုင်ရာ နယ်မြေအပိုင် ရဲစခန်းအပြင် တခြား ဌာနအသီးသီးကပါ စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး အဲဒီ လုပ်ငန်းတွေ ပြီးဆုံးတဲ့အခါမှာ သတင်း ထုတ်ပြန်ပေးသွားမယ်လို့ စခန်းမှူး ဒုရဲမှူး ယဉ်ထွေးက ပြောပါတယ်။

“ကျနော်တို့ ဒီဟာကို အတတ်နိုင်ဆုံးတော့ စခန်းတွေ့၊ မြို့နယ်တွေရော တိုင်းတွေရောပူးပေါင်းပြီးတော့ အားကြိုးမန်တက်တော့ ဆောင်ရွက်နေပါတယ်ခင်ဗျ ။ အခုက စစ်ဆေးနေစဲကာလဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ကျနော်တို့ စစ်ပြီးသွားရင်တော့ ပြန်လည်ရှင်း ပေးမှာ ဖြစ်ပါတယ်ခင်ဗျ။”

လောလောဆယ်မှာတော့ အလောင်းကို ရင်ခွဲ စစ်ဆေးဖို့ ဆေးရုံကြီးကို ပို့ထားတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူဟာ သံမဏိနှင်းဆီ ဂျာနယ်ရဲ့ ထုတ်ဝေသူဖြစ်တဲ့အပြင် အယ်ဒီတာ တာဝန်ကိုပါ ပူးတွဲ ယူထားတဲ့အတွက် ဒီအမှုအပေါ် သတင်း မီဒီယာ လောက လူတွေ အပြင် လူအတော် များများက စိတ်ဝင်စား နေကြတာပါ။ ကိုဝေယံဟိန်းဟာ သံမဏိနှင်းဆီ ဂျာနယ်ရဲ့ ထုတ်ဝေသူ အဖြစ် လွန်ခဲ့တဲ့ တနှစ်လောက်က စပြီး တာဝန်ယူ ခဲ့တာလို့ ဆိုပါတယ်။

MJN မြန်မာ့သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်ကတော့ လက်ရှိအခြေအနေအရ ဒီကိစ္စဟာ သာမှန် ရာဇ၀တ်မှုအဖြစ်သာ သိရှိထားရသေးတဲ့ အတွက် MJN အနေနဲ့ တစုံတရာ ထုတ်ဖော် ပြောဆိုဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။

“လောလောဆယ်တော့ Crime လို့ပဲလို့ ကျနော်တို့ကတော့ အဲလိုသုံးသပ်တာပေါ့နော် ၊ တခြားတော့ Political ဆိုပြီး ဘာမှမကြားမိသေးဘူး ၊ Personal crime လိုဟာမျိုးတော့ထင်တယ်။ အဲလိုပဲ လောလောဆယ် သိရသလောက် အနေအထား ၊ နောက်တခုက ရဲရဲ့ စုံစမ်းချက်တို့ ၊ တခြားသောတွေ့ရှိ ချက်တွေက အကယ်၍များ အဲလိုမျိုး မီဒီယာနဲ့ တခုခုများ ခြိမ်းခြောက်တဲ့ သဘောမျိုးတို့ အဲလို သက်သေ အထောက် အထားမျိုး ထွက်လာရင်တော့ တမျိုးပေါ့လေ၊ လောလောဆယ် အနေအထား အရကတော့ ကျနော်တို့ ကတော့ ဘာမှ လုပ်ဖို့ မရှိသေးပါဘူး။”

အခု လုပ်ကြံ သတ်ဖြတ်ခံရတဲ့ ကိုဝေယံဟိန်းဟာ သူရိယနေ၀န်းဂျာကို အရင်က ထုတ်ဝေခဲ့တဲ့ ဦးမိုးဟိန်းရဲ့ တူဖြစ်တယ်လို့ သိရပါတယ်။



From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by - (ကိုဇော်ဝင်းလှိုင်)

Originally published at - http://burmese.voanews.com

No comments:

smy909@gmail.com