နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Friday, August 25, 2017

ယင်လပ်ကိုရှာဖွေရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ် အမိန့်ထုတ်




နိုင်ငံ ဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ အမှု ရင်ဆိုင်နေ ရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ် ထရာဟာ အမိန့် ချမှတ်မယ့် နေ့မှာ တရားရုံးကို ရောက်မလာခဲ့တဲ့ အတွက် သူ့ကိုရှာဖွေဖို့ ဝန်ကြီးချုပ် ပရာယွတ်က အမိန့်ပေး လိုက်ပါတယ်။

“ပြည်တွင်း ပြည်ပ အဝင်အထွက် လမ်းကြောင်းတွေကို စစ်ဆေးပြီး သူ(ယင်လပ်) ဘယ်မှာရှိနေတယ်ဆိုတာကို စစ်ဆေးရှာဖွေဖို့ သက်ဆိုင်တဲ့ တာဝန် ရှိသူတွေကို တာဝန်ပေးထားတယ်” လို့ ပရာယွတ်က ပြောပါတယ်။

ယင်လပ်ဟာ နိုင်ငံဘဏ္ဍာငွေတွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ နိုင်ငံတော်ဆန်ဝယ်ယူရေး အစီအစဉ်ကို သိလျက်နဲ့ လျစ်လျူရှုခဲ့တယ်ဆိုပြီး တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယင်လပ်ကို အာဏာအလွဲသုံးမှုနဲ့ ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပြီး သီတင်းတပတ်အတွင်းမှာပဲ စစ်တပ်က အာဏာ သိမ်းလိုက်ကာ လက်ကျန်အစိုးရအဖွဲ့ကိုလည်း ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

ယင်လပ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး သူ့ကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အမှုဆင်တာလို့ ချေပပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့တဲ့ ကာလတလျှောက်မှာ တာဝန်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ တယ်လို့ ပြောခဲ့တာပါ။

ဝေဖန်သူတွေကတော့ စပါးဝယ်ယူရေး အစီအစဉ်ဟာ လယ်သမားတွေဆီက ထောက်ခံမှုရအောင် လူပြိန်းကြိုက်လုပ်ခဲ့တဲ့ မူဝါဒအဖြစ် ရှုမြင်ကြပြီး ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးခဲ့တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကြောင့် နိုင်ငံဘဏ္ဍာငွေ ဒေါ်လာ ၁၆ ဒသမ ၄၆ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ယင်လပ်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ အမှုအတွက် ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ရာနဲ့ချီတဲ့ သူ့ကိုထောက်ခံသူတွေကတော့ အမိန့်ချမှတ်မယ့် ဒီကနေ့မှာလည်း ဘန်ကောက်တရားရုံးရဲ့ ပြင်ပမှာ စောင့်ဆိုင်းနေကြပြီး သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသခဲ့ကြပါတယ်။

ပရာယွတ်က အစောပိုင်းကာလမှာ ယင်လပ်ဟာ အမိန့်ချမယ့်နေ့မှာ တရားရုံးကို လာမယ်ဆိုတဲ့အတွက် ဝမ်းသာနေခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ သူ့အနေနဲ့ ယင်လပ်ဟာ နိုင်ငံတွင်းမှာပဲ ရှိနေသေးသလား၊ ထွက်ပြေးသွားခဲ့ပြီလား ဆိုတာကို မစဉ်းစားတတ်ဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ - The Nation

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/225763

No comments:

smy909@gmail.com