နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ကျန်းမာရေးသတင်း. Show all posts
Showing posts with label ကျန်းမာရေးသတင်း. Show all posts

Tuesday, July 25, 2017

A (H1N1) ကာကွယ်ဆေးထိုး ကြဖို့နဲ့ အလွန်အမင်း မစိုးရိမ်ကြဖို့ တိုက်တွန်း



ရာသီ တုပ်ကွေး ရောဂါ A(H1 N1) ပိုး မကူးစက် နိုင်အောင် ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးကို အပြင်မှာသာ ဝယ်ထိုး ရမှာဖြစ်ပြီး ကုသလို့ ရတဲ့ ရောဂါ ဖြစ်တဲ့ အတွက် အလွန်အမင်း မစိုးရိမ်ကြဖို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီး ဌာန တာဝန်ရှိ သူတွေက ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှာ A(H1N1) ပိုး ကူးစက်ခံထားရသူ ၃ ဦးကို ဆေးဝါးကုသပေးနေတဲ့အကြောင်း ဒီနေ့ ရန်ကုန်မြို့မှာရှိတဲ့ တိုင်းကျန်းမာရေး ဦးစီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဝင်းလွင် က ပြောပါတယ်။

ရောဂါကာကွယ်ဆေးကို တစ်နှစ်တစ်ခါ ထိုးရမှာဖြစ်ပြီး လတ်တလောမှာတော့ ကာကွယ်ဆေး ပြတ်တောက်နေ တယ်လို့ သိရပါတယ်။

A(H1N1) ပိုး ကူးစက် ခံထားရသူ ၃ ဦးကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနဲ့ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ် ကြီးတွေမှာ ဆေးကုသ ပေးနေပြီး ချင်းပြည်နယ် မတူပီမြို့မှာ ရောဂါပိုး တွေ့ထားသူ ၁၀ ဦးရှိခဲ့ပြီး ၁ ဦး သေဆုံး ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သတင်း ထုတ်ပြန် ထားပါတယ်။

ချင်းပြည်နယ်မှာ သေဆုံးသူတစ်ဦးဟာ A(H1N1) ကြောင့်လို့ ယတိပြတ်ပြောလို့ မရကြောင်းလည်းဆိုပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်တို့မှာ နေထိုင်ကြတဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၃၅ နှစ် နဲ့ ၂၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦးတို့မှာ ရောဂါပိုးတွေ့ရှိထားတာ ဖြစ်ပြီး ရန်ကုန်မှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

အဲဒီရောဂါဟာ မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်စဉ်နီးပါး ဖြစ်နေကျဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ၂ ဦးရဲ့အခြေအနေမှာ သက်သာမှု မရှိသေးပေမယ့် ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှာ ကုသမှုခံယူနေသူ ၁ ဦးကတော့ သက်သာနေပြီဖြစ်တယ်လို့ ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီရောဂါပိုးရဲ့ လက္ခဏာတွေဟာ သာမန်တုပ်ကွေးလိုမျိုး ချောင်းဆိုးတာ၊ အဖျားတက်တာ၊ နှာရည်ယိုတာ၊ ခေါင်း ကိုက်၊ ကိုယ်/လက်ကိုက် တာ မျိုးတွေ ဖြစ်တယ် လို့လည်း သိရပါတယ်။

ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူထူထပ်တဲ့နေရာတွေကို မလိုအပ်ဘဲ သွားတာမျိုးတွေကို ရှောင်တာ၊ နှာခေါင်းစည်း ကို လုံခြုံစွာစည်းထားတာ၊ ပစ္စည်းတစ်ခုခု ကိုင်ပြီးရင် လက်ကို ဆေးကြောတာ၊ လက်ကိုင်ပ၀ါအုပ်ပြီး ချောင်းဆိုး တာ၊ နှာချေတာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရာသီတုပ်ကွေးရောဂါပိုးဟာ ကမ္ဘာမှာ စဖြစ်တုန်းက ၀က်တုပ်ကွေးအနေနဲ့ ဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းမှာ လူတွေမှာသာဖြစ်တတ်တဲ့ တုပ်ကွေးအနေနဲ့ တွေ့ရတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ပြောပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Monday, July 24, 2017

မြန်မာနိုင်ငံတွင် H1N1 တုပ်ကွေး သံသယရှိ လူနာ ၁၃ ဦး တွေ့၊ ၁ ဦးသေ




၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်း မြန်မာ နိုင်ငံမှာ Seasonal Influenza A(H1N1) 2009 အမျိုး အစား ကမ္ဘာ့ လူတုပ်ကွေး ရောဂါ သံသယ ရှိတဲ့ လူနာ ၁၃ ဦး စစ်ဆေး တွေ့ရှိပြီး ၁ ဦး သေဆုံး သွားတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် မတူပီမြို့ပေါ်ရပ်ကွက်တချို့မှာ ရာသီတုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၀ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ၁ ဦး၊ စုစုပေါင်း ၁၃ ဦးမှာ ရောဂါတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒု-ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“H1N1 ထူးကဲဖြစ်တာရှိပါတယ်။ ချင်းပြည်နယ် မတူပီမှာ ပိုးတွေ့ရှိ အတည်ပြုနိုင်တာ ၁၀ ဦး၊ ရန်ကုန်ဆေးရုံကြီးမှာ ၂ ဦး၊ ရန်ကုန်ဆေးရုံသစ်ကြီးမှာ ၁ ဦးပါ။ စစ်ဆေးအတည်ပြုနိုင်တာက ၂၀၁၇ ဇူလိုင်လထဲမှာ အားလုံး ၁၃ ယောက်၊ ရန်ကုန်မှာ ၃ ယောက်ပါ။ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးပေါ့။ ဒီဟာက အခုမှ အသစ်ထပ်ပြီးပေါ်တဲ့ရောဂါ မဟုတ်ဘူးခင်ဗျ။ လူတုပ်ကွေးက ရာသီပေါ် တုပ်ကွေးအမျိုးအစားပဲ။

နည်းနည်းပြင်းထန်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ တအားကြီး စိုးရိမ်စရာတော့ မရှိဘူး။ ဆေးဝါးကုသမယ်၊ နားနားနေနေနေမယ်၊ ဆေးရုံဆေးခန်းမှာ ကုသမယ်ဆိုရင်တော့ အသေပျောက်ကတော့ နည်းပါတယ်။ သို့သော်လည်းပဲ ပြန့်ပွားမှုကတော့ မြန်ပါတယ်။ ဝက်တုပ်ကွေးမဟုတ်ပါဘူး။ လူတုပ်ကွေးအမျိုးအစား ကမ္ဘာ့လူတုပ်ကွေးရောဂါပါ။”

ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေတဲ့ လူနာ ၂ ဦးအနက် အမျိုးသမီး ၁ ဦးဟာ ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့ကဖြစ်ပြီး ဇူလိုင် ၆ ရက်က ရောဂါစတင်ဖြစ်ပွားလို့ ဇူလိုင် ၁၉ ရက်မှာ ပုသိမ်ဆေးရုံကနေ တဆင့် ရန်ကုန်ကို ရောက်တာဖြစ်ပါတယ်။

နောက်တဦးကတော့ ရန်ကုန် အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် စားဖိုမှူးအလုပ် လုပ်ကိုင်တဲ့ အမျိုးသားတဦးဖြစ်ပြီး ဇူလိုင် ၁၅ ရက်နေ့က ရောဂါဖြစ်ပွားလို့ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ တက်ရောက်ကုသနေသူ ၁ ဦးကတော့ ပျဉ်းမနား ရေဆင်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က အသက် ၂၂ နှစ်အရွယ် နောက်ဆုံးနှစ် ကျောင်းသူဖြစ်ပြီး ဇူလိုင် ၈ ရက်က ရောဂါဖြစ်ပွားကာ ဇူလိုင် ၁၃ ရက်နေ့မှာ ရန်ကုန်ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

လက်ရှိ ကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ကျန်တဲ့ ၂ ဦးကတော့ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင် (အိုင်စီယူ) မှာ ထားထားပြီး ဒီနေ့မနက် အခြေအနေ သက်သာလာပြီလို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

H1N1 တုပ်ကွေးရောဂါဟာ လေထဲကတဆင့် လူလူချင်း ကူးစက်ပြန့်ပွားတဲ့ ရောဂါဖြစ်ပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာ၊ နှာချေ၊ နှာရည်ယို၊ ချောင်းဆိုး၊ လည်ချောင်းနာတာနဲ့ ပျို့အန် ဝမ်းသွားတာတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ရောဂါမပြန့်ပွားအောင် ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ထိရောက်မှုမရှိဘဲ ဆေးဝါးမပါတဲ့ ကာကွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ နှာခေါင်းကို လက်ကိုင်ပုဝါအုပ်ထားတာ၊ လက်မကြာခဏ ဆေးရကြောတာ၊ လူစုလူဝေးရှောင်ရှားတာ၊ ရောဂါဖြစ်နေတဲ့လူနဲ့ အနည်းဆုံး ၆ ပေအကွာမှာ နေရတာနဲ့ အာဟာရပြည့်ဝအောင် စားတာတွေ လုပ်ဖို့လိုမယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးဌာနအနေနဲ့ ရောဂါကာကွယ်ရေးအတွက် လူထုပညာပေးလုပ်ငန်းတွေကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနတွေကတဆင့် ဆောင်ရွက်သွားဖို့ ရှိနေပြီး ကျန်းမာရေးဌာန တခုတည်း လုပ်လို့မရဘဲ လူထုပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ H1N1 ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဖြစ်ပွားသူ ၂၀၀၉ ခုနှစ်မှာ ၁၆ ယောက်၊ ၂၀၁၀ ပြည့်နှစ်မှာ ၂၃၂ ယောက်၊ ၂၀၁၂ မှာ ၂၉ ယောက်၊ ၂၀၁၄ မှာ ၁၆၇ ယောက်နဲ့ ၂၀၁၆ ခုနှစ်မှာ ၉ ယောက် ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

ဓာတ်ပုံ - Shutterstock

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/220175

Read More »

Thursday, July 13, 2017

ကျိုင်းတုံတွင် နှုတ်ခမ်း / အာခေါင်ကွဲ ကလေးများကို အခမဲ့ ကုသပေးမည်




ကျိုင်းတုံ မြို့နယ်မှာ ဝ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသမှ ကလေးငယ်တွေ အပါအဝင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေး စုစုပေါင်း ၁၂၀ ကျော်ကို အခမဲ့ ခွဲစိတ် ကုသပေးဖို့ လုပ်ဆောင် နေတယ်လို့ Smile Train ပရဟိတ အဖွဲ့မှ မြန်မာနိုင်ငံ စီမံကိန်း မန်နေဂျာ ဒေါက်တာ ဇင်ကိုအောင်က ပြောပါတယ်။

“လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျိုင်းတုံတပ်မတော်စစ်ဆေးရုံမှာ မင်္ဂလာဒုံစစ်ဆေးရုံက အထူးကုဆရာဝန်ကြီးတွေအဖွဲ့နဲ့ Smile Train ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး ပြုလုပ်သွားမှာပါ”လို့ ဒေါက်တာဇင်ကိုအောင်က ပြောပါတယ်။

ခွဲစိတ်မယ့် လူနာတွေအနေနဲ့ အသက် ၁၀ လအထက် ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ရမှာဖြစ်ပြီး ကျား၊ မ မရွေး ကလေးရော လူကြီးပါ ခွဲစိတ်ပေးသွားမယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှာရှိတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို အခမဲ့ကုသပေးသွားမှာဖြစ်ပြီး လက်ရှိအချိန်ထိ ဝ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသက ကလေးငယ်တွေ အပါအဝင် လူနာ ၈၀ ကျော်သာ စာရင်းပေးသေးတယ်လို့ သိရပါတယ်။

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေဆိုရင် လူမျိုး ဘာသာ မရွေးဘဲ ခွဲစိတ်ကုသပေးမယ်လို့ အမှတ်(၃/၃၀၀)စစ်ဆေးရုံမှ တပ်ရင်းမှူးက ပြောထားတယ်လို့ ဒေါက်တာဇင်ကိုအောင်က ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းခတ်၊ မိုင်းယန်း စတဲ့ ဒေသတွေဟာ သတင်းအချက်အလက် ရရှိမှုနည်းပါးတာကြောင့် အဲဒီမြို့တွေမှာရှိတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေအနေနဲ့ နီးစပ်ရာ ကြက်ခြေနီအဖွဲ့၊ လူမှုအသင်းအဖွဲ့၊ စာပေယဉ်ကျေးမှုအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေကတဆင့် ဆက်သွယ် စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

ဒေါက်တာ ဇင်ကိုအောင်က “ခရီး အနီး အဝေးကို မူတည်ပြီးတော့ ကျပ် ၃ သောင်းကနေ ၅ သောင်းအထိ ခရီးစရိတ် ထောက်ပံ့ပေးမှာမို့ လာရောက်ခွဲစိတ်ဖို့ကို တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

သတင်း – သားသား

From : ဒီဗွီဘီ

Originally http://burmese.dvb.no/archives/217672

Read More »

Wednesday, July 05, 2017

မြိတ်ဒေသထုတ် ငါးပိ ဆိုးဆေးများ သုံးထားကြောင်း FDA စစ်ဆေး တွေ့ရှိ




တနင်္သာရီ တိုင်း ဒေသကြီး မြိတ်မြို့နယ်ရှိ ထားဝယ်စု ရပ်ကွက် ဆိပ်ငယ် ဈေးကြီးနဲ့ မြိတ်တောင် ကျေးရွာရှိ အောင်မင်္ဂလာ ဈေးတွေမှာ စားသောက် ကုန်တွေနဲ့ အလှကုန် ပစ္စည်းတွေကို ဇူလိုင် ၃ ရက်က FDA က ကွင်းဆင်း စစ်ဆေးရာ မြိတ်ဒေသ ထုတ် ငါးပိ တချို့မှာ စားသုံးဖို့ မသင့်တဲ့ ဆိုးဆေးတွေ အသုံးပြု ထား တာကို တွေ့ရှိ တယ်လို့ စစ်ဆေး အဖွဲ့ ထံမှ သိရ ပါတယ်။

ဈေးကွက်အတွင်း ရောင်းချနေတဲ့ စားသောက်ကုန်တွေနဲ့ အလှကုန်ပစ္စည်းတွေကို မြိတ်မြို့မှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနပိုင် Mobile Laboratory ကားနဲ့ ကွင်းဆင်း စစ်ဆေးနေပြီး၊ ဓာတ်ခွဲစမ်းသပ်ရာမှာ ခွင့်မပြု ဓာတုဆိုးဆေး အသုံးပြုထားတဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံဆရာဝန် ဒေါက်တာဟိန်းမင်းထက်အောင်က ပြောပါတယ်။

မြိတ်မြို့နယ် ဆိပ်ငယ်ဈေး အရောင်းဆိုင် (၁)ဆိုင်မှ ငါးပိ ၁၂ ပိဿာ၊ လက္ကားဒိုင် ၁ ဦးမှ ၃၅၀ ပိဿာတို့မှာ တားမြစ်ထားတဲ့ Rhodamine B အသုံးပြု ငါးပိတွေကို စစ်ဆေးတွေ့ရှိခဲ့ပြီး အောင်မင်္ဂလာဈေးမှ နှစ်နေလှန်း ငါးပိ ၅ ပိဿာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

အလားတူ တားမြစ် အလှကုန်ပစ္စည်းတွေကို ဆိပ်ငယ်ဈေးမှ ၅ မျိုး ၁၉ ဘူးနဲ့ အောင်မင်္ဂလာဈေးမှ ၄ မျိုး ၁၈ ဘူး တွေ့ရှိ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

အရောင်းဆိုင်တွေကို ခွင့်မပြု ဓာတုဆိုးဆေး၊ တာရှည်ခံပစ္စည်း အသုံးပြုထားတဲ့ စားသောက်ကုန်တွေ ဆက်လက် ရောင်းချခြင်း မပြုကြဖို့ အရောင်းဆိုင် ၆ ဆိုင်နဲ့ လက္ကားဒိုင် ၁ ဦးတို့ကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ပြီး ပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့ မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဇင်မေဌေးက ပြောပါတယ်။

သတင်း-ဓာတ်ပုံ ဇော်ဇော်(မြိတ်)

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/216165

Read More »

Tuesday, July 04, 2017

ရေးမြို့နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၆၀ ခန့် ရှိလာ




မွန်ပြည်နယ် ရေး မြို့နယ် အတွင်းရှိ ပြည်သူ့ ဆေးရုံ တွေမှာ အခုနှစ် မိုးရာသီ ကာလ အတွင်း တက်ရောက် ကုသမှု ခံယူ နေတဲ့ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ၅၉ ဦး ရှိနေ တယ်လို့ မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရ ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အသက် ၅ နှစ်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အတွင်း လူငယ်တွေမှာ သွေးလွန်တုပ်ကွေးရာဂါ အဖြစ်များနေပြီး သေဆုံးသူတဦးမှ မရှိသေးဘူးလို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်-၁ ဦးမင်းတင်ဇော်ဦးက ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့တဲ့ နေအိမ်နဲ့ အနီးအနားပတ်ဝန်းကျင်တွေမှာ ခြင်ဆေးမှုတ်တာ၊ ပိုးလောက်လန်းသေဆေး ခပ်တာ စတဲ့ ရောဂါနှိမ်နင်းရေး၊ ကာကွယ်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေသလို အခြားစေတနာ့ဝန်ထမ်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖုံး သွန် လဲ စစ် လုပ်ငန်း၊ ခြင်ဆေးမှုတ်တဲ့ လုပ်ငန်းတွေကိုပါ လူနေအိမ်နဲ့ စာသင်ကျောင်းတွေမှာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်ထဲမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးနှစ်ကတော့ ၂၀၁၅ ခုနှစ်ဖြစ်ပြီး လူပေါင်း ၇၀၀ နီးပါးအထိ ရောဂါဖြစ်ပွားခဲ့ကာ သေဆုံးသူမရှိခဲ့ဖူးလို့ ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း – နေမျိုးထွဋ် (ရေး)

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/215979

Read More »

တောတောင်နဲ့ မှော်တွေမှာ ငှက်ဖျား ဖြစ်ပွားမှုများ




ကချင် ပြည်နယ်မှာ တောတောင် စိမ့်စမ်း ပေါများတဲ့ ဒေသတွေနဲ့ မှော်နယ်မြေတွေ အတွင်း ရွှေ့ပြောင်း လုပ်ကိုင် နေကြသူ တွေထဲမှာ ငှက်ဖျား ရောဂါ ဖြစ်ပွားမှုနှုန်း ပိုများ နေတယ်လို့ သိရပါတယ်။

တောတောင်တွေနဲ့ ဆက်စပ်တဲ့ ရွှေ၊ ပယင်း၊ ကျောက် စတဲ့မှော်နယ်မြေတွေက ရွှေ့ပြောင်းလုပ်ကိုင် နေကြ သူတွေကြားမှာ အခုနှစ်အတွင်း ငှက်ဖျား ဖြစ်ပွားနှုန်း ပိုများနေတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ရိန် က ပြောပါတယ်။

"တောတောင်ရေမြေများတဲ့ဒေသတွေကို သွားပြီးအလုပ်လုပ်တဲ့သူတွေကြားထဲမှာ ဖြစ်ပွားမှုများနေတာ ကျနော်တို့တွေ့ရပါတယ်၊ တောတောင်စိမ့်စမ်းရှိတဲ့ဘက်ကို အဲ့မှာနေတဲ့လူတွေပဲဖြစ်ဖြစ်၊ အဲဒီဒေသကို သွားတဲ့လူတွေပဲဖြစ်ဖြစ် အများဆုံးဖြစ်ပွားကြတယ်လို့ ပြောလို့ရပါတယ်"

ကချင်ပြည်နယ်အတွင်း မြို့နယ်တိုင်းမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေရှိနေပေမယ့် တောတောင် တွေထူထပ်တဲ့ မချမ်းဘော့၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စတဲ့ မြို့နယ်တွေ နဲ့ ရွှေ၊ ပယင်း၊ ကျောက် စတဲ့ မှော်နယ်မြေတွေရှိရာ တနိုင်း နဲ့ မိုးညှင်း စတဲ့ မြို့နယ်တွေမှာ ပိုပြီးဖြစ်ပွားမှုများတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ငှက်ဖျားရောဂါ လူနာ တစ်သောင်းတစ်ထောင်ကျော် ရှိပြီး သေဆုံးသူ ၃ ယောက် ရှိခဲ့ပါတယ်။ ဒီနှစ်အတွင်း လက်ရှိ အချိန်အထိ ငှက်ဖျားရော ဂါဖြစ်ပွားသူ အရေအတွက်ကို အတိအကျမသိရှိရသေးပေ မယ့် ဒီနှစ်ဖြစ်ပွားသူပိုများနေတာဖြစ်ပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်စဉ် လျော့ကျလာပြီဖြစ်ပေမယ့် ရခိုင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ဧရာဝတီ စတဲ့တိုင်းနဲ့ပြည် နယ်တွေမှာတော့ ဖြစ်ပွားမှုများနေသေး တယ်လို့ သိရပါတယ်။

ပြည်နယ်အတွင်းမှာ ဒီနှစ်အတွင်း ခြင်ကြောင့်ဖြစ်ပွားတဲ့ နောက်ထပ် ရောဂါတစ်မျိုးဖြစ်တဲ့ သွေးလွန်တုပ်ကွေးလူနာ ဒီကနေ့အထိ ၃၀၅ ဦးရှိပြီး သေဆုံးသူ ၂ ယောက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄ ဦး ရှိခဲ့ပြီး လူဦးရေ ၇၀၀ ကျော် ရောဂါဖြစ်ပွားခဲ့ပါတယ်။

ခြင်ပေါက်ပွားမှုနှုန်းပိုများတဲ့ အခုလို မိုးတွင်းကာလမှာ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ အဖြစ်များလေ့ ရှိတာကြောင့် ခြင် အကိုက်မခံရအောင် အထူးအလေးထားကြဖို့လည်း ဒေါက်တာ ဇော်ရိန် ကဆိုပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Sunday, July 02, 2017

၆ လအတွင်း သွေးလွန် တုပ်ကွေးကြောင့် သေဆုံးသူ ၃၉ ဦးရှိ




၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ကနေ ဇွန်လ ၁၇ ရက်နေ့ အထိ ခြောက်လ အတွင်း တစ်နိုင်ငံ လုံးမှာ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ခြောက်ထောင့် ငါးရာကျော် ရှိပြီး သေဆုံးသူ ၃၉ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန သွေးလွန် တုပ်ကွေး တိုက်ဖျက်ရေး ဌာန စီမံကိန်း မန်နေဂျာ ဒေါက်တာ ဇော်လင်း က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ခြောက်လတာအတွင်း ဖြစ်ပွားမှုနှုန်းထက် ပိုမြင့်မားနေပြီး ရန်ကုန်တိုင်းက အများဆုံးဖြစ်တယ် လို့ သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးဌာန စီမံကိန်းမန်နေဂျာ ဒေါက်တာဇော်လင်းက ပြောပါတယ်။

"၂ဝ၁၅ တုန်းကတော့ တစ်နှစ်လုံး လေးသောင်းကျော်လောက် ရှိပါတယ်၊ သွေးလွန်တုပ်ကွေး ဖြစ်ပွား သူလေ၊ သေဆုံးသူ ၁၄ဝ ဦး ရှိပါတယ်၊ မနှစ်က ၂ဝ၁၆ ကတော့ တစ်သောင်းနဲ့ ခုနှစ်ရာ့ခုနှစ်ဆယ် (၁ဝ၇၇ဝ) ရှိပါတယ်၊ ၅၈ ဦး အသက်ဆုံး ရှုံးခဲ့ပါတယ်၊ အခုကတော့ ၂ဝ၁၆ ထက်စာရင် နည်းနည်း များလာတယ်လို့ ပြောရတော့မှာပေါ့နော်၊ ကျနော် တို့လည်းကာကွယ်နှိမ်နင်းရေးကို ဆက်တိုက်ကို ဖိဖိစီးစီးလုပ်ဆောင်နေပါတယ်၊

ရန်ကုန်တိုင်းက လူနေထိုင်မှုများတဲ့အတွက် နှစ်စဉ်များခြေရှိပါတယ်၊ အခြေခံလူတန်းစားလည်း များတဲ့အတွက်ကြောင့်လေ၊ ၁၇ ရက် ခြောက်လ စာရင်းအရ ဆိုရင် ၁၈ဝဝ ခန့်လောက်နဲ့ အများဆုံးဖြစ်နေတာပေါ့လေ"

ရန်ကုန်တိုင်းမှာ လူဦးရေထူထပ်ပြီး အခြေခံလူတန်းစားများတာကြောင့် ဖြစ်ပွားမှုနှုန်း ပိုများပြီး ဧရာဝတီနဲ့ ပဲခူးတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာလည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ရှိနေတယ်လို့လည်း ပြော ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဟာ အသက် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း ကလေးငယ်တွေမှာ အများဆုံးဖြစ် ပွားနေတယ်လို့ သိရပါတယ်။

ပြည်နယ်နဲ့တိုင်းအလိုက် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အခြေအနေအပေါ် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး စစ်ဆင်ရေးသဖွယ်လုပ်ဆောင်နေပြီး နေပြည်တော် ဗဟိုကနေတဆင့် သက်ဆိုင်ရာ ရပ်/ကျေး ဥက္ကဌတွေအထိ လမ်းညွှန်လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Friday, June 30, 2017

ငှက်ဖျားပိုး သယ်ဆောင်နိုင် တဲ့ ခြင်တွေကို ဖမ်းဆီး လေ့လာ




ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဋ္ဌာန ပိုးမွှား စုံစမ်းရေး အဖွဲ့က ငှက်ဖျား ရောဂါနဲ့ ပတ်သက် ပြီး လေ့လာနိုင်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် ရွာနှစ်ရွာက အနောဖလိစ် ခြင် မျိုးစိတ် အကောင်လေး ရာကျော်ကို ဖမ်းယူ ခဲ့ပြီး အသေးစား သုတေသန ပြုလုပ်မှာ ဖြစ်ပါတယ်။

တန်ဖရဲနဲ့ ငွေပျော်စံပြကျေးရွာနှစ်ရွာမှာ ဖမ်းမိတဲ့မျိုးစိတ်တွေအားလုံးကို ရန်ကုန်မြို့မှာရှိတဲ့ ဓါတ်ခွဲမှာ ဆက်လက်လေ့လာ စစ်ဆေးသွားမှာဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ဦးစီးအရာရှိ ဦးသီဟက ပြောပါတယ်။

"ရတဲ့မျိုးစိပ်တွေအကုန်လုံးကို ရန်ကုန်ကို ယူသွားမယ်၊ ရန်ကုန်က ကျနော်တို့ရဲ့ ဓါတ်ခွဲခန်း မှာ ပြန်လုပ်ကြည့်မယ်"

တန်ဖရဲရွာနဲ့ ငွေပျော်ရွာမှာ အနောဖလိစ် ခြင် ၁၄ မျိုး တွေ့တာဖြစ်ပါတယ်။

ညပိုင်းတွေမှာ ခြင်ဖမ်းကိရိယာ ဖန်ပြွှန်၊ အလင်းရောင် ထောင်ချောက်တွေအသုံးပြုပြီး ခြင်တွေရဲ့ အလေ့အထ ကို လေ့လာဖို့ ရွာနှစ်ရွာမှာ ခြင်တွေကို ဖမ်းခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နယ်မှာ အခုတွေ့ရှိတဲ့ ခြင် ၁၄ မျိုးထဲက ငှက်ဖျားရောဂါကို အဓိကသယ်ဆောင်တဲ့ Anophele minius နဲ့ ဒုတိယအဆင့် ဆောင်သူဖြစ်တဲ့ အနောဖလိစ် မက်ကျူလိတပ်စ် Anophele maculatus တစ်မျိုးစီ ကို တွေ့ရှိတာလို့ ဆိုပါတယ်။

ငှက်ဖျားရောဂါနဲ့ ပတ်သက်ပြီး ခြင်တွေရဲ့ အမှုအကျင့်ကို လေ့လာတဲ့ အခုလို စီမံကိန်းကို ဒီနှစ်အတွင်းမှာ ၃ လတစ်ကြိမ်နဲ့ စုစုပေါင်း ၄ ကြိမ် လုပ်ဆောင်မှာဖြစ်ပါတယ်။

အဲဒီလိုလေ့လာရာမှာ ခြင်အမျိုးအစားနဲ့ အရေအတွက်ဟာ တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူးလို့ ဆိုပါတယ်။ အခုလိုပူနွေးစိုစွတ်တဲ့ရာသီဟာ ခြင်အမျိုးအစားနဲ့ အရေအတွက်ကို ပိုမိုဖမ်းမိရလေ့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အနောဖလိစ် ခြင် ၃၇ မျိုးရှိပြီး ငှက်ဖျားပိုး အဓိကသယ်ဆောင်တဲ့ အနောဖလိစ် မီနီမပ်စ် Anophele munimus နဲ့ အနောဖလိ ဒိုင်းရပ်စ် Anophele dirus စတဲ့ ခြင် နှစ်မျိုးနဲ့ ဒုတိယအဆင့် သယ်ဆောင်တဲ့ အနောဖလိစ် ခြင် ၈ မျိုး စုစုပေါင်း ၁ဝ မျိုးရှိပါတယ်။

ခြင်ကြောင့်ကူးစက်တတ်တဲ့ ရောဂါတွေက ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဆင်တုပ်ကွေး၊ ဇီကာ၊ ဂျပန်ဦးနှောက်အမြှေးရောင် စတဲ့ရောဂါ ၆ မျိုးဖြစ်ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Wednesday, June 28, 2017

ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးတို့ ဗဟိုအဆင့် ညှိနှိုင်း ဆွေးနွေး




နေပြည်တော် ဇွန် ၂၇

ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနနှင့် ကုသရေး ဦးစီးဌာန တို့ကို ဗဟို အဆင့် ပြန်လည် ပူးပေါင်း ရေး အကြံပေး အဖွဲ့ ပထမ အကြိမ် ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ပိုင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန အတွက် အဓိကကျသော ဦးစီးဌာနကြီးနှစ်ခု ပြန်လည် ပေါင်းစည်း ခြင်းအားဖြင့် ဝန်ကြီးဌာန တစ်ခုလုံး အနေဖြင့် ပိုမို အားကောင်း၊ တောင့်တင်း ခိုင်မာ၊ စည်းလုံး ကျစ်လစ် သွားမည် ဖြစ်ပါကြောင်း၊

ပြည်သူများနှင့် ဝန်ထမ်းများ၏ အကျိုးကို ရှေ့ရှု့ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ဗဟိုအဆင့် ပြန်လည်ပူးပေါင်းရေး အကြံပေး အဖွဲ့သည် အတွေ့ အကြုံ များစွာ ရှိသူများဖြင့် ဖွဲ့စည်းထား ပါကြောင်း၊

ထွက်ပေါ်လာသော ဆွေးနွေးချက်ရလဒ်များကို ဦးစားပေး အလိုက် အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရှုထောင့်ပေါင်းစုံမှ သုံးသပ်၍ အားလုံးဝိုင်ဝန်း ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် Hotel Max ၌ ကျင်းပသည့် မိသားစု စီမံကိန်းအတွက် အရေပြားအောက်သို့ ထိုးနိုင်သည့် သန္ဓေတားဆေး မိတ်ဆက်ခြင်း အခမ်းအနား သို့ တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယခုမိတ်ဆက်သည့် အရေပြားအောက်သို့ ထိုးနိုင်သည့်သန္ဓေတားဆေး သည် ကျေးလက်ဒေသနေပြည်သူ များပါ အလွယ်တကူ သုံးစွဲနိုင် မည်ဖြစ်သည့် အပြင် မလိုလား အပ်သော ကိုယ်ဝန်ဆောင်ရမှုများ၊ သွေးအဆိပ်တက် ကိုယ်ဝန် ပျက်ကျမှုများ၊ မိခင်သေဆုံးမှုများ လျော့နည်း ကျဆင်း စေရန်အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါကြောင်း၊

အသုံးပြုပုံ နည်းစနစ်မှန်ကန်မှု၊ ဘေးထွက်ဆိုးကျိုးအနေဖြင့် ခံစားရနိုင်မှု စသည့်အချက် များကို လုပ်ငန်း ဆောင်ရွက်မှုနှင့်အတူ သုတေသနလုပ်ငန်းကိုပါ တပါတည်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊

ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့အား မိသားစု စီမံကိန်းများ အတွက် ယခုကဲ့သို့ လွယ်ကူထိရောက်စွာ အထောက်အကူ ပြုနိုင်မည့် သန္ဓေတားဆေးဝါးကို မိတ်ဆက်ပေး သည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ယင်းနောက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့၊ ဌာနေကိုယ်စားလှယ် Ms. Janet E.Jack က အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေး) ဒေါက်တာ လှမြသွေးဣန္ဒာက မိသားစု စီမံကိန်းအတွက် အရေပြားအောက်ထိုးနှံ သည့် သန္ဓေတားဆေး မိတ်ဆက်ရခြင်း အကြောင်းကို လည်းကောင်း၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ ဒေါက်တာ လှိုင်ထိပ် ထားခင်က မိသားစု စီမံကိန်း (၂၀၂၀) အတွက် အရေပြား အောက်ထိုးနိုင် သည့် သန္ဓေတားဆေး အား ဆက်နွယ် အသုံးပြုခြင်း ဆိုင်ရာများကို လည်းကောင်း ရှင်းလင်း တင်ပြကြရာ တက်ရောက်လာ ကြသူများက သိရှိ လိုသည်များ မေးမြန်းကြပြီး တာဝန် ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် သြစတြေးလျနိုင်ငံမှ ပါလီမန်အမတ် Mrs.Nola Marino (Member for Forrest, Western Australia) နှင့် အဖွဲ့အား ဝန်ကြီးရုံး ဧည့်ခန်းမတွင် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင် စေရန်အတွက် သြစတြေးလျ နိုင်ငံမှ ပံ့ပိုးပေးနိုင် မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ၂၀၃၀ခုနှစ်တွင် ငှက်ဖျားရောဂါ ကင်းစင်နိုင်ရေးအတွက် Asia Pacific Leaders Malaria Alliance (APLMA) မှ ပံ့ပိုးဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန

Originally published at - http://moigovnews.blogspot.com/2017/06/normal-0-false-false-false-en-us-x-none_27.html

Read More »

Tuesday, June 27, 2017

မွန်ပြည်နယ်မှာ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ၈၅ဝ ဦး ရှိနေ


မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူ ရဲနောင်
Photo: Kyaw Lwin Oo/RFA


မွန် ပြည်နယ်မှာ နှစ်လ အတွင်း သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၈၅ဝ ဦး ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၆ တစ်နှစ်လုံး ထက် ဖြစ်ပွားသူ ဦးရေ ပိုများ နေတယ်လို့ သိရ ပါတယ်။

မော်လမြိုင်မှာ ဖြစ်ပွားသူ အများဆုံး ဖြစ်နေ တယ်လို့ မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေး မှူး ဒေါက်တာ စည်သူ ရဲနောင်က ပြောပါတယ်။

မော်လမြိုင်မှာ ၂၃၉ယောက်၊ ချောင်းဆုံမှာ ၁၅၅ ယောက်၊ မုဒုံမှာ ၁၃၅ယောက်၊ ပေါင်မှာ ၁၁၃ယောက်၊ ကျိုက် မရောမှာ ၁၀၄ယောက်၊ သံဖြူဇရပ်မှာ ၃၉ယောက်၊ ရေးမှာ ၃၄ယောက်၊ သထုံမှာ ၂၇ ယောက်နဲ့ဘီးလင်းမှာ ၆ ဦးဖြစ်ပွားနေပြီး ကျိုက်ထိုတစ်မြို့တည်းမှာသာ ဖြစ်ပွားမှုမရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ရောဂါဖြစ်ပွားသူတွေနေထိုင်တဲ့ ရပ်ကွက်တွေ ကျေးရွာတွေကို ဆေးဖြန်းတာတွေ ပြုလုပ်ပေးနေတယ် လို့ သိရပါ တယ်။

မွန်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃ထောင်ကျော်ရှိပြီး ၅ဝကျော် သေဆုံးခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ်မှာတော့ ၃ထောင်ကျော်ဖြစ်ပွားပြီး ၂ဦးသေဆုံးကာ ၂ဝ၁၅ခုနှစ်မှာ ၅ထောင်ကျော်ဖြစ်ပွားပြီး ၈ဦးသေ ဆုံးခဲ့တယ်လို့ ဒေါက်တာစည်သူရဲနောင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆ဝဝကျော် ရှိခဲ့ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Saturday, June 24, 2017

ဈေးကွက်တွင်းရှိ ဆေးဝါး ရှစ်မျိုး တရားမဝင် ဆေးဝါးများ စစ်ဆေးတွေ့ရှိ




ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် ဈေးကွက် အတွင်းရှိ ဆေးဝါး များကို စိစစ်ရာ ဆေးဝါး ရှစ်မျိုးသည် တရားမဝင် ဆေးဝါးများ အဖြစ် စစ်ဆေး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက သတင်း ထုတ်ပြန်ချက် အရ သိရသည်။

တရားမဝင်ဆေးဝါး ရှစ်မျိုးဖြစ်သော Deca-Insaboline 50, Elestomine Table, Dexamethasone Table, Disprine Effervescent Table, Nifedipine Table, Salbutamol Table,Bupivacaine hydrochloride နှင့် 21st Super-Vita New Tableဆေးဝါးများသည် သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အဆိုပါ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါး အတု၊ စံမညီ ဆေးဝါးများကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း (လက်လီ/လက္ကား)လုံးဝ မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းက အမျိုးသား ဆေးဝါး ဥပဒေ ပုဒ်မ (၁၈) အရ တရားစွဲဆို အရေးယူမည် ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

From : Xinhua-Myanmar

Originally published at - xinhuamyanmar.com

Read More »

Thursday, June 22, 2017

သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ရခိုင်မှာ တစ်ထောင်နီးပါး ရှိနေ




ရခိုင် ပြည်နယ်မှာ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ဦးရေ တစ်ထောင်နီးပါး အထိ တိုးလာနေပြီး သေဆုံးသူ ဦးရေ ဟာ ၁၂ ဦး အထိ ရှိနေပြီလို့ သိရ ပါတယ်။

ပြီးခဲ့တဲ့နှစ်ကထက် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုများပြားတဲ့အရေအတွက်ဖြစ်တယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာန က လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာစံကျော့ခိုင် ကပြောပါတယ်။

"ဒီနှစ်က မနှစ်ကထက်ပိုများတယ်ပေါ့နော်၊ မနှစ်က တနှစ်လုံးမှ ၅၅ဝ ကျော်ပဲရှိတယ်၊ ဇွန်မှာ ၁ဝဝဝ နီးပါးဖြစ်သွားပြီပေါ့၊ သွေးလွန်တုတ်ကွေးရောဂါ သဘောတရားအရ ၃ နှစ်တခါလောက် အဖြစ်များတယ်လေ၊ ၂ဝ၁၄ တုန်းကလည်း အဖြစ်များခဲ့တယ်၊ သုံးနှစ်တစ်ကြိမ် ဒီနှစ်လည်း အရမ်းအဖြစ်များတယ်လေ"

သေဆုံးသူတွေဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ အမ်းမြို့နယ်တွေကဖြစ်ပြီး အသက် ၁၅ နှစ်အထက်နှစ်ဦးနဲ့ ၁၅ နှစ်အောက် ၁၀ ဦးဖြစ် တယ်လို့သိရပါတယ်။

ဒီနှစ်အတွင်း ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေတာဖြစ်ပြီး လတ်တလော မှာတော့ တောင်ကုတ်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ စစ်တွေ အဖြစ်များတယ်လို့လည်း ဒေါက်တာစံကျော့ခိုင် က ပြောပါတယ်။

ကျန်းမာရေးဦးစီးဌာနအနေနဲ့ လူထုကျန်းမာရေးပညာပေးတွေ၊ ဆွေးနွေးပွဲတွေ၊ ဆေးဖျန်းတာတွေ လုပ်ဆောင်နေ တယ်လို့ပြောပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - www.rfa.org/burmese

Read More »

Wednesday, June 21, 2017

မလေးရှား ကုမ္ပဏီထုတ် အလှကုန် ပစ္စည်း သုံးစွဲရန် မသင့်ကြောင်း ကြေညာ




မလေးရှား ကုမ္ပဏီ တခုက ထုတ်လုပ်တဲ့ အလှကုန် ပစ္စည်း တမျိုးကို သုံးစွဲဖို့ မသင့်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစား ၀န်ကြီး ဌာနက ကြေညာ ပါတယ်။

Dunia Herba မလေးရှား ကုမ္ပဏီ ထုတ် Collagen Plus Day/Night Cream အလှကုန် ပစ္စည်းဟာ ကျန်းမာရေး အတွက် ဘေးအန္တရာယ် ဖြစ်စေတဲ့ တားမြစ် ဓာတုဗေဒ ပစ္စည်း မာကျူရီ များစွာ ပါဝင်နေတာ စစ်ဆေး တွေ့ရှိရ တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ အဆိုပါအမှတ်တံဆိပ် အလှကုန်ပစ္စည်း မှတ်တမ်းတင်လျောက်ထားတာကို ငြင်းပယ်လိုက်ပြီး အများပြည်သူ သုံးစွဲဖို့ မသင့်ကြောင်း အသိပေးနှိုးဆော်လိုက်တာလို့လည်း ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/213661

Read More »

စားသုံးရန် မသင့်သည့် လက်ဖက်၊ ချိုချဉ်နှင့် အရောင်တင်မှုန့် ၁၅ မျိုး အသိပေး ကြေညာ




လက်ဖက်၊ ချိုချဉ်၊ ချယ်ရီသီး၊ ငါးပိနဲ့ အရောင်တင် မှုန့်တွေ အပါ အဝင် အစား အသောက် အမျိုး အစား ၁၅ မျိုးမှာ ဆိုးဆေး ပါနေ တာကြောင့် အများပြည်သူ စားသုံးဖို့ မသင့်တဲ့ အကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ကြေညာ ပါတယ်။



ဈေးကွက်ထဲ ရောင်းချ နေတဲ့ အစားသောက် တွေကို ဈေးတွေမှာ ဝယ်ယူ စစ်ဆေးရာ အဆိုပါ အစား အစာ တွေမှာ ခွင့်မပြုတဲ့ Auramine O နဲ့ Rhodamine B ဆိုးဆေးတွေ ပါဝင် နေလို့ စားသုံးဖို့ မသင့်တဲ့ အကြောင်း ကြေညာ လိုက်တာပါ။

ကြေညာ ထားတဲ့ အမှတ် တံဆိပ်နဲ့ အစား အသောက် အမျိုး အစားတွေ ထဲမှာ အောင်ဆုမွန် လက်ဖက်၊ အောင်ဆုမွန် လက်ဖက်ထောင်းနှပ်၊ ရွှေသရဖူ လက် ဖက်၊ ဟော်နန်းသူဇာ လက်ဖက်ခြောက် (အချိုခြောက်)၊ စိန်မြ ပုစွန်ငါးပိ၊ ထိပ်တန်း အရောင် တင်မှုန့်၊ မြဟန်ဂုဏ် အရောင် တင်မှုန့်တို့ ပါဝင် ပါတယ်။

ဒါ့အပြင် ယုငရုတ်သီးပုံ ချိုချဉ်၊ ပွင့်လန်း ရောင်စုံ ဘောလုံး ချိုချဉ်၊ WPK ချယ်ရီသီး၊ ဇွန်ပန်းနွယ် ချယ်ရီသီး၊ Miki-ko ချယ်ရီသီး၊ ရွှေပင်လယ် ကြက်သွန်မုန့်၊ လင်းလင်းဖြိုး မရွေး၊ မေငြိမ်းချမ်း ပဲကြီးလှော် အမှတ် တံဆိပ်တွေလည်း ပါဝင် ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/213625

Read More »

Saturday, June 17, 2017

အိမ်ထဲမှာ အဝတ်လှန်းလေ့ ရှိသလား၊ ပန်းနာရင်ကျပ် အန္တရာယ် သတိထားပါ




အဝတ် တွေကို အိမ်ထဲမှာ လှန်းထားခြင်း၊ အခြောက် ခံခြင်း က သေစေ နိုင်လောက်တဲ့ ပန်းနာ ရင်ကျပ် အန္တရာယ် ဖြစ်လာနိုင်စေ တယ်လို့ ပညာရှင် တစ်ဦးက သတိပေး ပါတယ်။

စိုစွတ်တဲ့ ပတ်ဝန်းကျင် တွေဟာ မှိုတွေ ဖြစ်ပေါ်စေတဲ့ နေရာ အနေ အထားတွေ ဖြစ်လာစေပြီး အမှုန် အမွှားတွေ ထွက်ရှိစေ တယ်လို့ ကျွမ်းကျင် သုတေသီက ဆိုပါတယ်။

မမြင်နိုင်တဲ့ ၄င်း အမှုန်တွေက ဓာတ်မတည့် မှုတွေ ဒါမှ မဟုတ် ပန်းနာ ရင်ကျပ် အန္တရာယ်တွေ အထိ ဖြစ်လာစေနိုင်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးပိုင်း အရွယ်တွေနဲ့ ကင်ဆာ ကုထုံး ခံယူနေ ရသူတွေလို ကိုယ်ခံ အားနည်းတဲ့ သူတွေမှာ အထူးသဖြင့် ပိုသတိထား ရပါမယ်။

ဖြစ်နိုင်ရင်အဝတ်တွေကို အပြင်မှာပဲလှန်းသင့်သလို အိမ်ထဲမှာ လေမှုတ်စက်သုံးပြီး လေဝင်လေထွက်ကောင်းအောင်ထားရှိကာ မမြင်နိုင်တဲ့ မှိုတွေ များ မလာအောင် ကြိုတင် ကာကွယ်ပါလို့ သူက အကြံပြုပါတယ်။

ဘာလို့အန္တရာယ်များရတာလဲစွတ်စိုတဲ့ ပတ်ဝန်းကျင်တွေဟာ spores လို့ခေါ်တဲ့အမှုန်တွေကို ထွက်ရှိစေတဲ့မှိုတွေဖြစ်ပေါ်မှုကိုအားပေးတယ်၊ spores တွေက တချို့လူတွေမှာ ဓာတ်မတည့်မှုတွေဖြစ်စေတယ်၊ မှို spores တွေကို ခံနိုင်ရည်မရှိတဲ့ ပန်းနာရင်ကျပ်ရှိသူတချို့အတွက် ဆို ဓာတ်မတည့်မှု လက္ခဏာတွေ ပိုဆိုး သွားစေ တယ်လို့ Asthma Society of Ireland မှ ကျန်းမာရေးမြှင့်တင်မှုမန်နေဂျာ ဖီနာကန်နီ က ပြောပါတယ်။

Aspergillus fum-igatus ဆိုတာ အဆုတ် ရောဂါတွေဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ၄င်းမှိုကတစ်နှစ်တာလုံး ပေါက်ဖွားရှင်သန်နိုင်ပေမဲ့ စိုစွတ်တဲ့ လတွေမှာ ပိုများလေ့ ရှိပါတယ်။

ပတ်ဝန်းကျင်ကြောင့်ဖြစ်ရတဲ့ ရုတ်တရက် အန္တရာယ်လက္ခဏာမျိုးကို ပန်းနာရင်ကျပ်လူနာတချို့မှာ ခံစားရနိုင်ခြေပိုများပါတယ်။ အဲသည်လူတွေထဲမှာ ကလေးငယ်တွေ၊ သက်ကြီးပိုင်းတွေ၊ ကိုယ်ခံ အားနည်းသူတွေ၊ ပန်းနာရင် ကျပ်အပြင်းစားအဆင့်ရှိသူတွေ၊ အရေ ပြားပြဿနာရှိသူတွေပါဝင်ပါတယ်။

သည်မှိုတွေက မီးဖိုချောင်၊ ရေချိုးခန်းတို့လို မှောင်မိုက်တဲ့ပတ်ဝန်း ကျင်မှာလည်း ဖြစ်လာတတ်တာကိုလည်းသတိထားပါလို့ ကန်နီက ပြောပါတယ်။ အခန်းတွေကို  လေဝင်လေထွက်ကောင်းအောင်ထားရှိပြီး စိုစွတ်ခဲ့ရင် မှိုဖြစ် တည်လာမှုကို ကာကွယ်နိုင်ဖို့ ပန်ကာ၊ လေသန့်စက်တို့ကို သုံးနိုင်ပါတယ်။

မာကျောတဲ့မျက်နှာပြင်တွေမှာရှိတဲ့ မှိုတွေကိုတော့ ရေ၊ ဗီနီဂါ၊ ဆပ်ပြာတို့ရောပြီး ပုံမှန်ဆေးကျောပွတ်တိုက်တဲ့နည်းနဲ့ ဖယ်ရှားနိုင် ပါတယ်။

လေထုညစ်ညမ်းမှုနဲ့  ထိတွေ့ ခဲ့ရတဲ့စိတ်ဖိစီးမှုခံစားနေရသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကနေ မွေားဖွားလာတဲ့ကလေးတွေ ဟာ ပန်းနာ ရင်ကျပ် ဖြစ်နိုင်ခြေ ပိုများ တယ်လို့ နယူးယောက်မြို့ Mount Sinai ဆေးရုံမှ သုတေသီတွေက ပြီးနောက်သည်သတိပေးချက် ထွက်ပေါ်လာတာပါ။

သည်လက္ခဏာတွေရှိတဲ့ မိခင်တွေက မွေးဖွားလိုက်တဲ့ သား ယောကျာ်းလေးတွေဟာ အသက်ခြောက်နှစ်လောက်မှာ ပန်းနာ ရင်ကျပ် ရောဂါ လက္ခဏာ ပြတတ် တယ်လို့ သုတေသီတွေက တွေ့ရှိ ခဲ့ကြ ပါတယ်။

From : ကုမုဒြာဂျာနယ် by YSD

Originally published at - http://www.kumudranews.com

Read More »

Thursday, June 15, 2017

ရန်ကုန်ဆေးရုံကြီး၌ ကင်ဆာလူနာ ကုသရန် ၅ ထပ်ဆောင် တည်ဆောက်


ရန်ကုန် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကို


ရန်ကုန် ဆေးရုံကြီးမှာ တည်ဆောက် နေတဲ့ ကင်ဆာ လူနာ ကုသဖို့ ၅ ထပ်ဆောင်ဟာ အခုနှစ် နိုဝင်ဘာ လမှာ စတင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန် ပြည်သူ့ ဆေးရုံ အုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်ရောင်ခြည်ကို အသုံးပြုပြီး ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကင်ဆာရောဂါကို ကုသပေးနေတာ ဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံကြီးဟာ ကုတင် ၂၀၀၀ ဆန့်ဖြစ်ပြီး နေ့စဉ် ဆေးရုံတက်ကုသသူပေါင်း ၂၃၀၀ ခန့်အထိ ရှိနေပါတယ်။ ဆေးရုံကြီးကို အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ကင်ဆာရောဂါကြောင့် လာရောက်ပြသသူပေါင်း ၂၆၀၀ ကျော်ရှိပါတယ်။

ရန်ကုန်ဆေးရုံကြီးကို ကင်ဆာရောဂါကြောင့် လာရောက်ကုသတဲ့ လူနာအရေအတွက်ဟာ ၂၀၁၅ ခုနှစ်က ၉၂၀၀ ကျော်ရှိခဲ့ရာက ၂၀၁၆ ခုနှစ်မှာ ၈၉၀၀ ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ တနှစ်ထက်တနှစ် ကင်ဆာရောဂါဖြစ်ပွားမှုဟာ မြင့်တက်လာနေတာပါ။

အသင့်လုပ်ထားတဲ့ အစားအစာတွေ၊ ကွမ်းယာ၊ ဆေးလိပ်၊ အရက်သောက်သုံးတာနဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ အစားအစာတွေ စားသုံးတာကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားလာတာလို့ ဆေးပညာရှင်တွေက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာမှာ လူပေါင်း ၁ ဒသမ ၃၈ သန်းခန့် ကင်ဆာရောဂါဖြစ်ပွားခဲ့ပြီး လူဦးရေ ၅ သိန်းကျော်ဟာ ကင်ဆာရောဂါကြောင့် သေဆုံးနေတယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ by စိုးမိုးအောင်

Originally published at - http://burmese.dvb.no/archives/212521

Read More »

Wednesday, June 14, 2017

ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေသစ် ယခုနှစ်အပြီး ရေးဆွဲနေ




ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနက ကူးစက် ရောဂါ ကာကွယ် နှိမ်နင်းရေး ဥပဒေ သစ်ကို ယခုနှစ် အတွင်း ပြီးစီးအောင် ရေးဆွဲ နေကြောင်း အဆိုပါ ဌာနမှ သိရသည်။

အဆိုပါဥပဒေကို ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက အသစ်ပြန်လည် ရေးဆွဲနေခြင်း ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥပဒေနှင့် အခြား ကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်သို့ ပေးပို့ထားကာ ယခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ရန် ရည်မှန်းထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ကူးစက် ဆရာဝန် ဒေါက်တာထူးမြင့်ဆွေက ဧရာဝတီကို ပြောသည်။

ဒေါက်တာ ထူးမြင့်ဆွေက “နဂိုတုန်းက လုပ်ထားတာကို ဖျက်သိမ်းပြီး အသစ်ပြန်ပြီး ပြဋ္ဌာန်းမှာ။ ၅ ရက် ၅လ ၂၀၁၆ မှာ ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားကော်မတီက ဒေါက်တာ စံရွှေဝင်းက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို လာပြီး ခေတ်နဲ့ လျော်ညီအောင် ပြန်ပြင်မယ်ဆိုပြီး ဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

၁၉၉၅ ခုနှစ် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေသည် ခေတ်နှင့် လျော်ညီမှု မရှိခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ် အားနည်း နေသေးခြင်း၊ လူသိနည်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ ပြန်လည် ရေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က “ပြင်ဆင်မှုတွေ လုပ်နေခဲ့တာ ၆ လ ကျော်လောက် ကတည်းကပဲ။ ပြစ်ဒဏ်တွေ နည်းနေတာကို ပြင်တာမျိုးတွေ လုပ်နေတာ” ဟု ဧရာဝတီကို ပြောသည်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေကို ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) လက်ထက်၌ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ) လက် ထက်တွင် ယင်းဥပဒေအပေါ် အခြေခံကာ ပြင်ဆင် ဖြည့်စွက်ခြင်းများ ရှိခဲ့သော်လည်း ယခုမှသာ ပထမဆုံးအကြိမ် အသစ် ပြန်လည် ရေးဆွဲခြင်းဖြစ်သည်။

၁၉၉၅ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေတွင် အခန်း ၉ ခန်း ပါရှိပြီး အခန်း ၁ ရောဂါအမည်များနှင့် စကားလုံး အဓိပ္ပာယ်များ ဖော်ပြခြင်း၊ အခန်း ၂ ကြိုတင်ကာကွယ်ခြင်း ၊ အခန်း ၃ ကျန်းမာရေး အရာရှိ၏ လုပ်ငန်း တာဝန် များ ၊ အခန်း ၄ ပတ်ဝန်းကျင် သန့် ရှင်းရေး ဆောင်ရွက်ခြင်း ၊ အခန်း ၅ ကူးစက်ရောဂါဖြစ်ပွားကြောင်း တိုင်ကြားခြင်း ၊ အခန်း ၆ အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခြင်း ၊အခန်း ၇ အသွားအလာ တားမြစ် ပိတ်ပင်ခြင်း ကန့်သတ်ခြင်း ၊ အခန်း ၈ ပြစ်ဒဏ်များ ၊ အခန်း ၉ အထွေထွေ ဟူ၍ ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေ ပုဒ်မ ၄ အရ ကျန်းမာရေး ဦးစီးဌာနသည် ရောဂါကူးစက်ပျံနှံ့မှုကို နှိမ်နင်းရန် ပြည်သူတို့အား ကာကွယ် ဆေးထိုးခြင်းနှင့် အခြားလိုအပ်သော အစီအမံများ ဆောင်ရွက်ခြင်းတို့ ပြုလုပ်ပေးသော်လည်း လိုက်နာရန် ပျက်ကွက် ကြောင်း ပြစ်မှု ထင်ရှားပါက ထိုသူအား ကျပ်၅ထောင် ထက်မပိုသော ငွေဒဏ် ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။

ပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ)အရ လူအများ စားသုံးရန်မသင့်သော အစားအသောက်များကို ပိတ်ပင်ရန် သို့မဟုတ် ဖျက်ဆီးရန် ညွှန်ကြားခြင်းတို့ကို မလိုက်နာပါက ထိုသူအား ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင် သည်ဟု သိရသည်။

ဓါတ်ပုံ - မျိုးမင်းစိုး / ဧရာဝတီ

From : ဧရာဝတီ by သဇင်လှိုင် 14 June 2017

Originally published at - burma.irrawaddy.com

Read More »

Wednesday, June 07, 2017

ရခိုင်မှာ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ၆၀၀ နီးပါးရှိ




ရခိုင် ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလက စပြီး ဇွန်လ ၅ ရက်နေ့ အထိ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ၆၀၀ နီးပါး ရှိနေပြီး သေဆုံးသူ ၁၀ ဦး အထိ ရှိတယ်လို့ ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက် တာ စံကျော့ခိုင် က ပြောပါတယ်။

အသက် ၁ နှစ် ကနေ ၉ နှစ် အထိ အဖြစ် များပြီး ဒီနှစ်မှာ အသက် ၁၅ နှစ် အထက်တွေလည်း ရောဂါဖြစ်ပွားလာ တာတွေ့ရတယ်လို့ ဒေါက်တာ စံကျော့ခိုင် က ပြောပါတယ်။

"မနေ့ကအထိ အစ်မတို့ စာရင်းချုပ်ထားတာ လူနာ ၅၉၄ ယောက်၊ အဖြစ်အများဆုံးက ၁ နှစ်ကနေ ပြီးတော့ ၉ နှစ်အထိ အဲဒီမှာ ပိုများတယ်၊ ဒါပေမဲ့ ဒီနှစ်က ၁၅ နှစ်အထက်လည်းများလာတယ်၊ သေဆုံး တဲ့လူက ဇွန် ၅ ရက်နေ့အထိကို ၁၀ ယောက်ရှိတယ်။"

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် နောက်ပိုင်းကစပြီး ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာတာဖြစ် ပြီး ပေါက်တော၊ ကျောက်တော်၊ မင်းပြားနဲ့ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ အဖြစ်များနေတယ်လို့ လည်း ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် ပုဏ္ဏားကျွန်းက ၂ ဦး၊ ကျောက်တော်နဲ့ မြောက်ဦးက ၃ ဦးစီ၊ ပေါက်တောနဲ့ အမ်းက ၁ ဦးစီ စုစုပေါင်း ၁၀ ဦး သေဆုံး ခဲ့တာလည်း ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ၂ နှစ် ၃ နှစ် တစ်ခါလောက် အဖြစ်များလေ့ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက အဖြစ်များခဲ့ပြီး ဒီ ၂၀၁၇ မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ အဖြစ်များတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ လည်း ဒေါက်တာ စံကျော့ခိုင် က ပြောပါတယ်။

လက်ရှိမှာ သွေလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေနဲ့ အသိပညာပေးလုပ်ငန်းတွေကို နေရာ အနှံ့ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at -  http://www.rfa.org/burmese


Read More »

Tuesday, June 06, 2017

အမျိုးသား ကျန်းမာရေး အာမခံစနစ် တည်ထောင်ဖို့အဆို လွှတ်တော် မှာ ဆွေးနွေးမည်




လူတိုင်း လက်လှမ်းမှီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း စဉ်တွေ အကောင် အထည် ဖော်နိုင်ဖို့ အမျိုးသား ကျန်းမာရေး အာမခံ စနစ် တည်ထောင် ဆောင်ရွက် ပေးဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့ လွှတ်တော်မှာ လက်ခံ ဆွေးနွေးဖို့ ဒီနေ့ အတည်ပြု လိုက်ပါတယ်။

နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အမျိုးသား ကျန်းမာရေး အာမခံ စနစ်ကို အကောင် အထည်ဖော်ဖို့ ရေကြည် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း က အဆို တင်သွင်း ခဲ့ပါတယ်။

ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း က လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေ ထိရောက်စွာအကောင်အထည် ဖော် ဆောင်ရွက်နိုင်ဖို့၊ ဆင်းရဲနွမ်းပါးသူတွေ အပါအ၀င် နိုင်ငံသားတိုင်းထိရောက် တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အချိန်မီရရှိစေဖို့၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေ လုံလောက်အောင် ရရှိနိုင်ဖို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ အမျိုးသားကျန်းမာရေး အာမခံစနစ် တည်ထောင်ဆောင်ရွက်ဖို့ အဆိုတင်သွင်းတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးစကနေ ဒီကနေ့အထိ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကိုသာ ကျင့်သုံးနေကြောင်း၊ ကျန်းမာရေးကဏ္ဍ ခွင့်ပြုရန်ပုံငွေ နည်းပါးနေကြောင်း၊ ဆေးဝါးပစ္စည်းချို့ တဲ့နေကြောင်း၊ ကျန်းမာရေးအတွက် ကုန်ကျငွေတွေကို တိုက်ရိုက်ပေးချေရတဲ့ကုန်ကျစရိတ်ဟာ ဆေးဝါးကုသမှုကုန်ကျ စရိတ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ရှိနေကြောင်း၊ ပြည်သူတွေ ၀န်ထုပ်ဝန်ပိုး ဖြစ်နေကြောင်းလည်း ဒေါက်တာစံရွှေဝင်းက တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ ၅ ရာခိုင်နှုန်းသာ ရှိကြောင်းနဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က နိုင်ငံတစ်နိုင်ငံရဲ့ကျန်းမာရေး အသုံးစရိတ်ကို နိုင်ငံ့အသုံးစရိတ်ရဲ့၁၅ရာခိုင်နှုန်း အသုံးပြုသင့်ကြောင်း အကြံပြုထားတာကြောင့် မြန်မာနိုင်ငံမှာ ပိုမိုထိရောက်ပြီး လူတိုင်းလက်လှမ်းမီ နိုင်တဲ့ ကျန်းမာရေးအာမခံစနစ် အကောင်အထည်ဖော်နိုင်ဖို့အဆိုကို အင်္ဂပူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းက ထောက်ခံခဲ့ပါတယ်။

အဆိုကို ကန့်ကွက်သူမရှိတာကြောင့် လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပြီး ပါဝင်ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန် နောက်ဆုံး ထား အမည်စာရင်းပေးဖို့ လွှတ်တော်ဥက္ကဌက ကြေညာ ခဲ့ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese


Read More »

Thursday, May 18, 2017

အစိုးရ သက်တမ်း ၅ နှစ်တွင်း HIV/AIDS တိုက်ဖျက်ရေး ဒေါ်လာသန်း ၂၈၀ နီးပါး အသုံးပြုမည်


နေပြည်တော်တွင် ပြုလုပ်သည့် တတိယ အကြိမ် ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း မိတ်ဆက်ခြင်း အခမ်း အနား / ဖေသက်ထက်ခင် / ဧရာဝတီ


အစိုးရ သက်တမ်း ၅ နှစ်တာ အတွင်း ခုခံအား ကျဆင်း ရောဂါ (HIV/AIDS) တိုက်ဖျက်ရေး စီမံကိန်း လုပ်ငန်းစဉ် များတွင် အမေရိကန် ဒေါ်လာ သန်း၂၈၀ နီးပါး အသုံးပြု သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ပြောသည်။

HIV/AIDS တိုက်ဖျက်ရေး စီမံကိန်း အတွက် အစိုးရက ကုန်ကျ စရိတ်၏ ၁၈ ရာခိုင်နှုန်းကိုသာ ကျခံ အသုံးပြုမည် ဖြစ်ပြီး ကျန်သည့် ကျန်ကျ စရိတ်ကို ကမ္ဘာ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ ဖြစ်သည့် WHO၊ နိုင်ငံတကာ ကျန်မာရေး အဖွဲ့ အစည်း များနှင့် အရပ်ဖက် အဖွဲ့ အစည်း များက ကူညီ ဆောင်ရွက် မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။

နေပြည်တော် ဟိုတယ်ဇုန်၌ ယနေ့တွင် ကျင်းပသည့် တတိယအကြိမ် ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၆ – ၂၀၂၀) စတင်မိတ်ဆက်ခြင်း အခမ်းအနားတွင် ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောဆိုခြင်း ဖြစ်သည် ။

ထိုစီမံကိန်းကို ၂၀၀၅ ခုနှစ်က စတင်ပြီး ၅ နှစ် ၁ ကြိမ် ရေးဆွဲဆောင်ရွက်ခဲ့ပြီး၊ ယခု NLD အစိုးရသစ် လက်ထက်တွင် ပြန်လည်လေ့လာ စစ်ဆေးပြီးနောက် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ကြောင်းနှင့် စီမံကိန်းအရ လာမည့် ၂၀၂၀ တွင် တနိုင်ငံလုံးရှိ HIV ကူးစက်ရောဂါ ဝေဒနာရှင် ၉၉ ရာခိုင်နှုန်းကို ART ဆေး ဖြန့်ဝေပေးနိုင်မည်ဟု ထိုစီမံကိန်း ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညိုက ပြောသည်။

ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်း စီမံကိန်းညွှန်ကြားရေးမှူး ဒေါက်တာထွန်းညိုက “ဆက်ပြီး ART ဆေးတွေ ပေးနိုင်မယ်။ ၂၀၂၀ မှာ ၉၉ ရာခိုင်နှုန်း အထိပေါ့။ ကျနော်တို့ စမ်းသပ်မယ်။ ကုသမယ်။ ပိုးကောင်ရေ ကျနိုင်အောင်ထိ Target ထားပြီး လုပ်နေတယ်” ဟု ပြောသည်။

စီမံကိန်း စတင်ခဲ့သည့် ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ HIV ပိုး ကူးစက်ခံရသူ ၂ သိန်းကျော် ရှိခဲ့ပြီး လူဦးရေ ၁ သိန်းကိုသာ ART ဆေး ဖြန့်ဝေနိုင်ခဲ့ကြောင်းနှင့် ခန့်မှန်းတွက်ချက်မှုများအရ ရောဂါကူးစက်ခံရသူ၏ ၅၇ ရာခိုင်နှုန်းကိုသာ ART ဆေး ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ART ဆေးများ မှောင်ခိုဈေးကွက်သို့ ရောက်ရှိပြီး ရောင်းချနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပ မြို့နယ်၊ ဝေဘာဂီဆေးရုံ (ကူးစက်) မှ တာဝန်ကျဆရာဝန်တဦးက“ တချို့ဆေးသောက်ရမယ့်သူတွေက ပြန်ထုတ် ရောင်းတာရှိသလို၊ ဆေးထုတ်ပေးတဲ့ အဖွဲ့အစည်းမှာ လုပ်ကိုင်သူတချို့က ခိုးရောင်းတာမျိုး တွေ့ရတယ်။ ဆေးမလောက်တဲ့သူတွေ၊ HIV ပိုးရှိပြီး ဆေးရုံမှာဆေးသွားယူဖို့ ရှက်ကြတဲ့သူတွေက ဝယ်သောက်ကြလို့ ဒီဆေးတွေက အရင်တည်းက မှောင်ခိုဈေးကွက်မှာ ရှိနေတယ်။ ဒါတွေကို အစိုးရကလည်း နှိမ်နှင်းနေတာ တွေ့ရတယ်” ဟု ပြောသည်။

From : ဧရာဝတီ by ဖေသက်ထက်ခင်

Originally published at - https://burma.irrawaddy.com

Read More »