နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ကျန်းမာရေးဆောင်းပါး. Show all posts
Showing posts with label ကျန်းမာရေးဆောင်းပါး. Show all posts

Sunday, December 04, 2016

ပူသော ဗိုက် ကို ဒီလိုချမယ်…




ဗိုက်

အဆီ တွေဟာ ခန္ဓာကိုယ် တခုလုံးမှာ ဘေးရန် အပေးဆုံးပါ။

အလှပျက်တယ် ဆိုတာထက် တုတ်နေသော ခါး (ပူနေသောဗိုက်) ဟာ ရောဂါ ဖြစ်လွယ်တဲ့ လက္ခဏာ ပိုင်ဆိုင်သူလို့ ခေါ်လို့တောင် ရပါတယ်။

အဲဒီတော့ ကျန်းမာ ပေါ့ပါး ချင်သူတိုင်း ဗိုက် အဆီလျှော့ဖို့ စဉ်းစား သင့်တယ် ဆိုပါတော့။

ဒီနေရာမှာ အိပ်ထမတင် လုပ်ရုံ နဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဗိုက် အဆီက ဘယ်လို စုလာတယ် ဆိုတာကို သဘောပေါက် သွားရင်တော့ ချက်ကောင်းကို မိသွားမှာပါ။ တကိုယ်လုံးက အဲလောက် မဝတာတောင် ဗိုက်က ပုံ့ပုံ့ကလေး ပူနေရတဲ့ အကြောင်းကို အကျဉ်းလေး ရှင်းပြ ပါ့မယ်။

ဆေးပညာ ပညာရပ် ဆိုင်ရာ စကားနည်းနည်း ပါပေမယ့်။ ဒီနှစ်ကြောင်းလောက် ကိုတော့ အနည်းငယ် သီးခံ ဖတ်ပေးပါ။ (လုံလောက်တဲ့ ဗဟုသုတ မပါဘဲ အဆီကျဖို့ နည်းလမ်း မသိနိုင် လို့ပါ။)

အကြောင်းရင်း -


ကျွန်ုပ်တို့ ကိုယ်ထဲမှာ ရှိတဲ့ cortisol level (ကော့တစ်ဆို ပမာဏ) မြင့်လာတာနဲ့ ဗိုက်အဆီတွေ စုပုံလာတော့ တာပါပဲ။ အဲဒိ cortisol က ဘာလို့ မြင့်လာ တာလဲ၊?

အဓိက တရားခံကို ပြခိုင်း ရင်တော့ စိတ်ဖိစီးမှုလို့ ပြောရမှာပါ။

လူတယောက် အလုပ်ကြောင့်၊ ပတ်ဝန်းကျင် ဆက်ဆံရေး..တစ်ခု ခုကြောင့် စိတ်ဖိစီး နေပြီဆိုရင် cortisol က ထကြွ ပွားများ လာပြီး ကယ်လိုရီတွေ လောင်ကျွမ်းပေးတဲ့ ကြွက်သား တွေကို ဖျက်ဆီး လိုက်ပါတယ်၊ ပြီးရင် ဝမ်းဗိုက် တစ်ဝိုက်မှာ အဆီတွေ သိုလောင်အောင် ဖန်တီး လိုက်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုက အဓိက ရှင်းလင်းရမယ့် ဆရာကြီး ဆိုပါတော့။

စိတ်ဖိစီးမှု ဆိုတာကလဲ နေရထိုင်ရ အဆင် မပြေမှု ကြီးမား လာတာနဲ့ ရောက်ရောက် လာတတ် တာပါ။

အကြောင်းရင်း ဗဟုသုတကို အရင် မရှာဘဲနဲ့  ဒီအတိုင်း ပိန်အောင် စားနေ ကျထက် အစား လျှော့စားတာ။ ညစာ လုံးလုံး မစား တာမျိုး တွေက စိတ်ဖိစီးမှုကို အဆိုးဆုံး အဆင့်ထိ ဖြစ်စေ ပါလိမ့်မယ်။

ဗိုက်ဆာလေ..စားဖို့ သီးခံနေ ရလေလေ..စိတ်ဖိစီးလေ။ စိတ်ဖိစီးလေ cortisol မြင့်ပြီး ဗိုက်အဆီ စုလေ ဖြစ်မှာပါ။

အဲဒီတော့ ကိုယ့်မှာတော့ သီးခံပြီး အစာ မစားဘဲ နေလိုက်ရ ပေမယ့် ဗိုက်ပူပူလေးက မပြောင်းမလဲ ကျန်နေတာ မျိုးတွေ ကြုံပါလိမ့်မယ်။

အဲတော့ အခုဖော်ပြမယ့် ၆ချက်(လုံး)ကို လိုက်နာပါ။

အသိဥာဏ်ကြီးကြီးနဲ့ ဗိုက်အဆီကိုအောင်မြင်စွာ ချနိုင်သူ အဖြစ်ခံယူပါ။

အချက်၆ချက်က ဘာတွေလဲ မှတ်သားကြရအောင်-

၁။ ။ အိပ်စက်ပါ။
ညဉ့်နက်တဲ့ အထိကို မအိပ်ဘဲ နေဦးမယ် ဆိုရင် သင်သေချာ ပြန်စဉ်းစားပါ။ အိပ်ရေး မဝဘူးဆိုရင် ပင်ပန်းနေပြီး. အချိုနဲ့ အခြား အဆီ တက်စေမယ့် အစာတွေကို
ခန္ဓာကိုယ်က တောင့်တ စေပါမယ်။ ပြီးတော့ အိပ်ရေး မဝတာဟာ ခုနကပြောခဲ့တဲ့ cortisolတွေကို မြင့်စေ ပါသေးတယ်။

ဒါကြောင့် အိပ်စက်ဖို့ ကို နံပါတ် ၁ ပြောရ တာပါ။ တညကို ၇နာရီအိပ် တာ အကောင်း ဆုံးပါပဲ။

၂။ ။ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
တညကို အိပ်ထ မတင် လေ့ကျင့်ခန်း အခါ ၁၀၀၀ လောက်လုပ်တယ် ဆိုရင် ဗိုက်ကြွက်သားတွေ တက်လာ စေမှာမှာပါ။ ဒါပေမယ့် အဲဒီပေါ် မှာတော့ အဆီ တလွှာက အရင်အတိုင်းကျန်နေ ပါဦးမယ်။ အဲဒီ အိပ်ထမတင် နည်းလမ်းတွေထက် စာရင် နေရာအနှံ့က ကြွက်သားတွေ လုပ်ရှားတဲ့ လေ့ကျင့်ခန်း ကိုသာ လုပ်ဖို့ တိုက်တွန်း ချင်ပါတယ်။

လမ်းလျှောက်တာ ပြေးတာမျိုး ဆိုရင် ကောင်းပါတယ်။ အပြင်မထွက်နိုင်လို့ အခန်းထဲမှာပဲ လေ့ကျင့်ခန်း လုပ်ချင်တယ် ဆိုရင် Planking ဆိုတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပါ။ Planking ဆိုတာ ခန္ဓာကိုယ်ကို မှောက်ရက် နေပြီး တံတောင်ဆစ်၊ ခြေဖျားထိပ်နဲ့ ထောက်ထားပြီး လုပ်တာမျိုးပါ။ သိချင်သူများ အတွက် ကိုယ်တိုင် အင်တာနက်မှာ ရှာကြည့်နိုင် သလို အခွင့်သင့် ရင် ဗီဒီယို တင်ပေး ပါ့မယ်။

၃။ ။သကြားကို ရန်သူလို့မှတ်ပါ။
ဗိုက်အဆီကို တိုက်ဖျက်ရာမှာ အစား ဆင်ခြင်တာက ၈၀ ရာခိုင်နှုန်း၊ လေ့ကျင့် ခန်းက ၂၀ ရာခိုင်နှုန်းနဲ့ တိုက်ခိုက် ရတယ်ဆိုတာ သဘောပေါက် နေဖို့ လိုပါတယ်။
လေ့ကျင့်ခန်းပဲ လုပ်ပြီး အစားအသောက် ဂရုမစိုက်ရင် အလကားပါပဲ။ ကျန်းမာရေး မညီညွတ်တဲ့ သရေစာထက် စာရင် အသားဓာတ်၊ ဟင်းသီး ဟင်းရွက်၊ အစေ့အစံ တွေကို အစားထိုးပါ။

ဥပမာ..အချိုတစ်ခုခုတောင့်တနေရင် ချိုတဲ့ သဘာဝ အသီးကို စားပါ။ ကော်ဖီသောက်ရင် သကြား မပါသလောက်ကို သုံး ပါ။ ဒါမှမဟုတ် ကယ်လိုရီလျှော့ ထားတဲ့ သကြားရှိရင် အဲဒါကို သုံးပါ။

၎။ ။ဗီတာမင် C လိုအပ် ပါတယ်။
သင် စိတ်ဖိစီးမှု ကြီးစိုး လာရင် cortisol တွေ ထုတ်လွှတ်တော့ တာပါပဲ။ ဗီတာမင်C က cortisol တွေကို အလွန်အကျွံ မဖြစ်ရအောင် ထိန်းပါ လိမ့်မယ်။ ဗီတာမင် C ရဲ့ နောက်ထပ် ကောင်းတဲ့ အချက်က ဖျားနာခြင်း ကိုလဲ ကာကွယ် တတ်ပါသေးတယ်။ ဒါကြောင့် စိတ်ဖိစီး လွန်းလာရင် ဗီတာမင် C စားသုံးမှုကို မြှင့်ထားပါ။ ဗီတာမင်စီ မှာနာမည်ကြီး တာကတော့ လိမ္မော်သီးပါ။ ပန်းငရုတ်ပွ၊ ကိုက်လန် နဲ့ ကီဝီသီးကို လဲ စားကြည့်ပါ။ အဲဒီ့သုံးခုက နာမည်ကြီး လိမ္မော်သီး ထက်တောင် ဗီတာမင် C တွေပါနေ ပါတယ်။

၅။ ။အဆီစားပါ။
ဟုတ်ပါတယ်။ မှားဖတ်မိတာမဟုတ်ပါဘူး အဆီစားပါလို့ ပြောတာပါ။ အဆီပိုတွေ လောင်ကျွမ်းဖို့ အဆီဓာတ်လိုပါတယ်။ အထက်မှာပြောခဲ့သလို သကြားက အဆီပိုတွေဖြစ်စေပါတယ်။ အဆီဓာတ်ကို မရစေပါဘူး။ အဆီဓာတ် (ကောင်းတဲ့ အဆီဓာတ် Omega 3) က ဘယ်က ရသလဲဆိုရင် ဆော်လမွန်ငါး၊
ထောပတ်သီး နဲ့ သစ်ကြား သီးတွေက ရနိုင် ပါတယ်။ ဒါကြောင့် အဆီဓာတ်(Omega 3)လဲ စားသုံးဖို့လိုက်နာပါ။

၆။ ။အသက်ရှုနှုန်း ကိုမမြန်အောင်နေပါ။
ဝင်သက် ထွက်သက်ကို ခပ်ရှည်ရှည် ထားတာဟာ အလွန် လွယ်ကူ လှပါတယ်။ အလုပ်လဲ မပျက် ပါဘူး။ စိတ်တွေ တင်းကြပ် လာတယ်။ စိတ်ဖိစီးလွန်း လာတယ် ဆိုရင် ဝင်သက် ထွက်သက် တွေ အလွန်တိုလွန်း မြန်လွန်းနေ တတ်ပါတယ်။

ဝင်သက် ထွက်သက်မှာ သတိလေးနဲ့ ထားနိုင်မယ် ဆိုရင် ဝမ်းဗိုက်ရော ကိုယ့်ကိုယ် ကိုရောကို အလွန် တရာ သက်တောင့် သက်သာ အခြေအနေမှာ ထားနိုင် ပါလိမ့်မယ်။ ဝင်သက် (ရှုသွင်းခြင်း) ထက် ထွက်သက် (ရှုထုတ်ခြင်း) ကို ခပ်ရှည်ရှည် ထားခြင်းဟာ အကောင်းဆုံး အခြေအနေပါပဲ။ ဒါဟာ ကိုယ့်ကိုယ်ကို တင်းကြပ်မှု ကနေ သက်သာစေပြီး..စိတ်ဝင်းစားဖွယ် အကျိုးကို ပေးပါလိမ့်မယ်။

ကဲ အခုပြော ခဲ့တဲ့ အချက်တွေ အကုန်လုံးကို ယနေ့က စပြီး အကုန် လိုက်နာ ကြည့်ပါ။ အောင်မြင် ပါလိမ့်မယ်။ ဖန်တရာထေအောင် ကြားဖူးနေကျ အချက်တွေနဲ့ ကွာခြားကောင်း ကွာခြားနိုင်ပေမယ့် ယခုအချက်တွေဟာ အလွန်ရိုးရှင်းပြီး..အံ့သြဖွယ်အကျိုးကိုပေးမှာပါ။ ဇွဲနဲ့ မဖောက် မပြား လိုက်နာ ဖို့တော့လိုပါတယ်။ အားလုံး ဗိုက်အဆီပိုကို အောင်မြင်စွာ တိုက်ထုတ်နိုင်ပါစေ။

PS. အိပ်ထမတင် အခါ ၁၀၀၀ မလုပ်သင့်ပါ။ စကားအဖြစ်ပြောတာပါ။ အခါ ၁၀၀၀ လုပ်မယ့်အစား တကိုယ်လုံးလှုပ်ရှား တဲ့ လေ့ကျင့်ခန်း တစ်မျိုး ကိုလည်း လုပ်ပါလို့ ပြောခြင်းပါ။

Credit : ကျန်းမာရေးဗဟုသုတ

From : Lwin Pyin

Originally published at - http://www.lwinpyin.com/2016/12/healthy.html

Read More »

Tuesday, November 08, 2016

သမိုင်းတခုရဲ့ လူသတ်ကောင်နှင့် တရားခံများ




ကျွန်တော် ဒီအကြောင်းကို ရေးခြင်းမှာ အထူး သဖြင့် စိုက်ပျိုးရေး ကုမ္ပဏီတွေနဲ့ ဌာန ဆိုင်ရာ အဖွဲ့ကို ပြောချင်တာပါ။ မိမိကြောင့် လူတိုင်း ကို အဆိပ်ခပ် သတ်သလို မဖြစ်စေချင်ဘူး။

ဘာတွေရေးတာလဲ ဆက်ကြည့် ရအောင်ဗျာ။

နာမည်တွေတပ် မရေးလို တာကိုတော့ နားလည် ပေးစေ့ချင်တယ်။ ပေါင်းသတ်ဆေး မြေသြဇာ အကြောင်းက စရအောင်ဗျာ။ တရုတ်ပိုင် ကုမ္ပဏီ တခုက ပေါင်းသတ်ဆေး မြေသြဇာကို လွန်ခဲ့တဲ့ ၃-၄နှစ်က စထုတ် လုပ်တယ်။

အဲဒီကနေ တောင်သူတွေ ကျယ်ပြန့်စွာ အသုံးပြုကြ ပြန်တယ်။ တရားဝင် မှတ်ပုံတင် အတွက် သက်ဆိုင်ရာကို တင်ခဲ့ ကြတယ်။ စိုက် ပညာရှင် အချို့ ကန့်ကွက်နေတဲ့ ကြားက register ရတယ်ပေါ့ဗျာ။

ပေါင်းသတ်ဆေး မြေသြဇာ ဆိုတာ ကမ္ဘာမှာ မတွင်ကျယ် ပေမယ့် မြန်မာမှ တွင်ကျယ် ခဲ့တာဆို မမှားဘူးဗျ။ ဥရောပနိုင်ငံ အချို့မှာ အလှစိုက် မြက်ခင်း
တွေမှာ weed and feed ဆိုပြီး အနည်းအပါး အသုံးပြုပေမယ့် အများစုက လက်ခံတာ မရှိခဲ့ပါဘူး။

မြေတွင်း ဇီဝကမ္မ ဖြစ်စဉ် ခေါ်ရမယ့် Soil structure ဖြစ်စဉ်တွေ ပျက်စီး ပေါင်းသတ် ဆေးဒဏ် ခံနိုင်တဲ့ မျိုးစိတ်တွေ အသစ် ထွက်တာ အပြင် လက်နဲ့ ကိုင်တွယ် အသုံးပြုရတဲ့ လူတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် အားပေးတာ နည်းပါး တာကို သိလိုက်ရတော့ ကျွန်တော်တို့ စိုက်ပျိုးရေးကို ဦးဆောင်
နေတဲ့ ဌာနက ပုဂ္ဂိုလ်ကြီးများ ဘယ်လို အသိဉာဏ် အတွေးမျိုးနဲ့ ခွင့်ပြုသလဲ တွေးမိ လာတယ်ဗျ။

လောလောဆယ် ပေါင်းသေတာ မှန်တယ်။ အပင်အတွက် ကောင်းတာ မှန်တယ်။ နောက်ပိုင်း တက်လာမယ့် ပြသနာကို ဘယ်လိုလေးများ တွေးမိသလဲလို့။

မိတ်ဆွေ တယောက် ပြောတဲ့ စကား ကို ကျွန်တော် ထပ်မံ ချဲ့ကားပြီး ပြောချင် တယ်ဗျ။ ခွင့်ပြုမိန့် ချပေးတဲ့ လူတွေကော တိုက်တွန်းပေးတဲ့ လူတွေ အပါ အဝင် ထုတ်လုပ်တဲ့လူ ဖြန့်ချီတဲ့ ကုမ္ပဏီက လူကြီး လူကောင်းများကို ပေါင်းသတ်ဆေး မြေသြဇာကို ဘာအကာကွယ်မှ မပါပဲ တနေ့ တနာရီ တပတ်လောက် ကိုင်ပြီး လက်မဆေးပဲ အစား အစာစားရဲလား။

ကိုယ့်မိသားစု ဝင်တွေကို ကော အဲဒီလက်နဲ့ စီမံတဲ့ အစားအသောက် ကျွေးရဲလားလို့ မေးချင်တယ်ဗျ။

ပေါင်းသတ်ဆေးကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြသနာတွေကို နောက်မှ တွေးဗျာ။ လက်နဲ့ကိုင်ပြီး ကြဲပတ်မယ့် လူတွေ ဒီအဆိပ်တွေ ပါးစပ်ထဲ
ရောက်ပြီး အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရင် … ပေါင်းသတ် ဆေးဗူးတွေ ပိုးသတ်ဆေးဗူး တွေမှာ ဆေးဖျန်းစဉ် ဘယ်လို ဝတ်စား ဆင်ယင်ရမယ်။ ပါးစပ်တွေ ဖုံးအုပ် လေတင် လေအောက် ဖျန်းရမယ် သဖြင့် စည်းကမ်းချက် တွေနဲ့ ဆေးဖျန်းမယ့် သူတွေကို နားလည်အောင် စည်းရုံးပေမယ့် ယနေ့ အခုချိန် အထိ တိတိကျကျ လိုက်ပါ ဆောင်ရွက်သူ10% တောင် ရှိရဲ့လား။

အခုလိုတောင်သူတွေကို နားလည်မှုရှိအောင်မလုပ်နိုင်သေးဘဲ ပေါင်းသတ်ဆေးမြေသြဇာကို ကိုင်တွယ်နေတဲ့သူတွေ ဘယ်လောက်အန္တရယ်များမလဲ ကိုယ်ချင်းစာစေ့ ချင်တယ်ဗျာ။

တခါတရံမှာ မိမိထုတ်ကုန် နည်းပညာ ဘယ်လောက်ကောင်းကောင်း အများစုအတွက် အန္တရယ်ရှိမယ် ဆိုးကျိုးတွေရှိမယ်ဆိုရင် မထုတ်လုပ်သင့်ဘူး။

မဖြန့်ချီသင့်ဘူး။သက်ဆိုင်ရာကလည်း ခွင့်ပြုမိန့်မပေးသင့်ဘူး။အခုလို လုပ်နေတာ တနည်းအားဖြင့် ဟစ်တလာ ဂျူးတွေသတ်သလို သိသာထင်ရှားမှု မရှိပေမယ့် ခင်ဗျား တို့လည်း တချိန်မှာ သမိုင်းထဲက လူသတ် သမားတွေနဲ့ လူသတ်သမား လူသတ်တာကို အားပေးနေတဲ့ ကြံရာပါတွေ ဖြစ်လာ မယ်နော်။

စိုက်ပျိုးရေးကို စီးပွား လုပ်နေတဲ့ သူတွေနဲ့ ခွင့်ပြုချက် ချပေးနေတဲ့ ဆရာများ သိစေ့ ချင်ပါတယ်။

အခုမှ ကျွန်တော် ပြောချင်တာ စရမှာပါ။ အကျယ် မချဲ့ချင်တော့ဘူး။ ပေါင်းသတ်ဆေး မြေသြဇာလို နောက်ထပ် ဆေးတခု ရောပြီး မြေသြဇာ ထုတ်ပြီး ကုမ္ပဏီ တခုက တရားဝင် ဖြန့်ချီခွင့် ရအောင်ကြိုးစားနေတဲ့ သတင်းတခုကို ခရီးသွားရင်း အဖွဲ့ တခု ကနေ ကြားခဲ့ ပါတယ်။

ခိုင်မာမှုတော့ မရှိသေး ပါဘူး။ လုပ်မယ့် သူတွေနဲ့ ဒီမြေသြဇာ လုပ်ဖို့ အစီစဉ် ရှိသူတွေ သတိထားနိုင် အောင်ပေါ့ဗျာ။ ဒီမြေသြဇာဟာ ကမ္ဘာမှာ မကြား ဘူးသေးတဲ့ ပေါင်းသတ်ဆေး မြေသြဇာထက် အန္တရယ်တွေ ပေးမယ့် မြေသြဇာလို ဖြစ်နေတယ်လို့ ယေဘူယျ အမြင်ရှိ ပါတယ်။

ဒါကို ပုဂ္ဂိုလ် တယောက် ဦးဆောင်ပြီး လုပ်နေတယ်လို့ သိရ ပါတယ်။ ဒီတော့ အဲဒီ ပုဂ္ဂိုလ်ကို သူဖော်တဲ့ မြေသြဇာ လက်တဆုပ်လောက်ကို နေ့တိုင်း တရက် တနာရီလောက် ကိုင်ထား ခိုင်းချင်တယ်။ တပတ်လောက်ပေါ့။ ကိုင်ရဲလား မေးချင်တယ်ဗျာ။

တောင်သူတွေ ဉာဏ်ပညာ အဲ့လောက် မနိမ့်ဘူး မပြောပါနဲ့။ အခုချိန်ထိ မြေသြဇာ အနံရှုပြီး အချဉ်အငံလျာနဲ့ အရသာခံ အကဲဖြတ်သူတွေ ပိုးသတ်ဆေးကို အနံ့ရှုပြီး ဆေးပြင်း မပြင်း စမ်းနေတဲ့ လူတွေ နေရာတိုင်းမှာ ရှိနေတုန်းဗျ။

ဒီလိုအန္တရယ်ပေးနိုင်တဲ့ အရာကိုတော့ မဆန်းသစ် ပါနဲ့ဗျာ။ ဒုက္ခပေးနိုင်တဲ့ အရာတွေ ကိုတော့ ဈေးကွက်ထဲ မဖြန့်ဖို့ ဘာမှ မသိ နားမလည်တဲ့ တောင်သူတွေ အကြားမှာ မဖြန့်စေ့ချင်လို့ ကြိုတင် ကာကွယ်တဲ့ သဘောနဲ့ ရေးတာပါခင်ဗျာ။

ကုမ္ပဏီ အကျိုးပျက်ဖို့ ဌာနနာမည် ပျက်ဖို့ မရည်ရွယ်ဘူး။ ဒီအချက်အလက် သိထားတဲ့ လူတယောက် အနေနဲ့ အများ သိသင့်တယ်။ ကာကွယ်သင့် တယ်လို့ ယူဆလို့ တင်ပြခြင်းပါ။

ဒီအကြောင်း အရာကို တင်ပြတဲ့ အတွက် ကျွန်တော့်မှာ အသက် အန္တရယ်တောင် ရှိချင် ရှိလာနိုင် ပါတယ်။ကျွန်တော် ကြောက်တတ် ပါတယ်။ ဒါပေမယ့် လူတွေ အများကြီး သေမှာ ဘေးအန္တရယ် ဖြစ်မှာ ပိုကြောက် ပါတယ်။

ကျွန်တော်တို့ စားနေတဲ့ ထမင်း အလုပ်တိုင်းမှာ ဓာတု ဓာတ်ကြွင်းတွေ ပါနေတာ အမှန်ဖြစ်ပေမယ့် အခုအချိန် မှာတော့ လူတိုင်း ဓာတု ဓာတ်ကြွင်း နည်းတဲ့ အစားအစာကို စိတ်ချလက်ချ စားချင်မှာပဲ။ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးကြည့်ပါ။

ဒါကို စိုက်ပျိုးရေး အကြောင်း နားလည် သူတိုင်း စိုက်ပျိုးရေး ကျောင်းဆင်း သူတိုင်း တားဆီးရမယ့် အရာဖြစ်ပါတဟ်။

သမိုင်းရဲ့ လူသတ်ကောင် တရားခံတွေ မဖြစ်စေနဲ့ ပေါ့ဗျာ။ တကယ်လို့ ဆိုးကျိုး မရှိခဲ့ဘူး ဆိုရင်လည်း သေချာ trial တွေ research တွေ စနစ်တကျ ကြိမ်ဖန် များစွာ ပြုလုပ်ခြင်း ဆိုးကျိုး မရှိဘူး ဆိုတာ အတိအကျ အများရှေ့မှာ ချပြပြီးမှသာ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေ လုပ်သင့် ပါတယ်။

ဘာမြေသြဇာ ဘာတွေရော ထားသလဲဆို တာကိုတော့ အချိန်တို အတွင်း ပေါ်လာမလား ပျောက်ကွယ်မလား စောင့်ကြည့် ရမှာပေါ့လေ။

ပေါ်မလာပါစေနဲ့ ဆုတောင်းပါတယ်။ တောင်သူတွေ အတွက် ကျန်းမာရေး ဘေးထွက် ဆိုးကျိုး ဖြစ်လာမှာကို ကြိုမြင်နေလို့ လူကြီးမင်း များကို တောင်းပန် ပါကြောင်း …

Khant Zaw Htet

From : ကနောင်သတင်း

Originally published at - http://kanaung.net/post-no-265

Read More »

Saturday, September 10, 2016

ဇီကာထက် ပိုကြောက်ဖို့ကောင်းသည် မြန်မာတို့ သေတတ်သော ရောဂါများ




လတ်တလော ရေပန်း စားနေသော ဇီကာထက် ပိုကြောက်ဖို့ ကောင်းသည်။

ဇီကာထက် ပို၍စိုးရိမ်ရသည့် ရောဂါ များက မြန်မာနိုင်ငံတွင် ရှိနေ ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုစာ မက ကြာခဲ့ပြီ ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဇီကာကြောင့် သေဆုံးသူ မရှိသေး သော်လည်း အဆိုပါ ရောဂါ များကြောင့် နှစ်စဉ် သေဆုံး နေမှုများကို အမှတ်မဲ့ နေကြခြင်း ဖြစ်သည်။

ဇီကာသည် ကူးစက်ရောဂါဖြစ်သည်။ မြန်မာနိုင်ငံတွင် သေဆုံးသူ စုစုပေါင်း၏ ထက်ဝက်ကျော်မှာ တစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်း မရှိသည့်ရောဂါ တို့ကြောင့်
ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စစ်တမ်းက ဖော်ပြသည်။ နေ့စဉ် စားသောက်မှု၊ နေထိုင်မှုက ယင်းရောဂါများကို ဖိတ်ခေါ်နေသည်။

"ဇီကာထက် ပိုကြောက်ဖို့ ကောင်းတာတွေက အများကြီး ရှိပြီးသားပါ"ဟု နှစ်ပေါင်းငါးဆယ်နီးပါး ဆေးကုသမှု အတွေ့အကြုံ ရှိပြီဖြစ်သည့် ဝါရင့်ဆရာဝန်ကြီး တစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံကို အမှန်တကယ် ခြောက်လှန့်နေသော ထိပ်တန်းရောဂါများမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဆီးချိုနှင့် ကူးစက်ရောဂါ မဟုတ်သည့် အခြားရောဂါများ ဖြစ်သည်။

WHO ၏ မြန်မာ့သေဆုံးမှု အချက်အလက်ပြ စစ်တမ်းအရ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအာဟာရ ချို့တဲ့မှု၊ လမစေ့ဘဲ ကလေးမွေးဖွားမှုနှင့် အခြားကူးစက်
ရောဂါတို့ကြောင့် သေဆုံးသူက အများဆုံး ဖြစ်ပြီး ၃၀ ရာခိုင်နှုန်း ဖြစ်သည်။ ယင်းနောက်တွင် အထက်ပါ ထိပ်တန်းရောဂါများ အစဉ်လိုက် ရှိနေသည်။

WHO ၏ ၂၀၁၄ ခုနှစ် စစ်တမ်းအရ ယင်းနှစ်အတွင်း မြန်မာနိုင်ငံတွင် လူပေါင်း လေးသိန်းလေးသောင်းကျော် သေဆုံးခဲ့သည့်အနက် ၅၉ ရာခိုင်နှုန်းကျော် ဖြစ်သည့်
နှစ်သိန်းခြောက်သောင်း ကျော်မှာ အဆိုပါ ရောဂါများကြောင့်ဖြစ်သည်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြင့် သေဆုံးသူက ၂၅ ရာခိုင်နှုန်း၊ ကင်ဆာက ၁၁ ရာခိုင်နှုန်း၊ ထိခိုက်ဒဏ်ရာဖြင့် ၁၁ ရာခိုင်နှုန်း၊ မကူးစက်နိုင်သည့် အခြားရောဂါများဖြင့် ၁၁ ရာခိုင်နှုန်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါက ၉ ရာခိုင်နှုန်းနှင့် ဆီးချိုက ၃ ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာ့လက်ရှိ လူနေမှုစနစ်သည် အဆိုပါ ရောဂါများကို ဖိတ်ခေါ်နေသကဲ့သို့ ရှိခြင်းကလည်း အစိုးရ အပါအဝင် ပြည်သူများ၏ ဦးခေါင်းတို့ကို နောက်ကျိ ကိုက်ခဲစေ မည်ဖြစ်သည်။

တစ်နည်းအားဖြင့် မိမိတို့ကိုယ်တိုင် မည်သည့်ရောဂါဖြင့် သေဆုံးရမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။

ရောဂါများ၏ အခြေခံသည် နေ့စဉ်စားသောက်မှု၊ နေထိုင်မှုများမှတစ်ဆင့် ဖြစ်ပွားရခြင်းသည် လူတစ်ဦးအနေနှင့် အသက်ရှင်ရန် နေ့စဉ် အစားအစာကို မှီဝဲရသည်။ သို့သော် ယင်းကပင် မကြာခဏဆိုသလို အသက်ရှင်သန်မှုကို ဖျက်ဆီးနေကြောင်း မေ့လျော့နေတတ်ကြသည်။

ရေစကြိုမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဆရာဝန်တစ်ဦးလည်းဖြစ်သူ ဒေါက်တာတင်ဌေးအောင်တွင် မေးခွန်းများ ရှိနေသည်။ အလွယ်တကူဖြင့်ပင် ရောဂါအမျိုးမျိုး ရရှိနိုင်တတ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဖြစ်သည်။

"ကျွန်တော်တို့ ဒီနေ့စားနေတဲ့အထဲက ပြည်သူလူထု အန္တရာယ်ကင်းတဲ့ အစားအသောက်ပါလို့ ရာခိုင်နှုန်း ဘယ်လောက်များများ ဘယ်ဌာနက အာမခံပြီးတော့ စားနေရတာတုန်းဗျာ"ဟု ၎င်းက ဆိုသည်။

စားသုံးဆီ မသန့်မှု၊ အချိုမှုန့် မရှောင်နိုင်မှု၊ အစပ်ကြိုက်ခြင်း၊ အငန် မက်မောခြင်းများအပြင် ဓလေ့ရိုးရာ အကျင့်များက မြန်မာ့ လူမှု ပတ်ဝန်းကျင်တွင် ယဉ်ပါးနေ စွဲမြဲနေသည့် အရာများဖြစ်သည်။

ဈေးကွက်အတွင်း ရောင်းချနေသည့် အခြေခံ စားသောက်ကုန် အများစုတွင် ဒေါက်တာတင်ဌေးအောင်၏ မေးခွန်းကို တုံ့ပြန်သည့် ယုံကြည်စိတ်ချဖွယ် အာမခံမှုမျိုး မရှိပေ။

မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ဟူ၍ ထားရှိသည်။

ပြည်တွင်းတွင် ရောင်းချနေသည့် စားသောက်ကုန်နှင့် ဆေးဝါးများကို အန္တရာယ်ကင်း။မကင်း၊ သတ်မှတ်စံနှုန်းမီ၊မမီကို စောင့်ကြပ် စစ်ဆေးရသည့် ဌာန တစ်ခုဖြစ်သည်။

သို့သော် အစိုးရ အုပ်ချုပ်ရေး ညံ့ဖျင်းခဲ့သည့် ခေတ်ကာလ၏ အကျိုးဆက်အဖြစ် ယင်းဌာနသည်လည်း ထိရောက်စွာ အလုပ် မလုပ်နိုင်ခဲ့ကြောင်း ပြည်သူများစွာက သိကြပါသည်။

"ဥပမာဆိုပါစို့ဗျာ။ ပြည်သူတစ်ယောက်က သူ့အိမ်ရှေ့က မန်းကျည်းရွက်လေးကို ခူးပြီးတော့ ချက်ရင်တောင်မှ၊ ဘာဆေးမှ မဖျန်းတဲ့ မန်းကျည်းရွက်ကို ခူးပြီး ချက်ရင်တောင်မှ ငါးပိ၊ ဆီ၊ ဆား ထည့်ပြီး သုံးမယ်ဆိုလို့ရှိရင် အဲဒါတွေကကော သြဂဲနစ် ဘယ်လောက်ဖြစ်သလဲ၊ ဘယ်လောက် သန့်ရှင်းသလဲ၊ ဘယ်လောက် အန္တရာယ်ကင်းသလဲ ဘယ်သူ အာမခံလဲဗျာ"ဟု ဒေါက်တာ တင်ဌေးအောင်က ဆိုသည်။
"အဲဒါ အန္တရာယ်တွေပဲဗျ"

စားသောက်ကုန်များကို အတုအပ ပြုလုပ်မှု၊ ပြည်ပမှ တရားမဝင် တင်သွင်းမှုတို့သည် စီးပွားရေး ပညာရပ်တစ်ခုအသွင် ဖြစ်နေခြင်းကလည်း အကြောင်းရင်း တစ်ခုဖြစ်သည်။

ကြက်ဥအတု၊ ဆန်အတု၊ အသားခြောက် အတု၊ ဂေါ်ဖီထုပ်အတု စသည်တို့သည် ကောလာဟလဟု ဆိုသော်လည်း ဆီ၊ ငါးပိ၊ ငါးခြောက်၊ အသား၊ မျှစ်၊ ငရုတ်သီးမှုန့် စသည် တို့တွင် ဓာတုဆိုးဆေးများ၊ တာရှည်ခံဆေးဝါးများ ရောနှောခြင်းများသည် မြင်လွယ်၊ တွေ့လွယ်ပါသည်။

ယင်းတို့အပြင် ကော်ဖီ၊ ခေါက်ဆွဲ ကဲ့သို့သော အသင့်စား အစားအစာများလည်း ပါဝင်သည်။ ကလေးသူငယ်များ၏ မုန့်ပဲသရေစာ များလည်း ပါဝင်သည်။

ဆီလုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ မြန်မာနိုင်ငံအတွင်းရှိ စားသုံးဆီများ၏ ၈၅ ရာခိုင်နှုန်းမှာ ရောနှောဆီများ ဖြစ်သည်။ ဆီမသန့်ခြင်းသည် အသည်း၊ အူမကြီးနှင့် အစာအိမ် စသည့်တို့တွင် ရောဂါရမည်ဖြစ်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ အခါအားလျှော်စွာ ထုတ်ပြန်ကြေညာသည့် စာသုံးရန် မသင့်သည့် အစားအသောက်များ စာရင်းကိုကြည့်ပါကလည်း ဈေးကွက်အတွင်းရှိ အခြေခံ အစားအသောက်များအပေါ် စိုးရွံ့ရသည့် အခြေအနေပင်။

ယင်းအပြင် စိုက်ပျိုးရေး လုပ်ငန်းများတွင် သမားရိုးကျ မဟုတ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သုံးစွဲခြင်း၏ နောက်ဆက်တွဲသည်လည်း အထက်ပါ ရောဂါများကို အထောက်အပံ့ ဖြစ်စေကြောင်း ပညာရှင်များက မကြာခဏ ဆိုလေ့ရှိသည်။

"ကျွန်တော်တို့ ဖြစ်နေတဲ့ လူမှုဘဝ ပုံစံတွေက အရမ်းဆိုးတာ"ဟု အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစားရေးရာ ကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာ ဇော်လင်းထွဋ်က ဆိုသည်။

ကမ္ဘာ့ လူသေဆုံးမှုများတွင် နှလုံးရောဂါ၊ လေဖြတ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊HIV/AIDSနှင့် အဆုတ်ကင်ဆာ၊ ဆီးချို စသည်တို့ကြောင့် အများဆုံး ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့်မူ အနည်းငယ် ကွဲပြားပါသည်။

ကူးစက်ခြင်း မဟုတ်ဘဲ လူနေမှု ဟန်ပန်ကြောင့် ရောဂါဖြစ်သူများတွင် မကြာသေးခင်ကမှ သေဆုံးခဲ့သည့် အသက် ၅၂ နှစ်အရွယ် ဦးဇော်ကြီးလည်း အပါအဝင်ဖြစ်သည်။

ငယ်စဉ်ကတကည်းက လက်ဖက်ရည်ကို စွဲစွဲမြဲမြဲသောက်သူ၊ တစ်နေ့လျှင် စီးကရက်ကို နှစ်ဘူးခန့် ကုန်အောင်သောက်သူ ဦးဇော်ကြီးအနေနှင့် သေဆုံးချိန်တွင် နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ လေဖြတ် စသည့် ရောဂါတို့ ပေါင်းစုံနေသည်။

သို့သော် လက်ဖက်ရည်နှင့် ဆေးလိပ်ကို အကြိုက် သောက်သော်လည်း ကျန်းမာရေးကိုမူ အလေးထားသူ ဂရုစိုက်သူ တစ်ဦးဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်မော်ကြီးက ဆိုသည်။

"ကျန်းမာရေးကတော့ ဂရုစိုက်သလားမမေးနဲ့ ဗမာဆေး၊ အင်္ဂလိပ်ဆေး၊ ဟင်းထဲ ထည့်စားတဲ့အရွက် အကုန်စားတယ်" ဟု ၎င်းက ဆိုသည်။

ယင်းအချက်ကို ကြည့်လျှင် အသီးအရွက်စား၊ ဆေးမှီဝဲရုံနှင့် ကျန်းမာရေးအတွက် မလုံလောက်ကြောင်း ပြနေသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ဆေးရုံတွင် တာဝန်ကျစဉ် ကင်ဆာရောဂါ ဝေဒနာသည်များကို ခွဲစိတ်ကုသခဲ့ရသော ဒေါက်တာ ခင်မောင်တင်၏ အတွေ့အကြုံကလည်း တစ်မျိုးတစ်ဘာသာဖြစ်သည်။

ကင်ဆာရောဂါသည်တို့၏ ရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးစဉ် ငါး၊ ပုဇွန် ပေါများစွာ ထွက်ရှိသည့် ယင်းဒေသတွင် ဖမ်းယူရရှိသည့် ငါး၊ ပုဇွန်များကို ဓလေ့ရိုးရာအတိုင်း မီးဖိုတွင် ကျပ်တင်ကာ အခြောက်ထားပြီးမှ စားသုံးလေ့ ရှိသူများ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း ဒေါက်တာ ခင်မောင်တင်က ဆိုသည်။

အဆိုပါ ကျပ်တင်ထားသည့် အစားအစာသည် ကင်ဆာကို ဖြစ်စေကြောင်း ၎င်းက ကောက်ချက်ချသည်။

၂၀၁၄ ခုနှစ်တွင် နောက်ဆုံး ကောက်ယူထားသည့် သန်းခေါင်စာရင်းအရ မြန်မာတို့၏ လူ့သက်တမ်းသည် ၆၆ ဒသမ ၈ နှစ် ဖြစ်ပါသည်။ အာဆီယံ နိုင်ငံများအတွင်း လာအိုနှင့် အရှေ့တီမောတို့ပြီးလျှင် အနိမ့်ဆုံးဖြစ်သည်။ စင်ကာပူသားတို့သည် ၈၃ နှစ်ဖြင့် အာဆီယံဒေသတွင်း အသက်ရှည်ဆုံး နိုင်ငံဖြစ်သည်။

ကျန်းမာရေးအတွက် အဓိကအရေးပါသည့် သောက်သုံးရေ သုံးစွဲမှုတွင် အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းက ရေကောင်းရေသန့် (ရေပိုက်လိုင်း၊ အဝီစီတွင်း၊ ရေတွင်း (အုတ်စီ)၊ ရေသန့်စက်။ရေဘူး) ရရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းက ရေကောင်းရေသန့်အတွက် ရုန်းကန်နေရဆဲ။ ယင်လုံအိမ်သာ သုံးစွဲနိုင်မှုကလည်း ၇၄ ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် အခြေခံအားဖြင့် ကောင်းမွန်ပြီး ပြည့်စုံသည့် ဖွဲ့စည်းပုံလည်း ရှိနေကြောင်း ဆေးကုသမှု သက်တမ်း
နှစ်ပေါင်း ငါးဆယ်ဝန်းကျင် ရှိပြီဖြစ်သည့် ရန်ကုန်အခြေစိုက် သီရိစန္ဒာ ပုဂ္ဂလိက ဆေးရုံ၏ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာ ခင်မောင်တင်က The Voice သို့ ပြောဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဆေးရုံများ၊ ခရိုင် မြို့နယ်အဆင့် တိုက်နယ် ဆေးရုံများမှသည် ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၊ သားဖွားနှင့် သူနာပြုများအထိ ရှိနေသည်။

သို့သော် ငွေကြေးနှင့် ဆေးပစ္စည်း ပံ့ပိုးနိုင်မှုက အားနည်းနေကြောင်း တိုင်းဒေသကြီးအဆင့် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၎င်းက ဆိုသည်။

"နောက်ကလိုက်မယ့် ဆေးတို့၊ ဘာတို့ အဲဒါလေး ငွေရေးကြေးရေး အခက်အခဲ ရှိတယ်"

သို့သော် သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းနှင့် ကင်ဆာကဲ့သို့သော ကူးစက်ရောဂါ မဟုတ်သည့် ရောဂါများ အတွက် ပြည်သူ လူထုက ကျန်းမာရေး အသိပညာ နည်းပါးခြင်းက မြန်မာလူ့အဖွဲ့အစည်း၏ ပြဿနာဟု ဒေါက်တာ ခင်မောင်တင်က The Voice သို့ ပြောဆိုသည်။

"စားတာက လက်ဖက်စားတယ်၊ လက်ဖက်က မှိုတက်တယ်၊ မှိုတက်တာလေးကို ဒီလိုလေး ပွတ်ပြီးတော့ (လက်ဟန်ပြ) မြင်နေရဲ့သားနဲ့ ဒီလိုလေး ပွတ်ပြီးတော့ စားတာ"ဟု ၎င်းက ဆိုသည်။

"မှိုက တော်တော်ဆိုးတယ်၊ လက်ကျန်ပစ္စည်း မထားသင့်ဘူး"

မှိုစွဲနေသည့် အစားအစာများကို စားသုံး မိပါက အသည်းရောဂါများ ဖြစ်ပွားနိုင်သည်ဟု ဆိုသည်။ မှိုသည် စွတ်စိုသည့် အနေထားတွင် စွဲကပ်လေ့ရှိပြီး မိုးများဒေသ များတွင် ပို၍ သတိထား သင့်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့ အိမ်ရှင် မများ အသည်းစွဲ ငရုတ်သီး ခြောက် များတွင် မှိုနှင့် မကင်း တတ်ပါ။ ငရုတ်သီး ခြောက်၏ အစေ့တွင် မှိုများ ပါရှိ တတ်သည်။

"အူအတက် ယောင်တာတို့ ဘာတို့ ကတော့ အဓိ ကတော့ မသန့် ရှင်းတဲ့၊ မကြေ ညက်တဲ့ အစား အစာတွေ စားတာ၊ အသက်ရှူ လမ်းကြောင်း၊ အသက်ရှူ ကျပ်တာတို့ ဘာတို့ ကျတော့ ဖုန်တွေ ရှူ တာကြောင့်"ဟု ၎င်းက ဆိုသည်။

အစိုးရ အနေနှင့် ပြည်သူ့ ကျန်းမာရေး ကဏ္ဍ အတွက် သုံးစွဲနိုင် မှုသည်လည်း နိုင်ငံ တကာထက် နိမ့်ကျ နည်းပါး နေသေးသည်။

ပြည်သူများအနေနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက် ကိုယ့်အားကိုယ်ကိုး နေရပြီး ဆေးကုသမှု စရိတ်သည် ဆင်းရဲ လှသည့် မြန်မာပြည်သူတို့အတွက် ကြီးမားခက်ခဲစေသည်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက် ၂၀ ရာခိုင်နှုန်းကိုသာ အစိုးရက စိုက်ထုတ်နိုင်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို ပြည်သူက ကျခံရခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ၏ ၂၀၁၂ ခုနှစ်က လူတစ်ဦး၏ ကျန်းမာရေး အသုံးစရိတ်သည် အမေရိကန် ဒေါ်လာ ၄၁၀ (ကျပ် ငါးသိန်းနီးပါး) အသုံးပြုနေပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်သည် ၂၀၁၂ ခုနှစ်က ၂၀ ဒေါ်လာ (ကျပ် နှစ်သောင်းလေးထောင် ဝန်းကျင်) ဖြစ်သည်။

သို့သော် လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်သည် စုစုပေါင်း ကျပ် ၈၅၀ ဘီလီယံဖြစ်ရာ လူတစ်ဦးအတွက် ၁၄ ဒေါ်လာ (ကျပ် တစ်သောင်း ခြောက်ထောင်ကျော်) သာ အသုံးပြုတော့ကြောင်း သိရသည်။

ဖွံ့ဖြိုးပြီး ဥရောပ နိုင်ငံတစ်ခုဖြစ်သည့် နော်ဝေနိုင်ငံဆိုလျှင် လူတစ်ဦးအတွက် တစ်နှစ်လျှင် ကျပ်ဆယ်သန်းကျော် အသုံးပြုနေသည်။

မြန်မာနိုင်ငံအနေနှင့် တပ်မတော်အတွက် အသုံးစရိတ်က အခြားကဏ္ဍများထက် နှစ်ပေါင်းများစွာ အမြင့်ဆုံးတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကျန်းမာရေး ကဏ္ဍအတွက် သုံးစွဲနိုင်မှုသည် အနိမ့်ဆုံးတွင်သာ ရှိနေသည်။

"ပြည်သူတွေက အဓိက လိုအပ်ချက်က အမြင့်ဆုံးမှာ၊ နိုင်ငံရဲ့ဘဏ္ဍာက လိုက်လျောနိုင်တဲ့ အတိုင်းအတာက အနိမ့်ဆုံးမှာ ရှိနေတာဗျ"ဟု ဒေါက်တာ တင်ဌေးအောင်က ဆိုသည်။

"အဲဒါဟာ စိုးရိမ်စရာ ကောင်းတဲ့ အချက်လို့ ကျွန်တော်ထင်တယ်ဗျာ"

နှလုံး၊ ဆီးချို ကျောက်ကပ်၊ လေဖြတ် စသည့် ရောဂါတို့ဖြင့် သေဆုံးခဲ့သည့် ဦးဇော်ကြီးအတွက် မသေဆုံးမီစပ်ကြား ဆေးရုံတက်ခြင်း၊ အခန်းခ၊ စားသောက်စရိတ်၊ သန့်ရှင်းရေးအခ၊ သွေးစစ်ခြင်း၊ အသက်ရှူစက် စသည်တို့အတွက် စုစုပေါင်း ကျပ်သိန်း ၂၀ ကျော် ကုန်ကျခဲ့သေးသည်။

အဆိုပါ ပမာဏသည် သာမန် မြန်မာမိသားစုတစ်ခုအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်။

"ကလေးသုံးယောက် ထိုင်းမှာအလုပ် သွားလုပ်တာ ဆေးကုရင်း ကုန်တာပဲ။ အိမ်လည်း အခွံပဲရှိတော့တယ်"ဟု ဇနီး ဖြစ်သူ ဒေါ်မော်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ ကျန်းမာရေး အာမခံများ ထားရှိခွင့် ပြုခဲ့သည်။ အနည်းဆုံး ကျပ်ငါးသောင်းဖြင့် ယူနစ်တစ်ခုကို ၀ယ်ယူနိုင်ပြီး ဆေးရုံတက်
ဆေးကုသမှု ခံယူ ရပါက တစ်ရက်လျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ရက်ပေါင်း ၃၀ အထိ အာမခံအတွက် ရရှိမည်ဖြစ်သည်။

အကယ်၍ သေဆုံးခဲ့လျှင် ကျပ် ၁၀ သိန်း ရရှိမည်ဖြစ်သည်။

သို့သော် ပြည်သူအများ စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ တစ်နှစ်ကျော် ကာလအတွင်း ကျန်းမာရေး အာမခံ ယူနစ်ပေါင်း ငါးထောင်ဝန်းကျင်သာ ရောင်းချနိုင်သေးသည်။ အာမခံကြေးမှ ရရှိငွေသည် ဆေးရုံတက်၊ ဆေးကုသမှု ခံယူခြင်းအတွက် ကုန်ကျစရိတ်ကို မကာမိခြင်းက ယင်းလုပ်ငန်းအပေါ် စိတ်ဝင်စားမှု နည်းပါးစေခြင်း အကြောင်းရင်း ဖြစ်သည်။

ကျန်းမာရေးနှင့် လူမှုစီးပွားရေးသည် စပ်ဆက်နေခြင်းကို ပညာရှင်များ အပါအဝင် ပြည်သူများကလည်း နားလည်သဘောပေါက်သည်။

ဆင်းရဲချို့တဲ့မှုကြောင့် အဖိုးနှုန်း သက်သာမှုကို ရွေးချယ်ရ၊ လုံလောက်သည့် အာဟာရကိုမရ၊ ဤသို့ဖြင့် ကျန်းမာရေးချို့တဲ့၊ ကောင်းမွန်သည့် ဆေးဝါးကုသမှုကိုလည်း မခံစားရ၊ အလုပ်လည်း မလုပ်နိုင်၊ ယင်းကြောင့် ဆင်းရဲ။ ထိုသို့ဖြင့်ပင် အဆိုး သံသရာ လည်နေတော့သည်။

"အဲဒီသံသရာတော့ လိပ်ပတ်လည် နေဦးမှာပဲဗျ"ဟု ဒေါက်တာ တင်ဌေးအောင်က ဆိုသည်။

အဆိုပါ အခြေအနေအတွင်း ပြည်သူလူထုသို့ ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အထက်ပါ ပညာရှင်တို့က ထောက်ပြသည်။ ပြည်သူများထဲတွင် ကျောင်းသူ ကျောင်းသားများအထိ ပါဝင်သည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေနှင့် ပြည်သူလူထုကို အသိပညာပေးသည့် ဌာနတစ်ခုကို သီးခြားဖွဲ့စည်းကာ လုပ်ကိုင်သင့်ကြောင်း အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစားရေးရာ ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဇော်လင်းထွဋ်က ဆိုသည်။

သူ့အဆိုအရ လက်ရှိတွင် ကျောင်းကျန်းမာရေးအဖွဲ့ဟူ၍ ရှိသော်လည်း အလုပ်မဖြစ်လှ။

"ဘယ်လိုဖြစ်လဲဆိုတော့ ဆရာဝန်တွေအတွက် နားခိုတဲ့နေရာ ဖြစ်နေတယ်။ ဆရာဝန်တွေ အလုပ်သိပ်များလို့ ၊ အကြောင်း ကြောင်းကြောင့် ဖြစ်စေပေါ့နော် ဒါနားခိုတဲ့ နေရာကြီး ဖြစ်နေတယ်"

ပြည်သူများအနေနှင့် ကျန်းမာရေး အသိပညာ ရရှိရန်အတွက် စာဖတ်ရန် လိုအပ်မည်ဖြစ်ပြီး အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ သတင်းစာ၊ ဂျာနယ်များ ဖတ်ရှုရန် လိုအပ်သည်ဟု ဒေါက်တာ ခင်မောင်တင်က ဆိုသည်။ ယင်းအပြင် အစားအသောက်ကို စားသင့်သည်ထက် စားချင်သည်များကို စားသောက်နေကြသည် ကလည်း
ပြဿနာတစ်ခုဟု ဒေါက်တာခင်မောင်တင်က ဆိုသည်။

"အခု လူတွေစားနေတာ WANT (စားချင်တာ) ပဲ စားနေတာ၊ NEED (လိုအပ်တာ) ကို မစားဘူး" ဟု ၎င်းက ဆိုသည်။

နယ်ဒေသတစ်ခုတွင် တာဝန် ထမ်းဆောင်နေသည့် အလယ်တန်းပြ ဆရာမတစ်ဦးကို တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာ ဗဟုသုတနှင့် ပတ်သက်၍ The Voice က မေးမြန်းကြည့်ရာသူ့အနေနှင့် နေ့စဉ် ချက်ပြုတ် စားသောက်သည့် အစားအစာများတွင် တစ်ပတ်လျှင် လေးရက်ခန့်က ခန္ဓာကိုယ် အာဟာရထက် အရသာရှိစေမည့် အစားသောက်ကို ရွေးချယ်လေ့ရှိသည်ဟု ဆိုသည်။

အရှိန်အဟုန်နှင့် ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ လူမှုဘဝ စားသောက်၊နေထိုင်မှု ပုံစံတို့လည်း လိုက်ပါ ပြောင်းလဲလာနေသည်။

အချိန်ကုန် သက်သာစေသည့် အသင့်စား အစားများအပေါ် မှီခိုအားထားလာခြင်းသည်လည်း အထက်ပါ ရောဂါများ ဆီ တွန်းပို့နေခြင်းဖြစ်သည်။

"ဗဟုသုတ ရှိရုံနဲ့ မရဘူး။ လိုက်နာရမယ်။ လေ့ကျင့်ရမယ်။ အပြုအမူတွေ ပြောင်းရမယ်"ဟု ရန်ကုန်မြို့ အခြေစိုက် ရောင်ခြည်သစ် ကုသိုလ်ဖြစ် ဆေးခန်းမှ တာဝန်ခံ ဆရာဝန် ဒေါက်တာ ကျော်စွာဦးက ဆိုသည်။

အချို့ရောဂါများသည် စားသောက်မှု အလွဲကြောင့် ချက်ချင်းလက်ငင်း ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ ကာလရှည်ကြာလာသည့် အခါမှ ရောဂါ ဖြစ်ပေါ်လာတတ်ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် အလယ်တန်းပြ ဆရာမတစ်ဦးဖြစ်သူ ဒေါ်လွင်လွင်မင်း အနေနှင့် သူနေထိုင်ရာ ပြွန်တန်ဆာမြို့မှ ခရီးစရိတ်၊ ဆေးကုသမှု စရိတ်ကြီးလှသည့် ရန်ကုန်မြို့သို့ လာရောက် ဆေးကုသမှုခံရခြင်းသည် မလွယ်ကူလှပါ။

သို့သော် သည်းခြေအိတ် ကျောက်တည်ကာ အစာအိမ် မကောင်းသည့် ရောဂါအတွက် မလာလျှင်လည်း မဖြစ်ပေ။

ကျောင်းဆရာမ တစ်ဦးပီပီ နံနက်တွင် ကျောင်းတက်၊ စာသင်၊ ကျောင်းဆင်းလျှင်တောင်မှ အိမ်မပြန်နိုင်သေးဘဲ အဖြေလွှာများစစ်၊ ညနေ ၅ နာရီဝန်းကျင်မှ အိမ်ပြန်ရောက်၊ မိသားစု အလုပ်များနှင့် လုံးပန်းနေခဲ့ရင်း ယခုအရွယ်တွင် အဆိုပါ ရောဂါကို ရရှိခဲ့သည်။

ကလေးအရွယ်က ဗိုက်အောင့် ဗိုက်နာလေ့ ရှိခဲ့သော်လည်း ကာလရှည်စွာ ပျောက်ကင်းနေခဲ့ပြီး ယခုအရွယ်တွင်မှ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

အကြောင်းရင်းသည် မည်သည်ဟု သူမသိပေ။ ယင်းအပြင် ခင်ပွန်းဖြစ်သူတွင်လည်း ဆီးချိုရောဂါ ရှိနေသည်မှာ ခြောက်နှစ်ခန့် ရှိပြီဖြစ်သည်။

"အားလုံးကို အသိပညာပေးဖို့ အရေးကြီးတယ်လို့ပဲ မြင်ပါတယ်။ မိသားစုတစ်စုလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စပဲ" ဟု ဒေါက်တာ တင်ဌေးအောင်က ဆိုသည်။

"ဒါတွေ စားသုံးတဲ့အတွက် ဒီဥစ္စာတွေ ဖြစ်ပါတယ်ဆိုတာကို သူတို့ မယုံကြည်တာလည်းပါတယ်"

အထက်ပါ ရောဂါများအကြောင်း ပြောလျှင် အစားအသောက်အပြင် နေမှုထိုင်မှု ကိစ္စသည်လည်း ချန်ထားရစ်၍ မရသည့် ကိစ္စဖြစ်သည်။

ယနေ့ခေတ် လူသားသည် အများစုက ခန္ဓာကိုယ်ကို လှုပ်ရှားမှုအပိုင်းတွင် အားနည်းလာပြီဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်တို့က ဆိုသည်။

အများပြည်သူများ လှုပ်ရှားဆော့ကစားရန် အားကစားကွင်းနှင့် အပန်းဖြေနေရာများ နည်းပါးလာခြင်းကို လူအများက ဖန်တစ်ရာ တေအောင်ပင် ပြောဆို ဝေဖန် ခဲ့ပြီးဖြစ်သည်။

ယင်းအပြင် စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင်ပါ အားကစား လှုပ်ရှားမှုများ ယခင်ထက် ကျဆင်းခဲ့ပြီ ဖြစ်သည်။

နှစ်ပေါင်းများစွာ ဆေးကုသမှုများ ပြုလုပ်ခဲ့သည့်အပြင် ဆေးရုံအုပ်ချုပ်မှု အတွေ့အကြုံပါ ကြွယ်ဝလှသည့် ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်တင်ကတော့ မြန်မာ့ လူ့အဖွဲ့အစည်း၏ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍တော့ အားမရလှပါ။ ပညာရှင်တစ်ဦး၏ အနေနှင့် ထောက်ပြစရာများကလည်း တစ်ခုပြီးတစ်ခု။

"ဆိုကြပါစို့၊ ဆီးချိုရောဂါအသင်း၊ သွေးတိုးရောဂါအသင်း၊ သူက ရောဂါဖြစ်တဲ့သူက ငါဘယ်လို နေလာခဲ့တာဟ၊ ဘာဟ၊ အဲဒီလိုမျိုး"ဟု ၎င်းက ဆိုသည်။

ယင်းသို့သော အသင်းအဖွဲ့များ ဖွဲ့စည်းပြီး အတွေ့အကြုံများကို ဆွေးနွေးခြင်းဖြင့်လည်း ကာကွယ်မှုအတွက် အထောက်အပံ့ ဖြစ်စေသည်ဟု ဆိုသည်။

နိုင်ငံတကာတွင် Health Econo-mics (ကျန်းမာရေးဘောဂဗေဒ) ဘာသာရပ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပြောဆိုနေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မရှိသေးခြင်းကလည်း အားနည်းချက်ဟု ၎င်းကဆိုသည်။ ယင်းအပြင် ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းမျိုးတွင်လည်း ပြုကြလေ့မရှိ။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါတစ်ခုဖြစ်လျှင် ဆေးကုသလျှင် မည်မျှကုန်ကျမည်၊ အချိန်မည်မျှကြာမည်၊ ဆေး ကုသမှု ခံယူနေစဉ်အတွင်း အလုပ် မလုပ်နိုင်ခြင်းကြောင့် စီးပွားရေးကို မည်မျှထိခိုက်မည်၊ ယင်းကြောင့် ရောဂါမဖြစ်ပွားစေရန် မည်သို့ ရှောင်လွှဲမည် စသည့် တွက်ချက်မှုမျိုး ဖြစ်သည်။

ရောဂါ ဖြစ်စရာများက လူမှုပတ်ဝန်းကျင်တွင် အနေအထား အမျိုးမျိုးဖြင့် ရှိနေပါသည်။ လက်ရှိ လူထုအတွင်း တွင်ကျယ်လာသည့် လက်ကိုင် တယ်လီဖုန်းများ၏ အန္တရာယ်သည်လည်း မသေးလှပေ။

တယ်လီဖုန်းမှ ထွက်ရှိသည့် ရေဒီယိုလှိုင်းများက ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးအောင့်ခြင်း၊ အာရုံစူးစိုက်မှု နည်းခြင်းများ ဖြစ်ပေါ်စေနိုင်ပြီး ဦးနှောက် ဆိုင်ရာ ရောဂါများ၊ နှလုံး ရောဂါများအပြင် မျိုးဆက်ပွား ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ကြောင်း ကျန်းမာရေး ပညာရှင်တို့က မကြာခဏ သတိပေးထားသည်။

အထူးသဖြင့် ကလေးငယ်များအတွက် ပို၍ပင် အန္တရာယ်။

ယင်းရောဂါများ အကြောင်းပြောလျှင် ဇီကာသည် နောက်တန်း တစ်နေရာတွင် ချောင်ကပ်နေပါလိမ့်မည်။

ဇီကာသည် ခြင်မှတစ်ဆင့် ကူးစက်သည့် ရောဂါဖြစ်ရာ ဆင်ခြေထောက်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့် ရောဂါများအတွက် ကြိုတင် ကာကွယ်သည့် နည်းလမ်းများနှင့် မြန်မာတို့က ယဉ်ပါးကျွမ်းဝင် ရှိနေခဲ့ပြီးဖြစ်ကြောင်း ဒေါက်တာခင်မောင်တင်က ဆိုသည်။

ရေပုံး၊ ရေကန်၊ ရေတိုင်ကီ၊ ရေအိုးများကို နေ့စဉ် သန့်ရှင်းရေးလုပ်ခြင်း၊ အဖုံးဖုံးခြင်း စသည့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်မှုများ၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း စသည်တို့မှာ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါများကို ကာကွယ်သည့် နည်းများပင် ဖြစ်သည်ဟုဆိုသည်။

"ဇီကာထက် ပိုကြောက်ဖို့ ကောင်းတာတွေက အများကြီးရှိပြီးသားပါ"ဟု ၎င်းက ဆိုသည်။

From : the voice myanmar - အောင်မျိုးထက်၊ ရလေး

Originally published at - http://thevoicemyanmar.com/opinion/1687-opinion

Read More »

Wednesday, September 07, 2016

ဇီကာဗိုင်းရပ်စ်ကို ရင်ဆိုင်ရန် အသင့်ပြင် ထားပါ




အာဆီယံ ဒေသတွင်း နိုင်ငံ အချို့တွင် ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရမှုများ ရှိလာပြီ ဖြစ်ပြီး စင်ကာပူ နိုင်ငံတွင်လည်း မြန်မာနိုင်ငံသား တစ်ဦး ကူးစက်ခံ ထားရသည်။

မြန်မာနိုင်ငံသား အများဆုံး သွားရောက် လုပ်ကိုင်နေသော၊ မြန်မာနိုင်ငံမှ အများဆုံး သွားရောက် လည်ပတ်ကြ သော စင်ကာပူ၊ ထိုင်းနှင့် မလေးရှားတို့တွင် ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံနေ ရကာ စင်ကာပူရောက် မြန်မာ တစ်ဦးလည်း ကူးစက်ခံထားရသောကြောင့် မြန်မာပြည်သူများ စိုးရိမ်နေ ကြသည်။



စင်ကာပူနိုင်ငံတွင် ယင်းပိုးကူးစက်ခံရသူ ၂၀၀ ခန့်ရှိပြီး မလေးရှားနိုင်ငံတွင် တစ်ဦးနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူခုနစ်ဦးခန့် ကူးစက်ခံထားရကြောင်း ယင်းနိုင်ငံ များ၏အစိုးရအဖွဲ့များက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ယင်းရောဂါပိုးကူးစက်ခံ ရခြင်းမရှိသေးသော်လည်း လေနှင့် ရေလမ်းကြောင်းများမှ တစ်ဆင့် နေ့စဉ် ဝင်ထွက် သွားလာ မှုများ ရှိနေခြင်းကြောင့် အစိုးရဘက်က ကြိုတင် ကာကွယ်မှု လုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်နေသည်။

‘‘စင်ကာပူလို ခြင်မရှိတဲ့နိုင်ငံလိုမျိုးမှာတောင် ကူးစက်ခံရတယ်ဆိုတော့ မြန်မာလို ခြင်ပေါတဲ့နိုင်ငံဆိုရင် ပိုဆိုးဖို့ပဲရှိတယ်။ အခုက လေဆိပ်တွေမှာ စစ်ဆေးနေပေမယ့် မစစ်ဆေးနိုင်တဲ့ နေရာတွေဆိုရင် ဝင်လာနိုင်တာပေါ့’’ဟု အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဘရွှေက ဆိုသည်။

ဇီကာဗိုင်းရပ်စ် ကာကွယ်ရန် ခရီးသွားများ အဓိက ၀င်ရောက်ရာ လေဆိပ်များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဟဲဟိုးနှင့် ပုဂံညောင်ဦး လေဆိပ် များသို့
ရောက်ရှိလာသော ခရီးသည်များကို ဖျားနာခြင်းရှိ၊ မရှိ ပုံမှန်စစ်ဆေးလျက် ရှိနေသော်လည်း ရေလမ်းကြောင်းနှင့် နယ်စပ် လမ်းကြောင်းများတွင် စစ်ဆေးခြင်းရှိ၊ မရှိ ပြန်လည် စစ်ဆေးရမည် ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာ သန်းဝင်းကဆိုသည်။

ဇီကာဇာစ်မြစ်

ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ တွင် ယူဂန်ဒါနိုင်ငံရှိ မျောက်များ၌ စတင် စမ်းသပ် တွေ့ရှိပြီး ၁၉၅၂တွင် ယူဂန်ဒါနှင့် တန်ဇန်းနီးယားနိုင်ငံများတွင် လူများကို ကူးစက်မှု ရှိကြောင်း တွေ့ရှိ ခဲ့သည်။

၂၀၀၇ မှစ၍ ပစိဖိတ်ဒေသ၊ အမေရိကနှင့် အာဖရိကဒေသများတွင် ဇီကာရောဂါ ကပ်အသွင် ဖြစ်ပွားခဲ့ပြီး ၂၀၁၄ မှ ၂၀၁၆ ဖေဖော်ဝါရီအထိ နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် ယင်းရောဂါ ကူးစက်ဖြစ်ပွား နေသဖြင့် WHO က ကျန်းမာရေးဆိုင်ရာ အရေးပေါ်ပြဿနာ တစ်ရပ် အဖြစ် သတ်မှတ် ဆောင်ရွက်ရန် ထုတ်ပြန်ကြေညာခဲ့၏။

၂၀၁၅ နှစ်ကုန်က လက်တင်အမေရိကဒေသတွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှုများ စတင်ဖြစ်ပွားရာ ဘရာဇီးသည် အထိအနာဆုံးနိုင်ငံအဖြစ် စာရင်းဝင်ပြီး ၂၀၁၆ မတ်လအထိ ယင်းနိုင်ငံလူဦးရေ၏ ၁ ဒသမ ၅ သန်းခန့် ကူးစက်ခံထားရသည်။

ကူးစက်ပုံနှင့် အန္တရာယ်

ဇီကာသည် သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး(Chikun- gunya) ရောဂါပိုးများကို သယ်ဆောင်သည့် အေးဒီးစ်အမျိုးအစား ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက် တတ်ပြီး လိင်ဆက်ဆံမှုမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။ အဆိုပါရောဂါသည် အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါကူးစက်ခံရသူ ငါးဦးတွင် တစ်ဦးသာ လက္ခဏာပြတတ်သည်။

အဆိုပါခြင်ကျားကိုက်ခံရပြီး ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပြီး အများဆုံးတွေ့ရှိရသော လက္ခဏာများမှာ ရုတ်တရက် ဖျားနာခြင်း၊ အရေပြားတွင် အနီရောင် အကွက်/အစက်များ ထွက်ပေါ်ခြင်း၊ မျက်သားနီပြီး ရောင်ရမ်းခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင် ကိုက်ခဲခြင်း၊ မအီမသာ
ဖြစ်ခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့်လက္ခဏာများကို နှစ်ရက်မှ ခုနစ်ရက်အထိ ခံစားရနိုင်သည်။

နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် ကလေးကို ကူးစက်ကာ မွေးရာပါ ခေါင်းသေးရောဂါ (Microce-phaly) ဖြစ်စေနိုင်ကြောင်း ယူဆထားပြီး အရွယ်ရောက်ပြီး သူများတွင် အဖျားဝေဒနာပြင်းထန်ပါက အာရုံကြောများကို ထိခိုက်မှု ဖြစ်စေနိုင်သည့် အခြေအနေ ရှိကြောင်း ဆေးပညာရှင်သုတေသီများက သုံးသပ် ထားသည်။

ထို့ကြောင့် ရောဂါဖြစ်ပွားရာနိုင်ငံများသို့ ကိုယ်ဝန်ဆောင်များသွားရောက်မှုကို အလေးအနက်စဉ်းစားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

‘‘ဒီလိုကျန်းမာရေးပြဿနာတွေကြောင့် ကလေးငယ်တွေမှာ ဉာဏ်ရည်ဖွံ့ဖြိုးမှုနောက်ကျစေနိုင်ပြီးတော့ မိသားစု အတွက်လည်း ဝန်ထုပ် ဝန်ပိုး ဖြစ်စေတယ်။

နောက်ပြီး နိုင်ငံရဲ့ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းစေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပါတယ်’’ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။



ကာကွယ်ခြင်း

ဇီကာဗိုင်းရပ်စ်ကူးစက်ခံရခြင်းကို လက်ရှိအချိန်ထိ ကာကွယ်ဆေး၊ ကုသဆေး မရှိသေးပေ။

ခြင်မှ တစ်ဆင့်ကူးစက်လေ့ ရှိသောကြောင့် ခြင်များကို ပြင်းပြင်း ထန်ထန် နှိမ်နင်းခြင်းသည် သာလျှင် ရောဂါကို အမှန် တကယ် တိုက်ဖျက်နိုင်မည့် ဖြေရှင်းချက်
ဖြစ်ဖွယ်ရှိသည်။

ယင်းရောဂါသည် အချိန်တန်လျှင် ပျောက်ကင်းသွားနိုင်သော်လည်း သန္ဓေသားကို ထိခိုက်နိုင်သည့်အတွက် ဇီကာဗိုင်းရပ်စ်အန္တရာယ်ကို အမှန်တကယ် စိုးရိမ်ကြောက်ရွံ့ ရမည့် လူတန်းစားသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများပင် ဖြစ်သည်။

ထို့ကြောင့် ရောဂါပိုးကူးစက်ပြန့်ပွားနေသည့်ဒေသတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်များ၊ ယင်းဒေသမှ ပြန်လာသည့် ကိုယ်ဝန်ဆောင်များသည် သွေးနှင့် ဆီး စစ်ဆေးခြင်း၊ ကိုယ်ဝန်ကို အာထရာဆောင်း ရိုက်ခြင်း၊ လိုအပ်ပါက ရေမြွှာရည် ဖောက်စစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်သည်။

ထို့ပြင် ရောဂါဖြစ်ပွားသည့်ဒေသမှ ပြန်လာသူနှင့် လိင်ဆက်ဆံမည်ဆိုပါက အကာအကွယ်ပစ္စည်း (ကွန်ဒုံး)အသုံးပြုရန် လိုအပ်သည်ဟု နိုင်ငံတကာမှ ဆေးပညာရှင် များက တိုက်တွန်းထားသည်။

ယခုနှစ်အတွင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ဇီကာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံ များအား ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်း၊ ခြင်ကျားနှင့် ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်း၊ ခြင်အကိုက် မခံရစေရန် သင့်လျော်သော ကာကွယ်ရေးနည်း လမ်းများနှင့် လူထု အသိပညာပေး နှိုးဆော်တိုက် တွန်းရန်၊ ကိုယ်ဝန်ဆောင် မိခင်နှင့် အမျိုးသမီးငယ်များကို ပိုမိုအလေးထား အသိ ပညာပေးရန်၊ ရောဂါ ကူးစက် ဖြစ်ပွားနေသော ဒေသများတွင် ဦးခေါင်းသေးငယ်သည့် ကလေး ငယ်များနှင့် အာရုံကြောဆိုင်ရာ ရောဂါများဖြစ်ပွား မှုရှိ၊ မရှိ စောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်၊ ကူးစက်ဖြစ်ပွား မှုများ တွေ့ရှိ ပါက WHO နှင့် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ မျှဝေပေးရန် တိုက်တွန်း ထားသည်။

စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောဂါပြန့်ပွားကူးစက်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသည့် မိခင်လောင်းများ ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံသို့ လာရောက်မှုကို ခေတ္တရပ်ဆိုင်းထားရန် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

‘‘ဇီကာအပါအဝင် ကူးစက်မြန်ရောဂါတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေ အမြဲလုပ်နေရတယ်။ နိုင်ငံတကာနဲ့ သဘောတူညီချက် ယူထားတဲ့အတွက် မဖြစ်မနေ လုပ်ရတယ်။ အခုဆိုလည်း ဆေးရုံကြီးတွေမှာ သံသယလူနာတွေ့ရင် သွေးဖောက်ပြီး ဗဟိုအမျိုးသားဓာတ်ခွဲဌာနကို ပို့ပေးဖို့ အထူးကုဆရာဝန်ကြီးတွေနဲ့ ဆရာဝန် ငယ်တွေကို တပ်လှန့်ထားတယ်။

ရောဂါစစ်ဖို့ စက်ပစ္စည်းတွေက အဆင်သင့်ရှိတယ်’’ဟု ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ ခင်နန်းလုံက ဆိုသည်။

ထို့ပြင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းဆောင်ရွက်ပုံနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါကာကွယ်နှိမ်နင်းရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးဌာန ဒုညွှန်ချုပ် ဒေါက်တာသန်းဝင်းက ‘‘ဇီကာဗိုင်းရပ်စ် Infection ဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပေါ်မလဲ၊ လိုအပ်တဲ့စုံစမ်းမှုတွေကို ဘယ်လိုလုပ်ရမလဲ၊

နီးစပ်ရာကျန်းမာရေးဌာနတွေကို ပြဖို့ဆိုပြီး မြို့နယ်၊ ခရိုင်နဲ့တိုင်းနဲ့ ပြည်နယ်ဒေသကြီးကျန်းမာရေးဦးစီးဌာနအားလုံးကို ညွှန်ကြားပြီး အကြောင်းကြားပြီးဖြစ်ပါတယ်။

အကယ်၍များ အဲဒါနဲ့ဆင်တူတာ တွေ့မယ်ဆိုရင် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ’’ဟု ရှင်းပြသည်။

ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုအရေးကြီး

ကူးစက်ရောဂါများနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်မှုများပြုလုပ်ရာတွင် စီမံခန့်ခွဲမှုပိုင်း၌ လက်တွေ့ကျပြီး မှန်ကန်ထိရောက်သော လုပ်ငန်းစဉ်များဖြစ်ရန် လွန်စွာအရေးကြီးပြီး ကြိုတင်ကာကွယ်မှုများကို အင်တိုက်အားတိုက်လုပ်ဆောင်မှုအားနည်းပါက ပြည်သူများ ထိခိုက်နစ်နာစေမည် ဖြစ်သည်။

စင်ကာပူနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ရောဂါအခြေအနေနှင့် သတင်းအချက်အလက်များကို ယင်းနိုင်ငံ အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် ထုတ်ပြန်ပေးနေသကဲ့သို့ တစ်ဖက်ကလည်း နေရာအနှံ့ခြင် နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စင်ကာပူနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

‘‘ဒီဟာနဲ့ပတ်သက်ပြီးတော့ စင်ကာပူအစိုးရက သတင်းထုတ်ပြန်ချက်တွေ အမြဲထုတ်ပေးတယ်။ အရင်ကတည်းက စင်ကာပူမှာ ပိုးလောက်လမ်း၊ ခြင်ဥတို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်စစ်တယ်။ တွေ့ရင် ဒဏ်ရိုက်တယ်။ အခုလည်း ခြင်နှိမ်နင်းရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နေတာတွေ့ရတယ်’’ဟု စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ မြန်မာအင်ဂျင်နီယာတစ်ဦးက ဆိုသည်။

၂၀၁၅ က စတင်ခဲ့သည့် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ဘရာဇီးနိုင်ငံက အစပြုခဲ့သော ဇီကာဗိုင်းရပ်စ်သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နိုင်ငံအထိ ကူးစက်ပျံ့နှံ့လာသောကြောင့် ယင်းနိုင်ငံများနှင့်ထိစပ်နေသော မြန်မာနိုင်ငံသည်လည်း ဇီကာဗိုင်းရပ်စ်အန္တရာယ်ကို အထူးသတိပြုရမည်ဖြစ်သည်။

‘‘အဓိက ခြင်ကြောင့်ဖြစ်တာ ဆိုတော့ ဖုံးသွန်လဲစစ်တွေလုပ်ရ မယ်။ ခြင်မကိုက်အောင် ခြင်နှိမ် နင်းရေးတွေ လုပ်ရမယ်။ လေဆိပ်၊ နယ်စပ်ပေါက်တွေကနေ ဝင်လာ မယ့်သူတွေကို ဖျားနေလား၊ အ လာဂျစ်ရှိလား စစ်ဆေးရမယ်။ ဒါ က တော်တော်ကို လိုပါတယ်’’ဟု ဒေါက်တာဘရွှေက အကြံပြုသည်။

နိုင်ငံတော်အစိုးရပိုင်းက လုံလောက်သည့် ကြိုတင်ကာကွယ် စီမံခန့်ခွဲမှုများ ပြင်ဆင်ထားရန် လိုအပ်သကဲ့သို့ ပြည်သူများက လည်း ယင်းရောဂါနှင့်ပတ်သက်၍ ဗဟုသုတရှိရန်လိုအပ်ပြီး မိမိ၏ပတ်ဝန်းကျင်၌ သံသယလူနာတွေ့ပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သွားရောက်စစ်ဆေးရန် တိုက်တွန်းမှုလိုသည်။

‘‘လေဆိပ်မှာ လက်ရှိ အစိုးရစစ်ဆေးနေတာက လုံလောက်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာက ချင်းမိုင်လို မြန်မာနဲ့ နယ်စပ် လမ်းကြောင်းတွေ ရှိနေတဲ့ နေရာတွေမှာ စစ်ဆေးနေလား၊ မစစ်ဆေး ဘူးလားဆိုတာက သံသယရှိတယ်။

ဘူးသီးတောင်- မောင်တောလို တိုင်းပြည်ရဲ့ဝင်ပေါက်တွေမှာ အကုန်စစ်ဆေးနိုင်ရင် ပိုကောင်းတယ်။ အဲဒီလိုနေရာတွေမှာ အဓိက ကျန်းမာရေးစောင့်ကြည့်ဖို့ လိုတယ်’’ဟု ဒေါက်တာ မြင့်ဦး(ဂျီပီ)က သုံးသပ်ပြောကြားသည်။

From : 7 day daily - By : ဟေမာန်ညီညီ၊ ယမင်း

Originally published at - http://www.7daydaily.com/story/74824

Read More »

Friday, August 05, 2016

မန္တလေးမြို့ကြီး မြောင်းတွေရေမစီးလို့ ရေကြီးရေလျှံတာ နှစ်စဉ် မခံရအောင်


စင်ကာပူ နိုင်ငံရှိ သဘာဝ မိုးရေ ဖမ်းယူ စုဆောင်းပေးသော ဆူငိုင်းတမ်းပနီး မြစ်တူးမြောင်း


ဒီကနေ့ မျက်မှောက် ကာလ ၂၁ ရာစု ထဲမှာ မိုးသည်းသည်း ရွာပြီ ဆိုရင် ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့ မြို့တော်ကြီး တွေရဲ့ လမ်းမတွေ ပေါ်ကို ရေတွေ လွယ်လင့် တကူ ချက်ချင်း လျှံတက် လာပြီး ရေလွှမ်း တတ်လို့ ခရီးသွား အများပြည်သူ တွေမှာ ဒုက္ခ သုက္ခတွေနဲ့ ရင်ဆိုင်ကြ ရတာဖြင့် ထုံးစံလို ဖြစ်လာနေပြီ။

ရေဆိုတာ ကမ္ဘာ့ ဆွဲအားကြောင့် မြင့်ရာ ကနေ နိမ့်ရာကို စီးဆင်း တာပါ။ စီးလာတဲ့ ရေထု ပမာဏက ကြီးမားပြီး ရှိတဲ့မြောင်း အရွယ် အစားက သေးငယ် နေရင်ဖြစ်ဖြစ်၊
မြောင်းတွေက ကောနေပြီး ပိတ်ဆို့ နေရင်ဖြစ်ဖြစ် ရေဆို တာဟာ ရတဲ့ အပေါက်ကနေ ထွက်ပေါက် ရှာပါလိမ့်မယ်။

ရှေ့မှာ အတားအဆီးတွေ့လို့ ဖြောင့်ဖြောင့်မစီးနိုင်ရင် ဘေးကို ဖောက်ထွက် စီးမှာလည်း အသေအချာပါပဲ။ မန္တလေးရဲ့ တနှစ် ပျမ်းမျှ မိုးရေချိန်ပမာဏဟာ ၉၁၅ မီလီမီတာ (၃၆ လက်မ) ရှိပြီး စင်ကာပူရဲ့ ပျမ်းမျှမိုးရေချိန်က ၂၃၄၀ မီလီမီတာ (၉၂ ဒသမ ၁ လက်မ) ရှိပါတယ်။

ဘာကြောင့် မိုးရေချိန်များတဲ့ စင်ကာပူမှာ ရေလွှမ်းမှု ကြီးကြီးမားမား မခံရတာလဲ? ဘာကြောင့် မိုးရေချိန် လက်မ နည်းနည်းပဲ ရွာတဲ့ မန္တလေးမှာ မကြာခဏ ရေကြီးနေ ရတာလဲ? ဆိုတာ အောက်မှာ တွဲတင်ထားတဲ့ ဓာတ်ပုံတွေ ယှဉ်ကြည့်ရင် အဖြေ သိနိုင် ပါတယ်။

အဓိက ကွာခြားချက်ကတော့ ရေဆိုးစွန့်ပစ်မှုစနစ် ကွဲပြားတာကြောင့် လုံလောက်စွာ ရေစီးဆင်းနိုင်တဲ့ မြေပေါ်မြောင်းတွေ၊ မြေအောက်မြောင်းတွေ မရှိလို့ပါဘဲ။

မန္တလေးမြို့ ၁၈ လမ်းရှိ အမှိုက်ကန်များအနီး ရွှေတချောင်းမြောင်းအား တွေ့ မြင်ရစဉ်


အထက်က ပုံမှာ မြင်ရတဲ့ အတိုင်း အစိုးရက အမှိုက်ကန်၊ အမှိုက်သိမ်းကားတွေ ချထား၊ စီစဉ်ထားပေးပေမယ့် အမှိုက် လာပစ်တဲ့ ပြည်သူ တချို့ဟာ စည်းကမ်း လိုက်နာမှု အားနည်း ရုံတင်မက ကျန်းမာရေး အသိ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အသိတွေ ချို့တဲ့ကြတယ်။

ဆိုင်ကယ်၊ စက်ဘီးတွေပေါ်ကတောင် မဆင်းဘဲ အဝေးကနေ အမှိုက်အိတ်တွေကို အမှိုက်ကန်ထဲ ရောက်အောင် သေသေချာချာ မထည့်ကြဘဲ လှမ်းပစ် ထည့်သွားကြတာ သတိပြု မိခဲ့တယ်။ အမှိုက်တွေဆိုတာ ဘေးကို ဖိတ်ကျ၊ အညစ်ကြေးတွေ ယိုကျနဲ့ ပစ်စလက်ခတ်ကို တာဝန်မဲ့ လုပ်ကိုင်နေကြတာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။

မန္တလေးမှာရှိတဲ့ မြေပေါ်မြောင်းတွေကို လေ့လာလိုက်ရင် …
  • အစရှိပြီး အဆုံးမသတ်တဲ့မြောင်းတွေ ရှိတယ်။
  • ရေမစီးတော့တဲ့မြောင်းတွေ ရှိတယ်။
  • တရားမဝင်ဖောက်ထားတဲ့မြောင်းတွေ ရှိတယ်။
  • ဘယ်မြောင်းနဲ့မှ ချိတ်ဆက်မထားတဲ့မြောင်းတွေ ရှိတယ်။
  • အဖုံးအကာမရှိတဲ့မြောင်းတွေ ရှိတယ်။
  • မနိုင်ဝန်ထမ်းနေရတဲ့မြောင်းတွေ ရှိတယ်။
  • မည်ကာမတ္တမြောင်းတွေ ရှိတယ်။
  • ရေသန့်နဲ့ ရေဆိုးရောနေတဲ့မြောင်းတွေ ရှိတယ်။
  • အမှိုက်ပစ်ရာ၊ မစင်စွန့်တဲ့မြောင်းတွေ ရှိတယ်။
  • ထွက်ပေါက်မရှိတဲ့ မြေနိမ့်ရာအရပ်ကမြောင်းတွေ ရှိတယ်။
  • ရေသတ္တဝါတွေ ရှင်သန်နိုင်တဲ့ အောက်ဆီဂျင် PH Level BOD, COD Limit ဘောင်ထဲဝင်တဲ့ မြောင်းဆိုတာ မန္တလေးမှာ မရှိတော့ပါဘူး။

မန္တလေးမြို့ကြီးကို နိုင်ငံတကာ မြို့တော်ကြီးတွေမှာ ရှိအပ်တဲ့ မြို့တော်အင်္ဂါရပ်တွေနဲ့အညီ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မိုးရေနဲ့ လူသုံး၊ စက်မှုသုံး စွန့်ပစ်ရေ
တွေကို စနစ်တကျ စီးဆင်း စွန့်ထုတ်နိုင် ဖို့ရာ အတွက်… မင်းတုန်းမင်း တရားကြီး တည်ဆောင်ခဲ့တဲ့ ရတနာပုံ မန္တလေး မင်းနေပြည်တော်ဟောင်းကြီးဟာ အလွန် အကွက် အကွင်းကျစွာ တည်ရှိနေတာပါ။

ဧရာဝတီမြစ်ဘေးမှာ မျဉ်းဖြောင့် မျဉ်းပြိုင်လမ်းမကြီးတွေ အစီအရီနဲ့ စည်မျက်နှာပြင်လို ညီနေတဲ့ မန္တလေးမြို့မှာ ရေစီးရေလာသာဖို့၊ ရေဆိုးစွန့်ပစ်ရေတွေကို စနစ်တကျ စွန့်ထုတ်နိုင်ဖို့ လှလှပပ တည်ဆောက်လို့ ရပါတယ်။

မျဉ်းဖြောင့်မျဉ်းပြိုင်လမ်းမကြီးတွေရဲ့ဘေး ပလက်ဖောင်းတလျှောက်အောက်မှာ မြေအောက် ရေဆိုးမြောင်းတွေ (Underground Sewage System) ကော၊ မိုးရေ စီးဆင်းဖို့ မြေပေါ်မြောင်းတွေ (Open Water Ways) ကို စနစ်တကျ ဖောက်လုပ်ချိတ်ဆက်ပြီး ဧရာဝတီမြစ်ဘေးတလျှောက် ရေစစ်ကန်တွေ (Interceptors)၊ ရေဆိုး သန့်စက်ရုံတွေ (Sewage Plants)၊ ရေသန့်စင် စက်ရုံတွေ (Water Treatment Plants) တွေ အလုံအလောက် တည်ဆောက်ပြီး သန့်စင်တဲ့ ရေတွေကိုသာ ဧရာဝတီ
မြစ်ထဲ ဖောက်ထုတ် စီးဆင်းစေလို့ ရပါတယ်။

ဒီနေရာမှာ ကြားဖြတ်လို့ လန်ဒန်မြို့ကြီးရဲ့ ရေဆိုးစွန့်ထုတ်ပုံစနစ်အကြောင်း အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။ ၁၉ ရာစု အစောပိုင်းကာလတွေအထိ လန်ဒန်မြို့ ကြီးရဲ့ သိမ်းမြစ်ဟာ မြို့သူမြို့သားတွေနဲ့ စက်မှုလုပ်ငန်းတွေက ထွက်လာတဲ့ ညစ်ညမ်းရေဆိုးတွေ တိုက်ရိုက်စွန့်ထုတ်ရာနေရာ ဖြစ်တာမို့ လူထုကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။

ရောဂါပိုးမွှား ဘက်တီးရီးယားတွေ ရှင်သန်ပေါက်ဖွားလာပြီး ကာလ၀မ်းရောဂါ စတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါဘယတွေ ဖြစ်ပွားလို့ အလွန်နံစော်တဲ့
မြစ်ညစ်ကြီး တစင်း ဖြစ်လာခဲ့ ပါတော့တယ်။

ကြွက်သေပုပ်တွေ၊ မိလ္လာအညစ်အကြေးတွေ၊ စက်ရုံအလုပ်ရုံ စွန့်ပစ်အညစ်အကြေးတွေကြောင့် ၁၈၅၈ ခုနှစ်ရဲ့ ပူပြင်းတဲ့ရာသီမှာ သိမ်းမြစ်ထဲက မခံရပ်နိုင်အောင် နံစော်မှု (Great Stink) ဖြစ်ပွားခဲ့တဲ့ အခါမှာတော့ အင်္ဂလန်ပါလီမန်ဟာ လန်ဒန်မြို့ရဲ့ ရေဆိုးစွန့်ထုတ်မှုစနစ် (Sewerage System) ကို သဘာဝပတ်ဝန်းကျင်နဲ့ မြို့လူထုရဲ့ ကျန်းမာရေး မထိခိုက်စေရဘဲ စနစ်တကျ စွန့်ပစ်နိုင်ဖို့ ခေတ်နဲ့လျော်ညီတဲ့ စနစ်ဖြစ်အောင် အမြန်ဆုံးနဲ့ မဖြစ်မနေ တည်ဆောက် ယူရမယ် ဆိုတာ သဘောပေါက် ခဲ့ပါတော့တယ်။

လန်ဒန်မြူနီစီပယ်ဘုတ်အဖွဲ့က အင်ဂျင်နီယာချုပ် ဆြာဂျိုးဇက် ၀ီလျှံ ဘဇယ်လ်ဂျက် (Sir Joseph William Bazalgette) ရဲ့ ဒီဇိုင်းနဲ့ ရေဆိုးသန့်စင်ရုံ Interceptor sewers ၆ ရုံ အပါအ၀င် စုစုပေါင်း အရှည်မိုင် ၁၀၀ (ကီလိုမီတာ-၁၆၀) နီးပါးရှိတဲ့ လန်ဒန်မြေအောက်ရေဆိုးမြောင်း ကွန်ရက်စနစ်ကို မြေအောက်ချောင်းလက်တံ၊ မြေအောက်မြစ် (London’s ‘lost’ rivers) တွေနဲ့ ချိတ်ဆက်တည်ဆောက်ပြီး အထက်ဘက်မှာရှိတဲ့ မြောက်ပိုင်းပင်လယ်ဝ (North Sea) နားက သိမ်းမြစ်ဝကျွန်းပေါ် ဒေသဆီကို လန်ဒန်မြို့ ရဲ့ ရေဆိုးတွေကို ပို့ဆောင်သန့်စင်စေပြီးမှ စွန့်ထုတ်စေခဲ့တယ်။

ရေဆိုးသန့်စင်ရုံ Interceptor sewers တွေ တည်ဆောက်ဖို့ မြေကြီးပမာဏထုထည် ကုဗမီတာ ၂ ဒသမ ၇ သန်းကို တူးထုတ်ခဲ့ရပြီး အုတ်ပေါင်း ၃၁၈ သန်းနဲ့ ကွန်ကရစ်ထု ကုဗမီတာ ၆၇၀,၀၀၀ ကို လောင်းခဲ့ရပါတယ်။ ၂၀ ရာစုနှစ်အတွင်းမှာ အသစ်ဖွံ့ဖြိုးလာတဲ့ ရေဆိုးသန့်စင်မှု နည်းပညာတွေနဲ့ နောက်ထပ် မွမ်းမံဖြည့် စွက်ခဲ့ပါသေးတယ်။

မူရင်းဒီဇိုင်းတွက်ချက်မှုအရ သတ်မှတ်ထားတဲ့ မိုးရေထိရောက်စုဆောင်းမိတဲ့ ဧရိယာအတွင်းမှာ တနာရီကို မိုးရေချိန် ၆ ဒသမ ၅ မီလီမီတာ (ဒသမ ၂၅ ) လက်မထိသာ လက်ခံ စွန့်ထုတ်နိုင်တာမို့ ဒီကနေ့ ၂၁ ရာစုနှစ် ကမ္ဘာကြီးရဲ့ ပြောင်းလဲလာတဲ့ ရာသီဥတု၊ တိုးပွားလာတဲ့ မိုးရေချိန်တွေနဲ့ မြင့်မားလာတဲ့လူဦးရေ၊ မြို့ပြလူနေမှုစနစ်တွေ ဖွံ့ဖြိုးသိပ်သည်းလာမှုတွေကြောင့် လန်ဒန်မြေအောက်ရေဆိုးစွန့်ထုတ်မှု စနစ်ဟာ ထပ်မံအဆင့်မြှင့်ဖို့ လိုနေပါသေးတယ်။

မြန်မာနိုင်ငံဘက်ကို ပြန်ကြည့်မယ်ဆိုရင် ရန်ကုန်၊ မန္တလေး၊ ပဲခူး အစရှိတဲ့ မြို့တော်တွေရဲ့ ရေဆိုးစွန့်ပစ်မှု စနစ်တွေဟာ ၁၉ ရာစုနှစ်တွေတုန်းက အဆင့်မျိုးသာသာပဲ ရှိနေတာမို့ အခြေခံကစပြီး အသစ်ကို တည်ဆောက်ဖို့ လိုနေပါပြီ။

ဒါတွေလုပ်နိုင်ဖို့က ပြည်သူက ရွေးကောက်လိုက်တဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခမျာ ဘဏ္ဍာငွေကြေး အလွန်ချို့တဲ့နေတာ လူတိုင်းသိနေပါတယ်။

ဘာကြောင့်လို့လဲဆိုတော့ အရင် စစ်အစိုးရ အဆက်ဆက်မှာ ပြည်တွင်းစစ်ကြောင့် မလိုအပ်တဲ့နေရာတွေ ဥပမာ စစ်စရိတ်တွေ သုံးဖြုန်းခဲ့ကြတာရယ်၊ နဝတ၊ နအဖနဲ့ ဦးသိန်းစိန်အစိုးရလက်ထက် နှစ်ပေါင်း ၃၀ နီးပါး စိတ်တိုင်းကျ ခိုးဝှက်တာရော၊ ဗြောင်ယူခဲ့ကြတာကြောင့် တိုင်းပြည်ဘဏ္ဍာဟာ အခွံသာသာလောက် ကျန်ခဲ့တာကို လက်ပြောင်းယူခဲ့ရတာ မဟုတ်လား။

ဒီတော့ လိုအပ်တဲ့ ဘဏ္ဍာငွေကြေးတွေရလာဖို့ အန်အယ်လ်ဒီ အစိုးရတရပ်တည်း ရှာနေလို့ မလုံလောက်နိုင်ဘူး။ နိုင်ငံတကာ အကူအညီတွေ၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ၊ ပြည်သူတွေ အားလုံးလက်တွဲပြီး ရှာဖွေဖြည့်ဆည်းဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ရေလွှမ်းခံရရင် လူတိုင်းလူတိုင်း ဒုက္ခရောက်ရတာ မဟုတ်လား။

အခွန်ဆောင်ရမှာကို ဟိုအကြောင်းပြ ဒီအပြစ်ရှာ ဟိုလက်ညှိုးထိုးပြီး ရှောင်ပြေးနေလို့ မဖြစ်တော့ဘူး။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိဖို့ အခက်အခဲတွေကို ပြည်သူတွေသိအောင် ချပြ အစီရင်ခံဖို့လိုမယ်။ ဒါမှသာ နည်းပညာ အတွေ့အကြုံ၊ လူအား၊ ငွေအား လှူချင်တန်းချင်သူတွေလည်း ပေါ်လာပြီး ၀ိုင်းဝန်းကူညီရင်း လိုအပ်တဲ့ကွက်လပ်တွေ ဖြည့်ပေးနိုင်မှာပေါ့။

အနှစ်ချုပ်ကတော့ ဒီကနေ့ ကမ္ဘာကြီးမှာ လူသားတွေရဲ့ ပရောဂ မကင်းဘဲ ဖြစ်ပေါ်လာနေတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ပိုလို့ ပြင်းထန်ပြီး ကြောက်မက်ဖွယ်
ကောင်းလာနေပြီ ဖြစ်တယ်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းလိုလိုဟာ သဘာဝဘေးရန်တွေကို အနည်းနဲ့အများဆိုသလို ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ အဲ့ဒီဘေးအန္တရာယ်တွေကို ထိရောက်ပြီး ပိုစနစ်ကျစွာ ရင်ဆိုင်နိုင်ဖို့ဆိုတာ အစိုးရတရပ်တည်း ရင်ဆိုင်နေလို့ မရပါဘူး။

နိုင်ငံသူ နိုင်ငံသားတွေ ကိုယ်တိုင် ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အသိတွေ မြင့်မားလို့ စည်းကမ်းကောင်းမွန်လာကြပြီး အုပ်ချုပ်သူအစိုးရနဲ့အတူ လက်တွဲကာကွယ် ရင်ဆိုင်ဖြေရှင်းမှသာ သဘာဝရန်စွယ် အန္တရာယ် အခက်အခဲတွေကို အဆုံးအရှုံးနည်းနည်းနဲ့ ကျော်လွှားလွန်မြောက်နိုင်ပြီး မန္တလေးမြို့ကြီးမှာ
မြောင်းတွေ ရေစီးလို့ ရေကြီးရေလျှံတာကို နှစ်စဉ် မခံရအောင် ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း။ ။

မင်းကောင်းချစ်

သြဂုတ်လ (၃) ရက်နေ့  ၂၀၁၆ ခုနှစ်

From : ဒီဗွီဘီ

Originally published at - =source=

Read More »

Wednesday, July 27, 2016

ပြန်လည် ခေါင်းထောင်လာသည့် ဆုံဆို့နာ


ဆုံဆို့နာ ရောဂါ ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံ မြို့နယ် တိလောက ရပ်ကွက်တွင် ကလေးငယ် များကို ကာကွယ်ဆေး ထိုးရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ − အောင်လှိုင်ဝင်း ဖေ့စ်ဘွတ်ခ်)


စီးပွားရေး မြို့တော် ရန်ကုန်၏ဆင်ခြေဖုံး ရပ်ကွက် နှစ်ခုတွင် သုံးလ အတွင်း ရောဂါ သုံးကြိမ် ဖြစ်ပွား ပြီးနောက် ကလေး မိဘ အများ စုသည် ထိုရောဂါကို စိုးရိမ် နေကြသည်။ တစ်ကျော့ပြန် ဖြစ်ပွားမှု ပြန်များ လာသော ပြင်းထန် ဆုံဆို့နာ ဖြစ်သည်။

ရခိုင် ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ ကချင်နှင့် ရှမ်းပြည်နယ် တို့တွင် ဖြစ်ပွားသည့် စစ်ပွဲ များကြောင့် ၂၀၁၂ နောက်ပိုင်းမှ စပြီး မြန်မာနိုင်ငံ၏ ကာကွယ်ဆေး လွှမ်းခြုံမှုမှာ ၈၀ ရာခိုင်နှုန်းအောက် ရောက်ရှိ လာခြင်းက ဆုံဆို့နာ ကဲ့သို့ ကူးစက်ရောဂါများကို ပြန်လည်ခေါင်းထောင်လာစေသည်။

စစ်ပွဲဖြစ်ပွားရာဒေသများတွင် ကာကွယ်ဆေးမထိုးမိခဲ့သည့် ကလေးငယ်များ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသမှ ကလေးငယ်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များသည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခိုလှုံကြရာမှ ယခုနှစ်အတွင်း ရန်ကုန်တိုင်း၌ ဆုံဆို့နာရောဂါဖြစ်ပွားမှုသည် အခြားတိုင်းနှင့် ပြည်နယ်များထက် များပြားလာသည်။

၂၀၁၆ ဇန်န၀ါရီမှ ဇူလိုင်အတွင်း ရန်ကုန်တိုင်းတွင် ဆုံဆို့နာရောဂါဖြစ်ပွားသူ ၁၅ ဦးခန့်ရှိခဲ့ပြီး သေဆုံးသူ ငါးဦးရှိခဲ့သည်။ လတ်တလောတွင် မင်္ဂလာဒုံမြို့နယ် တိလောကရပ်ကွက်နေ အသက် (၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရန်ကုန်ကလေးဆေးရုံကြီး၌ ဇူလိုင် ၂၂ ရက်က ဆေးကုသမှု ခံယူလျက်ရှိသည်။ ယင်းရောဂါဖြစ်ပွားသည့်နေရာကို ရောဂါထိန်းချုပ်နိုင်ရန် သွားလာခွင့် ၁၀ ရက်ခန့် ကန့်သတ်ထားသည်။

ယခုနှစ် မေလအတွင်း၌ မင်္ဂလာဒုံမြို့နယ် ရတနာမာန်အောင် သီလရှင်စာသင်တိုက်တွင် သီလရှင်တစ်ပါး ဆုံဆို့နာရောဂါဖြင့် ကွယ်လွန်ပြီး ဇွန်လအတွင်း၌လည်း ရွှေပြည်သာမြို့နယ်(၅၇) ရပ်ကွက်ရှိ မြိုင်သီလရှင်စာသင် တိုက်၌ ဆုံဆို့နာဖြစ်ပွားသူ ထပ်မံတွေ့ရှိခဲ့သည်။ ရန်ကုန်တိုင်းအတိုင်း၌ ဆုံဆို့နာရောဂါဖြစ်ပွားမှုနှုန်းများလာခြင်းသည် ရွှေ့ပြောင်းလုပ်သားများပြားလာမှုနှင့် ကာကွယ်ဆေး အပြည့်အ၀မထိုးနှံခဲ့ခြင်း၏ အကျိုးဆက်ဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

ဆုံဆို့နာရောဂါသည် အသက် (၁၅)နှစ်အောက် ကလေးများတွင် ပိုမိုဖြစ်ပွားပြီး မြန်မာနိုင်ငံ၌ ရာသီမရွေးဖြစ်ပွားနိုင်သည်။ ရောဂါကူးစက်မှုဖြစ်ပွားလျှင် သေဆုံးသူ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် ဆုံဆို့နာဖြစ်ပွားသူဦးရေနှစ်စဉ် ၂၀ ဦးမှ ၆၀ ဦးအထိရှိကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆိုသည်။ ၂၀၁၅ တစ်နှစ်လုံးတွင် ဆုံဆို့နာရောဂါဖြစ်ပွားသူ ၈၄ ဦးရှိပြီး ၁၀ ဦးသေဆုံးခဲ့သည်။

‘‘ဆုံဆို့နာရောဂါဖြစ်ပွားစေတဲ့ ဗက်တီးရီးယားပိုး (Coryneb -acterium Diphteriae) က ချောင်းဆိုးခြင်း၊ နှာချေခြင်းကနေ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်ဖြစ်ပွားနိုင်တယ်။ ရောဂါဖြစ်ပွားတဲ့သူနဲ့ နီးနီးကပ်ကပ်ထိတွေ့မိရင်၊ တစ်ခါတစ်ရံရောဂါပိုးရှိတဲ့ အရာဝတ္ထုပစ္စည်းကို ကိုင်တွယ်မိရင်လည်း ကူးစက်နိုင်တယ်’’ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ယခုဖြစ်ပွားနေသည့် ဆုံဆို့နာရောဂါသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများအပြားဖြစ်ပွားနေခြင်း မဟုတ်ဘဲ ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းခဲ့သည့် ဝေးလံခေါင်ဖျားသောဒေသများမှ ကလေးငယ်များ၊ ရန်ကုန်မြို့ရှိ သီလရှင်ကျောင်း၊ စာသင်တိုက်များတွင် စုဝေးနေထိုင်ရာမှ ကလေးငယ်အချို့၌ ရောဂါကူးစက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ဆုံဆို့နာဖြစ်ပွားသော ဗက်တီးရီးယားပိုးမှ ထုတ်လိုက်သောအဆိပ်သည် လူ၏ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် တစ်သျှူးများကို အန္တရာယ်ဖြစ်စေပြီး ပျက်စီးစေသည်။ ဆုံဆို့နာရောဂါ၏ ကြောက်စရာအကောင်းဆုံးအန္တရာယ်မှာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အသက်သေဆုံးနိုင်ခြင်း ဖြစ်သည်။ စနစ်တကျဖြင့် ဆောလျင်စွာကုသမှု မရရှိပါက သေနှုန်းမြင့်မားသော ရောဂါဖြစ်သည်။

ရောဂါပိုးဝင်ရောက်ပြီး သုံးရက်မှ ငါးရက်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများအဖြစ် လည်ချောင်းနာခြင်း၊ ရောင်ခြင်း၊ တငွေ့ငွေ့ဖျားခြင်း၊ စားသောက်ချင်စိတ်မရှိခြင်းတို့ ဖြစ်ပွားနိုင်သည်။ လည်ချောင်းနှင့် အာသီးတွင် ဖြူပြာရောင်(သို့မဟုတ်) အညိုရောင်အမြှေးပါး ကလေးများဖြစ်လာပြီး တစ်ခါ တစ်ရံသွေးယို စီးတတ်သည်။ ထိုကဲ့သို့ သွေးယိုစီးပါက ယင်းအမြှေးပါးသည် အစိမ်းပုပ်ရောင်(သို့မဟုတ်) အနက်ရောင်သို့ ပြောင်းလဲ သွားနိုင်သည်။

ပြင်းထန်လူနာများတွင် လည်ပင်းရောင်ကိုင်းခြင်း၊ အသံအိုး၊ အာခေါင်၊ လည်ချောင်းများမှာ အစာမျိုရခက်ခြင်းနှင့် အသက်ရှူကျပ်ခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း
ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ဗက်တီးရီးယားပိုးမှ ထုတ်လုပ်သောအဆိပ်ကြောင့် နှလုံး​ကြွက်သားများ ရောင်ရမ်းခြင်း၊ အာရုံကြောနှင့် ကျောက်ကပ်တို့ ပျက်စီးပါက ဆေးဝါးကုသမှု မခံယူလျှင်
သေဆုံးနှုန်းမှာ ၅၀ ရာခိုင်နှုန်းအထက်၌ရှိကြောင်း ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။ ဆေးဝါးကုသမှုကို ဆောလျင်စွာ မခံယူပါက ရောဂါဖြစ်ပွားနေသော လူနာမှတစ်ဆင့် အခြားထိတွေ့သူများသို့ ၁၄ ရက်မှ ၂၈ရက်အတွင်း ကူးစက်နိုင်ကြောင်း သိရသည်။

ဆုံဆို့နာသံသယလူနာဟု ယူဆပါက နီးစပ်ရာအစိုးရဆေးရုံကြီးများသို့ ညွှန်းပို့ရန်လိုအပ်ကြောင်း၊ ကလေးများတွင်ဖြစ်ပွားပါက ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်) သို့ အမြန်ဆုံးလွှဲပို့ရန်လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ အစိုးရဆေးရုံကြီးများတွင် ဆုံဆို့နာရောဂါများ ကုသရန် ဆုံဆို့နာ အဆိပ်ဖြေဆေးများ
ဖြန့်ဖြူးထားကြောင်း ရန်ကုန်တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဒုဦးစီးမှူး ဒေါက်တာဒေါ်ခင်နန်းလုံက ပြောသည်။

‘‘ပြင်ပဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ အခုအချိန်မှာ အာသီးရောင်ပြီး ဖျားနာတဲ့လူနာတွေ ရောက်လာတယ်ဆိုရင် ဆုံဆို့နာရောဂါဟုတ်၊ မဟုတ် သတိထားဖို့လိုတယ်။ ဆရာဝန်တွေအနေနဲ့ ဒီရောဂါကာကွယ်ဆေးထိုးထား၊ မထားမေးရမယ်’’ဟု ၎င်းကဆိုသည်။

ရောဂါကူးစက်မှုမရှိစေရန် ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရန် လူနာနှင့် အနီးကပ် ထိတွေ့ ကိုင်တွယ် သူများ အနေဖြင့် ပဋိဇီဝဆေးဝါးများအား ခုနစ်ရက်မှ ဆယ်ရက် အထိ မပျက်မကွက်သောက်သုံးရန် လိုအပ်ကြောင်း သိရသည်။

ဆုံဆို့နာရောဂါမဖြစ်ပွားအောင် အထိရောက်ဆုံးကာကွယ်ခြင်းမှာ ပြည်သူလူထုအား ကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားစွာ ရရှိအောင်ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆုံဆို့နာရောဂါကာကွယ်ဆေးကို မေးခိုင်ရောဂါကာကွယ်ဆေး၊ ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး၊ ဟေမိုဖီလပ်အင်ဖလူရင်ဇဘီ (Haemophilus Influezae Type b) ကာကွယ်ဆေးများနှင့် ပေါင်းစပ်၍ ကလေးအသက် နှစ်လ၊ လေးလ၊ ခြောက်လများတွင် ကာကွယ်ဆေးထိုးစီမံချက်အနေဖြင့် အခမဲ့ထိုးနှံပေးနေရှိသည်။

‘‘ငါးမျိုးစပ်ကာကွယ်ဆေးထိုးစီမံချက်မှာ ဆုံဆို့နာရောဂါကာကွယ်ဆေးပါတယ်။ ကလေးတွေမှာ သုံးကြိမ်ပြည့်ပြည့်၀၀ ထိုးထားမှ ရောဂါ ကာကွယ် စွမ်းအားမြင့်မားမှာ ဖြစ်တယ်။

ရောဂါဖြစ်ပွားတဲ့နေရာမှာ ကာကွယ်ဆေးမရခဲ့တဲ့ ကလေးတွေအတွက် မေးခိုင်နဲ့ ဆုံဆို့နာရောဂါကာကွယ်ဆေးထိုးပေးတယ်။ ရန်ကုန်က လူစုလူဝေးများတဲ့
ဂေဟာတွေ၊ သီလရှင်ကျောင်းနဲ့ စာသင်တိုက်တွေမှာ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ စာရင်းကောက်တာတွေ လုပ်နေတယ်။ ဒီကာကွယ်ဆေးကျတော့ သီးသန့်မှာပြီး ထိုးရမှာ’’ဟု ဒေါက်တာသန်း ထွန်းအောင်က ဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း စာရင်းကောက်ယူမှု၌ မြို့နယ်တချို့ ကျန်ရှိနေသေးကြောင်း၊ စာရင်းအားလုံးရပြီးလျှင် အထက်တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်မှုများ လုပ်ဆောင်မည်ဖြစ်သောကြောင့် ထိုးနှံပေးနိုင်မည့်အချိန်ကို မပြောနိုင်သေးကြောင်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာဝင်းလွင်က ပြောသည်။

‘‘စာရင်းက တော်တော်များများရနေပြီ။ မြို့နယ်တချို့တော့ ကျန်သေးတယ်။ စာရင်းရရင်ဆေးက ပြည်ပကနေ ၀ယ်ရမှာ။ ပြည်တွင်းမှာမရှိဘူး။ ၂၀၁၆ မှာ ထိုး ပေးနိုင်ဖို့ဆိုတာက လုပ်ငန်းစဉ်မြန်ရင်တော့ ထိုးပေးလို့ရပါတယ်။ အချိန်အတိအကျတော့ပြောလို့ မရသေးဘူး’’ဟု ၎င်းကဆိုသည်။

ဆုံဆို့နာရောဂါသည် ကူးစက်လွယ်သဖြင့် ရောဂါရှိသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ခြင်းမှ ရှောင်ရှားသင့်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လက်သန့်ရှင်းရေးသည် အရေးကြီးသည်။ ယင်းရောဂါသည် ကာကွယ်ဆေးဖြင့်သာ ကာကွယ်နိုင်သော ရောဂါဖြစ်သောကြောင့် ကာကွယ်ဆေးပြည့်ဝစွာ ထိုးနှံရန်လိုအပ်သည်။

တစ်နိုင်ငံလုံး ကာကွယ်ဆေးလွှမ်းခြုံမှုအားကောင်းစေရန် ကျန်းမာရေးဝန်ကြီးဌာန အပါအ၀င်၊ ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းအားလုံး၌ တာဝန်ရှိပါသည်။

‘‘လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေရှိနေရင် စစ်ပွဲတွေရှိ နေရင်၊ အဲဒီနေရာတွေကို ကာကွယ်ဆေးလွှမ်းခြုံမှု ဘယ်လိုမှ မရောက်ဘူး။ ဒါက နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ ကျန်းမာရေးရဲ့ ဆက်စပ်မှုကို ထင်ထင်ရှားရှား ပြနေတာဖြစ်တယ်။ ကာကွယ်ဆေး လွှမ်းခြုံမှုအားကောင်းစေဖို့ အားလုံးမှာ တာဝန်ရှိတယ်’’ ဟု ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက ပြောသည်။

From : 7daydaily - By : ဟေမာန်ညီညီ

Originally published at - http://www.7daydaily.com/story/71221


Read More »

Monday, July 25, 2016

နေ့စဉ်ငွေပေးဝယ်နေကြသော ကင်ဆာ




မြန်မာမှု နယ်ပယ်၏ လောကီ မင်္ဂလာ (၁၂) ပါးတွင် ဖွားမြင်ပြီး နောက် ၇၅ ရက်မြောက်၌ ကွမ်းဦးခွံ့ခြင်း ဟူသော တမ္ဗူလပတ္တ မင်္ဂလာကို သုတေသန သရုပ်ပြ အဘိဓာန်တွင် လည်းကောင်း၊ သုခမှတ်စု အဆိုတွင် တမ္ဗူလပတ္တ မင်္ဂလာ၊ ကွမ်းခွံ့ခြင်း မင်္ဂလာကို လည်းကောင်း ပြုလုပ်သည့် ဓလေ့ ရှိသည်ကို မှတ်သား ရသည်။

လောကီမင်္ဂလာဆယ့်နှစ်ပါး၌ ကွမ်းခွံ့မင်္ဂလာဟူ၍ ညွှန်းဆို သည်။ ကွမ်းခွံ့ ၊ ကွမ်းစားဓလေ့ကို မှတ်သားပြု၍ ''တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာက ဆေး၊ ကွမ်းသီးတောင်ငူနှင့်၊ ကိုင်းထုံးဖြူ၊ ပြည်ရှား၊ သာဝါးလို့ထွေး'' ဟူ၍ စာဆိုဖွဲ့ခဲ့ကြသည်။

မြန်မာ့ဓလေ့အစဉ်အလာတွင် ရိုးရာတိုင်း၊ ဓလေ့တိုင်းက မင်္ဂလာမဟုတ်ပါ။ ကွမ်းစားခြင်းကြောင့် လူသားတစ်ဦးချင်းစီ တွင် ငွေကုန်သည်။ အချိန်ကုန်သည်။ ကျန်းမာရေးနုံချာသည်။ ကွမ်း၊ ဆေးလိပ်တို့သည် ငွေဖြုန်းတီးရေးအလုပ်တစ်ခုအဖြစ် ဝန်ပိစေသည်။ ''ကွမ်းစားတာ ပါးစပ်အမှိုက်ရှုပ်တာပဲ''ဟူ၍ ညည်းညူကြသည်။ ပါးစပ်အမှိုက်ရှုပ်ရုံသာမက ပတ်ဝန်းကျင်ကို ပါ ညစ်ပတ်စေသည်။ သန့်ရှင်းမှုကို ဟန့်တားသည်။

ကွမ်းသည် အိမြေဲ့သကဲ့သို့ ဂုဏ်ကျက်သရေကိုလည်း မဲ့စေနိုင်သည်။ ကွမ်းစားသူတိုင်း စည်းကမ်းမဲ့နေကြသည်။ ကွမ်းတံတွေးကို တွေ့ရာကြုံရာနေရာမှာ ထွေးချင်သလို လွတ် လွတ်လပ်လပ်ထွေးနေကြသည်။ နေရာမရွေး၊ အချိန်မရွေး။

အင်းဝ ဒုတိယမင်းခေါင်လက်ထက်တွင် ရှင်မဟာ သီလဝံသဆရာတော်၏ ဆုံးမစာလင်္ကာတွင် ''ကွမ်းဆေးမီ လျှင်၊ ဧည့်သည်မြင်သော်၊ အလျင်ခဏ၊ တည်ပါကြ''ဟူ၍ ထည့်သွင်းဖော်ပြခဲ့ရာ မြန်မာ့ကွမ်းဓလေ့သည် ကုန်းဘောင် ခေတ်နန်းတွင်းဓလေ့ပင်ရှိနေသည်ကို မှတ်သားရသည်။

ကုန်းဘောင်ခေတ်နန်းတွင်း အမှုထမ်းများခန့်အပ်ရာတွင် ''ယာတော်ကွမ်း၊ ကွမ်းရေတော်ကိုင်''ဟူသော နန်းတွင်းအသုံး အနှုန်းများကို ဖတ်ရသည်။

ကွမ်းကို ပန်းတနော်၊ မ္တလေးတိုင်းဒေသကြီး မတ္တရာ၊ ကျောက်ဆည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ရွှေဘိုတို့က စိုက်ပျိုးကြသည်။

ကွမ်းစားဆေးသောက်ခြင်းဓလေ့ဆိုးကြောင့် က္ဘာတွင် ခြောက်စက္ကန့်အချိန်ပိုင်းလေးတွင် လူသားတစ်ဦးနှုန်း သေဆုံး နေကြောင်း သုတေသီများက ညွှန်းဆိုသည်။

အလွှာမရွေး၊ အရွယ်မရွေး၊ အရွယ်သုံးပါးစလုံးက ကွမ်းစားဓလေ့ကို လက်ခံကျင့်သုံးနေကြသည်။ ကွမ်းစားသုံး ခြင်းက လူသားတစ်ဦးချင်းစီ၏ ကျန်းမာရေး
ရှုထောင့် အရ အကျိုး မပြုသော စားသုံးမှု ဖြစ်သည်။ ကွမ်းက ကင်ဆာနှင့် ဆက်နွှယ်သောရောဂါ၊ သွားဖုံး၊ ပါးစပ်ရောဂါ မျိုးစုံကို သယ်ဆောင်လာသည်။

လူအများ သွားလာနေသော လမ်းတစ်ဝိုက်တွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ စည်းကမ်းမဲ့ ကွမ်းထွေးခြင်းသည် တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာကို ကျဆင်းစေသည်။

တိုင်းတစ် ပါးခရီးစဉ်ဖြင့် သွားလာခဲ့သူတိုင်းက အမိမြန်မာပြည်တွင် ကွမ်းဓလေ့ဖြင့် ထင်တိုင်းစား၊ ထင်တိုင်းထွေး၊ ထင်တိုင်းစည်းမဲ့ ကမ်းမဲ့ဖြစ်နေမှုကို ရှက်တတ်စေချင်ပါသည်။

ကွမ်းစားသုံးသူ တစ်ဦးချင်းက အသိစိတ်ဖြင့် ရှောင်ကြဉ် ကြလျှင် စည်းကမ်း ကျနသော၊ စည်းကမ်း စောင့်ထိန်းသော၊ စည်းကမ်းကို လေးစားသော နိုင်ငံကြီးသား
ဖြစ်လာမည်မှာ မြေကြီး လက်ခတ် မလွဲနိုင်ပါ။

ကွမ်းတံတွေး ကိစ္စ ပြဿနာ မကြီးထွားမီ မီဒီယာ လောကမှ ပညာပေး စည်းရုံး ဟောပြောခြင်းကို လုပ်ဆောင် သင့်ပါသည်။ စာနယ်ဇင်း မီဒီယာ လောကမှ သတင်း၊ ဆောင်းပါး များဖြင့် နေ့စဉ်ဖော်ပြ ပေးခြင်းဖြင့် လူထု နယ်ပယ်သို့ ထိုးဖောက် ဝင်ရောက် သင့်ပါသည်။

ကွမ်းဓလေ့က လူမှုမီဒီယာတွင် ရှေ့တန်းမှရောက်နေသည်။ ကွမ်းစားခြင်းဓလေ့က မကောင်းကြောင်း၊ ကွမ်းမစားသင့် ကြောင်း ကျန်းမာရေးရှုထောင့်က
ရေးကြပြောကြသည်။

အမိနိုင်ငံတွင် ကွမ်းစားသူဦးရေက ကျမသွားပါ။ နိုင်ငံ တစ်လွှားတွင် လူငယ်ထုများထဲသို့ ထိုးဖောက်၍ ကွမ်းစားသူ အရေအတွက်က ပိုလာသည်။ ကွမ်းမစားလျှင်ပင် ခေတ်မမီ သည့် အသွင်သို့ဆောင်လာသည်။

ကွမ်းကို ဥပဒေ၊ အာဏာလုပ်ရပ်ဖြင့် ပိတ်ပင်တားဆီးမှု ထက် ကွမ်းကိုကျန်းမာရေးရှုထောင့်အရ မစားသင့်ကြောင်း၊ ကွမ်းစားနှုန်း လျှော့ချသင့်ကြောင်း၊ ကွမ်း၏ဘေးထွက်ဆိုးကျိုး များ သိရှိခံယူကျင့်သုံးလာအောင် ပညာပေးသင့်ပါသည်။

စည်းမဲ့ကမ်းမဲ့ ကွမ်းထွေးနေမှုကို အစဉ်အလာကောင်း တစ်ရပ်ပမာ လက်ခံခဲ့ကြသည်မှာလည်း ရာစုနှစ်ထက်ဝက်ပင် ပြည့်ခဲ့ပါပြီ။ မကောင်းသည့် အလေ့အကျင့်မှန်း မသိကျိုးကျွံ ဖြစ်လာအောင် မျိုးဆက်သစ်လူငယ်ထုအပေါ် ဥပေက္ခာပြုလွန်း သည်။

ကွမ်း၏ဘေးထွက်ဆိုးကျိုးကား ကင်ဆာ ..... ကင်ဆာ ..... ကင်ဆာ ..... ။

ကွမ်းကပေးသော ကင်ဆာ။ နေ့စဉ်ငွေပေးဝယ်၍ရသော ကင်ဆာ။ အဆိုပါကင်ဆာသည် ခံတွင်းကင်ဆာအဖြစ် ကျန်းမာ ရေးကို ဆိုးကျိုးဖြစ်စေနိုင်သည်။

ကွမ်းစားသုံးသူ၏ ခံတွင်းထဲ၌ အချွဲမြှေးခြောက်နေခြင်းကို သွားနှင့်ခံတွင်းဆရာဝန်ထံ ပြသခြင်း ဖြင့် အဖြေရှာသင့်ပါသည်။

ကွမ်းစားသူတိုင်း ခံတွင်းကင်ဆာမဖြစ်သော်လည်း ခံတွင်း ကင်ဆာရောဂါသည် ကွမ်းစားဓလေ့ကြောင့် ဆိုသည်ကို ကျန်းမာ ရေးဆရာဝန်တိုင်းက လက်ခံထား ကြသည်။ ပါးစပ်အတွင်းမှ မလိုလားအပ်သော အနံ့ဆိုးနှင့်အတူ အချွဲမြှေးများက ခြောက်ကပ် လာသည်။ ပါးစောင်က ခြောက်ကပ် လာသည်။ လျှာဖြင့်စမ်းသပ် ကြည့်ပါက ခြောက်၍ ကြမ်းတမ်း နေတတ်သည်။

မိမိလျှာဖြင့် ပါးစပ်ကို ပွတ်တိုက် ကြည့်ပါက ချောနေလျှင်၊ ချွဲတဲတဲ ဖြစ်နေလျှင် ကင်ဆာရောဂါ လက္ခဏာ စသည့် လက္ခဏာ ဖြစ်သည်။

အမိနိုင်ငံတွင် ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၁ဝနှစ် တာကာလ အတွင်း ကျောင်းသား လူငယ်များ ကွမ်းစားသုံးမှု အရေ အတွက် သုံးဆ ပိုလာကြောင်း ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းက ညွှန်းဆိုသည်။ ကွမ်းစားသုံးသူ ၁ဝဝ တွင် ၁ဝ ဦးက ခံတွင်း ကင်ဆာရောဂါကို သယ်ဆောင် ကြသည်။

ကွမ်းကြောင့် ကင်ဆာ ဖြစ်ပွားမှု၊ ခံတွင်းအနာပေါက်မှု ၈ ဒသမ ၅ ရာခိုင်နှုန်းအထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးတွင် ကင်ဆာ ရောဂါဖြစ်သူ အသက် ၁၈ နှစ်အထက် လူငယ် ၅၄၂ ဦးအထိ ဖြစ်လာကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံက ညွှန်းဆိုသည်။

မိမိအာဟာရဖြစ်မည့်အစာကို ငွေဖြင့်မဝယ်ယူကြဘဲ မိမိ ခန္ဓာကိုယ်ကို လူရာမဝင်အောင် အသေဆိုးနှင့်သေစေသော ကြောက်စရာကင်ဆာရောဂါဆိုးကို နေ့စဉ်ငွေပေး၍ မှီဝဲနေကြ သည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်အာဟာရဖြစ်စေသော အစာ အာဟာရအဖြစ် ဟန်ဆောင်၍ နေ့စဉ်လွှမ်းမိုးနေသည်။ နေ့စဉ် ငွေရာထောင်ချီ၍ ကုန်နေသည်။

ငွေကြေးအကုန်ခံ၍ နေ့စဉ်မှီဝဲသော အာဟာရအစာတစ်ခု က တစ်နေ့ မိမိ၏သေခြင်းကို ဖိတ်ခေါ်လာသူဖြစ်ကြောင်း စားသုံးသူပင်မသိ ဘာသိဘာသာနေလိုက်ပြီး စားသုံးမှီဝဲနေ ကြသည်။

ရောင်းချသော ဈေးဆိုင်ကလေးများကလည်း လမ်းဘေး ဝဲယာတွင် အလွယ်တကူရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်များမှာပင် သူတို့ နယ်မြေကြီးစိုးနေကြ သည်။ အလွယ်တကူ စားသုံးနိုင်အောင် ပလတ်စတစ်ထုပ်ကလေး များဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံးမှီဝဲလိုက်ကြသည်။
ထိုအရာကား အခြားမဟုတ် 'ကွမ်းယာ'။

ကွမ်းယာကို နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်း တွေ့ကြ ရသည်။ မှီဝဲ စားသုံးကြရသည်။ မြို့နေ၊ တောနေ လူဦးရေ၏ထက်ဝက်ခန့်က ကွမ်းယာ စားသုံးမှု အဖြစ် နေရာ ယူနေကြသည်။

လူမှုရေးလောကဝတ်တွင် ကွမ်းစား၊ ဆေးသောက်ကို ရိုးရာ ဧည့်ဝတ်လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများလက်ထက်ကပင် ခံယူဝတ်ပြုနေကြသည်ကတော့ မှန်ပါသည်။
သို့သော် ..... အစဉ်အလာ မလုပ်သင့်ပါ။ 'စဉ်' ထား၍ 'လာ' ကြခြင်းသာဖြစ်သည်။

အစဉ်အလာမလုပ်ဘဲ၊ ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ်ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့စရိုက်ဆိုးက လည်း ကွယ်ပျောက်သွားကြရမည်သာ ဖြစ်သည်။
''ကွမ်းစား ဆေးသောက်''ဟူ၍ ပေါ့ပေါ့လေးပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသောကြောင့် ''ဓလေ့''အသွင်ဟန် ဆောင်၍ လူ့ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေမင်းဆီ လက်တွဲခေါ်ခဲ့ကြောင်း မသိကြတော့ပါ။

ကျန်းမာရေးအသိ၊ ကျန်းမာရေးဗဟုသုတကို သိအောင် လည်းမလုပ်၊ ရှာမှီးခြင်းလည်းမရှိ။ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီးသားများက ဖယ်ရှား ကုန်ပြီ။ ယဉ်ကျေးသော နိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှု ကိုလည်း အကျည်းတန်စေနိုင်ကြောင်း လက်ခံယုံကြည်ကြပါ သည်။

ကွမ်းကို တစ်နေ့ကုန်ကျစရိတ် ငွေကျပ် ၅ဝဝ-၁ဝဝဝ စားသောလူတန်းစား။ တစ်နေ့ငွေကျပ်၂ဝဝဝ-၃ဝဝဝ ကုန်သော လူတန်းစား။ နေရာအနှံ့ပေါများနေသော မြို့ပြ၏ပြယုဂ် ကွမ်းယာဆိုင်များက ၂၄ နာရီ တွေ့မြင်နိုင်သည်။

ကွမ်းကို စည်းကမ်းရှိရှိစားလျှင်၊ ဝါးလျှင် လူမှုရေးနယ်ပယ် ၌ ပြဿနာမရှိ။ တွေ့သည့်နေရာ ထွေးချလိုက်ကြသည်။ ''ကွမ်းတံတွေးမထွေးရ'' ဆိုင်းဘုတ်စာတန်းပေါ်၌ပင် ကွမ်း တံတွေးများ ရဲရဲနီသွားကြပြီ။ ကွမ်းတံတွေးများက မြို့၏အဂ¯ရပ်ကို အကျည်းတန်အရုပ်ဆိုးစေသည်။ ဝန်းကျင်အလှကို ဖျက်ဆီးလိုက်ကြသည်။

ကွမ်းယာရောင်းသော ဆိုင်များတွင် ကွမ်းနှင့်ဆက်စပ် ပစ္စည်းများ၊ အိန္ဒိယဆေးမျိုးစုံများ ပူးတွဲရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့်အလားတူ Shikhar ဆေး များက နေရာယူလာကြသည်။ တစ်ထုပ်လျှင် ငွေ ၅ဝ-၁ဝဝ ပေးလိုက်က အိန္ဒိယဆေးတစ်ထုပ် ရနိုင်သည်။ ဆေးငုံကြသူများ၏ ပါးစပ် ခံတွင်း၌ ရောဂါတစ်မျိုးကို ဖန်တီးလိုက်သည်။

'ကင်ဆာ' ရောဂါ .....။

အမှုမဲ့ အမှတ်မဲ့ဝယ်ယူသုံးစွဲရာမှ လတွေ၊ နှစ်တွေ ကြာလာသော အခါ ကုစား၍ မရနိုင်သော သေမင်း၏တမန် တော်ရှေ့ပြေးတပ်သား 'ကင်ဆာ'ဟူ၍ အမည်တပ် လိုက်ပြီး ကုစား မရနိုင်သော ရောဂါ ဆိုးကြီး အဖြစ် ငွေကုန်သော်လည်း အသက်မမှီလိုက်သော အခြေအနေသို့ ရောက်လာသည်။

ကွမ်းစားခြင်း၊ ဆေးစားခြင်း၊ ကွမ်းဝါးခြင်း၊ ဆေးဝါးခြင်း အတတ်ပညာသည် အိမ်နီးချင်းနိုင်ငံအိန္ဒိယမှ တစ်ဆင့်ခံဓလေ့ ဖြစ်သည်။ မြန်မာ့နန်းတွင်းဓလေ့တွင် ''ကွမ်းစားခြင်း၊ ကွမ်းအစ်၊ ကွမ်းဖိုး''တို့ကို တွေ့မြင်ကြရသည်။ ရာဇဝတ်ပြစ်မှု ကျူးလွန်မှု အပေါ် ကျေအေးစေရန် ကွမ်းဖိုးပေးခဲ့ရသည်။

မြန်မာ့သမိုင်း ပုဂံရာဇဝင်မှတ်တမ်းတစ်ခုတွင် အိမ်ရှေ့ မင်းသားသီဟသူက လာလမ်းကြောင်းကို မဖယ်ပေး၊ အရို အသေမပြုသော အမတ်ကြီးရာဇသင်္ကြန်၏ အင်္ကျီလက်ပေါ်သို့ ကွမ်းတံတွေး ထွေးချခဲ့သည်။

ရခိုင်မင်းကြီးက ကွမ်းစားပြီး နန်းတော်တိုင်ကို ထုံးဖြင့် တို့ခဲ့မိ၍ ကိုယ့်ထုတ်ပြန်ချက် ဥပဒေအတိုင်း ကိုယ်တိုင် ကိုယ့်လက်ညှိုးကိုယ် ပိုင်းဖြတ်ခဲ့သည်။
ရတနာပူရ စေတုတ္တရာမြို့တည်မင်းတရားကြီး၏ မိဖုရား ခေါင်ကြီးက ကွမ်းသုံးဆောင်သောအခါ ထွေးပစ်သောကွမ်းရည် က ပန်းရောင်အဆင်းဖြစ်ကြောင်း စားတော်ဆက်သခဲ့ရာ အချိန် ၅ဝရှိ ငွေဖလားကို ချီးမြှင့်တော်မူခဲ့သည်။

ယခုခေတ်ဝယ် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီး ဆေး၊ ယာပြီးကွမ်းယာများက ပလတ်စတစ်အိတ်ကလေးတွေ ဖြင့် စားသုံးသူ၊ မှာကြားသူအတွက် အသင့်အနေအထားမှာ ရှိနေကြသည်။

ကွမ်းစားရာ၌ ကွမ်းသီးတွင်ပါသော(Arecoline) အေရီကိုလင်းဓာတ်က ခန္ဓာကိုယ်ကို လန်းဆန်းစေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ်သက်စေသည်။ အကြောအချဉ် ပြေစေသည်။ ထုံးဓာတ်က တံတွေးကိုပိုထွက်စေသည်။

ကွမ်းယာတွင်ရှိသော (Alkaloid) အယ်လ်ကာလွိုက်၊(Polyphenals) ပေါ်လီဖနယ်များက ဘေးထွက်ဆိုးကျိုး အနေဖြင့် လူကိုကင်ဆာဖြစ်စေနိုင်စွမ်းသည့် သွားနှင့်ခံတွင်း ဆိုင်ရာရောဂါများ ဖြစ်စေသည်။ သွားဖုံးရောင်ရောဂါ၊ မျိုးစုံလှသော အပိုဒုက္ခ၊ အပိုငွေကုန်ကျမည့် ဝဋ်ဒုက္ခများ၊ ကြောက်စရာ ကင်ဆာရောဂါဆိုးကြီးကို ယနေ့ပင် ဖယ်ရှား လိုက်ကြပါစို့ .....။

နေ့စဉ်ငွေပေးဝယ်နေကြသော ကွမ်းယာသည် ကင်ဆာ ရောဂါကို ဖြစ်စေပြီ .....။

ရွှေလင်းပြည့်စုံ

From : မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2016/07/blog-post_771.html

Read More »

Thursday, June 02, 2016

ကိုယ့်ဟာကို သူများပြချင်သူ




(ဒီစာအတွက် ကန်တော့ပါ။)

ပြပွဲကို (အိတ်စ်ဘီးရှင်း) လို့ အင်္ဂလိပ်လို ခေါ်တာ လူတိုင်း သိပါတယ်။ ပြတယ် ဆိုတာ သူများ မြင်စေချင် လို့ပါ။ ဒါပေမယ့် ဆေးစာမှာ (အိတ်စ်ဘီးရှင်း နဇင်) ဆိုတာ ကတော့ သူများ မမြင်စေအောင် ဖုံးထားရမှာ ကိုမှ တမင် တကာ ပြချင်တဲ့ စိတ်အရ လုပ်တာ ဖြစ်ပါတယ်။

သစ်သီးဝလံပြပွဲလိုမျိုး ပြတာမဟုတ်ဘူး။ လိင်ပိုင်းဆိုင်ရာ မူမှန်မဟုတ်တာ (ပါရာဖိလပ်စ်) တွေထဲက အမျိုးအစားတခုပါ။ သူများကို တမင်တကာပြချင်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း ဆိုတာ ထုံးစံ ပုံမှန်ဆိုရင် ဖုံးထားသင့်တယ်လို့ အများက ယူဆထားတာမျိုးတွေပါ။

ဥပမာ လိင်အင်္ဂါနဲ့ တင်ပါး၊ မိန်းမရင်သား။ အဲဒါက ယဉ်ကျေးမှုနဲ့လည်းဆိုင်တယ်။ အခုလို မတူတဲ့ယဉ်ကျေးမှုတွေရှိတဲ့ ကမ္ဘာကိုလှည့်ပတ်တဲ့ အလေ့အထကနေ ကမ္ဘာရွာဖြစ် လာစေတာမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတယ်။ အခု ကမ္ဘာရွာ သူတွေက မြန်မာပြည် လာမယ်တဲ့။

ကိုယ်ခန္ဓာကို သူများမြင်အောင် ကိုယ်လုံးတီး နေချင် ပြချင်တဲ့ စိတ်လိုအပ်ချက် ရှိလို့ လုပ်သူကို (ဖလက်ရှာ) ခေါ်ကြတယ်။ (မာတီမချီလိယား) ဆိုတာက လိင်ဆက်ဆံမှု ပြုနေ တာကို သူများမြင်တာ သဘောကျတဲ့ သူမျိုး။ ပုံမှန်ဖြစ်ပေါ်နေကြ လိင်အမူ အရာတွေနဲ့ မတူ တမူ ထူးတာတွေကို (ပါရာဖိလပ်စ်) ခေါ်တယ်။ (အပိုဒိုင်ဆိုဖီးလီယား) လို့လည်း သုံးကြတယ်။ လိင်အင်္ဂါကို မြင်စေအောင် စကပ်ကို လှန်ပြ တာမျိုးကို (အနာဆီမာ) လို့ခေါ်တယ်။ ဒီလိုမြင်စေချင်တာကို သူတို့က (ရှော့ခ် ဗယ်လ်ယူး) တန်ဖိုး တရပ်လို သဘော ထားသတဲ့။

ညကလပ်နဲ့ (ဘား) တွေမှာ အဲလိုလုပ်ကြတယ်။ ဒါမှ လူစည်မှာမို့။ ဒါပေမယ့် ဗလာကပြ အသုံးတော်ခံတဲ့ မိန်းကလေးတိုင်းက အဲဒီဝါသနာရှိတယ်လို့တော့ ပြောမရဘူး။ စားဝတ်နေရေး အတွက် လုပ်ကြ ရတာရှိတယ်။ သဘာဝအရ မိန်းမတွေမှာ ကိုယ့်အတွင်းအင်္ဂါကို သူများမြင်အောင် ပြချင်စိတ်ရှိတာ အလွန်နည်းပါတယ်။

သူတို့လုပ်လေ့ရှိတာက ပြူတင်းပေါက်ကနေ အပေါ်ပိုင်းလှတာကို ပြချင်တာမျိုး။ ဆွဲဆောင်ချင်တာလည်း ဖြစ်နိုင်သလို ကိုယ်တိုင် ကျေနပ်မှုရချင်တာလည်း မှန်တယ်။

အင်္ကျီလယ်ဟိုက်၊ ခါးဖော်၊ တင်ပေါ် ဝတ်ချင်သူတွေဟာလည်း မော်ဒယ်တွေ အတုခိုးချင်တာရော အနည်းနဲ့အများ ဒီလိုမျိုးရောပါ ရှိတတ်တယ်။ စာတအုပ်မှာ ရေးထားတယ်။ မိန်းမတွေက အင်္ဂါစပ်ကလွဲရင် အကုန်ပြချင်တယ်။ ယောက်ျားများက ဘာတခုမှတော့ မပြချင်ဘူး၊ ဒါပေမယ့့် တဲ့။

တချို့က (အိတ်စ်ဘီးရှင်းနစ်) ကိုယ့်အသားဖော်ပြသူမျိုးကို လူနေမှုပုံစံတခုလို့ သဘောထားကြတယ်။ သူတို့ မြင်စေချင်တဲ့သူကို ရွေးပြီးမှ မြင်စေအောင် လုပ်တယ်။ ပြတာလည်း ခဏပဲ။ ကိုယ်ဗလာ နေစာလှုံတာ၊ ကိုယ်တုံးလုံးချွတ် ရေကူးတာ၊ လူစည်စည်မှာ ဗလာကျင်း နေကြတာမျိုးတွေက မတူဘူး။ သူတို့နဲ့ တော်သလင်းဇာတ်နဲ့ ကွာတာက အဝတ်ဗလာ နေတာကို စံလို့ သတ်မှတ်ပြီး လိင်ဆက်ဆံမှု မပါရဘူး။

တချို့က ကိုယ့်လိင်အင်္ဂါကို သူများပြရင်း ကိုယ့်ဘာသာ အာသာဖြေတယ်။ သူများကို လာပြီး အတူနေလှည့်ပါသဘော မပါဘူး။ သူ အဲလိုလုပ်ပြနေတာကို မြင်တဲ့သူမှာ လိင်စိတ်ကြွလာတာကို လုပ်ပြသူက ကျေနပ်မှုတမျိုး ရနေတတ်တယ်။ တချို့တွေက တယောက်တည်းဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် လုပ်ကြပြီး လိင်နဲ့ဆိုင်တာပါတယ်။ တချို့မှာ အဲလိုလုပ်လိုက်ရလို့ ငါကွဆိုပြီး ဘဝင်ခွေ့တယ်။ ငါအရင်လုပ်တာဆိုတဲ့ ပထမဆုံးလူ ဖြစ်ချင်တယ်။ ဖက်ရှင်ဖြစ်ချင်တယ်။ စိတ်ဦး၊ စိတ်ထူးနဲ့ စိတ်ရူးပါပဲ။

အမေရိကန်စိတ်ပညာအသင်းရဲ့ ရောဂါရှာဖွေရေးနဲ့ စာရင်းဇယားအရ (ပါရာဖီးလားစ်) နဲ့ (အိတ်စ်ဘီးရှင်းနဇင်) တွေမှာ ဒီလက္ခဏာတွေရှိတယ်။ (၁) ထပ်ခါထပ်ခါ လုပ်တတ်တယ်၊ (၂) ပြင်းပြတယ်၊ (၃) လိင်ဆီကို တွန်းပို့တယ်၊ (၄) လူနဲ့ မဆိုင်တာမျိုးအပေါ်မှာ လိင်စိတ်တပ်မက်မှုဖြစ်တယ်၊ (၅) အဖော်ကိုရော ကိုယ့်ကိုယ်ကိုယ်ပါ ဒုက္ခပေးပြီး စော်ကားရာ ကျစေတယ်လို့ ဆိုထားတယ်။

ပြတဲ့သူက ယောက်ျားဖြစ်ပြီး မြင်ရ-ကြည့်ရသူက မိန်းကလေး၊ အသက်လည်းငယ်ရင် ခြောက်လှန့်မှုပါ ဖြစ်စေတယ်။ သူများကိုရော ကိုယ့်ကိုယ်ကိုယ်ပါ စိတ်ထိခိုက်မှုနဲ့ ပြဿနာ
ကြီးစေနိုင်တယ်။ လုပ်နေ-မြင်နေကြ မဟုတ်ဘူး၊ အစွန်းရောက်တယ်။ ဒီလို ကိုယ့်ဟာကို သူများပြချင်တဲ့ အပြုအမူမျိုးကို တချို့က အပျော်အပျက်သဘောထားပေမယ့် ပြင်းထန်တဲ့ အမူအရာ ပြဿနာဖြစ်တယ်။ ပညာရှင်တွေက စိတ်သတင်းပို့လွှတ်မှု မထိန်းနိုင်တဲ့ ပြဿနာလား၊ အစွဲအလမ်းကြီးမှု ပြဿနာလား စဉ်းစားကြတယ်။

(ပါရာဖီလားစ်) အမျိုးအစားတွေ အများကြီးရှိတယ်။ ပြချင်တာရော ကြည့်ချင်တာတွေပါတယ်။ (အိတ်စ်ဘီးရှင်းနဇင်) ဆိုတာ ကိုယ့်လိင်အင်္ဂါကို တမင်တကာ တစိမ်း တယောက်ကို
ပြချင်တာနဲ့ သူများမြင်အောင် လိင်ဆက်ဆံ ချင်စိတ် ဖြစ်ချင်တာနဲ့ တကယ်လုပ်တာ၊ (ဖက်တစ်ရှ်ဇင်) ဆိုတာ လူ့ကိုယ်ခန္ဓာ မဟုတ်တာမျိုးကို လိင်စိတ်နဲ့ တပ်မက်တာ၊ (ဖရိုတူရဇင်) ဆိုတာ ကိုယ့်ကို သဘာမကျသူကိုသာ တန်းတန်းစွဲ ထိချင်-ကိုင်ချင်-ပွတ်သပ်ချင်စိတ် ဖြစ်နေတာ၊ (ဂျာရွန်တိုဖီလီယား) ဆိုတာ အသက်အရွယ် ကြီးနေသူအပေါ်မှာ လိင်စိတ်ဖြစ်တာ၊ (အင်ဖန်တိုဖီးလီးယား) ဆိုတာ ကလေးငယ်ငယ်လေးတွေကို လိင်စိတ်ဖြစ်တာ၊ (မက်ဆိုချစ်ဇင်) ဆိုတာ လိင်ဆက်ဆံတုန်းမှာ အဖော်ကနေ သူ့ကို အနိုင်ကျင့်တာ၊ ရိုက်ပုတ်တာ၊ နာစေတာမျိုးကို ခံချင်စိတ်ရှိတာ၊ (ပါရှယ်လဇင်) ဆိုတာ လိင်နဲ့မဆိုင်တဲ့ ကိုယ်ခန္ဓာ တခြားနေရာကို တပ်မက်တာ၊ (ဆက်ဒဇင်) ဆိုတာ သူများကို အနိုင်ကျင့်တာ၊ ရိုက်ပုတ်တာ၊ နာစေတာမျိုးကို လိင်စိတ်နဲ့ လုပ်ချင်စိတ်ရှိတာ၊ (ထရန့်စ်ဗာစတိုင်းလ် ဖက်တစ်ဇင်) ဆိုတာ ဆန့်ကျင်ဘက်လိင်ရဲ့ အဝတ်အစား အသုံးအဆောင်ကို တပ်မက်နေတဲ့စိတ်၊ (ဗွိုင်ယူရဇင်) ဆိုတာ သူများ ကိုယ်တုံးလုံးနေတာ၊ အဝတ်အစားချွတ်နေတာ၊ လိင်မှုပြုနေတာကို ချောင်းကြည့်ချင်နေတဲ့စိတ်။

အမေရိကားမှာ အိမ်ထောင်ကျပြီးသူတွေမှာ အဲလိုရောဂါ အဖြစ် များကြတယ်။ ကျူးလွန် သူတွေက ယောက်ျား၊ ခံရသူတွေက မိန်းမ၊ ကလေးနဲ့ တစိမ်းတရံတွေ များတယ်။ ဇီဝဗေဒ သီအိုရီတွေက (တက်စတိုစတီရုံး) ဟော်မုန်းကြောင့်လို့ ယူဆတယ်။ စိတ်ပညာ သီအိုရီတွေက သားယောက်ျားလေးဟာ သူ့မိခင် (မိန်းမ) နဲ့ မတူတာကို ပြချင်စိတ် ဖြစ်ပေါ်တာလို့ ယူဆတယ်။

ဘယ်လိုကုသမလဲ။ ဖြစ်နေသူတွေက ဆရာဝန်ဆီ မလာကြပါ။ ပြဿနာပေါ်မှ ရောက်လာတယ်။ စိတ်ကုသနည်း အမျိုးမျိုး၊ ဆေးပေးနည်း၊ ဟော်မုန်းပေးနည်းတွေ ရှိတယ်။ သင်တန်း နည်းတွေလည်း ရှိတယ်။ အရင်က အဲလိုလွန်ကဲတဲ့ ယောက်ျားတွေကို ကျားအစိထုတ်ပြီး သင်းကွပ်တယ်။ တချို့နေရာတွေမှာ အခုလည်း ရှိပါတယ်။ အသုံးများတာကတော့ (ဒီပို ပရိုဗားရား) သုံးလခံ ကိုယ်ဝန်တားဆေး ထိုးတယ်။ ၆ဝ-၈ဝ ရာခိုင်နှုန်း ထိရောက်တယ်။ ဝလာမယ်၊ အရိုးအားနည်းလာမယ်၊ ရင်သားကြီးလာမယ်။ ဆက်တိုက် မုဒိမ်းကျူလွန်တဲ့ ယောက်ျားတွေ ကိုလည်း ဒီနည်းနဲ့ ပြစ်ဒဏ်ပေးတယ်။ မိန်ကလေးတွေ အဲလိုပြချင်တာကို ကုသနည်း မတွေ့သေးပါ။ ဆောရီး။

(အိတ်စ်ဘီးရှင်းနဇင်) ကို (လေဒီ-ဂိုဒီဗာ-ဆင်ဒရုမ်း) လို့ ခေါ်ပါတယ်။ သူက အင်္ဂလန်နိုင်ငံ (ကိုဗက်ထရီ) မြို့လယ်ခေါင် ကိုယ်လုံးတီးနဲ့ မြင်းစီးခဲ့သူ ဂုဏ်သရေရှိ အမျိုးသမီး
ဖြစ်တယ်။ မြို့စားကတော်ဟာ သူ့ယောက်ျား လောဘကြီး တာကို လျော့စေအောင်လို့ သူ့ခန္ဓာကိုယ်ကို တမြို့လုံးမြင်အောင် ပြခဲ့ ပါတယ်။ ဒါကိုမြင်သွားတဲ့ (တွမ်) ကို (ပီပီးတွမ်) နဲ့ လေဒီကို (အိတ်စ်ဘီးရှင်းနစ်) ခေါ်တယ်။ သူများကို ချောင်းကြည့် သူတွေကို (ပီပီးတွမ်) လို့ ခေါ်ပါတယ်။

ဒီဗွီဘီ by Dr. တင့်ဆွေ

Originally published at - http://burmese.dvb.no/archives/152843

Read More »

Wednesday, April 06, 2016

သင်္ကြန်လည်မည့်သူများ အရေပြားရောဂါ မခံစားရရန် ကြိုတင်ပြင်ဆင်မှု လုပ်သင့်




သင်္ကြန်မှာ လည်ပတ်မယ့် သူတွေ အရေပြား aရာဂါ မခံစားရဖို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင် သင့်တယ်လို့ အရေပြား အထူးကု ဆရာဝန်က ပြောကြား လိုက်ပါတယ်။

မကြာခင် ကျရောက်မယ့် သင်္ကြန် ကာလဟာ ခရမ်းလွန် ရောင်ခြည် အပူရှိန် မြင့်တက်မှုနဲ့ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညို ကာလ ကြုံတွေ့ နေရတဲ့ အတွက် သင်္ကြန် လည်မယ့် သူတွေ အပူရှိန် လွန်ကဲမှုနဲ့ ကြုံရမှာပါ။

နေပူဒဏ်အပြင် ရေစိုမှုကြောင့် အရေပြားပျက်စီးတာ၊ ခရမ်းလွန်ရောင်ခြည် အန္တရာယ် ကိုယ်ထဲ ပိုပြီး ဝင်ရောက်တာတွေ ဖြစ်စေနိုင်ပါတယ်။

အရေပြား ပျက်စီးနိုင်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အရေပြားအထူးကုဆရာဝန် ဒေါက်တာလင်းထက်က “သင်္ကြန်ကာလအတွင်းမှာ အရေပြားပျက်စီးတဲ့ အကြောင်းရင်းတွေက နေရောင်ခြည်ကြောင့်ဖြစ်တာ ရှိသလို လေကြောင့်လည်း အရေပြားတွေ ပျက်စီးတယ်။

ကားနဲ့လည်ကြတာ၊ ကားပေါ်မှာ မတ်တပ်ရပ်ပြီး လေတွေတဟူးဟူးတိုက်ပြီး ကားမောင်းသွားတယ်။ ရေစိုတယ်၊ နေထိုးလိုက်တော့ ပူပြီးခြောက်သွားတယ်၊ လေတိုက်တော့ ပိုခြောက်သွားတယ်။

သုံးခုစလုံး ပေါင်းလိုက်တော့ အရေပြားပျက်စီးမှာ ကြောက်ရတယ်။ စိုလိုက်ခြောက်လိုက်၊ ခြောက်လိုက်စိုလိုက်နဲ့ ဒီအရေပြားက ဘာခံနိုင်မှာတုန်း” လို့ ပြောပါတယ်။

အခုနှစ်သင်္ကြန်ကာလဟာ ၅ ရက်ဖြစ်တာကြောင့် နေရောင်ထဲ သွားလာလည်ပတ်မယ့်သူတွေ အနေနဲ့ ဦးထုပ်ဆောင်းတာ၊ နေကာမျက်မှန်တပ်တာ၊ အင်္ကျီလက်ရှည်ဝတ်ဆင်ပြီး နေရောင်ခြည်ဒဏ်ခံတဲ့ နေလောင်ခံ လိမ်းဆေးတွေလိမ်းတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ရေစိုအဝတ်၊ ဖိနပ် ကြာရှည်စွာ ဝတ်ဆင်တာကိုလည်း ရှောင်ရှားသင့်ပြီး ရေကောင်းရေသန့်နဲ့ မဖြစ်မနေ ပြန်လည်ဆေးကြောဖို့လည်း လိုပါတယ်။

သင်္ကြန်တွင်း ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ဒေါက်တာလင်းထက်က “သင်္ကြန်တွင်းမှာ နေရောင်ကာက ရိုးရိုးနေရောင်ကာနဲ့မရဘူး၊ ရေစိုခံတဲ့ နေရောင်ကာ၊ အဖြူရောင်ဆိုရင် ရေစိုလိုက်တဲ့အခါ အသားနဲ့ကပ်ပြီး နေရောင်က ဖောက်သွားနိုင်တယ်။

အဲဒီတော့ အရောင်ပါတဲ့အင်္ကျီ ၀တ်ရမယ်။ အမည်းရောင်တော့ မ၀တ်သင့်ဘူး။ အရောင်တောက်တဲ့ အင်္ကျီမျိုးကို ၀တ်ဆင်သင့်တယ်၊ သင်္ကြန်နဲ့လည်း အကိုက်ပေါ့” လို့ အကြံပြု ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျရောက်နေတဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက လွန်ကဲအဆင့်မှာ ကျရောက်နေပြီး မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်း အမြင့်ဆုံး ကျရောက်နေတဲ့အတွက် နေရောင်ခြည်ထဲထွက်ရင် ထိခိုက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှုအပြင် ပူပြင်းခြောက်သွေ့တဲ့ အယ်နီညိုရာသီဥတုပါ ဖြစ်ပေါ်နေတဲ့အတွက် အပူဒဏ်က လွန်ကဲစွာ ကျရောက်နေပြီး အပူဒဏ်ကြောင့် ရုတ်တရက် မူးလဲတာတွေ ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် ပူပြင်းမှု၊ ရေရှားပါးမှုနဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုတွေလည်း ကြုံတွေ့နေရပါတယ်။

ဒီဗွီဘီ by ထွန်းထွန်းသိန်း

Originally published at - http://burmese.dvb.no/archives/143240


Read More »

Wednesday, March 16, 2016

ကာကွယ်ဆေးများရဲ့ ကောလာဟလ




စိတ်ဆင်းရဲ စရာတွေက အတော်များ ပါတယ်။ အယ်လ်နီညိုဒဏ် ခံစားနေ ရတာ၊ သောက်သုံး ရေကန်တွေ အမြန် ခမ်းခြောက် သွားတာ၊ ကျောင်းသားနဲ့ တက်ကြွ လှုပ်ရှား သူတွေ ပြန်မလွတ် သေးတာ၊ ၅၉(စ) အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံကို မထိနိုင် မတို့နိုင် တာတွေ ပေါ့လေ။

ကျန်တာတွေလည်း အများ ကြီးပဲပေါ့။

အဲဒါတွေကို ဖြတ်တက်ပြီး အရေးပေါ် စိတ်ဆင်းရဲ စရာတစ်ခု ထပ်ဝင် လာပါတယ်။ ပဲခူးဆေး ရုံမှာ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးကို အပြင်ကနေ ဝယ်ထိုးပေး လိုက်တာ မွေးကင်းစ ကလေးငယ် သုံးယောက် အသက် ဆုံးရှုံး သွားပြီး ကျန်တဲ့ ကလေးတွေ ကိုလည်း အထူး ဂရုစိုက် ကုသ နေရတယ် ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက် ရပါတယ်။

ဘာတွေ ဘယ်လို မှားယွင်းကြတယ်တော့ မသိဘူး၊ လူမှန်းကို မသိသေးတဲ့ ကလေးလေးတွေ ခမျာမတော့ အသက်ဆုံးရှုံး ရရှာပြီ။

အခုနောက်ပိုင်း အသားဝါ ဘီပိုးဆိုတာ ဗမာပြည်မှာ တော်တော် တွင်ကျယ်လာတဲ့ ရောဂါပါ။ ဘီပိုး ရှိနေပြီဆိုတာကို ဗမာတွေ (ကွမ်းယာ စားပြီး ကွမ်းတံတွေး ထွေးသလို ပုံစံမျိုး လောက်နဲ့ပဲ) ပေါ့ပေါ့ ပါးပါး ပြောဝံ့ ဆိုဝံ့ ဖြစ်နေကြပါပြီ။

နောက်ဆက်တွဲ အန္တာရာယ်က မပေါ့ပါဘူး။ အင်မတန် လေးပင်ပါ တယ်။ ဒါကို တန်ပြန်တဲ့ အနေနဲ့ဆို အစိုးရပိုင်းက ဘီပိုး ကာကွယ်ဆေး ထိုးဖို့ ပညာပေး လှုံ့ဆော်မှုတွေ လုပ်တယ်၊ မွေးကင်းစ ကလေးတွေကိုလည်း နိုင်ငံပိုင် ဆေးရုံတွေမှာ ဘီပိုး ကာကွယ်ဆေးတွေ ထိုးနှံပေး တယ်လို့ သိရပါတယ်။

အင်မတန်ကောင်းတဲ့ အစီအစဉ်တွေပါ၊ ကျန်းမာရေးကဏ္ဍအတွက် ဘတ်ဂျက် တိုးသုံးနိုင် တာကြောင့်လဲ ဖြစ်မယ် ထင်ပါတယ်။

အခု ဒီကလေးတွေ ကိစ္စ မတိုင်ခင်မှာ ဘီပိုး ကာကွယ်ဆေးနဲ့ ပတ်သက်လို့ မောင်မှန် ကြားသိ ထားရတာလေးတွေ တင်ပြချင်ပါတယ်။

တစ်ချို့သော ကာကွယ်ဆေးတွေဟာ ဆေးမအောင်ပါဘူး။ မောင်မှန့် တူမလေး တစ်ယောက် ငယ်ငယ် ကတည်းက ဘီပိုး ကာကွယ်ဆေး ထိုးခဲ့ ပါတယ်။ မောင်မှန်ပဲ လိုက်ထိုးပေး ခဲ့တာပါ။

ဘီပိုးရှိ၊ မရှိ စစ်ဆေး၊ မရှိတဲ့ အခါ ကာကွယ်ဆေးကို တစ်လခြား သုံးကြိမ်၊ နောက်ငါးနှစ်ခြားစီ အားဖြည့် ကာကွယ်ဆေး ထိုးရမယ် နားလည် ခဲ့ပါတယ်။

အဲဒီအတိုင်း စနစ်တကျ လိုက်နာခဲ့ပါလျှက်နဲ့ ဒုတိယအကြိမ် ငါးနှစ်မြောက် ဆေးထိုးအပြီး သိပ်မကြာခင်မှာ တူမရဲ့ လုပ်ငန်းခွင် လိုအပ်ချက်အရ ဘီပိုးကာကွယ်ဆေးထိုးဖို့ ဖြစ်လာပါတယ်။

ထိုးပြီးသူဆိုတော့ ဆေးစစ်တာ ထပ်လုပ် ပါတယ်။ မောင်မှန့်တူမရဲ့ ခန္ဓာကိုယ်ထဲမှာ အသားဝါ ဘီပိုးကာကွယ်ဆေး အာနိသင် ဘာမှ မရှိတော့ ဘူးတဲ့။ မရှိတော့ဘူးလို့ ရေးရတာ တစ်ခါ ရှိခဲ့ဘူးတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။

တကယ့် မှတ်ချက်က မရှိဘူး၊ ဒါပဲ။ ရှေ့က စနစ်တကျ လိုက်နာပြီး ငွေကုန်ခံ အသားနား ခံပြီး ထိုးခဲ့သမျှ ဆေးတွေဟာ ဘာတွေမှန်း မသိတော့ဘူး၊ ဒီတော့ သွေးထဲများ ဘီပိုးရှိ မနေသေး တာကိုပဲ ကျေးဇူးတင် ရဦးမယ်။

ဆေးကိုလည်း အစကပြန်ထိုးရတော့တယ်၊ ဘယ်လိုတွေ ဖြစ်ကုန်တယ် မသိဘူး၊ နောက်ပြီး ဒါမျိုးဖြစ်တာ မောင်မှန့် တူမတင် မကဘူး၊ ဟိုကကြား၊ ဒီကကြားနဲ့ ခဏခဏ ကြားကြားနေ ရသေးတယ်။ ဒါတောင် အကြောင်းရှိလို့ ပြန်စစ်ဆေး ကြည့်ခွင့် ကြုံလို့ သိကြ ရတာနော်။ ပုံမှန်ပဲ ဆက်သွားနေရင် ဘာမှ သိမှာမဟုတ်ဘူး။ ကိုယ့်ဆေးက စွမ်းနေတယ်ပဲ ထင်မှာ။

မောင်မှန်က ကိုယ့်ကိုကိုယ် ကျန်းမာရေး ဗဟုသုတ ကြွယ်ဝသူ အဖြစ် ဂုဏ်ယူတတ်တယ်။ သိသမျှတွေ ကိုလည်း ပတ်ဝန်းကျင်ကို ဖြန့်ဝေ ပါတယ်။ ဆွေမျိုးသားချင်းထဲက ကလေးတွေ၊ လူကြီး တွေကိုလည်း ဘီပိုး ကာကွယ်ဆေး ထိုးဖို့ အမြဲ တိုက်တွန်း နှိုးဆော်ပါတယ်။ ထိုးနှံရမယ့် နေရာတွေ ကိုလည်း ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးပါတယ်။

အဲသလိုလုပ်ခဲ့သမျှတွေဟာ သဲထဲရေသွန် အဟာသိကံများ ဖြစ်နေပြီလားလို့ တွေးမိတယ်။ အခုနောက်ပိုင်း ဘီပိုးကာကွယ်ဆေး ထိုးတဲ့ ဌာနတွေမှာ တစ်လခြား ၃ ကြိမ် ထိုးပြီးရင် ဆေးအောင်/မအောင် ပြန်လည် စစ်ဆေးကြဖို့ တိုက်တွန်း ထားတာ တွေ့ရပါတယ်။

အထက်က မောင်မှန်တင်ပြခဲ့တဲ့ ဆေးအာနိသင် ပြယ်သွားတဲ့ ပြဿနာတွေ များလားလို့လားတော့ မသိဘူး။

ကာကွယ်ဆေးထိုးပြီး အာနိသင် မရှိတာက ကာကွယ်ဆေးထိုးပြီး သေရတာ ထက်တော့ တော်ပါသေးတယ်။ ပြီးတော့ ကာကွယ်ဆေး အထိုးခံရတဲ့ ကလေးတွေခမျာ သူတို့ ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ကိစ္စလည်း မဟုတ်ရှာဘူး။

လူကြီးတွေပြုသမျှ နုကြရရှာတာ၊ ပေါ့စေလိုလို့ ကြောင်ရုပ် ထိုးခါမှ ဆေးကြောင့်လေးကြရရှာတာ၊ ဒီနေရာမှာ ကာကွယ်ဆေးထိုးတဲ့ ပြဿနာက အကြီးကြီး ရှိလာပြန်တယ်။

ပဲခူးဆေးရုံကိစ္စဟာ ရပ်ကွက်ကျေးရွာတွေမှာကျ ရပ်စကား၊ ရွာစကားအနေနဲ့ဆို ခုလိုဖြစ်သွားမှာ ခင်ဗျ၊ "ပဲခူးဆေးရုံမှာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးလိုက်လို့ ကလေးတွေ သေကုန်ပြီ၊ နင်တို့ကလေးတွေမွေးလို့ ဆေးရုံက ဘီပိုးကာကွယ်ဆေး ထိုးပေးမယ်ဆိုရင် မထိုးကြနဲ့၊ သေလိမ့်မယ်" ဆိုပြီး အရပ်စကား ဖြစ်သွားမှာ။

မောင်မှန်တို့လူမျိုးက သိတဲ့အတိုင်းပဲလေ၊ တစ်ခုခုစွဲမိသွားရင် သေအထိပဲ၊ မပျောက်တော့ဘူး။ ဟိုအရင်တုန်းကလည်း ဒါမျိုးတွေ ဖြစ်ခဲ့ဖူးပါ တယ်။ ဆုံဆို့ကြက်ညှာ ကာကွယ်ဆေး ထိုးလိုက်လို့ ကလေးဘယ်လို ဖြစ်သွားတယ်၊ ပိုလီယိုကာ ကွယ်ဆေး ထိုးလိုက်တဲ့ကလေး ပိုလီယိုဖြစ်သွားတယ်။

ဘာကာကွယ်ဆေး ထိုးလိုက်လို့ ကလေး ဘာဖြစ်သွားတယ် အစရှိသဖြင့် ကြားခဲ့၊ တွေ့ခဲ့ကြရဖူးပါတယ်။ (သေတဲ့အထိတော့ မကြားဖူးခဲ့ပါ)

ကာကွယ်ဆေးထိုးလိုက်လို့ ဒါမျိုးတွေ ဖြစ်တယ်ဆိုတဲ့ သတင်းဟာ တဖြေးဖြေး တစ်စတစ်စ ကျယ်ပြန့်သထက် ကျယ်ပြန့်သွားပြီး နောက်ဆုံးမှာ ဖားပြုပ်ကိုက် ကနေ တရုပ်ရိုက်တဲ့ အဆင့်ထိ ကောလာဟလရဲ့ သဘောတရား အတိုင်း ဖြစ်သွား ပါတော့တယ်။

ဒီမှာတင် ကျန်းမာရေး ဗဟုသု တနည်းပါးတဲ့ ပြည်သူလူထုကြီးအကြားမှာ ကာကွယ်ဆေးဟူသမျှ ဆန့်ကျင်ကြဆိုတဲ့ အဆင့်အထိ ဖြစ်သွားပါတော့တယ်။

အိမ်တိုင်ရာရောက် လိုက်လံထိုးနှံ တိုက်းကျွေးပေးတဲ့ ကာကွယ်ဆေးတွေ ကိုတောင် အထိုးအကျွေးမခံနိုင်လို့ ကလေးမရှိဘူးဆိုပြီး ဝှက်ထားတဲ့ မိဘတွေတောင် ရှိလာပါတယ်။

ဒါမျိုး ဘာ့ကြောင့် ဖြစ်ရသလဲလို့ မောင်မှန် ဉာဏ်မီသလောက် စဉ်းစားကြည့်တဲ့အခါ တိကျ ခိုင်မာတဲ့ ရှင်းလင်းချက်တွေ ကျန်းမာရေး တာဝန်ရှိသူတွေဘက်က ထွက်မလာလို့ပါခင်ဗျာ။

ပိုလီ ယိုကာကွယ်ဆေး ထိုးလိုက်လို့ ပိုလီယို ချက်ခြင်းဖြစ်သွားတဲ့ ကလေးရှိရင် ဆေးထိုးတဲ့ ကလေးတိုင်း ဖြစ်တာမဟုတ်ဘူးဆိုတာက စရှင်းရမယ် ထင်ပါတယ်။ ပြီးမှ ကာကွယ်ဆေးရဲ့ အာနိသင် ပျက်ပြယ်နေ သလား၊ ဒါမှမဟုတ် အာနိသင် ပြောင်းသွားသလား စစ်ဆေး အဖြေထုတ်သင့်တယ်။

နောက် ဆေးထိုးဆေးကျွေးခြင်း ခံရတဲ့ ကလေးငယ်ရဲ့ ကျန်းမာရေး ကိုယ်ခံအားကို စစ်ဆေး ထုတ်ပြန်ပေး ရမယ်။ ဆေးထိုးဆေးကျွေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အမှားအယွင်း (ဆေးပိုသွားတာ၊ လိုသွား တာ) စသဖြင့် ရှိရင်လည်း စိစစ်ပေး ရမှာပါပဲ၊ တစ်ခုတော့ ရှိတယ် အဲဒါတွေ အားလုံးကို ရိုးရိုး သားသား မှန်မှန် ကန်ကန် လုပ်ပေးဖို့တော့ လိုပါတယ်။

ကိုယ့်အပြစ်ဖြစ်မှာစိုးတာနဲ့ ရိုးရိုးမှန်မှန် မထုတ်ပြန်ကြရင် ပြဿနာရဲ့ ဇစ်မြစ်ကို ဆုပ်ကိုင်နိုင်မှာ မဟုတ်ပါ။ အရင်တုန်းကတော့ မှန်မှန်မှားမှား အဲဒါတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး တာဝန်ရှိသူတွေဘက်က ဖြေရှင်းချက်ပေးတာ မတွေ့ရသလောက်ပါခင်ဗျာ။

ဒီတော့လည်း လူထုထဲမှာ ကောလာဟလဟာ အမြစ်တွယ်ပြီး အပင်ပေါက်တော့တာပေါ့။

ခု ဘီပိုးကာကွယ်ဆေးကိစ္စကတော့ သေသေချာချာ စိစစ်နေပြီလို့ သိရပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာကိုလည်း အခိုင်အမာ ထုတ်ပြန်သွားမယ့်သဘောပါပဲ၊ ဘီပိုးကာကွယ်ဆေးထိုးတဲ့ ကလေးတိုင်း တိမ်းပါးကြတာမှ မဟုတ်ဘဲ။

တာဝန်ရှိသူက တာဝန်ခံဖို့သာ လိုပါတယ်။ အာနိသင်မရှိတဲ့ ဆေးတွေမဖြစ်ဖို့ပဲ လိုပါတယ်။ ဒါမှလည်း ကာကွယ်ဆေးတွေအပေါ် ပြည်သူတွေက ယုံကြည်ကိုးစား ကြမှာပေါ့၊ တိုင်းပြည်ရဲ့ အနာဂါတ် ကျန်းမာရေးကောင်းမှာပေါ့။

ဒီတပတ်တော့ အတည်ပေါက်တွေ များသွားပါတယ်။ တိမ်းပါးသွားတဲ့ ကလေးမိဘတွေကို ကိုယ်ချင်း စာနာမိလို့ပါ။ ဒေါက်တာ မောင်မှန် ပေါ့ခင်ဗျာ။

Photo - http://drayeminhtoo.blogspot.com/

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/12366


Read More »

Saturday, September 26, 2015

လိင်ပိုင်းဆိုင်ရာ စွမ်းရည်နှင့် လိုအပ်သော အာဟာရဓာတ်များ



လိင်ပိုင်းဆိုင်ရာ စွမ်းရည်မြင့်တက်ဖို့ အာဟာရဓာတ်တွေက အရေးပါပါတယ်

ပျော်ရွှင်တဲ့ လိင်ဆက်ဆံမှု ရှိနေခြင်းက ကိုယ်ခံအား စနစ် ကောင်းမွန်အောင် အထောက် အကူဖြစ် စေတယ် ဆိုတာ တော်တော် များများများ သိထား ကြပါတယ်။

အသက်ရှူလို့ ပိုကောင်းလာတာ၊ သွေးလည်ပတ်မှု ပိုကောင်းလာတာ စတဲ့ တခြား အကျိုးကျေးဇူး တွေလဲ ရနိုင်ပါတယ်။ ကျန်းမာပြည့်စုံတဲ့ လိင်မှုဘ၀ကို ထိန်းသိမ်း ထားခြင်း အားဖြင့် နာတာ ရှည်တာကျင် ကိုက် ခဲမှုတွေနဲ့ စိတ်ဖိစီးမှု တွေကို လျော့ကျ သက်သာစေ ပါတယ်။ ဒီလို ထိန်းသိမ်း ထားနိုင်ဖို့ရော ကျန်း မာ ရေးကောင်းမွန်ဖို့ အတွက်ပါ အထောက် အကူပေးတဲ့ အာဟာရတွေ ရှိနေတယ်ဆိုတာ သင် သိပါသလား။

လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီ နည်းတွေထဲမှာ အကောင်းဆုံးကတော့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရ ဓာတ်တွေပါပဲ။ လိင်ဆက်ဆံခြင်းဆိုတာ ကိုယ်ခန္ဓာရဲ့ ပုံမှန်အလုပ်တခု ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ဟန်ချက်ညီမျှမှုကို ဗီတာမင်တွေရဲ့ အကူအညီနဲ့ ရယူနိုင်ပါတယ်။ လိင်မှု ဆိုင်ရာ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် အထောက်အကူပေးတဲ့ အရေးပါတဲ့ အာဟာရ ဓာတ် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင် E

ဗီတာမင် E ဟာ စွမ်းအားပြည့်ဝတဲ့ Antioxidant (ဓာတ်တိုး ဆန့်ကျင်ပစ္စည်း) တခုဖြစ်ပြီးတော့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုဟာ လိင်မှုကိစ္စမှာ အရေးအပါဆုံး ဖြစ်ပါတယ်။ ဗီတာမင် E ကို ရရှိနိုင်တဲ့ အရင်း အမြစ်အချို့ကတော့ အစေ့များ၊ အဆံများ၊ ကီဝီသီး၊ ဟင်းနုနယ်၊ ခရမ်းချဉ်သီး၊ သရက်သီးနဲ့ ဟင်းရွက်ဆီ အမျိုးမျိုးတို့ ဖြစ်ပါတယ်။

ဗီတာမင် B များ

ဗီတာမင် B-1၊ B-2၊ B-3၊ B-5 နဲ့ B-12 တို့က လိင်မှုဆိုင်ရာ ဆန္ဒကို တိုးစေပြီးတော့ သွေးစီးဆင်းမှုကိုလည်း တိုက်ရိုက် သက်ရောက်စေပါတယ်။ ဗီတာမင် B-12 ကို စိတ်ကျဝေဒနာ ရောဂါလက္ခဏာရှိသူတွေရဲ့ စိတ်ခံစားမှုနဲ့ အင်အားကို မြှင့် တင်ပေးရာမှာ အသုံးပြုကြပါတယ်။ B-12 ကြောင့် စိတ်ခံစားမှု လန်းဆန်းကောင်းမွန်လာရင် လိင်မှုဘ၀မှာလည်း ကျေနပ် မှု ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။

L-Arginine

L-arginine က ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ Amino Acid သို့မဟုတ် ပရိုတိန်းဖြစ်ပါတယ်။ အမျိုးသားတွေ၊ အမျိုးသမီး တွေရဲ့ လိင်အင်္ဂါအတွင်းကို သွေးစီးဆင်းမှုပိုတိုးလာအောင် L-arginine က အကူအညီပေးပါတယ်။ ဒါကြောင့် ကိုယ်စား မယ့် အစားအစာထဲမှာ ပိုရိုတိန်း အလုံအလောက်ပါဝင်ရမှာ ဖြစ်ပါတယ်။ L-arginine ကို ဆေးတောင့် အနေနဲ့လည်း ရရှိ နိုင်ပါတယ်။

Zinc (သွပ်)

အမျိုးသား၊ အမျိုးသမီးများ လိင်စိတ် နိုးကြားလာရေးအတွက် အရေးကြီးတဲ့ ဟော်မုန်းတခု ဖြစ်တဲ့ Testosterone ကို ထုတ် လုပ်ဖို့ Zinc (သွပ်) လိုပါတယ်။ testosterone နည်းနေမယ်ဆိုရင် လိင်စိတ်လည်း သိသိသာသာ လျော့ကျ သွားပါတယ်။ Zinc (သွပ်)ဓာတ် ကြွယ်ဝတဲ့ အစားအစာ တချို့ကတော့ ဟင်းနုနယ်၊ ကြက်သွန်ဖြူ၊ ဖရုံစေ့၊ ကမာကောင် တို့ဖြစ်ကြပါ တယ်။

ဗီတာမင် C

ဗီတာမင် C ဟာ ဗီတာမင် E လိုပဲ လိင်မှုဘ၀ကို တိုးတက်ကောင်းမွန်စေပါတယ်။ တကယ်တော့ သွေးလည်ပတ်မှု ကောင်း စေဖို့ အတွက် ဗီတာမင် E ဟာ ဗီတာမင် C ကို လိုအပ်ပါတယ်။ ရှောက်မျိုးနွယ်ဝင် အသီးများဟာ ဗီတာမင် C ရရှိနိုင်တဲ့ အကောင်းဆုံး အရင်း အမြစ်တွေဖြစ်ပါတယ်။ လိမ္မော်၊ သံပုရို၊ သံပုရာ၊ ဂရိတ်ဖရု အစရှိတဲ့ ရှောက်မျိုးနွယ်ဝင် အသီးတွေ ကမ္ဘာပေါ်မှာ အလွန်ပေါများပါတယ်။

Citrulline

Citrulline ဓာတ် ကတော့ သဘာဝ Viagra ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာအတွင်းမှာ Nitric acid ကို ထုတ်ပေး နိုင်လို့ ဖြစ်ပါတယ်။ သွေးထဲမှာ အောက်ဆီဂျင်
ပြန်ဖြည့်ဖို့အတွက် nitric acid လိုအပ်ပါတယ်။ သွေးစီးဆင်းမှုကို ပိုကောင်း လာစေပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်ပါဝင်ပါတယ်။

Kava

Kava (ပစိဖိတ် အနောက်ပိုင်းမှ ထွက်သည့် ငရုတ်ကောင်း တမျိုး၏ အမြစ်) က အမျိုးသား၊ အမျိုးသမီးတွေရဲ့ စိတ်ညစ် ညူးမှုနဲ့ စိတ်ဖိအားတွေကို လျှော့ချပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

လိင်စိတ်ဆန္ဒ နည်းပါး ရခြင်းရဲ့ အကြောင်းရင်း တွေထဲမှာ အများဆုံးတွေ့ရတာက စိတ်ဖိစီးမှု ဖြစ်ပြီးတော့ အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေး၊ နေ့စဉ် ကျင်လည်ရတဲ့ ဘ၀ စတဲ့ အခြေအနေ တွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားရပြီးတော့ ဒါတွေ အလွယ်တကူ ပျောက်ပျက်သွားအောင် kava က ကူညီပေးပါတယ်။ (kava ကို အရည်၊ ဆေးတောင့်၊ အရက် စတဲ့ ပုံစံတွေနဲ့ ထုတ်လုပ်ထားတာတွေ ရှိပါတယ်။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Original link - http://burma.irrawaddy.org/article/2015/09/26/95503.html

Read More »

Friday, September 25, 2015

နာကျင်နေသော ဆီးစပ်များ ၂




ဆီးစပ်၊ ဆီးခုံ နာကျင် မှုတွေနဲ့ ပတ်သက်ပြီး အရင် တပတ်က ပြောခဲ့ ပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းတွေ များလွန်း တော့လည်း ဆက်လက် တင်ပြ စရာတွေ ကျန်နေ ပါ သေးတယ်။ အစာ လမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ မျိုးပွား အင်္ဂါ လမ်းကြောင်းတွေ စုဆုံရာ ဒီနေရာမှာ နာကျင် ကိုက်ခဲ မှုတွေက အကြောင်း အရာစုံ၊ အမယ်စုံ လှတာမို့ ပါ။

ဆီးလမ်းကြောင်းရောဂါပိုးဝင်

ဆီးမကြာခဏ သွားချင်နေတယ်၊ ဆီးသွားတဲ့အခါ နာတယ်၊ ဆီးအိမ် တင်းနေသလို ခံစားရတယ် ဆိုရင်ဖြင့် ဆီးလမ်းကြောင်း ပိုးဝင်လေသလား စဉ်းစားရတော့မှာပါ။ UTI (Urinary Tract Infection) ခေါ်ပါတယ်။ ကုသလိုက်ရင် လွယ်ကူမြန်ဆန် ပျောက်ကင်းတတ် ပေမယ့် တခါတလေလည်း ပြင်းထန် ဆိုးရွားတတ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ် အထိ ရောဂါပိုးပျံ့နှံ့ပြီ ဆိုရင် စိုးရိမ်ရတဲ့ အကျိုးဆက်တွေ ဖြစ်လာတတ်ပါတယ်။ ကျောက်ကပ် ရောဂါပိုးဝင်တဲ့ အခါ ဖျားမယ်၊ အော့အန်မယ်၊ ခါးတခြမ်းနာမယ် ဆိုတာမျိုးတွေပါ တွဲပြီး ဖြစ်တတ်တာ သတိပြုရပါမယ်။

ဆီးကျောက်တည်

ဆီးသွားတဲ့ အခါ ခန္ဓာကိုယ်ထဲက ဆားနဲ့ သတ္တုဓာတ်တွေ စွန့်ပစ်တဲ့ နည်းလမ်းပါ။ အဲဒီ အရာဝတ္ထုတွေက သဲမှုန် လောက်ကနေ ဂေါက်သီးလောက် အထိ ရှိကြပါတယ်။ ဆီးသွားတဲ့ အခါ နာတယ်၊ ဆီးရောင်က သွေးကြောင့် ပန်းရောင် ဒါမှ မဟုတ် အနီ ဖြစ်လာတယ် ဆိုရင်ဖြင့် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေပြီလား ဆိုတာ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ တချို့ ကျောက်တွေလည်း သူ့ဘာသာ ထွက်သွားတာ တွေ့ဖူးကြမှာပါ။ တချို့ ကျတော့လည်း ကုသမှု ခံယူရပါတယ်။ သူ့အလိုလို ကျောက်က ထွက်သွားဦးတော့ နာကျင်ကိုက်ခဲမှု အတွက် ဆရာဝန်ပေးတဲ့ ဆေးတွေသောက်ဖို့နဲ့ ရေများများသောက်ဖို့ကတော့ လိုအပ်ပါသေးတယ်။

ဆီးအိမ်နာ

ဆီးခုံ၊ ဆီးစပ်မှာ မပြတ်နာကျင်နေတဲ့ အကြောင်း တခုအဖြစ် ဆီးအိမ်ရောင်တာ ကိုလည်း ထည့်တွက်ရပါတယ်။ အသက် ၃၀ ကနေ ၄၀ အကြား အမျိုးသမီးများ ပိုဖြစ်လေ့ ရှိပါတယ်။ အကြောင်းရင်း ကတော့ တိတိကျကျ ပြော မရသေးတဲ့ ဝေဒနာပေါ့။ ဆီးအိမ်မှာ နှိုးဆွပေးနေသလို ဖြစ်ပြီး တနာရီ အတွင်းမှာ အကြိမ်များစွာ ဆီးသွားချင်နေပါ တယ်။ ဆီးစပ် အပေါ်မှာ ဖိထားသလို ခံစားရပြီး ဆီးသွားနေချိန်၊ လိင်ဆက်ဆံချိန်တွေမှာ နာကျင်မှုခံစားရပါတယ်။ တကယ်လို့ အချိန်ကြာမြင့်စွာ ဒီလို ခံစားနေရပြီ ဆိုရင် ကုသမှုခံယူပြီး သက်သာစေနိုင်တာကို သတိရပါ။

အင်္ဂါ အစိတ်အပိုင်းတွေ လျော့ရဲတာ

အသက်ကြီးလာတာနဲ့ အမျှ ဆီးခုံအတွင်းထဲက အင်္ဂါအစိတ် အပိုင်းတွေ လျော့ရဲ လာတတ်ပါတယ်။ ဆီးအိမ်က သားအိမ်ပေါ် ပိလာပြီး သားအိမ်ကို နိမ့်ဆင်းစေတာမျိုးပေါ့။ သာမန်အားဖြင့် သိပ်အန္တရာယ်မရှိလှဘူး ဆိုနိုင်ပေမယ့် အတော် စိတ်မသက်သာ ဖြစ်ရတဲ့ ရောဂါမျိုးပါ။ မိန်းမကိုယ်မှာ လေးပင်နေသလို ခံစားရပြီး ဝမ်းဗိုက် အောက်ပိုင်းမှာ လည်း တင်းကျပ်ကျပ် ခံစားနေရတာမျိုး ပါ။ ခါးအောက်ပိုင်းရော၊ ပေါင်ခြံတဝိုက်တွေမှာပါ နာကျင်ရတာပါ။ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်ကုသမှုတွေနဲ့ သက်သာစေနိုင်ပါတယ်။

ဆီးခုံအတွင်းပိုင်း သွေးပြန်ကြောတွေ

Varicose vein ခေါ်တဲ့ ခြေထောက်က သွေးပြန်ကြောတွေ ဖောင်းပြီး ထုံးနေတာမျိုး တွေ့ဖူးကြမယ် ထင်ပါတယ်။ ဆီးခုံ အတွင်းပိုင်းက သွေးပြန်ကြောတွေ မှာလည်း အဲဒီလို ဖြစ်တတ်ပါတယ်။ သွေးပြန်ကြောတွေ ဖောင်းကားပြီး ရောင်ရမ်းလာတောာ့ နာကျင်မှုခံစားရပါတယ်။ Pelvic Congestion Syndrome ခေါ်ပါတယ်။ ထိုင်နေရင်၊ ဒါမှမဟုတ် ရပ်နေရင် ပိုဆိုးတတ်ပါတယ်။ လဲလျောင်းနေရင် သက်သာ သွားတတ်ပါတယ်။ ဒီရောဂါကတော့ အသေးစား ခွဲစိတ်မှု လေးတွေနဲ့  ပြုပြင် ကုသနိုင်ပါတယ်။

အမာရွတ်တစ်ရှူး

တကယ်လို့ ဝမ်းဗိုက်အောက်ပိုင်း ခွဲစိတ်မှုတွေ ခံယူခဲ့ဖူးရင် ဆီးစပ်၊ ဆီးခုံနာကျင်မှုတွေ ခံစားရနိုင် ပါသေးတယ်။ အဲဒီအခါ အတွင်း အင်္ဂါတွေမှာ ကျန်ခဲ့တဲ့ အမာရွတ်တွေ (Adhesions) ကပ်ကျန်နေခဲ့ကြပါတယ်။ မဆက်စပ်ရမယ့် အစိတ်အပိုင်း တွေကို သွားကပ်နေမိရင် နာကျင်မှုရော၊ တခြားပြဿနာတွေပါ ခံစားရတာပါ။ သူတို့ ရှိတဲ့ နေရာလိုက်လို့ပေါ့။ ဒါမျိုးကလည်း ပြန်ပြီး ခွဲစိတ်ဖယ်ရှားရတာမျိုးတွေ လုပ်ရပါတယ်။

မိန်းမကိုယ် နာကျင်မှု

စက်ဘီးစီးတဲ့ အခါမျိုး၊ လိင်ဆက်ဆံချိန်မျိုးမှာ နာကျင်တတ်တဲ့ ရောဂါ တမျိုးရှိပါသေးတယ်။ မိန်းမကိုယ် အဝနားမှာ ပူစပ်စပ် နာကျင် ခံစားရတာမျိုးပါ။ Vulvodynia လို့ ခေါ်ပါတယ်။ တခြားဖြစ်တတ်တဲ့ ရောဂါတွေ ရှာမတွေ့ရင် ဒီဝေဒနာလို့ သတ်မှတ်ရမှာပါ။ နာလိုက်ပျောက်လိုက် ဖြစ်လေ့ရှိပြီး ရောဂါပိုးကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ဆေးဝါးတွေ၊ လေ့ကျင့်ခန်း တွေနဲ့ သက်သာစေနိုင်ပါတယ်။

လိင်ဆက်ဆံချိန် နာကျင်မှု

ဒါကတော့ အကြောင်းပေါင်းများစွာနဲ့ သက်ဆိုင်နေသလို အများစုက ကုသလို့ ရပါတယ်။ မိန်းမကိုယ်မှာ ရောဂါပိုး ဝင်ရောက်တာမျိုး ဖြစ်နိုင်သလို ချောမွေ့မှု လိုအပ်တာလည်း ဖြစ်တတ်ပါတယ်။ Dyspareunia ခေါ်တဲ့ လိင်ဆက်ဆံချိန် နာကျင်မှု အတွက်တော့ ရုပ်ပိုင်း၊ စိတ်ပိုင်း ကုသမှုတွေ လိုအပ်တတ်ပါတယ်။

အထက်မှာ ဆိုခဲ့တာတွေက ဆီးစပ်၊ ဆီးခုံ နာကျင်စေတာတွေထဲက တွေ့ရများတဲ့ အခြေအနေတွေ ပါ။ တကယ်လို့ အနည်းဆုံး ၆ လလောက် နာနေပြီ ဆိုမှဖြင့် နာတာရှည် ဆီးစပ်နာကျင်မှု အဖြစ် စဉ်းစားရပါတော့မယ်။ ဒါက အတော် ခံရ ဆိုးပါတယ်။ အိပ်ပျက်၊ စိတ်ပျက်၊ အလုပ်ပျက်၊ ဆက်ဆံရေး ပျက်တွေ ဖြစ်လာမှာပါ။ ဆရာဝန်နဲ့ တိုင်ပင်ကုသရမှာ ပါ။ အများစုက ပျောက်ကင်း သက်သာစေတဲ့ အကြောင်းတွေပါ။ တခါတလေလည်း အဖြေမရတဲ့ ပုစ္ဆာလို ဖြစ်နေတတ် ပါတယ်။ ဒါပေမယ့် ဆရာဝန်ကတော့ သက်သာရာ သက်သာကြောင်းတွေ ကူညီပေးနိုင်ပါလိမ့်မယ်။ ဆီးခုံ၊ ဆီးစပ် နာကျင်မှုကို အလေးထား သတိမူစေချင်တယ် လို့သာ သတင်းပေးလိုက် ပါရစေ။ ။

ဧရာဝတီ-သတင်းဋ္ဌာန by Hsu Wai Linn

Original link - http://burma.irrawaddy.org/article/2015/09/25/95361.html

Read More »

နာကျင်နေသော ဆီးစပ်များ ၁




လူမှန်ရင် ကျားကျား၊ မမ အနည်းနဲ့ အများ ကြုံဖူးကြမယ့် ဝေဒနာ တခုက ဆီးခုံ၊ ဆီးစပ် နာကျင် တာပါ။ ဆီးခုံ၊ ဆီးစပ် ဆိုတာ ကတော့ ဝမ်းဗိုက်ကြွက်သား တွေရဲ့အောက်ဘက် (ချက်အောက်ပိုင်း) နဲ့ ခြေထောက် (ပေါင်) တွေရဲ့ အထက်ပိုင်းကို ဆိုလိုတာပါ။ အမျိုးသမီးတွေ သွေးမဆုံးမှီ ကာလမှာ ဖြစ်တာ၊ သာမန် လေထိုး တာလောက်က သိပ် မဆိုးလှ ပေမယ့် တချို့ အကြောင်းတွေ ကျတော့ ဆေးရုံဆေးခန်း သွားကို သွားရမယ့် အရေးပေါ် မီးနီပြ ဥသြဆွဲသံ ဖြစ်နေပြန် ပါတယ်။

အူအတက်ရောင်

ဘယ်ဘက်ဆီးစပ်မှာ စူးရှနာကျင်ပြီး အော့အန်မယ်၊ ဖျားမယ် ဆိုရင်တော့ အူအတက် ရောင်တာ ဖြစ်ဖို့ များပါတယ်။ ဒါတွေ ပူးတွဲ ဖြစ်ရင်တော့ အရေးပေါ်ကို ပြေးရပါလိမ့်မယ်။ ပိုးဝင်ပြီး ရောင်ရမ်းနေတဲ့ အူအတက်က ခွဲစိတ်ဖို့ လိုတတ် ပါတယ်။ ပေါက်ထွက် သွားရင်တော့ တကိုယ်လုံး ရောဂါပိုးတွေ ပျံ့နှံ့ ဝင်ရောက်ရာက အသက်အန္တရာယ် အထိ ဒုက္ခ ပေးပါတယ်။

အူမကြီးမတည်ငြိမ်

တချို့ ဖြစ်လေ့ ရှိပါတယ်။ ဗိုက်ထဲကနာ၊ ပြည့်ကယ်၊ ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက် အမြဲတမ်းလိုလို ဖြစ်နေတာမျိုးပေါ့။ ဒါကတော့ Irritable Bowel Syndrome (IBS) ခေါ်တဲ့ အူမကြီး မတည်ငြိမ်တဲ့ အခြေအနေပါ။ ဒါမျိုးကတော့ သေချာပြီ လို့ စစ်ဆေး သတ်မှတ်ပြီးရင် အစားအသောက် ဆင်ခြင်၊ စိတ်ဖိစီးမှု လျော့အောင်လုပ်၊ ဆေးတွေ ပေးပြီး သက်သာအောင် လုပ်လို့ ရပါတယ်။

မျိုးဥကြွေနာ

အမျိုးသမီးတွေ ဓမ္မတာ တကြိမ်နဲ့ တကြိမ်ကြား ပုံမှန် နာကျင်တတ်တယ် ဆိုရင်တော့ မျိုးဥကြွေတဲ့ လက္ခဏာပါ။ မျိုးဥအိမ် ကနေ မျိုးဥက သွေးစီးကြောင်းနဲ့ အရည်တွေထဲ ဆင်းလာလို့ ဖြစ်တာပါ။ ဓမ္မတာ ၂ ကြိမ်ရဲ့ အလယ် ကာလမှာ နာကျင်တတ်တာမို့ ဂျာမန်စကား Mittleschmerz အရ အလယ်ကာလ နာကျင်မှု (Middle pain) လို့် ခေါ်ကြပါတယ်။ တကြိမ်နဲ့ တကြိမ် နာကျင်တဲ့ နေရာ မတူသလို နာရီပိုင်းနဲ့ သက်သာ သွားတတ်ပါတယ်။

ရာသီနာ

ဓမ္မတာ လာတိုင်း ကြုံရတတ်ပါတယ်။ ဝမ်းဗိုက် အောက်ပိုင်းမှာ ဆုပ်ဆွဲထားသလို နာတာ၊ ခါးမှာ နာတာ စသဖြင့်ပေါ့။ ၁ ရက်ကနေ ၃ ရက်လောက် အထိ နာပါတယ်။ သားအိမ်က လစဉ်သူ့ရဲ့ မျက်နှာပြင် အသစ် လဲရတာကိုး။ ဒါမှလည်း သန္ဓေသား ခိုလှုံ ဖွံ့ထွားဖို့ အဆင်ပြေမှာ ပါ။ သန္ဓေမတည်တဲ့ အခါ ကျတော့ မျက်နှာပြင်က ကွာကျပေးရတဲ့ အတွက် ရာသီသွေး ဆင်းလာတာ ပေါ့။ အဲဒီ အချိန်မျိုးမှာ သားအိမ်က အဲဒါတွေ ညှစ်ထုတ်ပေးရာက နာကျင်မှု ရစေတာ ပါ။ အကိုက်အခဲ ပျောက်ဆေးတွေ သောက်၊ ရေနွေးအိပ်လေး ကပ်ပြီး သက်သာအောင် လုပ်နိုင်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှု အလေ့အကျင့် လုပ်တာ၊ စိတ်ဖိစီးမှု လျှော့ဖြေ ပေးတာတွေက အထောက်အကူ ဖြစ်ပါတယ်။ တော်ရုံနဲ့ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

သားအိမ်ပြင်ပ သန္ဓေတည်

ရံဖန်ရံခါ သားအိမ်ပြင်ပမှာ သန္ဓေတည်ပြီး ကြီးထွား လာတတ်ပါတယ်။ အများအားဖြင့် မျိုးဥပြွန် Fallopian tube မှာ ပေါ့။ စူးစူးဝါးဝါး ဆီးစပ်မှာ နာကျင်ပြီး မိန်းမကိုယ်က သွေးတွေ ဆင်းမယ်၊ အော့အန်၊ မူးဝေ စတာတွေလည်း ဖြစ်ပါ တယ်။ ဒါမျိုးကတော့ အသက်အန္တရာယ် ပေးနိုင်တဲ့ အရေးပေါ်အခြေအနေပါ။

လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ

ဆီးစပ် နာကျင် ကိုက်ခဲတာက လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း သတိမူရမှာ ပါ။ ဂနိုလို့ အသိများတဲ့ Gonorrhea နဲ့ Chlamydia ရောဂါတွေ ကတော့ ဒီလက္ခဏာ အဖြစ်များပါတယ်။ တခါတလေ ၂ မျိုး တပြိုင်နက် ဖြစ်နေတတ် ပြန်ပါတယ်။ အမြဲတမ်း လက္ခဏာ ပြတာမျိုး မဟုတ်ပေမယ့် ဆီးသွားရင် နာကျင်တာ၊ အဖြူဆင်းတာ၊ ရာသီအလယ် နာကျင်တာတွေ တွဲဖြစ်တတ် ပါတယ်။ ဒါမျိုးတွေ ကျရင်တော့ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော် ကိုပါ စစ်ဆေး ကုသတာမျိုး လုပ်မှ အဆင်ပြေပါတယ်။

အဲဒီ လိင်ကနေတဆင့် ကူးစက်တာတွေကနေ Pelvic Inflammatory Disease ခေါ်တဲ့ နောက်ဆက်တွဲ ရောဂါ တခု ဆင့်ပွား လာပြန်ပါတယ်။ အသေအချာ ကာကွယ်လို့ ရပေမယ့် မကုဘဲထားရင် သားသမီး မရတဲ့ အကြောင်းရင်း တခုလည်း ဖြစ်စေပြန် ပါတယ်။ သားအိမ်၊ မျိုးဥအိမ်၊ မျိုးဥပြွန်တွေမှာ နာတာရှည် ထိခိုက်နေစေတဲ့ ရောဂါပါ။ ဆီးစပ်နာ၊ ဖျား၊ အဖြူတွေဆင်း၊ ဆီးသွားချိန်နဲ့ လိင်ဆက်ဆံချိန် တွေမှာ နာကျင် စတာတွေ ဖြစ်ပါတယ်။ ပဋိဇီဝ ဆေးတွေနဲ့ ကုသလို့ ရပြီး ပြင်းထန်ရင်တော့ ဆေးရုံတင် ကုရတာမျိုး အထိ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံဖက်ကိုပါ ကုသပေး ရပါတယ်။

မျိုးဥအိမ်ထဲက အိတ် (အလုံး)

သားဥအိမ်လည်း ခေါ်ကြတဲ့ မျိုးဥအိမ်က လစဉ် မျိုးဥတွေ ခြွေပါတယ်။ အဲဒီအချိန်မှာ မျိုးဥ ထွက်ပေါက်လေး မပွင့်သေးတာနဲ့ ကြုံရသလို ပြန်ပိတ်သွားချိန်မှာ မျိုးဥအိမ်ထဲ အရည်တွေနဲ့ တင်းကျန် နေတတ် ပါတယ်။ အဲဒါကနေ မျိုးဥအိမ်ထဲ အလုံးလေးတွေ ဖြစ်တတ် ပါတယ်။ တကယ်တော့ စိုးရိမ်စရာ သိပ်မလိုဘဲ သူ့ဖာသာ ပြန်သက်သာ သွားတတ် ပါတယ်။ ဒါပေမယ့် အနီးအနားတွေကို ဖိတာ၊ ဖောင်းကားလာတာ စတာတွေ ကနေ နာကျင်မှု ဖြစ်စေပြန် ပါတယ်။ တခါတရံ အဲဒီ အိတ်ကလေးတွေ ပေါက်ထွက်တာ၊ လိမ်သွားတာက ပြင်းပြင်းထန်ထန် နာကျင်စေပြီး အရေးပေါ်ခန်း ရောက်သွား တတ်ပါတယ်။ Ultrasound လို စမ်းသပ် စစ်ဆေးမှုတွေနဲ့ ရှာဖွေကုသလို့ ရပါတယ်။

သားအိမ်ထဲက အသားမျှင်လုံး

သားအိမ်နံရံမှာ အဲဒီ Uterine fibroid အလုံးတွေ ဖြစ်လာတတ် ပါတယ်။ ကင်ဆာ မဟုတ်တဲ့ အလုံးအဖုတွေလို့ ဆိုရမှာ ပေါ့။ အသက် ၃၀ ကနေ ၄၀ အကြား အမျိုးသမီးတွေ အဖြစ်များ ပါတယ်။ သာမန်အားဖြင့်တော့ ပြဿနာ မဟုတ်ပါဘူး။ တချို့ကျတော့ ဝမ်းဗိုက်မှာ အင့်နေတာ၊ ခါးနာတာ၊ ရာသီပေါ်ချိန် သွေးအများကြီးဆင်းတာ၊ လိင် ဆက်ဆံချိန် နာကျင်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ အခက်အခဲတွေ့တာတွေ ဖြစ်လေ့ ရှိပါတယ်။ ဖယ်ရှားပစ်ဖို့ လိုအပ်ရင် လိုအပ်တာမို့ သားဖွားမီးယပ် ဆရာဝန်တွေ ဆီမှာ အကြံ တောင်းခံသင့်ပါတယ်။

ပြင်ပရောက် သားအိမ်တစ်ရှူး

တချို့ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ သားအိမ်ကို ကာရံထားတဲ့ တစ်ရှူးက ပြင်ပ အင်္ဂါတွေဆီ ရောက်သွားတဲ့ Endometirosis ခေါ်ပါတယ်။ မျိုးဥအိမ်၊ မျိုးဥပြွန်၊ ဆီးအိမ်၊ အူနဲ့ တခြားအစိတ်အပိုင်းတွေမှာ သားအိမ် တစ်ရှူး ရောက် နေတတ်တာပါ။ ဓမ္မတာ လာချိန်မှာ အဲဒီတစ်ရှူးတွေ ကွာကျရပါတယ်။ အပြင်ကို ထွက်လို့ မရတဲ့ တစ်ရှူးတွေကြောင့် နာကျင်မှု ခံစားရတတ် ပါတယ်။ ရှားရှားပါးပါး အမာရွတ် ကျန်လေ့ ရှိတာကတော့ ကိုယ်ဝန်ရဖို့ ခက်ခဲတတ် ပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေနဲ့ နာကျင်မှု သက်သာအောင်၊ သန္ဓေတားဆေးတွေ၊ ဟော်မုန်းတွေနဲ့ ဓမ္မတာ မလာအောင် ရပ်ထားတာမျိုး လုပ်လို့ ရပါတယ်။ ခွဲကြောင်းရာ သေးသေးလေးခွဲပြီး ကုသရတာမျိုး ရှိသလို၊ သားအိမ် ထုတ်ရတဲ့ အထိ လည်း ကုသရတတ် ပါတယ်။

ဆီးစပ်၊ ဆီးခုံနာကျင်မှုရဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေသေးတာမို့ နောက်တပတ် ဆက်ပြီး လေ့လာကြည့်ပါဦး စို့။

ဧရာဝတီ-သတင်းဋ္ဌာန by Hsu Wai Linn

Original link - http://burma.irrawaddy.org/satire/2015/09/22/95151.html

Read More »

Saturday, September 19, 2015

မိန်းမကိုယ် ခြောက်သွေ့ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများ




မိန်းမကိုယ် ခြောက်သွေ့ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများ

မိန်းမကိုယ် ခြောက်သွေ့ခြင်း ဆိုတာ အမျိုးသမီး အင်္ဂါ အတွင်းမှာ ချောဆီ သို့မဟုတ် အရည် ထုတ်လုပ်မှု နည်းနေတဲ့ အခြေ အနေမျိုး ဖြစ်ပါတယ်။

ယားယံတာ၊ နေထိုင်ရ ခက်တာတွေ ခံစားရ တတ်ပါတယ်။ ပုံမှန် အားဖြင့်တော့ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီး တွေရဲ့ တ၀က် လောက်မှာ ဒါမျိုး ကြုံရ တတ်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ် ခြောက်သွေ့ခြင်း ဆိုတာ အထူးအဆန်း ကိစ္စတခု မဟုတ်ဘဲ မြန်မြန် ဆန်ဆန် ဖြေရှင်းလို့ ရနိုင်တဲ့ ပြဿနာ တခုဖြစ် ပါတယ်။ မိန်းမကိုယ် ခြောက်သွေ့ ခြင်း ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း တချို့ကို ဖော်ပြပေး လိုက်ပါတယ်။

စိုစွတ်စေတဲ့ ဆေးများနှင့် ချောဆီများ

မိန်းမကိုယ် ခြောက်သွေ့ခြင်းကြောင့် လိင်ဆက်ဆံတဲ့ အခါမှာ နာကျင်မှုကို ခံစား ရနိုင် ပါတယ်။ ဒီပြဿနာ အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ စိုစွတ်မှုကို ဖြစ်စေတဲ့ ဆေးတွေ၊ ချောဆီတွေ ရှိပါတယ်။ လိင် မဆက်ဆံမှီမှာ အဲဒီ ချောဆီကို အမျိုး သမီး အင်္ဂါထဲကို ထည့်သွင်းပြီးတော့ ဖြစ်ဖြစ်၊ အမျိုးသားရဲ့ လိင်တံမှာ သုတ်သိမ်း ပြီးတော့ ဖြစ်ဖြစ် အသုံးပြုနိုင် ပါတယ်။

သဘောဝ ချောဆီတွေလည်း သုံးလို့ရပါတယ်။ ဒါပေမယ့် ကွန်ဒုံးသုံးမယ်ဆိုရင်တော့ အဲဒီဆီတွေက ကွန်ဒုံးကို ထိခိုက် ပျက်စီးစေတဲ့ အတွက် မသုံသင့်ပါဘူး။ စိုစွတ်မှုကိုဖြစ်စေတဲ့ ဆေးတွေ၊ ချောဆီတွေ ဆိုတာက ခြောက်သွေ့မှုကို ယာယီပဲ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခြောက်သွေ့မှုပြန်ဖြစ်လာဦးမှာပါပဲ။

မွေးလမ်း ကြောင်း ထဲသို့ Estrogen ထည့်သွင်းခြင်း

Estrogen လို့ ခေါ်တဲ့ မ-ဟော်မုန်း နည်းပါးခြင်း ကလည်း မွေးလမ်းကြောင်းကို ခြောက်သွေ့စေတဲ့ အကြောင်းတခု ဖြစ်ပါ တယ်။ Estrogen ပါဝင်တဲ့ ဆေးတွေ၊ ခရင်မ်တွေက ဒါကို ထိထိရောက်ရောက်ကုသပေးပါတယ်။ မွေးလမ်း ကြောင်း ထဲကို Estrogen ထည့်သွင်းတော့မယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆွေးနွေးပြီး မှ လုပ်သင့်ပါတယ်။

(၁) Estrogen ခရင်မ် – Estrogen ခရင်မ်ကို ချောဆီလိုပဲ မွေးလမ်းကြောင်းအတွင်း ထည့်သွင်းနိုင်ပါတယ်။ ဒီခရင်မ် တွေက ညစ်ပေနိုင်တဲ့ အတွက် ညအိပ်ချိန်ကျမှ အသုံးပြုသင့်ပါတယ်။

(၂) မွေးလမ်းကြောင်း အတွင်းထည့်သွင်းရသော estrogen ဆေးပြား – သေးငယ်တဲ့ ဆေးပြားလေးတခုဖြစ်ပြီးတော့ အမျိုးသမီး အင်္ဂါအတွင်းကို ထည့်သွင်းဖို့ ဆေးထိုးပြွန်လို ကိရိယာ(တခါသုံး) ပါ တွဲလျက်ပါ ပါတယ်။ မွေးလမ်းကြောင်း တွင်းကို ထည့်သွင်းထားရင် ဆေးပြားကနေ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။

(၃) Estrogen ကွင်း – ကျုံ့နိုင် ဆန့်နိုင်တဲ့ ကွင်းတခုဖြစ်ပြီးတော့ မွေးလမ်းကြောင်းထဲကိုထည့်သွင်းထားရပါတယ်။ လိင်ဆက်ဆံစဉ်မှာ ပြန်ထုတ် စရာ မလိုပါဘူး။ သူကလဲ Estrogen ထုတ်ပေးနိုင်ပါတယ်။

သဘာဝ ကုထုံး

မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း ကို ကုသနိုင်တဲ့ သဘာဝဆေးတွေ လည်းရှိပါတယ်။ Black cohosh၊ ဂျင်ဆင်းနဲ့ မျောက်ဥ တွေက မွေးလမ်းကြောင်း ခြောက်သွေ့မှုကို ကုစားနိုင်ပါတယ်။

ရေဓာတ်ဖြည့်တင်းခြင်း

ရေသို့ မဟုတ် အရည် များများသောက်သုံးခြင်းကလည်း မွေးလမ်းကြောင်း ခြောက်သွေ့မှုကို သက်သာစေပါတယ်။ ကိုယ် ခန္ဓာမှာ ရေဓာတ်နည်းလာပြီဆိုရင် ရှိတဲ့ အရည်တွေက အရေးပါတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို ရောက်သွားမှာ ဖြစ်တဲ့ အတွက် မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကို ပိုဆိုးလာစေပါလိမ့်မယ်။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Original link - http://burma.irrawaddy.org/article/2015/09/19/94992.html

Read More »