နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label စီးပွာရေးသတင်း. Show all posts
Showing posts with label စီးပွာရေးသတင်း. Show all posts

Monday, May 01, 2017

ကချင် နယ်စပ်ဂိတ် နှစ်ခုကနေ အခွန် ၁၃ ဘီလီယံကျော် ရ




ပြီးခဲ့တဲ့ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေး နှစ်မှာ ကချင် ပြည်နယ်က ကန်ပိုက်တီနဲ့ လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်း နှစ်ခုမှာ ဖွင့်လှစ် ထားတဲ့ ဦးစီး ဋ္ဌာန ၅ ခု ကနေ အခွန်ငွေကျပ် စုစုပေါင်း ၁၃ ဘီလျံကျော် ကောက်ခံ ရရှိ ခဲ့တယ် လို့ ပြည်နယ် အစိုးရ အဖွဲ့ ကနေ သိရ ပါတယ်။

ငြိမ်းချမ်းရေး အပြည့် အဝ ရခဲ့မယ် ဆိုရင် ကုန်စည် စီးဆင်းမှုတွေ ပိုမို ကောင်းမွန် လာနိုင်တဲ့ အတွက် နိုင်ငံတော်က အခွန်ငွေတွေ တိုးတက် ရရှိပြီး ဒေသ ဖွံ့ဖြိုးရေးတွေ ကို တိုးမြှင့် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဘဏ္ဍာ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးဝေလင်းက RFA ကိုပြောပါတယ်။

"ကျနော်တို့ မြန်မာကျပ်ငွေချည်းပဲပြောမယ်ဆိုလို့ရှိရင် အားလုံး ကျပ်သန်းပေါင်း ၁၃၉၆၇.၇၀ သန်းရရှိ ပြီးတော့မှ ဘီလျံနဲ့ ပြောမယ် ဆိုရင်တော့ ၁၃.၉၆၇ ဘီလျံ ကောက်ခံ ရရှိတဲ့ အကြောင်း ကျနော် ဖြေကြား လိုပါတယ်။

ငြိမ်းချမ်းရေး ကောင်းတယ် ဆိုရင်တော့ ကျနော်တို့က တားမြစ် ထိန်းချုပ် ကန့်သတ်မှုတွေ လျှော့ချ မယ် ဆိုရင်တော့ ကုန်စည် စီးဆင်း မှုတွေက အများကြီး အားကောင်း လာမှာပေါ့"

အဲဒီ ၁၃ ဘီလီယံ ကျော်ဟာ နယ်စပ် ကုန်သွယ်ရေးရဲ့ ကုန်စည် စီးဆင်းမှု အပေါ်မှာ ဌာန တစ်ခုချင်းစီ အလိုက် ကောက်ခံ ရရှိတဲ့ အခွန်ငွေ စုစုပေါင်း ပမာဏ ဖြစ်တယ် လို့ ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်က ကန်ပိုက်တီ နဲ့ လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုမှာ နယ်စပ် ကုန်သွယ်ရေး၊ အကောက်ခွန်၊ ပြည်တွင်း အခွန်၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဋ္ဌာန၊ မြန်မာ့ စီးပွားရေးဘဏ် စတဲ့ ဋ္ဌာန ၅ ခုကို ဖွင့်လှစ်ပြီး အခွန်ကောက်ခံ နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက် နယ်မြေ မလုံခြုံမှုကို အကြောင်းပြုပြီး ရွှေ၊ ကျောက်စိမ်း၊ သစ်မျိုးစုံ စတဲ့ သဘာဝ သယံဇာတတွေ အပါ အဝင် တရားမဝင် ကုန်စည်မျိုးစုံကို တရုတ်ပြည်ဘက် နည်း အမျိုးမျိုးနဲ့ မှောင်ခို သယ်ယူ မှုတွေ ရှိနေ ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Friday, April 28, 2017

ဆမ်ဆောင်းကုမ္ပဏီ အမြတ်ငွေ ၅၀ ရာခိုင်နှုန်းနီးပါး တိုးမြင့်ရရှိ




ဆမ်ဆောင်း (Samsung) နည်းပညာ ကုမ္ပဏီ ကြီးဟာ ပြီးခဲ့တဲ့ ၃ လပတ် အတွင်း အမြတ်ငွေ ၅၀ ရာခိုင်နှုန်း နီးပါး တိုးမြင့် ရရှိခဲ့ တယ်လို့ ကုမ္ပဏီက ထုတ်ပြန် ခဲ့ပါတယ်။

ဆမ်ဆောင်းနည်းပညာကုမ္ပဏီကြီးဟာ ပြီးခဲ့တဲ့ ၃ လပတ်အတွင်း မှန်ပြားတီဗွီကြီးတွေ၊ Memory Chip ပြားတွေနဲ့ စမတ်ဖုန်းတွေ အရောင်းစံချိန်တင်ခဲ့လို့ ၃ နှစ်အတွင်း အမြတ်အစွန်း အများဆုံး ဘဏ္ဍာရေး ၃ လပတ် ဖြစ်ခဲ့ပါတယ်။

ကုမ္ပဏီဟာ ပြီးခဲ့တဲ့မတ်လအထိ ၃ လတာ ကာလအတွင်း အမြတ်ငွေ ၈ ဒသမ ၈ ဘီလီယံနဲ့ ၄၈ ရာခိုင်နှုန်း ခုန်တက်ခဲ့တာပါ။

စမတ်ဖုန်းနဲ့ Memory Chip ပြား အော်ဒါတွေ အများအပြား ရရှိထားတဲ့အတွက် လာမယ့် ဘဏ္ဍာရေးလပတ်တွေမှာလည်း အမြတ်အစွန်း ပိုမိုရရှိဖွယ်ရှိတယ်လို့ ကုမ္ပဏီက ပြောဆိုပါတယ်။

မနှစ်က Galaxy Note 7 ဖုန်းဘက်ထရီ ပြဿနာတက်ခဲ့လို့ ဖုန်းအလုံးရေ ၂ သန်းခွဲလောက် ပြန်လည်လဲလှယ်ပြုပြင်ပေးခဲ့ရတဲ့အတွက် အခုနှစ်မှာ အသစ်ထုတ်လုပ်လိုက်တဲ့ Galaxy S8 နဲ့ S8+ စမတ်ဖုန်းတွေကိုပဲ မှီခိုရမယ်လို့ ဆိုပါတယ်။

ဒီစမတ်ဖုန်းသစ်တွေကို ပြီးခဲ့တဲ့တပတ်ကမှ စတင်ရောင်းချခဲ့တဲ့အတွက် အရောင်းစာရင်း မထွက်လာသေးပေမယ့် မနှစ်က ရောင်းချခဲ့တဲ့ Galaxy S7 ဖုန်းတွေထက် အော်ဒါ ပိုမိုရရှိထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဓာတ်ပုံ - ဘီဘီစီ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203528

Read More »

တန်ဖိုးသင့် အိမ်ရာများ အရစ်ကျ ရောင်းချရာတွင် ဘဏ်အတိုးနူန်း မြင့်မား နေဆဲ




တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းများ နှစ်ရှည် အရစ်ကျ စနစ်ဖြင့် ဘဏ်နှင့် ချိတ်ဆက်ပြီး ချေးငွေယူ ရောင်းချ ပေးရာ၌ ဘဏ် အတိုးနှုန်းသည် မြင့်မား နေဆဲ ဖြစ်ကြောင်း ပြည်တွင်း အိမ်ခြံမြေ လုပ်ငန်းရှင် များနှင့် ဝယ်ယူသူ များက ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း (ဗဟို) ဥက္ကဌ ဦးခင်မောင်သန်းက “ ဝယ်ထားတဲ့ တိုက်ခန်း တခန်းကို သိန်း ၁၀၀ ပေးရတယ် ဆိုရင် အတိုးနှုန်း နဲ့ပါ ထည့်တွက်ပေါင်း လိုက်ရင် တခန်းကို သိန်း ၁၅၀ နဲ့ သိန်း ၁၇၀ ဖြစ်နေတယ်။ ဒါကြောင့် ဝယ်လိုက်သူ အတွက် တိုက်ခန်း ၂ ခန်း နီးပါး စာလောက် ဖြစ်သွား တယ်” ဟု ပြောသည်။

ပြည်တွင်းရှိ ဘဏ်အတိုးနှုန်းများမှာ ၁ နှစ်လျှင် ၁၃ ရာခိုင်နှုန်းပေးဆောင်ရပြီး အခြားအာဆီယံ နိုင်ငံများတွင် ဘဏ်အတိုးနှုန်း ၅ ရာခိုင်နူန်းနှင့် ၆ ရာခိုင်နူန်းသာ ပေးဆောင်ရကြောင်း ဦးခင်မောင်သန်းက ဆက်ပြောသည်။

“လက်ငင်းဝယ်မယ့်ဈေးနဲ့ နှစ်ရှည်ဝယ်တဲ့ဈေးနှစ်ခုကို နှိုင်းယှဉ်တွက်ကြည့်လိုက်ရင် အတိုးပိုင်းက ပိုများနေတယ်။ ဘဏ်တိုးက ၁ နှစ်ကို ၁၃ ရာခိုင်နူန်း ရှိတယ်။ စစချင်း တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နူန်း လက်ငင်းပေးချေရသေးတယ်။ ဒါတောင် လစာ ၅ သိန်းနဲ့အထက် ဝင်ငွေရှိတဲ့သူတွေပဲ ဝယ်နိုင်တယ် ” ဟု ၎င်းက ဆိုသည်။

ထိုသို့ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများ အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ဘဏ်အတိုးနှုန်း မြင့်မားနေသည့် အခြေအနေများကို အစိုးရက ဘဏ်လုပ်ငန်း များနှင့် ချိတ်ဆက်ပြီး အတိုးနှုန်း လျောကျစေမည့် အစီအစဉ်မျိုး ဆောင်ရွက် ပေးသင့်ကြောင်း အိမ်ခြံမြေ ရောင်းချသူများနှင့် ဝယ်ယူသူများက အကြံပြု ပြောဆိုသည်။

နှစ်ရှည်အရစ်ကျစနစ်ဖြင့် တောင်ဒဂုံမြို့နယ်ရှိ တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူထားသူ ဒေါ်စိုးစိုးက “ အရစ်ကျစနစ်နဲ့ လစဉ် ငွေသွင်းရပြီ ဆိုတာနဲ့ တလကို အရင်းက ကျပ် ၃၀,၀၀၀ သွင်းရတယ်။ အတိုးက ၇၄, ၀၀၀ ကျပ်သွင်းရတယ်။ အတိုးတွေက အရမ်းများတယ်။ ဒီထက်အတိုးလျော့ပေးမယ် ဆိုကောင်းတာပေါ့။ တလကို ငွေသွင်းရတာနဲ့တင် ၁ သိန်းကျော်တယ်။ အဲဒီထဲမှာ မြေတိုးအခွန် ကျပ် ၁,၀၀၀ ပါ ပေးရသေးတယ်” ဟု ပြောသည်။

ဝယ်ယူထားသည့် တန်းဖိုးနည်းတိုက်ခန်း တန်ဖိုးမှာ ကျပ် ၁၀၆ သိန်းပေးရပြီး၊ ၁၀ နှစ် အရစ်ကျ ပေးသွင်းရမည် ဖြစ်သောကြောင့် အတိုးနှင့် အရင်းပေါင်းပါက လစဉ် ကျပ် ၁ သိန်းကျော်ကို ၁၀ နှစ် ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

တန်ဖိုးသင့်အိမ်ရာ ၁ ခန်း ဆောက်လုပ်သည့် ကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း ၁၀၀ မှ ၁၅၀ ကြား ကုန်ကျနိုင်သည်ဟု ဆောက်လုပ်သူများက ခန့်မှန်းသော်လည်း ဆောက်လုပ်သည့် အရည်အသွေးနှင့် မြေနေရာအပေါ် မူတည်၍ တိုက်ခန်းတန်ဖိုးကို မြှင့်တင်သတ်မှတ် ရောင်းချခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

ယမန်နှစ်အတွင်းက စတင်ပြီး အိမ်ခြံမြေဈေးကွက်၌ အရောင်းအဝယ် အေးနေသော်လည်း အခြားစီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာလျှင် ယခု ၂၀၁၇ ခုနှစ် နှောင်းပိုင်းကာလတွင် အိမ်ခြံမြေဈေးကွက် အလားအလာ ကောင်းလာနိုင်ကြောင်း ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

From : ဧရာဝတီ by မျိုးပပစန်း

Originally published at - https://burma.irrawaddy.com/business/2017/04/28/133967.html

Read More »

Wednesday, April 26, 2017

အခွန် ရှောင်သူများကို ရှာဖွေ ဖော်ထုတ်ခြင်းဖြင့် ရသင့်သော အခွန်များ ရရှိအောင် ဆောင်ရွက်ရန် လိုအပ်




နေပြည်တော် ဧပြီ ၂၅

ပြည်တွင်း အခွန်များ ဦးစီး ဌာန၏ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် အခွန် စည်းကြပ် ကောက်ခံမှု ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိစိတ်ဖြင့် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ Tax Base ချဲ့ခြင်း၊ အခွန် တိမ်းရှောင်သူများကို ရှာဖွေ ဖော်ထုတ်ခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ငွေများ တိုးတက်ရရှိအောင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊

ပြည်သူနှင့် ထိတွေ့ ဆက်ဆံရသော ဌာနကြီးဖြစ်၍ ပြည်သူတို့၏ ရှုမြင် သုံးသပ် ပြောဆိုမှုများ အပေါ် အကောင်းဆုံး ဖြေရှင်း ဆောင်ရွက်ပေး ကြရန်နှင့် ပြောဆို ဆက်ဆံရေးမှ အစ သတိထား ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၏ Taxation Reform ကို အဆင့်အတန်း အားလုံး လိုက်ပါ ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်တွင်းအခွန်များ ဦးစီးဌာန ဝန်ထမ်း အဆင့်ဆင့် အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ် အခွန် လျာထားချက်ကို ပြည့်မီ ကျော်လွန်စွာ ကောက်ခံ ရရှိသည့် အတွက် ချီးကျူး ဂုဏ်ပြုပါကြောင်း၊ သို့ရာတွင် အာဆီယံ နိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ အခွန် ကောက်ခံ ရရှိ မှုသည် နိမ့်ကျနေသေးသည့် အတွက် ရသင့် ရထိုက်သော အခွန်ငွေများ တိုးတက် ကောက်ခံရရှိရေး ကြိုးပမ်း ဆောင်ရွက် ကြရန် လိုကြောင်း၊ အခွန်နှုန်း နည်းနည်းနှင့် အခွန်အခြေကို ချဲ့ထွင်၍ အခွန်ထမ်းသစ်များ ဖော်ထုတ်ခြင်း၊ အခွန် လွတ်ကင်းသူ၊ တိမ်းရှောင်သူများ ဖော်ထုတ်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က၂၀၁၆-၂၀၁၇ ခုနှစ်၊ အခွန်ကောက်ခံမှုနှင့် ၂၀၁၇-၂၀၁၈ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး/ ပြည်နယ် အခွန်ဦးစီးမှူးများမှလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ခဲ့ရသည့် အားသာချက်၊ အားနည်းချက်များနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။

အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ် အခွန်ဦးစီးဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2017/04/blog-post_738.html

Read More »

Tuesday, April 25, 2017

ဝါးမီးသွေးကို ပြည်ပနိုင်များသို့ တင်ပို့နိုင်ရန် စတင် လုပ်ဆောင်




ဝါး မီးသွေးကို ပြည်ပ နိုင်ငံတွေကို တင်ပို့နိုင်ဖို့ စတင် လုပ်ဆောင် နေပြီလို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းက သတင်း ရရှိ ပါတယ်။

ပြီးခဲ့တဲ့ တနှစ်ကျော် ကာလအတွင်းက ဝါးပျိုး ပင်တွေကို တနိုင်ငံလုံးမှာ စတင်ဖြန့်ဝေ စိုက်ပျိုး ခဲ့ပြီး ဝါးမီးသွေး မှာယူလိုတဲ့ နိုင်ငံတွေနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် ထားတယ်လို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုရေး အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။

ဝါးပင်တွေကို လူသုံးကုန် ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုပြီး ကျန်ရှိနေတဲ့ ဝါးပင်ငုတ်တိုတွေကိုသာ မီးသွေးဖုတ် တင်ပို့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ထိုင်းနိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံက ထွက်တဲ့ ဝါးမီးသွေး ၁ ကီလိုကို ၄၀,၀၀၀ ကျပ် ဝန်းကျင်နဲ့ မြန်မာနိုင်ငံကို တင်သွင်း ရောင်းချနေတယ်လို့ သိရပါတယ်။

သတင်း – AMIA

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202845


Read More »

Thursday, April 20, 2017

သင်္ကြန်အလွန် ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်နှင့် ဈေးနှုန်းများ ကျဆင်း




သင်္ကြန် နှစ်ကူး ကာလ ပြီးဆုံးလို့ ရန်ကုန် စတော့ ရှယ်ယာ ဈေးကွက် ပြန်လည် ဖွင့်လှစ် ချိန်မှာတော့ စတော့ ရှယ်ယာ အရောင်း အဝယ် ဈေးကွက် ထဲမှာ ရှယ်ယာ ဈေးနှုန်းတွေ ကလည်း ကျဆင်း လာတဲ့ အပြင် ရှယ်ယာ အရောင်း အဝယ်ဈေးကွက် ကလည်း သိသိ သာသာ ကျဆင်းနေ ပါတယ်။

ရှယ်ယာရှင် အများစုက ဧပြီလ ၁၉ ရက်နေ့ အထိ ရန်ကုန် စတော့ အိတ်ချိန်းကို လာရောက်ပြီး စတော့ရှယ်ယာ ဈေးကွက်ကို လေ့လာ တာတွေ မရှိသလို ရှယ်ယာ အရောင်း အဝယ်တွေ ကိုလည်း မလုပ်ကြ သေးပါဘူး။

လက်ရှိမှာတော့ ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ ရှယ်ယာအရောင်းအဝယ်ပြုလုပ်လို့ရတဲ့ အချိန်တွေကို တိုးမြှင့်သတ်မှတ်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရန်ကုန်စတော့ရှယ်ယာဈေးကွက်က ဧပြီလ နောက်ဆုံးအပတ်လောက်မှပဲ ပြန်ပြီး အသက်ဝင်လာမယ်လို့ ရှယ်ယာရှင်တွေက သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ရန်ကုန်စတော့ရှယ်ယာ ဈေးကွက်ထဲမှာတော့ အေပရယ်လ ၁၉ ရက်နေ့မှာ FMI ရှယ်ယာ တစုကို ကျပ် ၁၆၅၀၀၊ သီလဝါရှယ်ယာတစုကို ကျပ် ၄၂၀၀၊ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာဈေးက ကျပ် ၈၇၀၀ နဲ့ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာဈေးကတော့ ကျပ် ၃၀၀၀၀ ပေါက်ဈေး ရှိနေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202122

Read More »

Wednesday, April 19, 2017

အိန္ဒိယ ကုန်သည်များ ဈေးကစား၍ ပြည်တွင်း ပဲဈေးကွက် မတည် မငြိမ်ဖြစ်




အိန္ဒိယ ကုန်သည် တွေ ဈေးကစား နေတဲ့ အတွက် ပြည်တွင်း ပဲဈေးကွက် မတည် မငြိမ်ဖြစ် နေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များ အသင်းက ပြောပါတယ်။

ဒီနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ မတ်ပဲနဲ့ ပဲစင်းငုံ အထွက်နည်းနေတဲ့အတွက် ပဲလိုအပ်ချက် ရှိနေပေမယ့် အိန္ဒိယအစိုးရရဲ့ သွင်းကုန် အခွန်သက်သာခွင့် သက်တမ်း တိုးမြှင့်ပေးမယ့် အနေအထားကို ကုန်သည်တွေက စောင့်ကြည့်ဝယ်ယူနေတာ ဖြစ်တယ်လို့ အသင်းအထွေထွေအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံက ပြည်ပက တင်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံပေမယ့် ပဲမျိုးစုံက အိန္ဒိယရဲ့ အဓိကစားသောက်ကုန် ဖြစ်တဲ့အတွက် အခွန်ကောက်ခံပါက ကုန်ဈေးနှုန်း ကြီးလာနိုင်တာကြောင့် အခွန်ကင်းလွတ်ခွင့်ပေးထားတာပါ။

လက်ရှိ ပြည်တွင်းပဲဈေးကွက်မှာ မတ်ပဲ တတန်ကို ၁,၀၇၈,၀၀၀ ကျပ်၊ ပဲစင်းငုံ တတန်ကို ၇၆၅,၀၀၀ ကျပ် ဈေးနဲ့ အရာင်းအဝယ် ဖြစ်နေပါတယ်။

သတင်း – AMIA

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/201942

Read More »

Saturday, April 15, 2017

Toshiba ကုမ္ပဏီကြီး၏ Microchip လုပ်ငန်းကို Apple က ၀ယ်ယူရန် ကြိုးစားနေ




ဘဏ္ဍာရေး အကျပ် အတည်း ဆိုက်နေတဲ့ Toshiba ကုမ္ပဏီ ကြီးရဲ့ Microchip လုပ်ငန်းကို Apple နည်းပညာ ကုမ္ပဏီ ကြီးက ၀ယ်ယူဖို့ ကြိုးစား နေတယ်လို့ ဂျပန် သတင်း မီဒီယာ NHK က ဖော်ပြ ပါတယ်။

Apple iPhone တွေ အတွက် လိုအပ်တဲ့ Microchip ပြားတွေ အလုံ အလောက် ထောက်ပံ့ ပေးနိုင်ဖို့ ၀ယ်ယူမှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ထိုက်ထိုက် တန်တန် ပေးဝယ်ဖို့ ဆန္ဒ ရှိတယ်လို့ ဆိုပါတယ်။

Toshiba ကုမ္ပဏီဟာ သူတို့ရဲ့အမြတ်အစွန်းရနေဆဲဖြစ်တဲ့ ဒီ Microchip လုပ်ငန်းကို အခုလထဲမှာပဲ ထုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်ပြီး ၀ယ်ယူမယ့် ကုမ္ပဏီတွေကို စိစစ်နေပါတယ်။

အခုလို Toshiba ကုမ္ပဏီက အရေးပါတဲ့ ဂျပန်နည်းပညာလုပ်ငန်းကို ပြည်ပနိုင်ငံတနိုင်ငံကို ထုတ်ရောင်းရတာ စိုးရိမ်တယ်လို့ ဂျပန်အစိုးရ အရာရှိတွေက ပြောဆိုပါတယ်။

Apple ကုမ္ပဏီကတော့ Toshiba ကုမ္ပဏီကပဲ အစုရှယ်ယာတချို့ကို ဆက်ကိုင်ခွင့် ပေးထားပြီး ဂျပန် ကုမ္ပဏီနဲ့ အမေရိကန် ကုမ္ပဏီတို့ ပူးပေါင်းသွားဖို့ စီစဉ်နေ တယ်လို့ ကုမ္ပဏီ သတင်း ရင်းမြစ်တွေက ဆိုပါတယ်။

ထိုင်ဝမ်အခြေစိုက် Foxxconn နည်းပညာကုမ္ပဏီကလည်း Toshiba Microchip လုပ်ငန်းရဲ့ ၃၀ ရာခိုင်နှုန်း ၀ယ်ယူဖို့ Apple ကုမ္ပဏီက ဆွေးနွေးနေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/201298

Read More »

Tuesday, April 11, 2017

ပထမဆုံး အီလက်ထရွန်နစ် ထီစနစ်သစ် လုပ်ကိုင်နိုင်မည့် ကုမ္ပဏီကို တင်ဒါခေါ်ယူမည်




မြန်မာ နိုင်ငံ၌ ပထမဆုံး စတင်မည့် အီလက် ထရွန်နစ် ထီ (E-Lottery) စနစ်သစ် ဖွင့်လှစ် လုပ်ကိုင်မည့် ကုမ္ပဏီကို ယခုနှစ် အတွင်း တင်ဒါ ခေါ်ယူ ရွေးချယ် မည်ဟု ပြည်တွင်း အခွန်များ ဦးစီး ဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဌာနသည် အီလက် ထရွန်နစ် ထီကို တင်ဒါ အောင်မြင်သော ကုမ္ပဏီနှင့် ယခုနှစ်ကုန် ပိုင်း၌ စတင် လုပ်ဆောင်ရန် မျှော်မှန်း ထားပြီး ရှေ့ပြေး လုပ်ငန်း များကို လပိုင်း အတွင်း စတင်မည်ဟု ၎င်းက ပြောသည်။

အီလက်ထရွန်နစ် ထီစနစ် လုပ်ကိုင်ရန် ပြည်ပမှ ကျွမ်းကျင် ပညာရှင်ကို ခြောက်လ အတွင်း ငှားရမ်းမည်ဟု ဦးမင်းထွဋ်က ပြောသည်။

‘‘Expert ငှားရမ်းဖို့အတွက် လာရောက်ဆက်သွယ်ကမ်းလှမ်းထားတာတွေ ရှိပါတယ်။ E- Lottery နဲ့ ပတ်သက်လို့ တင်ဒါ ခေါ်ယူတာ၊ ရွေးချယ်တာတွေကို Expert ရဲ့ အကြံပြုချက် အတိုင်း သွားရမှာဆိုတော့ သူ့ကိုငှားရမ်း ပြီးမှ ကျန်တာတွေ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာ တင်ဒါအောင်တဲ့ ကုမ္ပဏီလည်း ရွေးပြီးမှာဖြစ်ပြီး လုပ်ငန်း စတင်ဖို့ အတွက်လည်း တစ်ဆက်တည်း ဆက်လုပ် သွားမှာပါ’’ ဟု ၎င်းက ပြောသည်။

အီလက်ထရွန်နစ်ထီစနစ် ကို နိုင်ငံတကာမှ နည်းပညာကုမ္ပဏီများက ၀င်ရောက်လုပ်ကိုင်ခွင့်ရရန် စိတ်ဝင်စားမှုများ ရရှိထားသည်ဟု ဆိုသည်။

လက်ရှိ ထီလက်မှတ်စနစ် တွင် ထီထိုးသူများသည် သတ်မှတ်ထီလက်မှတ်ခနှုန်းထက်ပို၍ ၀ယ်ယူကံစမ်းရပြီး ထီကံစမ်းလိုသည့်ဂဏန်းကို စိတ်ကြိုက်ရွေးချယ်ခွင့်မရှိခြင်းစသည့် အားနည်းချက်များကြောင့် အီလက်ထရွန် နစ်ထီစနစ် ကျင့်သုံးနိုင်ရန် ၂၀၁၅ ကတည်းက ပြင်ဆင်နေသည်။

အီလက်ထရွန်နစ်ထီသည် ထီကံစမ်းလိုသူက ကြိုက်နှစ်သက်ရာ ဂဏန်းကို ကျသင့်နှုန်းထားအတိုင်း စိတ်ကြိုက်ရွေးချယ်ကံ စမ်းခွင့် ရရှိမည်ဖြစ်ပြီး ထီဖွင့်လှစ်မှု အကြိမ် အရေ အတွက်ကို တစ်လလျှင် တစ်ကြိမ်ထက် ပို၍ ဖွင့်လှစ်နိုင်သည့် အားသာချက် များရှိသည်။

အဆိုပါ ထီဖွင့်လှစ်မှုပုံစံသည်ကျင့်သုံးသည့် ကုမ္ပဏီတစ်ခု နှင့် တစ်ခုကွာခြားမည်ဖြစ်၍ တင်ဒါရွေးချယ်ပြီးမှသာ ကုမ္ပဏီ၏ တင်ပြချက်အပေါ် မူတည်ကာ မည်သည့်ပုံစံဖြင့် ဖွင့်လှစ်ဆောင်ရွက်မည်ကို သိရမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာန အကြီးတန်းအရာရှိတစ်ဦးက ပြော သည်။

နိုင်ငံတကာတွင် အီလက်ထရွန်နစ်ထီကို ကျင့်သုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၌ တစ်လလျှင်တစ်ကြိမ် ဖွင့်လှစ်သည့် ထီစာရွက်စနစ် (Paper Lottery) ကိုသာ ကျင့်သုံးနေသည်။

အီလက်ထရွန်နစ်ထီ ဖွင့်လှစ်ပါက လက်ရှိ ဖွင့်လှစ်နေသည့် ထီလက်မှတ်စနစ်ကို ဖျက်သိမ်းမည်မဟုတ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနက ပြောကြားသည်။

From : 7 Day daily news By: မိုးမင်း

Originally published at - http://www.7daydaily.com/story/94037

Read More »

တိုင်းနှင့် ပြည်နယ်များ တိုက်ရိုက် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားခြင်းကို အလွဲသုံးစား မလုပ်ဖို့ ဒု သမ္မတ ဦးမြင့်ဆွေ သတိပေး


ဒုသမ္မတနှင့် စီးပွားရေး လုပ်ငန်းရှင်များ ငါးကြိမ်မြောက် တွေ့ဆုံစဉ် (ဓာတ်ပုံ − ပြည်သိမ်း)


တိုင်းနှင့် ပြည်နယ် အစိုးရ များအား ပြည်တွင်း၊ ပြည်ပ ရင်း နှီးမြှုပ်နှံ မှုများ တိုက်ရိုက် ခွင့်ပြုနိုင်ရန် ဆောင်ရွက် ထားခြင်းကို စီးပွားရေး လုပ်ငန်း ရှင်များက အလွဲသုံးစား မလုပ်မိရန် အရေး ကြီးကြောင်း ဒု သမ္မတ ဦးမြင့်ဆွေ က သတိပေး ပြောကြားသည်။

စီးပွားရေး လုပ်ငန်းများ ရင်း နှီးမြှုပ်နှံ လုပ်ကိုင် ရာတွင် လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ၀န်ကြီးချုပ် များမှ ဥက္ကဋ္ဌ တာဝန်ယူ ထားသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ များ က အမေရိကန် ဒေါ်လာ ငါးသန်း (ကျပ်သန်း ၆,၀၀၀ အထိ) ခွင့်ပြုနိုင်ရန် ဗဟို အစိုးရက ဖြေလျှော့ပေးခြင်း ဖြစ်သည်ဟု ဒုသမ္မတ ဦးမြင့်ဆွေက ပြောသည်။

‘‘လုပ်ရ ကိုင်ရတာ လွယ် လွယ်ကူကူ လုပ်နိုင်အောင် ဆောင်ရွက်ပေးထားတာပါ။ အဲဒီအပေါ် မှာ အလွဲသုံးစားမလုပ်ဖို့ အရေး ကြီးတယ်။ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် ပြီးလုပ်မှ တိုး တက်လာမယ်’’ ဟု ဒုသမ္မတဦးမြင့် ဆွေက ပြောသည်။

ဝန်ကြီးချုပ်များ ဥက္ကဋ္ဌတာ ၀န်ယူထားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော် မတီများက ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုနိုင်ခွင့် အ မိန့်ကြော်ငြာစာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၃ ရက်တွင် လက်မှတ်ရေး ထိုးထုတ်ပြန်ခဲ့သည်။

တိုင်းနှင့်ပြည်နယ်အစိုးရ များ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရန် လုပ်ပိုင်ခွင့်ခွဲဝေချထားမှု သည် ဗဟိုဦးစီးစနစ်ကို စတင်ဖြိုချခြင်းမျိုးဖြစ်သော်လည်း စနစ်တကျကိုင် တွယ်ထိန်းသိမ်း ရန် လိုအပ်သည်ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။

လက်ရှိ ပြဋ္ဌာန်းထားသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မကြာမီ ပြဋ္ဌာန်းမည့် နည်းဥပဒေ များတွင် တိုင်းနှင့်ပြည်နယ်အစိုး ရများအား စီးပွားရေးလုပ်ငန်းများ ၌ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုနိုင် ရန် လုပ်ပိုင်ခွင့် တရားဝင်ပြဋ္ဌာန်း ထားသည်။

From : 7 Day daily news By: ပြည်သိမ်း

Originally published at - http://www.7daydaily.com/story/93990

Read More »

Saturday, April 08, 2017

ဆစ်ဒနီက ကွန်ဒို အခန်းတွေ ဝယ်ယူနိုင်ပြီ




ရန်ကုန်၊ ဧပြီ ၃ – ဩစတြေးလျာ နိုင်ငံမှာ ရှိတဲ့ ကွန်ဒို ဝယ်ယူ လိုသူ တွေကို စီမံကိန်း ရှိရာ ဩစတြေးလျ ဆစ်ဒနီမြို့ကို ဩစတြေးလျား ဒေါ်လာ ၂၅၀ဝ အကုန် အကျခံ ပို့ပေးဖို့နဲ့ ဩစတြေးလျား ဗီဇာ ရရှိအောင် KAE ALLIANCE k Crown Group ကုမ္မဏီနဲ့ ပူးပေါင်း ဆောင်ရွက် ပေးမယ်လို့ သိရ ပါတယ်။

ကွန်ဒိုဝယ်ယူသူတွေကို ၁၀ ရာခိုင်နှုန်းပေးပြီးတာနဲ့ ပရော့ဂျက် ရှိရာကို ကုမ္မဏီကအစစတာဝန်ယူပြီး လေ့လာနိုင်အောင်အလည်အ ပတ်ပို့ပေးတယ်၊ ပြီးတော့ ဗီဇာ ရအောင် လုပ်ပေးတယ်၊  ဒါပေမဲ့ ဩစတြေးလျားနိုင်ငံမှာ discount မရှိပါဘူး၊ နှစ်ရှည်ကြာ ဘဏ်ချေးငွေရရှိအောင် ဘဏ်နဲ့ကုမ္မဏီချိတ်ဆက်ပေးပြီးဝယ်ယူနိုင် ပါ တယ်လို့ KAE ALLIANCE စီအီးအိုကိုကျော်မင်းဇင်က ပြောပါတယ်။

လက်ရှိမြန်မာတွေဝယ်ယူတာကတော့ ၁၂ ခန်းလောက်ရှိပြီ လို့ သိရတယ်။

ဝယ်ယူသူတွေကို ကုမ္မဏီကစင်ကာပူ UOB ဘဏ်ကချေးငွေရ ရှိအောင်ဆောင်ရွက်ပေးမှာပါ။ ဝယ်ယူပြီးတာနဲ့လတ်တလောမနေနိုင်သေးလို့ ပြန်ငှားမယ်ဆိုရင်လည်း developer တွေနဲ့ နှစ်နှစ်တိတိချိတ်ဆက်ပေးမယ်။  အခြားတစ်နည်းကတော့ ပြန်ငှား မယ်ဆိုရင် ငှားရမ်းခရဲ့၁၀ရာခိုင်နှုန်းကိုထိန်းသိမ်းခပြန်ပြီးပေးရမှာဖြစ် ပါတယ်။

ရောင်းချမယ့်  ကွန်ဒိုတွေကတော့ V ကွန်ဒိုရ Oasis ကွန်ဒိုနဲ့ ဝါးတားဖရန့်ကွန်ဒိုသုံးခုဖြစ်ပါတယ်။ လက်ရှိမှာက V ကွန်ဒိုနဲ့ Oasis ကွဒိုကဆောက်လုပ်ပြီးစီး လူနေ ထိုင်နိုင်ပြီး ဝါးတားဖရန့် ကွန်ဒို ကတော့ နောက်လေးနှစ်ကြာမှာ ဆောက်လုပ်ပြီးစီးမှာဖြစ်ပါတယ်။ V ကွန်ဒိုမှာ အခန်းစုစုပေါင်း ၅၀ဝ ထဲက လက်ရှိရောင်းချဖို့ အခန်း ၂၀ သာကျန်ရှိပါတော့တယ်။

Oasis ကွန်ဒိုမှာကရောင်းချရန် အခန်းခုနစ် ခန်းသာကျန်ရှိပါတော့တယ်။ ဝါးတားဖရန့်ကွန်ဒိုကတော့ဆောက် လုပ်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် ရောင်းချခြင်းဖြစ် ပါတယ်။

အခန်းအကျယ်ကတော့ စတုရန်းပေ ၄၀ဝကျော်ကနေ ၁၃၀ဝ ကျော်အထိရှိပါတယ်။Vကွန်ဒိုနဲ့  Oasis ကွန်ဒိုဝယ်ယူသူတွေအနေနဲ့ စတင်ဝယ်ယူတာနဲ့ ၁၀ ရာခိုင်နှုန်း ပေးပြီး ကျန် ၉၀ ရာခိုင်နှုန်းကိုနှစ် လအတွင်းပေးရမှာဖြစ်ပါ တယ်။ ဝါးတားဖရန့် ကွန်ဒိုဝယ်ယူသူတွေ အနေနဲ့ စဝယ်တာနဲ့ ၁၀ ရာခိုင်နှုန်းပေးပြီး ကျန် ၉၀ ရာခိုင်နှုန်းကို အခန်းသော့အပ်မှပေးရမှာဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by မေသက်

Originally published at - http://www.kumudranews.com

Read More »

မြန်မာ့လယ်ယာ ထွက်ကုန် တရားမဝင် လာဝယ်နေသည့် တရုတ်နိုင်ငံ သားများကို တိုင်ကြားနိုင်




မြန်မာ့ လယ်ယာ ထွက်ကုန် တွေကို ပြည်တွင်းထိ တိုက်ရိုက် တရားမဝင် လာရောက် ဝယ်ယူ နေတဲ့ တရုတ် နိုင်ငံသား တွေကို တိုင်ကြား နိုင်တယ်လို့ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ တရုတ်ကုန်သည်တွေက မြန်မာ့ စပါးတွေကို ဒေသပေါက်ဈေးထက် ပိုပေးပြီး လိုက်လံ ဝယ်ယူနေတဲ့ အတွက် ဆန်စက် လုပ်ငန်း အချို့ ရပ်ထား ရတယ်လို့ ဆန်ကုန်သည်တွေ ပြောပါတယ်။

အဲဒီလို မြန်မာ့လယ်ယာထွက်ကုန်တွေကို နိုင်ငံခြားသားတွေက အထောက်အထားမပါဘဲ ပြည်တွင်းထိ တိုက်ရိုက်လာရောက်ဝယ်ယူတာဟာ တရားမဝင်ကုန်သွယ်မှု ဖြစ်တဲ့အတွက် တိုင်ကြားလာပါက အရေးယူသွားမယ်လို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောပါတယ်။

“ဆန်နဲ့ ဆန်ကွဲကိုပဲ ပြည်ပတင်ပို့ခွင့် ပေးထားတာ ရှိတယ်ပေါ့။ ဆန်နဲ့ ဆန်ထွက်ပစ္စည်းကိုပဲ။ ကျနော်တို့က စပါးကို ပြည်ပတင်ပို့ခွင့်ပေးထားတာ မရှိဘူး။ အခု မန္တလေးနဲ့ တဝိုက်မှာ တရုတ်ကို စပါးပို့တယ် ဆိုတာကတော့ တကယ်လို့ ဆန်ကုန်သည်တွေ ဘက်က သူတို့တွေ အနေနဲ့ တာဝန် သိတဲ့ ပြည်သူတွေ အနေနဲ့ တိတိ ကျကျ သေသေ ချာချာ ပြောနိုင်မယ်ဆိုရင် သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ဖို့ လုပ်သွားကြမှာပါ။

ကုန်သည်လောကမှာ ကျနော်တို့ တော်တော်များများ ဘာကြုံနေရလဲဆိုတော့ အချင်းချင်း မျက်နှာပျက်ရမှာကို ကြောက်တယ်။ တိုင်ရ တောရမှာကို၊ သူများ စီးပွားရေးကို ဖျက်ဆီးသလို ဖြစ်တယ်ပေါ့။

ဒါမျိုးတွေနဲ့ တလွဲအယူအဆတွေ ရှိတယ်လို့ ကျနော်ကတော့ ထင်တယ်။ ဒါတွေက တကယ်ကတော့ သေချာသိရင် ဒါ အများအတွက်ပဲလေ။ ပြည်သူအတွက်၊ အများအတွက် ကောင်းအောင်လုပ်တဲ့ လုပ်ငန်းကို လုပ်သင့်တယ်၊ သတင်းပေးသင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

မန္တလေးတိုင်းဒေသကြီးက စပါးအဓိကထွက်တဲ့ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ် အပါအဝင် မြို့နယ် အနှံ့အပြားမှာ တရုတ်ကုန်သည်တွေကိုယ်တိုင် လာရောက် ဝယ်ယူသလို၊ ပွဲစားတွေကတဆင့် စပါးတွေကို ဈေးကောင်းပေးပြီး ရသလောက် ဝယ်ယူနေတာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးငွေအောင်က ပြောပါတယ်။

“သူတို့က တိုက်ရိုက်တော့ မဟုတ်ဘူး။ ဒေသခံပွဲစားနဲ့ သူတို့က တရုတ်ပြည်ကို ပို့ကြတာပေါ့နော်။ ဒီရဲ့အနေအထားကို ကိုယ်တို့က ပြီးခဲ့တဲ့ ၃ လလောက်က သက်ဆိုင် ရာ စီးပွားကူးသန်းကို တင်ပြတယ်။ တင်ပြတဲ့အကြောင်းက ဒီစပါးအလိုက်သွားမယ်ဆိုရင် ကျနော်တို့ ဒေသကြီးမှာ တိရစ္ဆာန်အစာကအစ ထွက်လာနိုင်တယ်။ ဖွဲတို့၊ ဆန်ကွဲတို့ကအစ ထွက်လာနိုင်တယ်။

ဒါလေးကိုတော့ ဖမ်းဆီး သို့မဟုတ် အသိပညာပေး မလုပ်ဖို့ လုပ်ခိုင်းပါတယ်။ သူတို့ကလည်း ဘာပြောလဲဆိုတော့ တိကျတဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံနဲ့ တင်ပြပါလို့ ပြောတယ်။ ဒါကျတော့ ကိုယ်တို့ကလည်း အန်ဂျီအို ဖြစ်တဲ့အတွက် လုပ်ပေးလို့မရဘူး။ သူတို့က ပြောတယ်။ ဝယ်တာတော့ တွေ့နေတယ်။ သိတာလည်း သိနေတယ်။

ဒါပေမယ့် သူတို့က ပို့တာကိုတော့ လက်ပိုက်ကြည့်နေလို့ မရဘူး။ ဒါကတော့ အစိုးရပိုင်းက တာဝန်ရှိမယ်လို့ ထင်ပါတယ်။ သူတို့ ဂိတ်တွေမှာ စစ်ဆေးပြီးမှ မတင်ပို့ ဖို့ပေါ့နော်။ ဒါတွေ ပြောမှ ဖြစ်မယ်ပေါ့။

တချက်ကလည်း စပါးဈေးက ပြည်တွင်းမှာ ၅ သိန်းလောက် ပေါက်နေတဲ့အချိန်မှာ သူတို့က ၅ သိန်းခွဲလောက်၊ ၅ သောင်းလောက် ပိုပေးဝယ်တဲ့အခါကျတော့ ဘယ်သူမဆို စီးပွားရေးအရ တွက်ခြေကိုက်တော့ ရောင်းကြတာပေါ့နော်။ ဒါတွေ ပါတယ်။”

လတ်တလောမှာတော့ မန္တလေးတိုင်းဒေသကြီးက ဆန်စက်အချို့မှာ ကြိတ်စရာ စပါးမရှိတဲ့အတွက် စက်တွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

သတင်း – ထက်အောင်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/200142

Read More »

Friday, April 07, 2017

သင်္ကြန်မတိုင်မှီ အရောင်း သွက်နေတဲ့ ကားဈေးကွက်




ရန်ကုန်၊ ဧပြီ ၄ – မကြာ ခင်မှာ မြန်မာ့ ရိုးရာ မဟာ သင်္ကြန် အခါ သမယ ကို ရောက်ရှိ တော့မှာ ဖြစ်တယ်။

ရုံးပိတ်ရက်ရှည်အတွင်းကားအ ရောင်းအဝယ်တွေလည်းအေးနေမှာ ဖြစ်တယ်။ လက်ရှိသင်္ကြန် မတိုင်ခင်ကာလကတော့ စလစ်ကပ်ကားတွေဦးဆောင်ပြီးကားအ ရောင်းအဝယ်ကောင်းနေပါတယ်။

သင်္ကြန်ပြီးသွားရင်တော့ ကားဈေးကွက်က အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်၊ သင်္ကြန်ပိတ်ရက်တွေကတော့ ခရီးထွက်ကြတာ၊ ရေသဘင်ပွဲဆင်နွှဲကြတာ၊ အလှူ အတန်းပြုလုပ် ကြတာတွေနဲ့ ကား အရောင်း အဝယ်အေးနေ ဦးမှာဖြစ်တယ်၊ လက်ရှိမှာတော့ စလစ်ကပ်ကားတွေအရောင်းအဝယ်ဖြစ်နေတုန်းပဲလို့ သီရိမင်္ဂလာကား ရောင်းဝယ်ရေးစခန်းကဝါရင့်ဝယ်ရောင်း ကိုသန်းဆွေဝင်းက ပြောပါတယ်။

စလစ်ကပ် အရောင်းသွက်

ဧပြီလထဲရောက်လာတဲ့အထိ စလစ်ကပ်ကားတွေကအရောင်း အဝယ်ဖြစ်နေတာပါ။ အားလုံးသိတဲ့အတိုင်း အခုရောက်ရှိနေတဲ့ ဘဏ္ဍာနှစ်သစ်မှာ စလစ်ကပ် ကား တင်သွင်းရင် ကြိုတင်ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်စတဲ့ အခွန်အပြောင်းအလဲအသစ်တွေနဲ့ ကောက်ခံ တာကြောင့် ခုနောက်ပိုင်းတင်သွင်းတဲ့ စလစ်ကပ်ကားတွေရဲ့ ဈေးနှုန်းက ကား အမျိုး အစား လိုက်ပြီး ဈေးမြင့်တက်တော့မှာဖြစ်ပါ တယ်။

အဲဒါကြောင့် စလစ်ကပ်ကားတွေအခွန်တိုး မကောက်မီ ကြိုတင်ဝယ်ယူသူတွေနဲ့ အရောင်းအဝယ်ဖြစ်နေတာဟာ လက်ရှိ ဧပြီလထဲအထိဖြစ်ပါတယ်။ စလစ်ကပ်ကား ဝယ်ယူသူတွေထဲမှာ လည်း အမှန်တကယ်စီးဖို့ဝယ်တဲ့သူတွေရှိသလို ဈေးတက်သွားရင် ပြန်ရောင်းဖို့ ဝယ်ယူသူတွေလည်းရှိတယ်။

စလစ်ကားဈေးကွက် မှာတော့ တိုယိုတာဝှစ်ရှ်က ဦးဆောင်နေပြီး အယ်လ်ဖတ်၊ ကလူဂါ စတဲ့ကားအမျိုးအစားတွေ အရောင်းအဝယ်ဖြစ်ပါတယ်။


ပွိုင့်သရီး အဝယ်ပြန်ရှိ


စလစ်ကပ်ကားတွေအပေါ် အာရုံစိုက်ဝယ်ယူတာများနေတဲ့အတွက် ပွိုင့်သရီးကားလေးတွေနဲ့ ပစ်ကပ်ကားလေးတွေအရောင်းအဝယ် အေးနေခဲ့ပါတယ်။

အခုရက်ပိုင်းရောက်မှသာ ပွိုင့်သရီးလေးတွေ အရောင်းအဝယ်ပြန်ရှိလာ ပါတယ်။  အဲဒါက စလစ်ကပ်ကားတွေ  ဈေးမြင့်တက်လို့ အရောင်းအဝယ်အေး သွားတဲ့ အခါ ပွိုင့်သရီး  ကားတွေဘက်အဝယ်ပြန်လိုက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ ပြန်ရောင်းဖို့ဝယ်ယူစုဆောင်းသူတွေ ရှိလာတာပါ။

စလစ်ဈေး ဆက်တိုက်ကျဆင်း

လက်ရှိမှာစလစ်ကပ်ပြီး ကားတင်သွင်းတဲ့သူနည်းသွားတဲ့အတွက်  စလစ်ဈေးဆက်တိုက်ကျဆင်းလာပါတယ်။ အမည်ပေါက်  စလစ်ဈေးနှုန်းက ပြီးခဲ့တဲ့လထဲမှာ ကျပ် ၁၁၅ သိန်းဝန်းကျင်လောက် မှာဈေးငြိမ်နေခဲ့တာဖြစ်တယ်။  

ကြိုတင်ဝင်ငွေခွန်ရှောင်လိုတဲ့ စလစ်ကပ်ကား တင်သွင်းသူတွေဟာ မတ်လ ၂၄ ရက်ငွေခန်းပိတ် ရက်  မတိုင်မီ  စလစ်ကပ်မှတ်ပုံတင် ကြတာ များပါတယ်။  အဲဒါကြောင့် မတ်လ ၂၄ ရက်နောက်ပိုင်း ကစပြီး စလစ်ကပ် မှတ်ပုံတင်တဲ့ စလစ်ကပ်ကားအရေအတွက်လျော့ကျသွားပြီး စလစ်ကပ်လိုအပ်ချက် လျော့ကျသွားခဲ့တာဖြစ်တယ်။

တစ်ဖက်ကလည်း ယာဉ်အိုဟောင်းဘတ်စ်နဲ့ ဒိုင်နာတွေကို အိမ်စီးကား စလစ်ထုတ်ပေးလိုက်တဲ့ အတွက်လည်း   စလစ်ဈေးကျဆင်းလာပါတယ်။ လက်ရှိမှာ အမည်ပေါက်  စလစ်တစ်စောင်ရဲ့ဈေးနှုန်းက ကျပ် ၉၈ သိန်းဝန်း ကျင်အထိ ကျဆင်းလာတဲ့အတွက် တစ်လအတွင်းမှာ ကျပ်သိန်း ၂၀ နီးပါး ကျဆင်းလာတာဖြစ်ပါတယ်။

၂၀၁၅ ကွန်ဆိုင်းမန့်ကားတွေကို သက်တမ်းခြောက်လတိုး ပေးထားတာကလည်းလာမယ့် ဇွန်လကုန်မှာအပြီး  စလစ်ကပ် ရမှာရှိနေပါသေးတယ်။ အဲဒါကြောင့်  ဧပြီလ နောက်ပိုင်းမှာ စလစ်ဈေးပြန်မြင့်တက်လာနိုင်စရာရှိပေမဲ့ ယာဉ်အိုယာဉ်ဟောင်း ဘတ်စ်နဲ့ ဒိုင်နာတွေအပ်နှံဖို့လည်း ကျန်ရှိ နေပါတယ်။

စလစ်ဈေးသည်ထက်ပိုကျဆင်းစေတာက အခွန်အပြောင်းအလဲ သစ်ကြောင့် မြင့်တက်လာမယ့်စလစ်ကပ်စတိနံပါတ်ကားတွေရဲ့ ဈေးနှုန်းကိုအထိုက်အလျောက်တော့ သက်သာခွင့်ရစေမှာဖြစ်တယ်။  

သင်္ကြန်ကာလပြီး နောက်ပိုင်းကားဈေးကွက်အပြောင်းအလဲတွေက သက်ဆိုင်ရာရဲ့ ကားမူဝါဒအပြောင်းအလဲတွေအပေါ်မှာလည်း မူတည်နေတယ်လို့ ကား တင်သွင်းရောင်းချသူတွေက သုံးသပ်ပါတယ်။

From : ကုမုဒြာဂျာနယ် by အောင်ထွန်းဦး

Originally published at - http://www.kumudranews.com

Read More »

Monday, April 03, 2017

ပဲဈေး ထက်ဝက်ကျော် ကျဆင်း




ရွှေဘို၊ ဧပြီ ၂

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ပဲစင်းငုံနှင့် မတ်ပဲ အပါ အဝင် သီးနှံ ဈေးနှုန်းမှာ ယခင်နှစ်ထက် ထက်ဝက်ကျော် ကျဆင်း နေသည့် အတွက် အမြတ် နည်းကြောင်း ကန့်ဘလူ မြို့နယ် ပဲစိုက် တောင်သူများ ထံမှ သိရသည်။

သီးနှံဈေး ကျဆင်းနေသည့် အတွက် တက်ဈေးကို စောင့်နေ သော်လည်း ယခုလ အတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုး တိုးတက်ရေး ဘဏ် (စိုက်ဘဏ်) သို့ ချေးငွေ ဆပ်ရမည် ဖြစ်သောကြောင့် သီးနှံကို ကျဈေးဖြင့်သာ ရောင်းချ နေရကြောင်း ကန့်ဘလူမြို့နယ် ဝက်တိုးမြောက် ရွာမှ တောင်သူ ဦးစိုးလင်းက ပြောကြားသည်။

ယခင်နှစ်က ပဲစင်းငုံ တစ်တင်းလျှင် ကျပ်ငါးသောင်းဝန်းကျင် ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၂၃၀၀၀ သာ ဈေးရှိနေသည့်အတွက် အလုပ်သမားနှင့် ထွန်စက်တို့ကို ငှားရမ်းခိုင်းပါက အရှုံးပေါ်နေကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ်ရွက်လိပ်ပိုးနဲ့ ဖြုတ်ပိုးကျလို့ ပဲစင်းငုံ တစ်ဧကစိုက်ရင် ၁၀ တင်းထွက်တဲ့သူဆို များလှပြီ” ဟု အင်းလယ်ကြီးကျေးရွာမှ တောင်သူ ဦးမြင့်မောင်က ဆိုသည်။

ယင်းသို့ ပဲဈေးနှုန်းမှာ ထက်ဝက်ကျော် ကျဆင်းနေသည့်အတွက် တောင်သူအချို့သည် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရန် အခက်တွေ့နေကြောင်း တောင်သူများထံမှ သိရသည်။

ရွှေဘိုပဲဒိုင်တွင် ယနေ့ပေါက်ဈေးသည် ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၆၈,၇၀၀ ရှိပြီး ရွှေဘိုပဲဒိုင်များသို့ နေ့စဉ် ပဲအဝင် အိတ်တစ်ထောင်ကျော်ရှိ၍ မတ်ပဲ သုံးတင်းဝင် တစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၆၅,၀၀၀ ဝန်းကျင်ရှိကာ ပဲအိတ် ၅၀၀ ခန့် အဝင်ရှိနေကြောင်း ယင်းပဲဒိုင် ဥက္ကဋ္ဌ ဦးမျိုးထံမှ သိရသည်။

From : The Vice Myanmar

Originally published at - http://thevoicemyanmar.com/news/7513-pzt

Read More »

Thursday, March 30, 2017

အိန္ဒိယ ကုန်သည်များ ဈေးကစား၍ ပြည်တွင်း ပဲဈေးကွက် မငြိမ်




အိန္ဒိယ နိုင်ငံတွင် မတ်ပဲ နှင့် ပဲစင်းငုံ အထွက် နည်း၍ ပဲလို အပ်ချက် ရှိနေ သော်လည်း ကုန်သည် များက ဈေးကစား သဖြင့် ပြည်တွင်း ဈေးကွက်၌ ဈေး အတက် အကျ များလာ သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ပြောသည်။

အိန္ဒိယ အစိုးရ၏ သွင်းကုန် များ အပေါ် ခွင့်ပြုပေး ထားသည့် အခွန် သက်သာခွင့် သက်တမ်း ထပ်မံ တိုးမြှင့်ပေးမည့် အခြေ အနေကို အိန္ဒိယ ကုန်သည်များက စောင့်ကြည့် ဝယ်ယူနေခြင်းက လည်း ပြည်တွင်း ပဲဈေးကွက်ကို မငြိမ်စေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အိန္ဒိယသည် ပြည်ပမှ သွင်း ကုန်များအပေါ် အခွန် ၁၀ ရာခိုင် နှုန်း ကောက်ခံသော်လည်း ပဲမျိုးစုံသည် အိန္ဒိယ၏ အဓိကစား သောက်ကုန်ဖြစ်၍အခွန်ကောက် ခံပါက ကုန်ဈေးနှုန်း ကြီးလာနိုင် သဖြင့် အခွန်ကင်းလွတ်ခွင့်ပေး ထားသည်။

ထိုအခွန်သက်သာခွင့်ကို နှစ်စဉ် တစ်နှစ်လျှင် တစ်ကြိမ် အစိုးရက သက်တမ်းတိုးပြီး ၂၀၁၆ အတွက် အခွန်သက်သာ ခွင့်သက်တမ်းမှာ မကြာမီကုန်ဆုံး မည်ဖြစ်သည်။ ယနေ့အထိ အခွန် သက်သာခွင့်သက်တမ်းတိုးပေး မည့်အခြေအနေကို ကုန်သည် များက မသိရသဖြင့် ပဲအဝယ်ကို ထိန်းနေသည်ဟု ပြည်တွင်းပဲကုန် သည်များက ပြောသည်။

‘‘သူတို့ဘက်က အခွန်ကိစ္စ ရှင်းရှင်းလင်းလင်း မရှိသေးတော့ လိုအပ်ချက်ရှိပေမယ့် ထိန်းဝယ် နေကြတယ်’’ဟု ဦးမင်းကိုဦးကဆို သည်။လက်ရှိ ပြည်တွင်းဈေးကွက် တွင် မတ်ပဲဈေးသည် တစ်တန် လျှင် ကျပ်တစ်ဆယ့်တစ်သိန်းသုံး သောင်းခွဲ ဈေးရှိပြီး ပဲစင်းငုံသည် တစ်တန်လျှင် ကျပ်ခုနစ်သိန်း ရှစ်သောင်းငါးထောင် ရှိသည်။

မတ်လအလယ်၌ ပြည်တွင်း ဈေးကွက်တွင် မတ်ပဲတစ်တန် လျှင် ကျပ်တစ်ဆယ့်တစ်သိန်း ခြောက်သောင်း၊ ပဲစင်းငုံတစ်တန် လျှင် ကျပ်ခုနစ်သိန်းခြောက် သောင်း ငါးထောင်ဈေး ရှိခဲ့ သည်။

From : 7 day daily - By: ပြည်သိမ်း

Originally published at - http://www.7daydaily.com/story/92989

Read More »

Saturday, March 25, 2017

စလစ်ကပ် ကားတွေ ကြိုတင် ဝင်ငွေခွန် ကင်းလွတ်ဖို့




ရန်ကုန်၊ မတ် ၂၀ – ပြည်ပက တင်သွင်းတဲ့ စလစ်ကပ် ကားတွေကို ကြိုတင် ဝင်ငွေခွန် ကင်းလွတ် စေဖို့ လာမယ့် မတ်လ ၃၁ ရက်နောက်ဆုံး ထားပြီး ကနဦး မော်တော်ယာဉ် မှတ်ပုံတင်မှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုအပ် ပါတယ်။

အဲသည်ကိစ္စနဲ့ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကကြိုတင်ဝင်ငွေခွန်နဲ့ သက်ဆိုင်တဲ့ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။

ကနဦးမှတ်ပုံတင်လုပ်ငန်းတွေလက်ခံဆောင်ရွက်ရာမှာ မူသေအမှတ်ဆွဲစနစ်နဲ့ဆောင်ရွက်တဲ့ ယာဉ်တွေအတွက် လာမယ့် မတ်လ ၃၁ ရက်နေ့အထိ ကညနမှာ ကနဦးမှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်တွေလာရောက်ဆောင်ရွက်ထားရ မှာ ဖြစ်ပါတယ်။

Booking စနစ်နဲ့ မူသေအမှတ်ဝယ်ယူတဲ့ ယာဉ်တွေအတွက် စလစ်ကပ်မဟုတ်တဲ့ ဖရီးပါမစ်၊ ကွန်ဆိုင်းမန့်ပါမစ်နဲ့ တင်သွင်းတဲ့ ယာဉ်တွေဟာစနစ်ပြောင်းလဲတာမရှိဘဲ ပုံမှန်လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါ တယ်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံတဲ့ စလစ်ကပ်ယာဉ်တွေဖြစ်ပါက 2N အက္ခရာကိုသာ booking ဝယ်ယူခွင့်ပြုမှာဖြစ်ပြီး အဲသည် 2N အက္ခရာဝယ်ယူတဲ့ပါမစ်မူရင်းနဲ့ အတူ booking ဝယ်တာနဲ့ တစ်ပြိုင်တည်း booking regi-stration တစ်ပါတည်းဆောင်ရွက်ရပါမယ်။ 2N အက္ခရာအထိ booking ဝယ်ယူထားပြီးတဲ့ ယာဉ်တွေအနေနဲ့ လာမယ့် ဧပြီ ၁ ရက်မတိုင်မီ booking registration လာရောက်ဆောင်ရွက်ထားရမှာ ဖြစ်ပါတယ်။

၂၀၁၇ ဧပြီလ ၁ ရက်နောက်ပိုင်းမှ မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ဖို့ အကျုံးဝင်တဲ့ အက္ခရာယာဉ်အမှတ်တွေအတွက် ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရမှာဖြစ်ပြီး ပိုင်ရှင်ကိုယ်တိုင်လာရောက်ဝယ်ယူမှသာ booking မူသေအမှတ်တွေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ပိုင်ရှင်ကိုယ်တိုင်လာရောက်ရမယ့်ကိစ္စဟာ လာမယ့် မတ် ၃၁ ရက်အထိသာဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by – အောင်ထွန်းဦး

Originally published at - http://www.kumudranews.com

Read More »

ရွှေတောင်ကုမ္မဏီက ၁၅ နှစ် အရစ်ကျနဲ့ အဆင့်မြင့် အခန်းတွေ ရောင်းချမည်




ရန်ကုန်၊ မတ် ၂၂ - ရွှေတောင် ဒီဗလော့မန့် ကုမ္မဏီက နှစ်ရှည် ချေးငွေနဲ့ အဆင့်မြင့် အိမ်ရာ တွေကို ၁၅ နှစ် အရစ်ကျ ရောင်းချ သွားမယ်လို့ ရွှေတောင် ဒီဗလော့မန့် ကုမ္မဏီက သိရ ပါတယ်။

နှစ်ရှည်၁၅ နှစ် အရစ်ကျ အဆင့်မြင့် အိမ်ရာ ရောင်းချမယ့် စီမံကိန်းကို ဧရာဝတီ ဘဏ်နဲ့ ချိတ်ဆက်ပြီး (Mortgage  Loan) ဆောင်ရွက်ဖို့ သဘောတူ လက်မှတ် ရေးထိုးထားတာ ဖြစ်ပါတယ်။

နှစ်ရှည်အိမ်ရာချေးငွေနဲ့ ရွှေတောင်ဆောက်လုပ်ရေးကုမ္မဏီက ဆောက်လုပ်ရောင်းချနေတဲ့ Hilltop Visat Condominium, Crystal Resident စတဲ့အဆင့်မြင့် ကွန်ဒိုမီနီယံတွေကို ၁၅ နှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

နှစ်ရှည်အိမ်ရာချေးငွေ ဝန်ဆောင်မှုကို ပြည်တွင်းအိမ်ခြံမြေဈေးကွက်မှာ ပုဂ္ဂလိကကဏ္ဍအနေနဲ့ ပထမဆုံး ဆောင်ရွက်တာဖြစ်ပါတယ်။ နှစ်ရှည်အိမ်ရာချေးငွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ကာနှစ်ရှည်ရှစ်နှစ်ကနေ ၁၅ နှစ်အထိအ ရစ်ကျပုံစံနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ရွှေတောင် ဒီဗလော့မန့် ကုမ္မဏီနဲ့ ဧရာဝတီဘဏ်တို့ ပူးပေါင်းပြီး နှစ်ရှည်အိမ်ရာချေးငွေနဲ့ အိမ်ရာဝယ်ယူရမယ့်ပုံစံက ကနဦးပေးငွေအခန်းတန်ဖိုး ၄၀ ရာခိုင်နှုန်းပေးသွင်းပြီးတာနဲ့ ဝယ်ယူသူတွေတက်ရောက်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အရစ်ကျစနစ်နဲ့ အိမ်ခန်းဝယ်ယူတဲ့သူတွေက ဘဏ်စုဆောင်းငွေ ထားရှိရမှာဖြစ်ပါတယ်။ ဝယ်မယ့် တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းစုဆောင်းငွေရရှိတဲ့သူတွေကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကတည်ဆောက်ထားတဲ့ တိုက်ခန်းတွေကို ရှစ်နှစ်ကနေ ၁၀ နှစ်အထိ အရစ်ကျစနစ် နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက တန်ဖိုးနည်းအိမ်ရာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အကုန်လုံးမှာ သည်လာမယ့် ဘဏ္ဍာနှစ် ၂၀၁၇- ၂၀၁၈ မှာ စတင်တည်ဆောက်မှာဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာတွေကို ဘဏ်စုဆောင်းငွေနဲ့အရစ်ကျရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။

လက်ရှိတန်ဖိုးနည်းအိမ်ရာတွေဝယ်ယူဖို့အတွက် ကနဦးပေးသွင်းငွေအဖြစ် အိမ်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်း(ကျပ်သိန်း ၃၀) ပေးသွင်းပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို အရစ်ကျပေးသွင်းရမှာဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by – ပို့ပို့မြင့်မွန်

Originally published at - http://www.kumudranews.com

Read More »

တောင်ဒဂုံ မြို့သစ်မြေကွက် ဈေးကောင်း မပေးနိုင်တော့




ရန်ကုန်၊ မတ် ၂၀ – အရင် တုန်းက ဒဂုံမြို့သစ် လေးမြို့နယ်မှာ မြေကွက် တွေကို ဈေးကောင်း ပေးဝယ် ခဲ့ကြပေမဲ့ ခုလက်ရှိမှာ ဈေးကောင်း ပေးဝယ် သူတွေ လျော့သွား တယ်လို့ သိရ ပါတယ်။

အရင် ၂၀၁၄ ခုနှစ်က ဆိုရင် မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံအရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်း တွေမှာ ရင်းနှီးမြှုပ်နှံ သူတွေ သူ့ထက်ငါ အလု အယက် ဝယ်ခဲ့ ကြတယ်။

အရင်တုန်းက ပေ ၄၀ x ပေ ၆၀ မြေကွက်တွေကို နေရာပေါ်မူတည်ပြီး သိန်း ၁၅၀ဝ၊ ၂၀ဝ၀ လောက်ပေါက်ဈေးရှိခဲ့ပါတယ်။ မြောက်ဒဂုံဘက်မှာဆိုရင် ပိုပြီးဈေးကောင်း ရခဲ့ပါတယ်။

‘ခုနောက်ပိုင်းအိမ်ခြံမြေဈေးကျသွားတဲ့အချိန်မှာတော့ အရင်တုန်းက ဈေးထက် သုံးပုံတစ်ပုံလောက်လျော့ကျ သွားခဲ့တယ်၊ ပြီးတော့ ဝယ်ယူသူတွေလဲ အရမ်းနည်း လာတယ်၊ သိန်း ၁၅၀ဝ၊ ၂၀ဝ၀ ရခဲ့ပေမဲ့ ခုတော့ သိန်း ၇၀ဝ၊ ၈၀ဝ ပဲရတော့တယ်၊ ဒါတောင် အရောင်းအဝယ်ကနည်းတယ်လို့ အိမ်ခြံမြေအကျိုးဆောင် ဦးသန်းဦးက ပြောပါတယ်။

လက်ရှိမှာ အိမ်ခြံမြေဈေး ကောင်းပေးဝယ်တဲ့ကြော်ငြာတွေလည်း လျော့နည်းလာတာကိုတွေ့ရတယ်။

ခုက အရောင်းအဝယ်က အရမ်းနည်းနေတော့ ရင်းနှီးမြှုပ်နှံသူတွေလဲ အရောင်းအဝယ်ပါးနေတယ်၊ ဒီတော့ သူတို့ အနေနဲ့ဈေးကောင်းပေးဝယ်ဖို့မဖြစ်နိုင်တော့ဘူးလေ၊ သူတို့ရဲ့မြေကွက်တွေမှာတောင် ငွေဝပ်နေကြတော့အရောင်း အဝယ်လုပ်ဖို့ခက်နေတယ်လေ၊ ဒါပေမဲ့ ကြော်ငြာအနည်းငယ်တော့ တွေ့ရပါတယ်၊

သွားရောင်းတဲ့ခါကျတော့လဲ ဈေးက အောက်ဈေးပဲရတယ်လို့ အိမ်ခြံမြေအကျိုးဆောင် ဂေဟာမင်းကုမ္မဏီက တာဝန်ရှိသူက ပြောပါတယ်။

From : ကုမုဒြာဂျာနယ် by – မေသက်

Originally published at - http://www.kumudranews.com

Read More »

Thursday, March 23, 2017

နိုင်ငံပိုင် လုပ်ငန်းတချို့ ပုဂ္ဂလိက ပြောင်းရေး အရှိန်မြှင့်




နိုင်ငံပိုင် လုပ်ငန်းနဲ့ စက်ရုံ တချို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်စေရေး အရှိန်မြှင့် နေပါတယ်။

ဘယ်စက်ရုံ တွေကို ပြည်တွင်း ဒါမှ မဟုတ် ပြည်ပ လုပ်ငန်း ရှင်တွေကို ပေးလုပ်မယ်၊ ဘယ်စက်ရုံတွေ ကိုတော့ ပိတ်သိမ်းမယ် ဆိုတာ စဉ်းစား ဆုံးဖြတ်နေ တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။

အရင် အစိုးရ လက်ထက်တွေမှာ နိုင်ငံပိုင် စက်ရုံ အလုပ်ရုံတွေဟာ အလုပ်မဖြစ်ရုံမက ဘဏ္ဍာငွေတွေလည်း အရှုံးပေါ်ခဲ့ပါတယ်။ တချို့ စက်ရုံတွေကို ပုဂ္ဂလိက လွှဲပေးတာ ရှိပေမယ့်လည်း အလုပ်ဖြစ်တဲ့ စက်ရုံ အလုပ်ရုံတွေ ကျန်ရှိနေပါသေးတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/local-news/32554/


Read More »

Wednesday, March 22, 2017

မတ်လ ၂၁ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး




ဒီနေ့ ငွေလဲလှယ် နှုန်းထားတွေ ကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၆၂ ကျပ်၊ ၁ ယူရိုငွေကို ၁၄၇၂ ဒသမ ၇ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၇၄ ဒသမ ၁၄ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၇ ဒသမ ၂၈ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၉ ဒသမ ၁၈ ကျပ် အသီးသီး ဈေးပေါက် ပါတယ်။

ကိုးကား – မြန်မာနိုင်ငံတော် ဗဟိုဘဏ်

ပြည်တွင်း ရွှေဈေးကွက်မှာ အကယ်ဒမီ ရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၉၀၂၈၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၀၃၀၀၀ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁၂၄၅ ဒေါ်လာ ဈေးပေါက်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196637

Read More »