နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label နည်းပညာသတင်း. Show all posts
Showing posts with label နည်းပညာသတင်း. Show all posts

Friday, April 21, 2017

ဦးနှောက်နဲ့ တိုက်ရိုက် ထိန်းချုပ်နိုင်မယ့် ကွန်ပျူတာ ဖန်တီးနေ




ကွန်ပျူတာ တွေကို လူသားရဲ့ ဦးနှောက်နဲ့ တိုက်ရိုက် ထိန်းချုပ်မှု ပြုလုပ် နိုင်မယ့် နည်းပညာ ဖန်တီးဖို့ ရည်မှန်း ထားကြောင်း ဖေ့ဘွတ်ခ် ကုမ္ပဏီက ပြောကြား လိုက်ပါတယ်။

အသံ မထွက်ဘဲ ပြောဆို ခိုင်းစေ နိုင်မယ့် ဆော့ဝဲလ်ကို စမ်းသပ် နေပြီး အောင်မြင်မှု ရခဲ့မယ် ဆိုရင် အသုံးပြု သူဟာ တစ်မိနစ်ကို စာလုံး အရေ အတွက် ၁၀၀ နှုန်းနဲ့ စာရိုက် နိုင်မှာ ဖြစ်ပါတယ်။

ခွဲစိတ်မှု ပြုလုပ်ဖို့ မလိုအပ်ဘဲ ဦးနှောက် လှိုင်းတွေကို သိရှိနိုင်မယ့် နည်းပညာ အသစ်ကို အစောပိုင်း အဆင့်မှာ ဖန်တီး နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဦးနှောက်လှိုင်းအကုန်လုံးကို ဖော်ထုတ်ဖို့ ရည်ရွယ်တာ မဟုတ်ဘဲ အသုံးပြုသူ အနေနဲ့ အခြားသူတွေ သိရှိအောင် မျှဝေချင်တဲ့ အတွေးတွေ ကိုပဲ စာအနေနဲ့ ရိုက်နိုင်အောင် ကြံဆ ဖန်တီးနေတာ ဖြစ်ပါတယ်။

အဆိုပါစီမံကိန်းအတွက် လိုအပ်မယ့် ဟတ်ဒ်ဝဲလ်နဲ့ ဆောဝဲလ် နှစ်မျိုးစလုံးကို ဖေ့ဘွတ်ခ်ကုမ္ပဏီကပဲ ပညာရှင်ပေါင်း ၆၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက် နေပါပြီ။

အဆိုပါကြေညာချက်ကြောင့် ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ လက်ရှိဖြစ်နိုင်ခြေရှိတဲ့ နည်းပညာအားလုံးကို ပုံဖော်လိုက်တာလို့ ပြောဆိုနိုင်ပါတယ်။ လက်ရှိအချိန် အထိတော့ ဦးနှောက်ကို ထိန်းချုပ်ဖို့အတွက် ကွန်ပျူတာ ချပ်စ်ပြားကို ဦးခေါင်း ခွဲစိတ်ပြီး စိုက်ထားမှ ရနိုင် ပါသေးတယ်။

ဦးနှောက်ပြင်ပကနေ ထိန်းချုပ်မှု ပြုလုပ်တဲ့ နည်းပညာကတော့ လက်ရှိအချိန်မှာ ဈေးကွက်ထဲမှာတောင် ရှိနေပြီးသားပါ။ ဒါပေမဲ့ အ ဆိုပါ ကိရိယာတွေက အခြေခံ အကျဆုံး လုပ်ဆောင် ချက်လေးတွေကို လုပ်ဆောင်နိုင် ပါသေးတယ်။

အခုစီမံကိန်းအောင်မြင်မှုရရှိ ဖို့အတွက် တစ်စက္ကန့်ကို ဦးနှောက်လှိုင်း ရာပေါင်းများစွာ ဖမ်းယူနိုင်တဲ့ ဆင်ဆာတွေ လိုအပ်နေ ပါသေးတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/international-news/34307/

Read More »

Monday, April 17, 2017

Drone ပုံစံ ရဟတ်ပျံ VTOL Taxi တွေ လာတော့မည်




ဂျာမနီ နိုင်ငံမှာ လာမယ့် ၂၀၁၈ ခုနှစ်က စပြီး Drone ပုံစံ အခြေပြု ဖန်တီး ထားတဲ့ ရဟတ် ပျံတွေကို Taxi အဖြစ် စတင် အသုံးပြု သွားတော့မှာ ဖြစ်တယ်လို့ သိရ ပါတယ်။

ဒီရဟတ် ပျံတွေဟာ ဝေဟင်မှာ ကောင်းစွာ ပျံသန်းနိုင် သလို လိုချင်တဲ့ နေရာ မှာလည်း စိတ်ကြိုက် ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။ ရဟတ် ပျံတွေကို Vertical take-off and landing (VTOL) လို့ ခေါ်ပြီး ယခုလို ခရီးသည် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍမှာ ပထမဆုံး အသုံးပြု လာတာလည်း ဖြစ်ပါတယ်။

ရဟတ်ပျံတွေရဲ့ အသံဟာ ပုံမှန် လေယာဉ်တွေရဲ့ အသံမျိုးနဲ့ပဲ ဖြစ်ပြီး ဂျာမနီ အစိုးရနဲ့ e-volvo ကုမ္ပဏီတို့ ပူးပေါင်းကာ ပျံသန်းပြေးဆွဲဖို့ ပြင်ဆင်နေတာ jဖစ်ပါတယ်။ VTOL တွေကို ၂၀၁၁ ခုနှစ် ကတည်းက ဖန်တီးထားခဲ့တာ ဖြစ်ပြီး စမ်းသပ်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ် လို့လည်း ဆိုပါတယ်။ VTOL ဖန်တီးမှုထဲကို Google ရဲ့ တွဲဖက် တည်ထောင်သူ Larry Page ကလည်း ငွေကြေး စိုက်ထည့်ထားတယ် လို့လည်း သိရပါတယ်။

e-volvo အနေနဲ့ ယာဉ်တွေကို ထိန်းချုပ်ဖို့ အတွက် သီးခြား ကွန်ပျူတာ စနစ် Volocopter 2X ကို ဖန်တီးထားပြီး ဖြစ်တယ် လို့လည်း သိရသလို ဒီကွန်ပျူတာ စနစ်ကနေပဲ အလိုအလျောက် ထိန်းချုပ်မှု ပုံစံနဲ့ လာမယ့် နှစ်အတွင်း Taxi ယာဉ်တွေ အဖြစ် စတင် အသုံးပြု သွားဖို့ ရှိနေတာပါ။

VTOL တွေဟာ ခရီးသည် ၂ ယောက် လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပြီး ယာဉ်ပျံသန်းဖို့ အတွက်ကိုတော့ Rotor (သီးခြား မော်တာ ပါရှိတဲ့ ရဟတ်) ၁၈ ခုနဲ့ ဖန်တီး ထားပါတယ်။ ပျံသန်းမောင်းနှင်မှု အတွက်ကိုတော့ နောက်ပိုင်းမှာ ကွန်ပျူတာကနေ အလိုအလျောက် ထိန်းချုပ် ပို့ဆောင်မှာ ဖြစ်ပြီး လုပ်ငန်း အစပိုင်းမှာတော့ ယာဉ်မောင်းကို ထည့်သွင်းပေးထားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

ထိန်းချုပ်မှု အတွက်ကတော့ Joystick (ထိန်းချုပ်မှု လက်ကိုင်) ကို သုံးပြီး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Volocopter 2X ဟာ အခြေခံ အထိုင် ကွန်ပျူတာ စနစ်လည်း ဖြစ်သလို VTOL တစင်းစီမှာ ပါရှိမယ့် ကွန်ပျူတာ စနစ် ဖြစ်ပြီး သူက ရပတ်ပျံကို စွမ်းအင် ထောက်ပံ့မှုရော ထိန်းချုပ်မှုပါ လုပ်ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။

ရဟတ်ပျံအတွက် ထည့်သွင်းထးတဲ့ ဘက်ထရီကိုတော့ မိနစ် ၄၀ အတွင်း အားပြည့်အောင် ပြန်သွင်းနိုင်မှာ ဖြစ်ပြီး Fast Charge လို အမြန်အားသွင်း ပုံစံနဲ့လည်း သွင်းနိုင်မယ်လို့ သိရပါတယ်။

ဒီရဟတ်ပျံဟာ တနာရီ ၆၂ မိုင်ထိအောင် အမြန်ဆုံး ပျံသန်းပေးနိုင်မှာ ဖြစ်ပေမယ့် ခရီးဝေး မောင်းနှင် အသုံးပြုနိုင်မှာတော့ မဟုတ်ပါဘူး။ ရဟတ်ပျံမှာ ဘက်ထရီ ၉ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ပျံသန်းချိန် ၁၇ မိနစ်ပဲ သုံးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ အချိန်တို ပျံသန်းချိန် အတွင်း ခရီးမိုင် ၄၃ မိုင် ထိအောင် ပို့ဆောင်နိုင်မယ့် အချက်ကတော့ သဘောကျ စရာပါ။

VTOL ကို ဂျာမနီမှာ ပို့ဆောင်ရေးသုံးယာဉ် အဖြစ် တရားဝင် အသိအမှတ်ပြု ခံရပြီး ဖြစ်သလို အစိုးရ အသိအမှတ်ပြု Sport လိုင်စင် ကိုင်ဆောင်ထားတဲ့ လေယာဉ်မောင်းသူတွေ အတွက်ပါ ကိုယ်တိုင် မောင်းနှင်ချင်တယ် ဆိုရင် မောင်းနှင်ခွင့် ရမှာ ဖြစ်ပါတယ်။

VTOL ကို Taxi အဖြစ် အသုံးပြုပြီး မကြာခင် အချိန် အတွင်း ကွန်ပျူတာကနေ အလိုအလျောက် ထိန်းချုပ်ပြီး ဝန်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်သွား ဖို့လည်း ရှိနေပါတယ်။

e-volvo ကတော့ ဒီစနစ်ကို ဂျာမနီမှာ အောင်မြင်မှု ရရှိပါက နိုင်ငံတကာမှာလည်း ဝန်ဆောင်မှု ပေးနိုင်အောင် မျှော်မှန်းထားတာ ဖြစ်ပြီး အထူးသဖြင့် ဥရောပနဲ့ အမေရိကနိုင်ငံတွေမှာ ဝန်ဆောင်မှုတွေ ပေးနိုင်အောင် ဆက်လက် ဆောင်ရွက်သွားမယ် လို့လည်း သိရပါတယ်။

Ref: www.businessinsider.com

From : ဧရာဝတီ by သက်နိုင်ဦး(UCSL)

Originally published at - https://burma.irrawaddy.com/business/2017/04/17/133507.html

Read More »

Friday, April 14, 2017

iPhone တွေမှာ မရနိုင်တဲ့ Samsung Galaxy S8 ရဲ့ အားသာချက် ၁၀




iOS စနစ်သုံး iPhone တွေဟာ ဖုန်း တလုံးချင်း အနေ အထားမှာ Android စနစ်သုံး ဖုန်းတွေထက် သာလွန် ကောင်းမွန်တယ် ဆိုပေမယ့် တချို့နေရာ မှာတော့လည်း အားနည်း ချက်တွေ ရှိနေပြန် ပါတယ်။

အခု iPhone တွေရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ Smasung ရဲ့ Galaxy S8 မော်ဒယ်မှာ ပါရှိတဲ့ iPhone ထက် ပိုကောင်းတဲ့ အားသာချက် ၁၀ ချက်ကို ပြောပြ ချင်ပါတယ်။

(၁) Galaxy S8 မှာ Iris Scanner လို့ ခေါ်တဲ့ မျက်လုံးဖတ် စနစ် ပါရှိ ပါတယ်။ ဒီစနစ်က အများစု သုံးနေတဲ့ လက်ဗွေရာနဲ့ ဖုန်းဖွင့်တဲ့ စနစ်နေရာမှာ မိမိရဲ့ မျက်လုံးနဲ့ တင် လုံခြုံရေး စနစ်ကို Lock လုပ်နိုင် လာပါတယ်။

(၂) Facial Recognition စနစ်သစ်မှာ Selfie ရိုက်နေရင်း ကနေ မျက်နှာ သိမှတ် စနစ်ရဲ့ အားသာချက်က မျက်နှာကို မှတ်ထားပြီး ဖုန်းကို Unlock လုပ်နိုင် လာပါတယ်။ ဒီစနစ်က မျက်လုံး ဖတ်စနစ် ထက်ရော လက်ဗွေရာဖတ် စနစ်ထက်ပါ ပိုမြန်ပါတယ်။

(၃) Galaxy S8 တွေမှာ ပြသမျက်နှာပြင် ပိုမို ကျယ်ဝန်းလာပါတယ်။ S8 မှာ ၅ ဒသမ ၈ လက်မ ဖြစ်ပြီး S8 Plus က ၆ ဒသမ ၂ လက်မ ရှိပါတယ်။ iPhone 7 ကတော့ ၄ ဒသမ ၇ လက်မနဲ့ 7 Plus က ၅ ဒသမ ၅ လက်မပဲ ရှိတာပါ။

(၄) Galaxy S8 ကို ကြိုးမဲ့ အားသွင်းစနစ်နဲ့ အားသွင်းနိုင်ပါတယ်။ ပုံမှန် ကြိုးနဲ့ အားသွင်း တာထက် ပိုမြန်ပါတယ်။ iPhone မှာတော့ ကြိုးမဲ့ အားသွင်း စနစ် မရှိပါဘူး။ Fast Charging စနစ်လည်း မရပါဘူး။

(၅) Galaxy S8 မှာ နားကြပ်ပေါက် ပါရှိပါတယ်။ အလွယ်တကူ နားကြပ် တပ်ဆင် နားထောင်နိုင်တာပါ။ iPhone 7 မှာတော့ နားကြပ်ပေါက် ဖယ်ထုတ် ထားတာ တွေ့ရ ပါတယ်။

(၆) Samsung Pay စနစ်က ပုံမှန် Credit Card Reader နဲ့ အလုပ်လုပ်ပါတယ်၊ Apple Pay အတွက်ကတော့ သီးခြား NFC Pad တခု ထားရှိ အသုံးပြုရမှာပါ။

(၇) VR မြင်ကွင်းကျယ် မျက်မှန်နဲ့ ချိတ်ဆက်နိုင်မှု အားကောင်း ပါတယ်။ ဧပြီ ၂၁ ရက် မတိုင်ခင် Galaxy S8 ကြိုတင်မှာယူသူတွေ အနေနဲ့ Gear VR မျက်မှန်တွေ လက်ဆောင် ရမှာပါ။ iPhone မှာတော့ Google ကနေ ထုတ်လုပ်တဲ့ Cardboard လို မျက်မှန်တွေနဲ့ ချိတ်ဆက်နိုင်ပေမယ့် အများစုသော VR မော်ဒယ်တွေနဲ့ အဆင်မပြေပါဘူး။

(၈) Galaxy S8 ရဲ့ နောက်ဖက် ကင်မရာဘေးမှာ နှလုံးခုန်နှုန်း အာရုံခံ စနစ် ပါရှိပါတယ်။ iPhone မှာတော့ မပါရှိပါဘူး။ သွားလာနေရင်း နှလုံးခုန်နှုန်း သိချင်တဲ့ iPhone သုံးသူတွေကတော့ Apple Watch ကိုပါ ဝယ်သုံးရဖို့ ရှိနေတာပါ။

(၉) Galaxy S8 ကို မော်နီတာ၊ ကီးဘုတ်၊ မောက်စ်တွေနဲ့ ချိတ်ဆက်ပြီး ပုံမှန် ကွန်ပျူတာ တလုံးလို သုံးနိုင်ပါတယ်။ iPhone မှာ မရသေးတဲ့ နည်းပညာတခုပါ။

(၁၀) Bixby ဆိုတဲ့ ကင်မရာ နည်းပညာသစ်က သင်ရိုက်ကူး လိုက်တဲ့ ပုံရိပ်ကို မှတ်ထားပြီး အဆိုပါ ပုံရိပ်နဲ့ ဆက်စပ် အကြောင်း အရာတွေ၊ နီးစပ်ရာ တည်နေရာတွေ၊ လည်စရာ၊ သွားစရာတွေကို အချက် အလက်ပြပေး ပါတယ်။ iPhone ရဲ့ Siri မှာတော့ အခုလို စနစ် မတွေ့ ရသေးပါဘူး။

From : ဧရာဝတီ by သက်နိုင်ဦး(UCSL)

Originally published at - https://burma.irrawaddy.com

Read More »

Thursday, April 06, 2017

ပင်လယ်ရေကို သောက်သုံးရေ လုပ်ပေးနိုင်မယ့် ရေစစ်ဆန်ခါ တီထွင်




ဧပြီ ၃ - သိပ္ဗံ ပညာရှင် တွေဟာ နောက်ဆုံးမှာ ပင်လယ်ရေ ကနေ ဆား မော်လီကျူး တွေကို စစ်ထုတ် ပေးနိုင်စွမ်း ရှိတဲ့ ရရပ်ဖင်း-အောက် ဆိုက် ဆန်ခါပါး တစ်ခုကို တီထွင် ထုတ်လုပ် နိုင်ခဲ့ပါပြီ။

သည်အောင်မြင် မှုကြောင့် သောက်သုံးရေ အများအပြား လိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တွေ အတွက် ရေချို အများအပြား ယူဆောင်ပေးနိုင် တော့မှာ ဖြစ်ပါတယ်။

သုတေသီတွေဟာ ဟိုအရင်တုန်းကလည်း ဆီနဲ့ရေကိုစစ်ထုတ်ဖို့ သည်ဂရပ်ဖင်း-အောက် ဆိုက်ဆန်ခါပါးကို အသုံးပြုခဲ့ကြပေမဲ့ အခုတီထွင်မှုမတိုင်ခင်အထိတော့ သိပ္ဗံပညာရှင်တွေဟာ ဆားကိုပါ စစ်ထုတ်နိုင်တဲ့အပေါက် သေးသေးလေးတွေပါတဲ့ ဆန်ခါပါးတစ်ခု ထုတ်လုပ်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

သည်ဆန်ခါပါးမှာပါတဲ့အ ပေါက်ငယ်လေးတွေဟာ ရေနဲ့ထိတွေ့တဲ့ အခါမှာ ကျယ်လာလေ့ရှိပါတယ်။ မန်ချက်စတာတက္ကသိုလ်က သိပ္ဗံပညာရှင်တွေဟာ အခုလိုမျိုး အပေါက်လေးတွေ ကျယ်မလာ တဲ့ဂရပ်ဖင်း- အောက်ဆိုက် ဆန်ခါကို တီထွင်ခဲ့တာပါ။ သည်အ ပေါက်လေးတွေရဲ့အရွယ်အစားဟာ အမှုန်လေးတွေရဲ့သတ်မှတ် အရွယ် အစားတွေကို ကွက်တိကျအောင် ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။

စမ်းသပ်မှုတွေမှာ သည်ဆန်ခါပါးဟာ ဆားအများစုကိုဖယ်ရှား နိုင်စွမ်းရှိပြီးတော့ ပင်လယ်ရေကိုသောက်သုံးရေအဖြစ်စိတ်ချရတဲ့ အနေအထားထိရောက်အောင် လုပ်ဆောင်ပေးနိုင်တာကို သိပ္ဗံ ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။

မိုးခေါင်ရေရှားတာနဲ့ ရာသီဥတုဆိုးရွားဖောက်ပြန်မှုတွေဟာ ရေပေးဝေမှုတွေနဲ့ ရေအရင်းအမြစ်တွေကိုခြိမ်းခြောက်လာနေပြီး ရေပေးဝေမှုပြဿနာတွေဟာ ပိုပြီးတော့ သိသာထင်ရှားလာပါတယ်။

နေချားနာနိုတက်ကနော်လိုဂျီ ဂျာနယ်ထဲမှာ အသေးစိတ်ဖော်ပြထားတဲ့ သည်တွေ့ရှိချက်တွေဟာ ဆားဓာတ်လျှော့ချတဲ့ နည်းပညာ တွေ ဖော်ဆောင်ပေးနိုင်မယ့် နည်းလမ်း တစ်ခုဖြစ်လာမယ်လို့ သုတေသီတွေက ယုံကြည် ထားပါတယ်။

[ref: UPI, Apr 3, 2017.]

From : ကုမုဒြာဂျာနယ် by ချိုလေးငယ်

Originally published at - http://www.kumudranews.com

Read More »

Wednesday, April 05, 2017

Oway Ride ရဲ့ အပလီကေးရှင်း လုပ်ဆောင်ချက် အသစ် မိတ်ဆက်




ရန်ကုန်၊ ဧပြီ ၁ – အငှားကား ဝန်ဆောင်မှု အပလီ ကေးရှင်း Oway Ride ဟာ လုပ် ငန်း လည်ပတ်ခြင်း တစ်နှစ်ပြည့် အထိမ်း အမှတ်နဲ့ ယာဉ်မောင်း ၁၀ဝ၀ ကျော်ကို ဂုဏ်ပြုတဲ့ အခမ်း အနားမှာ Oway Ride ရဲ့ အပလီကေးရှင်း လုပ်ဆောင်ချက် အသစ် သုံးခုကို မိတ်ဆက် ပါတယ်။

‘Oway Ride ကို အွန်လိုင်းကနေ အပလီကေး ရှင်းထဲဝင်ပြီး အမှန်တကယ် အသုံးပြုနေကြတာက နိုင်ငံခြားသားတွေ များနေပါတယ်၊ ကျွန်တော်တို့ နိုင်ငံသားတွေလဲ အဆင့်မြင့်နည်းပညာတွေကို အသုံးချတတ်နေပြီဆိုတာမျိုး ဖြစ်စေချင် ပါတယ်၊ အဲဒါကြောင့် Oway Ride အပလီကေးရှင်းကို အားလုံးအသုံးပြုပေးကြပါ၊ ကျွန်တော်တို့ ဘက်ကလဲ အားလုံး အသုံးပြုလို့ အလွယ်ကူဆုံးဖြစ်အောင် အပလီကေးရှင်းလုပ်ဆောင်ချက်အသစ်တွေကို စဉ်ဆက်မပြတ်ဝန်ဆောင်မှုပေးမှာပါ” လို့ Oway Ride ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဦးနေအောင်က ပြောပါတယ်။

အဲသည်အခမ်းအနားကို ရန်ကုန်မြို့၊ ဂန္ဓမာဟိုးဆေးလ်ခန်းမမှာ ပြီးခဲ့တဲ့ မတ် လ ၃၁ ရက်က ကျင်းပပါတယ်။

လုပ်ဆောင်ချက် အသစ်သုံးခု

• တစ်ပါတည်းပါဝင်လာတဲ့ Oway Travel က လက်ရှိမှာ ဒေသတွင်းနဲ့ ပြည်ပခရီးစဉ်တွေသွားရောက်လည်ပတ်နိုင်ဖို့ အတွက် လေကြောင်းလိုင်းတွေ၊ ဘတ်စ်ကားနဲ့ ဟိုတယ်တွေကို အပလီကေးရှင်းက တစ်ဆင့် အလွယ်တကူတိုက်ရိုက်ကြိုတင် မှာယူနိုင်တာပါ။

• ခရီးသည်တွေရဲ့ လုံခြုံစိတ်ချမှုအတွက် အဆင့်မြှင့်တင်ထားခြင်းအနေနဲ့ လက်ရှိ မှာ မိုဘိုင်းလ်ဖုန်းကနေ သင့်ရဲ့ ချစ်ခင်ရသူတွေရဲ့ ခရီးလမ်းကြောင်းတွေကို တိုက် ရိုက်သိရှိနိုင်ပါပြီ။ တစ်ယောက်တည်း သွားလာနေ ရတဲ့ခရီးသည်များရဲ့ လုံခြုံ ရေးကို မြှင့်တင်ပေးနိုင်ဖို့ tracking code (လမ်းကြောင်း လိုက်တဲ့ကုတ်နံပါတ်) ကို မိတ်ဆက်တာပါ။

• စီမံခန့်ခွဲမှု အပလီကေးရှင်းကတစ်ဆင့် ကုမဏီကား ဘယ်နေရာရောက်နေ တယ်။ ဝန်ထမ်းတွေ အချိန်ဘယ်လောက်ကြာ အသုံးပြုထားတယ်ဆိုတာတွေကို အလွယ်တကူသိရှိနိုင်စေပါတယ်။

ဘယ်လိုအသုံးပြုမလဲ

Oway Ride မိုဘိုင်းလ် အပလီကေး ရှင်းကို မြန်မာနဲ့ အင်္ဂလိပ်ဘာသာနှစ်မျိုး စလုံးအသုံးပြုနိုင်ပါတယ်။ Google Play နဲ့ App Store တို့မှာ ဒေါင်းလုပ်ဒ်ရယူနိုင်ပါတယ်။ အကောင့်အခမဲ့ ဖွင့်လှစ်နိုင်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ခရီးသည်တွေအနေနဲ့ ဘယ်နေရာမဆို အွန်လိုင်းပေါ်ကနေ ကားငှားယူနိုင်မှာဖြစ်တယ်။ Oway Ride အပလီကေးရှင်းရဲ့ မြေပုံမှာ အနီးအနားရှိတဲ့ တက္ကစီတွေကို ဖော်ပြနေမှာဖြစ်တယ်။

From : ကုမုဒြာဂျာနယ် by အောင်ထွန်းဦး

Originally published at - http://www.kumudranews.com


Read More »

Saturday, March 25, 2017

အိုမင်းမှုကို ပြောင်းပြန်လှန်မယ့် ဖော်မြူလာ တွေ့ပြီ




လူသား တွေရဲ့အိုမင်းမှု ဖြစ်စဉ် ဖြစ်တဲ့ ဇရာကို ပြောင်းပြန် လှန်မယ့် ထူးထူး ခြားခြား ဆေး ဖော်မြူလာကို ဖြစ်စေနိုင်တဲ့ တွေ့ရှိမှု တစ်ခုကို သိပ္ပံပညာရှင် တွေက တွေ့ရှိ ခဲ့ကြ ပါတယ်။

အဆိုပါ ဆေးဝါးက ဒီအန်အေကို အံ့သြစရာ ကောင်း လောက်အောင် ပြန်ပြုပြင် ပေးနိုင်ပြီး မားစ် ဂြိုလ်ပေါ်က နာဆာ အာကာသ ယာဉ်မှူးတွေ ကိုတောင် ဆိုရာ ရောင်ခြည် ဖြာထွက်မှု ကနေ ကာကွယ် ပေးနိုင်ဖွယ် ရှိနေကြောင်း သိရှိရ ပါတယ်။

ဆဲလ် အိုမင်းမှု ဖြစ်စဉ်နဲ့ ဒီအန်အေ ပြန်ပြုပြင်မှု ဖြစ်စဉ်တွေရဲ့ အဓိက အချက်ပြ ဖြစ်စဉ် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး နောက်မှာ သုတေ သီတစ်စုဟာ အဆိုပါ ဆေးဝါးကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာတော့ အဆိုပါဆေးက အသက်ကြီးရင့်မှု ဒါမှမဟုတ် ဓာတ်ရောင်ခြည် ဖြာထွက်မှုထိတွေ့မှုတွေကြောင့် ဒီအန်အေပျက်စီးမှုကို တိုက်ရိုက် ပြုပြင်နိုင်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။

“ ရက်သတ္တပတ် တပတ် အကြာ ဒီဆေးနဲ့ ကုသပေး ပြီးနောက်မှာ အိုမင်းနေတဲ့ ကြွက်နဲ့ ငယ်ရွယ်တဲ့ ကြွက်က ရတဲ့ ဆဲလ်တွေကို ခွဲခြား လို့ မရနိုင် တော့ပါဘူး” လို့ အဆိုပါ သုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခ ဒေးဗစ်ဆင်း ကရဲယာ က ပြောဆို ခဲ့ပါတယ်။

အဆိုပါဆေးဝါးကို လာမယ့်ခြောက်လ အတွင်းမှာ လူသားတွေနဲ့စမ်းသပ်မှု စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

တကယ်လို့ စမ်းသပ်မှု အောင်မြင် ခဲ့မယ် ဆိုရင်တော့ လူသားတွေ အသုံးပြုဖို့ ထိရောက်ပြီး ဘေးအန္တရာယ် ကင်းတာ သေချာအောင် သုံးနှစ် ကနေ ငါးနှစ် အထိ ထပ်ပြီး လေ့လာ စမ်းသပ် ကြရဦးမှာ ဖြစ်ပါတယ်လို့ ပါမောက္ခ ဒေးဗစ်ဆင် ကရဲယာက ဆက်လက် ပြောဆို ခဲ့ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news

Read More »

Monday, January 23, 2017

Galaxy Note 7 မီးလောင်ခြင်းမှာ ဘတ်ထရီ ပြစ်ချက်ကြောင့် ဟု ဆမ်းဆောင်း ပြော




ဆိုးလ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

လွန်ခဲ့သော သုံးလကျော် အကြာက မီးလောင် ကျွမ်းလေ့ ရှိသဖြင့် ရောင်းချမှု ရပ်ဆိုင်း ထားရသော ဆမ်ဆောင်း Galaxy Note 7 ဖုန်းသည် ဘတ်ထရီ ပြစ်ချက် ရှိခြင်းကြောင့် မီးလောင် ကျွမ်းရခြင်း ဖြစ်ကြောင်း ဆမ်ဆောင်း အီလက် ထရောနစ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြား လိုက်သည်။

ဆိုးလ်မြို့ရှိ ဆမ်ဆောင်း ရုံးချုပ်၌ ပြုလုပ်သော သီးသန့် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပါးလွှာသည့် ဘတ်ထရီ ဒီဇိုင်းဖြင့် ရောစပ် ထုတ်လုပ်ထားခြင်း၊ အခြား ထုတ်လုပ်ရေး ဆိုင်ရာ အကြောင်း အချက် များကြောင့် Note 7 ဖုန်းများ ပေါက်ကွဲခြင်း သို့မဟုတ် မီးလောင် ကျွမ်းရခြင်း ဖြစ်ကြောင်း ဆမ်ဆောင်းက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ရှိချက်ကို အမေရိကန် အခြေစိုက် UL နှင့် Eponent လုပ်ငန်းများက စစ်ဆေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဂျာမန် ကုမ္ပဏီ TUV Rheinland ကလည်း ပါဝင် ဆန်းစစ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Note 7 ဖုန်းများ၏ ပထမအုပ်စုအတွင်း ထည့်သွင်းထားသည့် ဘတ်ထရီများတွင် Positive (+) နှင့် Negative (-) တို့အား ပိုင်းခြားထားသည့် အလွှာက ပါးလွှာနေပြီး အတွင်းပိုင်း ဆားကစ် ပတ်လမ်းတို ဖြစ်ပေါ်နိုင်ခြေ မြင့်တက်နိုင်ခြင်း စသော အကြောင်းရင်းကြောင့် ယခုလို မီးလောင်ကျွမ်းမှုများလာခြင်း ဖြစ်ကြောင်း UL စစ်ဆေးမှုအရ သိရသည်။

ထိုသို့ ပါးလွှာသော ဘတ်ထရီကလည်း ဆမ်ဆောင်းဖုန်း အပူလွန်ကဲကာ မီးလောင်ကျွမ်းရသည့် အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ပြောကြားထားသည်။

အထူးသဖြင့် ဘတ်ထရီ၏ ညာဘက် အပေါ်ပိုင်းထောင့်များတွင် အတွင်းပိုင်း ဆားကစ် ပတ်လမ်းတို ကာကွယ်ထားသည့် စွမ်းရည် အားနည်းနေခြင်း စသော ပုံသဏ္ဍာန်မမှန်မှုများအား ရှာတွေ့ခဲ့ကြောင်း သိရသည်။

Note 7 ဖုန်းများ၏ ဒုတိယ အသုတ်အတွင်း ထည့်သွင်းထားသော ဘတ်ထရီများတွင်မူ လျှပ်ကာ တိပ် မပါရှိခြင်း၊ လျှပ်ကာများ မူမမှန်ခြင်း၊ ပါးလွှာသော အလွှာရှိခြင်း စသည့် ထုတ်လုပ်ခြင်းဆိုင်ရာ ပြဿနာများစွာ ရှိခဲ့ကြောင်း သိရသည်။

From : Xinhua-Myanmar

Originally published at - http://xinhuamyanmar.com/world/asia/8756-galaxy-note-9.html

Read More »

Tuesday, January 17, 2017

အင်တာနက်သုံးသူ ဦးရေ ၁၅ သိန်း၏ အချက် အလက်များ နေ့စဉ် ခိုးယူ ခံနေရ




ကမ္ဘာပေါ်က အင်တာနက် သုံးသူ ဦးရေ ၁၅ သိန်းလောက်ဟာ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာ အချက် အလက် တွေကို ခိုးယူ ခံနေ ရပြီး အွန်လိုင်း ရာဇဝတ်မှု (Cyber Crime) ကို ကျူးလွန်သူတွေရဲ့ သားကောင် ဖြစ်နေ ကြရ ပါတယ်။

အွန်လိုင်း ရာဇဝတ်မှု (Cyber Crime) ကို ကျူးလွန် သူတွေ ရရှိတဲ့ ဝင်ငွေဟာ မူးယစ်ဆေး ကုန်ကူးသူတွေ ထက်တောင် များပြားပါတယ်။ Cyber Crime ကျူးလွန်သူတွေဟာ ဂိမ်း လင့်တွေ၊ အင်တာနက် ဝက်ဆိုဒ်တွေ ကနေ Link အတု ၄၃ သန်းလောက် ပို့လွှတ်ပြီး အင်တာနက် အသုံးပြု သူတွေရဲ့ လျှို့ဝှက် အချက် အလက်တွေကို ထောက်လှမ်း ပါတယ်။

ရရှိတဲ့ အချက်အလက်ပေါ်မူတည်ပြီး သုံးစက္ကန့်အတွင်း နိုင်ငံကူးလက်မှတ်အတု၊ ကားမောင်း လိုင်စင်အတု စတာတွေကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ ဒီလို အတုတွေလုပ်ပြီး ရရှိတဲ့ငွေဟာ တစ်လကို အမေရိကန်ဒေါ်လာ ၂၂၀၀၀ လောက် ရှိပါတယ်။

တရားမဝင်ဈေးကွက်မှာ ရောင်းချနေတဲ့ အကြွေးဝယ်ကဒ်ဟာ ၂ ဒေါ်လာလောက်နဲ့ ဝယ်နိုင်ပါတယ်။ အကြွေးဝယ်ကဒ် အတုကိုသုံး ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဒေါ်လာ ၇၀၀ အကြွေးဝယ်နိုင်ပါတယ်။ ဒီလိုမျိုး ကဒ်အတုတွေ ကိုလည်း Cyber Crime ကျူးလွန်သူတွေ လုပ်လေ့ ရှိပါတယ်။

ဒါ့အပြင် စမတ်ဖုန်း အသုံးပြုသူ တွေဟာလည်း Cyber Crime ကျူးလွန်သူတွေရဲ့ ပစ်မှတ်တွေ ဖြစ်နေတတ်ပြီး အချက်အလက်တွေ ခိုးယူနိုင်တဲ့ Malware ပေါင်းကလည်း ၂၈၀၀၀၀ ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေမှာတော့ Cyber Law ပြဋ္ဌာန်းထားပြီး ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့ စီမံထားပါတယ်။ မြန်မာနိုင်ငံမှာတော့ Cyber Police Development ဆိုတဲ့ အွန်လိုင်းဆိုင်ရာ ရာဇဝတ်မှုတွေကို တိုက်ဖျက်နိုင်ဖို့ ရဲတပ်ဖွဲ့ ဖွဲ့စည်းထားပါတယ်။

From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/22396

Read More »

Monday, September 12, 2016

မျက်လုံးခွဲစိပ်ရာတွင် စက်ရုပ်ကိုပထမဆုံးအကြိမ်အသုံးပြု


Oxford priest gets his sight back after world-first eye surgery with a ROBOT to repair hole in his retina


အိုင်ဒင်ဟိုဗင် ၊ ၁၂-၉-၂၀၁၆

နယ်သာလန် နိုင်ငံ၊ Eindhoven နည်းပညာ တက္ကသိုလ်မှ ဒတ်ခ်ျလူမျိုး သုတေသီ များက ခွဲစိပ်ခန်းသုံး စက်ရုပ် Preceyes ကို ထုတ်လုပ် ထားပြီး ကမ္ဘာပေါ်တွင် ပထမဆုံး အကြိမ် အဖြစ် မျက်လုံးကို ခွဲစိပ်ရာတွင် ယင်းစက်ရုပ်ကို အောင်မြင်စွာ အသုံးပြုနိုင် ခဲ့ကြောင်း သိရသည်။

Preceyes ကို UK ရှိအောက်စဖို့ တက္ကသိုလ်ပိုင် ဂျွန်ရက်ကလစ်ဖ် ဆေးရုံကြီးတွင် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး အသက် ၇၀ အရွယ် လူနာတစ်ဦး၏ မျက်စိအတွင်းရှိ တစ်မီလီမီတာ ၏ တစ်ရာပုံတစ်ပုံ အရွယ်သာ ရှိသော အမြှေးပါး တစ်ခုကို ဖယ်ထုတ်ရာတွင် Preceyes ကို မျက်လုံးထဲသို့  ထိုးသွင်း ကာ ပြင်ပမှ Joystick ဖြင့် ထိန်းချုပ်ပြီးခွဲစိပ် ဖယ်ရှားခြင်း ဖြစ်ကြောင်း သိရသည်။

Father Beaver, pictured, said he felt completely
relaxed when he was having the surgery
" ခွဲစိပ်မှု အောင်မြင်ပါတယ်။ လူနာကလည်း အခုဆိုရင် ကောင်းကောင်း မြင်နေ ရပါပြီ။ ဒီက ရှေ့လျှောက် Preceyes ကိုအသုံးပြုပြီး အလွန်ရှုပ်ထွေးပြီး အနုစိပ် ဆန်လှတဲ့ မျက်စိခွဲစိပ်မှု တွေကို အရင်ကထက် လည်းပိုပြီး တိကျစွာ ဆောင်ရွက်နိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အချို့ ခွဲစိပ်မှုတွေဟာ သေးငယ်လွန်းတဲ့ အတွက် လက်နဲ့  ခွဲဖို့ မဖြစ်နိုင် သလောက် ခက်ခဲပါတယ် " ဟု မျက်စိခွဲစိပ် ဆရာဝန်ကြီး တစ်ဦးက ပြောပြသည်။

" ကျွန်တော့် အတွက်တော့ မျက်လှည့်ဆန်တဲ့ ကံကောင်းမှုပါပဲ။ ကမ္ဘာပေါ်မှာ ပထမဆုံး စက်ရုပ်သုံးပြီး ခွဲလိုက်တဲ့ မျက်လုံးက ကျွန်တော့်မျက်လုံး ဖြစ်နေတာ အံ့သြ၀မ်းသာဖို့ ကောင်းလှပါတယ် " ဟုလူနာဖြစ်သူ ရက်ဗ်ဘီဗာ က ပြောပြသည်။

ကမ္ဘာတစ်ဝန်းတွင် ခွဲစိပ်ခန်းများ၌ စက်ရုပ်များကို ကျယ်ပြန့် စွာ အသုံပြုလျက် ရှိသော်လည်း မျက်စိခွဲစိပ်မှုကို စက်ရုပ်ဖြင့် ပြုလုပ်ခြင်းက ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ မျက်လုံး၏ အနောက်ဘက်အား ခွဲစိပ်ရာတွင် အလွန် တိကျသေချာရန်လိုအပ်ကြောင်း၊ Preceyes တွင် ၄င်း၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် Joy Stick ပါဝင်ကြောင်း၊ ၄င်းကို ထိန်းချုပ် အသုံးပြုနိုင်ရန် Touch Screen ပါဝင်ကြောင်း၊ စက်ရုပ်လက်တံ တစ်ခု၊ မော်တာ ၇ ခု ပါဝင်ကြောင်း၊ ခွဲစိပ်ကု ဆရာဝန်၏ လက်သဖွယ် အသုံးပြု နိုင်ကြောင်း၊ Joy Stick ကြီးများကို အသုံးပြု သော်လည်း Preceyes ၏ လှုပ်ရှားမှုများမှ ကျဉ်းမြောင်း သေးငယ်လှကြောင်း၊ Joy Stick ကို လွှတ်လိုက်လျင် Preceyes ၏ လှုပ်ရှားမှု အ၀၀လည်း အလိုလို ရပ်တန့် သွားလေ့ ရှိကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/09/blog-post_12.html


Read More »

ဓာတ်မှန်ထက် အဆင့်မြင့်သော T-ray ဖြင့် စာအုပ်များကို မဖွင့်ဘဲ ဖတ်နိုင်မည်




မက်ဆာချူးဆက် ၊ ၁၂-၉-၂၀၁၆

အမေရိကန် ပြည်ထောင်စု၊ မက်ဆာချူးဆက် တက္ကသိုလ်မှ နည်းပညာ သုတေသီများသည် ဓာတ်မှန်ရောင်ခြည် နှင့် နီးစပ်တူညီသော Terahertz ဓာတ်ရောင်ခြည်ကို အသုံးပြုကာ စာအုပ်များ၊ ပေးစာများ အစရှိသည်တို့ ကို မဖွင့်ဘဲ ဖတ်နိုင်မည့် နည်းစနစ်သစ်ကို စမ်းသပ်အောင်မြင် ခဲ့ကြောင်း သိရသည်။



Terahertz ဓာတ်ရောင်ခြည်ဖြင့် ပိတ်ထားသော စာအုပ်များ၊ စာအိတ်ထဲမှ စာများ၊ အထပ်လိုက် ထပ်ထားသော စာရွက်များကို မဖွင့်ဘဲ ဖတ်ရှုနိုင်မည် ဖြစ်သည့်အတွက် ရုံးလုပ်ငန်း များတွင် စာရွက် ကိုးရွက်ထက် မနည်းကို တပြိုင်နက် စကင်ဖတ် နိုင်ခြင်း၊ ရှေးဟောင်း သုတေသန လုပ်ငန်းတွင် ဖွင့်ဖတ်ရန် မဖြစ်နိုင်အောင် ရိဆွေးနေပြီ
ဖြစ်သော စာအုပ်များကို မဖွင့်ဘဲ ဖတ်နိုင်ခြင်း၊ ထို့ အပြင် သူလျှိုများ အနေဖြင့် လျှို့ ဝှက်ပေးစာ များကို ကြားဖြတ် ဖတ်ရှုရာတွင် ခြေရာလက်ရာ မပျက်အောင် ဖတ်ရှုခြင်း အစရှိသည့် လုပ်ငန်းများတွင် အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဒီနည်းစနစ်မှာ Terahertz ဓာတ်ရောင်ခြည် (T-ray) ကို အသုံးပြုထား ပါတယ်။ ဒီဓာတ်ရောင်ခြည် ဟာ မိုက်ခရိုဝေ့ဗ် နဲ့  အနီအောက် ရောင်ခြည်တို့ အကြားက ရောင်ခြည်
အမျိုးအစား ဖြစ်ကြောင်း၊ T-ray များသည် X-ray များထက် အားသာကြောင်း၊ မျက်နှာပြင်တို့ ကို ဖောက်ထွင်းဝင်ရောက် နိုင်သော ရောင်ခြည် ဖြစ်သည်ချင်း တူညီသော် လည်း X-ray သည် စာရွက်တစ်ရွက် ရှိကြောင်းသာ ဖော်ပြနိုင်ချိန်တွင် T-ray က ယင်းစာရွက်သည် အလွတ် ဟုတ်၊ မဟုတ်၊ မင်ဖြင့် ရေးထားသည်လား၊ ခဲတံဖြင့် ရေး ထားသည်လား၊ ရေးထားသော စကားလုံးများ အစရှိသည်တို့ ကို ဖော်ပြပေး နိုင်စွမ်း ရှိကြောင်း သိရသည်။

T-ray သည် X-ray ထက် အဆင့်မြင့်သည့် အပြင် ကျန်းမာရေး လောကတွင် အရေးပါသော Ultrasound ဓာတ်မှန် ရိုက်ကူးရာတွင်လည်း T-ray များကို အသုံးပြုသွားလျင် ပို၍သေချာ တိကျသော ပုံရိပ်များကို ရရှိမည် ဖြစ်ကြောင်း၊ T-ray သည် ၄င်းရိုက်ကူးသည့် အရာဝတ္ထုများက ဓာတုပစ္စည်းကို စုပ်ယူနိုင်အား မည်ရွေ့ မည်မျှ ကောင်းသည် ဟူသည့်အပေါ် အစွမ်း ထက်ရောက်မှု ပြောင်းလဲ သွားနိုင်ကြောင်း သိရသည်။

" လေနဲ့ စက္ကူတို့ ရဲ့  အလင်းယိုင်နှုန်း မတူပါဘူး။ စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာတွေကြားမှာ လေရှိပါတယ်။ ဒါပေမယ့် အဲဒီလေထုက ၂၀ မိုက်ခရွန်လောက်ပဲ အနက် ရှိနိုင်ပါတယ်။ ဒါဟာ လူ့ ဆံပင် တစ်ချောင်းရဲ့  ငါးပုံတစ်ပုံပဲ ရှိတဲ့ အထူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ ကို T-ray က လေနဲ့ စက္ကူရဲ့ အလင်းယိုင်နှုန်း မတူတာ ကို အသုံးပြုပြီး အဲဒီစာရွက်တွေ ပေါ်မှာ ဘာတွေရေးထား သလဲဆိုတာ ကို ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ် " ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/09/t-ray.html

Read More »

Wednesday, August 10, 2016

လူ့အသက်ကယ်နိုင်မည့် ပြိုင်ဘက်ကင်း သေနတ်သော့




အစ္စရေး စစ်ပြန် စစ်မှုထမ်း ဟောင်းတဦး တီထွင်တဲ့ ပြိုင်ဘက်ကင်း သေနတ် သော့ဟာ လူ့အသက်တွေ ကယ်နိုင် တော့မှာပါ။ သေနတ် ကိုင်ဆောင်ခွင့် ထိန်းချုပ်မှု အပေါ် အမေရိကန် ပြည်ထောင်စုမှာ အချေ အတင် အငြင်းပွား နေချိန် အစ္စရေး အခြေစိုက် ဇိုးအဖွဲ့တော့ သူတို့ရဲ့ သေနတ် လုံခြုံရေး ကိရိယာဟာ ပြဿနာ အချို့အတွက် အဖြေဖြစ် လာမယ်လို့ ဆိုပါတယ်။

ဇိုးအက်ခ်စ်သော့ဟာ နံပါတ်နှိပ် သွင်းရတဲ့ သော့စနစ် ဖြစ်ပြီး ဆီမီးအော်တို မက်တစ် သေနတ်တွေရဲ့ ကျည်ထိုးလမ်းမှာ တပ်ဆင် ရတာမို့ အခွင့်မရှိသူ အဖို့ သေနတ်ကိုင်လို့ မရအောင် ဟန့်တားပေးနိုင်ပါတယ်။

“ဒီသော့ကို ကျည်တောင့်ပုံ ထုတ်ထားတဲ့ အတွက် သေနတ်ရဲ့ ကျည်ထိုး လမ်းမှာ တပ်ဆင်လို့ ရတယ်။ သော့ချ လိုက်တာနဲ့ သေနတ်က ကျည်မထွက် တော့ဘူး။”

သေနတ် ပိုင်ရှင်က ပင်းကုတ် ထည့်မှသာ သေနတ်က သော့ပွင့် သွားမှာပါ။

“သော့ဖွင့် ရတာလည်း အရမ်း လွယ်ပါတယ်။ ကုတ်ရိုးရိုး ဒါမှ မဟုတ် ကုတ်အရှည် ကြိုက်ရာ ရွေးနိုင်တယ်။ ကိုယ်နှစ်သက် သလိုပေါ့။ ၂ စက္ကန့် အတွင်း ပြန်ဖွင့် လို့ရတယ်။”

ကုမ္ပဏီ ကတော့ ဒီသော့ဟာ သေနတ်ကြောင့် မတော် တဆ သေဆုံး မှုတွေကို လျှော့ချနိုင် မယ်လို့ မျှော်လင့် ထားပေမယ့် ကိုင်ဆောင်သူ အဖို့ လိုအပ်တဲ့ အခါ သော့ အမြန်ဖွင့်နိုင်အောင် စီစဉ်ပေး ထားပါတယ်။

သမားရိုးကျ လုံခြုံရေးသော့တွေနဲ့ မတူတာက ဇိုးအက်ခ်စ်သော့ဟာ ပိန်းပိတ်နေတဲ့ အမှောင်ထု ထဲမှာတောင် သော့ပိတ် ထားရာကနေ ပစ်လို့ရတဲ့ အနေ အထားထိ အမြန်ဆုံး ဖွင့်နိုင် ပါတယ်။

လက်လှည့် ဒိုင်ခွက်မှာ ဘလူးတုသ်မော်ဂျူး အပြင် စမတ်ဖုန်းနဲ့ ဆက်သွယ်နိုင်တဲ့ လှုပ်ရှားမှု အာရုံခံ ပါတဲ့ အတွက် တယောက် ယောက်က သေနတ်ကို လက်ဆော့ နေပြီ ဆိုတာနဲ့ ပိုင်ရှင်ကို တပ်လှန့်ပေး နိုင်ပါတယ်။

ဇိုးကုမ္ပဏီဟာ ဒီသော့ကို စီးပွားဖြစ် ထုတ်လုပ်ဖို့ Indiegogo ၀က်ဘ်ဆိုက်ပေါ် လူထု ရန်ပုံငွေ ကောက်ခံ ရာမှာ မူလ ရည်မှန်းတဲ့ ပမာဏထက် ၃ ဆဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၁ သိန်း ရရှိ ခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/162964

Read More »

Tuesday, July 19, 2016

စကြ၀ဠာကြီး၏ သုံးဖက်မြင်မြေပုံကို နိုင်ငံတကာ သိပ္ပံပညာရှင်များက အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့




ဝါရှင်တန် ၊ ၁၉-၇-၂၀၁၆

စကြ၀ဋ္ဌာကြီး၏ အစောဆုံး အခန်းကဏ္ဍ အထိ လက်လှမ်းမီသော သုံးဘက်မြင် မြေပုံကို နိုင်ငံတကာ သိပ္ပံပညာရှင်များ ပေါင်းစပ်ကာ အောင်မြင်စွာ ရေးဆွဲနိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုံးဘက်မြင် စကြ၀ဋ္ဌာမြေပုံကို အိုင်းစတိုင်း၏ သီအိုရီများအား အခြေခံကာ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စိုးမိုးဧရိယာမှာ အလင်းနှစ် ၆၅၀ ကျူးပစ် ဘီလီယံ ဖြစ်ကြောင်း၊ ဂလက်ဆီပေါင်း ၁ ဒသမ၂သန်း ပါဝင်ကြောင်း၊ ထို့ ကြောင့် စကြ၀ဋ္ဌာ၏ အစောဆုံး အခန်းကဏ္ဍ အထိကို လက်လှမ်းမီပြီး အမှောင်စွမ်းအင်ကို တိုင်းတာနိုင်ရန် ရည်ရွယ်ရေးဆွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



စကြ၀ဋ္ဌာကြီးသည် အစဉ်သဖြင့် ကားထွက် နေကြောင်း၊ သို့ သော် ယင်း ကားထွက်သော ဖြစ်စဉ်မှာပို၍ မြန်လာကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ဆွဲငင်အားကို
ချေဖျက်ပေးသော အမှောင် စွမ်းအင် ကြောင့် ဖြစ်နိုင်သည်ဟု ယူဆရကြောင်း၊ အမှောင် စွမ်းအင်သည် အိုင်းစတိုင်း တွေးခေါ်ခဲ့သည့် အတိုင်း အာကာသ ဟင်းလင်းပြင်၏ ပကတိအရာ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင် များက သုံးသပ်ပြသည်။

သိပ္ပံပညာရှင် နောက်တစ်ဖွဲ့  ကလည်း စကြ၀ဋ္ဌာ ကားထွက်သည့် ဖြစ်စဉ် ပို၍မြန်လာ ရခြင်းမှာ အမှောင်စွမ်းအင် ကြောင့် ဆွဲငင်အား လျော့သွား၍ မဟုတ်ဘဲ ဆွဲငင်အား ကိုယ်၌က ပြိုကွဲပျက်စီး နေ၍ ဖြစ်နိုင်ကြောင်း ထင်မြင်ယူဆ ထားသည်။

သို့ နှင့် သိပ္ပံပညာရှင်များ ပေါင်းစပ်ကာ ဖော်ပြပါအတိုင်း စကြ၀ဋ္ဌာကြီးကိုမြေပုံဆွဲရန် အလွန်တရာ ကြီးမားလှသည့် စီမံကိန်းကြီး တစ်ခုကို စတင်ခဲ့ခြင်း ဖြစ်ပြီး အိုင်းစတိုင်း ၏ ဆွဲငင်အား နိယာမနှင့် ရီလေတီဗီတီသီအိုရီ တို့ကို စကြ၀ဋ္ဌာအဆင့် အသုံးပြုရာတွင် လျော်ကန် သင့်မြတ်မှု ရှိသည့်အတွက် တစ်ချိန်က အိုင်းစတိုင်း
တွေးခေါ်ခဲ့သည့် အရာများသည် လက်တွေ့ ကျကာ မှန်ကန်နေသည်ကို တွေ့ ရကြောင်း သုတေသီ တစ်ဦးက ပြောပြသည်။

တွေ့ ရှိချက် များအရ စကြ၀ဋ္ဌာကြီး ကားထွက် နေခြင်းမှာ အမှောင်စွမ်းအင် ကြောင့် ဖြစ်ကြောင်း အတည်ပြုနိုင် ခဲ့ပြီး အိုင်းစတိုင်း ၏ Lambda ပကတိတန်ဖိုး အတိုင်း ကိုက်ညီကြောင်း၊ Lambda ဆိုသည်မှာ ဒြပ်နှစ်ခုအကြား ဆွဲငင်အားကို ချေဖျက်ပေးသော ပကတိစွမ်းအင် ဖြစ်ကြောင်း သိရသည်။

ဖော်ပြပါ စကြ၀ဋ္ဌာ၏ သုံးဘက်မြင် မြေပုံကို နိုင်ငံတကာမှ သုတေသီများက Sloan Digital Sky Survey III ၏ BOSS နက္ခတ်တာရာ ကြည့် မျှော်စင်ကို အသုံးပြုကာ ၁၀ စုနှစ်ထက် မနည်း ရှာဖွေစုဆောင်း ထားသော အချက်အလက် များကို အသုံးပြုကာ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ စကြ၀ဋ္ဌာ ကားထွက်နေပုံ ကို ပို၍ နားလည် သဘောပေါက် စေရန်နှင့် အာကာသ ဟင်းလင်းပြင် အကြောင်း ထွက်ပေါ် ထားသော သီအိုရီများကို မှန်၊ မမှန် သက်သေ အထောက်အထား ရှာဖွေရာတွင် အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း သိရသည်

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/blog-post_27.html

Read More »

Thursday, July 07, 2016

ကမ္ဘာတ၀န်း အင်တာနက် သုံးနိုင်မည့် ပစ္စည်းသစ် ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မိတ်ဆက်


ဓာတ်ပုံ - မတ်ခ်ဇူကာဘတ် ဖေ့စ်ဘွတ်ခ်


ဝေးလံ ခေါင်သီတဲ့ နေရာတွေပါ မကျန် ကမ္ဘာ တ၀န်းလုံး အင်တာနက် ချိတ်ဆက် အသုံးပြုနိုင် စေဖို့ အတွက် ကြိုးမဲ့ Open Cellular ကို ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မတ်ခ်ဇူကာဘတ်က မိတ်ဆက် လိုက်ပါတယ်။

လွန်ခဲ့တဲ့ နာရီ အနည်းငယ် အကြာက ဒီပစ္စည်းသစ်နဲ့ ပတ်သက်ပြီး ဇူကာဘတ်က ဖေ့စ်ဘွတ်ခ်က တဆင့် ရေးသားပြီး မိတ်ဆက်ပေး လိုက်တာပါ။

တယ်လီဖုန်း ကုမ္ပဏီတွေ၊ သုတေသီတွေ၊ စီးပွားရေး သမားတွေ အားလုံး အသုံးပြုနိုင်အောင် Open Cellular ကို တီထွင် လိုက်ပြီး ဒါဟာ ဝေးလံ ခေါင်ဖျားတဲ့ နေရာမှာ ကြိုးမဲ့ ကွန်ရက်ကို အသုံးပြု လုပ်ဆောင် နိုင်မယ်လို့ ဇူကာဘတ်က ရေးပါတယ်။

ဒီပစ္စည်းဟာ ဖိနပ်ထည့်တဲ့ ဘူးလောက် ရှိပြီး ၁၀ ကီလိုမီတာ အတွင်း လူ ၁၅၀၀ လောက် အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နေရောင်ခြည် စွမ်းအင်သုံး Aquila လေယာဉ်၊ လေဆာ ရောင်တန်း တွေနဲ့ OpenCellular က ကမ္ဘာ တ၀န်း လုံးကို ပိုမို နီးကပ် လာအောင် ဆက်သွယ် ပေးမယ့် ရည်မှန်းချက် ပန်းတိုင် အတွက် ခြေတလှမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာတ၀န်းက လူ ၄ ဘီလီယံလောက်ဟာ အင်တာနက် အသုံးပြုခွင့် မရ သလို အခြေခံ အဆောက် အဦးတွေက ဝေးလံ ခေါင်ဖျားတဲ့ နေရာကို အပြည့်အ၀ မရောက်နိုင် တာဟာ စိန်ခေါ်မှု တခုလို့လည်း သူက ရေးပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/158117

Read More »

Friday, May 13, 2016

အသံရဲ့ မြန်နှုန်းဖြင့် ခရီးသွားနိုင်တော့မည့် Hyperloop စမ်းသပ်မှု အောင်မြင်




အနာဂတ် သယ်ယူ ပို့ဆောင်ရေး စနစ်အဖြစ် မျှော်မှန်း ကြိုးစားနေတဲ့ ဟိုင်ပါလုပ်ပ် (Hyperloop) မြန်နှုန်းမြင့် ခရီးသွား စနစ်ကို ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ်မှာ အောင်အောင် မြင်မြင် စမ်းသပ် ခဲ့ကြ ပါတယ်။

ဒီနည်းပညာ စမ်းသပ်မှုကို သတင်း မီဒီယာတွေကို ပထမဆုံး ပြသ ခဲ့တာ ဖြစ်ပါတယ်။ အခုစမ်းသပ်နေတဲ့ Hyperloop နည်းပညာ ကတော့ ရေပိုက်လုံးလို လေဖိအားနည်း ပြေးလမ်း ထဲမှာ လူနဲ့ ကုန် ပစ္စည်းတွေ အသံရဲ့ မြန်နှုန်းနဲ့ ခရီးသွားနိုင် ကြမှာ ဖြစ်ပါတယ်။

ဒီပထမဆုံး စမ်းသပ်မှုမှာ ၁ နာရီ ၁၁၆ မိုင်အမြန်နှုန်းကို ၁.၁ စက္ကန့်အတွင်း ရရှိခဲ့ပါတယ်။

နောက်လာမယ့် ၅ နှစ်အတွင်း လော့အိန်ဂျလိဒ်နဲ့ ဆန်ဖရန်စစ္စကိုမြို့ကို နာရီဝက်အတွင်း ခရီးသွားနိုင်မယ်လို့ အကောင်အထည်ဖော်နေကြတဲ့ ပညာရှင်တွေက မျှော်မှန်းထားကြပါတယ်။

ဒီနည်းပညာကို နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ကားကုမ္ဗဏီကြီးဖြစ်တဲ့ တယ်စ်လာ (Telsa) ကားကုမ္ဗဏီ ထူထောင်သူ အယ်လွန် မွစ်က် (Elon Musk)က ၂၀၁၃ ခုနှစ်က စဉ်းစားမိခဲ့ပြီး တခြားနည်းပညာကုမ္ဗဏီတွေလည်း ပူးပေါင်းအကောင်အထည်ဖော်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒီနည်းပညာနဲ့ ၂၀၁၉ ခုနှစ်မှာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ ၂၀၂၁ ခုနှစ် မှာတော့ လူတွေ ခရီးသွားနိုင်ရေး မျှော်မှန်းကြိုးစားနေကြပါတယ်။

လက်ရှိသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အင်ပြည့်အားပြည့်အစားထိုးနိုင်ရေးနဲ့ နည်းပညာအခက်အခဲတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/149602

Read More »

Friday, May 06, 2016

ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် စက်ရုပ် တရုတ် တီထွင်




တရုတ်နိုင်ငံ အရှေ့ တောင်ပိုင်း၊ ချန်ဒူးမြို့ အခြေစိုက် နည်းပညာ ကုမ္ပဏီ တခုဖြစ်တဲ့ အေအိုင်ဟာ လာမယ့် ၂၀၁၇ ခုနှစ် ကောလိပ် ၀င်ခွင့် စာမေးပွဲ ဖြေဆိုမယ့် စက်ရုပ်ကို တီထွင် လိုက်တယ်လို့ တရုတ်ပြည်သူ့ နေ့စဉ် သတင်းမှာ ဖော်ပြ ပါတယ်။

ဒါဟာ တရုတ်နိုင်ငံ၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနရဲ့ အစီအစဉ်တွေထဲက တခုဖြစ်ပြီး အေအိုင်အနေနဲ့ စက်ရုပ်ကို သီးခြားအစီအစဉ် ၃ ခုဖြစ်တဲ့ သင်္ချာဘာသာ၊ တရုတ် ဘာသာစကားနဲ့ ပေါင်းစပ် ဘာသာရပ်တွေ ဖြစ်တဲ့ သမိုင်း၊ နိုင်ငံရေးနဲ့ ပထ၀ီဘာသာရပ်တွေကို ထည့်သွင်းတည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

အေအိုင်ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် လင်ဟွီးက စာမေးပွဲခန်းကို ပိတ်ထားတဲ့ သီးခြားအခန်းတခုအဖြစ် စီမံထားကာ စက်ရုပ်အနေနဲ့ မေးခွန်းကို ဒီဂျစ်တယ်စနစ်နဲ့ အတူရရှိစေမယ်လို့ ပြောပါတယ်။

စက်ရုပ်နဲ့ ပရင်တာကို ဆက်နွယ်ထားပေမယ့် အင်တာနက်ချိတ်ဆက်ထားမှာ မဟုတ်ပါဘူး။

ကျောင်းသားတွေ ပုံမှန်ဝင်ခွင့်စာမေးပွဲပြီးတဲ့ အချိန်အတိုင်းပဲ ပြီးရမှာဖြစ်ပြီး စက်ရုပ်ကတော့ ထည့်သွင်းထားတဲ့ အစီအစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီစာမေးပွဲမှာရရှိတဲ့ အမှတ်တွေဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း နည်းပညာတက္ကသိုလ်တွေအတွက် အရည်အချင်းပြည့်မီတဲ့ လုံလောက်တဲ့ ပန်းတိုင်တခုဖြစ်လာဖို့ ရည်ရွယ်တာဖြစ်ပြီး ဒါကို ၂၀၁၇ ခုနှစ်အတွက် စာမေးပွဲဝင်ခွင့် အဆင့်တခုအနေနဲ့တော့ ထည့်သွင်းတွက်ချက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီရိုဘော့စက်ရုပ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ သတင်းဆောင်းပါး ရေးသားတာတွေနဲ့ ဉာဏ်စမ်းအဖွင့်မေးခွန်းပုံစံတွေ ဖြစ်တယ်လို့ လင်ဟွီးက ဆိုပါတယ်။

အမေရိကန်နိုင်ငံ၊ ဆီလီကွန်တောင်ကြားမှာတော့ စက်ရုပ်တွေကို သဲလွန်စ စကားလုံးတချို့ ထည့်သွင်းပေးလိုက်ရုံနဲ့ ဘဏ္ဍာရေးဆိုင်ရာ သတင်းတွေကိုတောင် ရေးနိုင်နေပြီလို့ ဆိုပါတယ်။

“ခု ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုမယ့် စက်ရုပ်ဟာ တရုတ်နိုင်ငံ အေအိုင်ရဲ့ ဖွံ့ဖြိုးမှု မှတ်ကျောက်တခု ဖြစ်လာပါလိမ့်မယ်။ တရုတ်ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် အဆင့်မီ ရမှတ်တွေ ရနိုင်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်” လို့ သူက ပြောပါတယ်။

ဓာတ်ပုံ - scmp.com

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/148470

Read More »

Monday, May 02, 2016

အဓိကရုဏ်းနှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်မည့် စက်ရုပ်ကို တရုတ် ပညာရှင်များ တီထွင်




ပေကျင်း ၊ ၂-၅-၂၀၁၆

တရုတ် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှ ပညာရှင် များသည် အဓိကရုဏ်းနှိမ်နင်းရေးတွင် အသုံးပြုနိုင်မည့် စက်ရုပ်ကို တီထွင် ခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

အဆိုပါ စက်ရုပ်ကို AnBot ဟု အမည်ပေး ထားပြီး လူသားတို့၏ မျက်စိအား ခြေရာခံသည့် နည်းပညာဖြင့် အဓိကရုဏ်း နှိမ်နင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ဖန်တီး ထားကြောင်း သိရသည်။

အမြင့် ၄ ဒသမ ၉ ပေရှိကာ အလေးချိန် ၁၇၂ ပေါင်ရှိပြီး အဓိကရုဏ်း နှိမ်နင်းရာတွင် အသုံးပြုသည့် လက်နက်များ တပ်ဆင် အသုံးပြုနိုင်ရန် ဖန်တီးထား၍ ပုံမှန် ရွေ့လျားနှုန်း မှာ တစ်နာရီလျှင် တစ် ကီလိုမီတာနှုန်း ဖြစ်သည်။

သို့သော် အဓိကရုဏ်း နှိမ်နင်းရာတွင် လိုအပ်လာပါက တစ်နာရီလျှင် ၁၁ ကီလိုမီတာနှုန်း အထိ ရွေ့လျား သွားလာ နိုင်မည်ဖြစ်ပြီး အားပြည့် နေပါက ရှစ်နာရီ ဆက်တိုက် အလုပ်လုပ် ဆောင်နိုင်မည် ဖြစ်၍ လက်တွေ့ စမ်းသပ်မှုများ ပြုလုပ်ရာတွင် ထိရောက်သည့် စွမ်းဆောင်ရည် များပြသ နိုင်ခဲ့သည်။

တရုတ် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှ ပညာရှင် များသည် ၂ဝ၁၂ ခုနှစ်မှစတင်ကာ အဓိကရုဏ်း နှိမ်နင်းရေး နှင့် မြို့တော် လုံခြုံရေး လုပ်ငန်းစဉ် များတွင် အသုံးပြုနိုင်မည့် စက်ရုပ်များ တီထွင်နိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကာ AnBot မှာ ပထမဆုံး အောင်မြင်မှု ဖြစ်သည်။

AnBot ကို ကုန်ကျစရိတ် သက်သာစွာ တည်ဆောက် နိုင်ရန် ဦးတည် ကြိုးပမ်းခဲ့ပြီး စက်ရုပ်တစ်ခု အတွက် ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၂ဝဝဝဝ ဖြစ်ကြောင်း သိရသည်။

အပို စွမ်းဆောင်ရည် များ ထပ်မံထည့်သွင်း နိုင်ရန် ကြိုးပမ်းလျက် ရှိပြီး လက်တွေ့ အသုံးပြုမည့် အချိန်ကို ယခု နှစ်လယ်ပိုင်း တွင် ဆုံးဖြတ်သွားဖွယ် ရှိသည်။ စက်ရုပ်ကို လူက ထိန်းချုပ် အသုံးပြု နိုင်သည့်အပြင် အကူအညီ တောင်းခံလာမှု များကိုလည်း တုံ့ပြန် ဆောင်ရွက်နိုင်စွမ်း ရှိသည်။ တရုတ် ပြည်ထဲရေး ဝန်ကြီးဌာန သည် အနာဂတ်တွင် အဓိကရုဏ်း ထိန်းချုပ်ခြင်း နှင့် နှိမ်နင်းခြင်းများ ပြုလုပ်ရာ၌ လူသားများထက် စက်ရုပ်များအား ဦးစားပေး အသုံးပြုရန် ရည်မှန်း ထားခြင်းကြောင့် AnBot တီထွင်ရေး စီမံကိန်းကို အထောက်အပံ့ ပေးခဲ့ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_2.html

Read More »

Thursday, April 28, 2016

တရုတ်တွင် စက်ရုပ်ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ




နည်းပညာဟာ လျှင်မြန်စွာပဲ တိုးတက် နေတာပါ။

ခုကာလမှာ ရိုဘော့ စက်ရုပ်တွေဟာ လူတွေရဲ့ အလုပ်တွေ ဖြစ်တဲ့ စားပွဲထိုး၊ ငွေကိုင် စတဲ့ အလုပ်တွေသာ မကဘဲ သတင်း ရေးသူတွေ အဖြစ်ပါ အစားထိုး လုပ်ကိုင်နိုင် ပါပြီ။

သူတို့မှာလည်း လူတွေလိုပဲ ပျော်ရွှင်စရာ အားလပ် ချိန်တွေ ရှိပါတယ်။

သူတို့ဟာ ဘောလုံး ကစားကြပြီး ရိုဘော့ ဖလားပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေ ကြတာပါ။

ရိုဘော့ဖလား ဘောလုံးပြိုင်ပွဲ ၂၀၁၆ ကို တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဟီဖိုင်မြို့မှာ ဧပြီ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တနိုင်ငံလုံးမှ ရိုဘော့စက်ရုပ် ဘောလုံးအသင်းပေါင်း ၃၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

သုံးရက်ကြာကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ရိုဘော့ ဘောလုံးသမားတွေဟာ ဘောလုံးအားကစားစွမ်းရည်သာ မကဘဲ ကူညီကယ်ဆယ်ရေးနဲ့ အိမ်တွင်းလှုပ်ရှားမှု စွမ်းရည်တွေကိုပါ ပြသခဲ့ကြတာ ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ ရိုဘော့ဖလား ဘောလုံးပြိုင်ပွဲကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်လို့ ဒါဟာ ၁၇ ကြိမ်မြောက် ကျင်းပတာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာသာမကပဲ တခြားနိုင်ငံတွေမှာလည်း နှစ်စဉ်ကျင်းပနေကျ ဒီပြိုင်ပွဲဟာ ရိုဘော့စက်ရုပ်တွေရဲ့ မှတ်ဉာဏ်စွမ်းရည်နဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သုတေသန လုပ်ဆောင်မှု မြှင့်တင်နိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

အံ့သြဖွယ် နောက်ထပ်တခုသော ရည်မှန်းချက်ကတော့ လာမယ့်နှစ်ပေါင်း ၅၀ ကာလအတွင်းမှာ ရိုဘော့စက်ရုပ် ဘောလုံးအသင်းအနေနဲ့ လူသားတွေ ဦးဆောင်တဲ့ ဘောလုံးအသင်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – စီစီတီဗွီ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/147205

Read More »

Friday, April 22, 2016

ဂူးဂဲလ်ကုမ္ပဏီကို အီးယူ အာဏာပိုင်များ တရားစွဲ




ဂူးဂဲလ် (Google) ကုမ္ပဏီဟာ သူ့ရဲ့ Android Operating System သုံးစွဲသူ များပြားမှုကို အခွင့်ကောင်းယူပြီး ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီတွေ အပေါ် အနိုင်ကျင့်၊ လက်ဝါးကြီးအုပ်မှုတွေ ရှိနေတယ် ဆိုပြီး အီးယူ အာဏာပိုင်တွေက တရားစွဲဆို လိုက်ပါတယ်။

ဒါဟာ အီးယူရဲ့ တရားသဖြင့် ပြိုင်ဆိုင်မှုဥပဒေကို ချိုးဖောက်မှုဆိုပြီး ဂူးဂဲလ်ကုမ္ပဏီကိုလည်း ဥရောပကော်မရှင်က ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။

ဂူးဂဲလ်ရဲ့ Android Operation System ကို ဖုန်း ၅ လုံးမှာ ၄ လုံးက သုံးစွဲကြပြီး Android ကို ထည့်သုံးဖို့ လျှောက်ထားတဲ့ ဖုန်းကုမ္ပဏီတွေကို လိုအပ်ချက် မြင့်မြင့် မားမားတွေ တောင်းဆိုပြီး ကုမ္ပဏီတွေကို အပြင်းအထန် ပြိုင်ဆိုင်စေတယ်၊ ပြီးတော့ ဂူးဂဲလ် မက်ပ် (Google Map) လို၊ ဂူးဂဲလ် ခရုမ်း (Google Chrome) လို ဂူးဂဲလ် အပ် (Google App) တွေကို မထည့်မနေရ ထည့်ခိုင်းတယ်ဆိုပြီး စွပ်စွဲခံရတာပါ။

၂၀၁၀ တုန်းကလည်း ဂူးဂဲလ် ဆာ့ခ်ျ အင်ဂျင် (Google Search Engine) မှာ သူနဲ့ ပနံသင့်တဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေကို ထိပ်ဆုံးက ဖော်ပြပေးတယ်ဆိုပြီး အီးယူက တရားစွဲထားတဲ့ အမှုလည်း မပြတ်သေးပါဘူး။

ဂူးဂဲလ်ဟာ အဲ့ဒီလို ကြော်ငြာပေးမှုကနေ ပြီးခဲ့တဲ့နှစ်က အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရရှိတယ်လို့ ခန့်မှန်းကြပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/146287

Read More »

ကမ္ဘာ့အသေးငယ်ဆုံး မိုဘိုင်းဖုန်း ထောင်တွင်းအကျဉ်းသားများကြား ရေပန်းစား




ကမ္ဘာ့ အသေး ငယ်ဆုံး မိုဘိုင်းဖုန်းဆိုတာ အံ့သြစရာ မဟုတ် ပေမယ့် အကျဉ်းထောင် တွင်းက အကျဉ်းသား တွေကြား ရေပန်း စားနေမှုကတော့ မယုံနိုင် စရာပါပဲ။

ဇန်ကိုဖလိုင်း (Zanco Fly) တံဆိပ် ဒီမိုဘိုင်းဖုန်းဟာ မျက်နှာပြင်အကျယ် ၀ ဒသမ ၆၆ လက်မလောက်သာ ရှိတာပါ။

ဒီအချက်က အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်ထဲက ဘယ်နေရာမှာမဆို ၀ှက်ထားလို့ရတာမို့ ကြိုက်နှစ်သက်မှု မြင့်တက်လာခဲ့တာလို့ မက်ထရိုသတင်းမှာ ဖော်ပြပါတယ်။

အွန်လိုင်းရောင်းဝယ်ရေး ဈေးကွက် အင်တာနက်စာမျက်နှာတခုဖြစ်တဲ့ အမေဇုန်မှာ “အလွန်သေးငယ်ပြီး ၀ှက်ထားရလွယ်ကူ” တယ်လို့ အညွှန်းတပ် ဖော်ပြခဲ့တာပါ။

တခြားရိုးရှင်းတဲ့ အကြောင်းပြချက်တခုကတော့ “တင်ပါးကြားမှာတောင် အလွယ်တကူ ညှပ်ထားလို့ရတယ်” လို့ ညွှန်းခဲ့တာပါ။

အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကားလ်ကက်တာမိုးလ်ဟာ prisonism.co.uk အင်တာနက်စာမျက်နှာပေါ်မှာ ထောင်တွင်းမှ လွတ်မြောက်ရေး လမ်းညွှန်အစီအစဉ်ကို စတင်ဖန်တီးခဲ့သူတဦးဖြစ်ကာ “ထောင်တွင်း ဘယ်နေရာမှာမဆို မှောင်ခိုနည်းလမ်းတွေနဲ့ သွင်းလာတဲ့ ဖုန်းတွေ ရှိနေတယ်” လို့ ပြောပါတယ်။

“ထောင်ထဲမှာ အိုင်ဖုန်းလို မိုဘိုင်းဖုန်းတွေ တွေ့ရတယ်ဆိုတာ တော်တော်ရှားပါတယ်။ ဖုန်းအများစုကို လူ့ခန္ဓာကိုယ်ရဲ့ တင်ပါးကြား ဒါမှမဟုတ် တခြားနေရာတွေမှာ ထားလေ့ရှိကြတာမို့ အိုင်ဖုန်း 6+လို ဖုန်းတွေက အသုံးမ၀င်ပါဘူး။”

ဒီ ဇန်ကိုဖလိုင်းတံဆိပ် မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ သူတို့ရဲ့ထုတ်ကုန် ဖုန်းတွေကို အလွယ်တကူ သယ်ယူလို့ရအောင်သာ ထုတ်လုပ် ရောင်းချနေတာ ဖြစ် တယ်လို့ ပြောပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/146168

Read More »

Thursday, April 21, 2016

ဖေ့စ်ဘွတ်ခ်ပေါ် တင်သည့်ပို့စ် လူဖတ်များပါက အနာဂတ်တွင် ၀င်ငွေ ရနိုင်မည်




လူမှု ကွန်ရက် ဖေ့စ်ဘွတ်ခ် ပေါ်မှာ တင်တဲ့ ပို့စ်တွေ လူဖတ်များ ပါက အနာဂတ်မှာ ငွေပေး သွားနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ဒီတပတ်အတွင်း ဖြန့်ဝေခဲ့တဲ့ အသုံးပြု သူတွေနဲ့ ပတ်သက်ပြီး ကောက်ခံ ထားတဲ့ စစ်တမ်းမှာ အရိပ် အမြွက် ဖော်ပြ ထားတာ ဖြစ်ပြီး အသုံးပြု သူတွေက ငွေတွေရရှိနိုင်မယ့် အခွင့်အလမ်း တခုအဖြစ် ဖော်ပြ ထားတာ ဖြစ်ပါတယ်။

အသုံးပြုသူတွေ အားလုံး ရနိုင် မရနိုင်ကတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့ သတင်းတွေမှာ ရေးပါတယ်။

လက်ရှိမှာတော့ တဦးချင်း အသုံးပြုသူတွေရဲ့ တင်တဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး ၀င်ငွေ ရရှိနိုင်တဲ့ အခွင့်အလမ်းကို ဖေ့စ်ဘွတ်ခ်က မပေးထားပါဘူး။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/146076

Read More »