နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ပညာရေးဆောင်းပါး. Show all posts
Showing posts with label ပညာရေးဆောင်းပါး. Show all posts

Friday, June 09, 2017

ကျောင်းရှာတော့ ခေါင်းမှာ ချာချာလည်




(တစ်)

သိပ် မကြာသေး ခင်က အနား ယူ သွားတဲ့ အမေရိကန် နိုင်ငံရဲ့ လေးဆယ့်လေး ဆက်မြောက် သမ္မတ ဘားရက် အိုဘားမား (Barack Obama) အကြောင်းကို ဖတ်တော့ သူပညာသင်ဖို့ အတွက် သူ့အမေ လုံးပန်း ခဲ့ပုံတွေကို သတိ ထားမိတယ်။

အိုဘားမားကို မွေးတာက ၁၉၆၁ ခုနှစ် သြဂုတ် ၄ ရက်ပါ။ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်း (Hawaii) ရဲ့ မြို့တော် ဟိုနိုလူလူ (HonoLuLu)မှာ မွေး တာပါ။

အဖေက လူမည်း။ အာဖရိက တိုက် ကင်ညာ (Kenya) နိုင်ငံ သား။ နာမည်က ဘားရက် (Bar -ack) တဲ့။ အမေက လူဖြူ။ အမေ ရိကန်သူ။ အန်း (Ann) တဲ့။ တက္က သိုလ်မှာ တွေ့ပြီး လက်ထပ် ကြတဲ့ အဖြူနဲ့ အမည်းရဲ့ မေတ္တာ။

အိုဘားမား ၂ နှစ်သားမှာ လင်မယား ကွဲပါတယ်။ ဟာဝိုင်အီ တက္ကသိုလ်မှာ ကျောင်း လာတက် နေတဲ့ အင်ဒိုနီးရှား နိုင်ငံသား လိုလို (LoLo) နဲ့ ထပ်ယူ ပါတယ်။ လိုလို အင်ဒိုနီးရှားကို ပြန်တဲ့ အခါ အန်း လည်း သားငယ် အိုဘားမားနဲ့ အတူ ဂျကာတာ (Jakarta) မြို့ တော်ကို လိုက်သွား ပါတယ်။

ဂျကာတာမှာ မနက် ၄ နာရီ ထိုးတိုင်း သားငယ် အိုဘားမားကို နှိုးကာ အမေအန်းက အင်္ဂလိပ်စာ သင်ပေးပါလေ သတဲ့။ သားငယ် အင်္ဂလိပ်စာ နောက်ကျမှာကို စိုးပါလေ သတဲ့။ အိုဘားမား စိတ်မပါ သလိုလုပ်တဲ့ အခါ သူ့ အမေအန်း ပြောတဲ့ စကားကလေးက သိပ်ထိတာပါပဲ။ This is no picnic for me either, Buster တဲ့။ ဒါပျော်ပွဲစား ထွက်နေတာ မဟုတ်ဘူး ငနွားရဲ့ ဆိုလား။

နောက်တော့ အန်းက သား အတွက် ပူပန်ကာ ဟာဝိုင်အီကို ပို့လိုက် ပါတယ်။ အဘိုး၊ အဘွား တွေနဲ့ သွားနေပြီး ပညာသင်ဖို့။ သည်တုန်းက အိုဘားမားဟာ (၁၀) နှစ်သား ကလေးပဲ ရှိပါသေး တယ်။ အမေနဲ့ တစ်ခါမှ မခွဲဖူးတဲ့ ချာတိတ် ကလေးပေါ့။ ကျောင်း မှာလည်း လူဖြူ ကလေးတွေရဲ့ ကြားထဲမှာ ကြောင် တက်တက်နဲ့။ အများရဲ့ ဝိုင်းဝန်း ရယ်မောခြင်းကို ခံရရှာတဲ့ ကလေး တစ်ယောက်။ ဒါပေမဲ့ ပညာသင်ဖို့ ဆိုတဲ့ စိတ်နဲ့ အားလုံးကို ဖြတ်သန်း လွန်မြောက် ပြီးတဲ့ နောက်မှာ သူဟာ အမေရိ ကန် သမ္မတပါ။

သူ့အမေအန်းကို သဘော ကျလိုက်တာ။ သားကို ကောင်း မွန်တဲ့ ပညာ အဝန်းအဝိုင်း ဆီ ရောက်အောင် တွန်းလွှတ်လိုက် တဲ့စိတ်၊ ရင်အုပ်မကွာ ကိုယ့်အိမ် တံစက်မြိတ် ကလေးအောက်မှာ ပိတ်လှောင် မထားတဲ့ စိတ်။

(နှစ်)

မြန်မာနိုင်ငံမှာလည်း ပညာ ရေး အတွက်ကြောင့်ကြမှု၊ တောင့်တမှု ရှိသူတွေ အများ ကြီးပေါ့။ အင်တာနေရှင်နယ် နာမည်နဲ့ ကျောင်းတွေ ကျောင်းတွေ ပေါ် လာတဲ့ အခါ တချို့လည်း အလုံးစုံ ယုံကာပုံပြီး အပ်လိုက် ကြလေရဲ့။ တချို့ကလည်း အပြင်ကျောင်း တစ်ဝက်၊ အစိုးရကျောင်း တစ်ဝက် တစ်ခုမမိ တစ်ခုမိ ပုံစံ ပညာရေး။ သိပ်ကို အလှမ်းကျယ်သူ အသိုင်း အဝိုင်းကတော့ ကလေးကို အပြင် ကိုပို့ကြလေရဲ့။ ပြောရရင် စင် ကာပူလို နိုင်ငံမျိုးပေါ့။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ ပညာရေးအပေါ်မှာ အားလုံးပုံပြီး မယုံခဲ့ကြတာ ကြာခဲ့ ပြီလေ။

Invest in education is the best investment ever for the country ဆိုတဲ့စကားထဲကအတိုင်း ပညာရေးမှာ ရင်းနှီးမြှုပ်နှံတာဟာ နိုင်ငံတစ်နိုင်ငံအတွက် အမြဲတမ်း အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဆို တာကြောင့် ပညာရေးကို ဦးစား ပေးပြီး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေရှိ ရာဆီ ကျွန်တော်တို့ သွားဖို့ ကြိုး စားကြတာပါ။

မှတ်မှတ်ရရ သမ္မတဦးသိန်း စိန်လက်ထက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို လာ ဖူးပါတယ်။ သမ္မတနဲ့လည်း ဆွေး နွေးခဲ့ပါတယ်။ အဲဒါကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့ နေပြည်တော်မှာ သတင်းမီဒီယာ တွေနဲ့ တွေ့တဲ့အခါ သတင်းလည်း ထုတ်ပြန်ပါတယ်။

သမ္မတက မြန်မာနိုင်ငံရဲ့ ပညာရေးနောက်ကျခဲ့တယ်ဆို တာကို ဝန်ခံပါတယ်။ စိတ်ဝင် စားစရာကောင်းတာက အမေရိ ကန်တက္ကသိုလ်တွေ ရန်ကုန်မှာ လာဖွင့်ဖို့ ဆွေးနွေးကြတယ်ဆိုတဲ့ အကြောင်းပါ။

ကောင်းလိုက်တာ လို့ စိတ်ထဲက ထင်မိပါရဲ့။ အမေ ရိကန်မှ မဟုတ်ပါဘူး။ နိုင်ငံ တကာအဆင့်မီ တက္ကသိုလ်တွေ လာဖွင့်ရင် အိုးမကွာအိမ်မကွာ တက်ခွင့် ရမှာမို့ တက်မယ့်သူတွေ က အများအပြားနေမှာပါ။

အခု တချို့တက္ကသိုလ်တွေ မှာ ပြင်ပက ပညာရှင်တစ်ယောက် စ နှစ်ယောက်စ ခေါ်ထားတာတို့၊ စေတနာ့ဝန်ထမ်း (Volunteer) ဆရာ၊ ဆရာမတွေ ခဏ တစ်ဖြုတ် ရောက်လာ တာတို့ ဆိုတာမျိုးနဲ့က မလုံလောက်နိုင်ပါဘူး။

ယူနက်စကို (UNESCO)လို့ ခေါ်တဲ့ ကုလသမဂ္ဂ ပညာသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးက မြန်မာ့ ပညာရေးဟာ ဦးနေဝင်းတို့ သေ နတ်နောက်ခံနဲ့လူတွေ အာဏာ သိမ်းပြီး သုံးနှစ် ၁၉၆၅ ကစလို့ ကျဆင်းသွားတာပါတဲ့။ ဒါကြောင့် မြန်မာစာနဲ့ရတဲ့ ဘွဲ့ကလွဲရင် ဘယ်လိုဘွဲ့ကိုမှ အမေရိကန် အပါအဝင် နိုင်ငံ တကာတက္က သိုလ်ကြီးတွေက လက်မခံပါဘူး။

ဒါကြောင့်လည်း ကိုယ့်ဆီကလူ တွေ ဘွဲ့ရပြီး အပြင်ထွက်တဲ့အခါ ကျောင်းပြန်တက်နေရတာပေါ့။ ဆိုကြပါစို့ သြစတြေးလျလို နိုင်ငံ မျိုးမှာ ဆေးပညာ ဆက်သင်ချင်တဲ့ မြန်မာနိုင်ငံက ဆရာဝန်ဟာ သူတို့ဆီက 2nd M.B ကို ပြန်ဖြေ ပါပဲ။

ဒါကြောင့် ကျွန်တော်တို့ နိုင်ငံတကာ အဆင့်မှီအောင် မသင်နိုင်သေးခင် နိုင်ငံတကာ တက္ကသိုလ်တွေ မြန်မာနိုင်ငံကို ရောက်လာစေချင်ပါတယ်။

အခုတော့ အိုဘားမားရဲ့ အမေ သူ့သားကျောင်းတက်ဖို့ အပြင်ကိုပြန်လွှတ်ရသလို ကျွန် တော်တို့ရဲ့ တတ်နိုင်သူ မိဘများ ကျောင်းရှာနေကြရဆဲပါ။

ဒီကိုသာ နိုင်ငံတကာတက္က သိုလ်တွေ ရောက်လာကြရင် တက်လိုက်ကြမယ့် ဖြစ်ခြင်း။ ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

From : 7 Day daily news By: မောင်သာချို

Originally published at - http://www.7daydaily.com/story/98475

Read More »

Sunday, November 13, 2016

ကျောင်းဆရာတွေ ဘာကြောင့်ရှားပါးရတာပါလိမ့်




(တစ်)

၂၀၁၆ နိုဝင်ဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ ထုတ် 7Day News ဂျာနယ်ပါ သတင်း တစ်ပုဒ်ကို ဖတ်မိပြီး ဤဆောင်းပါးကို ရေး လိုက် ရခြင်း ဖြစ်ပါသည်။ ပြော စရာတွေ ကလည်း ရင်ထဲမှာ အ များကြီး ရှိနေ၍ ဖြစ်ပါသည်။

သတင်း ခေါင်းစဉ်မှာ ‘အမျိုးသား ဆရာများ ပိုမို ပေါ်ထွန်း လာရေး ကျောင်းဆရာ ဝင်ငွေ စိန်ခေါ်မှု ဖြစ်နေ’တဲ့။ ဖတ်ကြည့် လိုက်သော အခါ ‘ကျောင်းဆရာ လစာဝင်ငွေ မှာ နည်းပါး လွန်းနေ သဖြင့် ဆရာ ဘဝကို မလုပ် လိုကြောင်းနှင့် ပညာရေး ဌာနတွေမှာ ရာထူးတိုး တာ အရမ်းနှေးတဲ့ အတွက် မလုပ် လိုကြောင်း’ စသဖြင့် ရေးထား သည်ကို တွေ့ရပါသည်။

သတင်း အဓိက ဆိုလို ချင်သည်မှာ ကျောင်း တွေ၊ တက္ကသိုလ်တွေမှာ ဆရာ တွေ ရှားပါး လာခြင်းကို ဦးတည် ပြောလိုခြင်း ဖြစ်ပါသည်။

ပညာ ရေးအရည်အသွေးက နိမ့်ဆင်း နေရတဲ့အထဲ ဆရာတွေရှားပါး လာတယ်ဆိုတော့...။ ‘ဟူး’ သက်ပြင်းမောကြီးကိုသာ ကျွန် တော် မှုတ်ထုတ်လိုက်မိပါသည်။

ကျွန်တော် ပညာရေးကို ဆက် မတွေးချင်တော့ပါ။ ဆက်မတွေး ချင်သော်လည်း ‘ဆိုရေးရှိက... ဆိုအပ်စွ’ဆိုသည့်အတိုင်း ပြော စရာရှိတာတွေကိုတော့ ပြောရမှာ ပဲဖြစ်ပါသည်။

သည်နေရာတွင် စကားတစ်ခု ကျွန်တော်ခံထားချင် ပါသည်။ ကျွန်တော်သည် ပညာ ရေး ပညာရှင်တစ်ယောက် မ ဟုတ်ပါဟူသည့် စကားပဲဖြစ်ပါ သည်။ ထားတော့။

ဆရာတွေ ရှားပါးလာခြင်းအပေါ် ကျွန်တော် မြင်မိတာလေးတွေ၊ ကိုယ်တွေ့ ကြုံခဲ့ရတာလေးတွေကို အပြု သဘောဆောင် ဆွေးနွေးထောက် ပြမှာပဲ ဖြစ်ပါသည်။ အတွေးသင့်၊ မသင့်၊ မှန်၊ မမှန်ကို စာဖတ်သူ ကိုယ်တိုင်သာ ဆင်ခြင်သုံးသပ် ကြည့်ပါရန်။

(နှစ်)

ပထမအချက် အနေဖြင့် ဆရာတွေ ရှားပါးလာရခြင်းမှာ လစာငွေကိစ္စပဲ ဖြစ်ပါသည်။ တစ် ဦး တစ်ယောက်တည်း နေထိုင်သူ တွေ အတွက် လစာ တစ်သိန်း ကျော်
ကျော်မှာ ပြဿနာ မရှိသော် လည်း ကိုယ့်မိသားစု စားဝတ်နေ ရေးကို ဦးဆောင်နေသူ ဆရာများ၊ အမိအဖ၊ ညီအစ်ကို မောင်နှမတို့ ကို ပြန်လည်ထောက်ပံ့ ကျွေးမွေး မှုပြုနေ ကြသော ဆရာများ အနေ ဖြင့် လစာငွေ တစ်သိန်းကျော် ကျော်မှာ ဘာမှ လုပ်လို့ မရပါ။ နေလာနှင်းပျောက်ပမာ ဖြစ်ပါ သည်။

လစာငွေတစ်သိန်းကျော် ကျော်က မိသားစု စားဝတ်နေရေး ကို ဘယ်လိုမှ မထိန်းသိမ်းနိုင်၊ မကာကွယ်နိုင်ဘဲ ဖြစ်ပါသည်။ လစာငွေကိစ္စ ပြောနေသည်မှာ အခုမှ မဟုတ်ပါ။ ဆရာ သိန်းဖေ မြင့် (စာရေးဆရာ) တို့လက်ထက် တုန်းက စပြော ခဲ့တာဟု ဆိုလျှင် ယုံကြ ပါ့မလားမသိ။

ဟိုတုန်းက ဗိုလ်တထောင်သတင်းစာဟူ၍ ရှိ ပါသည်။ ထိုသတင်းစာမှာ အယ် ဒီတာချုပ်လည်း လုပ်ခဲ့၊ ပင်တိုင် ဆောင်းပါးရှင်အဖြစ်လည်း ရေးခဲ့ သော ဆရာ သိန်းဖေမြင့်က ကဏ္ဍ တစ်ခုကို တာဝန်ယူ ရေးပါသည်။

ထိုကဏ္ဍ၏အမည်က ‘ပွင့်ပွင့် လင်းလင်း ပြောပါရစေ’ကဏ္ဍပဲ ဖြစ်ပါသည်။ ‘မြန်မာ့ပညာရေး လောက မိန်းမများကြီးစိုးတော့ မည်လော’ဟူ၍ဖြစ်။ ဘာကြောင့် အခုလို ဖြစ်နေရသလဲနှင့် ပတ် သက်၍ ဆရာသိန်းဖေမြင့် သုံး သပ်ခဲ့ပုံကလေးတွေကိုလည်း ကျွန်တော် အမှတ်ရနေမိပါသည်။

ဆရာ၊ ဆရာမတို့၏ လစာဝင်ငွေ နည်းပါးခြင်းတဲ့။ မြန်မာ့လူ့အဖွဲ့ အစည်း၌ အမျိုးသားများက အိမ် ထောင်ဦးစီးဖြစ်လေ့ရှိရာ မိသားစု တစ်စု၏ စားဝတ်နေရေး၊ ပညာ သင်ကြားရေး၊ လူမှုရေးကိစ္စအဝဝ တို့ကို မိမိလစာငွေဖြင့် ဦးဆောင် ဖြေရှင်းရန် မဖြစ်နိုင်တော့သော အခါ စာသင်ခန်းများကို သူတို့ ကျောခိုင်း လိုက်ကြတဲ့။

ဆရာ သိန်းဖေမြင့်၏ ယနေ့ထက်ထိ အောင်လည်း မှန်နေသော ခေတ် ရှေ့ပြေး သုံးသပ်သွားပုံလေးကို ကျွန်တော် အစွဲကြီးစွဲမိသွားသည်။ ဒီဘက်ခေတ်တွင်လည်း စာရေး ဆရာတွေက ဖန်တစ်ရာ တေ အောင် ပြောနေကြ၊ ရေးနေကြဆဲ ဖြစ်ပါသည်။

သြော်... ခေတ် အဆက်ဆက်က လူတွေက ဘယ် လောက်ပဲ ရေးခဲ့ရေးခဲ့၊ ပြောခဲ့ ပြောခဲ့ ယနေ့ထက်ထိ မပြင်နိုင် သေးသော လစာဝင်ငွေကိစ္စပဲ မဟုတ်ပါလား။

(သုံး)

ဒုတိယအချက် အနေဖြင့် ပြောချင် သည်မှာ ဆရာ၊ ဆရာမ တွေပဲ ဖြစ်ပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း ကျောင်းဆရာ တစ်ယောက်ပဲ ဖြစ်ပါသည်။ ကိုယ့်ပေါင် ကိုယ်လှန် ထောင်းရ သည်မှာ ကောင်းတော့ မကောင်း။ သို့သော် မတတ်နိုင်ပါ။

ပြောစရာ ရှိတာကိုတော့ ရဲရဲဝံ့ဝံ့၊ မကွယ် မဝှက်၊ မရှက်မကြောက် ပြောရ မှာပဲဖြစ်ပါသည်။ ဆရာ၊ ဆရာမ တွေ အနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးတွေကို ဆရာ၊ ဆရာမဖြစ်ချင်လာအောင် (တစ် နည်းအားဖြင့်) စာသင်ချင်စိတ် ပေါ်ပေါက်လာအောင် စည်းရုံး သိမ်းသွင်းနိုင်တဲ့ အရည်အချင်း မရှိလို့ပဲ ဖြစ်ပါသည်။

ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ပညာ ရေးကို စိတ်ဝင်စားပုံမပြ၊ ပင်ကိုအရည်အသွေးမရှိမှတော့ သင် ကြားခံရသူ တပည့်တွေပညာရေး ကို စိတ်မဝင်စားတာ အဆန်း တကြယ်မရှိပါ။ ကျွန်တော်ဆိုရင် လည်း ပညာရေးကို အစက သိပ်စိတ်မဝင်စားပါ။

သို့သော် ရန်ကုန်ပညာရေး တက္ကသိုလ် ရောက်တော့မှ အရည်အသွေးရှိ သူ ဆရာ၊ ဆရာမ အချို့၏ အ သင်အပြကောင်းမှု၊ ဘာသာရပ် ကို ခရေစေ့ တွင်းကျ ပိုင်နိုင် ကျွမ်းကျင် မှုကြောင့် ပညာရေးကို အထူး စိတ်ဝင်စား သွားရခြင်း ဖြစ် ပါသည်။

အထူးသဖြင့် ပြင်ပဗဟု သုတတွေကို ရွှန်းရွှန်းဝေအောင် ပြောတတ်သော ဆရာမောင်သာ ချို၊ ဘာသာရပ်ကို ကျွမ်းဝင်ပိုင် နိုင်သော ဆရာမဒေါ်ချောစုမာ ဝင်း၊

ဆရာစိတ်တွေ ဝင်လာ အောင် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် မျက်နှာထားဖြင့် ပြောပြတတ်၊ သင်ပြတတ်သော ဆရာဒေါက် တာမောင်မောင် စသူတို့ဖြင့် သင်ကြားခံ ရသော အခါ ပညာ ရေးကို အထူး စိတ်ဝင်စားသွား တာ မဆန်းကြယ်လှပါ။

သည် နေရာတွင် ပြောစရာရှိလာပြန်ပါ သည်။ ဆရာ၊ ဆရာမတွေ ကိုယ် တိုင်က အရည်အသွေးရှိ၊ သင်ပြ မှုကောင်းပါလျက် ဘာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ ပညာရေးကို စိတ်မဝင်စားတာလဲ လို့။ အဲဒါကိုတော့ ကျွန်တော် လည်း ပြောမပြတတ်ပါ။ မတတ် နိုင်ကြောင်းပါ။

သေချာတာတစ်ခု ကတော့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က အရည်အသွေးရှိ၊ အသင်အပြကောင်းမှ သာလျှင် ဆရာ၊ ဆရာမတွေနှင့် အချိန်ပြည့် နီးနီး ကပ်ကပ် နေ ရသော ကျောင်း သား၊ ကျောင်းသူတွေ မှာလည်း ဆရာ၊ ဆရာမ ဖြစ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက် လာမှာပဲ ဖြစ်ပါသည်။

(လေး)

တတိယအချက်အနေဖြင့် ပြောချင်သည်မှာ ပတ်ဝန်းကျင် နှင့် မိဘတွေပဲ ဖြစ်ပါသည်။ ကျွန် တော်တို့ လူမှု အသိုင်းအဝိုင်းက ကျောင်းဆရာ၊ ဆရာမတွေဆို လျှင် အထင်သေး တတ်ကြပါ သည်။

ပတ်ဝန်းကျင်က ကျွန် တော်တို့ ဆရာ၊ ဆရာမတွေကို ‘ကြိမ်ခွေ’ဟု တိုးတိုး တစ်မျိုး၊ ကျယ်ကျယ် တစ်မျိုး ပြောဆိုတာ တွေကို ကျွန်တော့်နားနှင့် ဆတ် ဆတ် ကြားခဲ့ ရဖူးပါသည်။

ကြိမ် ခွေဆိုတာက ဖောင်ကွပ်ရာတွင် သုံးသော ကြိုးတစ်မျိုးလည်း ဖြစ်ပါ သည်။ ဖောင်ကွပ် ဆိုတော့ ‘ဖွတ် ကောင်’ဟု ဆိုလိုက်ခြင်း ဖြစ်ပါ သည်။

ဆရာတစ်ယောက် ဖြစ်သူ ကျွန်တော် အဲဒီ အသံကြားတိုင်း မျက်ရည်စို့ ရပါသည်။ ပတ်ဝန်း ကျင်က စကားတွေကို နား မထောင်နဲ့၊ ကိုယ့်ဘာသာ လုပ် စရာရှိတာ ဆက်လုပ်နေ ဟု ပြော စရာ ရှိလာပါသည်။

သို့ရာတွင် လူဆိုသည်မှာ လူမှုအဝိုင်းအဝန်း နှင့်နေသော သတ္တဝါတစ်မျိုးလည်း ဖြစ်ပါသည်။ ကျောက်တုံး၊ ကျောက်ဆောင်များတောင် လှုပ် ပါများရင် နဲ့သေးတာ၊ အသွေး အသားနှင့် တည်ဆောက်ထား သောသူဆိုလျှင် ပြောမနေပါနှင့် တော့။

ပတ်ဝန်းကျင်က စကား တွေကိုနားထောင်၊ နားယောင်ပြီး စဉ်းစားသုံးသပ် ဝေဖန်နိုင်စွမ်း နည်းသော မိဘတွေကိုယ်တိုင် ခမျာမှာလည်း ‘အင်း၊ ဟုတ်’လုပ် ပြီး ရောယောင်လိုက်သွားပါသည်။

ထိုအခါ ကလေးမှာ ပညာရေးကို လုံးဝစိတ်မဝင်စားပါလေတော့။ ထို့ကြောင့် ဆရာတွေ ရှားပါးလာ ရခြင်းမှာ ပတ်ဝန်းကျင်နှင့် မိဘ တို့၏ အခန်းကဏ္ဍလည်း အနည်းနှင့်အများ သက်ရောက်မှုရှိပါ သည်။

(ငါး)

စတုတ္ထအချက်အနေဖြင့် ပြောချင်သည်မှာ တက္ကသိုလ်၊ ကောလိပ်တွေက ဝင်ခွင့်ခေါ်မှုပုံစံတွေနှင့် အမှတ်တွေပဲ ဖြစ်ပါသည်။ ကျွန်တော်ရန်ကုန်ပညာရေးတက္ကသိုလ်ကို ဝင်ခွင့်ရတော့ ယောက်ျားလေး ဝင်ခွင့်ရမှတ် အနည်းဆုံး ၄၂၀ ပဲဖြစ်ပါသည်။

မိန်းကလေး ဝင်ခွင့်ရမှတ်က ၄၅၄ ဖြစ်ပါသည်။ ဒီရမှတ်တွေက သိပ္ပံ တွဲတွေနှင့် အောင်သောသူတွေ အတွက် ဝင်ခွင့်ရမှတ်တွေပဲဖြစ်ပါ သည်။

ကျန်သောဘာသာတွဲတွေ နှင့် အောင်သောသူတွေအတွက် လည်း ဝင်ခွင့်ရမှတ်တွေက ထို နည်းနှင်နှင်ဖြစ်ပါသည်။

ပညာ ရေးကောလိပ်ဝင်ခွင့်ရမှတ်တွေကတော့ ထို့ထက်နည်းနည်း။ ဆိုလိုသည်မှာ ဝင်ခွင့်ရမှတ်တွေက အနည်းငယ်များနေခြင်းဖြစ်ပါ သည်။

ဒီရမှတ်အတိုင်းသာဆို ယောက်ျားလေးတွေက ဘာသာ ရပ်တစ်ခုချင်းစီကို ၇၀ ကျော်မှ ဝင်ခွင့်ရမည်။ မိန်းကလေးတွေက လည်း တစ်ဘာသာကို အနည်းဆုံး ပျမ်းမျှ ၈၀ (ဂုဏ်ထူး)မှတ်ရမှ ဖြစ် မည်ဆိုသည့် သဘောဖြစ်သည်။ ထိုသို့ ဝင်ခွင့်ရမှတ်တွေ များပြား နေခြင်းကြောင့် တကယ် ဆရာ၊ ဆရာမဘဝကို မြတ်နိုးတွယ်တာလွန်းသော၊ လုပ်ချင်လွန်းသော သူတွေအတွက် အမှန်တကယ် နစ်နာသွားပါသည်။

တိုင်းပြည် အတွက်လည်း အဖိုးတန် လူ့စွမ်း အားအရင်းအမြစ်တစ်ခု ဆုံးရှုံး သွားခြင်းပဲဖြစ်ပါသည်။ ကျွန် တော်က အမှတ်တွေ ဖောဖောသီ သီဖြင့် ခေါ်ဖို့ပြောနေခြင်း မဟုတ် ပါ။ များပြားလွန်းနေသော အ မှတ်တွေကို အနည်းငယ်လောက် လျှော့၊ လူကိုယ်တိုင်တွေ့ပြီး ပညာရေးကို စိတ်ဝင်စားမှုရှိ၊ မရှိ အနည်းငယ်တီးခေါက်ကြည့် ပြီး ဝင်ခွင့်ခေါ်ဖို့ ပြောနေခြင်းဖြစ်ပါ သည်။

နောက်တစ်ခုက ဆရာ၊ ဆရာမဦးရေ ဝင်ခွင့်အချိုးဖြစ်ပါ သည်။ ကျွန်တော် ရန်ကုန်ပညာ ရေးတက္ကသိုလ်စဝင်တော့ စုစု ပေါင်း မိန်းကလေးရော၊ ယောက်ျားလေးပါ ၃၅၀ ကျော် ခေါ်ပါသည်။

ဒီအထဲမှာ မိန်းက လေးက ၂၅၀ လောက်၊ ယောက်ျားလေးက ၁၀၀ ဝန်းကျင် လောက်။ ယောက်ျားလေးက သုံး ပုံပုံတစ်ပုံ။ ဒီလူတွေအကုန်လုံးက ကျောင်းပြီးသောအခါ အကုန်လုံး အောင်၊ အားလုံးလုပ်ငန်းခွင်ဝင် ခွင့်ရမယ်လို့ မည်သူမျှ အတတ် မပြောနိုင်။ ကျွန်တော်တို့ ပထမ နှစ်တစ်နှစ် ဖြေပြီးသောအခါ ကျောင်းသား ၈၀ ကျော်ကျပါ သည်။

ထို့အပြင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းထွက် လိုက်ရသူတွေ၊ အိမ်ထောင်ကျ သွားသူတွေ၊ သေဆုံးသွားသူတွေ လည်း ရှိပါသည်။

ထို့ကြောင့် ကျောင်းပြီးသောအခါ ၂၀၀ ဝန်း ကျင်လောက်ပဲ ရှိပါတော့သည်။ ဒီအထဲမှာ မိန်းကလေးဦးရေက ၁၅၀ ဝန်းကျင်လောက်၊ ယောက်ျားလေးဦးရေက ၅၀ ဝန်း ကျင်လောက်ပဲ ကျန်ပါတော့ သည်။

သို့ဖြစ်သောကြောင့် ယောက်ျားလေးဦးရေကို များများ ခေါ်ယူစေချင်ပါသည်။ ဒါမှသာ ‘ဒူးလောက်တင်မှ ရင်လောက်ကျ’ ပါမည်။ ယခုဆိုလျှင် ‘၂၀၁၆-၁၇ ပညာသင်နှစ်အတွက် ရန်ကုန်နှင့် စစ်ကိုင်းမြို့ရှိ ပညာရေးတက္က သိုလ်များ၏ ပထမနှစ်သင်တန်း ဝင်ခွင့်အတွက် အမျိုးသား ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၀ ရာ ခိုင်နှုန်း အချိုးကျ ခေါ်ယူသွားမည်’ ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေး အေးမြင့်က ပြောသည်ကို ဖတ်ရ သောအခါ ကျွန်တော် အလွန် ဝမ်းသာသွားပါသည်။

ကျွန်တော် ထပ်ပြောပါရစေ။ ယောက်ျား လေး ဝင်ခွင့်အချိုးကို များများ ခေါ်ယူစေချင်ပါသည်။ ဒါမှသာ ပညာရေးမှာ ကျောင်းဆရာ ရှား ပါးမှုဒဏ်ကို ကာကွယ်နိုင် မှာပဲ ဖြစ်ပါသည်။

(ခြောက်)

ကျွန်တော် ရှေ့နားမှာဆိုခဲ့ သလို အထက်ပါအချက်အလက် များသည် ပညာရေးမှာ ကျောင်း ဆရာရှားပါးမှု ဖြစ်ရခြင်း အ ကြောင်းရင်း အချို့ပဲဖြစ်ပါသည်။ ဒီထက်မက အကြောင်းရင်းပေါင်း များစွာလည်း ရှိပါလိမ့်ဦးမည်။

အထက်ပါအချက်တွေက ကျွန် တော့်ဉာဏ်အမြင် တစ်ထွာတစ် မိုက်နှင့် သုံးသပ်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။ စာဖတ်သူများကိုယ် တိုင် ဆင်ခြင်ကြည့်ပါရန်။

အထူး သဖြင့် ပညာရေးမှာ ဆုံးဖြတ်ပေး နိုင်တဲ့ ပုဂ္ဂိုလ်များ... တွေးချိန် ချင့်နိုင်ပါစေကြောင်း . . . ။

From : 7 day daily - By : မောင်သာစိုး (ပြည်)

Originally published at - http://www.7daydaily.com/story/80590

Read More »

Wednesday, November 09, 2016

ဖိအားတွေအောက်က ပိပြားနေတဲ့ စက်ရုပ် ကလေးတွေ




ကျွန်တော်တို့ တိုင်းပြည်မှာ ခိုင်းလျှင် လုပ်တတ်သည့် စက်ရုပ် ကလေးတွေ ထုတ်လုပ် ပေးသည့် စက်ရုံပေါင်း များစွာ ရှိပါသည်။

ဤစက်ရုံ တို့မှာ နိုင်ငံ တစ်ဝန်း လုံးမှာ ရှိသည့် အခြေခံ ပညာ ကျောင်းများပဲ ဖြစ်ပါသည်။ စီမံချက်တွေ ထဲမှာ၊ စာရင်း ဇယားတွေမှာ၊ အလုပ်ရုံ ဆွေးနွေးပွဲ
တွေမှာ ပညာရေး စနစ်တွေ ခဏခဏ ပြောင်းနေသော်လည်း လက်တွှေ အကောင် အထည် ဖော်ရသည့် အခြေခံ ပညာကျောင်း တွေမှာတော့ နှုတ်တက် အာဂုံဆောင်ပြီး အလွတ်ကျက် ရေးဖြေ နေရသည့် စနစ်ကြီး ကတော့ ယခုတိုင် ပန်းပန်လျက် ရှိနေဆဲ ဖြစ်သည်။

ကုန်ခဲ့သည့် ၂၀၁၃ ဇူလိုင် ၂၉ ရက်နေ့ထုတ် 7Day Daily သ တင်းစာတွင် ‘မြန်မာပြည်မှာ ပြိုင်ကြသည်’ဟု အမည်ပေးလျက် ဆောင်းပါးတစ်ပုဒ် ကျွန်တော်
ရေးဖူးသည်။ အခြေခံ ပညာကျောင်းတွေမှာ ပြိုင်နေကြသည့် စာစီ စာကုံးပြိုင်ပွဲတွေ အကြောင်းဖြစ်သည်။

အသက်အရွယ်၊ အတန်း နှင့်မလိုက်ဖက်သည့် ခေါင်းစဉ်ကြီးတွေပေးကာ ကျောင်းက ဆရာ၊ ဆရာမများ၊ (ဒါမှမဟုတ်) အပြင်က ပုဂ္ဂိုလ် တစ်ဦးဦး ရေးပေး ထားသည့် စာစီ စာကုံးကို ကျောင်းသား လက်ရေးနှင့် ပြန်ကူး၊ ပြီး ကျောင်းသား ကိုယ်တိုင်ရေးကြောင်း ကျောင်းထောက်ခံချက် နှင့် အတူ ပညာရေးမှူး ရုံးကို ပို့။ ပညာရေးမှူး ရုံးကမှ ခရိုင်ကိုပို့၊ ခရိုင်မှာ ဆုရသူက ဆရာတွေ၊ မိဘတွေနှင့် အတူ ခရိုင်ကို ဆုသွားယူ၊ ဓာတ်ပုံတွေရိုက်၊ မှန်ဘောင် သွင်းပြီး အိမ်မှာ ချိတ် ထား။ ဧည့်သည် လာသည့် အခါ ကြွားကြသည့် အကြောင်းဖြစ်သည်။

ယခုနှစ်တွေ ညောင်းခဲ့ပြီ။ ခေတ်တွေလည်း ပြောင်းခဲ့ပြီ။ ပြည်သူတို့၏ မင်စွန်းနေသည့် ဘယ်လက်သန်းကလေးများဖြင့် ပြိုင်တူ တွန်းရွှေ့ကာ အရွေ့တစ်ခုကို ရောက်စေခဲ့ပြီ။ ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ကာ ပြည်သူ့ ရှေ့က မားမားမတ်မတ်ရပ်ခဲ့သော ပြည်သူ့အစိုးရလက်ထက်မှာ ပညာရေးကဏ္ဍ၏ အဟောင်းအဆွေးတွေ တကယ်ပြောင်းပေးနိုင်ခဲ့ပြီလား။

အထက်မှာ ရေးပြခဲ့သည့် စာစီစာကုံးပြိုင်ပွဲလို အထူးပြုလုပ်ချက်များဖြင့် မွမ်းမံစီရင်ထားသည့် ပြိုင်ပွဲတွေမရှိတော့ပြီလား။ နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ထုဆစ်ကြမည့် ကလေးတို့၏ ဉာဏ်ရည် ဉာဏ်သွေးဝင်းလက်တောက်ပ လာစေမည့် စနစ်များဖြင့် အစားထိုးနိုင်ကြပြီလား။

နိုဝင်ဘာ ၄ ရက်က ကိစ္စတစ်ခုဖြင့် မိတ်ဆွေတစ်ယောက်၏ အိမ်သို့ ရောက်သွားသည်။ အဆင်သင့်ပင် မိတ်ဆွေကို ဧည့်ခန်းထဲမှာ တွေ့ရ၏။ နံဘေးမှာ မိတ်ဆွေ၏ သားငါးတန်းကျောင်းသားလည်း ထိုင်နေ၏။ မိတ်ဆွေ၏ လက်ထဲမှာ အင်္ဂလိပ်လို ကွန်ပျူတာ စာစီထားသည့် စာရွက်တွေလည်း ကိုင်ထားသည်။

သားဖြစ်သူက မျက်နှာမကောင်း။ ကျွန်တော်က အကျိုးအကြောင်းမေးကြည့်တော့ မိတ်ဆွေက ပြောပြသည်။ ‘‘အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတဲ့ဗျာ။

အဲဒါ သူတို့ ကျောင်းက သူ့ကို ရွေးထားသတဲ့။ အက်ဆေးငါးပုဒ် ရေးပေးလိုက်တယ်။ တစ်ပုဒ်ကို စာလုံးရေ ၂၀၀ ရှိတယ်။ အဲဒါအလွတ်ကျက်ထားပြီး ပြိုင်ပွဲနေ့ကျရင် စင်ပေါ်တက်၊ မဲနှိုက်ပြီး ကျတဲ့ အက်ဆေးရွတ်ပြရမှာ’’ဟု ဆို၏။

မိတ်ဆွေဆီက ကျွန်တော်ယူကြည့်တော့ အက်ဆေးတစ်ပုဒ်ကို စာလုံးရေ ၂၀၀ ဟုသာဆိုသည်။ ငါးတန်းကလေးတစ်ယောက်အတွက် အတော်ကျက်
ရမည့်သဘောရှိသည်။

ထို့အပြင် တချို့ စကားလုံးတွေက ကျွန်တော်တို့ပင် အတော်စဉ်းစားပြီးမှ အသံထွက်၍ ရသည်။ ကျွန်တော်က ရင်းနှီးနေသော မိတ်ဆွေမို့ ‘‘ကလေးအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်ပါတယ်ဗျာ။ ပြိုင်ခိုင်းမနေပါနဲ့။

နားမလည်တာကြီး အလွတ်ကျက်ပြီး ပြန်ရွတ်ပြရတာပဲဟာ’’ဟု ဆိုတော့ မိတ်ဆွေက ‘‘ကျောင်းက ဆရာမကလည်း သင့်တော်လို့ ရွေးတာလို့ ပြောတယ်ဗျာ။

ပြီးတော့ သားကိုယ်တိုင်ကလည်း ပြိုင်ချင်နေတာဗျ’’ဟု ပြော၏။ ကျွန်တော်က ‘ဟုတ်လားသား’ ဟု ဆိုတော့ ကလေးက မချိပြုံးလေးပြုံးနေရှာသည်။

ဆရာတွေ၊ မိဘတွေက အတင်းချော့မော့ပြီး ဖိအားပေးလို့သာ ကလေးကပြိုင်မယ်ဟု ခေါင်းညိတ်လိုက်ခြင်းဖြစ်သည်။ တကယ်တမ်းတော့ ဘယ်ကလေးက
လျှောက်လွှာစာရွက် နှင့် မျက်နှာဝက်သာသာရှိသည့် အက်ဆေးငါးမျက်နှာကို အလွတ်ကျက်ချင်ပါမည်နည်း။

မိတ်ဆွေထံမှ အပြန်လမ်းတစ်လျှောက်စဉ်းစားရင်း ကျွန်တော် လျှောက်လာခဲ့သည်။ တကယ်တော့ ပညာရေးဌာန၏ မပြီးနိုင်သော ပြိုင်ပွဲတွေ အကြောင်း
အောက်တိုဘာလကုန်ကတည်းက အလယ်တန်းကျောင်းအုပ် ဆရာမကြီးတစ်ဦးထံမှ ကျွန်တော်သိခဲ့ပြီးဖြစ်၏။

စတုတ္ထတန်းမှ သတ္တမတန်းအထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ (၃) ဘာသာ စွမ်းရည်ပြိုင်ပွဲ၊ တစ်ကျောင်းလျှင် ဘာသာရပ် တစ်ခုကို ကျောင်းသား တစ်ယောက်နှုန်းဖြင့် အတန်း တစ်တန်း အတွက် သုံးယောက် ယှဉ်ပြိုင်ရမည်။

အဋ္ဌမတန်းတွင် မြန်မာစာ နှင့် အင်္ဂလိပ်စာ၊ န၀မတန်းမပါဘဲ ဒသမတန်းတွင် မြန်မာစာစွမ်းရည် ပြိုင်ရမည်။ မြို့နယ်တွင် အနိုင်ရပါက ခရိုင်၊ ခရိုင်တွင်နိုင်လျှင် တိုင်းအဆင့်ဆင့်ပြိုင်ရမည်။ အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲတွင်အဆင့် (၁)မှ (၁၀)အထိ အတန်းတစ်တန်းလျှင် ၁၀ ယောက်ကျစီ စင်ပေါ်တက်၍ အပြောစွမ်းရည် ပြိုင်ရမည်ဟု ဆိုပါသည်။

ဘာသာရပ်ဆိုင်ရာတွင် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေလို၍ ကျောင်သားတို့၏ ပင်ကိုစွမ်းရည်ဖြင့် ယှဉ်ပြိုင်စေကာ စစ်ဆေးအကဲဖြတ်သူများကလည်း အဂတိကင်းကင်းဖြင့် စစ်ဆေးအကဲဖြတ်သည်ဆိုလျှင်တော့ ဘာသာရပ် စွမ်းရည်ပြိုင်ပွဲသည် ကျောင်းသားတို့အတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိသည်ဟု ဆိုရမည် ဖြစ်ပါသည်။

ယခုမူ အတန်းတိုင်းအတွက် အက်ဆေးခေါင်းစဉ်ကို အပေါ်က သတ်မှတ်ပေး၊ ခေါင်းစဉ်နှင့်အညီ ဆရာ၊ ဆရာမများက ရေးပေး၊ ရေးပေးသည့် အတိုင်း
ကျောင်းသားက အလွတ်ကျက် ဖြေ၊ အလွတ်ရတာ ချင်းတူလျှင် အကောင်းဆုံးရေးပေးထားသည့် အက်ဆေးက ပထမရ။

သည်အတိုင်းဆိုလျှင် ကျောင်းသားကို ခုတုံးလုပ်ပြီး ဆရာချင်း၊ ကျောင်းချင်းစွမ်းရည်ပြိုင်သည့် ပြိုင်ပွဲ ဖြစ်မနေပေဘူးလား။

သည်အထဲ မိဘကပါ ကိုယ့်သားသမီးဆုရသည်ဆိုသည့် ဂုဏ်ကလေးလိုချင်နေတော့ ချော့မော့ပြီး မနိုင်ဝန်ထမ်းခိုင်းတော့သည်။

ကျောင်းသားများမှာ ဆရာတွေ၊ မိဘတွေ စေခိုင်းတိုင်း လုပ်နေရသည့် စက်ရုပ်ကလေးတွေနှင့် ဘာများ ခြားနားပါအံ့နည်း။

ပညာရေးဌာန၏ ပြိုင်ပွဲတွေက ဤမျှနှင့် မပြီးသေးပါ။ မကြာမီ ရက်ပိုင်းအတွင်း ထပ်မံလာပါလိမ့်ဦးမည်။

လေးတန်း၊ ရှစ်တန်း၊ ဆယ်တန်းဘာသာရပ်အလိုက် ထူးချွန် ပြိုင်ပွဲ၊ ဘာသာစုံထူးချွန်ပြိုင်ပွဲ၊ ဘက်စုံပြိုင်ပွဲ စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ထားသော ပြိုင်ပွဲများက ယခုလို မိုးလေကင်းစင်သည့် ပွင့်လင်းရာသီရောက်သည် နှင့် တစ်ပြိုင်နက် ဆက်တိုက်လာ ပါတော့မည်။

လေးတန်း၊ရှစ်တန်း၊ ဆယ်တန်းသည် ကျောင်းပြင်ပစစ် အတန်းများဖြစ်သည့်အတွက် ကျောင်းသားများမှာ စာမေးပွဲကြီးအတွက်လည်း လုံးပန်းနေကြရ၏။

အထူးသဖြင့် တက္ကသိုလ်ဝင်တန်းခေါ် ဆယ်တန်းသည် ကိုယ့်နိုင်ငံ၏ ပညာရေးစနစ်အရ ကိုယ့်ဘ၀အတွက် ဆက်လျှောက်ရမည့်လမ်းကို ဆုံးဖြတ်ပေးမည့်
အတန်း ဖြစ်နေပေရာ အစိုးရကျောင်း တစ်ခုတည်းနှင့် မလုံလောက်သည့် ဘာသာရပ်များအတွက် အပြင်ကျူရှင်များကလည်း ဘက်စုံပြိုင်ပွဲ ၀င်မည့်
ကျောင်း သားကို အဆို၊ အတီးလေ့ကျင့်ဖို့ ခေါ်၏။

တကယ်တော့ ကျောင်းတွေမှာ ဂီတဆရာလည်းရှိသည်မဟုတ်။ ဘာသာရပ်ဆရာများက ကြားဖူးနားဝနှင့် သင်ပေးရခြင်းဖြစ်သည်။

သည်တော့ ကျောင်းသားခမျာမှာ ၂၀၁၇ မတ်လမှာ ကြုံတွေ့ရတော့မည့် စာမေးပွဲကြီးအတွက် အာရုံစိုက်ရမှာလား၊ ယခုမကြာမီလာတော့မည့် ဘက်စုံပြိုင်ပွဲ အတွက် အဆို၊ အတီး ကျွမ်းကျင်ဖို့၊ မီတာ ၁၀၀ အ ပြေးစံချိန်ဝင်ဖို့ အာရုံစိုက်ရမှာလား၊ သောကဗျာပါပွားရင်း မနက်မိုးလင်းမှ မိုးချုပ်ပညာရေးဝန်ထုပ်ကြီးကို တကုပ်ကုပ်သယ်နေရပေသည်။

ပြောချင်သည်မှာ ကလေးများသည် သံပတ်ပေးစေခိုင်း၍ရသော စက်ရုပ်များမဟုတ်ပါ။ စက်ရုပ်ပင်လျှင်ဝန်နှင့်အားမျှတအောင် ခိုင်းရပါသည်။

ပညာရှာခြင်းသည် သူတို့၏ ဘ၀အတွက် ၀န်ထုပ်၊ ၀န်ပိုးမဖြစ်သင့်ပါ။ သူတို့၏ ဘ၀ အတွက် အကျိုးမရှိသော၊ မိဘဆရာတို့ ကြွားရရုံသက်သက်ဖြစ်သော၊ ယခင်အစိုးရအဆက်ဆက် ၀ါဒဖြန့်ရုံသက်သက်အသုံးချခဲ့သော ပြိုင်ပွဲများ ရပ်တန်းက ရပ်သင့်ပြီထင်ပါသည်။

အချို့သော ပြိုင်ပွဲများကို ကလေးများ၏ အ ရည်အချင်းအစစ်အမှန်ဖြစ်အောင် ပြောင်းလဲသင့်ပါပြီ။ စာမေးပွဲဖိအား၊ ပဒုတဖိအား၊ အမှတ်ဖိအားများမှ ကင်းလွတ်သော ပညာရေးဝန်းကျင်တစ်ခု ဖန်တီးသင့်ပါပြီ။

နိဂုံးချုပ်အနေဖြင့် ‘မောင်တို့ မယ်တို့ ကျောင်းခန်းဝင်၊အပြုံးပန်းကိုဆင်’ ဆိုသည့်ကဗျာထဲကအတိုင်း ဖိအားတွေအောက်က ပိပြားနေတဲ့ စက်ရုပ်ကလေးတွေ မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်ပညာသင်နေသော နိုင်ငံ၏ အနာဂတ်များအဖြစ်သာ မြင်တွေ့လိုပါကြောင်း။

From : 7 day daily - By : မင်းသန်းထိုက်(ဒေးဒရဲ)

Originally published at - http://www.7daydaily.com/story/80398

Read More »

Tuesday, August 23, 2016

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားကြရာတွင်


တက္ကသိုလ် ၀င်ခွင့် လျှောက်နေသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ (ဓာတ်ပုံ − ကျော်ဇင်သန်း)


၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင် သူများ တက္ကသိုလ် ဝင်ခွင့် လျှောက်ထားရန် အမှတ် စာရင်း၊ ရမှတ် အဆင့်၊ တက္ကသိုလ် ဝင်ခွင့် လမ်းညွှန် စာအုပ်နှင့်
လျှောက်ထား ရမည့် ပုံစံ အိတ်တို့ကို သြဂုတ် ၁၇ ရက် (ဗုဒ္ဓဟူး နေ့) မှ စပြီး သက်ဆိုင်ရာ စာစစ် ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ် ကြီးများ) ထံမှ ထုတ်ပေးလျက် ရှိပြီ ဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ် မတ်လက ကျင်းပ ခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင် စာရင်းကို ဇွန် ၁၁ ရက်မှာ မြန်မာ နိုင်ငံ စာစစ် ဦးစီးဌာနက ထုတ်ပြန်ခဲ့ ပါတယ်။

အောင်စာရင်း ထုတ်ပြန်ပြီး ရက်သတ္တပတ် အတွင်းမှာပဲ အောင်မြင် သူများရော၊ ကျရှုံး သူများပါ ရမှတ် တောင်းခံ သူများအား ဖြေဆိုခဲ့သည့် စာမေးပွဲရဲ့ ဘာသာရပ် အလိုက်ရ မှတ် စာရင်းကို ထုတ်ပေး ခဲ့ပါတယ်။

စာမေး ပွဲ အောင်မြင်သူအားလုံးနီးပါးက ဘာသာရပ် အလိုက် ရမှတ် စာရင်း များကို တောင်းခံ ထားလို့ သိနှင့်ပြီး ဖြစ်ကြပါတယ်။ အမှတ်စာရင်းရပြီး ကတည်းက ဘယ်တက္ကသိုလ်ကို ရွေး ချယ် လျှောက်ထား ရမလဲဆိုတာကို ကြိုတင် ရင်ခုန်နေခဲ့ ကြပါတယ်။

ကြိုတင် ရင်ခုန်နေခဲ့ ရမှုကို တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာပုံစံမှာ အမှား အယွင်းမရှိ ဖြည့်သွင်း လျှောက်ထား ခြင်းဖြင့် ရင်ကိုအေးမြ စေပြီး ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထား ကြရာမှာ တက္ကသိုလ် ရွေးချယ်မှု အမှား အယွင်း မဖြစ် ရလေအောင် အသိပေးလို ပါတယ်။

မိဘသွေးချင်း များက သူတို့လေး တွေရတဲ့ ရမှတ်ကို ကြည့်ပြီး ဟိုတက္ကသိုလ် လျှောက်ပါ။ ဒီတက္ကသိုလ် တက်ပါ။ ဟို တက္ကသိုလ်က ဘယ်လို၊ သည်တက္ကသိုလ် ဘယ်သို့ စသဖြင့် သူတို့လေးတွေစိတ် ဝေဝါး သွားအောင် ဖိအားမပေး စေလိုပါ။ ဖိအား မပေးစေချင်ပါ။ ဖိအား၊ တွန်းအား မပေးကြပါနဲ့လို့ သွေးချင်း များကို အသိ ပေး ပန်ကြား လိုပါတယ်။

တက္ကသိုလ် တက်ရမယ့် ကလေး ကိုယ်တိုင် သူ့ရဲ့ရမှတ်၊ သူ့ရဲ့ပင်ကို ဝါသနာ၊ စိတ်ပါ ဝင်စား လေ့ကျင့်လိုမှု၊ စိတ်အား ထက်သန်စွာ သင်ကြားလိုမှု အပေါ် သူတို့ ကိုယ်တိုင် ရွေးချယ် ဆုံးဖြတ် စေလို ပါတယ်။

ဆရာဝန်ဖြစ်မှ၊ အင်ဂျင် နီယာဖြစ်မှမဟုတ်ပါ။ နိုင်ငံတော်ရဲ့ကဏ္ဍအသီးသီးမှာ စီမံခန့်ခွဲရေးပညာရှင်၊ စီးပွားရေးပညာရှင်၊ ပညာရေး၊ ကျန်းမာ ရေးပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ တတ်သိပညာရှင်၊ တွေးခေါ်ပညာရှင် စသဖြင့် များစွာ လိုအပ် နေပါတယ်။

ကိုယ့်ရဲ့ဖိအားတွန်းအားကြောင့် ဝါသနာ လည်းမပါ၊ စိတ်ဝင်စားမှုလည်းမရှိတဲ့ ဘာသာရပ်တက္ကသိုလ်တစ်ခုခုကို တက် လိုက်ရတဲ့အတွက် နောက်ပိုင်း စိတ်မချမ်း
မြေ့ဖွယ် သက်ရောက်မှု သာဓကမျိုးများစွာ လက်တွေ့ ဘဝတွင် ကြုံဖူးတွေ့ဖူးကြားဖူး မြင်ဖူးပါတယ်။

၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲမှာ တစ်နိုင်ငံလုံး၌ ခြောက်ဘာသာ ဂုဏ်ထူး ၈၉၃ ဦး၊ ငါးဘာသာဂုဏ်ထူး ၁၈၁၄ ဦး၊ လေးဘာသာဂုဏ်ထူး ၃၁၁၆ ဦးအပါအဝင် ဂုဏ်ထူးနဲ့အောင်မြင် သူ ၄၇ဝ၂၄ ဦးရှိပြီး အောင်မြင် သူစုစုပေါင်း ၁၉ဝ၃၈၈ ဦးရှိပါတယ်။

ခြောက်ဘာသာ ဂုဏ်ထူးရသူတိုင်း ဆေးတက္ကသိုလ်၊ ငါးဘာသာ ဂုဏ်ထူးရသူတိုင်း စက်မှု တက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ် တက်ရမယ်စသဖြင့် တစ်ထစ်ချပုံသေ မမှတ်စေ လိုပါ။ (ခြောက်ဘာသာဂုဏ်ထူး ရမှတ်က ငါးဘာသာဂုဏ်ထူးရမှတ်ထက် နည်းနေတာရယ်၊ လေးဘာသာ ဂုဏ်ထူး ရမှတ်က ငါးဘာသာဂုဏ်ထူးရမှတ်ထက် များနေတာတွေရယ် တွေ့ဖူးပါတယ်)။

ရမှတ်တစ်ခုတည်းကို အခြေခံ မကြည့်ဘဲ သူတို့ဝါသနာပါတဲ့၊ စိတ်အား ထက်သန်သင်ကြားလိုတဲ့ တက္ကသိုလ်ကို သူတို့ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ် လျှောက်ထားစေ လိုပါတယ်။ သွေးချင်း များအနေနဲ့မူ သူတို့ လေးတွေရဲ့ဘဝ အောင်မြင်မှု ပန်းတိုင်လျှောက်လှမ်းကြ ရာမှာ မှန်ကန်သင့်မြတ်တဲ့ လမ်းကြောင်း မှန်ပေါ်ရောက်အောင် ကြင်နာတဲ့နှလုံး အလှဖြင့် ဝိုင်းဝန်း မတင် ပုံဖော်ပေးကြ ရန်သာ လိုအပ်မှာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်း နဲ့စပ်လျဉ်းလို့ လမ်းòန်စာအုပ်မှာလည်း အတိအကျဖော်ပြပြီး ဖြစ်ပါတယ်။ လျှောက်လွှာပေါ်မှာ တက်ရောက်လို တဲ့တက္ကသိုလ်ကို မှန်မှန်ကန်ကန် ရွေးချယ်၊ ပီပီပြင်ပြင်ပြည့်ပြည့်စုံစုံ၊ ရှင်းရှင်းလင်းလင်းဖြည့်စွက် (ဖျက်ရာ၊ ပြင်ရာ နည်းနိုင်သမျှနည်းအောင် ဂရုပြုပါ)။

ပူးတွဲတင်ပြရမယ့် စာရွက် စာတမ်းပြည့်စုံစွာပါပါစေ။ အားလုံး ဖြည့်စွက်ပြီးရင် အမှားအယွင်းမရှိရ လေအောင် ပြန်စိစစ်၊ ပြည့်စုံပြီဆိုရင် လျှောက်လွှာကို ရန်ကုန်မြို့ ကမာရွတ် မြို့နယ် သထုံလမ်းရှိ အဆင့်မြင့် ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ ၂ဝ၁၆ ခုနှစ် သြဂုတ် လ ၁၈ ရက်နေ့မှ ၃၁ ရက်နေ့ အထိ (စနေ၊ တနင်္ဂနွေနေ့ အပါ အဝင်) ပိတ်ရက် မရှိ သတ်မှတ်ရက် အတွင်း အချိန်မှီ လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

မရှင်းလင်းတဲ့ အချက် အလက် တွေရှိရင်၊ သိချင်တာတွေရှိရင် ဖုန်း-၅၃၇၆၇၇နှင့်၅၂၅၆၁၂ တို့သို့ ဆက်သွယ် စုံစမ်းနိုင် တယ်လို့လည်း သိရပါတယ်။

ဘဝရဲ့ တိုးတက်အောင်မြင်မှုကို တက္ကသိုလ်မြေ ကနေ စတင်လျှောက် လှမ်းကြတော့မယ့် တက္ကသိုလ် ဝင်ခွင့် လျှောက်ထားသူ ကျောင်းသား ကျောင်းသူအားလုံး မိမိတို့ရဲ့ ဘဝနဲ့ ဆန္ဒ ထပ်တူမျှတဲ့ တက္ကသီလာ ဆီသို့ တက် ရောက်လေ့လာ သင်ကြားနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါ တယ်။

ကိုချစ်

From : မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2016/08/blog-post_205.html

Read More »

Wednesday, July 27, 2016

ထိုင်းပညာရေး အမှားထဲမှ မြန်မာအတွက် သင်ခန်းစာ




မြန်မာပြည်သား အတော် များများနဲ့ တွေ့ဆုံ aဆွးနွေးခဲ့အပြီး မှာတော့ တိုင်းပြည်ရဲ့ ပညာရေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် များမှာ ဘယ်ပုံ ဘယ်နည်း ပြောင်းလဲ သွားခဲ့ ရပြီ ဆိုတာကို သိမြင် လိုက်ရ ပါတယ်။

အသက် ၅၀ ကျော် မြန်မာပြည်သား လူကြီးတွေဟာ အင်္ဂလိပ်စာ အတော်ကလေး ကောင်းမွန်စွာ တတ်မြောက် ကြပြီး မြန်မာ ပြည်တွင်းနဲ့ ကမ္ဘာကြီးရဲ့ ဖြစ်ပျက်
ပြောင်းလဲ နေမှုတွေ ကိုလည်း ကောင်းကောင်းသိမြင် ထားကြတဲ့ သူတွေပါ။

မြန်မာတက္ကသိုလ်တွေ တက်ရောက် ခဲ့ကြတဲ့ အသက် ၃၀ အောက်တွေ ကတော့ အင်္ဂလိပ်စာ အသင့်အတင့် တတ်မြောက် ကြသော်ငြားလည်းပဲ အတွေးအမြင် အသစ်တွေ၊ အကျင့် အကြံ အသစ်တွေကို ရင်ဆိုင်ရတဲ့ အခါမယ် အခန်းကျဉ်းလေးထဲမှာ ဘောင်ခတ် ပိတ်ဆို့ခံ ထားနေကြရ သလိုပါပဲ။

တကယ်တမ်းတော့လည်း သိပ်ပြီး ထူးထွေ အံ့သြစရာတခု မဟုတ်ပါ။ တင်းကျပ်လှတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ သူတို့လေးတွေဟာ ကြီးပြင်းရှင်သန် လူလားမြောက် ခဲ့ရသူတွေလေ။ လိုအပ်နေတဲ့ အလုပ်အကိုင်တွေ အတွက် လူမှန်တွေ ရရှိဖို့ရာ အခက် အခဲတွေ အများကြီးပဲ ရှိနေ တယ်လို့ နိုင်ငံခြား ကုမ္ပဏီများဟာ ညည်းတွားနေ ကြတယ်။

တချို့ကတော့ အင်္ဂလိပ်စာ ကောင်းပါရဲ့။ ဒါပေသိ ပြင်ပလက်တွေ့ ကမ္ဘာကြီးအကြောင်း နကန်းတလုံးမျှ မသိရှာဘူး။ အောက်စ်ဖို့စီးပွားရေးအဖွဲ့ကြီး OBG ရဲ့ အစီရင်ခံစာမှာ တိုင်းပြည်ရဲ့ ဖြစ်ပျက်နေမှုကို အခုလို အကျဉ်းချုပ် ဖော်ပြထားတာကို ဖတ်ရှုရတော့ ခံစားရပါတယ်။

“မြန်မာ့ပညာရေးစနစ်ဟာ တခေတ်တခါတုန်းဆီကတော့ ဒေသအတွင်းမှာ အကောင်းဆုံး ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဒေသတွင်းနိုင်ငံတွေရဲ့ စံတန်ဖိုးတွေထက်ကို အများကြီး နိမ့်ပါးနောက်ကျသွားခဲ့ရပြီ။”

ရန်ကုန်မြို့မှာ စီးတီးကောလိပ်ကျောင်း တည်ထောင်သူ ဒီပါ့က်နီယိုပိန်းက ပြောပြတာကို အစီရင်ခံထဲမှာ ဖတ်ရှုရမယ်။ “စာသင်သား တပည့်များမှာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားတွေးခေါ်မှု Analytical thinking နဲ့ ပြဿနာ ဖြေရှင်းတတ်မှု စွမ်းရည် problem solving skills တွေ မရှိကြပါဘူး။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ အကျိုးဖြစ်ထွန်းနိုင် ဖို့ရာ ရုန်းကန်နေကြတယ်။”

ပညာရေးစနစ်ကို ပြောင်းလဲ ပြင်ဆင်ဖို့ရာအတွက် အကြီးအကျယ်ကို လုပ်ဆောင်မှ ဖြစ်နိုင်မယ်ဆိုတာ လူတိုင်းဟာ သိမြင်လာကြပြီ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြားနယ်ပယ်တွေမှာလည်း တိုးတက်လာစေဖို့အတွက် ဆိုရင်ပါ။

မြန်မာနိုင်ငံဟာ အရေအတွက် ကြီးမားလှတဲ့ လုပ်သားထုအင်အားနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုနှုန်းထား အမြန်ဆုံး ဖြစ်နေတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် လျော့နည်း နိမ့်ကျနေရခြင်းကတော့ အဂတိတရား လိုက်စားမှုပြီးရင် တိုင်းပြည်တိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ ဒုတိယမြောက် တရားခံပါပဲလို့ ယူကေကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုရုံးချုပ် UKTI ရဲ့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

များမကြာမီက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ OBG ရဲ့ အစီရင်ခံစာမှာ အကောင်းမြင်ထားတဲ့ အပိုင်းတော့ ပါရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးကဏ္ဍ အစီအစဉ် National Education Sector Plan NESP ကို စတင်လုပ်ဆောင်တော့မယ်ဆိုတဲ့ အချက်အပေါ်မှာပါ။ ပညာရေးစနစ်အတွက် စီမံကိန်းအသစ်တွေကို ထည့်သွင်းထား ရှိမှု၊ ခေတ်မှီသော သင်ယူခြင်း နည်းလမ်းများ၊ ပြဿနာ ဖြေရှင်း တတ်မှုနဲ့ ပိုင်းခြားဝေဖန် ဆန်းစစ် တွေးခေါ် တတ်မှုတွေကို ထည့်သွင်း ထားရှိလာခြင်းဖြစ်တယ်။

ဒီလုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသကတော့ သင်ရိုးညွှန်းတမ်း ၁၃ နှစ် စီမံကိန်းပါ။ အခြေခံပညာရေး စာသင်နှစ်ကို နောက်ထပ် ၂ နှစ် ထပ်ပေါင်းထည့်လိုက်ပြီး ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှာ ပထမတန်း အဆင့် ကနေ စတင် ပါတော့မယ်။

စနစ်ကြီးတခုလုံးရဲ့ ပင်မထောက်တိုင်ကို ပြုပြင်ပြောင်းလဲမှုနဲ့အတူ ဆရာ၊ ဆရာမများကိုလည်း ခေတ်မီသင်ကြားနည်းသစ်တွေအတွက် သင်တန်းတွေပေး၊ ကျောင်းသား များဟာလည်းပဲ လေ့လာမှုမှာ သုံးသပ်ဝေဖန် ပိုင်းခြား တတ်မှုတွေနဲ့ သင်ယူနိုင်တော့မယ်။ အခုထက်ထိ အသုံးတွင်ကျယ်နေဆဲ တပွဲထိုး အလွတ်ကျက်မှတ် အာဂုံဆောင် ရခြင်းစနစ်ကို အစားထိုး ပါလိမ့်မယ်။

တကယ်တမ်းတော့လည်း မြန်မာနိုင်ငံရဲ့ မူဝါဒချမှတ်သူများဟာ တခုခုလုပ်မှ ဖြစ်တော့မယ်ဆိုတာကို သဘောပေါက်လာကြပါပြီ။ လွန်ခဲ့တဲ့နှစ်တွေမှာ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာရေးဘတ်ဂျက်ဟာ အစိုးရအသုံးစရိတ်ရဲ့ ၇ ရာခိုင်နှုန်းထိ ရှိလာခဲ့ပြီ။ အရင်တုန်းက သုံးစွဲခဲ့တဲ့ ၆ ဒသမ ၇၈ ရာခိုင်နှုန်းကနေ တိုးတက်လာမှုပါ။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဂျီဒီပီရဲ့ သုည ဒသမ ၇ (၀.၇) ရာခိုင်နှုန်းကနေ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ၂ ဒသမ ၁ (၂.၁) ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ တာပါ။ ဒါပေမယ့် အာစီယံ ပျှမ်းမျှဖြစ်တဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်းရဲ့ အောက်မှာပဲ ရှိနေဆဲပါ။

မဟာဗျူဟာနည်းလမ်းတွေဟာ မမှန်မကန်ဘဲနဲ့တော့ ဘဏ္ဍာငွေကြေး တစ်ခုတည်းနဲ့တော့လည်း ပြုပြင် ပြောင်းလဲမှုဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီအချက်ကတော့ဖြင့်ရင် မြန်မာတွေဟာ ထိုင်းနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု အတွေ့အကြုံတွေကနေ လေ့လာ သင်ယူသင့်ပါတယ်။

၁၉၉၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံရဲ့ ပညာရေးဘတ်ဂျက်ငွေဟာ ၁၉ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၁၁ ခုနှစ်မှာတော့ ၂၂ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အချိုးကျ ၂၀ ရာခိုင်နှုန်း ရှိခဲ့တယ်။ အစိုးရရဲ့ နှစ်စဉ်ဘဏ္ဍာငွေကြေး သုံးစွဲမှု တိုးတက်လာခဲ့တဲ့ ကိန်းဂဏာန်းတွေ အရဆိုရင် ဒီပမာဏဟာ သိပ်ကို များပြားလွန်းလှပါတယ်။ ဒါပေမယ့် ရလဒ်များကတော့ အားရ ကျေနပ်လောက်ဖွယ်ရာ မရှိခဲ့ပါဘူး။

နိုင်ငံတကာ ကျောင်းသားများ အရည်အချင်းစစ် စာမေးပွဲစစ်ဆေးရေး အဖွဲ့ကြီး PISA ရဲ့ ၂၀၁၂ ခုနှစ် စာမေးပွဲတွေမှာ အာစီယံ ၅ နိုင်ငံဟာ ပါဝင်ဖြေဆိုခဲ့ကြတယ်။

အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တို့ပဲဖြစ်ပါတယ်။ ပဲရစ်မြို့ အခြေစိုက် အိုအီးစီဒီ OECD အဖွဲ့ကြီးရဲ့ PISA စစ်ဆေးမှုဟာ အသက် ၁၅ နှစ်အရွယ် ကျောင်းသူ ကျောင်းသားများကို သုံးနှစ်တစ်ကြိမ် အရည်အချင်း အကဲဖြတ် စစ်ဆေးခြင်းဖြစ်တယ်။ စာဖတ်ခြင်းစွမ်းရည်၊ သင်္ချာဘာသာနဲ့ သိပ္ပံပညာ စွမ်းရည်တို့ကို စစ်ဆေးပါတယ်။

နိုင်ငံ ၆၅ နိုင်ငံက ပါဝင် ယှဉ်ပြိုင်ခဲ့ရာမှာ စင်ကာပူက သင်္ချာမှာ ဒုတိယရရှိခဲ့ပြီး စာဖတ်ခြင်းနဲ့ သိပ္ပံပညာ စွမ်းရည်တွေမှာတော့ တတိယ နေရာ ရရှိခဲ့တယ်။

ဗီယက်နမ်နိုင်ငံက သိပ္ပံပညာမှာ နံပါတ် ၈၊ သင်္ချာမှာ ၁၇ နဲ့ စာဖတ်ခြင်းစွမ်းရည်မှာ ၁၉ ရရှိတယ်။

ထိုင်းနိုင်ငံက သင်္ချာမှာ နံပါတ်စဉ် ၅၀၊ စာဖတ်ခြင်းနဲ့ သိပ္ပံစွမ်းရည်တွေမှာ ၄၈ ရရှိတယ်။

မလေးရှားက သင်္ချာမှာ ၅၂၊ စာဖတ်ခြင်းမှာ ၅၉ နဲ့ သိပ္ပံဘာသာရပ်မှာ ၅၃ ရရှိတယ်။

အင်ဒိုနီးရှားက သင်္ချာနဲ့ သိပ္ပံမှာ ၆၄၊ စာဖတ်ခြင်းဘာသာမှာ ၆၂ အသီးသီး ရရှိခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံဟာ စာဖတ်ခြင်းနဲ့ သင်္ချာစွမ်းရည်တွေမှာ အမှတ်စဉ် ၅၀ ရရှိခဲ့ပြီး သိပ္ပံမှာ ၄၉ ဖြစ်ပါတယ်။ ဆန့်ကျင်ဖက်ကတော့ စင်္ကာပူရဲ့ အဲဒီနှစ်အဆင့်ဟာ စာဖတ်ခြင်းမှာ နံပါတ် ၅၊ သင်္ချာမှာ ဒုတိယနဲ့ သိပ္ပဘာသာမှာ နံပါတ် ၄ နေရာတို့ ရရှိခဲ့ခြင်းပါ။

ဒီရလဒ်တွေက အဓိပ္ပါယ် အများကြီး ရှိပါတယ်။ စင်ကာပူဟာ နိုင်ငံ ၁၄၀ မှာ စီးပွား ယှဉ်ပြိုင်ခြင်း ဖွံ့ဖြိုးတိုးတက်မှု ဒုတိယအအောင်မြင်ဆုံး တိုင်းပြည်အနေနဲ့ ရှိနေဆဲဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်ရဲ့ တကမ္ဘာလုံးယှဉ်ပြိုင်မှု အစီရင်ခံစာ အရပါ။ ထိုင်းနိုင်ငံကတော့ အဆင့် ၃၂ နေရာမှာ ရှိပါတယ်။

အားလုံးက လက်ညိုး ၀ိုင်းထိုးကြတာကတော့ မူဝါဒ ချမှတ်သူများရဲ့ ကျရှုံးမှုကိုပါပဲ။ တိုင်းပြည်က အမှန်တကယ် လိုအပ်တဲ့ လုပ်အား အမျိုးအစားနဲ့ လိုက်လျော ညီထွေဖြစ်မယ့် ပညာရေး မဟာဗျူဟာ နည်းလမ်းတွေကို မချမှတ်တတ်ခဲ့၊ မကျင့်သုံးနိုင်ခဲ့တဲ့ နောက်ဆက်တွဲ ကျဆုံးမှုပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုမှာ ပြဌာန်း ဖတ်စာအုပ်တွေကို မကြာခဏဆိုသလို ပြောင်းလဲခဲ့ကြတယ်။ မူအသစ်၊ နည်းလမ်းအသစ်တွေလည်း မိတ်ဆက်ခဲ့တယ်။

စာသင်ခန်းအတွင်းမှာ နိုင်ငံခြားသား ဆရာများကို ခန့်အပ်ခြင်းမျိုးတွေလည်း အပါအ၀င်ပါ။ ဒါပေမယ့် ဒီကျောင်းသားများဟာ တက္ကသိုလ်ပညာရေး အတန်းတွေ ပြီးဆုံးလာခဲ့တဲ့ နောက်မှာတော့ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သူဟာ အရေအတွက် အနည်းအကျဉ်းမျှသာ ရှိနေတယ်။

သင်္ချာနဲ့ သိပ္ပံပညာ အသိပညာလည်း ဘွဲ့ရတွေမှာ ပါမလာခဲ့ပါဘူး။ လုပ်ဖို့ကိုင်ဖို့ရာ လေ့ကျင့် သင်ကြားထားခြင်း မရှိတဲ့ အလုပ်အကိုင်တွေမှာ ဘွဲ့ရတွေဟာ ၀င်ရောက်လာကြတော့တယ်။

လွန်လေပြီးသော နှစ်ပေါင်း များစွာတုန်းကတော့ ပညာရေး လက်လှမ်း မမီဖြစ်ခြင်းနဲ့ တန်းတူမှု မရှိခြင်းကို ကျွန်တော်တို့ အပြစ်ပုံချ ခဲ့ဖူးတယ်။

ထိုင်းမြို့ပေါ်က ကျောင်းတွေမှာပဲ ဓါတ်ခွဲခန်းနဲ့ ကိရိယာတွေ ကောင်းကောင်းမွန်မွန် ပြည့်စုံခဲ့တာပါ။ ဆင်းရဲနွမ်းပါတဲ့ ကလေးများအတွက် တက္ကသိုလ်ကျောင်းတွေက တံခါး မဖွင့်ထားခဲ့ဘူး။

ကျောင်းသား ချေးငွေလည်း မရရှိခဲ့ကြပါဘူး။ ကျောင်းသားချေးငွေ စီမံကိန်းကို စတင်ခဲ့ပြန်တော့လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပုံစံသစ်ရယ်၊ တက္ကသိုလ်များ ကိုယ်ပိုင် လွတ်လပ်စီမံခွင့် မူဝါဒတွေ ချမှတ်ကြပြန်တယ်။ ရလဒ်ကတော့ ငွေကြေး တတ်နိုင်တဲ့ ချမ်းသာကြွယ်ဝသော ကျောင်းသားတွေသာလျှင် တိုင်းပြည် အနှံ့အပြားမှာ ရှိတဲ့ တက္ကသိုလ်တွေက စီစဉ်တဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို ဖြေဆိုဖို့ ခရီး သွားလာနိုင်ကြ တာပါပဲ။

ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားများဟာ အမျိုးသား ၀င်ရောက်ဖြေဆိုခွင့် အစီအစဉ် National Admission scheme လောက်ကိုပဲ အားကိုးရတော့တယ်။

သေချာတာကတော့ မြန်မာနိုင်ငံမှာ ဒီအခြေအနေတွေ ထက်ကို ပိုလို့ ဆိုးရွားလွန်းနေတာပါ။ ခန့်မှန်းခြေအရ မြန်မာကလေးငယ် တစ်သန်းကျော်ဟာ ကျောင်းရဲ့ အပြင်ဖက်မှာပဲ ရှိနေဆဲ။

မူလတန်းအဆင့် ပြီးစီးအောင် တက်ရောက်နိုင်ခွင့် ရရှိသူကလေးများဟာ ၇၀ ရာခိုင်နှုန်းအောက်မှာ ရှိနေတယ်။ အတန်းနဲ့ အသက်လည်း လွဲနေကြတုန်းပါပဲ။ မူလတန်း စတင်တက်ရောက်ခဲ့တဲ့ ကလေးငယ် ၁၀၀ မှာ အလယ်တန်း ၈ တန်းအဆင့် အောင်မြင်သူဟာ ၂၀ ဦးပဲရှိ ကျန်ရှိတော့တယ်။

နောက်ဆုံးပိတ် ဒေတာတွေအရလည်း အစိုးရက ပညာရေးဘတ်ဂျက်ကို တိုးမြှင့် သုံးစွဲလာခဲ့ပေမယ့်လို့ ရလဒ်များကတော့ ကျေနပ် အားရဖွယ်ရာ မရှိသေးဘူးလို့ ယူဆရပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး ဒေတာတွေအရ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ဟာ ရှစ်နှစ်အတွင်းမှာ အနိမ့်ကျဆုံးပါပဲ။

ဝင်ရောက်ဖြေဆိုသူ ကျောင်းသားဦးရေ ၆၃၆ ၂၃၇ ယောက်ထဲက ၁၉၀ ၄၀၀ ဦးရေသာလျှင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တယ်။ ၂၉ ဒသမ ၉ (၂၉.၉) ရာခိုင်နှူန်းမျှသာ ရှိပါတယ်။ အောင်မြင်သူတွေ ကသာလျှင် ဘ၀မှာ တက္ကသိုလ်ပညာရေးကို တက်ရောက်ခွင့် ရရှိနိုင်ကြပါလိမ့်မယ်။

၂၀၀၉ ခုနှစ်တုန်းက အောင်ချက်က ၃၀.၄၊ ၂၀၁၀ မှာ ၃၄.၉၊ ၂၀၁၁ ခုနှစ်မှာ ၃၅.၁၊ ၂၀၁၂ ခုနှစ်မှာ ၃၄.၄၊ ၂၀၁၃ ခုနှစ်မှာ ၃၄.၉၊ ၂၀၁၄ ခုနှစ်မှာ ၃၁.၇၊ နဲ့ ၂၀၁၅ ခုနှစ်မှာ ၃၇.၆ ရာခိုင်နှူန်း အသီးသီး ရှိခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးခေတ် မတိုင်မီတုန်းကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဗဟိုအချက်အချာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးပါတယ်။ ပညာရေး ဗဟို နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေသိ ဆယ်စုနှစ်ပေါင်း များစွာတိုင် တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို လျစ်လျူရှူခဲ့တဲ့ ဆိုးကျိုးရလဒ်ဟာ အင်မတန်မှပဲ ရက်စက်ခါးသည်း လွန်းလှပါတယ်။ အလျင်အမြန် ကုစား ကယ်တင်နိုင်ခြင်း မရှိဘူးဆိုရင်တော့ အခြေအနေတွေဟာ ပိုပြီးတော့ကို ဆိုးရွားလာဖွယ်ရာ ရှိနေတယ်။

လူသား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်မှာ မဟုတ်ပါဘူး။ အိမ်နီးနားချင်း နိုင်ငံများကိုလည်း အမှီလိုက်နိုင်ဖို့ရာ မလွယ်လှပါဘူး။

သိန်းနိုင် (မောက္ခပညာရေး)

Ref: The Nation 12 July 2016, Myanmar can learn from Thailand’s education-related mistakes

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160988

Read More »

Wednesday, June 15, 2016

ပညာရေးစနစ်နဲ့ လူငယ်တွေကြား အလွဲအမှား




အလွတ်ကျက်ဖြေ ပညာရေး စနစ်ကို စဉ်းစား ဝေဖန် သုံးသပ် ဆင်ခြင်နိုင်စွမ်း မြှင့်တင် aပးတဲ့ စနစ် တရပ် ဖြစ်လာရေး ပြုပြင် ပြောင်းလဲဖို့ လိုအပ်ချက် တွေကို ဆွေးနွေး ထားတဲ့ အင်္ဂါနေ့ ညချမ်း တိုက်ရိုက် လေလှိုင်း အစီ အစဉ်ကို နားဆင်နိုင် ပါတယ်။

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက်က ဒေါ်သူသူမာ၊ ဆရာများ သမဂ္ဂက ဆရာ ဦးသုတ တို့ ဦးဆောင်ပြီး ဗွီအိုအေ - အမေရိကန် အသံ သောတရှင်တွေ ပါဝင်ဆွေးနွေး ထားပါတယ်။

မသိင်္ဂီထိုက် စီစဉ်ပြီး ထုတ်လုပ်သူက မဆုမွန် ဖြစ်ပါတယ်။



VOA-Myanmar by - (မသိင်္ဂီထိုက်)

Originally published at - http://burmese.voanews.com/a/myanmar-education-system-and-youth-/3375495.html

Read More »

Thursday, May 12, 2016

မျိုးဆက်တစ်ဆက်၊ သရက်တစ်ပင်နဲ့ မိုးကျ ရွှေကိုယ် တစ်ယောက်




(တစ်)

အရပ်သား အစိုးရက တိုင်းသစ် ပြည်သစ် ပြန်လည် တည်ဆောက်ဖို့ရာ ခင်းကျင်း ပြင်ဆင်နေ ရသည့် ဖုတ်ပူ မီးတိုက် ကာလကြီးထဲ၌ ပညာရေး ဝန်ကြီးကိုယ်တိုင် တက်ရောက်သည့် အစည်းအဝေး ခန်းမငယ် ကလေး အတွင်းသို့ ကျွန်တော် ရောက်ရှိ၍ သွားခဲ့ ရပါသည်။ အခြေခံ ပညာ အဆင့် သင်ရိုးညွှန်းတမ်း အစည်းအဝေး။

သည်သို့သော အစည်းအဝေး မျိုးတွေက မကြာခဏ ဆိုသလို ကျွန်တော်တို့ တက်ကြ ရသည့် အစည်း အဝေး များပင် ဖြစ်ပါသည်။ သို့သော် ယခုက ယခင်နှင့် နည်းနည်း ကလေး ကွာခြား သွားပုံ ရပါသည်။ ဟန်ဆောင် ပန်ဆောင် မပါဘဲ ပွင့်ပွင့် လင်းလင်း ပြောကြ၊ ဆိုကြ၊ ညှိနှိုင်း ကြရသည့် အဆင် အကွက်။ မြန်မြန် စဉ်းစား၊ မြန်မြန် ဆုံးဖြတ်၊ မြန်မြန် အလုပ် လုပ်ကြစို့ ဆိုသည့် အခင်းအကျင်း။

ဤတွင် တာဝန်ရှိသူ တစ်ယောက်က ဟိုယခင် သင် ရိုးညွှန်တမ်းများ ပြုစု ကြစဉ်က အခက်အခဲ ကြုံခဲ့ရ ပုံများကို တင်ပြရာ ကျွန်တော်တို့ အားလုံး ပြုံးနေမိ ကြပါသည်။

မူလတန်း မြန်မာဖတ်စာသင်ရိုးကလေးတစ်ခုကို မှတ်မိနေကြသေးသလား မပြောတတ်ပါ။ အကျဉ်းမျှ ကျွန်တော်ပြန်ပြောပါရစေ။

တစ်နေ့တွင် အဘိုးအိုတစ်ဦးက သရက်ပင်ကလေးတစ်ပင်စိုက်နေပါသည်။ သရက်ပင်မှာ ယခုမှ သရက်စေ့ကနေ အညှောက်ကလေးထွက်လာကာ အရွက်နုနုကလေးနှစ်ရွက်တို့ ထွက်ပြူလာခါစ နုနုထွတ်ထွတ်အပင်ပေါက်ကလေးဖြစ်ပါသည်။ အဘိုးအိုက မြေကြီးကို ပေါက်တူး၊ တူးရွင်း စသည်တို့ဖြင့် သေသေချာချာတူးကာ သရက်ပင်ပေါက်ကလေးကိုစိုက်ပြီး ရေပုံးကလေးတစ်ပုံးဖြင့် ယုယုယယလောင်းပက်ကာ စိုက်ပျိုးနေခဲ့ခြင်းဖြစ်ပါသည်။

သို့ဖြင့် တစ်ရက်တွင် အဘိုးအိုအပါးသို့ မင်းသားကလေးတစ်ပါး တောလည်ကစားရင်း ရောက်လာပါသည်။ မင်းသားက မြင်းပေါ်မှဆင်းကာ အဘိုးအိုနှင့် စကားဆိုပါသည်။

မင်းသားက အဘိုးအို၏ အသက်ကိုမေးပါသည်။ ထို့နောက် ယခုစိုက်နေသည့် သရက်ပင်သီးမည့်အချိန်ကို မေးပါသည်။ တွက်ကြည့် လိုက်သောအခါ လူ့သက်တမ်း အရ ဤသရက်ပင် သီးမည့် အချိန်၌ စိုက်ပျိုးသူ ထိုအဘိုးအို လူ့လောက၌ မရှိနိုင်တော့ပါ။ မင်းသားက မိမိ မရှိနိုင်တော့သည့် အချိန်သို့ရောက်မှ သီးမည့်သရက်ပင်ကို ဘာကြောင့်များ စိုက်နေ ရပါသနည်းဟု မေးပါသည်။ အဘိုးအိုက နောက်လူများ စားဖို့တဲ့။

ထိုစကားပြေဖတ်စာကို ကျွန်တော်ငယ်ငယ်ကပင် ကြိုက်ခဲ့ပါ၏။ ကြီးသော် ပို၍ကြိုက်ပါ၏။ ကျွန်တော်တို့သည် ယခင့်ယခင် မျိုးဆက်အဟောင်းတို့က ခုတ်ထွင် ရှင်းလင်း ထွန်ယက် စိုက်ပျိုး ထားခဲ့သည့် စားကျက်ခင်းကြီးများ၏ ကျေးဇူးဖြင့် လူလားမြောက် ခဲ့ကြရပါ၏။

ထို့အတူ နောင်မျိုးဆက်အသစ်အသစ်များအတွက်လည်း ကျွန်တော်တို့က ဆက်လက်ခုတ်ထွင်ရှင်းလင်းထွန်ယက်စိုက်ပျိုးထားခဲ့ကြရပါ၏။ နှောင်းလူတို့သောက်ရန် ရေတွင်းရေကန်များကို ယခုတူးကြရပါ၏။ နှောင်းလူတို့ ဆွတ်ခူးရန် သစ်သီးဝလံများကို ယခုစိုက်ပျိုးကြရပါ၏။ အနှစ်သာရ ရှိလွန်းလှသည့် စကားပြေကလေး။ ဘာသာစကားဖွံ့ဖြိုးရုံသက်သက်မျှသာမက လူ့ဘဝ၏ ရှိအပ်သော တာဝန်ဝတ္တရားကိုပါ သတိပေးလိုက်သည့် စကားပြေကလေး။

ယင်းကို တစ်ခါက မိုးကျရွှေ ကိုယ်ပညာရေးအရာရှိကြီးတစ်ဦးက သင်ရိုးထဲမှ ဖြုတ်ပစ်လိုက်ရန် အမိန့်တော်မြတ်ချမှတ်ဖူးသည်ဟုဆိုလျှင် ယုံကြပါ့မလားမသိ။ သူ၏ ကောက်ချက် ချသံကိုများကြားလျှင် ပို၍မှ ယုံကြပါ့မလားမသိ။

‘‘စိုက်ပျိုးရေးအကြောင်းတွေ ဖြုတ်ပစ်လိုက်ပါ။ ကလေးတွေနဲ့ မဆိုင်ပါဘူး’’တဲ့။

မည်သို့ ရှေ့ဆက်သွားကြရပါ့။

(နှစ်)

ကိုယ်တကယ် ဘာမျှ ခြေခြေ မြစ်မြစ်မသိဘဲ ဩဇာအာဏာတစ်ခုခုဖြင့် အထက်တစ်နေရာရာက ရောက်လာသူ မိုးကျရွှေကိုယ်များကြောင့် နယ်ပယ်အသီးသီး၌ အပျက်ကြီး ပျက်ခဲ့ ရခြင်း ဖြစ်ပါသည်။ လက်ရှိမျိုးဆက်က နောင်လာလတ္တံ့သော မျိုးဆက်များအတွက် အမြော်အမြင်ကြီးစွာဖြင့် တည်ဆောက်ပျိုးထောင်ပေးခဲ့ရခြင်းသည် လူ့တာဝန်၊ လူ့ဝတ္တရား ဟူသည့် အတွေးအခေါ်ကို မရရှိနိုင်ဘဲ သရက်ပင်ပါတယ်၊ ရေပုံးပါတယ်၊ ပေါက်တူးပါတယ် ဒါကြောင့်အဲဒါစိုက်ပျိုးရေးဟု ကောက်ချက်တလွဲချသူက ပညာရေးလောကတွင် ဆုံးဖြတ် ချက်ချနိုင်သည့်နေရာ၌ အလုပ်လုပ်နေမှတော့ ဤလောကကြီး ယိုယွင်းသွားခဲ့ရသည်မှာ သိပ်တော့မဆန်းကြယ်လှပါ။

တက္ကသိုလ်အဆင့် စာကြည့်တိုက်တစ်ခု၌ ဆရာနတ်နွယ်၏

‘‘မြန်မာပြည်မြောက်ပိုင်း’’ဝတ္ထုကြီးကို သွားငှားစဉ် စာကြည့်တိုက်ဝန်ထမ်းက ပထဝီနဲ့ဆိုင်တဲ့ စာအုပ်တွေမရှိဘူးဟုဆိုသဖြင့် အူကြောင်ကြောင်ဖြစ်သွားသူ မိတ်ဆွေတစ်ယောက်၏ မျက်နှာကြီးကို ကျွန်တော် ယခုတိုင် မမေ့နိုင်သေးပါ။

လူတို့ မိမိနှင့်မဆိုင်သောနေရာ၊ မိမိမကျွမ်းကျင် မယဉ်ပါးသောနေရာ၊ မိမိလက်လှမ်းမမီသောနေရာ၊ မိမိကောင်းစွာ ကျင့်ကြံအားထုတ် အပတ်တကုတ် မလုပ်ထားသောနေရာတွင် ဘာကြောင့်များ မျက်နှာပြောင်တိုက်ကာ ဝင်ထိုင်နေချင်ကြရတာပါလိမ့်။

ထိုင်ခွင့်ပေးသူ၊ ထိုင်သူအားလုံးသောသူများသည် နိုင်ငံကို ဖျက်သူများပင် ဖြစ်ပါသည်။

(သုံး)

ဖန်တစ်ရာတေနေသည့် ဥပမာ လူသားကြီးတစ်ယောက်ကိုပဲ အထပ်ထပ်အခါခါ ဥပမာထပ်ပေးပါရစေတော့။

အိုင်းစတိုင်း။ အယ်လ်ဘတ် အိုင်းစတိုင်း (Albert Einstein)။ ၂၀ ရာစု၏ Man of the Century အိုင်းစတိုင်း။ အစ္စရေးနိုင်ငံ၏ ဖခင်ကြီး ဒေးဗစ်ဘင်ဂူရီယမ် (David Ben Gurion)က အစ္စရေးသမ္မတလုပ်ရန် အိုင်းစတိုင်းကို ကမ်းလှမ်းဖူးပါသည်။ ရူပဗေဒတွင် နိုဗယ်ဆု ရခဲ့သူ ဉာဏ်ကြီးရှင် အိုင်းစတိုင်းက သမ္မတတာဝန်ကိုမူ ငြင်းပါသည်။

ဩော်.. ဒါလား ကိုယ်ရပါတယ်ကွာဟုဆိုကာ ဝင်လုပ်ခဲ့သော် အဘိုးအိုသစ်ပင်စိုက်သည့် သင်ခန်းစာကို စိုက်ပျိုးရေးတွေ မထည့်နဲ့ဟု ညွှန်ကြားခဲ့သည့် ကျွန်တော်တို့ဆီက လူကြီးလိုဖြစ်သွားတော့မှာပေါ့။

ပဉ္စလက်သရုပ်မှန် (Magical Realism)ဝတ္ထုများဖြင့် ကမ္ဘာကျော်သူမားကွက်ဇ် (Gabriel Garcia Marquez) ကြီးသည်လည်း ထိုနည်းနှင်နှင်ပဲ ဖြစ်ပါသည်။ ကိုလံဘီယာနိုင်ငံက သမ္မတအဖြစ် ကမ်းလှမ်းသည်ကို ငြင်းခဲ့ပါသည်။ ကဲ ပါ.. မအားတဲ့ကြားက ကိုယ်လုပ်ပေးပါ့မယ်ဟု မလုပ်ခဲ့ပါ။ သူက စာပဲရေးတတ်သူ။ သမ္မတလုပ်နည်း သူမသိ။ ဝင်လုပ်ခဲ့သော် စိုက်ပျိုးရေးတွေ ဖြုတ်ပစ်ဖြစ်ကုန်တော့မှာပေါ့။

(လေး)

ကျွန်တော်တို့ဆီက မိုးကျရွှေကိုယ်များကမူ ဘာဖြစ်ဖြစ်ရသည်ဟု ဆိုပါ၏။

သို့ဖြင့်..

သရက်ပင်စိုက်သော အဘိုးအို သင်ရိုးကလေးကို စိုက်ပျိုးရေးတွေ မထည့်နဲ့ဟူ၍ အမိန့်တော်မြတ်ချမှတ်မှုမျိုး ပေါ်ထွက်ခဲ့ဖူးပါလေကြောင်း...။

By - မောင်သာချို

Originally published at - http://www.7daydaily.com/story/64607

Read More »

Wednesday, April 20, 2016

ကျောင်းသင်ရိုးထဲက အပြာရောင်ပြတိုက်




(မျိုးဆက်များ အတွက် ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျင့်ဝတ်၊ ဒသနနဲ့ ဒီမိုကရေစီရေး အတွက် မဆုတ်မနစ် ပေးဆပ် ခဲ့ခြင်း များဟာ ဆက်လက် ရှင်သန်နေစေဖို့…..
ကျောင်းသင်ရိုး ညွှန်းတမ်းများ အတွက် မဖြစ်မနေ ထည့်သွင်း ရမယ့် စံပြု အတ္ထုပ္ပတ္တိ တစ်ပုဒ်၊)

ဘ၀တစ်လျှောက်လုံးကို မိမိယုံကြည်ရာ အလုပ်နဲ့ နိုင်ငံ့အတွက် ပေးဆပ်စွန့်လွှတ်ရင်း တရစပ် လုပ်ဆောင်နိုင်စွမ်း ရှိခဲ့သူတွေထဲမှာ မျက်မှောက်ခေတ်သမိုင်းထဲက အထင်ကရ တစ်ယောက်ဖြစ်ပါတယ်။

မျိုးဆက်များစွာတို့က အလေးအနက်ထားလို့ သူ့ရဲ့ အတ္ထုပ္ပတိကို ဆက်လက် ရှင်သန်၊ သူ့ရဲ့ ဒဿအတွေးအမြင်များနဲ့ အကျင့်အကြံများကို ကူးစက်စေပြီး သူမျှော်မှန်းခဲ့တဲ့ လူ့အဖွဲ့အစည်းအတွက် အလုပ်လုပ်နိုင်ဖို့ကတော့ ရှင်သန်နေကြဆဲသူများရဲ့ တာဝန်ဝတ္တရားလို့ ယုံကြည်မိပါတယ်။

ပြည်သူ့မျက်နှာနဲ့ လူထု အကျိုးစီးပွား တစ်ခုတည်းကို ဦးထိပ်ပန်ဆင်ပြီး သူရသတ္တိ အပြည့်အ၀၊ စာနာတရား၊ သည်းခံခြင်း ခန္တီတရားများနဲ့ တော်လှန်ခဲ့သူ အရေးတော်ပုံ တပ်သားကြီးကတော့ ၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်ဆိုရင် ကွယ်လွန်ခဲ့တာ နှစ်နှစ်ရှိခဲ့ပါပြီ။

စာသင်ခန်းများရဲ့ အရေးကြီးလှတဲ့ တာဝန်တစ်ရပ်ကတော့ လက်ဆင့်ကမ်း ရှင်သန်စေသင့်တဲ့ စံတန်ဖိုးများကို ဆွေးနွေးသင်ကြားပေးဖို့ရာဖြစ်ပါတယ်။ စံပြုဖွယ်ရာ လူပုဂ္ဂိုလ်ကျော်များရဲ့ အတ္ထုပ္ပတ္တိစာပေများဟာ ပညာရေးအတွက် တန်ဖိုးမြင့်မားလှတယ်။

အငြင်းပွားဖွယ်ရာ များများစားစား မရှိတဲ့ စံပြုထိုက်သူ အကျော်အမော် တစ်ဦးတစ်ယောက်ကို ရရှိဖို့ရာကလည်း ရာစုနှစ်များအတွင်းမှာ ရှားရှားပါးပါးလို့ ဆိုနိုင်ပါတယ်။

အဝေးခေတ်၊ အနီးခေတ်၊ မျက်မှောက်ခေတ် နိုင်ငံရေး၊ လူမှူရေး၊ စီးပွားရေး၊ နည်းပညာ၊ စာပေအနုပညာနဲ့ ရပ်ကျိုးရွာကျိုးကို စွန့်လွှတ်စွန့်စား ထမ်းရွက်ခဲ့သူများရဲ့ ဘ၀နဲ့ ခေတ်သမိုင်းတွေထဲမှာ မျိုးဆက်တို့အတွက် လေ့လာစရာ တပုံတပင် ပါရှိနေတဲ့အတွက် ပညာရေးက လက်ဆင့်ကမ်းသင်ကြားပေးဖို့ တာဝန်ကို မပျက်ကွက် သင့်ပါဘူး။

သူတို့တွေရဲ့ ရိုးသားဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်း၊ သူရသတ္တိနှင့် နှလုံးရည်ပြည့်ဝခြင်း၊ ကိုယ်ကျိုးကို မငဲ့ခြင်း၊ ကျင့်ဝတ်နီတိနဲ့ လောကပါလတရားများကို ဦးရွက်ခြင်း၊ နိုင်ငံသားတာဝန်ဝတ္တရားများကို ခေတ်ရဲ့ တောင်းဆိုချက်အရ ကျေပွန်ခဲ့ခြင်းတွေဟာ သင်ရိုးမာတိကာတွေပါ။

အသက် ၈၄ နှစ်အရွယ် လူပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ကွယ်လွန်ခဲ့တာဟာ ဓမ္မတာအရ မဆန်းပေမယ့် သူ့ရဲ့ စာပေဒဿန၊ လွတ်မြောက်ရေးလှုပ်ရှားမှုများနဲ့ စစ်ပဒေသရာဇ်များနဲ့ လုံးဝ ကင်းရှင်းစွာ ကြံ့ကြံ့ခံ ရပ်တည်ခဲ့မှုကတော့ မျိုးဆက်များအတွက် အင်မတန်မှကို ကြီးမြတ်လှတဲ့ အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်လို့ ပြောနိုင်ပါတယ်။

မျိုးဆက်များဟာ ခေတ်ဝန်ကိုထမ်းလို့ ခေတ်လမ်းကို လျှောက်လှမ်းရဲကြဖို့ကိုလည်း လမ်းညွှန်ခဲ့သူပါ။

နိုင်ငံရေးလောကဓံကို မတုန်လှုပ်ခဲ့သူ၊ စာနယ်ဇင်းကို ဘ၀ပေးလုပ်ခဲ့သူက သတင်းလောက၊ စာနယ်ဇင်း သတင်းသမားများအတွက် အမှတ်တရ အမှာစကားကို
ပြောကြား ခဲ့တဲ့အထဲမှာ မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသားများအတွက် အတုယူလိုက်နာဖွယ်ရာတွေ ရှိနေတယ်။

“…သတင်း လုပ်တဲ့နေရာမှာ တတ်နိုင်သမျှ အချိန်များများပေးပါ၊ မြှုပ်လုပ်ရမှာပဲခင်ဗျ၊ မြှုပ်မလုပ်ပဲနဲ့ နာမည်ကြီးရရုံ ပိုက်ဆံရရုံ၊ ထင်ပေါ်ကြော်ကြားရုံဆိုတာ… ဒါတွေက အရေးမကြီးဘူးလို့ ကျနော် ပြောချင်ပါတယ်။

ဒါတွေအတွက်လည်း သိပ်ပြီးတော့ အာရုံမစိုက်ပါနဲ့၊ ဘ၀ကို မြှုပ်ပြီးတော့ မလုပ်ရင်တော့ သတင်းစာသမားမဖြစ်ဘူးခင်ဗျ၊ အဲဒါတစ်ခု..။ နောက်တစ်ခုက ဘ၀ကိုမြှုပ်ပြီးလုပ်ရမယ်ဆိုတဲ့ဟာနဲ့အညီ တတ်နိုင်သမျှတော့ အမှန်ကိုလုပ်မယ်ဆိုတဲ့ဟာပေါ့။ အမှန်ဖက်ကပဲ ရပ်တည်မယ်။ အမှန်တရားကို ကိုင်စွဲ သင့်ပါတယ်။

နောက်တစ်ခုကတော့ လောကမှာ တရားတာနဲ့၊ မတရားတာရှိပါတယ်၊ တရားတဲ့ဖက်ကပဲ လိုက်နိုင်အောင် ကြိုးစားပါ။ မတရားတဲ့အလုပ်တွေကို၊ မတရားတဲ့ အမှုတွေကို ဖေါ်ထုတ်ဖို့၊ ဆန့်ကျင်ဖို့… အဲဒါကိုပဲ အမြဲတမ်း စိတ်အာရုံစိုက်ပါလို့ ကျွန်တော် ပြောချင်တယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ဘာပဲပြောနေနေ ရုန်းကန်မှုကိုတော့ မလျော့ပါနဲ့။””

မကွယ်လွန်မီတွင် လပိုင်းအလိုမှာ အနာဂတ် မျိုးဆက်များအတွက် တခုတ်တရ အထူးအမှာစကားလို့ ဆိုရပါမယ်။

အချက်အလက်မှန်ကန် တိကျမှုအပေါ်မှာ ဆရာကြီးဟာ တန်ဖိုးထားလို့ သတင်းဆောင်းပါးတွေကို ရေးသားခဲ့သူပါ။ လူမှုပတ်ဝန်းကျင်ကို ဝေဖန်ပိုင်းခြား ခွဲခြမ်းစိတ်ဖြာ ရှုမြင်သုံးသပ်ခဲ့တယ်။

အကျပ်အတည်း ကာလ၊ စာပေနဲ့ နိုင်ငံရေးအမှောင်ခေတ် ဟံသာဝတီဦးဝင်တင်ရယ်လို့ နာမည်တစ်လုံးကို ရှင်သန်စေခဲ့၊ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ မိမိဝါသနာပါရာ အတတ်ပညာနဲ့ အလုပ်အကိုင်အပေါ်မှာ ဘ၀နဲ့ ထပ်တူ ထားဖို့၊ မြှုပ်နှံလုပ်ဆောင်ဖို့ကို လမ်းညွှန်ထားတယ်။

တလွဲအတုယူ၊ တလွဲတွေးခေါ်နေကြတဲ့ ဒီခေတ်ကြီးထဲမှာ နာမည်ကြီးရုံမျှသာ မလုပ်ဖို့ကိုလည်း အဖိုးက ဆုံးမပါတယ်။ ပိုမို လိုအပ်နေဆဲ အမှန်တရားဖက်က ရပ်ခံပေးကြဖို့ဆိုတာကတော့ ကျောင်းသားလူငယ်တိုင်းရဲ့ ရင်ဘတ်များထဲမှာ အမြဲတစေ ရှင်သန်နေသင့်တဲ့ တရားပဲဖြစ်တယ်။

ဒီအတွေးအမြင်နဲ့ အကျင့်အကြံတွေ ရှင်သန်နေအောင်လို့ ကျွန်တော်တို့ မီဒီယာသမားတွေ၊ ပညာရေးသမားတွေ၊ ကျောင်းဆရာဆရာမတွေက အဓိက တာဝန်ယူ သင့်တယ်။ ခေတ်လူငယ်မျိုးဆက်သစ်တွေဟာ ဒီအတွေးအမြင်တွေကို လေ့လာခွင့်ရဖို့ လိုအပ်နေပါတယ်။ ကျောင်းစာသင်ခန်းများက အဓိက တာဝန်ယူသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ သင်ရိုးညွှန်းတမ်းမှာ၊ အထူးသဖြင့် လူမှုရေးဘာသာနဲ့ ပြည်သူ့နီတိတို့လို ဘာသာရပ်တွေမှာ မသင်မနေရ ထည့်သွင်းသင့်တယ်။

အမှောင်ခေတ်ထဲမှာ ပေးဆပ်စွန့်လွှတ်ခဲ့သူများနဲ့လည်း ပတ်သက်ပြီး ဆရာ့ရဲ့ အမြင်ကို အခုလို ခံစား ဖော်ထုတ်ပြခဲ့ပါတယ်။

“မကြားဖူးတဲ့ နာမည်တွေ အများကြီး ရှိသေးတယ်။ အညတရတွေ…၊ ကျောင်းသားလူငယ်တွေ၊ ဘ၀တွေ ပျက်ကြတယ်။ နိုင်ငံခြားထွက်ပြေးတဲ့သူကလည်း ရှင်းရှင်းပြောရရင် သူ့ဘ၀ ပျက်တာပဲဗျ။ သူ ဟိုမှာတော့ ထမင်းကောင်း ဟင်းကောင်း စားနေရမယ်ပေါ့ဗျာ။ စာသင်ရရင် သင်ရမယ်။

ဒါပေမယ့် သူ့မိသားစုနဲ့ သူဘ၀က ဇာတိမြေနဲ့ ခွါရတာပဲ။ ဘ၀ပျက်တာပဲ။ အလားတူပဲ ဒီမှာရှိတဲ့ ကုန်သည်၊ လယ်သမား၊ ကျောင်းသားတွေလည်း ဘ၀ပျက်ကြ ရတာပါပဲ။ ဒီစစ်အစိုးရကြောင့် အကုန်လုံး ဘ၀ပျက်နေတဲ့ အချိန်မှာ ကိုယ်က ဟီးရိုးဆိုတဲ့ဟာ မရှိပါဘူး။ ကျွန်တော့်ကို ကျွန်တော် အမြဲတမ်း သုံးတဲ့စကားရှိတယ်။

အရေးတော်ပုံတပ်သားလို့။ အရေးတော်ပုံထဲ ၀င်တာ၊ ခေါင်းဆောင်လုပ်ဖို့ ၀င်တာမဟုတ်ဘူး။”

မိမိအပေါ်မှာ အာဏာပိုင်များက သွားများ ကျိုးကြေပြုတ်ထွတ်သည်အထိ ပြုမှုရိုင်းပြခဲ့မှုများ၊ ရုန့်ရင်း ကြမ်းတမ်းမှုများနဲ့ ရက်စက်မှုများကို စာများစွာ မဖွဲ့ခဲ့ပါဘူး။

ဒါပေမယ့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအကျဉ်းသားများနဲ့ ဖမ်းဆီးခံ ကျောင်းသားလူငယ်များအတွက် ပိုမိုလို့ စိုးရိမ်စိတ်ကြီးခဲ့တာကို “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်မှာ ထင်ရှားစေခဲ့တယ်။ ဖိနှိပ်ရက်စက်မှုများကို အဆုံးသတ်စေဖို့အတွက် စိတ်ဆန္ဒပြင်းပြခဲ့ပါတယ်။

အရေးတော်ပုံမှာ ကိုယ်စီ ပါဝင်ကြဖို့နဲ့ ဟီးရိုးမလုပ်ဖို့ရာကိုလည်း သတိပေး လမ်းညွှန်ခဲ့တာကို နိုင်ငံအကျင့်အနေနဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်များက ပုံဖော်ရပါလိမ့်မယ်။

ရက်စက်လွန်းတဲ့ စစ်ပဒေသရာဇ်များနဲ့ အကျိုးတူ စီးပွားဖြစ် မပူးပေါင်းသမျှ ကျွန်တော်တို့ရဲ့ မျိုးဆက်များဟာ ဦးဝင်းတင်ရဲ့ လွတ်မြောက်ခြင်း ဒဿနဲ့ ရှင်သန်နေထိုင် သူတွေပါပဲ။ အဲဒီအတွက်လည်း ကျွန်တော်တို့ရဲ့ ကျောင်းသားလူငယ်များဟာ အမြဲတမ်း အနိုင်ရရှိနေမယ်။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ထက် ပိုမိုတဲ့ စွမ်းဆောင်ရည်နဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ရင်ဘတ်များထဲမှာ ပျိုးထောင်နေကြတာပါ။

နောင်မျိုးဆက်များစွာအတွက် ချန်ထားရစ်နိုင်တဲ့ အပြာရောင်သူရဲကောင်း မြန်မာအဖိုးအိုကို အကောင်းဆုံး ဂုဏ်ပြုခြင်းလည်းဖြစ်ပါလိမ့်မယ်။

အဘဦးဝင်တင်ပြတိုက်ဟာ မြန်စာသင်ကျောင်းတိုင်းမှာ၊ လူငယ်တိုင်းရဲ့ ရင်ဘတ်ထဲမှာ တည်ဆောက်ရာလည်း ရောက်ပါလိမ့်မယ်။

ဆယ်စုနှစ် ၅ ခုကျော် ဆိတ်သုဉ်းပျောက်ကွယ် နေခဲ့တဲ့ ပညာရေးသင်ရိုးညွှန်းတမ်းနဲ့ စာသင်ခန်းများထဲက ပြည်သူ့နီတိကို ဘ၀တစ်ခုလုံးစာနဲ့ နေထိုင် ပုံဖော်ပြသခဲ့ပါပြီ။

ပြည်သူ့နီတိ သင်ခန်းစာများဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူသားတာဝန် ၀တ္တရားများ၊ အမှန်တရားနဲ့ လူသားဆန်ခြင်းတို့အတွက် မရှိမဖြစ် လေ့ကျင့်ပေး ရမယ့် ကျောင်းသင်ရိုးဝင် ဘာသာရပ်နယ်ပယ်ကြီးပါ။

စစ်ပဒေသရာဇ် အဆက်ဆက်ရဲ့ ကျောင်းသင်ရိုးထဲက ဆွဲထုတ်၊ ဖယ်ရှားခဲ့တဲ့ ဒီအဖိုးတန် အတွေးအမြင်နဲ့ အကျင့်အကြံတွေကို လူငယ်ထုရဲ့ နှလုံးသားထဲမှာ နိုးကြား တက်ကြွနေစေဖို့ အဖိုးရဲ့ ဘ၀ တစ်ခုလုံးစာ ရင်းနှီး ပေးဆပ်စွန့်လွှတ်ခဲ့ခြင်းဟာ ထိုက်တန်ပါကြောင်း မျိုးဆက်များစွာတို့က ပြသရပါလိမ့်မယ်။

ဦးဝင်းတင်များစွာ ပေါ်ထွန်းလာဖို့ တိုင်းပြည်နဲ့ ခေတ်တိုင်းမှာ တောင်းဆိုလျက်ရှိတယ်။ အပြာရောင် သူရဲကောင်းပြတိုက်ဟာ မျိုးဆက်များရဲ့ ရင်ဘတ်ထဲမှာ ရောက် ရှိစေဖို့ မူလယ်ထက်အတန်းများနဲ့ တက္ကသိုလ် သင်ရိုးညွှန်းတမ်းများမှာ ဂုဏ်ပြုထည့်သွင်း သင်ကြားကြပါစို့လို့ တိုက်တွန်းပါရစေ။

ဒီဗွီဘီ by - သိန်းနိုင် (မောက္ခပညာရေး)

Originally published at - http://burmese.dvb.no/archives/145848

Read More »

Tuesday, March 29, 2016

ကျောင်းသုံး စာအုပ်ထဲက အလွဲ အမှားများ




၂၀၁၆ - ၁၇ ပညာ သင်နှစ်တွင် ဆယ်တန်း တက်မည့် တူမ တယောက်က ယခု နွေရာသီ ကျောင်းပိတ်ရက် အတွင်း မြန်မာစာ အနည်း အကျဉ်း သင်ပေးပါဟု ဆိုကာ ၁၀ တန်း မြန်မာစာ သင်ရိုး ညွှန်းတမ်း စာအုပ်တွေကို ကြိုတင် လေ့လာ ထားနိုင်ရန် ကျွန်တော့်ထံ လာပို့ သွားသည်။

ပို့သွားသည့် စာအုပ်တွေက ၂၀၁၅ - ၁၆ ပညာသင်နှစ် အတွက် ရိုက်နှိပ် ထားသည့် စာအုပ်များ။ ကျွန်တော်က ၂၀၁၃ - ၁၄ အထိ ၁၀ တန်း မြန်မာစာ သင်ခဲ့ပြီး အနားယူ ခဲ့သည်မှာ စာသင်နှစ် ၂ နှစ် ရှိခဲ့ပြီ။

ယခု အသစ်ရိုက်နှိပ်ထားသည့် ပြဋ္ဌာန်း စာအုပ်များတွင် ယခင်က အမှား များ၊ အကျ အပေါက် များကို ပြန် လည်ပြင်ဆင် ထားသလားဟု သိချင်စိတ်ဖြင့် ကျွန်တော့်လက် ထဲ ရောက်နေသည့် ၂၀၁၅ - ၁၆ ပညာသင်နှစ် အတွက် ရိုက်နှိပ် ထားသည့် ပြဋ္ဌာန်း စာအုပ်များကို လှန်လှော ကြည့်မိရာမှ ယခု ဆောင်းပါးကို ရေးဖို့ ဖြစ်လာရပါ သည်။

၁၀ တန်းမြန်မာသဒ္ဒါ အတွဲ (၂) အခန်း (၆) လေ့ကျင့်ခန်း (ခ) နာမ်စားလေ့ကျင့်ခန်း နံပါတ်(၃) တွင် ကျွန်တော်သင်ခဲ့သည့် ၂၀၁၃-၁၄ စာသင်နှစ်အထိ ပြဋ္ဌာန်း စာအုပ်ထဲတွင် မေးခွန်း (၂)မျိုး ဖြစ်နေသည်။

အချို့စာအုပ်များ တွင် ‘အောက်တွင်ပေးထားသော - - - ဆီလျော်အောင်ဖြည့်ပါ။ ဖြည့်သောစကားလုံးသည် မည် သည့်နာမ်စား (သို့မဟုတ်) အညွှန်း နာမ ဝိသေသန ဖြစ်ကြောင်း ဖော်ပြပါ’ဟု ရိုက်နှိပ် ထားသည်။

အချို့စာအုပ်များတွင် မူ ‘အောက်တွင်ပေးထားသော - - - ဆီလျော်အောင်ဖြည့်ပါ။ ဖြည့်သောစကားလုံးသည် မည်သည့် နာမ်စား သို့မဟုတ် မည်သည့် နာမဝိသေသန ဖြစ်ကြောင်း
ဖော်ပြပါ’ဟု ရိုက်နှိပ် ထား၏။

သင်ခန်းစာ သဘောအရ ဆိုလျှင် ဒုတိယပုံစံက အမှန်ဖြစ်သည်။ သို့သော် ဆိုင်ရာတို့က အမှားပြင် ဆင်ချက်လည်း ထုတ်ပြန်မပေး၊ ပြဋ္ဌာန်းစာအုပ်ကိုလည်း တစ်မျိုးတစ်စားတည်း ရိုက်နှိပ်ခြင်းမရှိတော့ ဆရာ၊ ဆရာမများမှာ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းသင်ချင်သလို သင်နေကြရသည်။

ထို့အပြင် လေ့ကျင့်ခန်း (ဂ) နာမဝိသေသန မေးခွန်းနံပါတ် (၅)(ဂ) တွင်လည်း ‘အောက်ပါပေါင်းစပ်နာမ် အသီးသီးတွင်’ ဟုဖြစ်ရမည့်အစား ‘အောက်ပါ ပေါင်းစပ် နာမဝိသေသန အသီးသီးတွင်’ဟု မှားရိုက်ထားသည် မှာ ယခုတိုင်ပြင်ဆင် ခြင်းမရှိသေး ပေ။

ထို့အပြင် တက္ကသိုလ်ဝင် တန်း ကဗျာလက်ရွေးစင်၊ မြင် စိုင်းရွှေပြည်ကဗျာမိတ်ဆက်၌ ‘တရုတ်ပြေးမင်း နရသီဟပတေ့ လက်ထက် ပုဂံပြည်ကြီးပြိုကွဲကာ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယဟူ၍ ပြည်ငယ်များ ပေါ်ပေါက်ခဲ့သည်’ ဟု ဖော်ပြထားသည်။

သို့သော် မှန်နန်းရာဇဝင်နှင့် ဦးကုလားရာ ဇဝင်တို့တွင် ရှမ်းညီနောင်သုံးဦး တို့ တည်ထောင်ခဲ့သော ပြည် ငယ်များကို ‘မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်’ဟုတွေ့ရသည်။ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သမိုင်းအမှတ် မမှားစေရန် ပညာရှင်များ ညှိနှိုင်း ကာ အမှန်ကို ပြင်ဆင်ပေးသင့် သည်ဟု ထင်ပါသည်။

၁၀ တန်းမြန်မာစာ သင်ရိုး ပြဋ္ဌာန်းစာအုပ်များတွင် အမှား အများဆုံးမှာ စကားပြေလက်ရွေး စင်စာအုပ်ဖြစ်သည်။ သတ်ပုံ အမှားကို ဘာသာရပ်သင်ဆရာ က မိမိဘာသာမိမိ သတ်ပုံကျမ်း ကိုကြည့်၍ ပြင်ဆင်လျှင်ရသော် လည်း သတ်ပုံအမှား မဟုတ်သည့် အခြား ပုံနှိပ်အမှား များကိုကား ပြင်ဆင်ဖို့ မလွယ်ကူပေ။ ပြင် လည်းမပြင်ဝံ့ကြပေ။

သာဓက အားဖြင့် ဆဒ္ဒန်ဆင်မင်းဝတ္ထုတွင် ဆင်မင်း၏ အစွယ်ကို မုဆိုးကြီး ဖြတ်သော အခန်း၌ စာဆိုဦးပုည က ‘အသင်မုဆိုး၊ ငါကိုယ်တော် လည်း၊ ညှိုးယော်နာကြည်း၊ ခွန် အားနည်းလှပြီ။ သင်လည်း လုံ့လ ဖြတ်တိုက်၍ မရပြီ’ဟူ၍ ‘ကြည်း၊ နည်း၊ လည်း’ကာရန်ချိတ်ကာ ဖွဲ့သည်။

ဒသမတန်း စကားပြေ လက်ရွေးစင်က ‘အသင်မုဆိုး၊ ငါ ကိုယ်တော်လည်း ညှိုးရော်ခွန် အားနည်းလှပြီ။ သင်လည်း လုံးဝဖြတ်တိုက်၍မရပြီ’ဟု နာကြည်းပြုတ်ကျန်နေခဲ့သည်။

‘လုံ့လ’ က ‘လုံးဝ’ဖြစ်သွားသည်။ ကာရန် လည်းမချိတ်မိတော့သည့်အပြင် မူရင်းစာရေးသူ၏ အာဘော် လည်း ပျက်သွားသည်။ ထို့အပြင် မုဆိုးကြီးက စူဠသုဘဒ္ဒါ မိဖုရား အား ဆင်မင်းမှာလိုက်သည့် စကားများကို လျှောက်ထားသော အခန်း၌ ဆန္ဒန်ဆင်မင်းဝတ္ထုတွင် ‘ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား အကြောင်းများကို မထားမချန်’ဟု ‘ကား၊ များ၊ ထား’ကာရန် ချိတ်၍ ဖွဲ့သည်။

ဒသမတန်းစကားပြေ လက်ရွေးစင်တွင် ‘ဆဒ္ဒန်ဆင်မင်း၊ မှာရင်းအကြောင်းများကို၊ မထား မချန်’ဟု ‘စကား’ပြုတ်ကျန်ခဲ့ သည်။ ကာရန်က ထောင့်တောင့် တောင့်ကြီးဖြစ်သွားတော့၏။

တစ်ခါ တက္ကသိုလ်ပရိဝုဏ် မှ စာပေပညာရှင်ကြီးများ၏ စာပေလက်ရာများကို စုစည်းထားသည့် ‘ကံ့ကော်မြိုင်စာတန်း’ စာအုပ်တွင် ဆရာတိုက်စိုး၏လက်ရာ ‘နေဝင်မြင်သည် ဝရွှေပြည်’ ဟူသော စာတစ်ပုဒ် ပါ၏။

အင်းဝမြို့ဟောင်းသို့ရောက်ခဲ့စဉ် စာရေးသူ၏စိတ်တွင် ဖြစ်ပေါ်လာသည့် ခံစားမှုများကို ဝင်းလက်တောက်ပခဲ့သည့် အတိတ်ခေတ်မင်းနေပြည် တော် အင်းဝနှင့် ယခုမြင်တွေ့ နေရသော အင်းဝမြို့ဟောင်း အတွေ့ အကြုံတို့ကို ရက်ရှယ်မှုန်းခြယ်ထားသည့် ရသစာတမ်း ဖြစ်သည်။

ယင်းစာတမ်းတွင် စာရေးသူတို့အဖွဲ့ အင်းဝမြို့ဟောင်းသို့ အသွား အမရပူရမြို့ကိုဖြတ်ရပုံ ကို ဆရာတိုက်စိုးက ဤသို့ သရုပ်ဖော်ထား၏။ ‘ကားသည် အမရပူရမြို့ကိုဖြတ်၍ သွားရလေသည်။

ထိုမှအလွန် လက်ပံပင်အတန်း လိုက်စီ၍ ပေါက်နေသော လမ်းအတိုင်းလာခဲ့ရာ ကွမ်းတရာညက်ခန့်အကြာတွင် (သတ်ပုံမူရင်း အတိုင်း)’ ဟု ဖော်ပြပါရှိသည်။

ဒသမတန်း စကားပြေလက် ရွေးစင်တွင်ကား ‘ကားသည် အမရပူရကိုဖြတ်၍ သွားရလေ သည်။ ထိုမှအလွန် လက်ပံပင် အတန်းလိုက်စီ၍ သွားရလေ သည်။

ထိုမှအလွန် လက်ပံပင် အတန်းလိုက်စီ၍ပေါက်နေသော လမ်းအတိုင်း လာခဲ့ရာ ကွမ်းတစ် ယာညက်ခန့်အကြာတွင်’ဟူ၍ ပုံနှိပ်ထားသည်။ ထိုအဖွဲ့ပါ‘ထိုမှ အလွန် လက်ပံပင် အတန်းလိုက် စီ၍ သွားရလေသည်’ဟူသော ဝါကျမှာ မူရင်းကံ့ကော်မြိုင် စာ တန်းစာအုပ်၌ မပါရှိချေ။

ထို့အတူ အမျိုးသားပညာဝန် ဦးဖိုးကျားရေးသော ‘မိတဆိုးရှင် ပြု’စကားပြေတွင် ‘အက္ကနိဋ္ဌဘုံ’ဟု ဖြစ်ရမည့်အစား ‘အဏ္ဍနိဋ္ဌဘုံ’ဟု လည်းကောင်း၊ ‘အမျိုးသားနေ့’ စကားပြေတွင် ‘၁၂၈၂ ခု တန် ဆောင်မုန်းလဆုတ် (၁၀)ရက်၊ တနင်္ဂနွေနေ့’ဟုဖြစ်ရမည့် အစား ‘၁၂၈၂ တန်ဆောင်မုန်း လဆုတ် (၁၀) ရက် တနင်းလာနေ့’ဟု မှား ယွင်းရိုက်နှိပ်ထား၏။

ဦးဖေမောင် တင်၏‘မြန်မာစာ အရေးအသား တိုးတက်စေနည်း’စကားပြေတွင် ‘သူတို့လည်း ဟိုရှေးရှေးတုန်းက ခရစ်ယာန်တွေ မဟုတ်ကြပါ’ဟု ဖြစ်ရမည့်အစား ‘လူတို့လည်း ဟို ရှေးရှေးတုန်းက ခရစ်ယာန်တွေ မဟုတ်ကြပါ’ဟူ၍ ‘သူ’နှင့်‘လူ’ မှားရိုက် လိုက်သဖြင့် မူလဆိုလိုရင်း အဓိပ္ပာယ်နှင့် လုံးဝ ကွဲလွဲသွား တော့သည်။

ဒါ ကျွန်တော်က လက်လှမ်း မီသမျှ ရှာဖွေပြလိုက်ခြင်းဖြစ် သည်။ တခြားအမှားတွေလည်း ရှိနိုင်သေးသည်။ ထိုအမှားများ သည် ယခုမှ မှားခြင်းမဟုတ်။ ဟိုး အရင်ကတည်းက မှားလာခဲ့သော အမှားများဖြစ်သည်။

တစ်နှစ်လာ လည်း သည်အတိုင်း။ နောက်တစ် နှစ်လာလည်း သည်အတိုင်း။ အပြင်က ပညာရေးသမားများက ဘယ်လောက်ထောက်ပြ ထောက်ပြ ပြင်ရိုးထုံးစံမရှိ။

ကျောင်းသုံး စာအုပ်သတ်ပုံမှားခြင်းသည် သတင်းစာ၊ ဂျာနယ်မှားခြင်းမျိုး မဟုတ်။ သတင်းစာ၊ ဂျာနယ်က နေ့စဉ်ထွက်နေသည်။ အပတ်စဉ် ထွက်နေသည်။ ကျောင်းသုံးစာ အုပ်က
ကျောင်းသားတစ်ယောက် အနည်းဆုံး တစ်နှစ်တော့ အသုံးပြုလိမ့်မည်။ တစ်နှစ် တစ်ခါ ပြန် လည် ပုံနှိပ်တိုင်း အကျအပေါက်၊ အမှားအယွင်း များကို ပြန်လည် စိစစ် သင့်သည်ဟု ထင်သည်။

မကြာမီ အစိုးရသစ် တက်လာ ပါတော့မည်။ ပညာရေး ဝန်ကြီးဌာနကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ကိုင်တွယ်မည် ဆိုသဖြင့် ယခင်ထက် စာလျှင် သင်ရိုးညွှန်းတမ်း များလည်း ခေတ်မှီ လာလိမ့်မည်ဟု ထင်ပါသည်။

ဘာသာစကား၏ အသက်ဖြစ်သော သတ်ပုံသတ်ညွှန်း မှန်ကန်လာအောင်လည်း အပြည့်အဝ လမ်းညွှန်မှုပေးနိုင်လိမ့်မည်ဟု ထင်ပါသည်။

ပညာရေးတွင်သင်ရိုး ပြဋ္ဌာန်းစာအုပ်များ၏ အခန်းကဏ္ဍ ကလည်း အရေးပါ ပါသည်။ ။

ကိုးကား

(၁) ဦးပုညလက်ရွေးစင်စာများ (ဦးတင်မြင့်၊ ဝိဇ္ဇာဂုဏ်ထူးတည်း ဖြတ်)နံ့သာတိုက် (၁၉၆၈)
(၂) ကံ့ကော်မြိုင်စာတန်း - စာပေလောက၊ ၁၉၉၇-သြဂုတ်၊ တတိယအကြိမ်
(၃) ဒသမတန်းမြန်မာသဒ္ဒါ-အတွဲ(၂)၊ အခန်း(၆)-၂၀၁၅-၁၆ ပညာသင်နှစ်
(၄) ဒသမတန်း မြန်မာကဗျာ လက်ရွေးစင်- ၂၀၁၅-၁၆ ပညာ သင်နှစ်
(၅) ဒသမတန်း မြန်မာစကားပြေ လက်ရွေးစင် ၂၀၁၁-၁၂၊ ၂၀၁၅-၁၆ ပညာသင်နှစ်။

By - မင်းသန်းထိုက်(ဒေးဒရဲ)

Originally published at - http://www.7daydaily.com/story/61420


Read More »

Tuesday, March 08, 2016

ဘယ်လက်ဖြင့် ကုစားချက်




၂၀၁၆မတ်လ ၇ ရက်နေ့မှာ ဆဲဗင်းဒေး နယူးဂျာနယ် (၁၄) နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အလားတူ လာမယ့်ဧပြီ ၂၅ မှာ လည်း ဆဲဗင်းဒေးနေ့စဉ် သတင်း စာဟာ (၃) နှစ် ပြည့်မြောက်မှာ ဖြစ် ပါတယ်။

စာရေးသူဟာ ဆဲဗင်း ဒေးမှာ ဆောင်းပါးတွေ မရေးခင် ကတည်းက ဆဲဗင်းဒေး ဆောင်း ပါးများကို ဂရုတစိုက် ဖတ်လေ့ရှိ ပါတယ်။ ဆဲဗင်းဒေးဟာ အတွေးမြင် ဆောင်းပါး၊ သတင်းဆောင်းပါး၊ ခရီးသွား ဆောင်းပါး၊ သရော်စာ စသည်ဖြင့် ကဏ္ဍစုံ ဝေဝေဆာဆာ ဖော်ပြလေ့ ရှိပါတယ်။

ပညာရေးနဲ့ပတ်သက်လို့ရှိ ရင် ဆရာမောင်သာချို၊ ဆရာ မင်းသန်းထိုက်(ဒေးဒရဲ)၊ ဆရာ လွင်ချန်ဖြိုးတို့ဟာ ကျောင်းဆရာ တွေပီပီ နိုင်ငံတော်ရဲ့ ပညာရေး ကဏ္ဍအားနည်းချက်တွေကို ထိ ထိရောက်ရောက် ထောက်ပြနိုင် တဲ့သူတွေဖြစ်လို့ အမြဲဂရုစိုက် ဖတ်ဖြစ်ခဲ့ပါတယ်။

ခုရက်ထဲ စာရေးသူကို ကျောင်းတွေပိတ်လို့ အိမ်ပြန်ရောက်လာတဲ့ ညီမ ကျောင်းဆရာမလေးက စာရေးဖို့ ဆိုပြီး ပညာရေးနဲ့ ပတ်သက်တဲ့ ကုန်ကြမ်း တစ်ပုဒ် လာပေးချိန်မှာ အထက်က ဆရာတွေရဲ့ မျက်နှာ ကို ပြေးမြင်ပြီး မရေးချင် ပါဘူးလို့ ပြောမိ ပါတယ်။ ဟုတ်တယ်လေ ကိုယ်ရေးလည်း ဆရာတွေရေး သလောက် ကောင်းမှာမှမဟုတ် တာ။

ဒါပေမဲ့ ညီမ ကျောင်းဆရာမ က ကျောင်းဆရာတွေ ကတော့ ကျောင်းဆရာ အမြင်၊ ကျောင်း ဆရာ ခံစားချက် ပိုရှိမှာ ဖြစ်ပြီး မိဘတွေ ဘက်ကလည်း ကျောင်းသား မိဘအမြင် ခံစားချက် တွေကို ရေးလို့ ရပါတယ်လို့ ဆရာ လုပ်လာ တာကြောင့် ဒီဆောင်းပါးကို ရေးဖြစ် သွားရခြင်း ဖြစ်ပါတယ်။

ဒီဆောင်းပါးကို ရေးမယ်လို့ ဆုံး ဖြတ်ချိန်မှာ ၂၀၁၃ ဆဲဗင်းဒေးနေ့ စဉ် အမှတ် (၈၃)မှာ စာရေးသူရေး ခဲ့ဖူးတဲ့ ပညာရေး ဆောင်းပါးတစ် ပုဒ်ကို သွားသတိ ရမိပါတယ်။

ဆောင်းပါး ခေါင်းစဉ်က အမှားခြစ်ပါ ဆရာမ ဖြစ်ပါတယ်။ ကိုယ်တွေ့ အဖြစ်အပျက် ကလေး ပါ။ စာရေးသူရဲ့ သားတော်မောင် အင်္ဂလိပ်စာ လေ့ကျင့်ခန်း စာအုပ် မှာ အမှားရေးထား တာကို သူ့ ဆရာမက အမှန်ခြစ် ပေးထားလို့ ပါ။

မိဘက မှားတယ် ပြောပေမယ့် ဘယ်လိုမှ ပြောလို့ မရပါဘူး။ ကလေးတွေဟာ သူတို့စိတ်ထဲမှာ သူတို့ဆရာ၊ ဆရာမ တွေလောက် သိတဲ့ တတ်တဲ့သူ မရှိဘူးလို့ ခံယူ ထားကြ တာပါ။ ဒါဟာ တကယ် ကောင်းတဲ့ စိတ်ဓာတ်တွ ဖြစ်ပေ မယ့် သူတို့အမှားကို ဆရာတွေက အမှုမဲ့ အမှတ်မဲ့ အမှန်ခြစ်ပေး လိုက်ချိန် မှာတော့ အခက်အခဲ တွေ့ရတဲ့ အကြောင်းကို ရေးဖြစ်ခဲ့ ခြင်းပါ။

အခုရေးမယ့် အကြောင်း အရာကတော့ အဲဒီ အဖြစ်ထက် ပိုဆိုးနေလို့ မရေးမဖြစ် ရေးလိုက် ရခြင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေး ကဏ္ဍဟာ အများကြီး နိမ့်ကျလာတဲ့ အတွက် အစိုးရသစ် လက်ထက်မှာ ပညာရေး ဘတ်ဂျက် ကို တိုးမြှင့်ပေးခြင်း၊ တက္ကသိုလ် ကောလိပ်များမှ ဆရာနဲ့ ကျောင်း သားများကို နိုင်ငံခြားသို့ ပညာ တော်သင် စေလွှတ်ခြင်း၊ အခြေခံ ပညာ ဆရာ၊ ဆရာမများကို ရာထူး တိုးပေးခြင်း၊ အမျိုးသား ပညာရေး ဥပဒေ ပြဋ္ဌာန်းခြင်း စတဲ့ ပညာရေး မြှင့်တင်ခြင်း ဆိုင်ရာ ကိစ္စတွေကို အရှိန် အဟုန်နဲ့ ပြု လုပ်ခဲ့ ပါတယ်။

အထူးသဖြင့် အခြေခံပညာ ကဏ္ဍမှာ ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်း၊ အဟောင်း များ ပြုပြင်ခြင်း၊ ကျောင်းဆရာ အသစ်များ ဖြည့်တင်းခန့်ထား ခြင်း၊ အလယ်တန်းကျောင်းအုပ် များကို ပြန်တမ်းဝင် အရာရှိ အဖြစ် တိုးမြှင့်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဝယ်ယူနိုင်ရန် ပညာ ရေးဘတ်ဂျက်များ ချပေးခြင်း၊ ကျောင်းသားများအတွက် အခမဲ့ ပညာရေးအပြင် စာအုပ်နှင့် စာ ရေးကိရိယာများ ထောက်ပံ့ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီလို အစိုးရဘက်က ပညာရေးနဲ့ ပတ်သက်ပြီး အလေးဂရုပြုလာ ချိန်မှာ ဆရာနဲ့ကျောင်းသား၊ ကျောင်းသားမိဘများ ဘက်က လည်း ပူးပေါင်းဆောင်ရွက်မှသာ ပညာနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်း အခြေခံ ပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း (ဒသမတန်းမပါ) စာမေးပွဲတွေ ကျင်းပပြီးစီးခဲ့ ပါ တယ်။ အဲဒီစာမေးပွဲတွေ ထဲမှာ စတုတ္ထတန်းနဲ့ အဋ္ဌမတန်း စာမေး ပွဲတွေဟာ ခရိုင်စစ်နဲ့ တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ် အဆင့် မေးခွန်းထုတ် စစ်ဆေး ခဲ့ပါတယ်။

ဒီစာမေးပွဲဟာ ယမန်နှစ်က ဆပ် ပလီလို့ခေါ်တဲ့ ကျရှုံးတဲ့ဘာသာ ပြန်ဖြေရတဲ့ ကုစားချက်ရှိပေမယ့် ဒီနှစ်မှာတော့ ကုစားမရှိတော့ဘူး လို့ သိရပါတယ်။ ကုစားမရှိတော့ လို့လည်း တချို့သောကျောင်း တွေဟာ စာမေးပွဲနားအနီးမှာ အချိန်ပိုခေါ်သင်တာ၊ အန္တရာယ်ရှိ တဲ့ ကျောင်းသားတွေရဲ့ မိဘတွေ ကို ခေါ်ယူ သတိပေး တာတွေ ပြု လုပ် ခဲ့ကြပါတယ်။

တကယ်တမ်း စာမေးပွဲစစ် ချိန်မှာလည်း မေးခွန်းတွေက လွယ်ကူတဲ့ အတွက် ကျောင်းသား အများစုဟာ ကောင်းမွန်စွာ ဖြေ ဆိုနိုင်ကြပါတယ်။ ဒါပေမဲ့လည်း စာသင်ချိန်မှာ စာအပေါ်စိတ် မဝင်စား၊ အိမ်စာမလုပ် စာမ ကျက်တဲ့ သူတွေကတော့ မေးခွန်း ဘယ်လောက် လွယ်လွယ် ဖြေနိုင်မှာ မဟုတ်ပါဘူး။

အဲသလို ကျောင်းသားတွေဟာ မြို့ပြတွေ မှာ နည်းပါးမှာဖြစ်ပေမယ့် ပညာ ရေးကို တန်ဖိုးထား ရကောင်းမှန်း မသိကြတဲ့ ကျေးလက်ဒေသတွေ မှာ များပြားနိုင် ပါတယ်။ အဲဒီ အတွက် ကုစားချက် မပြုရင် အဲဒီ ကလေးတွေဟာ ကျဖို့ပဲ ရှိပါတော့ တယ်။

စာရေးသူရဲ့ ညီမပေးတဲ့ ကုန်ကြမ်းရဲ့ အရင်းအမြစ်က တော့ ကုစား မရှိခြင်းနဲ့ အောင် ချက် ထိပ်တိုက်တွေ့တဲု့ပဿနာ ပါပဲ။ ပညာရေးလောကမှာ ပညာ ရေးမှူးနဲ့ ကျောင်းအုပ် ဆရာတွေ ရဲ့ အဓိက ရည်မှန်းချက်ဟာ စာ မေးပွဲ အောင်ချက် ကောင်းဖို့ပဲ ဖြစ်ပါတယ်။

ကျောင်းအုပ်ဆရာ တွေဟာ ကျောင်းသားတွေ အောင်ချက်ကောင်းရင် မျက်နှာပန်းလှ သလို ပညာရေးမှူးတွေ အတွက်လည်း ဂုဏ်တက်စေ ပါတယ်။

ဒါကြောင့် ပညာရေးမှူး တွေက ကျောင်းအုပ် ဆရာတွေကို အောင်ချက် ကောင်းအောင် ညွှန်ကြား သလို ကျောင်းအုပ် ဆရာ တွေက လည်း လက်ထောက် ဆရာတွေကို အောင်ချက် ကောင်းအောင် သင်ဖို့ ညွှန်ကြားလေ့ ရှိပါတယ်။

ဒါပေမဲ့ ရှေ့ကပြောသလို စာကို စိတ်မဝင်စားတဲ့ ကျောင်းသား များပြားနေတဲ့ ကျောင်းတွေ မှာ အောင်ချက် တောင်းဖို့ဆိုတာ ဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာ ပါ။

အဲဒီမှာ ကျောင်းအုပ်ကြီးက အောင်ချက် ၉၀ ရာခိုင်နှုန်း ပြည့်မှီ အောင်လုပ်ဆိုတဲ့ ညွှန်ကြားချက် ဟာ စာမေးပွဲ အမှတ်စစ်တဲ့ ဆရာ တွေထံမှာ ဖိအားတွေ ဝင်လာပါ တော့တယ်။

ဥပမာ-အင်္ဂလိပ်စာ Read the passage အခန်းမှာ မေးခွန်းက Hla Hla's bag is blue. (Whose) ဆိုပြီး Whose နဲ့ မေးခိုင်း ထားတာကို အဖြေမှာ Whose bag is blue? လို့ဖြေရ မယ်ဆိုပါစို့။

တစ်ကြောင်းလုံး မှန်မှ ၂ မှတ် ရမှာလို့ အမှတ်ပေး စည်း မျဉ်းက ဆိုသော်လည်း အောင် ချက် မျက်နှာကြည့်ရတဲ့ အခါမှာ Whose is blue? လို့ ဖြေသော် လည်း Whose ကို 1/2 မှတ်၊ is ကို 1/2 မှတ်၊ blue ကို 1/2 မှတ် ပေးရ ပါတော့သတဲ့။

အောင်မှတ် ပြည့်မီအောင် အဆင်ပြေသလို အမှတ်ပေးနိုင်တဲ့ အဖြေလွှာတွေ ရှိပေမယ့် ဘာမှ ဟုတ်တိ ပတ်တိ ရေးမထားတဲ့ အဖြေလွှာတွေကို တော့ ဆရာတွေ ကိုယ်တိုင်က ဖြည့်စွက် ရေးသား ဖြေဆိုပေး ရပါ သတဲ့။ အဲသလို ဖြေတဲ့နေရာမှာ လည်း ဖြေဆိုသူကျောင်းသားရဲ့ လက်ရေးနဲ့ မကွဲပြားအောင်၊ စစ် ဆေးရေး ဝင်ရင်လည်း ကိုယ့်လက်ရေးနဲ့ မတူအောင် ဘယ်လက်နဲ့ ရေးရ ပါသတဲ့။

စာဖတ်သူများခင်ဗျား... အခုလောက် ဆိုရင် မြန်မာနိုင်ငံ ပညာရေး လောကရဲ့ ဘယ်လက် နဲ့ ကုစားချက်ကို သဘောပေါက် လောက်ပြီ ထင်ပါတယ်။

ဒါတွေ ဟာ ကျောင်းတိုင်းမှာ ဖြစ်နေ တယ်လို့တော့ ဝါးလုံးရှည်နဲ့ပတ် မရမ်းလိုပါဘူး။ ဖြစ်နေတဲ့နေရာ တွေက ကျောင်းသားတွေရဲ့ ပညာရေးဟာ ရင်လေးစရာ ကောင်းလှပါတယ်။

တကယ် ပညာမတတ်ဘဲ အတန်းတွေစွတ်တင်သလို ကိုယ့်သားသမီး စာမတတ်ဘဲ အတန်းတက်စေချင်တဲ့ စိတ်ဓာတ်တွေ ရှိနေသမျှ တိုင်းပြည်တိုး တက်မှာ မဟုတ်ပါဘူး။

ယခုလို တစ်တိုင်းပြည်လုံးက ဘယ်လက်က လက်သန်းလေးတွေနဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ကြိုးစားထားချိန် မှာ တချို့သော ပညာရေးဝန်ထမ်းများအနေနဲ့ ဘယ်လက်ဖြင့် ဆင်းရဲတွင်းထဲ ကုတ်မချလိုက်ပါနဲ့လို့ လေးစားစွာ တောင်းပန်လိုက်ရပါ တယ်။

By - ဗညားလှိုင်ဦး

Originally published at - http://www.7daydaily.com/story/59628


Read More »

Saturday, March 05, 2016

တကယ်ကုန်ပြီး တကယ်ပြတ်မှာလား




(တစ်)

နွေရောက် ပြီမို့ ရွက်ခြောက် တွေကြွေ ကြပြန်ပါပေါ့။ လေပူ ကြီးတွေ တိုက်လိုက်တဲ့ အခါ ဖုန် တွေက ဖွေးဖွေး လှုပ်လှုပ်နဲ့။ ပပ်ကြားတွေက အစောကြီး အက်တဲ့ နေရာမှာ အက်၊ မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်တွေက အစောကြီး ခန်းတဲ့ နေရာမှာ ခန်းနဲ့ နွေကန့်လန့်ကာ စဖွင့်တဲ့ ဇာတ်ဝင် ခန်းမှာ သတင်းစာကို ကောက်လှန် လိုက်တာနဲ့ ကျူရှင်ကြော်ငြာ တွေက တစ်စခန်းထ, လို့ နေခဲ့ပြီ ဖြစ်ပါတယ်။

ထုံးစံ အတိုင်းပဲပေါ့။ နွေရာ သီသုံးလ အပြတ်တို့၊ နွေရာသီ သုံးလ သင်ရိုးကုန်တို့။ ကလေးကို ထူးထူးခြားခြား အောင်မြင်ကာ တောက်တောက် ပပ တက္ကသိုလ် တွေ ရှိရာဆီ ရောက် သွားပြီး ကြွယ် ကြွယ်ဝဝ လုပ်ငန်း ခွင်ထဲရောက်ရှိ သွားစေလိုသူ မိဘတွေက နွေသုံး လမှာ သူတို့ရဲ့ ကလေးကို အကျိုး ရှိရာရှိကြောင်း စာသင်ပေးဖို့ ကြိုးစားကြတဲ့ အခါ အဲသည့်နွေသုံးလ သင်ရိုးကုန်၊ သင်ရိုးပြတ်တွေဟာ သွားရည်ယို ချင်စရာတွေပါ။

နောက်နှစ် မိုးဦးကျစ ကျောင်းတွေ ပြန်ဖွင့်တဲ့ကာလမှာ ကိုယ့်သား၊ ကိုယ့်သမီးက သင်ရိုး အကုန်ကို တစ်ခေါက်ပြီးပြီးသား ဆိုတဲ့ကိစ္စဟာ မိဘတိုင်းက သဘောကျတဲ့ကိစ္စပဲပေါ့။ အထူး သဖြင့် ဆယ်တန်းကျောင်းသူ၊ ကျောင်းသားရှိတဲ့ မိဘတွေ။

သည်နေရာမှာ ပညာအရာ ဆာလောင်မွတ်သိပ်လွန်းတယ် လို့ပဲပြောမလား၊ ရူးကြောင် ကြောင်နိုင်လွန်းတယ်လို့ပဲ ပြော မလား။ မြန်မာမိဘတို့ အကဲပါပုံ ကလေးတစ်ခုပြောပြချင်ပါသေး တယ်။

တချို့ကလေးတွေဟာ ကိုးတန်းနှစ်မှာကတည်းက ဆယ် တန်းစာတွေကို ကြိုပြီးသင်ထား ကြလေသတဲ့ခင်ဗျ။ ဆယ်တန်း ရောက်လို့ နောက်တစ်ခါ ထပ် သင်တဲ့အခါ နှစ်ထပ်ရှိတော့ မှတ် မိတာပေါ့ဆိုတဲ့သဘော။ စာကို သူများတကာထက် ပိုပြီးပိုင်ပိုင် နိုင်နိုင်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်။

မရောက်သေးတဲ့ အတန်းက စာကို ကြိုပြီးသင်နေကြတဲ့နိုင်ငံ ဟာ ဘာကြောင့်များ ကမ္ဘာ့ထိပ် တန်းပညာတိုင်းပြည်မဖြစ်ရတာ ပါလိမ့်။

(နှစ်)

တစ်ခါတုန်းက စာရေးသူ ဟာလည်း ကိုးတန်းအောင်ခါစ သားတစ်ယောက်အတွက် နွေ ရာသီအစီအစဉ်ဆွဲဖို့ ခေါင်း ခြောက်ခဲ့ဖူးပါတယ်။ ရေကူးသင် ပေးရကောင်းနိုး၊ ကားမောင်း သင် ပေးရကောင်းနို့နဲ့ နောက်ဆုံးတော့ သတင်းစာထဲမှာ ပါလာတဲ့ နွေရာ သီသုံးလ သင်ရိုးကုန် ဆိုတဲ့ ဆယ် တန်း ကျူရှင်ကြော်ငြာ ကလေးကို ကြည့်ကာ ဆရာတွေရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို အထင်ကလေး နည်းနည်း ပါးပါး ကြီးမိထားတာ ကြောင့် ဖုန်းဆက် စုံစမ်းသွား ရောက်အပ်နှံကာ နွေရာသီဉာဏ် ရည်မြှင့် သင်ရိုးကုန် ဆိုတဲ့ကျောင်း ကြီးမဟာဆီမှာ ထားမိဖြစ် ခဲ့တယ် လို့ ဆိုပါတော့။

သုံးလတိုင်တိုင် ပျော်ရွှင် တက်ကြွမြူးထူးနေတဲ့ သားတော် မောင်ကိုကြည့်ကာ မိဘပီပီကြည် နူးချမ်းမြေ့လို့ပေါ့။ ငါဖြင့်ကျောင်းအရွေး မှန်ခဲ့လေပြီဆိုတဲ့ စိတ်နဲ့။

ဒါနဲ့ သုံးလကုန် လုလုမှာ တော့ သားရဲ့စာအုပ်တွေကို ယူ ကြည့် မိပါတယ်။ မြတ်စွာဘုရား။ စာသင်ထားတာ အားလုံး မစို့မပို့ တွေချည်း ပါကလား။ နှစ်ခန်း လောက်စီပဲ သင်ထားတဲ့ ဥစ္စာ။ ဓာတု၊ ရူပ၊ သင်္ချာ အကုန်နှစ်ခန်းစီ။ မြန်မာစာမှာ ကဗျာဆယ့်ငါးပုဒ် ရှိရင် သုံးပုဒ်လောက်ပဲ သင်ထားတယ်။ အားလုံး အားလုံးသော သင်ထားသမျှ တွေက ကလေးတွေနားလည်လွယ်တာ၊ မှတ်မိ လွယ်တာတွေချည်း။ ပုစ္ဆာတွေက တွက်ရ ချက်ရ လွယ်တာတွေချည်း။ ကလေးတွေ ခေါင်းနည်းနည်း ရှုပ်သွားမယ့်၊ အားနည်းနည်း စိုက်ရမယ့် သင်ခန်းစာတွေကို အကုန်လုံး နင်းခွကျော်လွှား ထားတယ်။

ကျောင်းသားတွေသည် ကျောင်းကို ပျော်ပြီပေါ့။ သည် သင်တန်းကို ကြိုက်ပြီပေါ့။ ကျောင်းက အဲသည့်လိုမျိုး စိတ်ဝင် သွားအောင်မြှူဆွယ် ထားတာ။ ပြီးတော့ မသိမသာ စကားသွင်း တာက ကျောင်းဖွင့်ချိန်ရောက်တဲ့ အခါ သူတို့ဘော်ဒါမှာ လာနေဖို့။ ခင်ဗျားတို့ ပြောထားတုန်းက နွေသုံးလ သင်ရိုးအကုန်၊ သင်ရိုး အပြတ်ဆိုလို့ လှမ်းမေးတော့ ကုန်အောင်၊ ပြတ်အော င်သင်လို့ရပါ တယ်တဲ့။ သင်ပြီး သမျှကို ကျေကျေ ညက်ညက် ဖြစ်စေချင်လို့ နည်းနည်းပဲ သင်တာပါတဲ့။

ကဲ.. ဘာပြောမလဲ။

(သုံး)

နာမည်အရ ထိပ်သီးလို့ဆို နိုင်လောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကြော်ငြာ လုပ်ထားတဲ့ နွေသုံးလ အပြတ် သင်တန်း တစ်ခု ရှိရာဆီ ဖုန်းကြို တင်ဆက်ပြီးတဲ့ သကာလ တေ့ တေ့ဆိုင်ဆိုင်ကိုပဲ လူကိုယ်တိုင် အရောက်သွား ခဲ့ဖူးပါတယ်။

ကျွန်တော်က တစ်ခွန်းပဲ ပြတ်ပြတ် သားသား မေးလိုက်ပါ တယ်။ ခင်ဗျားတို့ အဲသည့်ကြော် ငြာထဲက လူတွေဟာ တကယ် သင်မှာ လားလို့ပါ။ မဟုတ်မခံ ပြဿနာကို တကယ် ရှင်းမယ့်လူ ရယ်လို့များ ရိပ်စား မိသွားလေ သလား မပြောတတ်ပါဘူး။ အမှန်အတိုင်း ဝန်ခံရှာပါတယ်။ အမြဲ တမ်းတော့ ဘယ်လာနိုင်ပါ့မလဲ ဆရာရယ်တဲ့။ တစ်ခါတလေ တော့ လာကြည့်ပေးမှာပါတဲ့။

ကျွန်တော်အဲသည့် ကျောင်း ကနေ နောက်ဆုတ် လိုက်ပါတယ်။ ကျောင်းတည်ထောင် သူက ကျွန် တော် နောက်ဆုတ် သွားတာကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့ပုံ ပါ။ သူတို့လုပ် သမျှ မခံဘူး ဆိုတာ ကို သူရိပ်စား မိနေပြီမို့ ဒါဟာ အန္တရာယ် ဆိုတာ သဘောပေါက် နေပြီကိုး။

ဘော်ဒါထောင်သူတစ် ယောက်ပြောတာ ကလေး ကျွန် တော်အမှတ်ရ မိပါရဲ့။ သူက လက်အမူအရာ ကလေး ပါပါလေ ရဲ့။ မိဘတော်တော် များများက ဒါရှိတယ် ဆိုပြီး လက်မနဲ့ လက် ညှိုးကို ဝိုင်းပြပါတယ်။ ပြီးတော့ ခေါင်းကို လက်ညှိုးနဲ့ ထောက်ပြ ကာ ဒါတော့ မရှိဘူးတဲ့။ ဆိုလိုတာ က ပိုက်ဆံရှိကြတယ်ပေါ့။ ခေါင်း မရှိကြဘူးတဲ့။

ဘော်ဒါ တစ်ခုကတော့ တော်တော့ကို ထူးဆန်းပါတယ်။ သင်တဲ့ ဆရာက သင်သွားပြီးလို့ နားမလည်တဲ့ အခါ စာမေးဖို့ အတွက် ဂိုက် (Guide) ကို ငှားရပါ လေသတဲ့။ မငှားထားရင် အဲသည့် ကျောင်းသားကို ဂိုက်က မရှင်းပြ တော့ဘူး။

တစ်ခါ ညဘက်စာ ကျက်တဲ့ အချိန်တွေမှာ စာအတူ ဝိုင်းကျက်ပေးတဲ့ ဂိုက်ဆိုတာကို လည်း သတ်သတ် ငှားရတဲ့ ဘော်ဒါတွေ ရှိပါသေးတယ်။ အဲသည့်ဂိုက်က ကျောင်းသား မအိပ်ချင်အောင် အတူတူနေပေး ရတဲ့သူ ပေါ့။ မြန်မာနိုင်ငံဟာ အဲသည့် လောက်အထိ ပညာရရှိဖို့ရာ လုံး ပန်းနေကြ ပါလျက် ဘာကြောင့် များ ကမ္ဘာ့ပညာရေး မျက်နှာစာမှာ နေရာမရ ခဲ့ပါလိမ့်။

(လေး)

နိုင်ငံတစ်နိုင်ငံရဲ့ ခံတပ်တွေ ထဲမှာ ပညာရေးဟာ နောက်ဆုံး ခံတပ်လို့ ဆိုပါတယ်။ ဘာကြောင့် လဲဆိုတော့ ပညာရေးရဲ့အလုပ် က လူကို တည်ဆောက်တဲ့ အလုပ် ကိုး။ နိုင်ငံတွေဟာ လူတွေနဲ့ တည်ဆောက် ရတာမို့ အဲသည့် လုပ်ငန်းစဉ်ကြီး ပရမ်းပတာဖြစ် သွားတာဟာ နိုင်ငံရဲ့ နောက်ဆုံး ခံတပ် ပျက်သွားတာပါပဲ။

လူကို တည်ဆောက်တဲ့ လုပ်ငန်းစဉ် ဖရို ဖရဲဖြစ်ခြင်းပါပဲ။

စေတနာတို့၊ မေတ္တာတို့၊ ကရုဏာတို့ တော်တော်ကြီး ဆွံ့ရှားသူ တချို့က ပညာရေးအလုပ် ကို ဝင်လုပ်လာ ကြလေသတဲ့။

ဩော်.. သတင်းစာကောက် အလှန်မှာ တွေရပြန်ပါပေါ့။ သုံးလအပြတ်။ နွေရာသီသင်ရိုး အကုန်။

By - မောင်သာချို

Originally published at - http://www.7daydaily.com/story/59476


Read More »

Monday, February 29, 2016

ရုပ်ပျက် ဆင်းပျက် မြန်မာ့ ပညာရေး




မြန်မာနိုင်ငံ ပညာရေး နိမ့်ကျ နေသည်။

ပြုပြင် ပြောင်းလဲ မှုများ ဖော်ဆောင် မည်ဟု ဦးသိန်းစိန် အစိုးရ တက်လာ ပြီးနောက် ပညာရေးနှင့် ပတ်သက်၍ ပထမဆုံး ၀န်ခံ ပြောဆို ခဲ့သည်။

လက်တွေ့တွင် ပညာရေး စနစ်ပြုပြင် ပြောင်းလဲရန် မူဝါဒ ဥပဒေကြမ်း ကိစ္စပင် မပြီးပြတ် ခဲ့ပေ။ သို့သော် တို့တို့တိတိ ပြုပြင်မှုများ ကိုကား ငါးနှစ်တာ ကာလ အတွင်း ပြုလုပ် ခဲ့၏။ ထို တို့တို့ တိတိ ပြုပြင်ခြင်း ထဲတွင် လေးတန်း၊ ရှစ်တန်း စာမေးပွဲ ကိစ္စ ပါဝင် ခဲ့ပါသည်။

၁၉၈၈ နောက်ပိုင်း အမျိုးသား ပညာရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ် ခင်ညွန့် တာဝန် ယူစဉ်မှ စ၍ အကျ မရှိစေရ ဆိုသော မူအရ စာလိုက်နိုင်သော ကျောင်းသား၊ မလိုက်နိုင်သောေ ကျောင်းသား အားလုံးကို အချိန်တန်လျှင် အတန်း တင်ပေး ခဲ့ကြရသည်။

ယခုထိလည်း ထိုမူ ထဲတွင် ၀ဲလည် နေသည်။ အရှိ အရှိ အတိုင်း စာမေးပွဲ ရမှတ်ဖြင့် ဆုံးဖြတ် အောင်စာရင်း ထုတ်ပါက အကျအရှုံး များလျှင် သက်ဆိုင်ရာ ကျောင်းအုပ်နှင့် အတန်းပိုင် ဆရာက ထုချေလွှာ တင်ရသည်။

သင်ကြားနေသည့် စနစ် ကလည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆင့်များကို ထားတော့။ တက္ကသိုလ် အဆင့်တွင်ပင် ရှေ့မှ ဆရာက စာတိုင် ပေးလျက် ကျောင်းသား များက နောက်မှ လိုက်၍ အော်ဆို နေကြသည်ကို ကြုံခဲ့ ရသည်ဟု မိဘတဦးက ညည်းတွား ပါသည်။

လက်ရှိ အစိုးရက မနှစ်က စ၍ လေးတန်းနှင့် ရှစ်တန်း စာမေးပွဲ များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရစစ် အဖြစ် ကျင့်သုံး ခဲ့သည်။ ဘာကြောင့် ဤသို့ ပြောင်းလဲ စစ်ဆေးကြောင်း တာဝန် ရှိသူများက ကျယ်ကျယ် ပြန့်ပြန့် ရှင်းပြခြင်း မရှိခဲ့ပါ။

ကျောင်းများတွင် အသားကျနေသည့်၊ “''ဒလေး လုံး ပညာရေး'' “ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေ စနစ် မကျင့်သုံးဘဲ မေးခွန်း ပုံစံသစ် (Unseen Question) ဖြင့် စစ်ဆေး လိုက်ရာ လေးတန်း ကလေးများ၊ ရှစ်တန်း ကလေးများ အတုံး အရုံး စာမေးပွဲ ကျကုန် ကြသည်။

ဆရာ၊ ဆရာမများ၊ ကာယကံရှင် ကျောင်းသား များနှင့် မိဘများကြား လေးတန်းနှင့် ရှစ်တန်း အကျအရှုံး များမှု ဂယက်ရိုက် ခတ်ပုံကို မီဒီယာများ ကလည်း ဝေဖန် ရေးသား ကြသည်။

သို့ဖြင့် မနှစ်က (၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်) ကျရှုံးသော ကျောင်းသား၊ ကျောင်းသူများ ကုစား စာမေးပွဲကို ပြန်ဖြေ ကြရသည်။ ကုစား စာမေးပွဲတွင် ကလေး အများစု ပြန်အောင် ကြသော်လည်း ကျရှုံးသည့် ကလေးများ လည်း ရှိကြ ပါသည်။

ပညာရေးဌာနက စမ်းသပ်မှု တခု ပြုလိုက်တိုင်း နောက်ဆုံး ထိခိုက်ကြရ သူများမှာ ကျောင်းသား၊ ကျောင်းသူလေး များနှင့် သူတို့၏ မိဘများ ဖြစ်ကြပါသည်။

ကလေးများခမျာ ပြင်ပတွင်လည်း ကျူရှင် ယူကြရသည်။ အတန်းပိုင် ဆရာထံ တွင်လည်း ကျူရှင် ယူကြရသည်။ သို့မှသာ သူတို့ အတွက် ဒါသင်၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေ စနစ်နှင့် အဆင်ပြေကာ ပုံမှန်တနှစ်တတန်း တက်လာကြသည်။

မိဘများက ငွေကုန်ခံရ စေကာမူ သားသမီး တနှစ်တ တန်းအောင်သည်ကို ကျေနပ် ကြသည်။ ကျောင်းသားများက ဆရာဝါးခွံ့သည်ကို မျိုချသည်။

သို့ဖြင့် တနှစ် တတန်း အောင်လာသော အနေအထား မနှစ်က စ၍ ပျက်ယွင်း သွားသည်။ ယခုနှစ် လေးတန်းနှင့် ရှစ်တန်း စာမေးပွဲတွင် ကျရှုံးသော ကလေးများကို ပြန်လည် ကုစားပေးမည် မဟုတ်ဟု သက်ဆိုင်ရာက ကြိုတင် ကြေညာ ထားသည်။

၂၀၁၅- ၂၀၁၆ ပညာသင်နှစ်အတွက် အဋ္ဌမတန်း စာမေးပွဲ များကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင် စစ်ဆေးခဲ့ရာ ၁၈ ရက်နေ့တွင် ဖြေဆိုရမည့် ပထ၀ီဝင် ဘာသာရပ် မေးခွန်းသည် ၁၇ ရက်နေ့ ကတည်းက မကွေးတိုင်း ဒေသကြီး၌ ပေါက်ကြား ခဲ့သည်။

ရှစ်တန်းမေးခွန်း ပေါက်ကြားကြောင်း လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် တက်လာသည်။ မရှေး မနှောင်း၌ပင် လေးတန်း မေးခွန်းလည်း မကွေးတိုင်း ဒေသကြီးတွင် ပေါက်ကြားကြောင်း လူမှု ကွန်ရက်တွင် ပျံ့လာသည်။

ပဲခူးတိုင်း ဒေသကြီး အဋ္ဌမတန်း ပထ၀ီဝင် ဘာသာရပ် မေးခွန်းတွင်မူ တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံဟု ရေးသား ထားသည်ကို ဖေ့စ်ဘုတ်ပေါ် တင်လိုက်၍ ဝေဖန်ချက် မျိုးစုံ ပေါ်ထွက် လာသည်။

တဖန် စတုတ္ထတန်း သင်္ချာ မေးခွန်းတွင် တည်ကိန်းထက် အကြွင်းက ပိုကြီးနေသော ပုစ္ဆာ၊ ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ကွယ်လွန်သည့်နေ့ အဖြစ် ပြထားသည့် မေးခွန်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ လူမှုရေး မေးခွန်းတွင် ဆိုးဆိုး ရွားရွား မှားရေးသား ထားခြင်းများ တခုပြီး တခု ဖေ့စ်ဘုတ်ပေါ် တက်လာ ကြသည်။

သွေးအားနည်း ရောဂါ မဖြစ်စေရန် မည်သို့သော ရောဂါ ရနိုင်သနည်း။ နေပြည်တော် ပြည်ထောင်စုတွင် မည်သည့်မြို့နယ်များ ပါဝင် ဖွဲ့စည်း ထားသနည်း ဟူသော မေးခွန်းနှစ်ခု ကလည်း မေးခွန်း ထုတ်သူများ ညံ့ဖျင်း လှသော အရည် အချင်းကို ပြသနေ ကြပါသည်။

ထိုမျှ ညံ့ဖျင်းသော သူများ ဦးဆောင်နေသည့် ပညာရေး အောက်မှ ကလေးများ၏ အနာဂတ်ကား မတွေးဝံ့ စရာ ရင်လေးဖွယ် ကောင်းလှ ပါသည်။

လေးတန်း၊ ရှစ်တန်းကို မူသစ်ဖြင့် စစ်ဆေးမည်ဟု ဆုံးဖြတ်စဉ် ကပင် မေးခွန်း မည်သူ ထုတ်မည်။ မေးခွန်း လုံခြုံမှုကို မည်သို့ ဆောင်ရွက်မည် ဟူသည့် စီမံချက် ချမှတ်ခဲ့ရမည် ဖြစ်၏။

ဤကား အဆန်းမဟုတ်။ ပညာရေးတွင် လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပါသည်။ ယခုနှစ် လေးတန်းနှင့် ရှစ်တန်း မေးခွန်းများ ပေါက်ကြားခြင်း၊ မေးခွန်း အမှားများ မေးထားခြင်း အပေါ် တာဝန်ရှိသူ အဆင့်ဆင့်ကို ချက်ချင်း သိရမည် ဖြစ်သော်လည်း ထုံးစံ အတိုင်း ထမင်းရည်ပူလာ လျှာလွှဲ စကားသံ များသာ ထွက်လာပေသည်။

မကွေးတိုင်း ဒေသကြီးတွင် လေးတန်းနှင့် ရှစ်တန်း မေးခွန်းများ ပေါက်ကြားမှု အတွက် အထက်တန်းပြ ဆရာမ တဦးနှင့် မိတ္တူ ကူးဆိုင် ပိုင်ရှင်အား စတင် စစ်ဆေးနေပြီဟု သတင်းစာ တစောင်က ဖော်ပြသည်။

ဤကား အဖြေမှန်မဟုတ်ပေ။

တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် အစိုးရ စစ် စာမေးပွဲတွင် အဓိက တာဝန်ရှိ သူမှာ မေးခွန်း ထုတ်သူနှင့် ထိုမေးခွန်းများကို ထိန်းသိမ်း ရသူသာ ဖြစ်၏။

အစိုးရစစ် မေးခွန်းများကို ချိတ်ပိတ် ထားရပြီး စာမေးပွဲ စရန် မိနစ်ပိုင်း အလို ရောက်မှသာ သက်ဆိုင်ရာ အုပ်ချုပ်ရေး ပိုင်းမှ တာဝန်ရှိသူ (သို့မဟုတ် - သူ၏ ကိုယ်စားလှယ်) ၊ ရဲအရာရှိ၊ သက်ဆိုင်ရာ ကျောင်းမှ တာဝန်ယူသူ ဆရာ၊ ဆရာမများ ရှေ့မှောက်တွင် ဖောက်ရ၏။

၂၀ ရက် ဖေဖော်ဝါရီ ၂၀၁၆ ထုတ်၊ ပုဂ္ဂလိက သတင်းစာ တစောင်၏ ဖော်ပြချက် အရ ကိုယ်ပိုင်ကျောင်းမှ ဆရာမ တဦးနှင့် မိတ္တူ ကူးဆိုင် ပိုင်ရှင်ကို စစ်ဆေးနေပြီဟူ၏။ ကိုယ်ပိုင်ကျောင်းမှ အထက်တန်းပြ ဆရာမထံ အဘယ် ကြောင့် မေးခွန်း ကြိုရောက်နေ ပါသနည်း။

မေးခွန်း ပေါက်ကြားမှုများ၊ မမှားသင့်သော မေးခွန်း အမှားများနှင့် ပတ်သက်၍ တာဝန် ရှိသူ တဦးက ကွန်ပျူတာ စာရိုက်သူ၏ အမှားကြောင့်လည်း ဖြစ်နိုင်ကြောင်း ဆင်ခြေ ပေးပါသည်။

မေးခွန်းများ (အထူးသဖြင့် အစိုးရစစ် မေးခွန်း) ကို မေးခွန်းထုတ်သူ ကိုယ်တိုင်က ရိုက်ရ၊ ရေးရ ပါသည်။ ကွန်ပျူတာပဲ သုံးသုံး၊ လက်နှိပ်စက်ပဲ သုံးသုံး စာရေး အဆင့်ကို ခိုင်းခဲ့သည် ရှိသော် ပြဿနာ ဖြစ်လာလျှင် တာဝန် ယူရမည့်သူမှာ မေးခွန်း ထုတ်သူနှင့် မေးခွန်းကို ထိန်းသိမ်း ထားရသူ နှစ်ဦး တည်းသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပြဿနာ တခု ဖြစ်လာပါက အမှန်တကယ် တာဝန် အရှိဆုံး သူများက တာဝန် မယူဘဲ အဖျား အနား တာဝန်ရှိသူများ အပေါ် အပြစ်ပုံချ လာသည့် ယဉ်ကျေးမှုကို ကျင့်သုံး လာသည်က အာဏာရှင် အစိုးရ အဆက်ဆက် လက်ထက်သာ မက ဒီမိုကရေစီကို ဖော်ဆောင်နေသည် ဆိုသည့် လက်ရှိ ဦးသိန်းစိန် အစိုးရ လက်ထက်ထိ ဖြစ်ပါသည်။

တာဝန်ရှိသော ကျောင်းအုပ်ကြီး၊ မေးခွန်းထုတ်သည့်ဆရာ၊ ပညာရေးမှူး၊ အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် ပညာရေး ၀န်ကြီးသည် တာဝန် အရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

သူတို့ထဲမှ မည်သူမှ လူထုရှေ့ထွက် လာခြင်း၊ တာဝန်ယူ စကားပြောကြားခြင်း၊ တာဝန်ခံခြင်း မရှိ။ နောက်ဆုံး ထွက်လာ သည်က အဖျားအနား မိတ္တူကူးပေးသူနှင့် ကိုယ်ပိုင် ကျောင်းမှ ဆရာမ ဖြစ်နေသည်။

ဦးသိန်းစိန် အစိုးရ သက်တမ်း တလျှောက် ပညာရေးကို ပြုပြင်ရန် လုပ်ဆောင် နေသည်ဟု အစဉ် တစိုက် ပြောကြား ခဲ့သည်။

သို့သော် လက်တွေ့တွင် အမျိုးသား ပညာရေး ဥပဒေကြမ်း ကိုပင် အဆုံး မသတ်နိုင်ခဲ့။ ကျောင်းများ ဆောက်ပေးခြင်း၊ နေ့စား လရှင်း မူလတန်း ဆရာ၊ ဆရာမများ ခန့်ထားပေးခြင်း၊ အခမဲ့ မူလတန်း ပညာရေးကို ဆောင်ရွက်နေပြီ စသည် စသည် လုပ်ဆောင် ခဲ့သော်လည်း၊ ဆရာများ၏ အရည်အသွေးကို စစ်ဆေးမှု မရှိခဲ့ကြောင်း မဖွယ်မရာ မှားသည့် မေးခွန်းများက ဖော်ပြနေ ကြပါသည်။

၂၀၁၅- ၂၀၁၆ ပညာသင်နှစ်လေးတန်းနှင့် ရှစ်တန်းစာမေးပွဲကိစ္စများက လက်ရှိ မြန်မာ့ပညာရေးလောက၏ ပေါ့ဆမှု၊ တာဝန်မသိမှု၊ တာဝန်မခံမှု၊ ပျက်ယွင်းနေသော ပညာရေးဝန်ထမ်းများ၏ ကိုယ်ကျင့်တရားနှင့် အရည် အချင်းမဲ့မှု အားလုံးကိုလှစ်ဟပြလိုက်ခြင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့၊ သေနေ့ ကိုမျှ မသိသော ဆရာ၊ ဆရာမ။ ပြည်ထောင်စု ဟူသော အဓိပ္ပာယ်ကိုမျှ မသိသော ဆရာ၊ ဆရာမ။ သင်္ချာဘာသာ ရပ်တွင် တည်ကိန်းထက် အကြွင်းငယ် ရသည် ဆိုသော အခြေခံ ကိုမျှ မသိသော ဆရာ၊ ဆရာမ။ တရုတ် သမ္မတ မြန်မာနိုင်ငံဟု မှားရေး သည်ထိ ပေါ့ဆသည့် ဆရာ၊ ဆရာမ (သို့မဟုတ်) မိမိနိုင်ငံ အမည်ပင် မှန်အောင် မသိသော ဆရာ၊ ဆရာမများ။ မေးခွန်း မဟုတ်သည့် မေးခွန်း သွေးအားနည်း ရောဂါ မဖြစ်စေရန် မည်သည့် ရောဂါ ရစေသနည်း ဟူသော ၀ါကျမျိုး တည်ဆောက်သည့် ဆရာ၊ ဆရာမများ လက်ဝယ် အပ်နှံ ထားရမည့် မြန်မာ့ပညာရေးကား ထင်ထားသည် ထက်ပင် နိမ့်ကျ နေပါသည်။

မြန်မာ့ပညာရေး ပြုပြင်ရေးတွင် ဦးဆုံး ဆောင်ရွက် ရမည်မှာ ဆရာ ဆရာမ များ၏ အရည်အသွေးနှင့် ကိုယ်ကျင့် တရားဖြစ်ကြောင်း၊ လက်ရှိ လေးတန်း၊ ရှစ်တန်း မေးခွန်း ပေါက်ကြားမှု ကမောက် ကမ မေးခွန်းများ မေးခွန်း အမှားများ ထုတ်မှုက မီးမောင်း ထိုးပြ နေပေသည်။

ခင်နှင်းဦး

Originally published at - https://www.facebook.com/NewsWatchJournal/posts/986982624672872:0


Read More »

Monday, January 25, 2016

အညွန့်တလူလူ တီရှပ်တွေထုတ်ဖို့




‘‘ကျွန်မတို့ရဲ့ စာသင်ကျောင်း တွေမှာလည်း ကျောင်း စာကြည့်တိုက် ဆိုတာ မရှိသလောက် ဖြစ်နေပါပြီ။ စာပေ လေ့လာ ဖတ်ရှုချိန် ဆိုတာလည်း ကျောင်း စာသင်ချိန် ထဲမှာ မရှိတော့ ပါဘူး။ စာအုပ် စာပေ တွေလည်း ကျောင်းသားတွေရဲ့ ပတ်ဝန်းကျင်မှာ မရှိတော့ ပါဘူး။

ပညာရေး စနစ်ကလည်း အလွတ် ကျက်ဖြေရတဲ့ စနစ်ဖြစ်လေတော့ အခြားသော ကျောင်းပြင်ပ အတွေးအခေါ် အယူအဆနဲ့ ဆင်ခြင်နိုင်စွမ်း တွေကို ကန့်သတ် ထားပြီး စာပေ ဖတ်ရှု တာတွေကို ကန့်သတ် ထားသလို ဖြစ်နေ ပါတယ်။

ဒီအခြေအနေမှာ ကျွန်မတို့ရဲ့ ကျောင်းသားလူငယ်တွေ စာပေနဲ့ အလှမ်းဝေးသွားတာ သိပ်ဝမ်းနည်းဖို့ကောင်းပါတယ်။ ကျွန်မတို့မြို့ရွာ၊ ရပ်ကွက်တွေမှာလည်း စာကြည့်တိုက်ရှိတဲ့ မြို့ရွာရပ်ကွက်ဆိုတာ အင်မတန်ရှားပါးလှပါတယ်။ စာအုပ်စာပေတွေ အလွယ်တကူမရနိုင်တဲ့အတွက် ကျွန်မတို့ရဲ့ လူငယ်လေးတွေ စာပေလေ့လာဖတ်ရှုမှုအားနည်းသွားရပါတယ်။

ဒီနေ့ခေတ်မှာ နည်းပညာက လွန်စွာအဆင့်မြင့်တာနဲ့အလျောက် ကျွန်မတို့ရဲ့ လူနေမှုဘဝတွေကို များစွာပြောင်းလဲစေပါတယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ ကလေးတွေက ကွန်ပျူတာဂိမ်းတွေ၊ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ရက်တွေမှာ သူတို့ရဲ့ အချိန်အများစုကို အသုံးချနေကြပါတယ်။

နည်းပညာ အသုံးပြုမှုမြင့်တက်လာတာကြောင့်လည်း ကလေးတွေ စာပေဖတ်ရှုတဲ့အချိန် နည်းလာပါတယ်။ ဒါကြောင့် မြို့ရွာရပ်ကွက်နဲ့ ကျောင်းတွေတိုင်း စာကြည့်တိုက်များ ထားရှိနိုင်ရေး ကြိုးပမ်းကြရမယ့်အပြင် ကလေးတွေ စာဖတ်ချင်ကြဖို့အ တွက် ကလေးစာအုပ်များ ပိုမိုရေး သားထုတ်ဝေဖို့လည်း အထူးအ ရေးကြီးပါတယ်’’

မြန်မာနိုင်ငံရဲ့ တစ်ဦးတည်း သော နိုဗယ်ဆုရှင် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်-မြန်မာစာပေပွဲတော်ကို ပေးပို့တဲ့ သဝဏ်လွှာပါ။ ဒီစာကို ဖတ်ပြီးပြီးချင်း ကျွန်တော်တို့ နောင်တော် ကဗျာဆရာ မင်းချမ်းမွန်ရဲ့ စာကြည့်တိုက် ဆိုတဲ့ ကဗျာကို သတိရမိတယ်။

ဒီကဗျာကို စာ ကြည့်တိုက်ကိစ္စနဲ့ပတ်သက်တိုင်း ရွတ်ဖြစ်နေလို့ အလွတ်နီးပါးရနေ တာကိုး။ ဒီကဗျာကို ဆရာကမဟောသဓမဂ္ဂဇင်းမှာ ၂၀၀၅ ဒီဇင်ဘာက ရေးခဲ့တာဆိုတော့ဆယ်နှစ်ကျော်ပြီပေါ့။

ရေနံကြောပေါ်

တယောထိုင်ထိုးနေလို့

အလကားပဲ

မြေကြီးကိုလက်နဲ့

ထွန်ယက်ရမယ့်ခေတ်လည်း

မဟုတ်တော့ဘူး။

ဆရာ့ရဲ့ နိမိတ်ပုံ၊ တင်စား ချက်တွေက ကဗျာကို လှပပြီး ကြွ နေစေပါတယ်။ ကဗျာကို စရွတ်ရွတ်ချင်းပဲ အားမလို အားမရဟန် တွေကတော့ အထင်းသားပေါ် လွင်နေပါတယ်။ ဒီကဗျာပိုဒ်ကို ဖတ်မိတော့ ဆရာကြီးဦးအောင် သင်းရဲ့စကားကို အမှတ်ရမိပါ တယ်။ သူများနိုင်ငံက အသိပညာ၊အတတ်ပညာ ကျွမ်းကျင်မှုတွေ ပြည့်ဝတဲ့ ပညာရှင်တွေက ခေတ် မီနည်းပညာ၊ ခေတ်မှီ ကိရိယာ တွေနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ စတဲ့ သယံဇာတတွေ ထုတ်ယူနေ ချိန်မှာ မြန်မာနိုင်ငံသား တွေက ပေါက်တူး၊ ဂေါ်ပြားတွေထမ်းပြီး အောက်ခြေအလုပ်သမားအဖြစ် လုပ်ကိုင်ရမှာကို သတိပေးတဲ့အ နေနဲ့ ‘ကူလီမျိုးဟေ့ တို့ဗမာ’လို့ မာန်မဲခဲ့ဖူးပါတယ်။

သာကီမျိုး ဟေ့ တို့ဗမာဆိုပြီး အသားလွတ် ဘဝင်မြင့်နေတာကိုလည်း ဆရာ ကြီးက နာနာနှက်ချင်ပုံပါပဲ။ ဆရာမင်းချမ်းမွန်ကလည်း သဘာဝ သယံဇာတပုံပေါ်ထိုင်ပြီး ထုတ်ယူ တတ်၊ ထုတ်ယူနိုင်တဲ့ ပညာမရှိ လို့ မထုတ်ယူနိုင်တာကို ခပ်မာမာ ပဲ ပြောချလိုက်ပါတယ်။ ရေနံ ကြောပေါ် တယောထိုင် မထိုးနဲ့တဲ့။ တစ်ဆက်တည်း အသိပညာ၊ အတတ်ပညာတို့ရှိဖို့ မြေကြီးကို လက်နဲ့ ထွန်ယက်ရမယ့် ခေတ်လည်း မဟုတ်တော့ဘူးလို့ သတိပေးပါတယ်။ ပြီးတော့မှ ဆရာက ကဗျာကို ဆက်ပါတယ်။

အပင်တွေမှာ

ဓာတ်မြေဩဇာလိုသလို

လူတွေမှာ

စိတ်အာဟာရတစ်ခုခု

လိုအပ်တယ်။

လက်ခတ်လှေနဲ့

ဘယ်လိုကမ္ဘာပတ်မလဲ တဲ့။

ကဗျာရဲ့ ပထမပိုဒ်နဲ့ ဒုတိယ ပိုဒ်က ဆက်စပ်မှုမဲ့သွားသလိုဖြစ် သွားတယ်။ ကိုယ့်ရဲ့သားချင်းညီ ငယ်တစ်ယောက်ကို ဒါတွေ ဘာ လို့လုပ်တာလဲ၊ ဘာလို့မလုပ်တာ လဲဆိုတဲ့ ခပ်တင်းတင်းလေသံက နေ ဒါတွေရှိဖို့ လိုတယ်ကွလို့ ပြောလိုက်သလိုပါပဲ။ အပင်မှာ မြေ ဩဇာ၊ လူမှာ စိတ်အာဟာရတဲ့။ အဲဒါကို ဘယ်ကရမလဲ။

ကဗျာဆရာက သွယ်ဝိုက် မနေပါဘူး။ ခပ်ဖြောင့်ဖြောင့်ဟောဟောဒိုင်းဒိုင်းပဲပြောချလိုက်တယ်။

စာကြည့်တိုက်ဆိုတာ

အလင်းရောင်နဲ့ တလက်လက်

အညွန့်တလူလူ

တီရှပ်တွေ ထုတ်လုပ်ရာ

မီးခိုးမထွက်တဲ့

စက်ရုံလည်းဖြစ်တယ်။

ဒီဘက်ခေတ်မှာ

စာမဖတ်တဲ့ တောင်တန်းဟာ

အကန်းပဲ

ဒီကဗျာတစ်ပုဒ်လုံးမှာ ကျွန် တော်အကြိုက်ဆုံးအပိုဒ်ပါ။ လှ လိုက်တဲ့ သင်္ကေတ၊ သူက လူ ငယ်တွေကို တီရှပ်တွေလို့ တင် စားလိုက်တယ်။ တီရှပ်ဆိုတာ လူ ငယ်တွေ မက်မက်စက်စက်ဝတ် ကြတဲ့ အဝတ်အစား။ ဒါကို ဆရာ က အမိအရဖမ်းဆုပ်ပြီး လူငယ် တွေကိုယ်စားပြုတဲ့ သင်္ကေတအ ဖြစ် ဖော်ကျူးတယ်။ အဲဒီတီရှပ် တွေ အလင်းရောင်နဲ့ တလက် လက်၊ အညွန့်တလူလူဖြစ်ဖို့တဲ့။

ထုတ်လုပ်တဲ့ စက်ရုံက မီးခိုး မထွက်တဲ့စက်ရုံ စာကြည့်တိုက် တဲ့လေ။ စာကြည့်တိုက်ဆီကပဲ ထက်မြက်တဲ့ လူငယ်တွေ၊ အသိ ဉာဏ်ပြည့်ဝတဲ့ လူငယ်တွေ၊ ဆင် ခြင်တုံတရားရှိတဲ့ လူငယ်တွေ။ ပရဟိတစိတ်ရှိတဲ့ လူငယ်တွေ။ ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်တဲ့ လူငယ်တွေ။ အတ္တစိတ်မလွန်ကဲတဲ့ လူငယ်တွေ စသည်စသည်နိုင်ငံ အတွက် အနာဂတ်မျိုးဆက်ကောင်းတွေ ထွက်လာမယ်လို့ ဆရာက တထစ်ချ ပြောလိုက်ပါတယ်။ သ

ည့်ထက် ပိုပြောရရင်တော့ ရာထူးဂုဏ်သိန်တွေ ဘယ်လောက်ထည်ဝါထည်ဝါ။ ဓနဥစ္စာတွေ ဘယ်လောက်ကြီးကြီး၊ ဘဝအခြေတွေ ဘယ်လောက်မြင့်မြင့် စာမဖတ်ရင် အလကားပဲဆိုတာကို ဒီဘက်ခေတ်မှာ စာဖတ်တဲ့တောင်တန်းဟာ အကန်းပဲလို့ ဖွဲ့ချလိုက်ပါတယ်။

ကဗျာရဲ့ နောက်ဆုံးပိုဒ်မှာတော့ ဆရာဟာ လူငယ်တွေကို အားပေးစကားပြောလိုဟန်ရှိ ပါတယ်။

ကိုယ်တိုင်ထွင်ရမယ့်လမ်းက

ကျောက်ကြမ်းမယ်

ပျော်ရွှင်ဖွယ်ရာ စိမ်းလန်းဖို့

ကျွန်တော်တို့

အတူတူ ထမ်းပိုးကြတာပေါ့ တဲ့။

ဆရာမင်းချမ်းမွန်ကတော့ စာကြည့်တိုက်ရဲ့တန်ဖိုးကို လှလှ ပပဖွဲ့ဆိုထားပါတယ်။ ဒါပေမဲ့ လည်း အဲဒီလောက် အရေးကြီးတဲ့ စာကြည့်တိုက်ဆိုတာ သူများနိုင်ငံ တွေမှာ ‘ဧကရာဇ်တို့ရဲ့ဘဏ္ဍာ တိုက်’ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ တော့ အစိုးရတစ်ရပ်ရဲ့ ပေါ်လစီ မူဝါဒတွေကို အမွှမ်းတင်ဖြန့်ချိတဲ့ နေရာတစ်ခုကနေ ဘယ်တုန်းကမှ မပိုခဲ့ပါဘူး။

စာကြည့်တိုက်နဲ့ လူထုဝေးကွာလာအောင်လုပ်ရင်း လူထုကိုယ်တိုင်က စာကြည့်တိုက် ကို စိတ်မဝင်စားတော့ပါဘူး။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာတောင် စတုဒိသာကျွေးဖို့ သိန်းနဲ့ချီ အကုန်ခံနေတဲ့ အလှူရှင်တွေကို စာကြည့်တိုက် အတွက် အလှူခံတော့ နှစ်ထောင်၊ သုံးထောင်ထက် ပိုမထွက် လာပါဘူး။

ပြောရရင်လူတွေကို ဟင်းတစ်နပ်နဲ့ ကောင်းကောင်းကျွေးမွေးလိုက်တဲ့ အလှူဟာ ပီတိဖြစ်စရာ ကုသိုလ်ဖြစ်ကောင်း ဖြစ်ပေမယ့် စိတ်အာဟာရတွေကို စတုဒိသာလုပ်နေတဲ့ စာကြည့်တိုက် များကို လှူဒါန်းမယ် ဆိုရင်တော့ သူတို့တွေ အနပ်ပေါင်း များစွာ စားသုံးရမှာပါ။

ရပ်ကွက်တစ်ခုမှာ စာကြည့်တိုက်တစ်ခုထူထောင်ဖို့ဆို တာ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော့်ကိုယ်တွေ့ပါ။ စာကြည့်တိုက်ထောင်ဖို့ ကြိုးစားသူတိုင်းကို ရဝတ ဥက္ကဋ္ဌတွေ၊ မဝတ ဥက္ကဋ္ဌတွေကိုယ်တိုင် အစိုးရဆန့်ကျင်ရေးသမား သူပုန်ဆိုတဲ့မျက်လုံးနဲ့ အကြည့်ခံခဲ့ရတဲ့ခေတ် မှာ စာကြည့်တိုက်ထူထောင်ဖို့ လူထုကိုယ်တိုင်လည်း စိတ်မပါခဲ့ပါဘူး။

အခုတော့ ခေတ်စနစ် တွေ၊ အပြောင်းအလဲမှာ နိုင်ငံတော်ရဲ့အကြီးအကဲ (သမ္မတဖြစ်ဖြစ်၊မဖြစ်ဖြစ်) ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စာကြည့်တိုက်တွေ၊ စာဖတ်ဖို့ကိစ္စတွေ လေးလေး နက်နက်ပြောလာတော့ ဝမ်းသာရပါတယ်။

ရပ်ကွက်တစ်ခုမှာ စာ ကြည့်တိုက်တစ်ခု၊ ကျောင်းတစ် ကျောင်းမှာ စာကြည့်တိုက်တစ် တိုက်သာ ရှိမယ်ဆိုရင် ကျွန်တော် တို့ဟာ မဝေးလှတဲ့ အနာဂတ်မှာ သယံဇာတတွေကို ပျော်ပျော်ပါး ပါး ခံစားသုံးဆောင်ရင်း တယော ထိုင်ထိုးနိုင်ပြီပေါ့။

By - နီဟိန်းမော်

Originally published at - http://www.7daydaily.com/story/56392


Read More »

Saturday, September 12, 2015

ကျွန်ုပ်တို့ ပညာရေး ဒီလိုရှိတယ်




အခု တစ်လောမှာ နေ့စား လပေး (မူလတန်းပြ) ရာထူးအတွက် Ph.D, M.Res, M.Sc, M.A, B.Sc နဲ့ B.A ဘွဲ့ရတွေ လျှောက် ထားနိုင်တဲ့ အကြောင်း သက်ဆိုင် ရာပြည်နယ်နဲ့ တိုင်းဒေသကြီး အ လိုက် လျှောက်လွှာတွေ ခေါ်ယူ နေပါတယ်။ ၂၀၁၄-၁၅ ပညာ သင်နှစ်က စပြီး နေ့စားလပေး (မူ လတန်းပြ) ရာထူးအတွက် အခု လိုမျိုး လျှောက်လွှာခေါ်ယူနေတာ ကို သတိထား မိပါတယ်။ ပါရဂူ ဘွဲ့ရတွေနဲ့ မဟာဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ တွေကိုပါ အလုပ်ခေါ်ယူနေတဲ့ အ တွက် မြန်မာနိုင်ငံရဲ့ ပညာရေးအ ဆင့်အတန်းနဲ့ အလုပ်အကိုင်အ ခွင့်အလမ်းအပေါ် မေးခွန်းထုတ် စရာ ဖြစ်နေပါပြီ။ မြန်မာ့ ပညာရေး ကဏ္ဍမှာ အဆင့်အမြင့်ဆုံး ဖြစ်တဲ့ ပါရဂူဘွဲ့ရတွေအနေနဲ့ ဘယ်လောက်တောင် အလုပ်လက်မဲ့ ဖြစ်နေကြပြီလဲဆိုတာကို တရားဝင် ကြေညာလိုက်သလိုပါပဲ။

မြန်မာနိုင်ငံမှာ တက္ကသိုလ် ၀င်တန်းအောင်မြင်ပြီးပြီဆိုရင် ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့တစ်ခုခုရဖို့ အရင် က အနည်းဆုံး သုံးနှစ်ကနေ လေးနှစ်အထိ အဆင့်မြင့်ပညာကို ဆက်လက် သင်ယူရပါတယ်။ အခုစနစ်သစ်အရဆိုရင် လေးနှစ်ကနေ ငါးနှစ်အထိ ကြာပါတယ်။ မဟာဘွဲ့အတွက် အနည်းဆုံး နောက်ထပ် ၂ နှစ်၊ ဆက်ပြီးတော့မဟာသုတေသန ဘွဲ့အတွက် တစ်နှစ်၊ ပါရဂူဘွဲ့အတွက်ဆိုရင် နောက်ထပ်အနည်းဆုံး ငါးနှစ်လောက် ဘာသာရပ်ဆိုင်ရာနယ်ပယ်တစ်ခုခုမှာ သုတေသနလုပ်လေ့လာဆည်းပူးရပါတယ်။

ဒါကြောင့် ပါရဂူဘွဲ့ရတစ်ယောက်အနေနဲ့ ပညာရေးကဏ္ဍမှာ အခြေခံပညာကစပြီး တွက်မယ်ဆိုရင် အနည်းဆုံးနှစ်ပေါင်း ၂၂ နှစ်ကနေ ၂၄ နှစ်လောက်အထိ ပညာသင်ယူဆည်းပူးပြီး သုတေသနပြုလုပ်ရပါတယ်။ ဒီလိုနှစ်ပေါင်းများစွာ ငွေအင်အားတွေ၊ ဉာဏစွမ်းအားတွေကို ရင်းနှီးမြှုပ်နှံနိုင်ပါမှ ပါရဂူဘွဲ့တစ်ခုရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ မိမိရရှိခဲ့တဲ့ ပညာအရည်အချင်းကို အသုံးချနိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလွန်းနေတာကြောင့် နောက်ဆုံးတော့ ကြုံရာကျပန်းအလုပ်တွေကိုပဲ လုပ်ကိုင်နေကြရတာဟာ အင်မတန်စိတ်မကောင်းစရာပါ။

သင်ယူတတ်မြောက်ခဲ့တဲ့ သက်ဆိုင်ရာဘာသာရပ်တွေအလိုက် သက်ဆိုင်ရာ အလုပ်ကဏ္ဍတွေနေရာမှာ အသုံးချနိုင်မယ်ဆိုရင် အင်မတန် အကျိုးရှိမှာပါပဲ။ ဒီလိုပြဿနာတွေကို စစ်အစိုးရလက်ထက်ကစလို့ ယနေ့ဒီမိုကရေစီလို့ ကြွေးကြော်ထားတဲ့ အစိုးရလက်ထက်တိုင် မဖြေရှင်းနိုင်သေးပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မြန်မာ့ပညာရေးအပေါ် ဘယ်အတိုင်းအတာအထိ စိတ်ဝင်စားမှုရှိသလဲဆိုတာသံသယ ဖြစ်စရာပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ အ လုပ်ရာထူးခန့်ထားရေးတွေကို ကြည့်မယ်ဆိုရင် ကဏ္ဍအတော် များများမှာ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်သည် ဆိုတာ တွေကိုပဲ အများဆုံးတွေ့ရမှာပါ။ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များ များနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံ တွေမှာ မည်သည့်ရာထူး၊ အလုပ် တာဝန်တွေပဲဖြစ်ပါစေ သင်ယူ တတ်မြောက်ထားတဲ့ ဘွဲ့နဲ့ ပညာ အရည်အချင်းတွေကိုကြည့်ပြီး အလုပ်ခန့်ထားတာတွေကိုပဲ တွေ့မြင်ကြရမှာပါ။ ဒါကြောင့်လည်း အဲဒီနိုင်ငံတွေအနေနဲ့ တိုးတက်ပြီးရင်း တိုးတက်နေကြတာကို တွေ့မြင်ရမှာပါ။

တစ်ခုစဉ်းစားစရာ ရှိတာက တော့ မြန်မာနိုင်ငံမှာ မည်သည့် အတန်း၊ မည်သည့်ပညာ၊ မည် သည့်ဘွဲ့ပဲရရ ကဏ္ဍအားလုံးမှာ အသုံးချလို့ ရနေလို့လား။ ဒါမှ မဟုတ် မည်သည့်ဘွဲ့ပဲရရ ပညာ အရည်အချင်းက မထူးခြားဘဲ အားလုံးအတူတူပဲ ဖြစ်နေလို့လား လို့ မေးစရာဖြစ်နေတာကတော့ အမှန်ပါပဲ။ ပွင့်လင်းစွာသုံးသပ် ရမယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံ ဟာ ပညာရေးအပေါ် အခြေခံပြီး ရပ်တည်နေတာ မဟုတ်သေးဘူး ဆိုတာပါပဲ။ အားလုံးသိထားတဲ့ အတိုင်း မြန်မာ့စီးပွားရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုဟာ သဘာဝသယံဇာ တတွေနဲ့ နိုင်ငံတကာကြွေးမြီတွေ အပေါ်ကိုသာ အလွန်အမင်း မှီခို အားထားနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပညာရေးအပေါ် ယုံ ကြည်အားထားမှု မရှိဘူးဆိုရင် သဘာဝသယံဇာတတွေ ကုန်ခန်း သွားတဲ့နေ့ဟာ နိုင်ငံနဲ့ ပြည်သူလူ ထုတွေ ထမင်းငတ်တဲ့နေ့ပဲလို့ ပြောရမှာပါပဲ။

တစ်ချိန်က အာရှမှာ ပညာ ရေးအဆင့်အတန်းမြင့်မားပြီး အ တိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုး တက်မှုရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုအချိန်မှာတော့ ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်မှုအောက်ဆုံးအဆင့် နိုင်ငံတွေထဲ ဘာကြောင့် ရောက် ရှိသွားရသလဲဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အမှန်အတိုင်းသိမြင်ပြီး အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားနိုင်ဖို့ အလွန်အရေးကြီးနေပါပြီ။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ပညာရေးရင်းနှီးမြှုပ်နှံမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍကို အလေးထားရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေဟာ အခုအချိန်မှာ ကမ္ဘာ့ထိပ်တန်းစီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဖြစ်ကုန်ကြပါပြီ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ တစ်ချိန်က မြန်မာနိုင်ငံရဲ့ နောက်မှာရှိနေခဲ့တဲ့နိုင်ငံအတော်များများဟာ အခုအချိန်မှာ မြန်မာနိုင်ငံကို ကျော်တက်သွားကြပါပြီ။ အာဆီယံနိုင်ငံတွေထဲက သယံဇာတမရှိတဲ့ စင်ကာပူနိုင်ငံဟာ အထင်ရှားဆုံးသာဓကတစ်ခုပဲ မဟုတ်ပါလား။

လက်ရှိမြန်မာနိုင်ငံဟာ ပညာရေးကဏ္ဍမှာ ဘွဲ့ရလူငယ် အရေအတွက် သိန်းနဲ့ချီပြီး နှစ်စဉ် မွေးထုတ်ပေးလျက် ရှိပါတယ်။ စိတ်မကောင်းစရာကတော့ အဲဒီ လူငယ်တွေအတွက် အလုပ်အ ကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင် မှု အလွန်နည်းပါးနေသေးတာပါ ပဲ။ ဒါကြောင့်လည်း ဘွဲ့ရပြီးပေ မယ့် ပြည်တွင်း အလုပ်အကိုင်ရှား ပါးမှုကြောင့် အိမ်နီးချင်း နိုင်ငံတွေမှာ အဆင့်အတန်းနိမ့်တဲ့ အိမ်ဖော်အလုပ်တွေအထိ သွားရောက်အလုပ်လုပ်ကိုင်နေကြတာကို စိတ်မကောင်းစရာအဖြစ် တွေ့မြင်နေကြရဆဲပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းကိုလည်း မည်သည့်နိုင်ငံကမှ အသိအမှတ်မပြုကြသေးပါဘူး။ ဒီလိုပညာရေး အဆင့်အတန်းနိမ့်ကျရခြင်းဟာ မြန်မာနိုင်ငံကို တာဝန်ယူခဲ့တဲ့ စစ်အစိုးရတွေအနေနဲ့ သူတို့ရဲ့အာဏာတည်မြဲရေး တစ်ခုတည်းကိုပဲ ဦးထိပ်ထားခဲ့တာကြောင့်လို့ ဆိုရင်မှားမလား။ ဒါ့အပြင် စစ်အစိုးရတစ်ခန်းရပ် သွားပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာခဲ့တဲ့ အရပ်သားအစိုးရနဲ့ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းတွေ ဆိုတာ ကလည်း အရင်စစ်အစိုးရလက် ထက်က စစ်ဗိုလ်ချုပ်တွေနဲ့ပဲ ဦး ဆောင်ဖွဲ့စည်းထားတာ ဖြစ်လို့ ပညာရေးကဏ္ဍဟာလည်း သိသိ သာသာ မပြောင်းလဲသေးဘဲ အရင်အတိုင်း ရှိနေသေးတယ်ဆို ရင်ကော မှားနေမလား။

ဒီမိုကရေစီစနစ်ကို ယုံစား ပြီး မြန်မာ့ပညာရေးစနစ်ကို ပြု ပြင်ပြောင်းလဲလိုတဲ့ ကျောင်းသား လူငယ်တွေနဲ့ ပြည်သူအချို့အနေ နဲ့လည်း လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခဲ့ကြလို့ အခုအချိန်အထိ အ ကျဉ်းထောင်တွေထဲမှာ ရှိနေကြ ဆဲပါ။ နိုင်ငံရဲ့ ပညာရေးဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ အသာထား အခုအချိန်အထိ ကျေးလက်ဒေသ တွေနဲ့ နယ်စပ်ဒေသတွေမှာ စာ မတတ်တဲ့ ပြည်သူတွေရှိနေကြ ဆဲပါ။ ဒါကြောင့်လည်း မဆလအ စိုးရလက်ထက်ကတည်းက လုပ် ဆောင်လာခဲ့တဲ့ စာမတတ်သူ ပပျောက်ရေးစီမံကိန်းတွေဟာ အ ခုအချိန်အထိ မပြီးပြတ်သေးပါ ဘူး။ အမျိုးသားရေးတာဝန်ဆိုပြီး ကြွေးကြော်လုပ်ဆောင်နေကြ တာကို တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သက်ဆိုင် ရာ အစိုးရအနေနဲ့ မသင်မနေရ အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပေ မယ့် ပြည်သူတွေအနေနဲ့ ခက်ခဲ လှတဲ့ စားဝတ်နေရေးကြောင့် မျှော်မှန်းထားသလောက် အောင် မြင်မှု မရရှိနိုင်သေးပါဘူး။ မြို့ကြီးပြကြီးတွေမှာတောင် ကျောင်းမနေနိုင်ကြဘဲ စားဝတ်နေရေးအ တွက် ရုန်းကန်နေကြရတဲ့ ကျောင်းနေအရွယ်ကလေးသူငယ်တွေ အများကြီးတွေ့နေကြရဆဲပါ။

နိုင်ငံစီးပွားရေးကျဆင်းမှုဟာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် ပြည်သူတွေအနေနဲ့ အလုပ်အကိုင်ရရှိဖို့ဆိုတာ တစ်နေ့တခြားခက်ခဲလာပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီလို့ ပြောဆိုနေကြပေမယ့် ပြည်သူအများစုကတော့ ထမင်းနပ်မှန်အောင်စားရဖို့ ရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်တစ်ဆုပ်စာလူတစ်စုဖြစ်တဲ့ ခရိုနီတွေနဲ့ အရင်စစ်အစိုးရလက်ထက်က ပုဂ္ဂိုလ်တချို့ကတော့ ချမ်းသာပြီးရင်း ချမ်းသာလျက်ပါပဲ။

မြန်မာနိုင်ငံမှာရှိတဲ့ ပြည် တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဟာ ကာယလုပ်အားကို အခြေခံ တဲ့ အလုပ်အကိုင်တွေကသာ များပြားနေပြီး နည်းပညာကို အခြေခံတဲ့ အလုပ်အကိုင်ဆိုတာ အလွန်ကိုပဲ ရှားပါးလှပါတယ်။ ယနေ့နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြပြီဆိုရင် သူတို့အတွက် အကျိုးဖြစ်ထွန်းစေမယ့် အချက်တွေကိုသာ ဦးထိပ်ထားနေကြတာ တွေ့ရပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို သူတိုရဲ့ ငွေအင်အား၊ ပစ္စည်းအင်အားနဲ့ နည်းပညာတွေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာကြဖို့နဲ့ မြန်မာနိုင်ငံသားတွေကို လုပ်ခဈေးပေါတဲ့ လုပ်သားတွေအဖြစ် အသုံးချဖို့အတွက်သာ လာရောက်ရင်းနှီး မြှုပ်နှံနေကြတာကို တွေ့ရမှာပါ။ မြန်မာနိုင်ငံက ဘွဲ့ရလူငယ်တွေ ကို နည်းပညာပိုင်းဆိုင်ရာမှာ အသုံးပြုမှု အလွန်နည်းပါးလှပါ တယ်။ တစ်နည်းပြောရရင် မြန်မာနိုင်ငံက ဘွဲ့ရလူငယ်တွေရဲ့ အရည်အသွေးကို ယုံကြည်စိတ်ချမှု မရှိလို့ပါပဲ။ အခုအချိန်မှာ အရည်အချင်းကိုတော့ မပြော လိုပါဘူး။ ဘွဲ့ရအလုပ်လက်မဲ့ တွေကတော့ တိုးပွားပြီးရင်း တိုး ပွားလျက် ရှိနေဆဲပါ။

ဒါကြောင့်လည်း အခုလို နေ့ စား လပေး (မူလတန်းပြ) ရာထူး အတွက် အလုပ်လျှောက်ထားခြင်း နဲ့ပတ်သက်လို့ ပါရဂူဘွဲ့ရတွေနဲ့ မဟာဘွဲ့ရတွေကို ရည်ညွှန်းခေါ်ယူနေတာဟာဖြင့် မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ အခြေအနေနဲ့ မြန်မာ့ပညာရေးအဆင့်အတန်း ကို နိုင်ငံတကာက သိအောင် မီးမောင်းထိုးပြလိုက်တာပဲလို့ ယုံကြည်မိပါတယ်။

By - မင်းမျိုး

Original link - http://www.7daydaily.com/story/46218

Read More »

Thursday, August 27, 2015

ဘယ်တက္ကသိုလ်ကို ရွေးချယ်မှာလဲ



လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁) /ဓာတ်ပုံ - နစ်ကီ

၂၀၁၅ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင် ထားသည့် ကျောင်းသူ၊ ကျောင်းသားများ အခြေခံ ပညာကျောင်းတွင် ပညာသင်ကြား လာခဲ့ပြီးနောက် အဆင့်မြင့်ပညာ ကဏ္ဍသို့ ကူးပြောင်းရမည့် အချိန် ကာလသို့ ရောက်ရှိ လာပြီဖြစ် သည်။

မိမိတို့၏ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အနည်းအများပေါ် မူတည်၍ ဝါသနာပါရာ အသက်မွေးဝမ်းကျောင်း ဘာသာရပ်ကို ဆက်လက်ရွေးချယ်နိုင်ကာ ရရှိခဲ့သည့်ရမှတ်နှင့် ကိုက်ညီမည့် ဘာသာရပ်ကို ရွေးချယ်ကြရသည့်အချိန် တစ်ခုလည်း ဖြစ်သည်။

ယခုပညာသင်နှစ်တွင် ထူးခြားမှုတစ်ခုအနေဖြင့် တက္ကသိုလ် များကို ရွေးချယ်ရာ၌ ဒေသကန့်သတ်ချက်မရှိတော့ဘဲ မိမိတို့တက်ရောက်လိုသည့် တက္ကသိုလ်ကို အတိအကျရွေးချယ်တက်ရောက် နိုင်ခွင့် ရရှိမည်ဖြစ်သည်။ ၂၀၁၅တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ပါရှိသည့် တက္ကသိုလ်များအနက် မိမိတို့ရရှိသော ရမှတ်များနှင့် ကိုက်ညီနိုင်သည့် တက္ကသိုလ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆေးတက္ကသိုလ်

ဆေးတက္ကသိုလ်ရွေးချယ်မည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ယခုနှစ်တက္ကသိုလ်ဝင် ခွင့်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်ကို အနိမ့်ဆုံးရမှတ် မဖော်ပြထားဘဲ ဝင်ခွင့်လျှောက်ထား သည့် ရမှတ်အများဆုံးမှ သတ်မှတ်ထားသည့် လူဦးရေပြည့်သည် အထိ ဝင်ခွင့်ရွေးချယ်မည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ပြီး တက် ရောက်ခွင့်ရရှိသူများသည် သင်တန်းပြီးဆုံးသည်အထိ တက် ရောက်ရမည်ဖြစ်သည်။ ဝင်ခွင့်ရွေးချယ်ရာတွင် အမျိုးသား ၅၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၀ ရာခိုင်နှုန်းဖြင့် သင်တန်းသားဦးရေ ၁,၅၀၀ ဦး ရွေးချယ်မည်ဖြစ်သည်။

ဘွဲ့ရရှိပြီးပါက နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန် ထမ်းအဖြစ် အနည်းဆုံး သုံးနှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ရေးထိုးရမည် ဖြစ်ပြီး ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ် ၁၀ သိန်း ပေးလျော်ရမည်ဖြစ်သည်။

ပြီးခဲ့သည့်ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသည့် အနိမ့်ဆုံးရမှတ်သည် အမျိုးသား ၄၈၆မှတ်နှင့် အမျိုးသမီး ၅၀၅မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။ သွားဘက်ဆိုင်ရာတက္ကသိုလ်များသို့ ဝင်ခွင့်ဦးရေကို အမျိုးသား ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၀ ရာခိုင်နှုန်း လက်ခံမည်ဖြစ်ပြီး ဘွဲ့ရရှိပြီးပါက နိုင်ငံတော်မှ လိုအပ်သည့် အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ်တာဝန် ထမ်းဆောင်မည်ဟု ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဖြစ်သည်။

ပြီးခဲ့သည့်ပညာသင်နှစ်တွင် သွားဘက်ဆိုင်ရာတက္ကသိုလ်သို့ အမျိုးသား ၄၅၆ မှတ်နှင့် အမျိုးသမီး၄၉၅ မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်

ရန်ကုန်နှင့် မန္တလေးတက္က သိုလ်ဝင်ခွင့်အတွက် သတ်မှတ်ချက်ကို ယမန်နှစ်ထက် လျှော့ချ၍ အမြင့်ဆုံးရမှတ် ၄၇၅ မှတ်နှင့် ဝင်ခွင့် လျှောက်ထားနိုင်သည်။

ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ဦးရေ ၅၀ ဖြင့် စုစုပေါင်း ၁,၁၀၀ ဦးနှင့် မန္တလေးတက္ကသိုလ်တွင် ဘာသာရပ်တစ်ခုလျှင် ၇၅ ဦးဖြင့် စုစုပေါင်း ၁,၅၇၅ ဦးခေါ်ယူမည်ဖြစ် သည်။

ယခုနှစ် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်အမြင့်ဆုံးမှာ အင်္ဂလိပ်စာဘာသာရပ်ဖြစ်ပြီး အနိမ့်ဆုံး ရမှတ် ၄၇၅မှတ် သတ်မှတ်ထားပြီး ၎င်း၏ နောက်တွင် ရမှတ် ၄၅၀ နှင့် အ ထက်ဖြင့် ဥပဒေပညာ၊ နိုင်ငံတကာ ဆက်ဆံရေး၊ ကွန်ပျူတာသိပ္ပံနှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်တို့ကို လျှောက်ထားနိုင်သည်။ ရန်ကုန်နှင့် မန္တလေးတက္က သိုလ် တွင် ယမန်နှစ် ပညာသင်နှစ် ၌ ဘာသာရပ် ၂၁ ခုအတွက် ဝင်ခွင့် များ ခေါ်ယူခဲ့ပြီးနောက် ယခုနှစ်တွင် စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်ကို တိုးမြှင့်သင် ကြားခဲ့သည်။

ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် (Centre of Excellence - CoE)

ရန်ကုန်နှင့် မန္တလေးနည်းပညာတက္ကသိုလ်သည် နှစ်စဉ် ကျောင်းသူ၊ ကျောင်းသားများ စိတ်ဝင်တစား လျှောက်ထားကြပြီး ဝင်ခွင့်အမှတ်လည်း မြင့်မားခဲ့သည်။

ယခုနှစ် ရန်ကုန်နှင့် မန္တ လေးနည်းပညာတက္ကသိုလ်ဝင်ခွင့် အမှတ်မှာ အနိမ့်ဆုံးရမှတ် ၄၈၀သတ်မှတ်ထားပြီး ဝင်ခွင့်ရွေးချယ်ရာတွင် အမျိုးသားဦးရေ ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသမီးဦးရေ ၅၀ ရာခိုင်နှုန်းစီဖြင့် တက္ကသိုလ် တစ်ခုလျှင် သင်တန်းသားဦးရေ ၃၀၀ စီလက်ခံမည်ဖြစ်သည်။ ပြီးခဲ့သည့်ပညာသင်နှစ်တွင် ရန်ကုန်နည်းပညာတက္ကသိုလ် (CoE) ဝင်ခွင့်ရရှိသည့် အနိမ့်ဆုံးရမှတ်မှာ အမျိုးသား ၅၀၉ မှတ်နှင့် အမျိုးသမီး ၄၉၈ မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့ပြီး မန္တလေးနည်းပညာတက္ကသိုလ်သို့ အမျိုးသား ၄၈၅ မှတ်နှင့် အမျိုးသမီး ၄၈၀ မှတ်ဖြင့် ဝင်ခွင့်ရခဲ့သည်။

နည်းပညာတက္ကသိုလ်

ယခုပညာသင်နှစ်အတွက် ထူးခြားမှုအနေဖြင့် နည်းပညာတက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် မိမိလျှောက်ထားလိုသည့် နည်းပညာတက္ကသိုလ်အမည်နှင့် တက္ကသိုလ်တည်ရှိရာမြို့များကို ဦးစားပေး အစီအစဉ်အလိုက် ထည့်သွင်းရေးသားရမည် ဖြစ် သည်။

ဝင်ခွင့်ရွေးချယ်ရာတွင် အမျိုးသားဦးရေ ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၀ ရာခိုင်နှုန်းဖြင့် လက်ခံမည်ဖြစ်သည်။ ပြီးခဲ့သည့်ပညာ သင်နှစ်တွင် နည်းပညာ တက္ကသိုလ်များသို့ အမျိုးသား ၄၁၂ မှတ်နှင့် အမျိုးသမီး ၄၁၈ မှတ်ဖြင့် ဝင်ခွင့် ရရှိခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်

အဆင့်မြင့် ကွန်ပျူတာတက္က သိုလ် ( Centre of Excellence -CoE)ဖြစ်သည့် ရန်ကုန်ရှိ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်အတွက် အနိမ့်ဆုံးရမှတ်၄၅၀ ဖြစ်ပြီး မန္တလေးကွန်ပျူတာ တက္ကသိုလ်အတွက် အနိမ့်ဆုံး ရမှတ် ၄၂၀ မှတ်ဖြစ်သည်။ တက္ကသိုလ်တစ်ခုစီတွင် ကျောင်းသားဦးရေ ၂၀၀ ဦးစီ လက်ခံမည်ဖြစ်ပြီး သင်တန်းကာလ ငါးနှစ်တက်ရောက်ရမည်ဖြစ်သည်။

ပြီးခဲ့သည့်ပညာသင်နှစ်တွင် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များသို့ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ၄၈၀ ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။ ကျန်ကွန်ပျူတာတက္ကသိုလ်များသို့ ဝင်ခွင့် လျှောက်ထားသူများသည် မိမိလျှောက်ထားလိုသည့် နည်း ပညာတက္ကသိုလ်အမည်နှင့် တက္ကသိုလ်တည်ရှိရာမြို့များကို ဦးစား ပေးအစီအစဉ်အလိုက် ထည့်သွင်းရေးသားရမည်ဖြစ်သည်။

ပြီးခဲ့သည့်ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ်များသို့ ၃၆၅ မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။

စီးပွားရေးတက္ကသိုလ်

ထူးခြားမှုအနေဖြင့် စီးပွားရေးတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲတွင် မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူတိုင်း လျှောက်ထားနိုင်ပြီဖြစ် သည်။ သို့သော် ဘာသာရပ် အသီးသီးတွင် ရမှတ် ၅၀ မှတ်နှင့်အထက် ရရှိပြီး စုစုပေါင်းရမှတ် ၃၅၀နှင့်အထက်ရှိရမည်ဖြစ်သည်။ ဝင်ခွင့်ဦးရေအနေဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၁,၂၀၀ ဦး၊ မုံရွာစီးပွားရေးတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၁,၀၀၀ ဦးနှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၇၅၀ ဦးကို ဝင်ခွင့်လက်ခံမည် ဖြစ်သည်။ ပြီးခဲ့သည့်ပညာသင်နှစ်က ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၄၀၃ မှတ်၊ မိတ္ထီလာတွင် ၃၇၁ မှတ်နှင့် မုံရွာတွင် ၃၅၀ မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။

ပညာရေးတက္ကသိုလ်

ရန်ကုန်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အမျိုးသား ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၀ရာခိုင်နှုန်းဖြင့် ကျောင်းသားဦးရေ ၃၀၀ ဦးစီ လက်ခံမည်ဖြစ်ပြီး စုစုပေါင်း ၆၀၀ ဦး လက်ခံမည်ဖြစ် သည်။ အဆိုပါ ၆၀၀ ဦးတွင် သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူ ၃၀၀ဦး၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာ တွဲဖြင့် အောင်မြင်သူ ၁၅၀ ဦးစီလက်ခံမည်ဖြစ်သည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် ပညာရေးတက္က သိုလ်များသို့ သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူ အမျိုးသား ၄၄၈မှတ်နှင့် အမျိုးသမီး ၄၇၄ မှတ်၊ ဝိပံ္ပဘာသာတွဲဖြင့် အောင်မြင်သူ ၄၅၃မှတ်နှင့် ဝိဇ္ဇာဘာသာတွဲ အမျိုးသား၄၂၀ မှတ်နှင့် အမျိုးသမီး ၄၄၀ မှတ်တို့ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။

တိုက်ရိုက်လျှောက်ထားရမည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ရန်ကုန်စီးပွားရေးတက္က သိုလ် (လှိုင်နယ်မြေ)၊ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ မန္တလာကောလိပ်၊ စိုက်ပျိုးရေး တက္ကသိုလ်(ရေဆင်း)၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)၊ သစ်တောတက္ကသိုလ်(ရေဆင်း)၊ မြန်မာသတင်းအချက်လက်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး)၊ သမဝါယမတက္ကသိုလ်နှင့် ကောလိပ်များ၊ ယွန်းပညာကောလိပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များသည် သတင်းစာ များတွင် သီးခြား ကြေညာ၍ လျှောက်လွှာ ခေါ်ယူမည်ဖြစ် သည်။

၂၀၁၅ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှ ကျောင်းသူ၊ကျောင်းသားများ စိတ်ဝင်စားမှု အများဆုံးဖြစ်မည့် တက္ကသိုလ်အချို့၏ ဝင်ခွင့်ရွေးချယ်မှုများကို ရွေးချယ်ဖော်ပြခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရာတွင် မိမိတို့ ဝါသနာနှင့် ထပ်တူကျမည့် ဘာသာရပ်များကို ရွေးချယ်သင်ကြားနိုင်ကြပါစေ။

By - ဇော်မျိုးလှိုင်

Original link - http://www.7daydaily.com/story/45045

Read More »