နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label မိန့်ခွန်း. Show all posts
Showing posts with label မိန့်ခွန်း. Show all posts

Sunday, February 12, 2017

ဒေါ်အောင်ဆန်း စုကြည် ပင်လုံမြို့ ပြည်ထောင်စုနေ့ အခမ်း အနား မိန့်ခွန်း (ရုပ်သံ)




ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်း အနားကို ဒီနေ့ ကျင်းပ ပြုလုပ် နေပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

မိန့်ခွန်းအပြည့်စုံ ရုပ်သံကြည့်ရှုရန်



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/188872


Read More »

Monday, January 02, 2017

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဖွင့်ပွဲတွင် ဒေါ်စု ပြောသော မိန့်ခွန်း




နှစ်သစ်ကူး ဆိုသည်မှာ ယဉ်ကျေးမှု တစ်ခုနှင့် တစ်ခု မတူညီ ပါဘူး၊ တချို့နေရာ များတွင် ယနေ့ကို တစ်ကမ္ဘာ လုံးက သုံးနေသည့် ပြက္ခဒိန် အရ နှစ်ဆန်း တစ်ရက်ဟု သတ်မှတ် ထားပင်မယ့်၊ မိမိတို့ နိုင်ငံ၏ နှစ်ဆန်း တစ်ရက်နေ့သည် သင်္ကြန် အချိန် အတွင်း ကျရောက် ပါတယ်။

တခြားသော ယဉ်ကျေးမှု များနှင့် နိုင်ငံများတွင် နှစ်ဆန်း တစ်ရက်နေ့သည် မတူညီ ကြပါဘူး။ သို့ရာတွင် တူညီသည့် အချက်မှာ နှစ်တစ်ခု သစ်ဆန်းသည် ဆိုရာ၌ လူသား များသည် မျှော်လင့်ချက် ထပ်မံ ထွန်းတောက် ပွင့်လင်း ကြသည်ကို တွေ့ရ ပါတယ်။

သို့ရာ၌ မျှော်လင့်ချက် ဆိုရာတွင် အလုပ်လုပ်နိုင်မှ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါတယ်။

ကျွန်မတို့ ဒီနေ့ကို ရွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို ဖွင့်ရသည့် အကြောင်း အရင်းသည် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းများ၊ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း မှုများ ဒီနှစ်မှာ အောင်မြင်ပါစေ ဆိုတဲ့ စိတ်ထားနဲ့ ဒီနေ့ကို ရွေးချယ် ရခြင်း ဖြစ်ပါတယ်။ အောင်မြင်ဖို့ အတွက်လည်း အားလုံးက ၀ိုင်းဝန်းပြီး ကူညီကြရန် လိုအပ် ပါတယ် ဆိုသည်ကို ကျွန်မ အနေဖြင့် အထူး အထွေ ပြောဖို့ မလိုအပ် ပါဘူး။

မျှော်လင့်ချက် ဆိုတာက ထပ်တလဲလဲ ပြန်ပြီး ရှင်သန်လို့ရပါတယ်။ သို့သော်ငြားလည်း ကုန်သွားတဲ့ အချိန်တွေဟာ ပြန်ပြီး မရနိုင်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ဟာ အချိန်တွေကို မဖြုန်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီနှစ်မှာ ကျွန်မတို့ ဘယ်လောက်ထိ အောင်မြင်မှု ရချင်လည်း ဆိုတာကို သဓိဋ္ဌာန်ချပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှု ရအောင် ကြိုးစားရမည် ဖြစ်ပါတယ်။ အားလုံးဝိုင်းပြီး ကြိုးစားရမှာပါ။

ကျွန်မတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ် ဆိုသည်မှာ အဖွဲ့အစည်း တစ်ခုနဲ့လည်း လုပ်လို့မရပါဘူး။ အဖွဲ့အစည်း အချို့နဲ့လည်း လုပ်လို့မရပါဘူး။ ကျွန်မတို့ ပြည်ထောင်စု အတွင်း မှီတင်းခိုလုံနေတဲ့ ပုဂ္ဂိုလ်များ အားလုံးကနေပြီး ၀ိုင်းဝန်း ကြိုးစားမှ ရမည်ဖြစ်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတဲ့ အသုံးနှုန်းကို ကျွန်မတို့ သုံးထားပါတယ်။

ဒါပေမယ့် တချို့ကနေပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးလို့ သုံးကြပါတယ်။ ကျွန်မက ပြန်လည် ဆိုတဲ့ဟာကို အမြဲပဲ စဉ်းစားပါတယ်။ ပြန်လည် ရင်ကြားစေ့ရေးလို့ပဲ သုံးသုံး၊ ပြန်လည် သင့်မြတ်ရေးလို့ပဲ သုံးသုံး အရင်တုန်းက သင့်မြတ်ဘူးတယ်။ အရင်တုန်းက ရင်ကြားစေ့ရေး ရှိဘူးတယ်။ နောက်ပျောက်ကွယ် သွားလို့ ပြန်ပြီးတော့ ပြန်လည် ရအောင်လို့ လုပ်တယ်၊ ကြိုးပမ်းတယ်လို့ အဓိပ္ပာယ်များ ဆောင်သလားလို့ ကျွန်မစဉ်းစားပါတယ်။

အဲဒီလိုဆိုရင်လည်း လုံးဝ မှန်ကန်တယ်လို့ ပြောလို့မရပါဘူး။ ကျွန်မတို့ဟာ တစ်ချိန် တစ်ခါတုန်းက တကယ့်ကို မှန်ကန် သင့်မြတ်တဲ့ ရင်ကြားစေ့ရေး ရခဲ့ပြီလား ဆိုတော့ အမှန်ပြောရရင် လွတ်လပ်ရေး ကာလ ကတည်းကစပြီး ရကို မရသေးပါဘူး။ ပြန်လည်ပြီး တည်ဆောက်ရမယ့် ကိစ္စတွေ၊ အသစ် တည်ဆောက်ရမယ့် ကိစ္စတွေ ဖြစ်နေပါတယ်။

တနည်းအားဖြင့်လည်း အသစ် တည်ဆောက်တယ် ဆိုတာ ပြန်လည် တည်ဆောက် တာထက် လွယ်တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပြန်လည် တည်ဆောက်တယ် ဆိုလို့ရှိရင် အရင်ရှိပြီးသား အဆောက် အအုံကြီးပေါ်မှာ ပြန်ပြင်ပြီး ဆောက်ရမှာမို့ အခက် အခဲတွေ ရှိနိုင်ပါတယ်။

အသစ် တည်ဆောက်တယ် ဆိုပါက ကိုယ်လိုချင်တဲ့ ပုံစံကိုချပြီး တည့်တည့် မတ်မတ် သွားရင် ပိုပြီးလွယ်ကူ နိုင်ပါတယ်။ ဘယ်လိုပဲ ကြည့်ကြည့် ကျွန်မတို့ ပြန်လည် တည်ဆောက်တဲ့ အနေနဲ့ပဲ ကြည့်ကြည့်၊ အသစ် တည်ဆောက်တဲ့ အနေနဲ့ပဲ ကြည့်ကြည့် ကြိုးစားရမည်မှာ အမှန်ပါပဲ။

ကြိုးစားရမည်မှာ အမှန်ဆိုပါက နောက်ဆုံး ကျတော့ စိတ်ဆန္ဒပါပဲ၊ တကယ်ပဲ ပြန်လည် တည်ဆောက် ချင်ရင် ဆန္ဒရှိသလားဆိုတာ ကျွန်မတို့ဟာ ကိုယ့်ကိုပြန်ပြီး သုံးသပ်ရမှာဖြစ်ပါတယ်။

ကျွန်မတို့ တရားတော်ထဲမှာ ပါပါတယ်။ ဒေါသကို မေတ္တာဖြင့် အောင်နိုင်ရာ၏။ လောဘကို လှူဒါန်းခြင်းဖြင့် အောင်နိုင်ရာ၏။

ဒါပေမယ့် ဒီဇာတ်တော် အရ ဆိုရင် ဒေါသရှိတဲ့သူကို မေတ္တာဖြင့် ဆက်ဆံလို့ရှိရင် ဒေါသတွေက သေသွားတတ်တယ်။ လောဘရှိသူကို လှူဒါန်းခြင်း အားဖြင့် လောဘတွေကို
ပျောက်ကွယ် သွားအောင် လုပ်နိုင်တယ် ဆိုတဲ့ သဘောပါဘဲ။

ဒါပေမယ့် ကျွန်မ စဉ်းစားကြည့်ပါတယ်။ တကယ်ကျတော့ အဓိကမှာ ကိုယ့်ကို လုပ်ဖို့ပါဘဲ။ ကိုယ့်ရဲ့ လောဘတွေကို ပေးကမ်း စွန့်ကျဲခြင်းအားဖြင့် အောင်နိုင်လာမယ်။ ကိုယ့်ရဲ့ ဒေါသ တွေကို မေတ္တာ ပွားခြင်းအားဖြင့် အောင်နိုင်လာမယ်။ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့တာဝန်ကို အထူး အလေးထားပြီး လုပ်သွားဖို့ပဲ ဖြစ်ပါတယ်။

လူတိုင်း လူတိုင်းက ကိုယ့်ရဲ့ ဒေါသတွေ၊ လောဘတွေ ပျောက်ဖို့လုပ်မယ်ဆိုရင် ကျွန်မ တို့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးကို မြန်မြန် ဆန်ဆန်နဲ့
အောင်မြင်မှာ ဖြစ်ပါတယ်။

ထပ်တလဲလဲ ကျွန်မပြောပါတယ် ကျွန်မတို့ ဒီငြိမ်းချမ်းရေး အတွက် လုပ်ဆောင်တဲ့ အခါမှာ ကိုယ်က ဘာပေးနိုင်လဲ၊ ကိုယ်က ဘယ်လို ပံ့ပိုးပေးနိုင်လဲ၊ ကိုယ်က ဘယ်လောက်
လောက် အနစ်နာခံနိုင်လဲ၊ ကိုယ်က ဘယ်လောက်လောက် စွန့်လွှတ်နိုင်လဲ၊ ဒါတွေကိုပဲ စဉ်းစားဖို့ လိုပါတယ်။

ဟိုဘက်က ဘယ်လောက် ပေးမှာလဲ၊ ဟိုဘက်က ဘယ်လောက် ရနိုင်မှာလဲ၊ ဟိုဘက်က ငါတို့အတွက် ဘာတွေ လုပ်ပေးနိုင်မှာလဲ ဆိုတဲ့ ပုံစံနဲ့ ကျွန်မတို့ သွားမယ် ဆိုရင်
အောင်မြင်မှု မရနိုင်ပါဘူး။ ကိုယ့်ကိုဘဲနိုင်ပါ။ ကိုယ့်ကို မနိုင်ဘဲနဲ့ တခြား တစ်ဘက်ကို နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

အခုကျွန်မတို့ ဒီ NRPC စင်တာပေါ့နော်၊ ဒီအဆောက် အအုံကြီးကို အလုပ်လုပ်နိုင်တဲ့ အခြေအနေ ရောက်ဖို့ အများကြီး ကြိုးစားရပါတယ်။ ဒီကြိုးစားပေမဲ့ အားလုံးက ပြီးမြောက်သေးတယ်လို့ မဟုတ်ပါဘူး။ တစ်ဆင့်ခြင်း၊ တစ်ဆင့်ခြင်း ပိုပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို သင့်တော်တဲ့ လုပ်ငန်းတွေ ပြီးစီးနိုင်ဖို့၊ လုပ်ငန်းတွေကို ပံ့ပိုးနိုင်ဖို့ အဆောက် အအုံကြီးကို ကျွန်မတို့ တည်ထောင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

တချို့က မေးပါတယ်။ ဒါဟာ အမြဲပဲလား၊ ပင်လုံညီလာခံကြီး အောင်မြင်ပြီးလို့ ရှိရင် ကျွန်မတို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ပြီးလို့ ရှိရင် ဒီ NRPC က မလိုတော့ ဘူးလား ဆိုပြီး မေးခွန်းထုတ်သူတွေ ရှိပါတယ်။

ဒါကို အခုအချိန်မှာ ကျွန်မပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ကျွန်မတို့ အခု တည်ဆောက်လိုက်တဲ့၊ တည်ဆောက် နေဆဲကနေ တည်ဆောက် ပြီးတဲ့အခါမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဆက်ပြီး ထိန်းသိမ်း ထားဖို့ အများကြီး လိုပါလိမ့်မယ်။

စောစောကပဲ သံလွင်ပင်လေးကို စိုက်ခဲ့ပါတယ်။ သံလွင်ပင်ရဲ့ အရေးပါပုံကို အပင်စိုက်စဉ် အခါတုန်းက ရှင်းပြသွားတာ ရှိပါတယ်။ ဒါပေမယ့် ဒီသံလွင်ပင်လေးဟာ ဒီနေ့စိုက်ပြီး ပစ်ထားလို့ မရပါဘူး။ ဒီနေ့စိုက်ပြီး ပြန်လှည့် မကြည့်လို့ရှိရင် မကြာခင် သေသွားမှာ ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်မတို့က ဆက်လက်ပြီး သံလွင်ပင်လေးကို ရှင်သန်အောင်လို့ လုပ်ရပါလိမ့်မယ်။ သေသေ ချာချာ မြေသြဇာ လုံလုံ လောက်လောက် ပေးရပါ့မယ်။ အဲဒီအချိန်မှာ ဓာတ်မြေသြဇာ မဟုတ်ပါဘူး အော်ဂဲနစ် (Organic) ပါ။ လုပ်ပါ။ ဘာလုပ်လုပ်လို့ အသေးအဖွဲ့ကို မှန်မှန် ကန်ကန် လုပ်ဖို့ လိုပါတယ်။

ကျွန်မတို့ ယုံကြည်ချက်ဟာ နေ့တိုင်းနေ့တိုင်း နေ့တဓူဝ ကျွန်မတို့ လုပ်ချက်ကလေး အားလုံးဟာ ပါသင့်ပါတယ်။ ကျွန်မတို့ဟာ သဘာဝ မြေသြဇာနဲ့ ဒီသံလွင်ပင်လေးကို ရှင်သန်အောင် လုပ်ရမယ်။ ရေကို လုံလောက် အောင်လို့ ပေးရမယ်။ သိပ်အလွန်အကျွံ ပေးလို့ရှိရင် မရပါဘူး။ ဒါဟာ အပင်များရဲ့ သဘောတရားပါ။ ဘာမဆို သင့်တော်အောင် လုပ်မှ ဒီအပင်လေးတွေဟာ ရှင်သန်နိုင်မှာ၊ ဖွံ့ဖြိုးနိုင်မှာ၊ အသီးအပွင့်တွေနဲ့ ဝေဆာနိုင်မှာ ဖြစ်ပါတယ်။ အလွန်အကျွံ လုပ်လို့ လည်းမရနိုင်ပါဘူး။

ကျွန်မတို့ အခု ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးကြီးဆုံးက ဘာလဲဆိုရင် အားလုံးက သဘောတူပါတယ် ယုံကြည်မှု တည်ဆောက်ဖို့၊ ယုံကြည်မှု တည်ဆောက်ဖို့ ဆိုတဲ့ အခြေခံက ဘာလည်းဆိုတော့ ဖြောင့်မတ်ခြင်းပါ။ ဖြောင့်ဖြောင့် မတ်မတ် ပွင့်ပွင့် လင်းလင်း ရှိဖို့ပဲ ဖြစ်ပါတယ်။

တချို့တွေက နိုင်ငံရေး လုပ်တယ် ဆိုတာ လူလည် လုပ်တာလို့ ထင်ကြတယ်။ ဖြောင့်မတ်ဖို့က အဓိက မဟုတ်ဘူး၊ ပြောတတ် ဆိုတတ်ဖို့၊ လုပ်တတ်ကိုင်တတ်ဖို့၊ လူလည်လုပ်နိုင်ဖို့၊ ဟိုဖက် တစ်ဖက်ကို အနိုင်ယူနိုင်ဖို့ ဒါကို နိုင်ငံရေးလို့ ထင်ကြတယ်။ ဒါဟာ နိုင်ငံရေး မဟုတ်ပါဘူး ကိုယ်ရေးပါ။ ကိုယ့်အတွက် ကိုယ်လုပ်တာ ဖြစ်ပါတယ်။ နိုင်ငံရေး လုပ်တယ်၊ နိုင်ငံ့အတွက် လုပ်တယ် ဆိုရင် ကောင်းမွန်တဲ့ လူတွေ အပေါ်မှာ အခြေခံပြီး လုပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်မတို့ရဲ့ သံလွင်ပင်လေးကို ရှင်သန်စေချင်တယ် ဆိုရင် ပထမဦးဆုံး အရေးကြီး တာက ကျွန်မတို့ အချင်းချင်း အကြားမှာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ပွင့်ပွင့် လင်းလင်း ဖြူဖြူစင်စင် ဆက်ဆံနိုင်ဖို့ လိုပါတယ်။ ကိုယ်လိုချင်တာ ရှိရင်လည်း လိုချင်တယ်လို့ ပြောလို့ရပါတယ်။ လူဖြစ်တဲ့ အတွက် လိုချင်တာရှိပါတယ်။ ကျွန်မတို့ ဆန္ဒတွေချင်း မတူလို့ ငြိမ်းချမ်းရေးဟာ ပျက်ပြားခဲ့ရတာပေါ့။ ကိုယ်လိုချင်တာနဲ့ သူလိုချင်တာ မတူလို့ သို့မဟုတ် သူလိုချင်တာ ကိုယ်ကလည်း လိုချင်တယ် လုလို့ ဒီဟာတွေကနေပြီး စလို့ ကျွန်မတို့ သင့်မြတ် ရေးတွေ၊ ငြိမ်းချမ်းရေးတွေ ပျက်ပြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်မတို့ဟာ အခုဒီနှစ်ဆန်း ၂၀၁၇ ခုနှစ်ရဲ့ ပထမဦးဆုံး နေ့မှစပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ဖြူစင်တဲ့ စိတ်ဓာတ်တွေနဲ့ ဆက်ပြီး သွားကြစို့လို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ ငြိမ်းချမ်းရေး သင်္ကေတဟာ ဂျိုးဖြူ မဟုတ်ပါဘူး ဖြူစင်တယ်လို့ ဆိုချင်ပါတယ်။ ဖြူစင် သန့်ရှင်းခြင်း ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပေါ်မှာ ဖြူစင် သန့်ရှင်းတဲ့ စိတ်ထားတွေ မထားဘဲနဲ့တော့ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရနိုင်ပါဘူး။ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ကျွန်မတို့ မတည်ဆောက်နိုင်ပါဘူး။

အဲဒီတော့ တချို့က ပြောတယ်ပေါ့နော် ပထမ နှစ်ဆန်း တစ်ရက်နေ့မှာတော့ ဟုတ်ပါရဲ့။ နှစ်ရက် နေ့ကျတော့ အင်္ကျီဖြူလိုပေါ့ ပထမ တစ်ရက်ဝတ်တော့ ဖြူတယ်။
နောက်တစ်ရက်ကျတော့ နည်းနည်း ညစ်လာပြီ တဖြည်းဖြည်းနဲ့ ညစ်လာတယ် ဆိုတဲ့ သဘောရှိတယ် ဆိုပြီးတော့ ပြောကြ ပါတယ်။

ဒါပေမယ့် အကျီင်္အဖြူဆိုတာ ခဏခဏ လျှော်ရအုန်းမှာဘဲ။ ဒီအတိုင်းဘဲ ကျွန်မတို့ ငြိမ်းချမ်းရေး အတွက် ဖြူစင်တဲ့ စိတ်ထားတွေ ထားချင်လို့ရှိရင် ကိုယ့်ကို တစ်ချိန်လုံး သုံးသပ်ရ မယ်။ စောစောက ပြောသလိုပေါ့၊ လောဘကို အလှူဒါနနဲ့ အောင်နိုင်စေရ၏ ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ လောဘတွေနဲ့ လိုချင်နေတဲ့ စိတ်တွေကို ပေးကမ်းချင်တဲ့စိတ်၊ တခြားသူရဲ့ ဆန္ဒတွေကို တတ်နိုင် သလောက် မှန်မှန်ကန်ကန် နည်းလမ်းနဲ့ ဖြည့်ဆည်းပေးချင်တဲ့ စိတ်တွေနဲ့ အောင်နိုင် ယူရမှာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ ဒေါသတွေကိုလည်း မေတ္တာထားခြင်းနဲ့ အောင်နိုင်ယူရမယ်။ အဲဒီလို လောဘနဲ့ ဒေါသကို အောင်နိုင် နိုင်မယ် ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး မရှိစရာအကြောင်း ဘာမှမရှိပါဘူး။ အဓိက ဒီနှစ်ခုပါဘဲ။

လောဘ ကိုယ့်အတွက် ကိုယ်လိုချင်တဲ့ စိတ်၊ ဒေါသ ဟိုဘက်ကို မလိုလားတဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ ဟိုဘက်ကို ကျောချင်တဲ့စိတ် ဒီစိတ် နှစ်ခုကြောင့် ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး မရခဲ့တာ ဖြစ်ပါတယ်။ ဒီစိတ်နှစ်ခုသာ ပျောက်ကွယ် သွားမယ်ဆိုရင်၊ လုံးဝေ ပျာက်ကွယ်သွားခြင်း မဟုတ်ဘဲ အများကြီး လျော့ကျ သွားမယ်ဆိုရင် ကျွန်မတို့ရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေဟာ အောင်မြင်မယ် ဆိုတာ ကျွန်မလုံးဝ ယုံကြည်ပါတယ်။

အောင်မြင်မယ်ဆိုတာကိုလည်း ကျွန်မ ယုံကြည်ပြီးသားပါ။ ဘယ်လောက် အချိန်ယူရမလည်း ဆိုတာကို ကျွန်မတို့ မသိတာပါ။ ကျွန်မက အချိန် မဆွဲသင့်တော့ဘူးလို့ ထင်ပါတယ်။

ကျွန်မတို့ အရင်နှစ်တုန်းက ပင်လုံညီလာခံကို စလုပ်တုန်းကလည်း တချို့က စောပါသေးတယ်၊ အချိန် နည်းနည်းပေးပါအုန်း ပြောကြပါတယ်။ ကျွန်မတို့က ပြောတယ် မစောဘူး၊ နောက်ကျနေပြီလို့ ပြောပါတယ်။ ဒီလို ညီလာခံကြီး ဖြစ်မြောက်သင့်တာက ကြာပြီ၊ တစ်ရက်တောင်မှ နောက်ကျလို့ ရှိရင် နောက်ကျ လွန်းနေပြီလို့ ကျွန်မတို့သတ်မှတ်တယ်လို့ ပြောပြီး ဖြစ်မြောက်အောင် လုပ်လိုက်ပါတယ်။

ဒီအတိုင်းဘဲ ကျွန်မတို့ အခုလုပ်ရမယ့် ကိစ္စတွေကိုလည်း၊ မလိုအပ်တဲ့ အစောတလျင် လုပ်နည်းတော့ မဟုတ်ဘဲ အမြန်ဆုံးတော့ လုပ်နိုင်ဖို့ လိုပါတယ်။ ကျွန်မတို့ ငြိမ်းချမ်းရေး လိုအပ်ခဲ့တာ လွတ်လပ်ရေး ရကတည်းကပါ။ လွတ်လပ်ရေး ရကတည်းက ဆိုတော့ အနှစ် ၇၀ လောက်ရှိနေပါပြီ။ အဲဒီတော့ ကျွန်မတို့ဟာ နောက်နှစ်ဆိုရင် အနှစ် ၇၀ ပြည့်တော့ မယ်။ ဒီနှစ်ဆိုရင် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ၆၉၊ ၇၀ ဖြစ်တော့မယ် ကျွန်မ တို့ နိုင်ငံဟာ အခုချိန်အထိ မငြိမ်းချမ်းရေးလည်း မရသေးဘူး ဆိုတာက ဒါဟာ အချိန်တွေ လွန်လာပြီလို့ ကျွန်မတို့က ထင်ပါတယ်။

အချိန်တွေ လွန်လာလို့၊ ဒီနှစ်မှာလည်း ကျွန်မတို့ ငြိမ်းချမ်းရေးရဲ့ ပန်းတိုင်ကို တကယ့်ကို တည့်တည့် မတ်မတ် သွားနိုင်ပြီ ဆိုတဲ့ အခြေအနေတွေ ဖြစ်အောင်လို့ ၀ိုင်းဝန်းပြီးတော့ ကြိုးစား စေချင်ပါတယ်။

ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်တော့မယ်၊ တည့်တည့် ဖြောင့်ဖြောင့် လမ်းပေါ်ကို ရောက်နေပြီဆိုရင် ကျွန်မတို့ အားလုံး ၀ိုင်းပြီး အမြန်ဆုံး ဖြစ်အောင် ကြိုးစားရမယ်။

တည့်တည့်မတ်မတ် လမ်းပေါ်ရောက်ဖို့က အကြီးဆုံး စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ဒီအဆောက် အအုံထဲကနေ ဗဟိုပြုပြီးတော့ ကျွန်မတို့ဟာ ရင်ဆိုင်သွားမှာ
ဖြစ်ပါတယ်။ ရင်ဆိုင်တဲ့ အခါမှာလည်း ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ အကူအညီနဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကျွန်မတို့ နိုင်ငံအပေါ်မှာ တကယ့်ကို စေတနာထားတဲ့ မိတ်ဆွေများရဲ့ ၀န်းရံမှုနဲ့ ကျွန်မတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ရအောင်လို့ လုပ်သွားမယ် ဆိုတာက ကျွန်မတို့ ပြည်သူပြည်သား အားလုံး သိအောင် ဒီနေရာကနေပြီး ပြောလိုက်ချင်ပါတယ်။

ထပ်မံပြီးတော့ အခုရောက်လာတဲ့ ပရိသတ်အပေါင်း အားလုံး ၂၀၁၇ ခုနှစ်မှာ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမွေ့မွေ့နဲ့ ကျွန်မတို့နဲ့ လက်တွဲပြီး ငြိမ်းချမ်းရေး ပန်းတိုင်ကြီးကို ချီတက်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်း မေတ္တာပို့ရင်း နိဂုံးချုပ် လိုက်ပါတယ်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com


Read More »

နိုင်ငံတော် အကြီးကဲများ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများ



နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်


နိုင်ငံသူ နိုင်ငံသားများခင်ဗျား-

နှစ်သစ် မင်္ဂလာ အခါ သမယမှာ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်း လိုက်ပါတယ်။

နိုင်ငံသူ နိုင်ငံသားများခင်ဗျား-

နိုင်ငံတော် အစိုးရ အနေနဲ့ ၂၀၁၆ ခုနှစ် အတွင်း တာဝန်ယူ ခဲ့တဲ့ (၉) လတာ ကာလ တစ်လျှောက်မှာ တိုင်းပြည် အကျိုး အတွက် ရည်ရွယ် ချမှတ် ထားတဲ့ မူဝါဒများ ဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်ရေး၊ ပြည်သူတို့ရဲ့ လူနေမှု ဘ၀များ တိုးတက်မြင့်မားရေးတို့ အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

အခုအခါမှာတော့ ဖော်ပြခဲ့တဲ့မူဝါဒများ အောင်မြင်ရေးအတွက် အခြေခံအနေအထားတွေကို ပျိုးထောင် တည်ဆောက်နိုင် ခဲ့ပြီဖြစ်တဲ့ အတွက် လာမယ့် ၂၀၁၇ ခုနှစ် နှစ်သစ် အတွင်းမှာ ဒီမူဝါဒတွေ ပီပြင်စွာ အကောင် အထည် ပေါ်လာဖို့ ဆက်လက် ကြိုးပမ်း ဆောင်ရွက် နိုင်တော့မှာ ဖြစ်ပါတယ်။

နိုင်ငံသူ နိုင်ငံသားများခင်ဗျား-

သမိုင်းကြောင်းကို ပြန်ပြောင်း ကြည့်မယ် ဆိုရင် နိုင်ငံသူ နိုင်ငံသားတွေ စည်းလုံး ညီညွတ်စွာ ဝိုင်းဝန်း ဆောင်ရွက် ကြတဲ့ အခါတိုင်းမှာ တိုင်းပြည် အတွက် ကြီးမားတဲ့ အကျိုး ကျေးဇူးတွေ ခံစားရ စမြဲဖြစ်တယ် ဆိုတာ တွေ့ရှိ ကြရမှာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ သာဓက တစ်ခုကတော့ ၁၉၄၇ ခုနှစ်မှာ တိုင်းရင်းသား လူမျိုးများ အားလုံးရဲ့ စည်းလုံး ညီညွတ်မှု ပြယုဂ်ဖြစ်တဲ့ ပင်လုံ စာချုပ် ချုပ်ဆိုနိုင် ခဲ့ပြီး အဲဒီ ညီညွတ်မှုရဲ့ ရလဒ် အဖြစ် မြန်မာ့ လွတ်လပ်ရေး ရရှိနိုင် ခဲ့တာ ဖြစ်ပါတယ်။

အခုအခါ မှာလည်း (၂၁) ရာစု ပင်လုံ ညီလာခံက အစပြုပြီး တိုင်းရင်းသား ပြည်သူအများ လိုလား တောင့်တတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ကြိုးပမ်း
ဆောင်ရွက်လျက် ရှိတာ အများအသိပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်ဟူသည် အများပြည်သူတို့ရဲ့ ပူးပေါင်းပါဝင်မှုဖြင့်သာ အောင်မြင်နိုင်တာဖြစ်လို့ အခုလို ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာလည်း နိုင်ငံသူ နိုင်ငံသားအားလုံးတို့က ဒီမိုကရေစီစိတ်ဓာတ် ပြည့်ဝစွာနဲ့ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။

နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားညီအစ်ကို မောင်နှမများ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။

ဒုတိယ သမ္မတ ဦးမြင့်ဆွေ၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင် ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး ၂၀၁၇ ခုနှစ် နှစ်သစ် အခါသမယမှာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံ ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်း ဆက်သ အပ်ပါတယ်။

တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး မျှော်လင့် တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ရရှိပြီး ငြိမ်းချမ်းရေး ရရှိတာနှင့် အမျှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဘက် ဘက်က လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်ပြီး အဲဒီ အသီး အပွင့်တွေကို တိုင်းရင်းသား ပြည်သူအားလုံး မျှမျှတတ ခံစား ရပါစေလို့ ဆုတောင်း မေတ္တာ ပို့သ အပ်ပါတယ်။

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်

၂၀၁၇ ခုနှစ် နှစ်သစ် အခါ သမယမှာ ပြည်ထောင်စု သမ္မတ
 မြန်မာ နိုင်ငံတော်နှင့်တကွ နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသား
 ပြည်သူ အားလုံး ရွှင်လန်း ဝမ်းမြောက် ကြပါစေကြောင်း ဦးစွာ ပထမ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။

ယခုနှစ်သစ်ဟာ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းတွေ သယ်ဆောင်လာမှာဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း မျှော်လင့်ထားကြရဦးမှာ ဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းခြင်းဟာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက လိုအပ်ချက် ဖြစ်တာနဲ့အညီ နိုင်ငံ တစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးကို ပြည်သူ အားလုံးက စည်းလုံး ညီညွတ်မှုဖြင့် ဝိုင်းဝန်း တည်ဆောက် ကြဖို့နဲ့ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ အားလုံး ပါဝင်ကူညီကြဖို့ နှိုးဆော် အပ်ပါတယ်။

နှစ်သစ်မင်္ဂလာအခါသမယမှာ ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြ ပါစေကြောင်းနဲ့
 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက် သာယာ ၀ပြော ပါစေကြောင်း ဆုတောင်း
မေတ္တာ ပို့သ အပ်ပါတယ်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်


ယခုဆိုရင် ၂၀၁၆ ခုနှစ် ကုန်ဆုံးလို့ ၂၀၁၇ နှစ်သစ် အခါ သမယကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ဟာ ထူးခြားတဲ့ ဖြစ်စဉ် ဖြစ်ရပ်များနဲ့ ကျော်လွှား ခဲ့ရတာ ကိုလည်း တွေ့ရ ပါတယ်။

ပထမ အချက် အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဦးဆောင်တဲ့ အစိုးရ ပြောင်းလဲ တာဝန်ယူခဲ့ပြီး ဒီလုပ်ငန်းစဉ်တွေ အောင်မြင်အောင် တပ်မတော်က ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ပေးခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြောင့် ကချင်
ပြည်နယ် အချို့ဒေသ၊ ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ရခိုင်ပြည် နယ်မြောက်ပိုင်း ဒေသတွေမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြား ခဲ့ရပြီး ပြည်သူ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်လာတဲ့ အတွက် တပ်မတော်က အသက်သွေးချွေး များစွာပေးဆပ်ပြီး တည်ငြိမ် အေးချမ်းအောင် ထိန်းသိမ်း ဆောင်ရွက်ပေး ခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထုရဲ့အသက် အိုးအိမ် စည်းစိမ်နဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်း တာဝန်အရပ်ရပ်ကို ထိပါးလာမှုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့အတိုင်း တပ်မတော်ကဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံကိုလည်း စတင်ကျင်းပနိုင်ခဲ့ပါတယ်။ ဒါတွေ အားလုံးဟာ တိုင်းရင်း သားပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက် မှုတွေကြောင့် အောင်မြင် ခဲ့တယ်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကာလမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးတို့အတွက် တပ်မတော်အနေနဲ့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်၊

ဒါတွေအားလုံးကိုလည်း ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာ ရပ်ခံ ပါတယ်၊ နိုင်ငံတော်ကြီး ဖွံ့ ဖြိုး တိုးတက်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးပါလို့လည်း နှိုးဆော် လိုပါတယ်၊ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ပါစေကြောင်း ဆုတောင်း အပ်ပါတယ်ခင်ဗျာ။


ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်


ချစ်ခင်လေးစား ရပါသော တိုင်းရင်းသား ပြည်သူများ အားလုံး ၂၀၁၇ ခုနှစ် နှစ်သစ်မင်္ဂလာ အခါသမယမှာ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြ ပါစေလို့ ဦးစွာမေတ္တာ ပို့သ အပ်ပါတယ်။

ယနေ့အချိန်အခါဟာ တိုင်းရင်းသားပြည်သူများရဲ့ဆန္ဒနဲ့အညီ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော ကာလဖြစ်၍ မိမိတို့ မျှော်မှန်းတဲ့ ဒီမိုကရေစီ ပန်းတိုင်သို့
အောင်မြင်စွာ ရောက်ရှိရန် တိုင်းရင်းသား ပြည်သူများ ကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ အထူး လိုအပ်ပါတယ်။

အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့အတွက် တိုင်းရင်းသားပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ အတူလက်တွဲ၍ ဆောင်ရွက်ကြရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့ အတွက် မပြတ်သော သတိ၊ မလျှော့သော လုံ့လ၊ ဝီရိယနဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ အားထုတ်နိုင်ကြပါစေ၊ နိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသား အားလုံးတို့ရဲ့အကျိုးကို ဆတက် ထမ်းပိုး ဆောင်ရွက်နိုင် ကြပါစေ၊ ပြည်ထောင်စုကြီးနှင့် အနာဂတ် မျိုးဆက်များ အတွက် မိမိတို့က ဘယ်ပုံ ဘယ်နည်းနဲ့ စွမ်းဆောင် ပေးနိုင်ကြမလဲ ဆိုတဲ့ စိတ်သစ်၊ လူသစ်ကို နှစ်သစ်မှာ မွေးမြူနိုင် ကြပါစေလို့ ဆန္ဒပြု နှုတ်ခွန်း ဆက်သ လိုက်ပါတယ်။


အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်


ချစ်ခင်လေးစား ရပါသော တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို
 မောင်နှမများ အားလုံး နှစ်ဟောင်း မှသည် နှစ်သစ်သို့ ကူးပြောင်း
 ရောက်ရှိပြီ ဖြစ်တဲ့ နှစ်သစ်ကူး အခါသမယမှာ စိတ်၏ ချမ်းသာ
ခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး လိုအင် ဆန္ဒများ
 ပြည့်ဝ ပါစေကြောင်း ဆုတောင်း မေတ္တာပို့သပြီး နှုတ်ခွန်း ဆက်သ လိုက်ပါတယ်။

နှစ်တစ်နှစ်ကို ကျော်ဖြတ်ခဲ့ရာ နှစ်ဟောင်းတွင် ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည့် ကိစ္စရပ်များအပေါ် ပြန်လည်သုံးသပ်ပြီး နှစ်ဟောင်း၏ မကောင်းသည်များကို စွန့်ပယ်၍ သင်ခန်းစာ ယူကာ နှစ်သစ် အချိန်ကာလမှ စတင်ပြီး လုပ်ဆောင်ဖွယ်ရာ ကိစ္စ မှန်သမျှကို မိမိတို့၏ စိတ်ရင်း စေတနာမှန် ဆန္ဒမှန်ဖြင့် သဒ္ဓါတရား လက်ကိုင် ထားကာ ကိုယ်ကျင့် တရား ကောင်းမွန်စွာဖြင့် ကြိုးစား လုပ်ဆောင် သွားကြရမှာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုသားအားလုံး၏ တူညီသောရည်မှန်းချက်ဖြစ်သည့် ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် မိမိတို့ရဲ့ သံသယ အာဃာတ အတ္တမာနများကို စွန့်ပယ်ကာ နှစ်သစ်မှာ စိတ်သစ်လူသစ် ခွန်အားသစ်များဖြင့် တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမ များအားလုံး စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် အတူတကွ ပူးပေါင်းပါဝင် လက်တွဲတည်ဆောက် သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ခရစ်နှစ် ၂၀၁၇ ခုနှစ်မှစ၍ သာယာချမ်းမြေ့သော ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုအပ်ပါတယ်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com

Read More »

Sunday, January 01, 2017

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ နှစ်သစ်ဆုတောင်း (ရုပ်သံ)




နိုင်ငံတော် သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ တိုင်းပြည်မှာ ကြီးမားတဲ့ အကျိုး ကျေးဇူးတွေ ခံစားရဖို့ စည်းလုံး ညီညွတ်မှု တွေနဲ့ ဆောင်ရွက် သွားကြဖို့ နှစ်သစ် ဆုမွန်ကောင်း တောင်းလိုက် ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ၉ လတာကာလမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြည်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်ပေါ်ရေး၊
ပြည်သူ တို့ရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေးတွေကို ၂၀၁၆ မှာ မူဝါဒတွေအတွက် ပျိုးထောင်တည်ဆောက်ခဲ့ကြောင်းနဲ့ ၂၀၁၇ မှာတော့ ဒီမူဝါဒတွေ ဆက်လက်ကြိုးပမ်း
ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စည်းလုံးမှုတွေနဲ့ ဆောင်ရွက်ခဲ့တိုင်း ကြီးကြီးမားမား အကျိုးကျေးဇူးတွေ ခံစားရကြောင်း၊ စည်းလုံးညီညွတ်မှုရဲ့ ပြယုဂ်ဖြစ်တဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာကြောင့် တိုင်းပြည်မှာ ညီညွတ်မှုရလဒ်ဖြစ်တဲ့ လွတ်လပ်ရေးကို ရရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုချိန်လည်း ၂၁ ပင်လုံညီလာခံကနေ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်းနဲ့ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်ဟူသည် အများပြည်သူတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့သာ အောင်မြင်နိုင်တာဖြစ်လို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာလည်း နိုင်ငံသူနိုင်ငံသားတွေ ဟာလည်း ဒီမိုကရေစီစိတ်ဓာတ် ပြည့်ဝစွာနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ သမ္မတက ဆုမွန်ကောင်းကောင်းပြီး တိုက်တွန်းထားပါတယ်။


ရုပ်သံ – အမ်အိုအိုင်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/182158

Read More »

Friday, December 30, 2016

ကရင်နှစ်သစ်ကူးကပေးတဲ့ သင်ခန်းစာကိုယူကြဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း




နေပြည်တော်(ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ် ၂၇၅၆ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်း အနားကို နေပြည်တော်မှာ နိုင်ငံတော် အဆင့်အနေနဲ့ ပထမဆုံး အကြိမ် ကျင်းပ ခဲ့ပါတယ်။

ကရင်တိုင်းရင်းသားတွေဟာ မိမိတို့ စိုက်ပျိုး ထားတဲ့ ကောက်ပဲသီးနှံတွေ ပေါ်ချိန်မှာ စုပေါင်းပြီး ကောက်သစ်စားပွဲ ကျင်းပပြုလုပ်ရာ ကနေ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဟာ သန္ဓေတည် လာခဲ့တာ ဖြစ်ပါတယ်။

ကရင်လူမျိုးတွေဟာ နေထိုင်ရာ ဒေသမတူကြတဲ့ အတွက် ကောက်သစ်ပေါ်ချိန် ဟာလည်း မတူကြ ပါဘူး။ ဒီလို မတူညီတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား
တွေဟာ နှစ်သစ်ကူးနေ့ ကိုလည်း မတူညီဘဲ ကျင်းပခဲ့ ကြပါတယ်။

ဒါကို အမြော်အမြင် ရှိတဲ့ ကရင်တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေက ကရင်တိုင်းရင်းသား တွေရဲ့ စည်းလုံး၊ ညီညွတ်မှု ပျက်ပြားသွားမှာ စိုးရိမ်တဲ့ အတွက် နှစ်စဉ် ပြာသိုလဆန်း (၁) ရက်နေ့ကို ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အဖြစ် ဖော်ထုတ် သတ်မှတ် ခဲ့ကြတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားမှာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်တိုင်းရင်းသားများရဲ့ နှစ်သစ်ကူးနေ့ကပေးတဲ့ သင်ခန်းစာကိုယူပြီး ပြည်ထောင်စုကြီး ခိုင်မာအောင်၊ သာယာဝပြောအောင် လုပ်ကြဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ နှုတ်ခွန်းဆက်စကား အပြည့်အစုံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

"ကရင်နှစ်သစ်ကူးဟာ ကောက်သစ်စားတဲ့နေ့ ဆိုတော့ ပျိုးခဲ့တဲ့ ပျိုးပင်တွေကနေပြီးတော့ ထွက်လာတဲ့ အသီး၊ အပွင့်တွေကို စားသောက်ပြီးတော့ ဒီအကျိုးကို ခံစားရတဲ့
နေ့လို့ ပြောလို့ရှိရင် မမှားပါဘူး။

ကျွန်မတို့ ဗုဒ္ဓဘာသာ ဆိုရင်တော့ ကံကံ၏ အကျိုးလို့ ပြောမှာပေါ့။ ခရစ်ယာန် သမ္မာကျမ်းစာ ဆိုရင်လည်း ကြဲတဲ့မျိုးစေ့ အတိုင်းပဲ ပျိုးပင်ကို ကြဲရတယ် ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။

အဲ့တော့ ကျွန်မတို့အားလုံးဟာ ကျွန်မတို့ လုပ်သလိုပဲ ခံစားရမှာပါ။ အဲ့ဒါဟာ ကျွန်မတို့ရဲ့ နိုင်ငံအတွက်၊ ပြည်ထောင်စု အတွက် အင်မတန်မှ လေးလေး နက်နက် ထားရမယ့် သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။

ကျွန်မတို့လုပ်သမျှ ကျွန်မတို့ ခံစားရမယ်။ ကောင်းတာလုပ်လို့ရှိရင် ကောင်းကျိုးကို ခံစားရမယ်။ ဒါကြောင့် ကျွန်မတို့အားလုံးဟာ ပြည်ထောင်စုကောင်းကျိုးအတွက် ဝိုင်းဝန်းပြီးတော့ လုပ်ဖို့ဆိုတယ်ဆိုတာကို ကျွန်မတို့ နှလုံးသွင်းဖို့ လိုပါတယ်။

နောက်တစ်ခုက ကျွန်မတို့ ကရင်အမျိုးသားများရဲ့ နှစ်သစ်ကူးတဲ့ ကောက်သစ်စားတဲ့နေ့ဆိုတာ နှစ်သစ်ကူးတဲ့နေ့ပါ။ နှစ်သစ်ဆိုတာ တစ်နှစ်ပြန်လည်လာပါတယ်။

ကျွန်မတို့ ကမ္ဘာကြီးဟာ နေက ကမ္ဘာကြီးကို ပတ်လိုက်ပြီးတော့ တစ်ပတ်ပြည့်သွားပြီဆိုရင် တစ်နှစ်ပြည့်သွားပြီလို့ ဆိုပါတယ်။

အဲ့တော့ ဒီလိုတစ်ပတ်ပြည့်သွားတဲ့အချိန်တိုင်းမှာပဲ ကျွန်မတို့ဟာ မျှော်လင့်ချက်တွေကို ပြန်ပြီးတော့ ရှင်သန်အောင်လို့၊ သစ်ဆန်းအောင်လို့ လုပ်နိုင်တဲ့အခွင့်အရေး ရပါတယ်။

အရင်နှစ်က မလုပ်ခဲ့တဲ့ကိစ္စတွေကိုလည်း ဖြည့်ဆည်းပြီးတော့ လုပ်လို့ ရပါတယ်။

အရင်နှစ်က လုပ်ပြီးသားကိစ္စတွေကို မဖြစ်ခဲ့ပါစေနဲ့လို့ ဆုတောင်းလို့တော့ မရဘူး။ ဖြစ်ပြီးသားကိစ္စတွေကတော့ ဖြစ်ပြီးခဲ့ပြီ။

ဖြစ်ပြီးသားကိစ္စတွေ ဖြစ်ခဲ့ပြီး အဲ့ဒီအကျိုးတွေကတော့ ရောက်လာမှာပဲ။ ဒါပေမယ့်လည်း နှစ်သစ်မှာ ပြန်ပြီးတော့ အသစ်တဖန်စဖို့ အခွင့်အရေးတွေ ရပါတယ်။

အရင်က မကောင်းတာတွေ ဖြစ်ခဲ့ရင် နောင် ထပ်မဖြစ်အောင်လို့၊ အရင်တုန်းက ကောင်းတာတွေဖြစ်ခဲ့ရင် နောင်ဆိုလို့ရှိရင် ပိုမိုပြီးတော့ကောင်းအောင်လို့ ကျွန်မတို့ဟာ နောက် တစ်ဖန် လုပ်ပိုင်ခွင့်ရတဲ့ အချိန်လို့လည်း ပြောလို့ရပါတယ်။

ဒါပေမယ့် လုပ်ပိုင်ခွင့်ဆိုတာ ကိုယ်သုံးတတ်မှပဲ အကျိုးအမြတ်ရှိမှာပါ။ ပျိုးပင်တွေ ကြဲသလိုပေါ့။ ပျိုးပင်တွေက မျိုးစေ့ကြဲပြီးတာနဲ့ မပြီးပါဘူး။ ပြုစုပျိုးထောင်ရတယ်ဆိုတာလည်း ရှိပါတယ်။

ဒါကြောင့်မို့လို့ နှစ်ဆန်းတစ်ရက်နေ့မှာ တစ်ချို့ ယဉ်ကျေးမှုတွေမှာဆိုရင် နှစ်ဆန်းတစ်ရက်နေ့မှာ ဒါလုပ်ပါမယ်။ ဒါမလုပ်ပါဘူး စသဖြင့် အသေးအဖွဲလေးတွေလည်း ရှိတာပေါ့။ ဥပမာဆိုရင် ဒီနှစ်အတွင်းမှာ ဆေးလိပ်ဖြတ်ပါမယ်လို့ သန္နိဌာန်တွေချတဲ့သူတွေလည်း ရှိတာပေါ့။

သို့သော်လည်း ကျွန်မသိသလောက်ကတော့ တော်တော်များများဟာ တစ်ပတ်၊ နှစ်ပတ်၊ တစ်လဆိုလို့ရှိရင် သန္နိဌာန် မမြဲကြဘူး။ အဲ့တော့ နှစ်တစ်နှစ်စပြီဆိုရင် ကျွန်မတို့ချခဲ့တဲ့ ကောင်းတဲ့သန္နိဌာန်တွေကို မြဲဖို့တော့ အားထုတ်ရပါလိမ့်မယ်။

မျိုးစေ့လေးတွေကို ကြဲပြီးတဲ့အခါကျရင် ထိုင်ပြီးတော့ ဒီလိုပဲကြည့်နေလို့ ပျိုးပင်တွေက ပေါက်လာပြီးတော့ အလိုလို စပါးတွေက ရိတ်ပြီးတော့ ကိုယ့်ပန်းကန်ပေါ် ရောက်လာမှာ မဟုတ်ပါဘူး။

ကျွန်မတို့ တစိုက်မတ်မတ် တစ်ဆင့်ပြီးတစ်ဆင့် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို အားကျိုးမာန်တက်၊ ဝိရိယနဲ့ ဇွဲနဲ့ လုံ့လနဲ့ လုပ်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုလုပ်မှ ကျွန်မတို့ ကြဲလိုက်တဲ့ မျိုးစေ့လေးတွေက ပျိုးပင်လေးတွေ ပေါက်လာမယ်။ ဒီပျိုးပင်လေးတွေကလည်း ကျွန်မတို့အနေနဲ့ ပြုစုပျိုးထောင်ပေးမှပဲ ပွင့်လာမယ်၊ သီးလာမယ်။

အဲ့ဒီဟာပြီးတဲ့အခါကျတော့လည်း ရိတ်ရဦးမယ်။ ရိတ်ပြီးရုံနဲ့ ပုံထားလိုက်လို့လည်း မဖြစ်ပါဘူး။ ရင့်မှည့်လို့ ရိတ်လိုက်တဲ့စပါးတွေဟာ အဟာရဖြစ်ဖို့ဆိုလို့ရှိရင် ဆန်ဖြစ်တဲ့အထိ ကျွန်မတို့ လုပ်ရမယ်။ ဆန်ကနေ ထမင်းဖြစ်တဲ့အထိ ကျွန်မတို့ ချက်ရမယ်။

ထမင်းချက်ပြီးလို့ရှိရင်လည်း ခူးခပ်ပြီးတော့ စားရတဲ့အဆင့်အထိ အဲ့ဟာပြီးမှ ကျွန်မတို့ဟာ ပျိုးခဲ့တဲ့မျိုးစေ့လေးတွေရဲ့ အကျိုးကျေးဇူးကို အပြည့်အဝခံစားရပြီလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ ပြည်ထောင်စုကြီးတစ်ခု ထူထောင်တယ်ဆိုတာ ပထမဦးဆုံး မျိုးစေ့အရင် ကြဲရပါတယ်။ ဒီမျိုးစေ့လေးတွေကို ပြုစုပျိုးထောင်ရာမှာ အားလုံးကဝိုင်းပြီးတော့ ပြုစုပျိုးထောင်ရပါတယ်။

ထမင်းစားလို့ရှိရင်တော့ ငါပါမယ်။ ပျိုးပင်စိုက်တဲ့နေရာတော့ ငါမပါဘူး၊ ပျိုးပင်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာလည်း ငါမပါဘူး၊ ရိတ်တဲ့နေရာမှာလည်း ငါမပါဘူး။ စားတဲ့နေရာမှာတော့ ဝင်စားမယ်ဆိုရင်တော့ ဒီစိတ်ဓာတ်တွေက ပြည်ထောင်စုစိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မတို့ ပြောရမှာပါ။

ကျွန်မတို့အားလုံးဟာ ပထမဦးဆုံး ကြဲတဲ့နေရာမှာလည်း ပါရမယ်။ ပျိုးပင်လေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာလည်း ပါရမယ်။ ရိတ်တဲ့နေရာမှာလည်း ပါရမယ်။ ဒါမှ ကိုယ်စားတဲ့အခါကျလို့ရှိရင် လိပ်ပြာသန့်သန့်ရှင်းရှင်းနဲ့ စားနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်မပျိုးခဲ့တဲ့၊ ဘာမှ ဝိုင်းပြီး မကူညီခဲ့တဲ့ ပျိုးပင်များရဲ့ အသီး၊ အပွင့်တွေကို စားတယ်ဆိုတာဟာ မလုပ်သင့်တဲ့ကိစ္စပါ။ ဒါက အင်မတန်မှ ဂုဏ်သိက္ခာမဲ့တဲ့ကိစ္စလို့ ကျွန်မ ပြောချင်ပါတယ်။

ဒါကြောင့် ကျွန်မတို့အားလုံးဟာ ပြည်ထောင်စုကြီးရဲ့ တကယ့်ညီညွတ်တဲ့ တိုင်းရင်းသားပေါင်းမြောက်များစွာကနေပြီးတော့ ညီညီညွတ်ညွတ်နဲ့ ခိုင်ခိုင်မာမာ ဆောက်တည်ထားတဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးကျေးဇူးတွေ၊ အသီးအပွင့်တွေကို ခံစားချင်ရင် ဒီပြည်ထောင်စုကြီးဖြစ်ပေါ်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ အားလုံးကနေပြီးတော့ ကိုယ်ကျရာနေရာကနေ ကူညီရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မက ကရင်နှစ်သစ်ကူးနေ့ဟာ အင်မတန်မှ ချစ်ဖွယ်ကောင်းတယ်ဆိုတာ၊ ဒီကောက်သစ်စားတယ်ဆိုတဲ့ အစဉ်အလာလေးဟာ မိသားစုတွေ စားနိုင်တဲ့အခြေအနေ ရောက်ဖို့အတွက် ဘယ့်လောက် လုံ့လဝိရိယနဲ့ အားစိုက်ခဲ့ရသလဲဆိုတာ ကျွန်မတို့ပြန်ပြီးတော့ သတိရစေလိုတာ ဖြစ်တယ်။

နောက်ပြီးတော့ ကောက်သစ်တွေကိုစားတဲ့အခါ အားလုံးပျော်ပျော်ပါးပါးနဲ့ နှစ်သစ်ကူးကို ကြိုဆိုတဲ့အချိန်အခါလည်း ဖြစ်တယ်။ နှစ်သစ်ကူးဆိုတာ မျှော်လင့်ချက်တွေကို ကြိုဆိုတယ်လို့ ပြောလို့ရပါတယ်။

နောက်ပြီးတော့လည်း သမိုင်းကိုက ညီညွတ်ရေးသမိုင်းပါပဲ။ ကရင်အမျိုးသားများဟာ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုခဲ့လို့ ဒီနေ့ဟာ ဖြစ်ပေါ်လာတာ။ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တာပဲ မရအရ ရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ မဟုတ်ဘဲနဲ့ အများအတွက်ကောင်းတဲ့အဖြေတစ်ခုရှာမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ လုပ်ခဲ့လို့ ကရင်နှစ်သစ်ကူးနေ့ဟာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ နိုင်ငံမှာဆိုရင် တိုင်းရင်းသားပေါင်း မြောက်များစွာ ရှိပါတယ်။ တိုင်းရင်းသားတိုင်းကလည်း ကိုယ့်ရဲ့နှစ်သစ်ကူးတွေ ရှိကြပါတယ်။ ဒါပေမယ့် နှစ်သစ်ကူးတိုင်းဟာ တူညီတဲ့ကိစ္စ ပါတာကတော့ နှစ်သစ်ကူးဆိုလို့ရှိရင် လူတွေက မျှော်လင့်ချက်တွေ ဆန်းသစ်လာကြပါတယ်။

အရင်နှစ်က မဖြစ်ခဲ့တာတွေ ဒီနှစ်တော့ လုပ်နိုင်မယ်ဆိုပြီးတော့ မျှော်လင့်ကြတာဟာ လူသားများရဲ့ သဘာဝပါပဲ။ ဒါပေမယ့် မျှော်လင့်ချက်ဆိုတာဟာ အလုပ်နဲ့မပံ့ပိုးလို့ရှိရင် အသီးအပွင့် မဖြစ်လာပါဘူး။

မျှော်လင့်ချက်တွေ ထိရောက်အောင်လို့ အကောင်အထည်ဖော်ဖို့ဆိုတာ အားလုံးဝိုင်းဝန်းပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အခုလို နှစ်သစ်ကူးနေ့မှာ တိုင်းရင်းသားများရဲ့ နှစ်သစ်ကူးနေ့မှာ အားလုံးဟာ ဝိုင်းဝန်းပြီးတော့ အတူတကွ ဆင်နွှဲကြတာဟာလည်း ပြည်ထောင်စုအတွက် ကောင်းတဲ့လက္ခဏာပါ။ ကောင်းတဲ့နိမိတ်ပါလို့ ကျွန်မပြောချင်ပါတယ်။

ဒါပေမယ့် နိမိတ်တွေချည်းပဲ အားကိုးနေလို့လည်း မရဘူး။ နောက်ဆုံးကျတော့ အလုပ်ပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ အလုပ်ပါပဲ။ ကံဆိုတဲ့စကားကိုက ကမ္မဆိုတဲ့ အလုပ်ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

ကိုယ်လုပ်မှ ကိုယ်ခံစားရမှာ။ ကိုယ်မလုပ်ဘဲနဲ့ ခံစားချင်တဲ့၊ စံစားချင်တဲ့ စိတ်ဆိုတာလည်း သိက္ခာမရှိပါဘူး။ အဲ့တော့ အားလုံးဟာ ကျွန်မတို့ ဝိုင်းဝန်းပြီးတော့ ညီညွတ်ရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ ပြည်ထောင်စုကြီး သာယာဝပြောရေးအတွက် လုပ်မယ်ဆိုလို့ရှိရင် ကျွန်မတို့ နောင်နှစ်တွေ၊ နှစ်တွေမှာ နှစ်သစ်ကူးအချိန်ကာလမှာတင် မကဘဲနဲ့ တစ်နှစ်လုံး တစ်ရက်ချင်း၊ တစ်ရက်ချင်းမှာ ကျွန်မတို့ပျိုးခဲ့တဲ့ ပျိုးပင်လေးတွေကနေပြီးတော့ ရရှိခဲ့တဲ့ အသီးအပွင့်တွေကို ကျွန်မတို့ ခံစားရမှာ၊ စံစားရမှာ။ ပျော်ရွှင်စာနဲ့ တစ်နေ့ချင်း၊ တစ်နေ့ချင်းဟာ ပိုပြီးတော့ကောင်းလာတဲ့နေ့သစ်တွေဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ကျွန်မတို့ဟာ ကျေနပ်ရမှာ ဖြစ်ပါတယ်။

နောင်လာနောက်သားတွေဟာလည်း ကျွန်မတို့ ပျိုးခဲ့တဲ့၊ အခု ဒီအချိန်အခါမှာပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးမျိုးစေ့လေးတွေရဲ့ ဆက်ပြီးတော့ ခေတ်အဆက်ဆက် ခံစား၊ စံစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲလုပ်လုပ် ရှေ့ကို၊ အနာဂတ်ကို ကြည့်ရပါတယ်။ အနာဂတ်ဆိုတာ နောက်တစ်နှစ်လည်း မဟုတ်ဘူး။ နောက်နှစ်နှစ်လည်း မဟုတ်ဘူး။ နောက် လေးငါးနှစ်လည်း မဟုတ်ပါဘူး။

ကျွန်မ မကြာခနသတိပေးပါတယ်။ နိုင်ငံရေးပညာရှင်ကြီးတစ်ဦးပြောခဲ့တာဟာ နိုင်ငံရေးလုပ်စားတဲ့သူတွေက နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ နိုင်ငံ့အတွက် လုပ်တဲ့ သူတွေက နောင်မျိုးဆက်တွေအတွက် စဉ်းစားတယ်ဆိုတာ အဲ့တော့ ကျွန်မတို့အားလုံးဟာ နောင်မျိုးဆက်တွေအတွက်စဉ်းစားပြီးတော့ ကရင်အမျိုးသားများရဲ့ အင်မတန်မှ ချစ်ဖွယ်ကောင်းတဲ့ နှစ်သစ်ကူးကပေးတဲ့သင်ခန်းစာတွေကို နှလုံးသွင်းပြီးတော့ အားလုံးအတူလက်တွဲပြီးတော့ ပြည်ထောင်စုကြီး ခိုင်မာ၊ သာယာဝပြောအောင်လို့ လုပ်နိုင်ကြ ပါစေလို့ ကျွန်မ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နိဂုံးချုပ်ပါတယ်"

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/21741

Read More »

Wednesday, December 14, 2016

World Assembly for Women (WAW!)2016” ညီလာခံမှ ဒေါ်စု၏ ဗွီဒီယို မိန့်ခွန်း




World Assembly for Women (WAW!)2016” ညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး မှ ဗွီဒီယို မိန့်ခွန်းပေးပို့

ဂျပန်နိုင်ငံ၊ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးမှ ကြီးမှူး၍ တိုကျြိုမို့တွင် ၁၃-၁၂-၂၀၁၆ ရက်နေ့မှ ၁၄-၁၂-၂၀၁၆ရက်နေ့ အထိ ကျင်းပလျက် ရှိသည့် “World Assembly for Women(WAW!) 2016”ညီလာခံ သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်း စုကြည်မှ ဗွီဒီယို မိန့်ခွန်း ပြောကြား ခဲ့ပါသည်။

အဆိုပါညီလာခံအား ကမ္ဘာတစ်ဝှမ်းရှိ လူမှုအဖွဲ့ အစည်းများနှင့် အမျိုးသမီး များ၏ ပါဝင်မှု အခန်း ကဏ္ဍမြှင့်တင်ရေး ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ ဦးဆောင်ကြီးမှူး၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါ သည်။

အဆိုပါဗွီဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၁၉၉၅ခုနှစ်တွင် အမျိုးသမီးများကဏ္ဍအတွက် အရေးပါသည့် Beijing Platform for Action အားချမှတ်ပြီးနောက်ပိုင်းတွင် အမျိုးသမီးများကဏ္ဍမှာ သိသိသာသာ တိုးတက်လာသည်ကိုတွေ့မြင်နေရကြောင်း နှင့် ပညာရေးနှင့်အလုပ်အကိုင်ကဏ္ဍများတွင် ရရှိနေသည့်တိုးတက်မှုများအား အလေးထားပြောကြားခဲ့ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုးတက်မှုများ ရရှိနေသော်လည်း ယနေ့အထိ ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံသည့် အလေ့အထ ၊ အမျိုးသမီးများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ အလုပ်ချိန်ပိုမို လုပ်ကိုင်ရမှု ၊ ၀င်ငွေမရသည့် အိမ်ထောင်မှု အလုပ်များကို ထမ်းဆောင်နေသော်လည်း ၎င်းတို့၏လုပ်အားကို အသိအမှတ်ပြုမခံရမှု ၊ ဆုံးဖြတ်ချက်ချသည့်အဆင့်များတွင် အမျိုးသမီးများကိုယ်စားပြုမှု နည်းပါးနေမှုနှင့် စီးပွားရေး အရင်းအမြစ် များအား ညီမျှစွာ ရယူသုံးစွဲနိုင်နိုင်ခြင်းမရှိမှုစသည့် စိန်ခေါ်မှုများရှိ နေသေးကြောင်းကို မီးမောင်းထိုးပြောကြားခဲ့ပါသည်။

အဆိုပါညီလာခံသို့တက်ရောက်လာသူများအနေဖြင့် အမျိုးသမီးများ ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် သမာရိုးကျအတွေး အခေါ်များမှ ခွဲထွက်ပြီး ဆန်းသစ်သောနည်းလမ်းကောင်းများ ရှာဖွေရန်လိုအပ်ကြောင်းဖြင့်လည်း အားပေး တိုက်တွန်းထားပါသည်။

၂၀၁၃ ခုနှစ်တွင်ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ၀န်ကြီးချုပ်ရှင်ဇိုအာဘေးက လူမှုအသိုက် အ၀န်းတွင် အမျိုးသမီးများ ပါဝင်မှုမြှင့်တင်ရန် ‘a society where women shine” ဟူသော အတွေးအခေါ်ကို မိတ်ဆက်တင်ပြခဲ့ပြီးနောက်ပိုင်းတွင် ဂျပန်နိုင်ငံအစိုးရမှဦးစီးကာ WAW ညီလာခံကို နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဗီဒီယိုမိန့်ခွန်းအား မှတ်တမ်း တင်ဖော်ပြအပ်ပါသည်။


From : Ministry of Foreign Affairs Myanmar

Originally published at - https://www.facebook.com/mofamyanmar/videos/612495792284053/

Read More »

Friday, September 23, 2016

ဒေါ်စု၏ (၇၁) ကြိမ်မြောက် ကုလ ညီလာခံတွင် ပြောကြားသည့် အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း




(၇၁) ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်း စုကြည် ပြောကြားသည့် အထွေထွေ မူဝါဒရေးရာ မိန့်ခွန်း အပြည့် အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

သဘာပတိကြီး၊ လေးစားအပ်ပါသော လူကြီးမင်းများ၊ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်များ၊ ဧည့်သည် တော်များရှင့်၊

မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ပထမဆုံး ကိုယ်စားလှယ်အနေနဲ့ ယခုကျင်းပပြုလုပ်လျက်ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တက်ရောက်ပြောကြားစဉ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့ အခြေခံ မူများ အပေါ် ထားရှိတဲ့ ကျွန်မတို့ရဲ့ ယုံကြည်ချက်ကို တာဝန်တစ်ခုအနေနဲ့ လည်းကောင်း၊ အခွင့်အရေး တစ်ရပ် အနေနဲ့ လည်းကောင်း ကျွန်မအနေနဲ့ ထပ်လောင်း အတည်ပြုပြောကြားအပ်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အင်အားဟာ ပဋိညာဉ်စာတမ်းကြီးနဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူကြီးများမှာ အခြေခိုင်မာစွာ ပါဝင်နေတဲ့ ကမ္ဘာ့နိုင်ငံ အများအပြား ကျယ်ပြန့်စွာ ပါဝင်မှုနဲ့ တရားဝင်ရပ်တည်မှု တို့ အပေါ်မှာ အခြေခံပါတယ်။ မပြည့်စုံ မှုများနဲ့ ကန့်သတ်ချက်များ ရှိနေသော်လည်း လူသားအားလုံးအတွက် ကြင်နာမှုများ၊ ကရုဏာ တရားများ ပိုမိုပြည့်ဝသော နေအိမ်အဖြစ်နဲ့ ပိုမိုငြိမ်းချမ်းသာယာဝပြောတဲ့ ကမ္ဘာကြီး ဖြစ်လာစေရန် ကျွန်မတို့ရဲ့ မျှော်လင့် ချက်များကိုသယ်ဆောင်ပေးမယ့် အဖွဲ့အစည်းကြီးအဖြစ် ကုလသမဂ္ဂ ဟာ ဆက်လက် တည်ရှိနေမှာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံဟာလွတ်လပ်ရေးရပြီးစ၁၉၄၈ ခုနှစ်မှာဘဲပြည်ထောင်စု မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ အဖွဲ့သို့ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်ဟာကမ္ဘာ့လူသား အားလုံးအနေနဲ့ ကမ္ဘာ့စစ်ကြီးရဲ့ အပျက်အစီးများမှ ရုန်းထွက်ပြီး ၎င်းတို့ရဲ့နိုင်ငံများ အသစ်တဖန် ပြန်လည် တည်ဆောက်နေတဲ့ အချိန်ဖြစ်သလို တန်းတူ ညီမျှမှု၊ သာယာဝ ပြောမှုနဲ့ တရားမျှတမှုတို့ဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ လူသားတို့ရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု တို့ကို ပြန်လည်တည်ဆောက်နိုင်မယ်လို့ ယုံကြည်မှု အပြည့်အဝထားတဲ့ ခေတ်ကာလတစ်ခုလည်း ဖြစ်ပါတယ်။

ယခုအချိန်ဟာဆိုရင်လည်း မြန်မာနိုင်ငံအနေနဲ့ ခိုင်မာတဲ့ မျှော်လင့်ချက်များ ထားရှိနေတဲ့ အချိန် ကာလဖြစ်နေ ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ များက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံမဲများ အပြတ်အသတ် ပေးခဲ့ခြင်းဟာ နိုင်ငံရေး ပါတီတစ်ခုကို ထောက်ခံခြင်း သက်သက် မဟုတ်ဘဲ နိုင်ငံရဲ့အနာဂတ်ကို ၎င်းတို့ရဲ့အိပ်မက်များ၊ မျှော်လင့်ချက် များနဲ့အညီ ဖန်တီးနိုင်ဖို့အတွက် ၎င်းတို့ရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်ရည်များအပေါ် ယုံကြည်မှုရှိကြောင်း ထင်ဟပ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု တစ်ခုကို ပြသခဲ့ခြင်းဖြစ်ပါတယ်။

ဒီအိပ်မက်များ၊ မျှော်လင့်ချက်များဟာ ကုလသမဂ္ဂကို စတင် တည်ထောင်စေခဲ့တဲ့ အိပ်မက်များ၊ မျှော်လင့်ချက်များနဲ့ အတူတူပင် ဖြစ်ပါတယ်။

သဘာပတိကြီးရှင့်၊
ဓါးသွားမှထယ်သွားအဖြစ် ပြောင်းလဲရေးသို့တည်းမဟုတ် ပိုမိုခေတ်မီတဲ့ အသုံးအနှုန်းနဲ့ ဒါကို ပြောကြား ရမယ်ဆိုရင် အဖျက်လက်နက်များကို လယ်ယာသုံး ကိရိယာများအဖြစ် ပြောင်းလဲရေး အိပ်မက်ဟာ ပဋိပက္ခ များရဲ့ ဖိအားကြောင့် အိပ်စက်မှုနဲ့နေရပ်များကို ကာလရှည်ကြာစွာ စွန့်လွှတ်နေခဲ့ရတဲ့ ကျွန်မတို့ ပြည်သူများရဲ့ စိတ်ထဲနှလုံးသားထဲမှာ ရှိနေပါတယ်။

မိမိတို့ နေအိမ်များ အတွင်းမှာ လုံခြုံဘေးကင်းစွာ နေထိုင်နိုင်ရေး၊ မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ဖော်ထုတ်နိုင်စွမ်းအပေါ် ယုံကြည်မှုရှိရေး၊ လူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ သက်ကြီးရွယ်အိုများရဲ့ လုံခြုံမှုအလားအလာများအပေါ် ကျေနပ်မှုရှိရေး၊ ငြိမ်းချမ်း သာယာ ဝပြောသော ပြည်ထောင်စုတစ်ခုရဲ့ နိုင်ငံသားများအတွက် ၎င်းတို့ရဲ့ အခွင့်အရေးများနဲ့ တာဝန် ဝတ္တရားများ ခိုင်မာမှုရှိရေးတို့ဟာ ကျွန်မတို့ရဲ့ ရိုးရှင်းတဲ့ မျှော်လင့်ချက်များပဲ ဖြစ်ပါတယ်။

ရိုးရှင်း ပေမယ့် အောင်မြင်ဖို့ဆိုတာ ခက်ခဲကြောင်း အထူးပြောဖို့မလိုပါဘူး။ ကျွန်မတို့ရဲ့ ရည်မှန်းချက်များကို ဖော်ဆောင်ပေးမယ့် တစ်ခုတည်းသော လမ်းကြောင်းကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းသာ ဖြစ်ပြီး ဒီလမ်းကြောင်းကို မျှော်လင့်ချက်များ၊ သန္နိဋ္ဌာန် များနဲ့အတူ လျှောက်လှမ်းသွားရမှာဖြစ်ပါတယ်။

သဘာပတိကြီးရှင့်၊
မြန်မာပြည်သူပြည်သားများအနေနဲ့ ၎င်းတို့ရဲ့ မွေးရာပါ အခွင့်အရေးများဖြစ်တဲ့ ငြိမ်းချမ်းလုံခြုံစွာ နေထိုင် နိုင်ရေး၊ အခြေခံလွတ်လပ်ခွင့်များရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ကာလကြာရှည် မရရှိမခံစားခဲ့ကြရပါ။ ဒီအခွင့် အရေးများဟာ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနဲ့လည်း အကျုံး ဝင်ပါတယ်။

နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကိုတွေ့ကြုံခံစားခဲ့ရတဲ့ နိုင်ငံတစ် နိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့လောက် အရေးကြီးတဲ့ ကိစ္စရပ် ရှိမှာမဟုတ်ပါဘူး။

အစိုးရသစ်အနေနဲ့ ဒီလိုခက်ခဲရှုပ်ထွေးတဲ့ ကိစ္စရပ်ကို အဓိက စိန်ခေါ်မှုတစ်ရပ် အနေနဲ့ လည်းကောင်း၊ ပင်မ ဦးစားပေးလုပ်ငန်း တစ်ရပ်အနေနဲ့ လည်းကောင်း ကိုင်တွယ် ဆောင်ရွက် လျက်ရှိပါတယ်။ မကြာသေးခင်က (၂၁) ရာစုပင်လုံလို့ခေါ်တဲ့ ပထမဆုံးသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို ကျင်းပခဲ့ပါတယ်။

ဒီလိုခေါ်ရခြင်းဟာ လွတ်လပ်သော မြန်မာနိုင်ငံကို အခြေခံ အုတ်မြစ် ချပေးနိုင်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကြီးရဲ့ ပင်လုံစိတ်ဓါတ်ကို ကိုယ်စားပြု ခေါ်ဝေါ် ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးဟာ ပြည်ထောင်စုစိတ်ဓါတ်ကို လည်းကောင်း၊ အားလုံး ပါဝင်ခွင့် ရှိစေရေးဆိုတဲ့ အခြေခံမူကိုလည်းကောင်း အခြေခံ ကျင်းပခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက် ခဲ့ကြပါတယ်။

သို့သော် ဒီလို ညီလာခံကြီး ကျင်းပရုံ သက်သက်နဲ့တော့ ရည်မှန်းချက်ကို ရောက်ရှိမှာ မဟုတ်ပါဘူး။ ဒီညီလာခံဟာ နောင်လာမယ့် မျိုးဆက်သစ် များကို ပြည်သူများ အကြား မဖော်ပြနိုင်တဲ့ ဝမ်းနည်းကြေကွဲမှုများ ပေါ်ပေါက်စေတဲ့ ညီနောင်များ စိတ်ဝမ်းကွဲမှုများမှ လွတ်မြောက်စေမယ့် အမျိုးသား ပြန်လည်သင့်မြတ်မှုနဲ့
ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး တို့ကို ရှေးရှုတဲ့ခရီးမှာ ပထမဆုံး အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်သာ ဖြစ်ပါတယ်။

သဘာပတိကြီးရှင့်၊
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို တစ်ကမ္ဘာလုံးက အာရုံစိုက်ခဲ့ ကြပါတယ်။ ကမ္ဘာ့အသိုက်အဝန်းဝင် တာဝန်သိနိုင်ငံ တစ်နိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဝေဖန်မှုများ အပေါ် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်း အားလုံး အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်မယ့်‌ ရေရှည်တည်တံ့တဲ့ အဖြေတစ်ရပ် ရရှိရေးကို သန္နိဋ္ဌာန်ရှိရှိနဲ့ ဆောင်ရွက်နေပါတယ်။

မိမိတို့အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပဓာနထားပြီး နားလည်မှုနဲ့ ယုံကြည်မှုတို့ တိုးမြှင့်စေမယ့် ရေတို၊ ရေရှည် အစီအစဉ်များပါဝင်တဲ့ အားလုံး ခြုံငုံမိသော နည်းလမ်းတစ်ရပ်ဖြင့် ဆောင်ရွက် လျက်ရှိပါတယ်။

ကျွန်မတို့အစိုးရသစ်အနေနဲ့ တာဝန်ယူပြီး မကြာခင်မှာပဲ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ လိုက်နာရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး၊ နေရာချထားရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်နေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။

ဒီကိစ္စရပ်ကို ပြည့်စုံကောင်းမွန်စွာနဲ့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေး အထောက်အကူပြုစေရန်နဲ့ ပိုမို ကောင်းမွန်စေဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး၊ အဲဒီအကြံပေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ယခင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ ကိုဖီအာနန်က ဆောင်ရွက်မှာ ဖြစ် ပါတယ်။

အဆိုပါကော်မရှင် ဖွဲ့စည်းခဲ့တဲ့အပေါ် တစ်ချို့က ဆန့်ကျင်ဝေဖန်မှုများ အစဉ်တစ်စိုက် ပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ကျွန်မတို့ဟာ ရခိုင်ပြည်နယ်အတွင်း သဟဇာတရှိမှု၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝ ချမ်းသာရေး အတွက် ကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ နားလည်မှုနဲ့ အပြုသဘော ကူညီဆောင်ရွက်ပေးဖို့ကိုလည်း ပြောကြား လိုပါတယ်။ တစ်ဖက်သတ်ပြုမူသူများနှင့် သည်းခံခြင်းတရား မရှိသူများရဲ့ ဖိအားပေးမှုများကို ကြံ့ကြံ့ ခံလျက် အခြေခံလူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ လူသားတစ်ဦးအဖြစ် တန်ဖိုးထားမှုအပေါ် ကျွန်မတို့ရဲ့ ယုံကြည်မှုကို ထပ်မံ အတည်ပြုပြောကြားလိုပါတယ်။

သဘာပတိကြီးရှင့်၊
ကျွန်မတို့ ပြည်သူတွေရဲ့ လူမှုရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေကို အောင်မြင်စွာ ဖြည့်ဆည်းပေးမဲ့ မူဝါဒ များနဲ့ အစီအစဉ်များကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ဟာ မရှိမဖြစ် ကနဦး လိုအပ်ချက်များ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတော် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒကိုလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် အတော်များများကို အကောင်အထည်ဖော်ဖို့ ဦးတည်ရေးဆွဲထားတာ ဖြစ်ပါတယ်။

အဲဒီလို ထည့်သွင်းရေး ဆွဲထားတဲ့ မူဝါဒထဲမှာ အခြေခံ အဆောက်အဦ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများနဲ့ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်ဖို့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။

ကျွန်မတို့ရဲ့ ပြည်သူဗဟိုပြုပြီး အားလုံး ပါဝင်တဲ့မူဝါဒရဲ့ အဓိက ဦးတည်ချက် တွေကတော့ အမျိုးသား ပြန်လည်သင့်‌မြတ်ရေး၊ အလုပ်အကိုင် ဖန်တီးရေးနဲ့ သဘာဝ သယံဇာတများ ထိန်းသိမ်းရေး၊ လူငယ်များအတွက် စွမ်းရည် မြှင့်တင်ပေးရေးနဲ့ အခွင့်အလမ်းများ ဖန်တီးပေးရေးတို့ ပါဝင်ပါတယ်။

သဘာပတိကြီးရှင့်၊
ယမန်နေ့က ဖွင့်လှစ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အထွေထွေမူဝါဒရေးရာ ဆွေးနွေးမှုများမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ ကျွန်မတို့ရဲ့ တူညီတဲ့ စိုးရိမ်မှုများအပေါ် ပြည့်ပြည့်စုံစုံ ဆွေးနွေး ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့ ရွှေ့ပြောင်းသွားလာခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေးကိစ္စတို့ကိုဘဲ သဘာပတိကြီးတို့ သတ်မှတ်ခွင့်ပြုပေးထားတဲ့ အချိန်အကန့်အသတ် အတွင်းမှာ ပြောကြားသွားမှာဖြစ်ပါတယ်။

သဘာပတိကြီးရှင့်၊
ပြဿနာတွေရဲ့ အရင်းအမြစ်ကို စုံစမ်းဖော်ထုတ်နိုင်မှသာ ပြဿနာတွေကို ရေရှည်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ မကြာသေးမီနှစ်များအတွင်း ရွှေ့ပြောင်းသွားလာမှု ပမာဏဟာ မကြုံဖူးလောက်အောင် များပြားလာခြင်းနဲ့ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာတဲ့ ဆင်းရဲဒုက္ခတွေဟာ မူမမှန်တဲ့ ရွှေ့ပြောင်း သွားလာမှုကို ဖြစ်စေတဲ့ အဓိက အချက်နှစ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းမှုမရှိခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းတို့ကို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ် လာတယ်ဆိုတာ တွေ့ရပါတယ်။

ကျွန်မတို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု တည်ဆောက်ရေး အကြောင်း ပြောတဲ့အခါမှာ ဘက်ပေါင်းစုံပါဝင်တဲ့ စီးပွားရေး မူဝါဒများကို ဟန်ချက်ညီညီ အကောင် အထည် ဖော်မှုနဲ့ အတူအရေးကြီးတဲ့ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုရှိရေး၊ မတူ ကွဲပြားမှုနဲ့ စိတ်ရှည်သည်းခံမှုတို့ကို လေးစား မှုမြှင့်တင်ရေးတို့ကိုလည်း လျစ်လျူရှုလို့ မရနိုင်ပါဘူး။

ဒါဟာ ကျွန်မတို့ကို စိန်ခေါ်နေတဲ့ လုပ်ငန်း တာဝန် တစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေနဲ့အညီ တရားမျှတပြီး နားလည် လက်ခံနိုင်တဲ့ ဖြေရှင်းမှုတွေ ကိုရှာဖွေရာမှာ
နိုင်ငံအများက ပူးပေါင်းပါဝင်ပြီးအတူ လုပ်ကိုင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ရွှေ့ပြောင်း သွားလာ သူများဟာသူတို့ရဲ့ အိမ်ရှင်နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ ကမ္ဘာ့
စီးပွားရေးကို အထောက် အကူပြု တယ်ဆိုတာကို ကျွန်မတို့ မေ့ထားလို့ မဖြစ်ပါဘူး။

ဒါ့ကြောင့် ရွှေ့ပြောင်းသွားလာတဲ့ အလုပ်သမားများရဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ဖို့ အိမ်ရှင်နိုင်ငံနဲ့ မူရင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ပေါင်းစပ်
ညှိနှိုင်းမှုတွေ ပြုလုပ်ခြင်းဟာ နှစ်နိုင်ငံစလုံးကို အထောက်အကူ ပေးလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

ကျွန်မတို့ရဲ့ ကမ္ဘာမြေကြီးဟာ လူတိုင်း မျှဝေ ခံစားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တန်ဖိုးများနဲ့ ဓနဥစ္စာတို့ကို ခွဲဝေခံစားခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

သဘာပတိကြီးရှင့်၊
ကျွန်မတို့ဟာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူအချင်းချင်း သည်းခံမှု ကင်းမဲ့ခြင်းတို့နဲ့ ဆက်နွယ်နေတဲ့ ပြင်းထန်တဲ့ အစွန်းရောက်မှုဆိုင်ရာ လက္ခဏာရပ်များနဲ့ ပုံစံများ အားလုံးကို စည်းလုံးညီညွတ်စွာနဲ့ အတူတကွ ဆန့်ကျင် ရပ်တည်ကြရမှာ ဖြစ်ပါတယ်။

အစွန်းရောက်ဝါဒဟာ အကြမ်းဖက်မှုရဲ့ အခြေခံ အရင်း အမြစ်ဖြစ် ကြောင်း သိရှိလက်ခံပြီး နောက်မှာ အကြမ်းဖက်ဝါဒကို ပေါ်ပေါက်စေတဲ့ အကြောင်းရင်း များကို စူးစမ်းရှာဖွေဖို့ လိုအပ်ပါတယ်။

လူမှုရေးနဲ့ စီးပွားရေး လုံခြုံမှု ကင်းမဲ့ခြင်းတွေဟာလည်း အရေးကြီးတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့အပြင် ရည်ရွယ်ချက် ကင်းမဲ့မှု၊ ဘဝမှာ ဦးတည်ချက်မဲ့တဲ့ ခံစားမှု တို့ဟာလည်း လူအများ၊ အထူးသဖြင့် လူငယ်များကို မိမိကိုယ်ကို ယုံကြည်မှုပေးနိုင်တယ်လို့ ထင်ရတဲ့ အတွေး အခေါ် လှည့်ကွက်များထဲ ကျရောက်စေနိုင် ပါတယ်။

သဘာပတိကြီးရှင့်၊
မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်များ ကင်းမဲ့တဲ့ ကမ္ဘာကြီးဖြစ်ပေါ်လာစေရေး တိုက်တွန်း အားပေး လျက်ရှိပါတယ်။ လက်ရှိနဲ့ အနာဂတ် မျိုးဆက်များ အတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရရှိစေရန် ရည်ရွယ်ပြီး နျူကလီးယား လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ နှစ်စဉ် တင်သွင်းလျက်ရှိပါတယ်။

ကမ္ဘာပေါ်ရှိ ဒေသအသီးသီးမှာ နျူကလီးယား လက်နက် ကင်းမဲ့ရေးဇုံများ တည်ထောင်ခြင်းဟာလည်း ဒီပန်းတိုင်ကို အထောက်အပံ့ ပြုလျက်ရှိပါတယ်။

ကျွန်မတို့အနေနဲ့ ဒီနေ့ မွန်းလွဲပိုင်းမှာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီး ပိတ်ပင်ရေးဆိုင်ရာ စာချုပ်ကို အတည်ပြုပါဝင်ကြောင်း စာချွန်လွှာကို ပေးအပ်သွားမှာ ဖြစ်တဲ့ အကြောင်း ဒီညီလာခံကြီးကို ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။

သဘာပတိကြီးရှင့်၊
ကျွန်မတို့ဟာ ပဋိပက္ခတွေအတွက် ပေးဆပ်ရတဲ့ တန်ဖိုးကိ သိသလို ရုန်းကန် လှုပ်ရှားရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုလည်း ခံစားခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူ တစ်ဦးတစ်ယောက်နဲ့ ဘယ်နိုင်ငံကိုမှ ဒီလို အဖြစ်မျိုး မကြုံစေချင်ပါဘူး။

စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ကျွန်မတို့ လျှောက်လှမ်းခဲ့တဲ့ ခရီးတစ်လျှောက် ကူညီပေးခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ဒီခက်ခဲ ကြမ်းတမ်းတဲ့ လမ်းတစ်လျှောက် ကိုယ်ချင်းစာတရား၊ အကြင်နာမေတ္တာတရားနဲ့ နားလည်မှုတို့နဲ့ ကူညီပေးခဲ့ကြပါတယ်။

ယနေ့ကမ္ဘာကြီးက ကြုံတွေ့နေရတဲ့ပြဿနာများကို ရင်ဆိုင်ရာမှာလည်း ဒါတွေ လိုအပ်ပါတယ်။ ကျွန်မ အနေနဲ့ ဆောင်ရွက်ပေးမယ်လို့ ကမ်းလှမ်းမှုတွေထက် ဒေါသ၊ အမုန်းတရား၊ မကျေနပ်မှု၊ တောင်းဆိုမှုတွေ ကိုသာ အများအပြား ကြုံတွေ့ခဲ့ရပါတယ်။

ကျွန်မတို့ရဲ့ ကမ္ဘာကြီးကို ပိုမိုကြင်နာတတ်စေချင်သလို ရယူခြင်းထက် ပေးဆပ်ခြင်းကိုလည်း ပိုမိုနေရာရစေလိုပါတယ်။ လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု၊ မသိ နားမလည်မှုတွေဟာ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုရဲ့ အကြောင်းရင်းများ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှုလို့ ပြောရာမှာ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှု သက်သက်ကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ လူ့သဘာဝ ကျင့်ဝတ်ပျက်ခြင်းကို ဆိုလိုပါတယ်။

လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု၊ မသိနားမလည်မှု များဟာ လူ့သဘာဝကျင့်ဝတ်ကို ပျက်စေသလို ကမ္ဘာကြီးကိုလည်း ကျင့်ဝတ်ပျက်စေပါတယ်။ ကျွန်မတို့ရဲ့ မြေးမြစ် အဆက်ဆက်အတွက် ပိုမိုကောင်း မွန်တဲ့ နေစရာအဖြစ် ကမ္ဘာကြီးကို ဖန်တီးရာမှာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါလို့ တိုက်တွန်း လိုပါတယ်။

ဒီလို ကမ္ဘာ့နိုင်ငံ အများစုဝေးတဲ့ နေရာမှာဘဲ ဒီလို မေတ္တာ ရပ်ခံမှုမျိုး ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့အားလုံး အတူတကွ ဒေါသ၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်မှုတွေကို ဆန့်ကျင် ရပ်တည်ကြပါစို့၊ ကိုယ်ချင်းစာတရား၊ အကြင်နာ မေတ္တာတရား၊ အခြားသူများရဲ့ ကံကြမ္မာ ကောင်းတွေအပေါ် ဝမ်းမြောက်တဲ့စိတ်များ မွေးမြူနိုင်ပြီး ပိုမို ကောင်းမွန်တဲ့ ကမ္ဘာကြီးဆီသို့ လျှောက်လှမ်း ရာလမ်း ရှာဖွေကြ ပါစို့လို့ တိုက်တွန်း အပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

From : မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com/2016/09/blog-post_275.html

Read More »

Sunday, September 18, 2016

နယူးယောက်တွေ့ဆုံပွဲ ဒေါ်စုမိန့်ခွန်း အပြည့်အစုံ




ဒေါ်အောင်ဆန်း စုကြည်ဟာ စက်တင်ဘာ ၁၇ ရက် စနေနေ့ မနက်ပိုင်းက နယူးယောက်မြို့ မြန်မာ သံရုံးမှာ မြန်မာနိုင်ငံသား တချို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အဲလို တွေ့ဆုံ ရာမှာ ဒေါ်အောင်ဆန်း စုကြည်က အမျိုးသား ရင်ကြား စေ့ရေးကို ဦးတည် ပြီးတော့ ဘက်ပေါင်းစုံက လူတွေ ပါဝင်နိုင်အောင် သူတို့ အစိုးရကို ဖွဲ့စည်း ခဲ့ကြောင်း၊ ၀န်ထမ်း ရွေးချယ် ရာမှာလည်း အရည်ချင်း ရှိပြီးတော့ တိုင်းပြည် အကျိုး တကယ် ထမ်းဆောင် မယ့် သူမျိုးတွေကို ရွေးချယ်ဖို့ လိုအပ်တဲ့ အကြောင်း၊ ပြည်ပရောက်
မြန်မာတွေ အတွက် ပြည်ဝင်ခွင့် ဗီဇာနဲ့ ပတ်သက်ပြီး တင်းကြပ် မှုတွေကို ဖြေလျော့ ပေးမယ့် အကြောင်း၊ ပြည်ပရောက် ပညာရှင်တွေ အထူး သဖြင့် ဆရာဝန်တွေရဲ့ အကူညီတွေ လိုအပ်ကြောင်း စတဲ့ ကိစ္စတွေ ပြောကြား ခဲ့ပြီး၊ ဒုတိယ ပိုင်းမှာတော့ ဆွေးနွေးပွဲမှာ ပါတဲ့ ပရိသတ် တချို့ရဲ့ မေးမြန်းချက်တွေကို ဖြေကြား ခဲ့တာတွေကို စုစည်း တင်ဆက် လိုက်ပါတယ်။

“အမျိုးသားရင်ကြားစေ့ရေး အစိုးရ”

“… အခု ကျမတို့ရဲ့နိုင်ငံပေါ်မှာ ရဲဘော်ရဲဘက်စိတ်နဲ့ တတ်နိုင်သမျှ ကူညီစေချင်တယ်။ ကူညီနိုင်တဲ့နည်းတွေ အမျိုးမျိုးရှိပါတယ်။ ကျမတို့အခု ဒီနိုင်ငံမှာဆိုလို့ရှိရင် ပညာ
တတ်တွေ အများကြီးရောက်နေတယ်။ အဲဒီတော့ တတ်ထားတဲ့ပညာတွေနဲ့ နိုင်ငံ့အတွက် ဘယ်လိုပြန်ပြီးတော့ သုံးနိုင်မလဲဆိုတာကို စဉ်းစားစေချင်တယ်။

ကျမတို့အနေနဲ့လည်း တဖက်ကနေ အစိုးရကလည်း နိုင်ငံပြင်ပရောက်သွားတဲ့ ပုဂ္ဂိုလ်များ ပြန်ပြီးတော့ ကူညီနိုင်အောင်လို့ အခြေနေတွေကိုလဲ ဖန်တီးပေးရမယ်။

အရင်တုန်းက အုပ်ချုပ်ရေး စနစ်အရဆိုလို့ရှိရင် ‘ ငါနဲ့မတူ ငါ့ရန်သူ’ ဆိုတဲ့စိတ်ဓါတ်က တော်တော်များပါတယ်။ ကျမတို့ကတော့ စိတ်ထဲမှာ ဒီလိုမထားပါဘူး၊ အစထဲက ကျမတို့ပြောတယ် .. ဒီ ရွေးကောက်ပွဲ မဖြစ်ခင် ကတည်းကပြောတာပါ။ ကျမတို့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလို့ရှိရင် အမျိုးသား ရင်ကြားစေ့ရေးကို မူတည်တဲ့ အစိုးရတခု ဖွဲ့မယ်ဆိုတာ၊ ကျမတို့ပြောတဲ့အတိုင်းလည်း ဖွဲ့ခဲ့တယ်။

ကျမတို့ရဲ့ ဝန်ကြီးတွေထဲမှာ ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မဟုတ်တဲ့ ၀န်ကြီးတွေက အများစုပါ။ ကျမတို့ .. ကိုယ့်ပါတီထဲက လူတွေမှ ခန့်မယ်ထည့်မယ်ဆိုတဲ့ စိတ်ဓါတ်မရှိပါဘူး။ ဒီလိုမလုပ်ခဲ့ လို့လည်း ကျမတို့ပါတီထဲက လူတွေက မနှစ်မြို့တာ မကြေနပ်တာတွေ ရှိတယ်။

ဒါကတော့ လူ့သဘာဝပါ။ ဒါကတော့ တချို့ကလည်း သူတို့ဒီလောက် ခံခဲ့ရ ပြီးပြီပေါ့နော် .. အခုမပေးဘူးလား ဆိုတဲ့သဘော။ ကျမပြောတယ် အစကတည်းက လိုချင်လို့
လုပ်ပေးတာ ဆိုလို့ရှိရင်တော့ မပေးဘူးလို့ .. (ရယ်သံများ) ။

အဲဒါကတော့ မကောင်းဘူးလေ၊ အဲဒီတော့ နောင်ကျရင် ပိုပြီးပေးနိုင်တဲ့သူ ရောက်လာရင် အဲဒီလူဖက် ရောက်သွားမှာလား၊ အဲဒီတော့ ဒါမျိုးတွေကို ကျမတို့ မလုပ်တာက၊ ကျမတို့ထဲမှာ တကယ့်ကိုမှ အနစ်နာခံတဲ့လူတွေ ပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ သူတွေရှိပါတယ်။ အဲဒီဟာကို ကျမတို့ အလေးမထားလို့ မဖြစ်ဘူး၊ တန်ဘိုးမထားလို့ မဖြစ်ဘူး။

ဒါပေမယ့် နံပါတ် ၁ က နိုင်ငံပဲ၊ ဒီလူတယောက်ဟာ အရည်အချင်း မပြည့်စုံမှန်း သိလျက်သားနဲ့ သူ့ပေါ်မှာ ပုဂ္ဂိုလ်ရေး ဂရုဏာအရ မပေးအပ်တဲ့နေရာ ပေးလိုက်မယ် ဆိုရင်
နိုင်ငံထိခိုက်မှာပေါ့။

အဲဒီတော့ ပြောရမယ်ဆိုရင် တနိုင်ငံလုံးနဲ့ ဒီလူတယောက်နဲ့ ချိန်လိုက်တဲ့အခါမှာ ဒီလူတယောက်ကို ပိုပြီးအလေးပေးရာ ရောက်နေမှာပေါ့၊ တကယ်က ဒီလူတယောက်ကို အလေးပေးတာ မဟုတ်ဘူး ကိုယ့်ကိုယ်ကို အလေးပေးတာပဲ။

“နိုင်ငံအတွက်လုပ်တာ အားနာစရာမလို”

အားနာတယ်ဆိုတဲ့ဟာက ကိုယ့်ကိုယ်ကို ညှာတာ ဟိုဖက်ကို ညှာတာမဟုတ်ဘူး။ ပြောတော့ အားနာလို့ပါ .. အားနာတယ်ဆိုတာ ဘာလဲ၊ တကယ်စဉ်းစား ကြည့်လို့ရှိရင် အမုန်းမခံချင်တာ။ မလုပ်ပေးလိုက်လို့ရှိရင် ဟိုဖက်က မုန်းသွားမှာ .. ကျမ အားနာလို့လုပ်ပေးလိုက်ရပါတယ်။ တခါတလေကျလို့ရှိရင် ကိုယ်က ဂျီကျမယ့်ဒဏ်ကို မခံနိုင်တာ၊ အဲဒီတော့ အားနာတယ်ဆိုတာ အများအားဖြင့်က ကိုယ့်ကိုယ်ကို ညှာတာ၊ ဟိုဖက်အတွက် စဉ်းစားလို့လဲ မဟုတ်ဘူး။

အဲဒီတော့ ပုဂ္ဂိုလ်ရေးအရ အားနာနိုင်တယ်၊ ပုဂ္ဂိုလ်ရေးအရ ကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့မိတ်ဆွေတွေ အားနာလို့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေ အားလုံးပေးရင် ပေးလိုက်လို့ ရတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကို ထိခိုက်အောင်လို့ အားနာတယ်ဆိုတာကို ကျမ လက်မခံဘူး။

ဒါကြောင့် ဥပမာဆိုလို့ရှိရင် ကျမတို့ အစိုးရသစ် တက်ပြီးတဲ့အခါမှာ ပထမဦးဆုံးအားဖြင့်တော့ အစိုးရအဖွဲ့ထဲမှာ တခြားပါတီက ပုဂ္ဂိုလ်တွေ၊ အခြားပါတီက မဟုတ်ပေမယ့် ကျွမ်းကျင်တယ်လို့ ကျမတို့ယူဆတဲ့ ပုဂ္ဂိုလ်တွေကို ကျမတို့နေရာပေးတယ်။ ပြီးတော့ တတ်နိုင်သမျှ ကျမတို့ တိုင်းရင်းသားတွေကို ပါဝင်ပြီးတော့ ဖွဲ့စည်းတယ်။

အဲဒါကလည်းပဲ ဒါ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုမို့လို့၊ ဒါ လိုကိုလိုအပ်တယ်။ ဒီလို ကျမတို့လုပ်ပါတယ်။ လုပ်ပြီးတော့ အသေးစိတ်ပေါ့ .. ။

“သားသမီး ဆွေမျိုး ကိုယ်ရေးအရာရှိ မခန့်ရ”

တချို့ကတော့ သတိလဲ ထားမိချင်မှ ထားမိမယ်၊ အများကလည်း သိမှာမဟုတ်ပါဘူး ဥပမာဆိုရင် အဆက်ဆက်တုန်းက ဒီလုပ်ထုံးလုပ်နည်း အရဆိုရင် ၀န်ကြီး တယောက်
ပေါ့နော် ယာယီ ရာထူးရသွားတယ်ဆိုရင် သူတို့ရဲ့ ကိုယ်ရေး အရာရှိကို ခန့်ချင်တဲ့သူ ခန့်တာ၊ တခါတလေလည်း သားတွေ ခန့်တယ်၊ တခါတလေလည်း တူတွေကိုခန့် အဲလိုဟာ မျိုးတွေပေါ့။ ကျမတို့ တက်လာတော့ ကျမတို့က ညွှန်ကြားချက်ထုတ် လိုက်တယ်။

ကိုယ်ရေးအရာရှိတွေကို ခန့်မယ်ဆိုရင် ၀န်ထမ်းထဲကပဲ ခန့်ရမယ်၊ နောက် ကိုယ့်ဆွေးနီးမျိုးစပ် တယောက်မှ မခန့်ရဘူး၊ ဝန်ထမ်းဖြစ်သည့်တိုင်အောင် ကိုယ့်နဲ့အမျိုးတော်ရင် မခန့်ရဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒီဟာတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတွေ။

ဟို .. ၀န်ထမ်းဆိုတာဟာ သူ့ရဲ့ဌာနအလုပ်ကို ကျွမ်းကျင်တယ်။ ကိုယ်ခေါ်လာတဲ့ ကိုယ့်တူက ဘာမှလဲမသိဘူး၊ ကိုယ့်သားကလည်း ဘာမှလဲ မတတ်ဘူး .. ဒါပေမယ့် ကိုယ့်သားမို့လို့ ဆိုတော့။ (ရယ်သံများ) ..

ဒါ အမှန်ပဲလေ။ ရုံးထဲမှာထိုင်ပြီးတော့ အားလုံးကို အမိန့်ပေးနေတာ ကျမတို့လက်မခံနိုင်ဘူး၊ ဒါ ဒီမိုကရေစီလဲ မဟုတ်ဘူး။ ဒါ နိုင်ငံ့ရဲ့အကျိုး အတွက်လဲ မဟုတ်ဘူး။

အဲဒီတော့ ဒီလို အသေးလေးတွေပေါ့နော်၊ အသေးလေးတွေ ဆိုပေမယ့် အရေးကြီးပါတယ်။ အားလုံး သဘောပေါက် မှာပေါ့၊ ကိုယ်ရေးအရာရှိ တယောက်ရဲ့အနေ
အထားက ဘယ်လောက်ထိ အရေးပါလဲဆိုတာ။ ပြောတော့သာ ဒါဘာလေး မို့လို့လဲ၊ နောက် တော်တော်များများက ကျမတို့ကို ဘယ်လို ရှင်းပြလဲဆိုတော့ ..

ကိုယ်ရေးအရာရှိတွေက ကိုယ်စိတ်ချရတဲ့လူမှ ဖြစ်မယ်၊ ဒါကြောင့်မို့လို့ ကိုယ်စိတ်ချရတဲ့ သူမှဖြစ်မှာဆိုတော့ ကိုယ့်သားခန့်ပါတယ်၊ ကိုယ့်တူခန့်ပါတယ် ဆိုပြီး အဲလိုတွေ ပြောကြတယ်။

အဲဒီတော့ ကျမကတော့ ဒီလိုမြင်တယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို စိတ်ချရအောင် မလုပ်နိုင်လို့ရှိရင် ကိုယ့်မှာလည်း တာဝန်ရှိတယ်။

“၀န်ထမ်းစည်းမျဉ်းအတိုင်းလုပ်မယ်”

ကျမတို့ဝန်ထမ်းတွေကိုလည်း ပြောပါတယ်။ ကျမတို့ ၀န်ထမ်းတွေကိုလည်း ပြောပါတယ် ကျမတို့ အစိုးရစဖွဲ့ချိန်က ‘ဖြုတ်ထုတ်သတ်တွေ ဘာတွေ ကျမတို့ မလုပ်ဘူး’ လို့.. အလုပ်ဖြုတ်ဖို့ မစဉ်းစားဘူးလို့၊ ဒါပေမယ့် တာဝန်မကျေရင်တော့ မကျေသလို အရေးယူမယ်၊ ဒါမှ သူတို့တာဝန်ကျေမှာ.. တာဝန်တော့ ကျေရမယ်။

စည်းမျည်းစည်းကမ်းအတိုင်း အရေးယူမယ် (ယူလို့ ရှိရင်လဲ)၊ ဟို မင်းမဲ့ စည်းမဲ့ မလုပ်ဘူး။ အဲဒါကတော့ ကျမတို့ အခုအစိုးရရဲ့ အခြေအနေ၊ အနေထားကို ရှင်းပြတာပေါ့။

“ဗီဇာကိစ္စ ဖြေလျော့မယ်”

အခုဒီမှာပေါ့နော်၊ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ကျမတို့ရဲ့ မြန်မာနိုင်ငံပေါ်မှာ စေတနာထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးပေါ့ .. မြန်မာ နိုင်ငံသား ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ ကျမတို့နိုင်ငံရဲ့ အခု သိပ်ပြီးတော့ လိုအပ်နေတဲ့ အခြေအနေမှာ ဝိုင်းဝန်းပြီးတော့ ကူညီစေ ချင်တယ်။

အဲဒီတော့ ဝိုင်းဝန်းကူညီဖို့ ဆိုတာဟာ ကျမတို့ဖက်ကလည်း ကူညီနိုင်အောင်လို့ လုပ်ပေးရမှာပေါ့။ ဥပမာ ဗီဇာ အ၀င်အထွက် စသည်ဖြင့်ပေါ့ .. အဲဒီတော့ ကျမတို့က ဗီဇာပိုပြီး လွယ်လွယ်ရနိုင်အောင်လို့၊ ဒီ ၂၈ ရက်တို့ဘာတို့ဆိုတဲ့ ကိစ္စတွေကို ကျမတို့က ဖြေလျော့ ပြီးတော့၊ ပိုက်ဆံတော့ ပိုတောင်းမယ်နော် (ရယ်သံများ) …

ဒါကတော့ တရားမျှတတယ်လေ၊ ကြာကြာနေချင်ရင်တော့ ပိုက်ဆံ ပိုပေးပေါ့၊ ဒီက သွားချင်တဲ့သူတွေလဲ တတ်နိုင်ပါတယ်။ အဲဒီတော့ ပိုတောင်းသင့်တဲ့နေရာ ပိုတောင်း
ပါမယ်။ ဒါပေမယ့် ကျမတို့ ဖြေလျော့ပေးပါမယ်။ ဖြေလျော့ပေးမယ်ဆိုတာ ပိုပြီးကြာကြာနေဖို့ ကျမတို့လုပ်ပေးမယ်။ Multiple Entry တွေဘာတွေလဲ လုပ်ပေးမယ်။

နောက်ပြီးတော့ အရင်တုန်းက ကန့်သတ်ချက်တွေလဲ ကျမတို့ ပြန်ပြီးတော့ အားလုံး စိစစ်မယ်။

“Black Lists”

နောက် ဒီ Black Lists (အမည်မဲစာရင်း) ကိစ္စပေါ့။ Black Lists ဆိုတာ တကယ်တော့ Interpol နဲ့ဆိုင်တဲ့ ကိစ္စတွေပဲဖြစ်သင့်တယ်လို့ ကျမတို့ကတော့ သတ်မှတ်တယ်။ ဒါ ရာဇ၀တ်မှုတွေနဲ့ ဆိုင်တာပေါ့နော်။ Interpol ရဲ့ Lists ပေါ်မှာ ပါတဲ့သူတွေကိုတော့ Black Lists အနေနဲ့ ဆက်ပြီးတော့ ထားသွားမှာပဲ။

တကယ်ပဲ ရာဇ၀တ်မှု တွေနဲ့ဆိုင်တယ်။ ရာဇ၀တ်မှုတောင်မှ ကိုယ့်နိုင်ငံမှာ ပြန်ပြီးတော့ အစစ်ခံပါမယ် ဆိုရင်တော့ ကျမတို့က လက်ခံမှာပါ။ ဒါပေမယ့် သူ့ရဲ့ ဥပဒေ လမ်းကြောင်းအရကတော့ သွားရမှာပဲလေ။

ဗမာနိုင်ငံမှာ လာပြီးတော့ အစစ်ခံမယ် .. ကျမတို့ နိုင်ငံရဲ့ တရားဥပဒေအရ ဆောင်ရွက်ချက် တွေကို ယုံကြည်တယ်၊ အဲဒီမှာကျမှ ခံရမယ့်ဒဏ် ခံပြီးလို့ရှိရင် ဆက်နေမယ်ဆိုရင်လည်း ကျမတို့ကဒါကို ငြင်းစရာအကြောင်း မရှိပါဘူး။ အဲဒီတော့ အဲလိုဟာမျိုးတွေပေါ့၊ ကျမတို့ အမြန်ဆုံးလုပ်သွားပါမယ်။

“နိုင်ငံရေး မလုပ်ရဆိုတာ မဟုတ်ဘူး”

ဒါနဲ့ ကျမကို တယောက် နှစ်ယောက် လာပြောတယ်၊ လက်မှတ်ထိုး ခိုင်းတယ်.. သူတို့ နိုင်ငံရေး မလုပ်ပါဘူး ဆိုတာကို..၊ ဒီကိစ္စကတော့ ရရလိမ့်မယ်၊ ဘာလို့ဆို ကျမတို့ကိုယ်တိုင်က နိုင်ငံရေးလုပ်နေပြီးတော့ အခြားလူတွေ နိုင်ငံရေးလုပ်ရင် ပြန်မလာရဘူး ဆိုတာကတော့ သိပ်တော့ မဟုတ်တော့ဘူး ထင်တယ်။

အဲဒါလည်း သိပ်တော့ ကျမ နားမလည်ဘူး။ အရင်တုန်းကလဲ .. အစိုးရအဖွဲ့ဝင်တွေက နိုင်ငံရေးလုပ်လို့ အစိုးရအဖွဲ့ဝင် ဖြစ်နေတာပေါ့။ တခြားလူတွေကျတော့ နိုင်ငံရေး မလုပ်ရဘူးဆိုတော့ ဒါ သိပ်ပြီးတော့ ရှေ့နောက်မညီဘူးလို့ထင်တယ်။

အဲဒါတော့ ကျမတို့ ဒါအမြန်ဆုံး ပြောင်းလဲလိုက်ရ ပါလိမ့်မယ်။ နိုင်ငံရေးဟိုမှာ လုပ်တဲ့ အခါမှာတော့ ဥပဒေဘောင်အတွင်းက လုပ်ရမှာပေါ့။ ဟိုမှာလာပြီးတော့ ဥပဒေ ချိုးဖေါက်လို့ ရှိရင်တော့ ဥပဒေအတိုင်းပဲ အရေးယူမှာပဲ။

တခြားနိုင်ငံတွေမှာလဲ ရှိပါတယ်။ ဥပဒေတခုကို ချိုးဖေါက်လိုက်လို့ နိုင်ငံကနေပြီးတော့ ပြန်နှင်ထုတ်လိုက်တဲ့ အခါကျရင် နောင် ဗီဇာတွေဘာတွေ ပြန်မပေးတာဟာ တခြားနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ်တွေပဲ၊ အဲဒီတော့ ကျမတို့က ဗီဇာပေးလို့ ပြန်လာတယ်၊ ပြန်လာပြီးတော့ ဥပဒေချိုးဖေါက်တယ်၊ ချိုးဖေါက်လို့ရှိရင်တော့ ကျမတို့ ပြန်ပြီးနှင်
ထုတ် ပြီးရင်တော့ နောင်ဗီဇာရဖို့ လွယ်တော့မှာ မဟုတ်ပါဘူး။ ဒါကတော့ နိုင်ငံတကာရဲ့ စံနှုန်းအတိုင်းပါပဲ။ လုပ်ထုံးလုပ်နည်းအရ ကျမတို့ လုပ်သွားမှာဖြစ်ပါတယ်။

“ပြည်ပရောက်ဆရာဝန်များ”

အဲဒီတော့ ခုဒီမှာ ဆိုလို့ရှိရင် အဆင့်မြင့်ပညာရှင်တွေကို ကျမတို့ အကူညီပေးစေချင်တဲ့ နည်းတွေအမျိုးမျိုး ရှိပါတယ်။ ဥပမာ ဆရာဝန်တွေလည်း အများကြီး ရှိတယ်။ ကျမတို့ ဆရာဝန်တွေ အတော်များများက နိုင်ငံခြားရောက်သွားတဲ့ အခါကျတော့ အဲဒါ ဆရာဦးမြင့်ထွေး (ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး) နဲ့ကျမ သေချာစဉ်းစား ဆွေးနွေးပြီး
ပါပြီ၊ ကျမတို့ နိုင်ငံခြားရောက်သွားတဲ့ ဆရာဝန်တွေရဲ့ လုပ်အားကို ကျမတို့ လိုချင် ပါတယ်။

အဲဒီတော့ ပေးနိုင်တဲ့လုပ်အားနဲ့ ကျမတို့လိုအပ်တဲ့ လုပ်အားနှစ်ခုကို ညှိဖို့၊ အဲလို အစီစဉ်တခုကို လုပ်ဖို့ဆိုပြီးတော့ ဆရာမြင့်ထွေးနဲ့ ကျမ ဆွေးနွေးထားပါတယ်။ ပြီးတော့ လုပ်အားပေးချင်တဲ့ ဆရာဝန်များက Register တခုလုပ်ထားဖို့ပေါ့နော်၊ နာမည်ပေးထားပြီးတော့ ဘယ်လို လုပ်အားပေးချင်လဲ၊ ဘယ်လောက်လောက် ပေးနိုင်လဲ၊

ဥပမာ တနှစ်ကို တလလောက်လာပြီးတော့ လုပ်ပေးမယ်ပေါ့၊ လာပြီးတော့ လုပ်ပေးမယ်ဆိုရင် ဘာလုပ်ပေးချင်တာလဲ၊ teaching ဖက်က လုပ်ပေးချင်တာလား၊ ဒါမှမဟုတ် တကယ့်ကိုလိုအပ်နေတဲ့ တောမြို့လေး တွေမှာ တလလောက်နေပြီးတော့ လုပ်အားပေးမယ်၊

လုပ်အားပေးခြင်းအားဖြင့် ထိထိရောက်ရောက်နဲ့ လူနာတွေကို လုပ်အား ပေးရရုံတင် မကပဲ အဲဒီက ဆရာဝန်လေးတွေကိုလဲ သူတို့သင်ပေးရာ ရောက်တာပေါ့နော်။

သူတို့ကိုလဲ training ပေးရာရောက်တယ်။ အမျိုးမျိုးပေါ့၊ နောက်ပြီးတော့ တယောက်နဲ့တယောက် ချိတ်ဆက်ပြီးတော့ လုပ်တာမျိုးက ကောင်းတယ်။

ဥပမာဆိုရင် .. အယ် ကျမကတော့ ဆရာဝန်လဲ မဟုတ်တဲ့အခါကျတော့ သိပ်တော့ မကျွမ်းကျင်ပါဘူး၊ Oncology (ကင်ဆာကုသမှု) ဆိုရင် ကျမတို့သိပ်လိုအပ်နေတယ်။

Oncology နဲ့ပတ်သက်လို့ ကျမတို့ Course တခုဆွဲထားတယ်။ တလထဲနဲ့ပြီးချင်ပြီးမယ်၊ ပြီးချင်မှလဲ ပြီးမယ်၊ ဒါပေမယ့် အဲဒီလို Course တခုဟာ သုံးလေးလ ကြာမယ်ဆိုရင်၊ ၃ ယောက် ၄ယောက်ထဲမှာ ချိတ်ပြီးတော့ တယောက်ပြီးတယောက် ဆက်ပြီးလုပ်သွားမယ် ဆိုလို့ရှိရင်လဲ ဒါဟာ ဘာမှ ကျမတို့အတွက် အရှုပ်မရှိဘူး။

လုပ်ပေးချင်တဲ့သူတွေကလည်း တလပဲတတ်နိုင်လို့ ဒီ ၅လ Course မို့လို့၊ လုပ်ခွင့် မပေးဘူးလို့ ပြောမယ့်အစား၊ ကဲ ..တလပဲ လာနိုင်မယ် ဆိုလို့ရှိရင် နောက် ၄လကို
ဖြည့်ဆည်းပေးမယ့်သူတွေ ရှိသလား၊ အားလုံးညှိပြီးတော့ သေသေချာချာပေါ့နော်၊ ကျမတို့ စီစဉ်ပြီး လုပ်လို့ရှိရင် ကိုယ့်မှာတတ်နိုင်တဲ့ အင်အားနဲ့ ကိုယ်ကူညီနိုင်မယ်။

ထိုနည်းလည်းကောင်းပဲ တခြား ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျမတို့ အများကြီးညှိပါတယ်။

“ပညာရေးအခြေအနေ”

ပညာရေးဖက်ကလဲ အင်မတန်မှ လိုအပ်နေတယ်လို့ ကျမတို့ထင်တယ်။ ကျမတို့ ပညာရေးစနစ်က တော်တော်ကို ကျဆင်းသွားတယ်ပေါ့နော်၊ ဒါကို အားလုံးသိပြီးသားပါ။

ဒါပေမယ့်ကျမအခု အနောက်နိုင်ငံတွေကို ကြည့်လိုက်လို့ရှိရင် .. ခုဒီနိုင်ငံကို ကြည့်လိုက်မယ်ဆိုရင် အဆင့်မြင့်ပညာ- တက္ကသိုလ်ပညာ ဆိုလို့ရှိရင်တော့ အကောင်းဆုံး အမြင့်ဆုံးကတော့ သူတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံး အမြင့်ဆုံးပဲ၊ သို့သော်လည်း အောက်ပဲ ကြည့်လိုက်လို့ရှိရင် ပိုပြီးတော့ အဆင့်နိမ့်တဲ့ ပညာ- မူလတန်းတို့ အထက်
တန်းတို့ ကြည့်လိုက်လို့ ရှိရင်တော့ သိပ်အားရစရာ မရှိဘူး၊

အဲဒီတော့ ကျမအမြင်မှာ စောစောက ပြောသလိုပဲ ဒီလူမှုအသိုင်းအ၀ိုင်းနဲ့ ဆိုင်တာပေါ့နော်၊

မိဘတွေအသိုင်းအဝိုင်း၊ တခါတလေ ကျမအမြင်မှာ မှားသလားတော့ မသိဘူး၊ လူကြီးတွေက ကလေးတွေကို ကြောက်နေတယ် .. အဲဒါဟုတ်သလား (ရယ်သံများ ..)။

ဘာဖြစ်လို့လဲ ဆိုတာကိုလည်း ကျမစဉ်းစားနေတယ်။ ကျမကလေ နိုင်ငံရေးသမားပါ၊ ဒါနဲ့ နိုင်ငံရေးသမားက နေပြီးတော့ ကိုယ်ကျိုးတွက် လုပ်မယ့်ကိစ္စတွေနဲ့ အများကြီး
ဆိုင်တယ်လို့ ကျမထင်တယ်။ Issue လုပ်တာပေါ့နော်။ ဥပမာဆိုရင် ဒီ ..ကလေး Child Rights ဆိုတာတော့မှန်ပါတယ်။ Child Rights ဆိုတာ အမေက မိဘက ကလေးကို
ကြောက်နေရပြီးဆိုရင်တော့ မကောင်းတော့ဘူးပေါ့။ Parent Rights ဆိုတာတော့ နည်းနည်းပါးပါး ရှိရမှာပေါ့ (ရယ်သံများ ..)။

“မြန်မာအတွက် ဂုဏ်ယူစရာဖြစ်ပါစေ”

ကျမတို့ မိသားစု နွေးထွေးမှုကို ထိခိုက်ခဲ့တာတွေ ဘာတွေကတော့ နိုင်ငံတနိုင်ငံ လူ့အသိုင်းအဝိုင်းတခုအတွက် အကျိုးမရှိဘူးလို့ ကျမအဲလိုပဲ မြင်ပါတယ်။ ဒီမှာဆိုလို့ရှိရင် တချို့မိသားစုတွေက တော်တော်နွေးထွေးပါတယ်။

ကလေးတွေက ယဉ်ယဉ်ကျေးကျေးရှိတယ်၊ ချစ်ဖို့ကောင်း တယ်၊ တချို့ကျတော့လည်း ဒီလို မဟုတ်ပြန်ဘူး .. မိဘတွေကိုလည်း လူမထင်ဘူး၊ မိဘတွေကလဲ ကလေးတွေပေါ် ဆက်ဆံတာ မာရေ ကြောရေပေါ့နော်။ ညင်ညင်သာသာ နွေးနွေးထွေးထွေး မရှိဘူးပေါ့။

အဲဒီတော့ အဲဒါတွေကလည်း တော်တော်များများတော့ ဒါဟာ စီးပွားရေး အရ ရုန်းကန်ရလို့ ဒီလိုဖြစ်တယ်လို့ ဆိုပေမယ့်လည်း ဒါလည်းဟုတ်ရဲ့လားလို့ ကျမတို့ ပြန်ပြီး စဉ်းစားရမယ်။

ဒီကမ္ဘာကြီးမှာပေါ့နော် ဆင်းရဲတဲ့ နိုင်ငံတွေမှာ နိုင်ငံက ဆင်းရဲပေမယ့်လည်း မိသားစုနွေးထွေးမှုရှိတဲ့ လူယဉ်ကျေးတွေ အများကြီး ရှိပါတယ်။ အဲဒါကိုတော့ ကျမက အားပေး ချင်တယ်။

ဒီမိသားစု နွေးထွေးမှုဆိုတာဟာ စောစောက ကျမပြောသလိုပေါ့၊ ကောင်းတယ်ဆိုတာ ဘာလဲ၊ ကောင်းတယ်ဆိုတာ လူများပေါ်မှာ ကောင်းတဲ့စိတ်ဓါတ်၊ လူများပေါ်မှာ
မေတ္တာထားတဲ့ စိတ်ဓါတ်၊ အဲဒါ မိဘတွေ သင်ပေးမှရမယ်။ ဗီဇတော့ ပါတာပေါ့။

တအူတုံဆင်း တမိသားစု ထဲမှာ ကြီးလာတဲ့ ကလေးတွေတောင်မှ တယောက်နဲ့တယောက်မတူဘူး။ သို့သော်လည်း ခြုံငုံပြောရရင် မြန်မာအတွက် ဂုဏ်ယူစရာဖြစ်ပါစေ၊ ဂုဏ်ယူစရာဆိုတာက ကျမတို့နိုင်ငံသား ထပ်ဖြစ်ဖို့ မလိုပါဘူး။

အမေရိကန်နိုင်ငံသားတယောက် ဖြစ်နေလို့ ရှိလို့ရှိရင်လည်း အားလုံးက လေးစားရတဲ့ အမေရိကန်နိုင်ငံသားဆိုတာ ကျမတို့အတွက် ဂုဏ်ယူစရာပါပဲ။

နောက်တခုကတော့ နောင်မျိုးဆက်တွေပေါ့၊ ဒီက သားသမီးတွေက ပေါက်ဖွား လာမယ့် သားသမီးတွေ - လုံးဝတော့ ကျမတို့ရဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားတာတွေ မပျောက်သွားပါစေနဲ့၊ ဘာပဲပြောပြော သံယောဇဉ်လေးတော့ ရှိစေချင်တယ်။

ဒီသံယောဇဉ်က ပြန်လာပြီး လုပ်ရမယ် ဆိုတာမျိုး မပြောဘူး၊ ဒါပေမယ့် ကျမစောစောက ပြောတာနဲ့ ဆက်နွှယ်နေတယ်။ သူတို့ မိဘတွေအတွက် ဂုဏ်ယူနိုင်တယ်ဆိုရင် သူတို့လဲ “အော် ငါတို့က ဗမာပြည်ဖွား ..ငါ့အဖေအမေက ဗမာပြည်ကလာတာ”.. မိဘတွေအတွက် ဂုဏ်ယူနိုင်သလို သူတို့ကိုယ်တိုင်ကလည်း ကျမတို့နိုင်ငံပေါ်မှာ
လေးစားစိတ်နဲ့ ပြန်ပြီး သံယောဇဉ် ရှိလာမယ်။


“သယံဇာတကို အားမကိုးပါနဲ့”


နောက် တတိယကတော့ ခုနောက်ဆုံး လက်ရှိအချိန်မှာ ကျမတို့ရထားတဲ့ အခွင့်အရေးကို အသားကုန်သုံးပြီးတော့ နိုင်ငံတိုးတက်အောင် ကျမတို့လုပ်ဖို့လိုတယ်။

ကျမတို့နိုင်ငံဟာ လူတွေကတော့ အများကြီး ပြောတာ ပေါ့နော် အလားလာ သိပ်ကောင်းတယ်။ Opportunity က သိပ်ကောင်းတယ်။ နောက်ပြီး ထပ်ခါတလဲလဲ ပြောတဲ့
ကိစ္စကတော့ ဟိုဥစ္စာပေါ့၊ သယံဇာတပစ္စည်းကိစ္စ၊ အဲဒါတော့ ကျမသိပ်မကြိုက်ဘူး။

သယံဇာတတွေ ပေါကြွယ်ဝတယ်ဆိုပြီးတော့ အဲဒီဟာကို ရှေ့တန်းတင်တာ ကျမ မကြိုက်ဘူး။ ကျမပြောတယ် ကျမတို့ရဲ့ တန်းဖိုးအရှိဆုံး သယံဇာတကတော့ လူတွေပဲ၊ ကျမတို့လူတွေ တန်ဖိုးရှိရင် တန်ဖိုးရှိမှာပဲ။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတွေကြည့်လိုက်ရင် .. ကျမတို့ ဒီ ဒေသမှာဆိုရင် စင်္ကာပူဆိုရင် ဘာရှိမတုန်း၊ စင်္ကာပူနိုင်ငံလေးဟာ သေးသေးလေး၊ သူတို့လူတွေကို သူတို့ ပြုစုပျိုးထောင်ပြီးတော့ Capacity Building နဲ့ သူတို့လုပ်လာခဲ့တာ။

ဟို ဆွစ်ဇာလန်မှာရော ဘာရှိလို့လဲ၊ သူလဲ နိုင်ငံကြီးတွေနဲ့ ဝိုင်းဝိုင်းလည်နေတာ ဒါပေမယ့် သူတို့ရဲ့လိမ္မာ ပါးနပ်မှုပေါ့။ သံတမန်ရေးရာအရ လိမ္မာပါးနပ်မှုလည်းပါတယ် .. နောက် သူတို့စီးပွားရေးအရ ခိုင်ခိုင်မြဲမြဲ ဖြစ်အောင် လုပ်နိုင်မှုလည်းပါတယ်။

သူတို့ရဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေကို စည်းလုံးညီညွတ်အောင် ထိန်းနိုင်တယ်၊ အဲဒီဟာတွေနဲ့ သူတို့ ရပ်တည်ခဲ့တာပဲ။ ကျမတို့လဲ ဒီလိုပဲ နိုင်ငံကြီးတွေကြားထဲမှာ ကျမတို့နေရတယ်။

အိန္ဒိယကတဖက် တရုတ်ကတဖက်၊ နောက် အရှေ့တောင်အာရှတခုလုံးဟာ ကျမတို့ထက် တိုးတက်နေတယ်၊ ကျမတို့ထက် ချမ်းသာနေတယ်။ ဆိုတော့ ကျမတို့က ဒီကြားထဲမှာနေပြီးတော့ ရုန်းကန်နေရတာ။

“သယံဇာတကျိန်စာ”

ရုန်းကန်နေရတာ ဆိုတော့ အဓိက .. ကျမတို့ သယံဇာတပစ္စည်းဆိုတာ သူတို့အခု ပြောနေတယ် မဟုတ်လား- Natural Resources Curse ဆိုတာ ..

အဲဒါက နှစ်မျိုးပါ တမျိုးက ဘာလဲဆိုတော့ အစိုးရများဟာ တာဝန်သိစိတ် နည်းသွားတာပေါ့၊ ဟာ .. ငါတို့က ရေနံလေးတူးပြီး ရောင်းစားလိုက်မယ်။ သဘာဝဓါတ်ငွေ့လေး ထုတ်ပြီး ရောင်းစားလိုက်မယ်။

ဟိုနားက mining လုပ်ကွက်ကို ရောင်းစားလိုက်မယ်၊ ဒီနားမှာ hydroelectric ပရောဂျက်လေး ပေးလိုက်မယ်၊ အဲဒီလို ပေါ့ပေါ့ စဉ်းစားတဲ့ဟာမျိုးက တခုပေါ့နော်။ ပြဿနာ တခု။ နောက် ပြဿနာတခုက ပြည်သူကို သိပ်ပြီးတော့ အားမထားတော့ဘူး။ ပြည်သူပေးတဲ့ အခွန်အကောက်ကို စိတ်ပူရတာမဟုတ်ဖူး၊

အဲဒီအပေါ်မှာ အားကိုးရတာ မဟုတ်ဖူး။ သူတို့ဟာသူတို့ ဟိုဟာလေးရောင်းစား၊ ဒီဟာလေးရောင်းစား ဟို concession ပေး၊ ဒီ concession ပေးနဲ့ ရပ်တည်နိုင်မယ် ဆိုရင် ပြည်သူ့ထောက်ခံမှု ရှိမှ ပြည်သူကို ချမ်းသာအောင် လုပ်ပေးနိုင်မှ ရပ်တည်နိုင်မယ် ဆိုတဲ့ စိတ်ဓါတ်က မရှိတော့ဘူး။

“အကျိုးအမြတ်ခွဲရေး”

နောက် တတိယ တခုက ဘာလဲဆိုတော့ ပြည်ပနိုင်ငံတွေက ကျမတို့ ဝန်ဆောင်မှုကို အားကျ လာတယ်။ တကယ်တော့ ကျမတို့မှာ ဒါတွေ သိပ်ရှိတဲ့ အခါကျတော့ ကျမတို့က ပိုပြီးတော့ သတိထားရတယ်။ ပိုပြီးတော့ ဂရုစိုက်ရတယ်။ ငါတို့ကို ကူညီချင်လို့ လာတာလား။ ငါတို့ဆီက နေပြီးတော့ အမြတ်ထုတ်ချင်လို့ လာတာလား။

စီးပွါးရေးသမားကတော့ အမြတ်လိုချင်မှာပဲ ဒါလဲ ကျမတို့ ပေးရမှာပါ။ အမြတ်မရပဲနဲ့တော့ ဘာကိစ္စ သူလုပ်ပေးရမှာလဲ၊ ဒါကိုလည်း ကျမတို့ လက်တွေ့ပြရမှာပေါ့။

သို့သော်ငြားလည်း သူတို့ရတဲ့ အမြတ်နဲ့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေ ရတဲ့ အကျိုးကတော့ အနဲဆုံးတော့ ညီမျှရ မှာပေါ့။ တကယ်တော့ ကျမတို့က ပိုရမှာပေါ့ ဘာပဲ
ပြောပြော အိမ်ရှင်ပဲဟာ။ အနဲဆုံးကတော့ ၆၀ - ၄၀ က ကျမတို့ဘက်မှာ ရှိရမှာပေါ့။ ဒါပေမယ့် ၅၀ အောက် ဆိုတာ ကတော့ လုံးဝကို လက်ခံနိုင်စရာ မရှိဘူး။

ဘာလို့လည်းဆိုတော့ ဒါဟာ ကျမတို့က အားလုံးပေးနေတာ၊ ထုတ်ပေးနေတာ၊ ကျမတို့မှာ ကျွမ်းကျင်မှု မရှိသေးလို့သာ၊ ပြင်ပရဲ့ အကူအညီတွေ ကျမတို့ လိုနေတာ။

ဒါပေမယ့်လည်း ညီမျှအောင်ပြောရမယ်။ အရေးကြီးတာက မိတ်ဆွေ ဖြစ်ဖို့ပဲ၊ မိတ်ဆွေကောင်း ဖြစ်သွားပြီ ဆိုရင် ပြဿနာ ပေါ်လာရင် ကျမတို့ ဖြေရှင်းလို့ ရတယ်။အဲဒီတော့ ကျမတို့ သယံဇာတ ပစ္စည်းတွေကို သိပ်အားကိုးတာ မကြိုက်ဖူး ဆိုတာ အဲဒီအချက်တွေကြောင့် ဖြစ်ပါတယ်။

ကျမတို့ ပြည်သူတွေရဲ့ ကျွမ်းကျင်မှု၊ စွမ်းဆောင်မှု အားတွေကို ကျမမြှင့်တင် ချင်တယ်။ အဲဒီအားတွေ မြှင့်တင်ခြင်းအားဖြင့် ကျမတို့နိုင်ငံ တိုးတက်အောင် လုပ်ချင်တယ်။

“အစိုးရသက်တမ်း ၄နှစ်ခွဲ”

ဒီအချိန်ဟာ အချိန်ကောင်းပဲ၊ ကျမတို့မှာ အချိန်ကလည်း သိပ် များများကြီး မရှိဘူး။ များများကြီး မရှိဘူးဆိုတာက ကျမတို့ရဲ့ ရွေးကောက်ပွဲဟာ ၅ နှစ် တခါ ဆိုပေမယ့် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရက အစိုးရအဖွဲ့က ၆ လကြာမှ ဝင်ရတယ်။ အဲတော့ ပြောတော့သာ ၅ နှစ်ပြောရတယ်၊ တကယ်က ၄ နှစ်ခွဲပဲ ကျမတို့ အချိန် ရတယ်။

ဒီ ၄ နှစ်ခွဲ ဆိုတာ ဘာမှမရှိဘူး။ ကျမတို့က ဒီမိုကရေစီကို ယုံကြည်တဲ့ အဖွဲ့ တခုအနေနဲ့ ကိုယ့်မှာ သေချာပေါက် ၄နှစ်ခွဲ ရှိတယ်လို့ သတ်မှတ်တယ်။

အဲငါက နောက်ထပ်ရွေးရင် နိုင်မှာပေါ့ ဆိုရင်တော့ မဟုတ်တော့ဘူး။ အဲတော့ နိုင်အောင်ကျိုးစားမယ်၊ နောက်ထပ်ဆက်ပြီး လုပ်နိုင်အောင်၊ ကျမတို့ရဲ့ လုပ်ငန်းတွေ
အောင်မြင်တဲ့ အထိ၊ လုပ်ငန်းတွေ ရင့်ကျက်တဲ့ အထိ၊ အသီးအပွင့်တွေ မြင်ရတဲ့ အထိ ရအောင် ကျိုးစားမယ်။ ဒါက ကျမတို့ရဲ့ ကျိုးစား ပိုင်ခွင့်ပဲ။ ဒါပေမယ့် ကျမတို့ အသေ တွက်လို့ မရဘူး။

“အနာဂတ်ကို မျက်နှာမူ”

အသေတွက်လို့ မရဘူးဆိုတော့၊ ဒီကြားထဲမှာ ကျမတို့ရဲ့ စံနစ် အောင်မြင်ရေးအတွက် အားလုံးကို ဝိုင်းပြီးတော့ ကူညီစေချင်တယ်။ ကျမတို့ ခွဲခြားမဆက်ဆံပါဘူး။

အရင်တုန်းက ဘယ်အစိုးရနဲ့ ပါတ်သက်လို့၊ ဘယ်သူနဲ့ အမျိုးတော်လို့ဆိုတာတွေ၊ ဒါတွေ ကျမဘယ်တုန်းကမှ မကြည့် ဘူး။ အခုမှ အခုပဲ။ ဒီအတိတ်က အတိတ်ပဲ။

အတိတ်က ပြန်ပြင်လို့ မရဘူး။ အဆိုရှိတယ်မှလား၊ မြတ်စွာဘုရားတောင်မှ ဖြစ်ပြီးတဲ့ ကိစ္စ မဖြစ်ပါစေနဲ့ ဆို ပြန်လုပ်လို့ မရဘူး။ ဖြစ်ပြီးတာ ဖြစ်ပြီးသွားပြီ ကုက္ကုစ္စ ပွါးနေ
လို့လည်း ဘာမှ မထူးဘူး။ အဲဒီတော့ ကျမတို့ အရှေ့ကိုပဲ၊ အနာဂါတ်ကို မျက်နှာမူပြီးတော့၊ ရှိတဲ့ အချိန်ကို အကောင်းဆုံး ဖြစ်အောင်လို့ သုံးချင်တယ်။ အဲဒါကို ကျမတို့ အများဆုံး ဝိုင်းပြီးတော့ ကူညီစေချင်တယ်။

“အားလုံးသိတယ်ထင်လို့ ဒုက္ခရောက်ခဲ့”

ကျမတို့ဟာ အားလုံး အရာရာမှာ အဖက်ဖက်မှာ မကျွမ်းကျင်ဘူး။ တချို့ ကျမတို့ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေထဲမှာတချို့တွေက သူတို့အားလုံး သိတယ်လို့ ထင်တာပဲ။ အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငါတော့ အားလုံးသိတယ်လို့ ထင်ပြီ ဆိုကတည်းက ဒုက္ခရောက်တော့တာပဲ။ ကျမတို့က အားလုံးမသိဘူး။ သိတဲ့လူတွေ ကျွမ်းကျင်တဲ့လူတွေကို ကျမတို့ တောင်းခံတယ်။ ကျမ တို့နဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့၊ လုပ်စေချင်တယ်။

ကိုယ်ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို စေတနာသန့်သန့်နဲ့ လုပ်ပေးစေချင်တယ်။စေတနာ သန့်သန့်နဲ့ လုပ်ပေးလို့ရှိရင် အများကြီး ကျေနပ်မှုကို ရမယ်။ ဒါက ကိုယ့်ရဲ့ အတွေ့အကြုံအရ ပြောတာပါ။ စေတနာ သန့်သန့်နဲ့ ကိုယ့်အတွက် ဘာမှ အကျိုးအမြတ် မရပဲနဲ့ နိုင်ငံ့အတွက် လုပ်ပေးရတဲ့ အရသာဟာ လုပ်ပေးဖူးတဲ့ လူမှ သိနိုင်ပါတယ်။

အဲဒီတော့ လုပ်ကြည့်ပါ။ ဘယ်လို လုပ်နိုင်မလဲ ဆိုတာကိုလည်း အခု ကျမကို အကြံဥာဏ်ပေးပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

“အလုပ်လက်မဲ့ပြသနာ"

နောက်တခုကတော့ အလုပ်လက်မဲ့ပြဿနာပါပဲ။ အလုပ်လက်မဲ့ဆိုတာဟာ ပညာတတ် အလုပ်လက်မဲ့၊ ပညာတတ် အလုပ်လက်မဲ့တွေလည်း ရှိတယ်။ အလုပ်လက်မဲ့ကိစ္စတို့ လက်ဗလာတို့က ကျမတို့နိုင်ငံမှာ ဟိုး အောက်ကနေ အထက်အထိ ရှိတယ်။ တောလက်ကျေးရွာမှာနေတဲ့ လယ်သမားတွေက အလုပ်အကိုင် လက်မဲ့ဖြစ်နေသလို၊ ကျမတို့ရဲ့ ဘွဲ့ရတွေကလည်း အလုပ်လက်မဲဖြစ်နေတယ်။

အဲတော့ အလုပ်ရမယ့် ကိစ္စဆိုရင် ကျမတို့ တတ်နိုင်သမျှ ကြိုးစားပြီးတော့ လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဒီ Chamber of Commerce မှာ တနေ့က US Chamber of Commerce နဲ့ US ASEAN Business Council နဲ့ ကျမတို့ စကားပြောပါတယ်။ အဲဒီတုန်းက ကျမတို့ရဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ
ကိုလည်း ကျမတို့ ချပြပေးပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျမတို့ ဘယ်လိုအခွင့် အရေးတွေ ရှိနိုင်မလဲ၊ ပိုပြီးတော့ အခွင့်အရေးတွေကို ကျမတို့ ကျယ်ကျယ်ပြန့်ပြန့်
ဖြစ်အောင်လို့ ဘယ်လိုလုပ်ဖို့ ရည်ရွယ်ချက် ရှိသလဲဆိုတာကို ခန့်မှန်းလို့ ရပါတယ်။

“ဥပဒေမဲ့ မြေသိမ်းကိစ္စ”

မြေနဲ့ပတ်သက်လို့ကိစ္စဟာ ကျမတို့နိုင်ငံမှာ အင်မတန်မှ ကြီးမားတဲ့ ပြဿနာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပိုင်ဆိုင်ခွင့်၊ မြေပိုင်ဆိုင်ခွင့်ဆိုတာ အရင်တုန်းက ဥပဒေနဲ့ မကိုက်ညီဘဲ သိမ်းထားတဲ့ မြေတွေရဲ့ ပြဿနာကြောင့်မို့ ကျမတို့အခု မြေနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို အကောင်အထည် ဖော်တဲ့နေရာမှာ အများကြီး အခက်အခဲ
ဖြစ်နေတယ်။

ဥပမာဆိုရင် ကျမတို့ရဲ့ စိုက်ပျိုးရေး စီမံကိန်းတွေပေါ့။ စိုက်ပျိုးရေးစီမံကိန်းတွေကို ကျမတို့ စွဲထားပေးပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး စီမံကိန်း တော်တော်များများဟာ လယ်
သမားတွေရဲ့ လယ်ယာပိုင်ဆိုင်ခွင့်နဲ့က ချိတ်ဆက်နေတဲ့အခါကျတော့ ကျမတို့ အကောင်အထည်ဖော်တဲ့ နေရာမှာ ဟိုဘက်ကနေပြီးတော့ အဲဒီ တရားဥပဒေအရ ပိုင်ဆိုင်မှုပြဿနာတွေကို မဖြေရှင်းနိုင်သေးလို့ ကျမတို့မှာ အရှေ့ကို တိုးလို့မရသလို ဖြစ်နေပါတယ်။

ဒါပေမဲ့ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကျမတို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ မလွယ်ပါဘူး။ ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောတာပါ။ ဒီလို မတရားသဖြင့်ပေါ့နော် ဥပဒေနဲ့ မကိုက်ညီစွာ သိမ်းဆည်းခဲ့ပြီးတော့ ပြန်ပြီးတော့ မပေးတဲ့ လယ်ယာမြေကိစ္စတွေဆိုတာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက စပြီးတော့ ဖြစ်နေတာ ဆိုးဆိုးရွားရွားပေါ့။

ဟိုးအရင်တုန်းကတော့ နည်းနည်းပါးပါးတော့ ရှိနေမှာပေါ့။ အဲတော့ အဲဒီဟာတွေ အားလုံးကို ကျမတို့ စပြီးတော့ ဖြေရှင်းဖို့ ကြိုးစားတာဟာ ၂၀၁၃ လောက်မှ လွှတ်တော်ထဲကနေ စခဲ့တာ။

သို့သော်ငြားလည်း မျှော်လင့်သလောက် တိုးတက်မှုမရှိခဲ့ဘူး။ အမြန်ဆုံး တိုးတက်အောင်တော့ ကျမတို့ လုပ်ပါမယ်။ ကျမတို့ကနေပြီးတော့ ဟိုတယ်နဲ့ ခရီးသွား စီးပွားရေးကဏ္ဍကိုလည်း အများကြီး အားပေးချင်ပါတယ်။ အဲဒါကိုတော့ ကျမတို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။

“တိုင်းရင်းသား မကြေနပ်ချက်”

နောက်ပြီးတော့ ကျမတို့ရဲ့ တိုင်းရင်းသားများနဲ့ပတ်သက်လို့ပေါ့ - တိုင်းရင်းသားတွေကြားထဲမှာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ကိစ္စကို ထောက်ခံတယ် ဆိုတဲ့ အတွက် အများကြီးကို အားတက် ပါတယ်။

အဲဒါကို ခုနက နောက်ဆုံးပြောသွားတဲ့ ရခိုင်ကိစ္စနဲ့ ဆက်ပြောချင်ပါတယ်။ ကျမတို့နိုင်ငံမှာ တကယ်ပဲ အမျိုးသားရင်ကြားစေ့ရေး ဖြစ်နိုင်ရမယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ကျမတို့ရဲ့ တိုင်းရင်းသားအားလုံး ကျမ ခဏခဏ သတိပေးရတယ်။ ဗမာတွေကလည်း တိုင်းရင်းသားတစုပါလို့။

ခက်နေတာက ဗမာတွေက အများစုဖြစ်နေတော့ ဘယ်သူကမှ မကျေနပ်ကြဘူး။ တခါတလေကျ ဗမာတွေကလည်း သိပ်ချစ်စရာမကောင်းဘူး။ ကျမကိုယ်တိုင်ကလည်း ဗမာဆိုတော့ အဲ့လိုပြောလို့ရတယ်။ အဲဒါ ကျမတို့တိုင်းရင်းသားတွေကလည်း နားလည်မှုတော့ ရှိရမယ်။

တခါတလေဆိုရင် လူနည်းစု တိုင်းရင်းသားတွေဖြစ်လို့ လူများစုအပေါ်မှာ လုံးဝ အမြင်မကြည်ဘူး။ ဘာလုပ်လုပ် မကြိုက်ချင်ဘူး။ ဒါကလည်း သူ့သဘာဝပဲ။ ဒါပေမဲ့ ဗမာ တိုင်းရင်းသားတွေကလည်း အနိုင်ကျင့်ခဲ့တာ နည်းနည်းကြာပြီနဲ့ တူပါတယ်။ ဗိုလ်ကျတယ်။ အနိုင်ကျင့်တဲ့အခါကျတော့ ကျမတို့ကို မြင်တဲ့အခါမှာ သံသယနဲ့ မြင်ကြပါတယ်။

“ခွဲခြားမှုမရှိ”

ဒါပေမဲ့ ကျမက အမှန်အတိုင်းပြောတာပါ။ ကိုယ့်ကိုယ်ကို အမွှန်းတင်ပြီးတော့ ပြောတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ မိသားစုထဲမှာလည်း တခါမှ တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံစရာဖို့ကို အဲ့လိုမျိုး ကျမတို့ကို ပြုစုပျိုးထောင်ခဲ့တာ မရှိတော့ ကျမတို့က လုံးဝ နားမလည်ဘူး။

နည်းနည်း ကြီးလာတော့မှ ဒီလို တိုင်းရင်းသားတွေကို ခွဲခြားနိုင်ပါလားဆိုတာ ကျမတို့ သဘောပေါက်တယ်။ မေမေက အမြဲပဲ ကျမတို့ကို သင်ပြတာက တိုင်းရင်းသား
တွေက ဖေဖေ့အပေါ်မှာ အင်မတန်မှ သစ္စာရှိတယ် ဆိုတာ ဖေဖေမရှိတဲ့ နောက်ပိုင်းမှာ ကျမတို့ မိသားစုကို ပုံစံမပျက် စောင့်ရှောက်ခဲ့တာ တိုင်းရင်းသားတွေပဲ ဖြစ်တယ်လို့ အမြဲပဲ ကျမတို့ကို သင်ခဲ့ပါတယ်။

အဲတော့ ကျမတို့အနေနဲ့ကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဘာမှ ခွဲခြားလိုစိတ်မရှိဘူး။ ဒါပေမဲ့ ၀မ်းနည်းစွာ ပြောရမယ်ဆိုရင် ကျမ ကြီးလာတာနဲ့အမျှ ဒါမျိုးတွေ ရှိတယ်ဆိုတာ မြင်လာတယ်။ မြင်လာတော့ အဲဒါတွေလည်း ကျမတို့ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲနိုင်အောင် ကျမတို့ ကြိုးစားပါတယ်။

“ကိုဖီအာနန်ကော်မရှင်”

ဒီ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျမကတော့ ဒါ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။ ကျမတို့ ကိုဖီအာနန် ကော်မရှင်ကို ဆန့်ကျင်တဲ့ ဟာက လူမျိုးရေး၊ ဘာသာရေးတောင်မဟုတ်ဘဲနဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါနေတယ်လို့ ကျမကတော့ မြင်ပါတယ်။ အဲဒါ အင်မတန်မှ ၀မ်းနည်းစရာ ကောင်းပါတယ်။

ကိုယ့်နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အကျိုးကို ကြည့်ပြီးတော့ ကျမတို့ တနိုင်ငံလုံးအတွက် လုပ်နေတဲ့ကိစ္စကို မအောင်မြင်စေချင်တဲ့ စေတနာတွေ ထားတယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး။

အဲဒါကြောင့်မို့လို့ ကူညီတယ်ဆိုတာဟာ ကိုယ့်အချင်းချင်းလည်း နားလည်အောင် ပြောရမယ်။ ဒီလိုကော်မရှင်ဖွဲ့ခြင်းဟာ ကျမတို့အတွက် ဘာမှ အကျိုးယုတ်မှု မရှိဘူး။

ပြောရမယ်ဆိုရင် ဒီကော်မရှင်ဖွဲ့လိုက်လို့လည်း ကျမတို့ကို OIC ကနေပြီးတော့ Human Rights နဲ့ ပတ်သက်လို့ Resolution မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါပါတယ်။

ဒီ့အပြင်မှာလည်း ကျမတို့အခု Third Committee မှာ နှစ်တိုင်းနှစ်တိုင်း ရုန်းကန်နေရတဲ့ကိစ္စ အခု ဒီနှစ်တော့ သက်သာသွားပြီဆိုတာ။ ဒါတွေဟာ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေ ထဲမှာ ဒီကော်မရှင်ဖွဲ့တဲ့ ကြိုးပမ်းမှုကလည်း အင်မတန် ထိထိရောက်ရောက်နဲ့ ကူညီပေးခဲ့လို့ ဖြစ်ပေါ်လာတဲ့ ကိစ္စ။

“လူငယ်ပညာရေး”

နောက်တခုက ကျမတို့လူငယ်တွေ ပညာ ပိုတတ်ရေး။ ဒါကတော့ စောစောကလည်း ကျမ ပြောပါတယ်။ ကျမတို့ရဲ့ ကလေးတွေ ပညာတတ်ဖို့လိုတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်လို့ ကျမတို့ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။

ကိုယ့်ဟာကိုယ်ဖွဲ့စည်းပြီးတော့ ပြောရမယ်ဆိုရင်တော့ နှစ်ဆထက်မက တက်သွားတာပေါ့ ၄၀% ကျော်ကနေ ၈၀% ကျော်ထိဆိုတော့ ၂ ဆမက တက်သွားတယ် ဆိုတာလည်း ကျမ ဂုဏ်ပြုပါတယ်။ အများကြီးပဲလည်း ၀မ်းသာပါတယ်။ အဲဒါမျိုး တတ်နိုင်တဲ့ဘက်က ကျမတို့ ဒါကို အကူအညီ ပိုတိုးပေးချင်ပါတယ်။

အသံဖိုင်နားဆင်ရန်

From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန

Originally published at - http://burmese.voanews.com

Read More »

Wednesday, August 31, 2016

လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၏ ၂၁ ရာစုပင်လုံ မိန့်ခွန်းအပြည့်စုံ




ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဒီနေ့မနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ စတင်ပြုလုပ် aနပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166376

Read More »

တပ်မတော်ကာကွယ်ရေးစီးဦးချုပ်၏ ၂၁ ရာစုပင်လုံ မိန့်ခွန်း




ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ စတင် ပြုလုပ်နေပြီး တပ်မတော် ကာကွယ်ရေး စီးဦးချုပ်က မိန့်ခွန်းပြောကြား ခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166368

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း




ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ စတင် ပြုလုပ်နေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြား ခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166368

Read More »

ဒေါ်စု၏ ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ




ဒီနေ့ ကျွန်မတို့ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံ ဖွင့်ပွဲ အခမ်း အနားကို ကြွရောက် လာကြတဲ့ ဧည့်သည် တော်များ ၊ကိုယ်စားလှယ် များနဲ့ တကွ ယခုလို အချိန်မှာ ကျွန်မတို့နဲ့ အတူ စိတ်အားဖြင့် ရှိနေတဲ့ ပုဂိုလ်များ အားလုံး နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ ကောင်းကျိုး လိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်းနဲ့ ကျွန်မ စပါရစေ။

ဒီခန်းမကြီးဟာ ငြိမ်းချမ်းရေးကို မြတ်နိုး တန်ဖိုးထားတဲ့ ဧည်သည်တော်များ၊ ကိုယ်စားလှယ် များနဲ့သာ ပြည့်နေရုံ သာမက စိတ်ကောင်း စေတနာရဲ့ ကျွန်မတို့ရဲ့ ကမ္ဘာ တစ်ဝှမ်းက မိတ်ဆွေများနဲ့ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သား များရဲ့ မျှော်လင့်ချက် အိမ်မက်တွေ နဲ့လည်း လျံနေတာ ဖြစ်ပါတယ်

ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဒီအိမ်မက်တွေ အကောင်အထည် ဖော်ပေးဖို့ဆိုတာ လွန်စွာမှ ကြီးမားတဲ့ တာဝန် ဖြစ်ပါတယ် ကြီးမားတယ် ဆိုလို့ ကြီးလေး တယ်လို့ ပြောလိုတာ မဟုတ်ပါဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတဲ့ အနှိုင်းမဲ့ စိတ်ချမ်းသာမှု ကြီးကို မခံစား သွားရရှာတဲ့ ဒီလောကြီးက ထွက်ခွာ သွားပြီဖြစ်တဲ့ နိုင်ငံရေး ပုဂ္ဂိုလ်များ အပေါ် သစ္စာ စောင့်သိခြင်း ၊ လက်ရှိ ပစ္စုပ္ပန်မှာ ငြိမ်းချမ်းမှု မရှိတာကြောင့်မို့ ဒုက္ခ အမျိုးမျိုးကို ခါးစည်း ခံနေရတဲ့ ပြည်သူတွေ ပေါ်မှာ ထားတဲ့ ဂရုဏာကို အတည်ပြုခြင်း ၊ ကျွန်မတို့ ထားခဲ့မယ့် ကောင်းမွေ ဆိုးမွေ မှန်သမျှကို ခံစားရမယ့် နောင် မျိုးဆက်သစ်တွေ ပေါ်မှာ မေတ္တာ သက်သေထူခြင်းတို့ အဖြစ် ထမ်းဆောင် ရတဲ့ တာဝန်ဟာ ကြီးလေး တယ်လို့ ဘယ်တော့မှ မရှိပါဘူး။

သမိုင်း မှတ်ကျောက် တင်လောက်တဲ့ လုပ်ငန်းကြီး တစ်ခု အောင်မြင်အောင် လုပ်နိုင်ဖို့ ဘာမှ မတူတဲ့ ထူခြားတဲ့ အခွင့် အရေးကြီးပဲ ဖြစ်ပါတယ်။ ဒီအခွင့် အရေးကြီးကို ကျွန်မတို့ အားလုံးက ပညာ သတ္တိ၊ လုံ့လ ဝီရိယ တို့နဲ့ မိမိရရ ဆုပ်ကိုင်ဖို့ အလင်းရောင်သန်းတဲ့ အနာဂတ် တစ်ရပ် ဖော်ထုတ် ကြပါစို့။

မတူညီတဲ့ အမြင်သဘော ထားတွေကို ပြည်သူတွေ ကောင်းကျိုး အတွက် ညှိနှိုင်း ဖြစ်စေတဲ့ ပညာ ၊လက်ခံသင့်တဲ့ အပြုအမှု အတွေး အခေါ် သစ်တွေကို လက်ခံရဲတဲ့ သတ္တိ၊ ခက်ခဲတဲ့ လုပ်ငန်းတွေကို အောင်မြင်သည် အထိ ရွက်ဆောင်နိုင်တဲ့ ဝီရိယတို့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ ပါဝင်သူ အားလုံးဟာ မိမိတို့ရဲ့ ကဏ္ဍ သေးသည်ဖြစ်စေ ကြီးသည် ဖြစ်စေ ကြိုးပမ်း ဆောင်ရွက် သွားမယ် ဆိုရင် ကျွန်မတိုရဲ့ မျှော်မှန်း တမ်းတနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင် တည်ထောင် စဉ်က စပြီး ပင်လုံ စိတ်ဓာတ်ကို အခြေခံတဲ့` နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ကျင်းပ ပြုလုပ်ဖို့ ရည်ရွယ် ခဲ့ပါတယ်။

ဆွေးနွေးပွဲဟာ တန်းတူ ရည်တူ အခွင့် အရေး တွေကို အာမခံခြင်း၊ ပြည်ထောင်စု တိုင်းရင်းသား အချင်းချင်း အပြန် အလှန် လေးစားခြင်း ၊ အပြန် အလှန် ယုံကြည်မှု ရယူခြင်းတို့နဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်း တို့မှ အခြေခံမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက် လာတဲ့ အမျိုးသား ရင်ကြားစေ့ရေး မူကိုအခြေခံတဲ့ အစိုးရ ကလည်း ဒီရည်မှန်းချက်တွေကို အကောင် အထည်ဖော်ဖို့ စိတ်အား ထက်သန် ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ဆိုတာ ငြိမ်းချမ်းရေးအတွက်သာမက ကျွန်မတို့အားလုံး ရှည်ကြာစွာမျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

NCA နဲ့ ပတ်သက်လို့ လက်မှတ် ထိုးခဲ့တဲ့ အဖွဲ့တွေ ရှိသလို အကြောင်း ကြောင်းကြောင့် မထိုးရသေးတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ပြီး
ပြုလုပ်တဲ့ အခါ NCA ကို အခြေခံပြီး ဆောင်ရွက် သွားရမှာ ဖြစ်တဲ့ အတွက် ကျွန်မတို့ အစိုးရသစ် လက်ထက်မှာ NCA လက်မှတ် ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေ ပါဝင် လာနိုင်အောင် အထူး အလေး ထားပြီး ဆောင်ရွက်လျှက် ရှိပါတယ်။

အမျိုးသားရင်ကြားစေ့ရေးဟာ ပြည်ထောင်စုသား အားလုံးနဲ့ ဆိုင်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်း ကြားက သင့်မြတ်ရေးလည်း ပါဝင်ပါတယ်။

NCAလက်မှတ်ထိုးပြီးဖြစ်တဲ့အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့အဖွဲ့တွေကြားမှာ ဝိဝဒါကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျွန်မတို့ ငြိမ်းချမ်းရေး ခရီးဟာ နှောင့်နှေး ကြန့်ကြာ သွားမှာ ဖြစ်ပါတယ်။

ကျွန်မတို့တိုင်းရင်းသား အချင်းချင်းကြားမှာ နားလည်မှု လွဲမှား တာတွေ စိတ်ဝမ်း ကွဲမှုတွေ မရှိစေဖို့ ဘုံသဘော တူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ အားလုံး
ရောက်ရှိ လာအောင် ကျွန်မတို့ ကြိုးစား ဆောင်ရွက် နေပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီးမှာ အစိုးရ ဖြစ်လာတဲ့ ကျွန်မတို့ဟာ မဲဆန္ဒရှင်များ အပ်နှင်း လိုက်တဲ့ လုပ်ပိုင် အာဏာ အရ နိုင်ငံသူ နိုင်ငံသားတွေ ခေတ် အဆက်ဆက်
မျှော်လင့်တောင့်တ ခဲ့ကြတဲ့ ရေရှည် တည်တံ့ ခိုင်မြဲစေမယ့် ငြိမ်းချမ်းရေးကို ရယူပေးဖို့ကြိုးပမ်းရန် ဆုံးဖြတ် ခဲ့ပါတယ်။

ကျွန်မတို့ရဲ့ ပြည်ထောင်စုသား အားလုံးအပေါ် ယုံကြည်မှု အပြည့်အဝနဲ့ ငြိမ်းချမ်းရေး ခရီးကို လျှောက်လှမ်းဖို့ ကျွန်မတို့ စတင်ခဲ့ ပါတယ်။

ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွှတ်ရေး မတည်ဆောက်နိုင် သမျှ ကာလ ပတ်လုံး ရေရှည် တည်တံ့ ခိုင်မြဲမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ် ပါဘူး။ ကျွန်မတို့ အားလုံးညီညွှတ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမယ် ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမှ အခြား
ဒေသတွင်းနိုင်ငံတွေ ကမ္ဘာ တစ်ဝှမ်းရှိ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်မှာပါ

အချိန်လွန်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့ အတွက် ကျွန်မတို့ ဆွေးနွေးရမယ် ညှိနှိုင်းရမယ် ဒီလိုမျိုး နိုင်ငံရေး စားပွဲဝိုင်းမှာ စေ့စပ် ညှိနှိုင်း အဖြေရှာ ကြမယ် ဆိုရင် အားလုံး သဘောတူ လက်ခံနိုင်တဲ့ မူဘောင် တစ်ခု မရှိမဖြစ် လိုအပ်ပါတယ်။

NCA သဘောတူညီချက် အရ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ကို ပြီးခဲ့တဲ့ ကာလမှာ ရေးဆွဲစဉ် ကတည်းက ပြောင်းလွယ် ပြင်လွယ် ဆောင်ရွက်နိုင်အောင် လုပ်ကြဖို့ ကျွန်မတို့ တိုက်တွန်း ခဲ့ပါတယ်။

ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲ လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အရ ကျွန်မတို့ ဒီလို တိုက်တွန်း ခဲ့တာလည်းဖြစ်ပါတယ်။

ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်စဉ်ကစပြီး နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ပြန်လည်သုံးသပ်ရေးလုပ်ငန်းတွေကို NCA လက်မှတ် ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် ခဲ့ပါတယ်။

တချိန်တည်းမှာ လက်မှတ်မထိုးရသေးတဲ့ လက်ကျန်အဖွဲတွေလည်း မူဘောင်သုံးသပ်ရေးလုပ်ငန်းမှာ ပါဝင်လာနိုင်အောင်လို့ဆောင်ရွက်ပေးခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေရဲ့မူလဇာစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြသာနာတွေကိုဖြေရှင်းနိုင်ဖို့ အဓိကလိုအပ်ချက်ဟာ အပြန်အလှန်နားလည်ဖို့ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းအဖြေရှာနိုင်ဖို့ဖြစ်တယ်ဆိုတာကို အမြဲပဲခံယူထားပါတယ်။ ပြည်သူလူထုအားလုံးရဲ့ လွတ်လပ်ရေးအတွက်မျှော်လင့်ချက်ကို ညီညွှတ်ခြင်းပေါင်းစည်းခြင်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်ဟာဆိုရင် ကျွန်မတို့လက်ရှိ ရောက်ရှိနေတဲ့ ၂၁ ရာစုအတွက်လည်း မရှိမဖြစ်လိုအပ်ချက်ဖြစ်နေပါတယ်။

ကျွန်မတို့အားလုံးမျှော်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် ကျွန်မတို့ တိုင်းရင်းသားတွေအားလုံး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တန်းတူရည်တူ စုပေါင်းဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်စေမယ့် ၂၀ ရာစုပင်လုံညီလာခံနဲ့ တူညီတဲ့ ၂၁ ရာစုပင်လုံညီလာခံတစ်ခု ကျင်းပနိုင်ဖို့ အထူးပဲလိုအပ်ခဲ့ပါတယ်။

ဒါဟာပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး စတင်ဖြစ်ပေါ်လာစေတဲ့ နောက်ခံအတွေးအခေါ်တွေဖြစ်ပါတယ်။ ကျွန်မတို့အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ်ကြီး တစ်ခု အနေနဲ့ ဒီညီလာခံစတင်ကျင်းပနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ် ၄ လ ၉ ရက်နေ့ကစတင်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ညီလာခံအကြို ပြင်ဆင်ရေးကော်မတီဖွဲ့စည်းပြီး တဖက်မှာလည်း Myanmar Peace Centre ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကို တည်ထောင်ပြီး အပစ်အခတ်ရပ်စဲရေးအတွက်ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။

အရင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကျွန်မတို့ ယခု ဆက်လက်ပြီးတော့ တည်ဆောက်သွားပါမယ်

NCA အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကို ပြင်ဆင်ဖွဲ့စည်းရာမှာ ကျွန်မ ကိုယ်တိုင် ဥက္ကဌ အဖြစ် တာဝန်ယူ
ဆောင်ရွက်ပြီး UPDJC အစည်းအဝေးကို နှစ်ကြိမ် ကျင်းပ ခဲ့ပါတယ်။

တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်နိုင်ရေးညှိနှိုင်း အစည်းအဝေးပွဲ (JICM) ကိုလည်း တစ်ကြိမ်ခေါ်ယူပြီး ကျင်းပနိုင်
ခဲ့ပါတယ်။ NCA လက်မှတ်ထိုးပြီးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း နှစ်ကြိမ်တွေဆုံခဲ့ပါတယ်။

လက်မှတ် မထိုးရသေးတဲ့အဖွဲ့များနဲ့ ပတ်သက်၍ဆိုရင် UNFC ခေါင်းဆောင်တွေနဲ့ ရန်ကုန်မှာတွေ့ဆုံခဲ့ပြီး ဝအထူးဒေသနှစ်နဲ့ အထူးဒေသလေး မိုင်လားခေါင်းဆောင်
တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ ခဲ့ပါတယ် ညီလာခံ ကျင်းပတဲ့ အခါမှာ ကျွန်မတို့ အစိုးရ သက်သက်ချည်း မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့၊ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့စတဲ့ သုံးပွင့်ဆိုင် ပူးတွဲကျင်းပနေတဲ့ အနေ အထားမျိုးဖြစ်အောင် ပူးတွဲကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက် ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ မှာလည်း NCA ကို လက်မှတ်ထိုးပြီးသားရော မထိုးရသေးတဲ့ အဖွဲ့တွေရော ပါဝင်လာနိုင်အောင် အားလုံး ညှိနှိုင်းပြီးဆောင်ရွက် ခဲ့ပါတယ် လုပ်ရမယ့်အလုပ်တွေ များပြားလှတာကြောင့် ညီလာခံကျင်းပမယ့်အချိန်ကို ရွေ့ဆိုင်းပေးဖို့ တချို့ပြောကြလာတာတောင် ရှိခဲ့ပါတယ် ဒါပေမဲ့ ကျွန်မတို့ အားလုံး စည်းစည်း လုံးလုံး ညီညီညွှတ်ညွှတ်နဲ့ အားကြိုး မာန်တက်ဆောင်ရွက်နိုင် ခဲ့ကြလို့ နှစ်ပေါင်း များစွာ ကတည်းက ကျင်းပသင့်ခဲ့တဲ့ ညီလာခံကြီးကို အောင်အောင်
မြင်မြင်နဲ့ ဒီနေ့ ကျင်းပနိုင်ပါပြီ။

ဒီအတွေ့အကြုံကြောင့် ပါဝင်ပတ်သက်သူတွေကြားယုံကြည်မှုတွေကို ပိုမိုပြီး ခိုင်မာလာစေခဲ့ပြီး ဖြစ်ပါတယ်။ မတူကွဲပြားတဲ့အမြင်တွေ ရှိခဲ့ပေးကြပေမယ့်လည်း ကျွန်မတို့အားလုံး ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ရေးကို ဘုံရည်မှန်းချက်အဖြစ် ထားပြီးကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ အခုလို ဒီနေရာမှာ စုစည်းနိုင်ခဲ့ကြ တာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ ရာစုတဝက်ကျော် နှစ်ပေါင်း ၇၀ နီးပါး သက်တမ်းရှည်ကြာခဲ့ပြီးဆိုတာ အားလုံးသိပြီးသားဖြစ် ပါတယ်။

ခေတ်အဆက်ဆက်မှာ ပြည်တွင်း စစ်ချုပ်ငြိမ်းဖို့နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ် အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးပန်းတိုင်းနဲ့ အလှမ်း ကွားဝေးခဲ့ရပါတယ်။ မအောင်မြင်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ကျွန်မတို့သင်ခန်းစာယူပြီး ကျွန်မတို့ခေတ် ကျွန်မတို့အချိန်အခါမှာ ကျွန်မတို့ အားလုံးစုပေါင်းပြီး သမိုင်းသစ်ကို ရေးသားကြရမှာဖြစ်ပါတယ်။

အခုဆိုရင် တစ်နိုင်ငံမှာရှိကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံးဟာ စိုးရိမ်မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါတယ် မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသမှာ ရှိနေကြတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသား တိုင်းရင်းသူတွေဟာလည်း ကျွန်မတို့ရဲ့ညီလာခံကြီးဘယ်လိုဖြစ်လာမလဲဆိုတာကို အားကိုးတကြီး
စောင့်မျှော်နေကြပြီးဖြစ်ပါတယ်။

စစ်ဘေးရှောင်ဖို့ဟိုဟိုဒီဒီပြေးလွှားနေကြတဲ့ ဒုက္ခသည်တွေထဲမှာ်အရွယ်အမျိုးမျိုး ပါနေကြပါတယ် သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာ ကြာခဲ့ပါပြီ။ ဒီတခါတော့ ဘယ်လိုများဖြစ်လာမလဲဆိုတာကိုလည်း မဝံ့မရဲနဲ့ မျှော်လင့်နေကြပါတယ် သူတို့ရဲ့ဒုက္ခတွေကို ကျွန်မတို့တွေ မေ့လို့မရပါဘူး

ဒီကနေ့မှာတော့ ကျွန်မတို့ရဲ့နိုင်ငံရေးပြသာနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ၂၁ ရာစုပင်လုံညီလာခံကြီးကနေတဆင့် ငြိမ်းချမ်းရေးလမ်းကို ကျွန်မတို့တွေ စတင်လျှောက်လှမ်းလိုက်ပြီဖြစ်ပါတယ် ဘယ်အထိရောက်မလဲ ငြိမ်းချမ်းရေးကိုရအောင် လှမ်းနိုင်မလားဆိုတာ မြန်မာသာမက ကမ္ဘာကပါ
စောင့်ကြည့်နေကြပါတယ်

ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ စိတ်ကူးပေးနိုင်မလားဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့
ခေါင်းဆောင်တွေ အားလုံးပေါ်မှာ မူတည်နေပါတယ် လူဘောင်အသိုင်းအဝိုင်းရဲ့ အစုအဝေးအဖွဲ့တွေ ပါဝင်ပတ်သက်မှုမရှိဘဲ ငြိမ်းချမ်းရေးကိုမရရှိနိုင်ပါဘူး

လူထုအခြေပြုအဖွဲ့အစည်းတွေဟာ တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာနိုင်ငံအနှံအပြားမှာ အရေးကြီးပြီး တက်ကြွတဲ့အခန်းကဏ္ဍမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ် ကျွန်မတို့ရဲ့ တိုင်းပြည်တလွှား ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်မှုတွေရရှိအောင် အားကြိုးမာန်တက်ဆောင်ရွက်ကြဖို့အားလုံးကို ဒီနေရာကနေ ချီးကျူးဂုဏ်ပြုလိုက်ပါတယ် အထူးသဖြင့် ကျွန်မတို့လူငယ်တွေရဲ့ စွမ်းပကားနဲ့ တက်ကြွမှုတွေအတွက် ချီးမွန်းအားရမိပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ လူငယ်တွေဟာ တိုင်းပြည်အနှံမှာ ၂၁ ရာစုပင်လုံကို ထောက်ခံကြိုဆိုပွဲတွေပြုလုပ်ခဲ့ကြပါတယ် ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိဘဲ ဘယ်ငြိမ်းချမ်းရေးဖြစ်စဉ်မှ အောင်မြင်မှာမဟုတ်ပါဘူး ငြိမ်းချမ်းရေးဆိုတာ ခေါင်းဆောင်တွေက အထက်က သက်သက်ချပေးလို့ ရတဲ့အရာမဟုတ်ပါဘူး

ငြိမ်းချမ်းရေးဆိုတာ ညီလာခံခန်းမတွေမှာ မွေးဖွားပေါ်ပေါက်လာတာ မဟုတ်ပါဘူး ငြိမ်းချမ်းရေးအတွက်ပြည်သူအားလုံးရဲ့ တက်ကြွတဲ့ ပါဝင်လှုပ်ရှားမှု ထောက်ခံ အားပေးမှုတွေ လိုအပ်ပါတယ် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု ပေါ်ပေါက်လာဖို့အတွက် ကျွန်မတို့တိုင်းသူပြည်သားအားလုံးဟာ မဆုတ်မနစ်တဲ့ သတ္တိနဲ့ သံထိပ်ဓာန်ကိုအကြိမ်ကြိမ်ပြခဲ့ပြီးဖြစ်ပါတယ်။

ရှေ့လာမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ဘယ်လောက်ခက်ခဲပါစေ ကိုယ်ရဲ့ခေါင်းဆောင်တွေ ဥာဏ်အမြော်အမြင် ၊ သတ္တိ၊ စာနာမှုတွေနဲ့ ဆောင် ရွက်ကြမယ်ဆိုလို့ရှိရင် ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာဖြစ်ပါတယ် ကျွန်မတို့ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ဒီကနေ့ ဒီအခန်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ အကျိုးစီးပွားအတွက် အဓိက မဟုတ်ပါဘူး အနာဂတ်မျိုးဆက်သစ်တွေ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းလုံခြုံစွာ ရှင်သန်ကြီးပြင်းလာနိုင်ဖို့အတွက်ဖြစ်ပါတယ်

ကျွန်မတို့ရဲ့နောက်လာမယ့်မျိုးဆက်တွေဟာ ပဋိပက္ခတွေ ဆုံးရှုံးမှုနစ်နာတွေကြောင့် စိတ်ခံစားအနာတရတွေ ဘယ်တော့မရသင့်တော့ပါဘူး ရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရမှသာ ကျွန်မတို့တိုင်းပြည်ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ် ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေဟာ ပျော်ရွင်ဂုဏ်ယူဖွယ်ဖြစ်လာပါမယ်

နောက်ဆုံးကျွန်မတိုရဲ့ ပြည်သူလူထုဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ရင်သွေးတွေအဖြစ်နဲ့ မိမိတို့ရဲ့ ပင်ကိုယ်အရည်အချင်းတွေကို ဖော်ထုတ်ပြီး ပွဲလယ်တင့် သွားနိုင်ကြမှာပါ

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ ကြမ်းတမ်းခက်ခဲ့လှတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် မတိမ်းမစောင်း လျှောက်လှမ်းခဲ့နိုင်အောင် အားပေးကူညီခဲ့ကြတဲ့ ကျွန်မတို့ရဲ့
ပြည်သူတွေနဲ့ မိတ်ဆွေတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောပါရစေ မှန်ကန်တဲ့အဖြေကို အတူတကွ ရှာဖွေဖော်ထုတ်မယ်ဆိုရင် ကျွန်မတို့ရဲ့ အိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာနိုင်မှာဖြစ်ပါတယ်

ကိုယ်အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အိပ်မက်ရှင်ဟာ အားလုံးရဲ့ တကယ့်အရှင်သခင်ဖြစ်တယ်ဆိုတဲ့ စကားရှိပါတယ် တတိုင်းပြည်လုံး အိပ်မက်တွေကို အမှန်တကယ်လက်တွေ အကောင်အထည်ပေါ်လာအောင် လုပ်နိုင်တယ်ဆိုရင် ကျွန်မတို့ဟာ အမှန်တကယ် ကိုယ်ကိုကိုယ်လွှမ်းမိုးနိုင်တဲ့ အရှင်သခင်တွေဖြစ်ကြမှာပါ

ကျွန်မတို့ရဲ့ လွတ်လပ်တဲ့ နိုင်ငံရဲ့ဖခင်ကြီးတွေဟာ ကိုယ်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ်ဘာသာဖန်တီးနိုင်တဲ့ အခွင့်အရေးကို မျှော်မှန်ခဲ့ပါတယ် ရရှိဖို့ကြိုးစားခဲ့ပါတယ် ရှင်းလင်းတိကျတဲ့ရေရှည်အမြင် ၊ ခိုင်မာတဲ့ သံထိပ်ဓာန်တို့နဲ့ ညီညွှတ်ယုံကြည်ခြင်းတို့ရဲ့ ခိုင်မာတဲ့စုစည်းမှုအတွင်းက ဒီအခွင့်အရေးကို ဝင့်ကြွားစွာကျင့်သုံကြပါစို့ အားလုံးကိုကျေးဇူးတင်ပါတယ် ။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

From : 7Day News Journal

Originally published at - https://www.facebook.com/7daynews/posts/1244691582259140:0

Read More »

Thursday, June 23, 2016

နိုင်ငံ ၂ နိုင်ငံကြား နားလည်မှုနှင့် ချစ်ကြည်မှု ပိုပြီးရှိဖို့ လာရောက်တာလို့ ဒေါ်စုပြော




ထိုင်းနိုင်ငံကို လာရောက် တာဟာ အဓိက အားဖြင့် နိုင်ငံနှစ်နိုင်ငံ ကြားထဲမှာ နားလည်မှု ပိုပြီးတော့ ရှိဖို့ ချစ်ကြည်မှု ပိုပြီးတော့ ရှိဖို့ လာရောက်တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေနဲ့ တွေ့ဆုံစဉ် ပြောကြား လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်နေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေကို ကူညီနိုင်ဖို့ ကာယကံရှင်တွေရဲ့ အသံကို နားထောင်ပြီးတော့ သူ့အနေနဲ့ ဘာလုပ်ပေးသင့်လဲ။ ဘာလုပ်ရ မလဲ၊ ဘာလုပ်နိုင်မလဲဆိုတော ဆုံးဖြတ်ရမှာပါဖြစ်တယ်လို့ ပြောပါတယ်။

“အခုကျတို့ ဒီထိုင်းနိုင်ငံကိုလာတယ်ဆိုတာ အဓိကအားဖြင့်တော့ နိုင်ငံ နှစ်နိုင်ငံကြားထဲမှာ နားလည်မှုပိုပြီးတော့ရှိဖို့ ချစ်ကြည်မှုပိုပြီးတော့ တိုးတက်ဖို့ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ အဓိက နိုင်ငံသူနိုင်ငံသားတွေကြားထဲမှာ နားလည်မှုရှိရမယ်။ ချစ်ကြည်မှုရှိရမယ်။ အစိုးရတွေကြားထဲမှာလည်း နားလည်မှုရှိရမယ်။ ချစ်ကြည်မှုရှိရမယ်။ အဲဒီဟာအတွက်ကို ကျမတို့ ကလည်း ကျမတို့ရဲ့ ဒီမှာ လာအလုပ် လုပ်နေကြတဲ့ နိုင်ငံသူနိုင်ငံသားတွေကိုကူညီသလို ကျမတို့ကိုလည်း ပြန်ပြီးတော့ ကူညီနိုင်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။

ဘယ်လိုကျမတို့ အဆင်ပြေအောင် လုပ်ပေးရမလဲဆိုတာဟာ ကာယံကာရှင်တွေက ပြောမှ ကျမတို့သိမှာပေါ့။ ကာယကံရှင်တွေရဲ့ အသံကို နားထောင်ပြီးတော့မှ ကျမတို့က ဘာလုပ်ပေးသင့်လဲ။ ဘာလုပ်ရမလဲ။ ဘာလုပ်နိုင်မလဲဆိုတော ဆုံးဖြတ်ရမှာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ဒီနိုင်ငံရဲ့ ဥပဒေဘောင် အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင် ကြိုးစားနေပါတယ်လို့ ဆက်လက်ပြောဆို ပါတယ်။

“အရေးကြီးတာကတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားအားလုံးဟာ လုံလုံခြုံခြုံနဲ့ ကိုယ့်ရဲ့ လုပ်ငန်းထဲမှာ ဆက်ပြီးတော့ ကိုယ်နေချင်တဲ့အချိန်အထိ နေနိုင်ဖို့က၊ ဒါက ဟိုဘက်ဒီဘက်ပေါ့ ကိုယ်နေချင်တဲ့ အချိန်အထိဆိုတာ လုပ်ငန်းချင်တွေအတွက်လည်း အဆင်ပြေရမယ်၊ အလုပ်လုပ်တဲ့ သူတွေအတွက်လည်း အဆင်ပြေရမယ်။

ကျမက ရှည်ရှည်ဝေးဝေး သိပ်ပြီး မပြောချင်ပါဘူး။ ကျမတို့ နိုင်ငံသူနိုင်ငံသားရဲ့အသံကို နားထောင်ချင်ပါတယ်။ ကျမအနေနဲ့ မေတ္တာရပ်ခံချင်တာက ကျမတို့ ဘာလုပ်ပေးနိုင်မလဲ၊ ဘာတွေမျှော်လင့်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပါ။ ဒါပေမယ့်လည်း လက်တွေ့ကျကျပြောပါ။ တချို့ကိစ္စတွေက မဖြစ်နိုင်မှန်းသိရဲ့သားနဲ့ ပြောလို့ရှိရင်တော့ ကျမတို့ကနေ ပြီးတော့ မဖြစ်နိုင်ဘူးဆိုတာကို ပြန်ပြောဖို့ ရှိတာပေါ့။

ကျမတို့ အခုအချိန်မှာ ဆိုရင် နိုင်ငံသူ၊ နိုင်ငံသားများဟာ CI (certificate of identity- မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ်) ရဖို့အတွက် ကြိုးစားနေပါတယ်။

တကယ်တော့ ကျမတို့က နိုင်ငံကူးလက်မှတ်ရစေချင်တာပါ။ ဒါကိုလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းကလည်း ကန့်ကွက်တာမဟုတ်ပါဘူး။ ဒါပေမယ့်အစတုန်းက ကျမတို့နိုင်ငံအစိုးရ CI ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်။

အဲဒီအတိုင်း လိုက်လျောပြီး လုပ်ခွင့်ပေးထားတာပါ။ နောင်ဆိုရင် ကျမတို့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။

အဲဒါအပြင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ ဒီနိုင်ငံရဲ့ ဥပဒေဘောင် အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင် ကြိုးစားနေပါတယ်။”



ဒီဗွီဘီ by အေးနိုင်

Originally published at - http://burmese.dvb.no/archives/156078

Read More »

Sunday, May 01, 2016

အလုပ်သမားနေ့ အခမ်းအနားသို့ သမ္မတ ဦးထင်ကျော် သဝဏ်လွှာပို့




ယနေ့ (မေ ၁ ရက်) တွင် ကျရောက်သော အလုပ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သဝဏ်လွှာ ပေးပို့ လိုက်သည်။

ယင်းသဝဏ်လွှာ အပြည့်အစုံမှာ

ချစ်ကြည် လေးစားရပါတဲ့ အလုပ်သမား ကြီးများ ခင်ဗျား -

ဒီနေ့ အခါ သမယဟာ ကမ္ဘာ တစ်ဝန်းရှိ အလုပ် သမားကြီး များကို အလေး အနက် ဂုဏ်ပြု သတ်မှတ် ထားရှိတဲ့ အပြည်ပြည် ဆိုင်ရာ အလုပ် သမားနေ့ ဖြစ်ပါတယ်။ အခုလို ရက်မြတ် မင်္ဂလာ အချိန် အခါမှာ မြန်မာနိုင်ငံ တစ်ဝန်း လုံးရှိ အလုပ် သမားကြီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သရင်းနဲ့ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။

၁၈ ရာစုအတွင်းမှာ အလုပ်ရှင်များက တစ်နေ့မှာ နာရီ ၂ဝ နီးပါး အလုပ်သမားများကို ခိုင်းစေခဲ့ကြပါတယ်။ ဒီလိုခိုင်းစေခြင်းကို အလုပ်သမားများက မကျေနပ်ကြတဲ့အတွက် ၁၈၈၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ အလုပ်သမားထုက ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ အတွက် တစ်နေ့အလုပ်ချိန် ရှစ်နာရီသို့ လျှော့ချသတ်မှတ်ပေးခဲ့ရပါတယ်။ အဲဒီလို အလုပ်သမား များရဲ့ ကြိုးပမ်းမှုကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အလုပ်သမားနေ့ဟု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် နှစ်စဉ် မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အလုပ်သမားနေ့ အခမ်းအနားများကို ကျင်းပခဲ့တာ နှစ်ပေါင်း ၁၂ဝ ကျော် ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီနေ့ဟာ မြန်မာနိုင်ငံရှိ အလုပ်သမားကြီးများ အတွက်လည်း အဓိပ္ပာယ်ပြည့်ဝတဲ့ နေ့ထူးနေ့မြတ် အခါသမယ ဖြစ်သလို ပြည်သူများရဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ မိမိတို့ရဲ့ အစိုးရသစ် တာဝန်ယူ ဆောင်ရွက်ခဲ့တာလည်း တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အစိုးရသစ် အနေနဲ့ နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ နိုင်ငံရေး ရည်မှန်းချက် အကောင်အထည် ပေါ်လာစေရေးအတွက် မဆုတ်မနစ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို အလုပ်သမားကြီးများနဲ့ လက်တွဲပြီး လူမှုရေး တရားမျှတမှုအပေါ် အခြေခံတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာလည်း အလုပ်သမားကြီးများအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းတဲ့ လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးနဲ့ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှု၊ လုပ်ငန်းခွင်ရောဂါ ရရှိခံစားရမှု လျော့နည်း ကျဆင်းရေး၊ ပြည်တွင်း၊ ပြည်ပမှာ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင် ရရှိစေရေးနဲ့ လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်စေရေး၊ လုပ်သားထု ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်
ပေးဖို့ အတွက် လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့် သင်ကြားပေးရေး၊ လူမှုဖူလုံရေး၊ အာမခံ အလုပ်သမားများအတွက် လူမှုအကာအကွယ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်တဲ့ လူမှုဖူလုံရေး စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုများကို လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ သုံးပွင့်ဆိုင်စနစ်နဲ့ ညှိနှိုင်းဖျန်ဖြေ ဆုံးဖြတ် ပေးရေးတို့ အတွက် ဥပဒေများ ပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ဒါ့အပြင် ခေတ်စနစ် အခြေအနေများနဲ့ လိုက်လျောညီထွေမှု မရှိတဲ့ ဥပဒေများကိုလည်း ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက် ရှိပါတယ်။

ချစ်ကြည်လေးစားရပါတဲ့ အလုပ်သမားကြီးများ ခင်ဗျား-

၂ဝ၁၁ ခုနှစ်၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခဲ့ရာ ဒီနေ့အချိန်ထိ အခြေခံအဆင့် အလုပ်သမား အဖွဲ့အစည်းပေါင်း ၁၉၁၇ ဖွဲ့၊ မြို့နယ်အဆင့် ၁ဝ၅ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ၁၄ ဖွဲ့၊ အဖွဲ့ချုပ် ၇ ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အလားတူပင် အလုပ်ရှင် အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခဲ့လို့ ဒီနေ့အထိ အခြေခံအဆင့် အလုပ်ရှင်အဖွဲ့ ၂၈ ဖွဲ့၊ မြို့နယ်အဆင့် တစ်ဖွဲ့နဲ့ အဖွဲ့ချုပ်တစ်ဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။

အဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးခြင်းရဲ့ အကျိုးသက်ရောက်မှု အနေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို စနစ်တကျ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဖွဲ့စည်းလာနိုင်ခြင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ဖို့ အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ခြင်း၊ အလုပ်သမားများ အသိပညာ ဗဟုသုတများ ပိုမိုတိုးပွားလာခြင်း၊ အလုပ်သမားများရဲ့ စုပေါင်းအရေးဆို တောင်းဆိုမှုများကို ဖြေရှင်းရာမှာ အလုပ်သမား အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းစေခြင်းဖြင့် အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေး ပိုမိုကောင်းမွန်လာကာ အလုပ်သမား အခွင့်အရေးတွေနဲ့ စပ်လျဉ်းပြီး အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားများ သုံးပွင့်ဆိုင် ဆွေးနွေးရာမှာ အလုပ်သမားတွေ ဥပဒေနှင့်အညီ ပါဝင်ဆွေးနွေးလာနိုင်ခြင်း စတဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိစေပါတယ်။

မှတ်ပုံတင်ပြီးတဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပြဋ္ဌာန်းချက်အမှတ်-၈၇ ဖြစ်တဲ့ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ၂ဝ၁၂ ခုနှစ် ဇူလိုင်လက စတင်ပြီး အသိပညာပေး ဆွေးနွေးပွဲတွေ၊ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နဲ့ ပူးပေါင်းကျင်းပခဲ့တာ စုစုပေါင်း (၁၆၂) ကြိမ်ရှိပြီ ဖြစ်ပါတယ်။

အလုပ်သမားများအတွက် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင် ရရှိရေးမှာ အဓိကကျတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က အတည်ပြု ချမှတ်ထားတဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ်-၂၉ နဲ့အညီ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် လုပ်ငန်းစီမံချက် ချမှတ်ကာ ILO နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ကလေးသူငယ်တွေကို အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ ပြဋ္ဌာန်းချက်အမှတ်-၁၈၂ ကို လက်ခံကျင့်သုံးခဲ့ပြီး မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းအစီအစဉ် (Myanmar Programme on the Elimination of Child Labour) ကိုလည်း ILO နဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ အားလျော်စွာ အာဆီယံဒေသတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းများမှာ အဖွဲ့ဝင်နိုင်ငံများနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အာဆီယံ အသိုက်အဝန်းတစ်ရပ် တည်ထောင်ပြီး ဖြစ်တဲ့အတွက် အလုပ်သမားများဟာ အာဆီယံ ဒေသတွင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအခါမှာ မိမိတို့ လုပ်သားထု အနေနဲ့ အာဆီယံဒေသတွင်း နိုင်ငံများက အလုပ်သမားများနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက်နဲ့ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်မှုရှိဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ အလုပ်သမားများရဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမားတွေအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားများ အတွက်လည်း သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံရဲ့ ဥပဒေအရ ခံစားခွင့်ရှိတဲ့ အခွင့်အရေး ရပိုင်ခွင့်များကို အလုပ်သမားများ ရရှိစေဖို့၊ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေဖို့၊ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေဖို့၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ
ဖော်ဆောင်ပေးနိုင်ဖို့အတွက် အလုပ်အကိုင်မူဝါဒများနဲ့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။

ပြည်တွင်း၊ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ Complaints Mechanism Center တစ်ခုစီကို ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားလာတဲ့ အလုပ်သမားရေးရာ ကိစ္စတွေကို ၂၄ နာရီ လက်ခံ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားများ အနေနဲ့ လိုအပ်တဲ့ သတင်းအချက်အလက်များကို မျှဝေနိုင်ဖို့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီး ၁၁ မြို့မှာ ရွှေ့ပြောင်း အလုပ်သမား
ထောက်ပံ့ကူညီပေးရေး ဗဟိုဌာန (Migrant Resources Center-MRC) များ ဖွင့်လှစ်ခဲ့ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်သလို၊ အားနည်းလိုအပ် ချက်တွေ တွေ့လာရတဲ့ အခါမှာလည်း သင့်လျော်တဲ့ ပြုပြင်မှုတွေကို အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အလုပ်သမားကြီးများ အနေနဲ့လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိခံစားနိုင်ဖို့ အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့၊ ကုန်ထုတ်စွမ်းအား အပြည့်အဝ ပေးနိုင်ဖို့ လိုအပ်သလို ထုတ်ပြန်ထားတဲ့ ဥပဒေများကို စဉ်ဆက်မပြတ် လေ့လာကာ အလုပ်သမားကြီးများ အချင်းချင်း သိရှိအောင် မျှဝေပြီး အလုပ်သမားထု တစ်ရပ်လုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း လိုပါတယ်။

၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခါသမယမှာ အလေးအနက်ထား တင်ပြလိုက်တဲ့ အချက်ကတော့ အစိုးရသစ် အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးတို့ကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထု အများစုရဲ့ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေး စတဲ့ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ အလုပ်သမားကြီးများ အပါအဝင်
ပြည်သူများရဲ့ လူမှုရေး ကာကွယ်စောင့်ရှောက်မှု ရရှိစေဖို့၊ လူမှုဘဝ လုံခြုံမှုရရှိ စေဖို့အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ အစွမ်းကုန် အားထုတ်ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားရင်း အလုပ်သမားကြီးတွေ စိတ်ရဲ့ချမ်းသားခြင်း၊ ကိုယ်ရဲ့ကျန်းမားခြင်းတို့နဲ့ ပြီးပြည့်စုံပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင် ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

(ဓာတ်ပုံ - Myanmar President Office)

The Voice Weekly

Originally published at - https://www.facebook.com/thevoiceweekly

Read More »