နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label သတင်း-ဆောင်းပါး. Show all posts
Showing posts with label သတင်း-ဆောင်းပါး. Show all posts

Friday, June 23, 2017

တနိုင်း ပဋိပက္ခ နယ်မြေသို့ အရောက်သွားခြင်း


မြန်မာ့ တပ်မတော် စခန်းနှင့် မဝေးသော ချီရာဆမ်ခတွင် တွေ့ရသော KIA ကချင် စစ်သားများ / လဝီဝမ် / ဧရာဝတီ


မိုး တဖွဲဖွဲနဲ့ အတူ ကျနော်တို့ သတင်းထောက် အုပ်စုသည် တနိုင်းမြို့ကနေ နာရီ ဝက်လောက် ကားစီးပြီး တရုံချောင်း သို့ ရောက်လာ ခဲ့သည်။ ကားပေါ် ကနေ ဆင်းပြီး လှေပေါ် တက်လိုက်သည်။ ကျနော်တို့ သွားမည့် ခရီးမှာ မြန်မာ့ တပ်မတော်ရဲ့ စစ်ဆင်ရေး နယ်မြေ ဖြစ်သည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း ၁၄ သို့ ဖြစ်ပါသည်။

ထိုဒေသရှိ ရွှေမှော်၊ ပယင်းမှော် များတွင် လုပ်ကိုင်နေ ကြသော ရွှေ့ပြောင်း လုပ်သားများ နှင့် ကချင်ဒေသ ခံများသည် KIA နှုင့် မြန်မာ စစ်တပ် အကြား တိုက်ပွဲများ စတင်ဖြစ်ပွားချိန် ဇွန်လ ၆ ရက်နေ့ ကပင် ကချင်ပြည်နယ် တနိုင်းမြို့နယ် ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စွန့်ခွာ ခဲ့ကြပြီး ဖြစ်သည်။

ထိုရွှေ့ပြောင်း နေထိုင်သူတွေက တနိုင်းမြို့တွင် ခိုလှုံနေကြ ရသည်။

လှေပေါ်မှာ တနာရီကျော်ကြာ စီးပြီး ကျနော်တို့ လှေဆိပ်တခုသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် အရပ်သားဝတ်စုံဖြင့် လှေဆိပ်ပေါ်က စောင့်နေသည့် လူ တစုကို အဝေးကနေ လှမ်းမြင် လိုက်တယ်။ ကျနော်တို့ ကမ်းပေါ် တက်လာသည့် အခါ ကျနော်တို့နှင့် အတူ ပါလာသည့် ကချင် ဓာတ်ပုံ ဆရာက ကချင် ဘာသာ စကားနဲ့ လူတစုကို မေးကြည့်တော့ သူတို့က ကျနော်တို့ သတင်းထောက်တွေ စောင့်နေကြောင်း ပြောပြသည်။

သူတို့သည် မှော်တာဝန်ခံများ ဖြစ်ကြောင်း ပြောပြသည်။

ထိုအခါ သူတို့က ကျနော်တို့ကို ဆိုင်ထဲခေါ်ဝင်ပြီး နေရာ ထိုင်ခင်းတွေ ပေးသည်။ ဘီယာနှင့် စားစရာများဖြင့် ဧည့်ခံသည်။ ကျနော်တို့ အချင်းချင်း မိတ်ဆက် ကြပြီး ဘီယာနှင့် အစားစာကို ခရီးမဆက်မှီ စားသောက်ကြသည်။

ကျနော်တို့ ရောက်သည့် နေ့ သည် ဇွန်လ ၁၅ ရက်နေ့ ဖြစ်ပြီး တပ်မတော်က ရာဇသံ ပေးထားသည့် နောက်ဆုံးနေ့ ဖြစ်၍ လမ်းပေါ်တွင် သွားလာသူ သိပ် မရှိတော့ပါ။ ဆိုင်ရှင် တချို့ကလည်း အခြေအနေကို ကြည့်ပြီး စိုးရိမ်နေပုံ ရသည်။ တချို့ ဆိုင်ပိုင်ရှင် များက ဆိုင်ပိတ်ကာ တနိုင်းမြို့ထဲ ပြန်ပြီး ခိုလှုံဖို့ ပြင်ဆင်နေ ကြသည်ကို သတိထား မိသည်။

ထိုသို့ လူအများက စစ်ဆင်ရေးနယ်မြေအတွင်းမှ ထွက်ခွာနေချိန်တွင် ကျနော်တို့ သတင်းထောက် အုပ်စုက ယင်းဒေသထဲသို့ ဝင်ရောက်နေ သည်မှာ စွန့်စားမှု တခု ဖြစ်ကြောင်း အထိတ်တလန့် ခံစားမိသည်။

မှော်တာဝန်ခံ တဦး ဖြစ်သူ ကိုမြင့်အောင်ကတော့ ပျော်ပျော်ပါးပါးနဲ့ ဟာသစကား အဖြစ် ကျနော်တို့ စားပွဲဝိုင်းမှာ ဆက်ပြောနေသည်။ “သောက်ကြ၊ သောက်ကြ၊ ဘီယာတွေ။ အစားစာလည် စားကြ။ ပြီးရင်း ခရီးဆက်ကြရအောင်”

ကျနော်တို့ စားနေချိန်မှာ ဆိုင်ပိုင်ရှင် ကချင်အမျိုးသမီး တဦးသည် သူ၏ ခွေးကို လှေပေါ်သို့ အတင်းအကျပ် တင်နေသည်။ သို့သော် ခွေးကလေးက သူမနှင့် လိုက်ဖို့ ငြင်းဆန်နေပြီး အခြားခွေးများ ရှိရာဆီ ထွက်ပြေးသွားတာကို မြင်ရသည်။ ထိုအခါ ကိုမြင့်အောင် က “ဟော ဟော ကြည့်…၊ အဲဒီခွေးက ဒုက္ခသည် IDP မဖြစ်ချင်ဘူး ထင်တယ်” ဟု ပြောသည်။

မြန်မာ့ တပ်မတော်နှင့် အချိန်မရွေး ထိပ်တိုက် တွေ့နိုင်သောကြောင့် လှုပ်ရှားနေသော KIA ကချင်စစ်သားများ


ထို့နောက် ကျနော်တို့ကို သူက “ကဲ … ကဲ…၊ ဘီယာတွေ ဆက်သောက်ကြ။ ဒါက ရှေ့တန်းမှာ ရဲဆေး၊ ရဲဆေးလို့ ခေါ်တယ်”

ကျနော်တို့ တတွေ ဘီယာနှင့် အစားစာများ စားသောက်ပြီးနောက် ကားတစီးပေါ်တက်ကာ KIA လုံခြုံရေးများနှင့် အတူ သီချင်း နားထောင်ရင်း မှော်ဆီသို့ မောင်းသွား ခဲ့ကြသည်။ KIA ရဲ့ လွတ်မြောက် နယ်မြေသည် အစိုးရ ထိန်းချုပ် နယ်မြေ ထက် ပိုမို လုံခြုံသလို ခံစားနေမိသည်။

“ဒါက KIA ထိန်းချုပ်နယ်မြ ဖြစ်တယ်။ ဘာမှ စိုးရိမ်စရာ မရှိဘူး လုံခြုံတယ်။ KIA လုံခြုံရေး တပ်သားတွေလည်း အပြည့် ချထားတာ ရှိတယ်” ဟု ဦးမြင့်အောင်က ပြောသည်။ သို့သော် ကားစီးလာရင်း နေရာတခု ရောက်သည့် အခါ သူက လက်ညှိုးထိုး ညွှန်ပြရင်း ပြောသည်။

“ဟိုးနေရာ…၊ အဲဒီမှာ ဗမာ တပ်တွေ ရှိတယ်” ပြောသည့် အခါ စိတ်ထဲတွင် ကြောက်ရွံ့မိသလို ခံစားရသည်။

ကျနော်တို့ တနာရီ ခွဲကျော် ကားစီးပြီး နွိုင်ဂျီ ဘမ်ပက်ဆမ်မှော်သို့ ရောက်ရှိသည်။ ထမင်း နည်းနည်း ဆာလာတယ်။ မှော်တာဝန်ခံ ဖြစ်သူ ကိုနန်းနန်းအောင် က နေ့လယ်စာ အတွက် စစ်သားတွေ ချက်နေဆဲ ဟု ပြောသည်။ ဝက်တကောင် ပေါ်ပြီး ချက်ပြုတ် နေဆဲ ဖြစ်သည်။

ထိုအချိန်တွင် ကျနော်တို့ သောက်ရန် အတွက် ကချင် အရက်တလုံး ပေးသည်။ ကာယဗလ အားတိုးဆေး အရက်ဟု နာမည်ပေး ထားသည်။ မကြာမှီ ကချင် လူငယ်စစ်သား ၃ ယောက်က ထမင်းနှင့် ဟင်းများ သယ်လာပြီး ကျနော်တို့ ထိုင်နေသည့် စာပွဲဝိုင်းပေါ် ချပေးသည်။

ကျနော်တို့လည်း သူတို့ ချက်ပေးသည့် ဝက်သွေးနှင့် ရောထားသည့် ဝက်သားဟင်း ကို စစား လိုက်လေသည်။ ပြီးတော့ အရက်ကိုလည် နည်းနည်း မြည်း လိုက်သေးသည်။

ထိုနောက် ကားပေါ် ပြန်တက်ကြပြီး ရှေ့တန်း စစ်မျက်နှာမှ နောက်ဆုံး KIA စခန်းဖြစ်သည့် ချီရာဆမ်ခသို့ နောက်ထပ် ၂ နာရီကြာ စီးပြီး ရောက်ခဲ့သည်။

KIA ဗိုလ်မှူး တဦးက ကျနော်တို့ဆီလာပြီး စကားပြောသည်။ အခု ကျနော်တို့ ရှိရာနေသည့် အင်ကာကာရွာနှင့် ဗမာတပ်များ အခြေပြုထားသည့် နေရာတို့မှာ အလှမ်း မဝေး ဟု ပြောပြသည်။

၁၀ မိနစ်ခန့် လမ်းလျှောက်လျှင် ဗမာတပ်များကို တွေ့မည် ဟုလည်း ပြောသည်။ သူတို့ အသစ်တူး ထားသည့် စစ်ကတုတ်ကျင်းကို ကျနော်တို့ ဝင်ကြည့် လိုက်သည်။ သို့သော် လုံခြုံရေးအရ ဓာတ်ပုံရိုက်ခွင့် မပေးပါ။

KIA တပ်သားတွေ တပ်မတ်ာရဲ့ စစ်ရေးလှုပ်ရှားမူ အခြေအနေကို အနီးကပ် စောင့်ကြည့်နေ တာကို သတိထားမိသည်။ စစ်ရေး အခြေ အနေက တင်းမာနေ သဖြင့် ကျနော် တို့၏ လုံခြုံမှု စိုးရိမ်ရသည်ဟု ဆိုကာ ယင်းနေရာတွင် ခနတာနေပြီး နမ်းခန်း ရွာဘက်သို့ ကျနော်တို့ ထွက်လာသည်။

ညနေ ၄ နာရီခန့်တွင် ကျနော်တို့ နမ်းခမ်း ကျေးရွာသို့ရောက်ကာ ရွာအကြီးအကဲ ဒါးရှီနော်တောင်နှင့် တွေ့ဆုံသည်။ နမ်းခမ်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့် ရှိပြီး အများစုမှာ စွန့်ပစ်ထားသော အိမ်များ ဖြစ်သည်။ ဒါးရှီနော်တောင်၏ မိသားစုမှာ ပြည်နယ်မြို့တော် မြစ်ကြီးနားသို့ ထွက်ခွာသွားကြပြီး ဖြစ်သော်လည်း သူက နေအိမ်ကို မစွန့်ခွာနိုင် ဖြစ်နေ သည်။ သူသည် တိုက်ပွဲကို မကြောက်ပေ။

“ဒီကနေ ထွက်ပြေးရရင်လည်း ဘယ်လို ထွက်ရင် ရတယ် ဆိုတာ ကျနော် သိတယ်” ဟု သူက ပြောသည်။

ကျနော်တို့ကို သူ့အိမ်တွင် ညစာကျွေးပြီး ဘီယာကိုတော့ သောက်နိုင် သလောက် သောက်ရန် ပြောသည်။ ဈေးအိမ်မှာ လူမရှိတော့ ဘီယာနဲ့ အခြား ရောင်း ကုန်များ စွန့်ပစ် ထားရသည့် အနေအထား ရှိနေသည်။

KIA ထိန်းချုပ် ဧရိယာ အတွင်းရှိ ရွှေတူးဖော်ရေး မိုင်း


ည ၇ နာရီ မိုးချုပ်မှ ကျနော်တို့ ကားနဲ့ ပရင်းမော်ဘက်သို့ မောင်းပြန် လာသည်။ ကျနော်တို့၏ ရှေ့ပြေးကားတွင် KIA စစ်သားများ ပါပါသည်။ စစ်ရေး အခြေအနေကလည်း မကောင်း၊ လမ်းမှာ ညဘက် သွားနေရင်း တပ်မတော်ဘက်က ဝင်တိုက်လိုက်မည်ကို စိတ်ထဲမှာ ထိတ်လန့်နေမိသည်။ သို့သော် ကံကောင်း ထောက်မစွာဖြင့် ကျနော်တို့ မှော်ထဲ ပြန်ရောက်လာသည်။

ကျနော်တို့ ရေးမိုးချိုးပြီး နောက်ထပ် အရက် ၂ လုံး မှော်တာဝန်ခံတွေက ထပ်ပေးလိုက်သည်။ ကျနော်တို့ တတွေ စကားပြောရင်နဲ့ အရက်ကို ဆက်သောက်နေသည်။ မနက်ပိုင်းတုန်းက လက်ကျန်ဝက်သားဟင်းကို အမြည်းလုပ်ကာ သောက်ကြခြင်း ဖြစ်သည်။

ယခင်က ဆိုလျှင် ယင်းနေရာ၊ ယင်း အချိန်တွင် လမ်းများပေါ်တွင် သွားလာသူများဖြင့် ပြည့်နှက် စည်ကားနေပြီး မော်တော်ဆိုင်ကယ်ကိုပင် ကောင်းကောင်း မောင်းမရသည့် အကြောင်း မှော်တာဝန်ခံများက ပြောပြသည်။ တပ်မတော်က လေယာဉ်ပေါ်မှ စာရွတ်တွေ ကြဲချပြီးနောက်တွင် ရှိသမျှလူ အားလုံး ထွက်သွားကြသည်။

“အခု လုပ်သွားတာက တော်တော်အောင်မြင်တယ်” ဟု ကိုမြင့်အောင်က ပြောသည်။ စာရွက်ပေါ်တွင် ဖော်ပြထားသည်မှာ “မိုင်းတူးတာဟာ သဘာဝပတ်ဝန်ကျင် ဖျက်စီးတယ်” ဟု ဆိုသည်။ သို့သော် “သူတို့က မှော်တွေကို ပိတ်ပြီး KIA ရဲ့ ဝင်ငွေကို ပိတ်ဆို့တာ” ဟု ဦးမြင့်အောင် က မြင်သည်။

“သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တယ် ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ သူတို့ တိုက်တာ မဟုတ်ဘူး။ ကျနော်တို့ ဒီမှာ လုပ်နေတာက လက်လုပ်လက်စားတွေပဲများ။ သဘာဝ ပတ်ဝန်ကျင် ပျက်စီးဖို့က ကြီးကြီးမားမား မရှိဘူး။ သဘာဝ ပတ်ဝန်းကျင်ကို တကယ် အလေးထားရင် ဖားကန့် ကျောက်စိမ်းမှော်တွေကို သူတို့ အရင်ပိတ်ရမှာ” ဟုလည်း သူက ပြောသည်။ ။

From : ဧရာဝတီ by လဝီဝမ်

Originally published at - burma.irrawaddy.com

Read More »

Wednesday, June 21, 2017

ကချင်မှော်များကို စွန့်ခွာခြင်း


တနိုင်း ဒေသတွင်းမှ ကချင်စစ်သားများ / လဝီဝမ် / ဧရာဝတီ


ကချင် ပြည်နယ် တနိုင်းမြို့ ပယင်းမှော် ကျေးရွာရှိ နွိုင်ဂျီဘမ် ပက်ဆမ်မှော်သို့ ရောက်ရှိ နေချိန် မိုးသည်းည တညမှာ တနိုင်းမြို့နယ် သတ္တု တူးဖေါ်ရေး အရာရှိ ဦးမြင့်အောင်က ကျနော်တို့ အားလုံး ဒီက ထွက်သွား ရမယ်လို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က အမိန့်ထုတ် လိုက်ကြောင်း လာရောက် ပြော ဆိုသည်။

“ဒီနေ့ဟာ မှော်ထဲမှာ ကျနော်တို့ နေလို့ရတဲ့ နောက်ဆုံးနေ့ပဲ။ ဒါပေမယ့် သတင်းထောက်တွေ ကတော့ KIA စစ်သားတွေနဲ့ ရှေ့တန်းမှာ နေလို့ရတယ်” ဟု ဦးမြင့်အောင်က သည်းထန် လှသည့် မိုးသံကို ကျော်လွန်ပြီး ကျနော်တို့ သတင်းထောက် များကို အော်ပြော လိုက်သည်။

ဇွန်လ ၁၆ ရက်တွင် နွိုင်ဂျီဘမ် ပက်ဆမ်မှော်၌ KIA စစ်သားများသာ ကျန်ရှိတော့သည်။ KIA အဖွဲ့မှ သတ္တု တူးဖေါ်ရေး အရာရှိများ အပါအဝင် အရပ်သား အားလုံးသည် အစိုးရ စစ်တပ်က ဝင်ရောက် တိုက်ခိုက်လာမည်ဟု ယူဆပြီး ထိုဒေသမှ ရွှေမှော်၊ ပယင်းမှော်များကို စွန့်ခွာ ထွက်သွား ကြသည်။

စစ်ဘေးရှောင် ဒေသခံ IDP အများ အပြားလည် ဇွန်လ ၆ ရက် တိုက်ပွဲများ စတင်ချိန်၌ ပစ်ခတ် တိုက်ခိုက် မှုများကို ကြုံတွေ့ရပြီး တနိုင်းမြို့သို့ ထွက်ပြေး ခိုလှုံကြသည်။

ကျနော်တို့ သတင်းသမား အဖွဲ့က ရှေ့တန်း စစ်မျက်နှာသို့ ဒုတိယ အကြိမ် လိုက်သွား သင့်သည် (သို့မဟုတ်) တနိုင်းမြို့သို့ ထွက်ခွာ သွားနေသည့် သတ္တု တူးဖေါ်ရေး အရာရှိများ နောက်သို့ လိုက်သွားသင့် မသင့်ကို ဆွေးနွေး ကြသည်။

သတ္တုတူးဖေါ်ရေး အရာရှိများက ကျနော်တို့သတင်းသမားများအဖွဲ့ကို ပထမဆုံးအကြိမ် စစ်မြေပြင်သို့ သွားရောက်ရန်အတွက် အစားအသောက်များနှင့်အတူ ပို့ဆောင်ပေးခဲ့သူများ ဖြစ်သည်။ ယခုတိုက်ပွဲဖြစ်ပွားနေသဖြင့် KIA စစ်သားများလည်း အလွန်အလုပ်ရှုပ်နေကြပြီး သတ္တုတူးဖေါ်ရေးအရာရှိများ မရှိပါက ကျနော်တို့သတင်းသမားများ အစားအသောက်အတွင် မိမိတို့ကိုယ်တိုင် ရှာဖွေချက်ပြုတ်စားသောက်ရတော့မည် ဖြစ်သည်။

ကျနော်တို့ တည်းခိုရာနေရာသည် ဒေသခံများ စွန့်ပစ်ထွက်ပြေးသွားကြသည့် အိမ်ခြေ ၃၀၀ ရှိ နမ့်ခမ်းကျေးရွာတွင် ဖြစ်သည်။ ထိုနေရာမှ ဖါးကန့်မြို့သို့ သွားလိုပါက တောတွင်းခြေလျင်ခရီး အနည်းဆုံး ၅ ရက် သွားရသည်ဟု ဆိုသည်။ ထို လမ်းခရီး၏ တချို့နေရာများတွင်လည်း ရေလွှမ်းခံနေရကြောင်း ကြားသိရသည်။

တောတွင်းခြေလျင်ခရီး အတွေ့အကြုံ မရှိကြသည့်အပြင် ကျနော်တို့သတင်းသမားများ၏ လေးလံလှသည့် ကျောပိုးအိတ်ကြီးများကြောင့် အစိုးရစစ်တပ်နှင့် တည့်တည့်တိုးနိုင်ပြီး အန္တရာယ်လည်း ရှိနေသည်။ မှော်အတွင်း ကျန်ရစ်သူ မည်သူကိုမဆို KIA အဖြစ် သတ်မှတ်မည်ဟု ဇွန်လ ၄ ရက်တွင် အစိုးရစစ်တပ်က ရဟတ်ယာဉ်မှကြဲချခဲ့သည့် စာရွက်များတွင် သတိပေးကြေညာခဲ့ပြီး မဟုတ်ပါလော။

ထိုအခြေအနေများကြောင့် ကျနော်တို့ သတင်းသမားများအားလုံး သတ္တုတူးဖေါ်ရေးအရာရှိများနောက်သို့ လိုက်သွားရန်ု ဆုံးဖြတ်လိုက်ကြသည်။

KIA တပ်ဖွဲ့များ နံနက် ၈ နာရီတွင် အစည်းအဝေးကျင်းပပြီး၊ တပ်ဖွဲ့များရှေ့တန်းသို့ မစေလွှတ်မီ ၎င်းတို့၏ ပယင်းများ၊ လက်နက်များနှင့် အခြား ကိရိယာ များကို ရုံးခန်းများမှ ရွှေ့ပြောင်းကြရန် လုပ်ကိုင်နေကြသည်။

ကျနော်တို့ သတင်းသမားများအဖွဲ့သည် ထိုနေရာမှ နောက်ဆုံးထွက်ခွာမည့်သူများ ဖြစ်လိမ့်မည်ဟု KIA တပ်ဖွဲ့ဝင်များက ပြောဆိုသည်။ အစိုးရစစ်တပ် ပိုမိုနီးကပ်လာနေပြီး ရှေ့တန်းတွင် KIA တပ်တချို့နှင့် တိုက်ပွဲများဖြစ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။ မကြာမီ ယခုဒေသတွင်လည်း တိုက်ပွဲများ ဆက်ဖြစ်လာမည်ဟု KIA တပ်ဖွဲ့ဝင်များက ဆက်ပြောသည်။

စိတ်မသက်မသာဖြစ်သွားသော ကျနော်တို့ သတင်းသမားများလည်း မိမိတို့ကို လာရောက်ခေါ်ဆောင်သည့် KIA တပ်များ ရောက်ရှိလာသဖြင့် ပြီးစီးအောင် မစားနိုင်သောက်ကြတော့ဘဲ ထွက်ခွာလာခဲ့သည်။

ကျနော်တို့အဖွဲ့ မော်တော်ယာဉ်ဖြင့် တနာရီနီးပါး စီးနင်းလိုက်ပါလာပြီးချိန်တွင် လှေဆိပ်သို့ရောက်ရှိပြီး ကံကောင်းလှစွာ ထိုလမ်းကြောင်းကို အစိုးရ စစ်တပ်က ပိတ်ဆို့ထားခြင်း မရှိသေးပေ။ နောက်ထပ် တနာရီခန့်အကြာ လှေစီးပြီးနောက် ကမ်းသို့မကပ်ခင် ကျနော်တို့အဖွဲ့ စီးနင်းလာသည့် KIA ဘွတ်ဖိနပ်များကို ပြန်ချွတ်ကြရသည်။

ကျနော်တို့သတင်းသမားများအဖွဲ့ ရှေ့တန်းအတွင်း တောတွင်းခြေလျင်လျှောက်ရန် KIA တပ်ဖွဲ့၏ ဘွတ်ဖိနပ်များ ပေးစီးထားသော်လည်း အစိုးရစစ်တပ်က လမ်းတွင်တားစီးစစ်ဆေးပါက ကျနော်တို့အဖွဲ့ ရှေ့တန်းမှပြန်လာကြကြောင်း သိရှိသွားမည်ကို စိုးရိမ်နေကြသည်။

တနိုင်းမြို့သို့ အပြန်ခရီးတွင် အစိုးရစစ်တပ် ကင်းစခန်း ၂ ခုကို အသက်အောင့် ဖြတ်သန်းလာခဲ့ရသော်လည်း ရပ်တန့်စစ်ဆေးခြင်း မရှိပေ။

ကျနော်တို့ သတင်းသမားများ အဖွဲ့သည် စစ်ဘေးရှောင်များ အဖြစ် အစိုးရ ကင်းစခန်းများကို ဖြတ်သန်း ခဲ့ကြသည်။ တနိုင်းမြို့ရှိ တည်းခိုခန်းများသို့ ပြန်ရောက် ချိန်မှသာ ကျနော်တို့အဖွဲ့ စိတ်လက်ပေါ့ပါးစွာဖြင့် အသက်ပြင်းပြင်း ရှုနိုင်ကြလေတော့သည်။

From : ဧရာဝတီ by လဝီဝမ် 21 June 2017

Originally published at - burma.irrawaddy.com

Read More »

လျှော်ဖြူပေးတဲ့ ဆု


လျှော်ဖြူစေး ထုတ်ယူနေစဉ် (ဓာတ်ပုံ - ညီညီဇော်)


အထက် မြန်မာ နိုင်ငံ မိုးခေါင် ရေရှား ရပ်ဝန်း ဒေသက ရိုးစုံဆိုတဲ့ ကျေးရွာလေး တစ်ရွာက သစ်တောလေး တစ်တောဟာ ဇွန်လ အတွင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိ အမှတ် ပြုတဲ့ ဆုတစ်ဆု ရရှိခဲ့ ပါတယ်။

ကမ္ဘာမှာအသိအမှတ်ပြု အလေးထားခံရတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆုများအနက်တစ်ခုဖြစ်တဲ့ ‘Energy Globe Award’ လို့ခေါ်တဲ့ သြစတြီးယား နိုင်ငံအခြေစိုက် Energy Globe အဖွဲ့က ချီးမြှင့်တဲ့ဆုကို ရရှိခဲ့တာပါ။

အဲဒီဆုအတွက် နိုင်ငံပေါင်း ၁၇၀ က အဖွဲ့အစည်းပေါင်း ၂,၀၀၀ လောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ယှဉ်ပြိုင်လျှောက်ထားလာတဲ့ စီမံကိန်းများအနက် အကောင်းဆုံးစီမံကိန်းဆု (The Best Project in Myanmar) အဖြစ် ရွေးချယ်ခံရပြီး National Energy Award ဆု ချီးမြှင့်ခြင်းခံရတာပါ။

ရိုးစုံကျေးရွာဟာ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရဲ့ အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ ရှမ်းရိုးမတောင် ခြေနားမှာ တည်ရှိပါတယ်။ ရိုးစုံ ကျေးရွာဟာ ကောက်ပဲသီးနှံလယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်သလို တောင်ပေါ်နဲ့သစ်တောတွေမှာ ပေါက်နေတဲ့ လျှော်ဖြူပင်ခေါ် ဆေးကုလားမ ပင်က လျှော် ဖြူ အစေးကို ထုတ်ကာ ရောင်းချတဲ့ အလုပ်တွေနဲ့ အသက်မွေးပါ တယ်။

ဦးဆောင်ခဲ့သူ ဦးအုန်းညွန့်

ရိုးစုံကျေးရွာမှာ သဲတောကနေ ပြောင်းလာတာကြာပြီဖြစ်တဲ့ ဦးအုန်းညွန့်ဆိုတဲ့ အမျိုးသားကြီးတစ်ဦးရှိပါတယ်။ ဦးအုန်းညွန့်က အရင်က ကုန်သွယ်ရေး ဝန်ထမ်း တစ်ယောက်ပါ။ မိန်းမရတော့ ယောက္ခမတွေက လယ်တွေ၊ နွားတွေ ဝယ်ပေးပြီး အစိုးရအလုပ်က နေထွက်၊ ရိုးစုံမှာ တောင်သူ အဖြစ် အခြေချ ခိုင်းတယ်။ ဖြစ်ချင်တော့ ဦးအုန်းညွန့်က မကျွမ်းကျင်တာကြောင့် တောင်သူလုပ်ငန်းက ထင်သလောက် အဆင်မပြေဘူး။ အဲဒီလိုနဲ့ လယ်တွေယာတွေ ရောင်းပြီးတော့ ဘာလုပ်ရမလဲ စဉ်းစားတော့ ဦးအုန်းညွန့် အကြံတစ်ခုရတယ်။

အူစိုစေတဲ့ လျှော်ဖြူစေး

ရိုးစုံက လူတွေဟာ တောင် ပေါ်နဲ့ တောတွေထဲ အလေ့ကျ ပေါက်တဲ့ လျှော်ဖြူပင်ကနေ လျှော်ဖြူစေးထုတ်ရောင်းတာ ဦးအုန်း ညွန့် နေ့စဉ်မြင်နေရတယ်။ လျှော် ဖြူစေးထုတ်ရောင်းပြီး နေ့စဉ်စားဝတ်နေရေး အဆင်ပြေနေတာတွေ ဦးအုန်းညွန့် တွေ့နေတယ်။

တချို့က လျှော်ဖြူကို စိုက်ပျိုးတာတွေ စလုပ်လာပေမယ့် တအားမတွင်ကျယ်သေးဘူး။ ဒါကြောင့် လျှော်ဖြူပင်ကို စီးပွားဖြစ် စိုက်ပျိုးရင် ဘယ်လိုနေမလဲ၊ ဦးအုန်းညွန့်စဉ်းစားမိတယ်။ လျှော်ဖြူက စရိတ်စကကုန်ကျမှု မရှိသလောက် ရသမျှငွေက အမြတ်ဖြစ်တာမို့ ဦးအုန်းညွန့် သဘောကျမိတာပါ။

အသုံးဝင်မှုနဲ့ဈေးကွက်အခြေအနေ

လျှော်ဖြူအစေးကို ဆေးကုလားမအဖြစ်အသိများပြီး ဆေးဝါးအသွင်အသုံးပြုတယ်လို့ ဆိုပါတယ်။ အစေးမှုန့်ကို ချည်ထည်လုပ်ငန်း၊ အလှကုန် ပစ္စည်း ထုတ် လုပ်ခြင်း လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်းနဲ့ စက်မှု ကုန်ကြမ်း လုပ်ငန်းတွေမှာ သုံးတယ်။ မြန်မာနိုင်ငံကထွက်တဲ့ လျှော်ဖြူစေး တွေကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက အများဆုံး ဝယ်ယူနေတယ်။

ရှင်းလင်း ပြောပြနေသည့် ဦးအုန်းညွန့် (ဓာတ်ပုံ - ညီညီဇော်)


ရွာသားတွေကို စည်းရုံးပြီ

လယ်ယာစိုက်ပျိုးရေး အလုပ်မှာ မအောင်မြင်ခဲ့တဲ့ ဦးအုန်းညွန့် တစ်ယောက် လျှော်ဖြူ စိုက်ပျိုးရေး လုပ်ကြည့်ဖို့ ဆုံးဖြတ် လိုက်တယ်။ လျှော်ဖြူစိုက်ဖို့ ဆုံးဖြတ်တဲ့ အခါ သူတစ်ယောက်တည်း တင်မက တခြား လယ်မြေ၊ ယာမြေ မရှိတဲ့ သူတွေပါ စိုက်နိုင်အောင် သူတစ်ခု စဉ်းစားမိတယ်။

သစ်တောမှာ အစုအဖွဲ့ပိုင် သစ်တောလျှောက် ပြီး စိုက်ပျိုးဖို့ပါ။ ရိုးစုံရွာနဲ့ အရှေ့ဘက်က ရှမ်းရိုးမတောင်တန်းကြီး ကြားထဲမှာ သစ်တောကြိုးဝိုင်းမြေ တွေ ရှိပါတယ်။ အဲဒီလိုနဲ့ ရွာသားတွေကို စည်းရုံးပြီး အစုအဖွဲ့သစ်တောလျှောက်ဖို့ ပြင်ဆင်တယ်။ အဖွဲ့ဝင် ၈၄ ဦးနဲ့ ဦးအုန်းညွန့်တစ်ယောက် လျှောက်ထားလိုက် တယ်။

သစ်တောနဲ့ ထိပ်တိုက်တွေ့

ဦးအုန်းညွန့်တို့အဖွဲ့ကို ရွာ အရှေ့ဘက် တောင်ကြီးကုန်းကြိုး ဝိုင်း အကွက် (၃၇၊ ၃၈၊ ၃၉)အ တွင်း မြေဧက ၅၅၀ ကို ဒေသခံ အစုအဖွဲ့ပိုင် သီးနှံသစ်တောရော နှောစိုက်ခင်းအဖြစ် ၂၀၀၄ နိုဝင် ဘာမှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာနကနေ ချထားပေးလိုက် တယ်။

တစ်ဦးကို ငါးဧကစီခွဲကာ လုပ်ကိုင်ခွင့်ရတယ်။ ဒါပေမဲ့ ချောချောမွေ့မွေ့ မဖြစ်ခဲ့ဘူး။ သစ် တောဌာနအနေနဲ့ သစ်ရာ၊ အင် ကြင်း၊ ပျဉ်းကတိုး၊ ပိတောက် စတဲ့သစ်တွေကိုသာ စိုက်စေချင်တယ်။ လျှော်ဖြူကို မစိုက်စေချင်ဘူး။ စိုက်ခွင့်လည်း မရှိဘူးလို့ဆိုတယ်။ အဲဒီတုန်းက အစုအဖွဲ့သစ်တော ဥပဒေအရ မအောင်မြင်ခဲ့ရင် အရေးယူခံရဦးမှာဆိုတော့ ဦးအုန်းညွန့်တစ်ယောက် လျှော်ဖြူစိုက်လို့မရရင် သစ်တောပြန်အပ်ဖို့တွေ ဖြစ်လာတယ်။ အဲဒီအချိန်မှာ အစိုးရအပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန်ဆိုတော့ နောက်ဆုံး တော့ ဦးအုန်းညွန့်တို့ လျှော်ဖြူ စိုက်ခွင့်ရခဲ့တယ်။

လျှော်ဖြူစိုက်ဖို့ ဆန္ဒမရှိကြ

ဦးအုန်းညွန့်ကသာ လျှော်ဖြူ နဲ့ တခြားကောက်ပဲသီးနှံတွေရော နှောစိုက်ပျိုးဖို့ အစုအဖွဲ့ သစ်တော လျှောက်ထားခဲ့ပေမယ့် ကျေးရွာ သားတွေကတော့ လျှော်ဖြူကို စိုက်လိုစိတ်မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ လျှော်ဖြူကို စီးပွားဖြစ် စိုက်ပျိုးတဲ့သူ နည်းနေသေးတာ ရယ်၊ အကျိုးအမြတ်အရ လေးငါးနှစ်စောင့် ရဦးမယ် ဆိုတာတွေ ရယ်ကြောင့် လျှော်ဖြူကို မစိုက်ဘဲ တခြားမြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊နှမ်း စတာတွေသာ ဦးစားပေးစိုက် ခဲ့တယ်။ နှစ်အတန်ကြာလို့ မစိုက်တော့တဲ့ နောက်ဆုံး လျှော်ဖြူမ စိုက်ရင် မြေပြန်သိမ်းမယ်ဆိုတော့ လျှော်ဖြူ ကို စိုက်ပျိုးလာခဲ့ပါတယ်။

လျှော်ဖြူက ရွှေသီးပြီ

လျှော်ဖြူက စိုက်ပျိုးပြီး သုံး နှစ်အကြာဆိုရင် အစေးထုတ်လို့ရပါပြီ။ ငါးနှစ်သားလောက်ဆိုရင် တော့ အစေးတွေ လှိုင်လှိုင်စိုပြီ ပေါ့။ ဦးအုန်းညွန့်တို့အစုအဖွဲ့ သစ်တောမှာ ၂၀၀၅ လောက်က စစိုက်ခဲ့တဲ့သူတွေဟာ ၂၀၁၀ လောက်မှာ လျှော်ဖြူစေးတွေ ထုတ်ရောင်းလို့ အကျိုးခံစားခွင့် တွေ စတင်ရရှိလာခဲ့တယ်။ ၂၀၁၂ ကျော်လာတဲ့အချိန်မှာတော့ ရွာက အိမ်တွေမှာ ထန်းလက်အမိုးတဲ မဟုတ်တော့ဘဲ သွပ်မိုးနဲ့ ပြောင် ပြောင်ရောင်ရောင်ဖြစ်လာတယ်။ လည်ပင်းမှာ ဗလာဟင်းလင်းမဖြစ်တော့ဘဲ လက်မလောက် ဆွဲကြိုးတွေနဲ့ တလက်လက် တောက်ပလာတော့တယ်။

ဈေးတွေ ပိုမိုကောင်းလာတဲ့လျှော်ဖြူ

အစုအဖွဲ့ပိုင်သစ်တော မစ ခင်အချိန်က ထောင်ဂဏန်းသာရှိ တဲ့ လျှော်ဖြူစေးဈေးနှုန်းဟာ အခု ၂၀၁၇ ရောက်လာတဲ့အချိန်မှာ တော့ အမျိုးအစားပေါ်မူတည်ပြီး တစ်ပိဿာ ကျပ်ငါးသောင်း လောက်အထိကို ဈေးရနေပါပြီ။ ကိုယ်ပိုင်တဲ့ လျှော်ဖြူပင်ရဲ့အရွယ်နဲ့ အရေအတွက်ပေါ် မူတည်ပြီး တစ်ရာသီမှာ ကျပ်သိန်းတစ်ရာ အနည်းဆုံးဝင်ငွေရနေပါပြီ။ အစုအဖွဲ့သစ်တော စတင်ချိန်က တည်းက စိုက်လာခဲ့တဲ့သူတွေ အခုဆို တိုက်နဲ့ ခြံနဲ့ ခွေးဘီလူးကားနဲ့ ဖြစ်နေပြီ။

ဓားထမ်းစောင့်ရှောက်ရတဲ့လျှော်ဖြူ

ဦးအုန်းညွန့်တို့ အစုအဖွဲ့ပိုင် ရိုးစုံသစ်တောလေးကို စည်းနဲ့ ကမ်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ရ တယ်။လျှော်ဖြူက တန်ဖိုးတက် လာပြီမဟုတ်လား။ နွားဟပ်ရင် ဒဏ်ငွေငါးထောင်သတ်မှတ်ထား တယ်။ တစ်ခါက ပြဿနာတစ်ခု တက်တယ်။ ဆိတ်သုံးအုပ်က လျှော်ဖြူတောထဲ ဝင်စားကုန်လို့ ပါ။

ဒါနဲ့ စည်းကမ်းသတ်မှတ်ထား တဲ့အတိုင်း တွက်ပြတဲ့အခါ ဒဏ် ငွေက ခုနစ်သိန်းခွဲတောင်ကျသွား တယ်။ ဒဏ်ငွေတွေ များလွန်းတော့ ဆိတ်ကျောင်းတဲ့ သူတွေ ငိုယိုကုန် တယ်။ ဦးအုန်းညွန့်တို့က စည်း ကမ်းသတ်မှတ်ထားတဲ့အတိုင်း သာ တွက်ပြတာ ဖြစ်ကြောင်း၊ လျှော်ဖြူပိုင်တဲ့ ပိုင်ရှင်တွေနဲ့ အ ဆင်ပြေသလို ညှိဖို့ ပြောတဲ့အခါ နောက်ဆုံး ငွေခြောက်သောင်းနဲ့ တည့်သွားပါသတဲ့။

ပြည်တွင်းရော ပြည်ပကပါ စိတ်ဝင်စားလာတဲ့ လျှော်ဖြူ

လျှော်ဖြူကို စီးပွားဖြစ်အောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့တဲ့ ဦးအုန်းညွန့် ရိုးစုံအစုအဖွဲ့ပိုင် သစ်တော လေးဆီကို ပြည်တွင်းကရော ပြည်ပကပါ ဧည့်သည်တွေ တဖွဲဖွဲရောက်လာတယ်။ မကွေး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ရခိုင်နေရာစုံ က တောင်သူတွေ အားကိုးတကြီး လေ့လာတယ်။ အင်္ဂလန်၊ ထိုင်း၊ မလေးရှားနိုင်ငံတို့က စိုက်ပျိုးရေး လုပ်ကိုင်သူတွေက ဦးအုန်းညွန့် တို့ဆီ လာရောက်ဆက်သွယ်မေး မြန်းတယ်။ ဦးအုန်းညွန့်တစ် ယောက် သစ်တောထဲမှာ စိတ် ရှည်လက်ရှည် ရှင်းပြတယ်။ ပြည် တွင်းပြည်ပ ဖိတ်ခေါ်တဲ့ပွဲတွေမှာ လျှော်ဖြူအကြောင်း လိုက်ဟော ပြောပေးရတယ်။

ဆုနဲ့ပတ်သက်လို့

ဦးအုန်းညွန့်တို့ရဲ့ ရိုးစုံကျေးရွာဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောရဲ့ အောင်မြင်မှုသတင်း ကောင်းတွေကြောင့် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကိုယ်တိုင် ၂၀၁၆ နိုဝင် ဘာမှာ လာရောက်ကြည့်ရှုခဲ့ရတယ်။ သစ်တောဦးစီးဌာနနဲ့အတူ ဩစတြီးယားနိုင်ငံ အခြေစိုက် Energy Globe Award ဆုကို လှမ်းလျှောက်လိုက်တဲ့အခါတော့ အခုလိုဆုရခဲ့တာပါ။

ဆုရထား တယ်ဆိုတာကိုသိပြီးပေမယ့် ဆု ငွေဘယ်လောက်ရမယ်ဆိုတာ မသိသေးဘူးလို့ ဦးအုန်းညွန့်က ပြောပါတယ်။ ရမယ့်ဆုငွေတွေထဲ ကနေ ရွာနားမှာ ရှိတဲ့ သစ်တော ထိန်းသိမ်းရေးလုပ်ငန်းနဲ့ တခြား ဖွံ့ဖြိုးရေးလုပ်ငန်းတွေပါလုပ်ဖို့ စိတ်ကူးထားပါသတဲ့။

ဦးဆောင်သူရဲ့ပီတိ

အစောပိုင်းကာလတွေမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တွေ မအောင်မြင်ခဲ့တဲ့ ဦးအုန်းညွန့် ဟာ အခု အသက် (၇၂)နှစ်အရွယ် ရောက်လာချိန်မှာတော့ နိုင်ငံတကာအသိအမှတ်ပြုရတဲ့ဆုတစ်ဆုရထားတဲ့ လျှော်ဖြူစိုက်တဲ့ အစုအဖွဲ့သစ်တောလေးကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။

ဦးအုန်းညွန့်က သူ့ဆီ လျှော်ဖြူနဲ့ ပတ်သက်လို့ လာမေးရင် မခြွင်းမချန် အိတ်သွန်ဖာမှောက် ပြောပြတတ်တယ်။ လျှော်ဖြူနဲ့ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန် စိုက်နည်း ပျိုးနည်းတွေကို စာတမ်း တွေ၊ ဒီဗီဒီအခွေတွေ ထုတ်ကာ မျှဝေတယ်။

သူပီတိအဖြစ်ဆုံးက တော့ တစ်လောလေးတုန်းက အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုက နေ လာရောက်လေ့လာရင်း ပြော သွားတဲ့ စကားတစ်ခွန်းကြောင့်ပါ။ ရှမ်းပြည်နယ် တချို့ဒေသတွေမှာ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးဖို့လာလေ့လာတာပါတဲ့။ ဦးအုန်းညွန့် ကျေနပ်လိုက်သည့်ဖြစ်ခြင်း။

နောက်မကျနဲ့

ရိုးစုံအစုအဖွဲ့ပိုင် တောအုပ် ကလေးဟာ လျှော်ဖြူပင်တွေ အုပ်မိုးပြီး စိမ်းစိုနေတော့တာပါ။ မိုး ခေါင်ရေရှားဒေသဖြစ်ပေမယ့် အပင်တွေကြောင့် မိုးလည်း မကြာ ခဏ ရွာလာ ပါသတဲ့။ လျှော်ဖြူကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် အောင်မြင်ခဲ့တဲ့ ဦးအုန်းညွန့် တစ် ယောက် လျှော်ဖြူနဲ့ပတ်သက်ပြီး စကားတစ်ခွန်း မှာပါတယ်။ ‘‘နောက်ကျတယ်ဆိုတာ သေတာပဲကောင်းတာ။ လျှော်ဖြူစောစော စိုက်၊ စောစောပိုက်ဆံရတယ်။ နောက်မကျစေချင်ဘူး’’တဲ့။

From : 7 Day daily news

Originally published at - http://www.7daydaily.com/story/99530


Read More »

Monday, June 19, 2017

မသန်စွမ်းသူ တစ်ဦး မတရား ပြုခံရသော အခါ




ရန်ကုန်၊ ဇွန် ၁၈ – ရန်ကုန် ဆင်ခြေဖုံးက ခြေမသန်တဲ့ ဆယ်ကျော်သက် မစံပယ် (အမည်လွှဲ)ကို လွန်ခဲ့တဲ့ နှစ်နှစ် ကျော်က မိသားစုနဲ့ နီးစပ်သူ အမျိုးသား တစ်ဦးက အယုံ သွင်းပြီး ဆိတ်ကွယ်ရာ တစ်ခုဆီ  ခေါ်ဆောင် သွားပါတယ်။

အမျိုးသမီးအဖွဲ့၊ ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့များရဲ့ ကွင်းဆင်း ပညာပေး ဆွေးနွေးပွဲတွေ တက်ရောက်ဖူးတဲ့ မစံပယ်ဟာ သူအန္တရာယ်ရှိနေပြီဆိုတာ ကို သိလိုက် တာနဲ့ တစ်ပြိုင်နက် အဲသည် လူရဲ့ လက်ထဲကနေ ရှိသမျှ ခွန်အား သုံးပြီး ထွက်ပြေး လွတ်မြောက် နိုင်ခဲ့ ပါတယ်။

“သူက သမီးရဲ့ ရင်သားတွေကို ကိုင်လို့ သမီး သူ့လက်တွေကို ကုန်းကိုက် ပစ်တယ်၊ ရှိသမျှ အားကုန် သုံးပြီး တွန်းထုတ် ပစ်တယ်”လို့ မစံပယ်က ပြော ပါတယ်။

သူအိမ်ပြန် ရောက်တယ် ဆိုရင်ပဲ အကြောင်းစုံ ပြောပြတော့ မတရား ပြုကျင့် ဖို့ ကြံစည် ကြိုးစား သူကို မိဘတွေက တရား စွဲဆိုခဲ့ ပါတယ်။ အမျိုးသမီးနဲ့ ကလေး သူငယ် စောင့်ရှောက်ရေး အဖွဲ့ တွေရဲ့ အကူ အညီ ယူပြီး တရားစွဲ တာပါ။ နှစ်နှစ် ကျော်ကြာ စစ်ဆေးမှုတွေ အပြီးမှာတော့ တရားရုံးက သက်သေ ခိုင်လုံတဲ့ အမှု မဟုတ် ဘူးလို့  ဆုံးဖြတ် လိုက်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုကို အားနည်းချက် သဖွယ် ထိုးနှက် တတ်တဲ့ လူမှု ဝန်းကျင်မှာ မသန်စွမ်း သူတွေဟာ တရား ဥပဒေရဲ့ အကာ အကွယ်ပေးမှု ရရှိဖို့က လွယ်လွယ်နဲ့ ဖြစ် မလာပါဘူး။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရ၊ စော်ကားဖို့ ကြံစည်ခံရသူ အများစုဟာ ရင်ဖွင့် ပြောဆိုဖို့၊ တိုင်တန်းကြဖို့ ခဲယဉ်းလှပါ တယ်။ မသန်စွမ်းသူတွေလည်း သည်လို ဖြစ်ရပ်မျိုး ကြုံရတဲ့အခါ တရားခွင်ကို ရောက်လာဖို့ဟာ တော်ရုံခံနိုင်ရည်နဲ့တော့ မရနိုင်ပါဘူးလို့ မသန်စွမ်းသူများအရေး လုပ်ဆောင်နေသူတွေက မှတ်ချက်ပြု ကြပါတယ်။

သည်အခြေအနေမှာပဲ မသန်စွမ်းသူ တို့ အနိုင်အထက်ပြုခံရမှု ဘယ်လောက် ရှိတယ်ဆိုတာ မှတ်တမ်းတင်၊ စစ်တမ်း ကောက်ယူမှုအားနည်းနေသေးတာ တွေ့နေရပါတယ်။


စိတ်ဒဏ်ရာ


ပညာအလင်းပွင့် မြန်မာသုတေသန ဖောင်ဒေးရှင်းက ကျား/မရေးရာ လုပ်ငန်း အစီအစဉ်မန်နေဂျာမအေးလဲ့ထွန်းက တချို့မိဘတွေ ကိုယ်တိုင်က မသန်စွမ်း တွေကို ပစ်ပယ် ထားတာ ရှိတယ်။ လာဘ် တိတ်တယ်၊ အလှုပ်ရှုပ်တယ်၊ ရှက်စရာ ကောင်းတယ်လို့ ယူဆကြတယ်လို့ ဆိုပါ တယ်။

“အခြားသားသမီးတွေနဲ့ အပြင်သွားချိန်မှာ မသန်စွမ်းကလေးတွေကို အိမ်မှာထားခဲ့တာ စတဲ့ ခွဲခြားဆက်ဆံမှုတွေကို ကလေးဘဝကတည်းက ခံစားကြ ရတာကြောင့် မသန်စွမ်း အများစုမှာ စိတ်ဒဏ်ရာတွေ ရှိနေတတ်ပါတယ်”လို့ မအေးလဲ့ထွန်းက ပြောပါတယ်။

မသန်စွမ်းသူတွေဟာ အနီးစပ်ဆုံး အသိုင်းအဝိုင်းဖြစ်တဲ့ မိဘ၊ ဆွေမျိုးတွေရဲ့ ဖဲကြဉ်ထားမှု၊ လူစဉ်မမီသူတွေလို့ ပြောဆိုဆက်ဆံခံရမှုတို့ကြောင့် စာသင် ခန်းကို ကျောခိုင်းကြ ရပါတယ်၊ မစံပယ်လည်း သည်လို အခြေအနေနဲ့ ရင်ဆိုင်ဖူးသူပါ။

“သမီးကို ကျောင်းတက်တုန်းက သူငယ်ချင်းတွေက အကျို့း အကျိုးလို့ ဝိုင်းခေါ်ကြတယ်၊ သမီး သူတို့နဲ့ မကစားရဘဲ တစ်ယောက်တည်းနေရတယ်၊ စိတ်မကောင်းဘူး၊ ကျောင်းမနေချင်တော့ဘူး” လို့ ဆဋ္ဌမတန်းမှာ ကျောင်းထွက်ခဲ့သူ မစံပယ်က ပြောပြပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်းသန်း ၅၀ ရဲ့  ၄ . ၆  ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ကြပါတယ်။

အမြင်အာရုံချို့တဲ့သူပေါင်း ၁,၂၄၉,၇၃၇ ၊ အကြားအာရုံချို့တဲ့သူပေါင်း ၆၇၃,၁၂၆၊ ဉာဏ်ရည်မသန်စွမ်းသူပေါင်း ၈၃၅,၅၉၈ ၊ ခန္ဓာကိုယ်မသန်စွမ်းသူပေါင်း ၉၅၇,၇၃၆ ဦး ရှိနေတာပါ။

တိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေတဲ့ အများနဲ့ ကွဲပြားစွမ်းဆောင်နိုင်သူ မသန်စွမ်းတွေကို မလိုလားအပ်သူတွေအဖြစ် မရှုမြင်ဘဲ လုပ်အားအ ဖြစ် တိုင်းပြည်တည်ဆောက်ရေးမှာ သူတို့ တတ်နိုင်တဲ့ နေရာကနေ ပါဝင်စေရမယ်။ သူတို့ရဲ့အခွင့်အရေးကိုလည်း ကာကွယ်ပေးရမယ်လို့ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသူတို့က ထောက်ပြကြပါတယ်။

လက်တွေ့မှာလည်း သူတို့အပေါ် အမြင်သစ်၊ အတွေးသစ်နဲ့ ပြုမူဆက်ဆံ နေရာပေးနိုင်ဖို့က တိုင်းပြည်မှာ အဆင် သင့်မဖြစ်သေးပါဘူး။ သည်ထက် ပိုဆိုးနေ တာကတော့ မသန်စွမ်းတွေ လိင်စော်ကား ခံရမှုလိုမျိုး စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာ နစ်နာ မှုတွေက လူအများရဲ့အာရုံစိုက်ခြင်း မခံရသေးတာပါပဲ။

လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့်ခံရတဲ့ မသန်စွမ်း အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းပြုထားတာ အား နည်းနေသေးတယ်လို့ မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းအစီအစဉ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောပါတယ်။

‘ကျွန်တော်တို့ မသန်စွမ်းအဖွဲ့တွေမှာ အချက်အလက်တွေ စနစ်တကျထိန်း သိမ်းထားတာ  သိပ်မရှိဘူး”လို့ ဦးကျော်ကျော်က ပြောပါတယ်။

အမျိုးသမီးတစ်ယောက် မတရားကြံ စည်ခံရရင် အနေအထိုင်၊ ဝတ်စားဆင်ယင်မှု၊ အသွားအလာ မဆင်ခြင်လို့ ဖြစ်ရ တာဆိုပြီး ပြစ်တင်ပြောဆိုတာ ခံရတတ်ပါတယ်။

မသန်စွမ်းမိန်းကလေး မစံပယ်ဟာလည်း လိင်စော်ကားခံရတဲ့ဖြစ်ရပ်အတွက်နဲ့ ကဲ့ရဲ့ပြောဆိုတာကို ခံရမှာ စိုးရိမ်နေခဲ့ ပါတယ်။ ဒါပေမဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးများသင်တန်းက ဆရာဆရာမတွေ လိုက်ပါကူညီပေးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့စိတ်နဲ့ တရားရင်ဆိုင် တိုင်ကြားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဥပဒေလိုအပ်ချက်

မသန်စွမ်းသူများ အခွင့်အရေး ဥပဒေကို ၂၀၁၅ခုနှစ်မှာ ပြဋ္ဌာန်းထားပြီးပါပြီ။ သည်ဥပဒေမှာ မသန်စွမ်းသူတွေဟာ နိုင်ထက်စီးနင်း အကြမ်းဖက်ခံရမှု၊ အိမ်တွင်း အကြမ်းဖက်မှုအမျိုးမျိုး အပါအဝင် အလွဲသုံးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုတို့မှ အကာအကွယ် ရထိုက်ခွင့်ရှိတယ်ဆိုပြီး ထည့်သွင်းပြဋ္ဌာန်း ထား ပါတယ်။

သည်ဥပဒေကို လက်တွေ့ကျင့်သုံးရေးအတွက် နည်းဥပဒေထွက်လာဖို့ လို အပ်နေသေးတယ်လို့ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းအစီအစဉ် ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ထောက်ပြပါတယ်။

‘ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တဲ့ အမှုအခင်းတွေ ဖြစ်လာရင် တိုင်ကြားလို့ရမယ့် ယန္တရားကလဲ မရှိသေးဘူး” လို့ ဦးကျော်ကျော်က ပြောပါတယ်။

တရားစီရင်ရေးမှာ အသုံးပြုနေတဲ့ ရာဇသတ်ကြီးဥပဒေတွေနဲ့ စွဲချက်တွေဟာ လည်း ၁၈၆၁ ခုနှစ်ကတည်းက ပြဋ္ဌာန်း ထားတာ ဖြစ်တယ်။ မသန်စွမ်းတွေကို ဘယ်လိုမေးမြန်းရမယ်၊ ဘယ်လိုဆက်ဆံ ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ညွှန်ကြား ထားဖို့ လိုနေသေးကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ)ရဲ့ ညွှန် ကြားရေး မှူး တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဆိုပါတယ်။

မသန်စွမ်းအမျိုးသမီးတွေကို မှုခင်းရေးရာ မေးမြန်းစစ်ဆေးမှုတွေအတွက် သီးသန့်လမ်းညွှန်ချက်များ ထုတ်ပြန်ထားသင့်တယ်လို့ ဒေါ်လှလှရီက ပြောပါတယ်။

ရဲစခန်း၊ တရားရုံး စတဲ့နေရာတွေက စစ်ဆေးမေးမြန်းမှုတွေဟာ သာမန်လူတွေအတွက်တောင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်။

မျက်စိမမြင်သူ၊ နားမကြားသူ၊ စကားမပြောနိုင်သူ၊ ဉာဏ်ရည်မမီသူတွေစတဲ့ မသန်စွမ်းသူတွေပိုပြီးခက်ခဲကြောင်း မသန်စွမ်းသူများအရေး လုပ်ကိုင်နေသူ တို့က ထောက်ပြကြပါတယ်။

လှိုင်သာယာမြို့နယ် မသန်စွမ်းသူ များအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်က တရားခွင်မှာ မသန်စွမ်းသူတွေ ကြုံရတတ်တဲ့ အခက်အခဲတွေထဲက အချို့ ကို ပြောရာမှာတော့ “နားမကြားတဲ့ ကလေးတွေ ဆိုရင် တရားခွင်မှာ အသုံးပြုလို့ ရတဲ့ sign language (သင်္ကေတ စကားပြော နည်း) လဲ မတတ်ဘူး၊ ဒါကို သင်ပေးတာ ကလဲ တစ်နိုင်ငံ လုံးမှာမှ ရန်ကုန်နဲ့ မန္တလေးမှာ တစ်ကျောင်းစီပဲ ရှိတယ်၊ လွှမ်းခြုံမှု အ ရမ်းနည်းတော့ အများစုက မသိကြဘူး၊ မိသားစု တွင်းမှာ သုံးတဲ့ ခြေဟန် လက်ဟန် နဲ့ပြောတာပဲ ရှိတယ်၊ ဒါကို မိသားစု ဝင်က အနီးစပ်ဆုံး ဘာသာပြန် ပေးတာကို တရား ရုံးက လက်ခံနိုင်ဖို့ အခက် အခဲ ရှိတယ်”လို့ ဆိုပါတယ်။

တရားခွင်မှာ သည်လိုအခက်အခဲတွေ ရှိနေတာဟာ မသန်စွမ်းတွေကို အနိုင်ကျင့်စော်ကားဖို့ ချောင်းမြောင်းနေသူတွေအတွက် အခွင့်အရေးတစ်ခုလိုဖြစ်နေ ကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ရဲ့ ညွှန်ကြားရေးမှူး ဒေါ်လှလှရီ က ထောက်ပြပါတယ်။

‘လက်ရှိကျူးလွန်နေကြတဲ့ မုဒိမ်းမှုတွေဟာ မသန်စွမ်းအမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးတည်ပြီး ကျူးလွန်နေသလားလို့ သံသယဖြစ်မိတယ်” လို့ ဒေါ်လှလှရီ က ပြောပါတယ်။

မသန်စွမ်းတွေ မတရားခံရလို့ တိုင်တန်းပြီဆိုရင် “ဦးနှောက်က ပုံမှန်မဟုတ် လို့ လျှောက်ပြောနေတာ”လို့ ယူဆသူများရှိတတ်ကြပြီး မသန်စွမ်းတွေရဲ့ အခွင့် အရေးကို မြှင့်တင်ပေးရမယ့်အစား ဖုံးဖိဖို့ ကြိုးစားနေကြသူများပင် ရှိနေတယ်ဆို တာပါပဲ။

ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ဆန်အိတ်ဟောင်းတွေကာထားပြီး သုံးထပ်သားပြားအပိုင်းလေးတွေဟို တစ်စ သည်တစ်စခင်းထားတဲ့ ခပ်နိမ့်နိမ့် ခပ်ယိုင်ယိုင်အိမ်လေးထဲမှာတော့ ဘယ်အရာတွေ ဘယ်လောက်ပဲ ခက်ခဲနေပါ စေ အမှန်တရားဆိုတာ တစ်နေ့ပေါ်မှာပါလို့ ယုံကြည်နေတဲ့ မသန်စွမ်းသူလေး မစံပယ် ရှိနေပါတယ်။

“သမီး မတရား ခံရတာလေ၊ သမီးမှာလဲ သိက္ခာနဲ့ပါ၊ ဒီတရားရုံး မရရင် နောက် တရားရုံး တက်မှာပဲ၊ သမီး ဘယ်တော့မှ အလျှော့ မပေးဘူး”လို့ မစံပယ်က ပြောလိုက် ပါတယ်။

From : ကုမုဒြာဂျာနယ် by ခင်စန္ဒာမြင့် (Myanmar Now)

Originally published at - http://www.kumudranews.com

Read More »

စိမ်းလန်းမြို့တော် ကျူးကျော်များ ဖယ်ရှား ခံရပြီးနောက်


ကျောက်အိုင် ရွာကို ဖျက်ဆီး ရှင်းလင်း နေစဉ် / မျိုးမင်းစိုး / ဧရာဝတီ


ကလေး နှစ်ယောက် မိခင် ဒေါ်တင်မာဝင်း တယောက် အမျိုးသား တစုက သူ၏ ဓနိမိုး ဝါးအိမ်လေးကို လက်ကိုင် လွှစက်များ ဖြင့် ဖြိုချ ဖျက်ဆီးနေ သည်ကို ငေးကြည့် နေသည်။ ခြံဝင်းဘေး ပတ်လည်တွင် စိုက်ပျိုး ထားသော သရက်ပင် များမှာလည်း အပိုင်းအပိုင်း အပြတ်ပြတ်။

ဇွန်လ ၁၂ ရက်နေ့တွင် တဲအိမ် ၄၀၀ ခန့်ကို အစိုးရ မြေပေါ်တွင် စီးပွားဖြစ် ကျူးကျော် နေထိုင်သူများဟု သတ်မှတ်ကာ အာဏာပိုင် များက နေအိမ် များကို ဖြိုချ ဖျက်ဆီး ခဲ့သည်။

ယင်းဖြစ်ရပ်မှာ လှည်းကူးမြို့နယ်အတွင်း၊ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမကြီးနံဘေးတွင် တည်ရှိသော ကျောက်အိုင်ကျေးရွာနားမှ တဲများကို ဖယ်ရှားခြင်းဖြစ်သည်။

ဒေါ်တင်မာဝင်းတို့ မိသားစု ကျောက်အိုင်ရွာအနီးတွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၂၀ နီးပါး ရှိခဲ့ပြီ ဖြစ်သော်လည်း သူ၏အိမ်မှာ အသစ်ရောက်ရှိလာသော ကျူးကျော်အိမ်အဖြစ် သတ်မှတ်ခံ လိုက်ရသည်။ အိမ်ကို မဖြိုဖျက်မှီ အိမ်သုံး ပစ္စည်းများ သိမ်းဆည်း ထုပ်ပိုးရန် အချိန် အနည်းငယ်မျှသာ ရခဲ့သည်။

သူတို့အိမ်ကို ကင်းလွတ်ခွင့်ပေးရန် ဖျက်သိမ်းမှုကို ကြီးကြပ်သည့် ရဲအရာရှိများကို ဒေါ်တင်မာဝင်းတို့ မိသားစုက တောင်း ပန်ခဲ့သော်လည်း ရဲအဖွဲ့က ၎င်းတို့မှာ အစိုးရ၏ အမိန့်အတိုင်း ဆောင်ရွက် ခဲ့ရခြင်းဖြစ်ကြောင်းပြန်ပြောခဲ့သည်။

“ခဏလောက်ဆိုရင် ကျမ ကလေး ကျောင်းက ပြန်လာတော့မယ်။ မိုးရွာလာရင် ကျမတို့ ဘယ်မှာ အိပ်ရမလဲ” ဟု ကောင်းကင်တခွင် မည်းနက်နေသော တိမ်တိုက်ကြီးကို မော့ကြည့်ရင်း သူကပြောသည်။

စိမ်းလန်းမြို့တော်စီမံကိန်း

ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းမှုသည် ကျူးကျော်များအတွက် ပထမဆုံးအကြိမ် အတွေ့အကြုံတော့မဟုတ်။ ၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက တဲအိမ်များးအားလုံးကို ဘူဒိုဇာဖြင့် ထိုးပစ်ခဲ့သည်။

ဒေါ်တင်မာဝင်း၏ အိမ်မှာ ကင်းလွတ်ခဲ့သည်။ ထောင်နှင့်ချီသော ကျူးကျော်များမှာ အနီးအနား ကျေးရွာများသို့ ပြောင်းရွှေ့သွားကြသည်။ သို့သော်လည်း ပြဿနာက ဆက်ရှိနေသေးသည်။ လှည်းကူးမြို့နယ်အတွင်းမှ ကွက်လပ်ဖြစ်နေသော ထိုနေရာသို့ နောက်ထပ် ကျူးသစ်များ ရောက်ရှိလာကြပြန်သည်။

၂၀၁၆ ခုနှစ် ဧပြီလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အစိုးရ အာဏာရရှိလာသည့် အချိန်တွင် ရန်ကုန်တိုင်း ဝန် ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ ရသည့် ဦးဖြိုးမင်းသိန်းက ကျူးကျော် အစစ်အမှန်များ စာရင်းကောက်ယူပြီးစီးသည့် အချိန် တွင် ကျူးကျော်များကို ရန်ကုန်တိုင်း အတွင်းတွင် သင့်တော်သော နေရာများ ပြန်လည် ချထားပေးမည် ဖြစ်ကြောင်း ပြောခဲ့ သည်။

မသမာသောနည်းလမ်းများဖြင့် မြေနေရာ ကျူးကျော်ထားသူများကိုလည်း ဥပဒေအတိုင်းအရေးယူမည်ဟုလည်း သတိပေးခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းအစိုးရက နိုင်ငံပိုင်မြေပေါ်တွင် အဆောက်အဦးသစ်များ တည်ဆောက်ရန်လျာထားသည့် အတွက် အဆိုပါ လှည်းကူးရှိ ကျူးကျော်များကို သတိပေးစာများ ပေးပို့ခဲ့သည်။

လက်ရှိ ကျူးကျော်များနေထိုင်ရာ မြေနေရာ ၁၄၅၀ ဧက ကျော် ကို Alliance Stars ကုမ္ပဏီအုပ်စုက “Eco Green City” စီမံကိန်း အကောင်အထည်ဖော်ရန် သတ်မှတ်ထားသည်။


ကျောက်အိုင်ရွာတွင် နှစ် ၂၀ မျှ နေထိုင်လာသည်ဟုဆိုသော ဒေါ်တင်မာဝင်း


ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့ အကျိုးအမြတ်ခွဲဝေရေး သဘောတူ စာချုပ်တခုကို ၂၀၁၆ ခုနှစ်တွင် ချုပ်ဆိုခဲ့ပြီး ၈ နှစ်ကြာမြင့်မည့် စီမံကိန်းတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်း၊ နိုင်ငံတကာအဆင့်မီကျောင်း၊ ဆေးရုံ၊ အပန်းဖြေ ဂေါက်ကွင်းနှင့် အနားယူအပန်းဖြေနိုင်သည့် နေရာလည်း ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အမည်မဖော်လိုသူ ညွှန်ကြားရေးမှူးတဦး ကပြောပြသည်။

ကုမ္ပဏီက အိမ်ယာ ၄၀၀၀ တည်ဆောက်ရန် ပြုလုပ်ထားသော်လည်း အစိုးရနှင့် ကုမ္ပဏီကြားတွင် ရှယ်ယာပိုင်ဆိုင်မှု အစီ အစဉ်များ ယခုအချိန်အထိ ဆွေးနွေး ညှိနှိုင်းမှု မပြုလုပ်ရသေးပါ။

ရန်ကုန်တိုင်း အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးယုခိုင်က သတ်မှတ်ထားသည့် ၂ မိုင် ဧရိယာအတွင်းမှ ကျူးကျော်များကို ဖယ်ရှားပြီးမှသာလျှင် စီမံကိန်း စတင်နိုင်ဖွယ်ရာ ရှိကြောင်းပြောသည်။

“ဒီမှာနေတဲ့သူ အများစုက စီးပွားဖြစ်ကျူးတွေပါပဲ’’ ဟု သူက ပြောသည်။ စီးပွားဖြစ်ကျူးဆိုသည်မှာ မိမိတွင် ကိုယ်ပိုင်အိမ်ရှိသော်လည်း အစိုးရပိုင်မြေများကို အကွက်ရိုက်ကာ အိမ်ယာမဲ့များအား ပြန်လည်ရောင်းစားခြင်းဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့တွင် ဥပဒေနှင့် မညီသည့် အိမ်ခြေ ၄၀၀၀ ကို ဖြိုဖျက်ရန်အတွက် တိုင်းအစိုးရက ရဲတပ်ဖွဲ့ဝင် ၂၀၀ နီးပါးကို တာဝန်ချထားခဲ့ပြီး လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာ အသီးသီးမှ လူ ၁၀၀၀ ကျော်ကို ငှားရမ်းခဲ့သည်။

ကျူးကျော်တို့၏ နေအိမ်များကို ဖျက်ဆီးရာတွင် ရဲအဖွဲ့ကို ကူညီရန် သူတို့ကို ၁ ရက်လျှင် ၁၀၀၀၀၀ ကျပ် ပေးခဲ့သည်ဟု ကျေးရွာသား အချို့ကပြောသည်။ အိမ်များကို ဖျက်ဆီးရာတွင် ရဲအဖွဲ့က ဓား၊ ပုဆိန်၊ သံတူရွင်း နှင့် လွှစက်များ အသုံးပြု ခွင့်ပေးခဲ့သည်။

ဖြိုဖျက်ရန် လူအုပ်ကြီးရောက်ရှိလာသည့် အချိန်တွင် အချို့တဲအိမ်များတွင် လူနေထိုင်ခြင်း မရှိသည်ကို ဧရာဝတီက တွေ့ရှိခဲ့ သည်။ ကျောက်အိုင်ရွာသားများကလည်း ယင်းကွင်းပြင်တွင် တည်ဆောက်ထားသောတဲများမှာ မြေကို ဈေးပေါပေါဖြင့် ဝယ်ယူကာ တဲများဆောက်ထားခြင်းဖြစ်ကြောင်း၊ အချိန်ပြည့်နေထိုင်ခြင်း မရှိကြကြောင်း ပြောသည်။

ကျူးကျော်အိမ်များ ဖျက်သိမ်းခြင်းကို ရဲမှူးချုပ် မြဝင်းက ဦးဆောင်ပြီး အကယ်၍ ကျူးကျော်များက ဖျက်သိမ်းရေးလုပ်ငန်း ကို ရန်ပြုတုန့်ပြန်လာပါက သေနတ် နှင့် ပစ်ရန်လည်း အမိန့်ပေး ထားသည်။ နေ့လည်ပိုင်းတွင် သူတို့၏ နေအိမ်များအား ဖျက်သိမ်းခြင်းကို တားဆီးနှောက်ယှက်သည့်အတွက် အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၁ ဦးကို ရဲ အဖွဲ့က ဖမ်းဆီးထိန်း သိမ်းခဲ့သည်။

ကျူးကျော်တဲများကို ဖျက်သိမ်းရာတွင် အာဏာပိုင်များ နှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့သည့် ကျေးရွာသား တဦးဖြစ်သော ဦးအောင်ထွန်းက “ကျနော်တို့ကို ဒီကိစ္စဆောင်ရွက်ဖို့ အစိုးရက အမိန့်ပေးထားပါတယ်။ ဒါကြောင့် ကျနော်တို့ အမိန့် အတိုင်း လုပ်ရတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရဲတပ်ဖွဲ့ဝင်တချို့ကလည်း အမှန်တကယ် နေစရာမရှိ၍ ကျူးကျော်နေထိုင်သူတို့၏ အိမ်များကို ဖျက်ရသည့် အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ကျောက် အိုင်ကျေးရွာ အပြင်ဘက်တွင် ဆယ်စုနှစ်နှင့်ချီ၍ နေထိုင်ခဲ့သည့် မိသားစုတချို့ကို ရည်ညွှန်းပြောဆိုသည်။


ရက်ရက်စက် လုပ်မယ် မထင်ခဲ့ဘူး

ယင်းသို့ ဖြိုဖျက် လိုက်၍ အိုးအိမ်မဲ့ သွားသော အသက် ၁ နှစ် အရွယ် ကလေးငယ်၏ မိခင် ဒေါ်ခင်စုယဉ်က သူသည် ကျောက်အိုင် ရွာသား တဦးထံမှ မြေ တကွက်ကို လွန်ခဲ့သော ၃ လက ကျပ်ငွေ ၁၂ သိန်းဖြင့် ဝယ်ယူ ထားကြောင်း စာရွက် တခုကို ပြသည်။ ယင်းစာရွက်မှာ ကျောက်အိုင်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူ တဦးက ထုတ်ပေး ထားခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက ယင်းမြေသည် အစိုးပိုင်မြေဖြစ်ကြောင်းကို သူသိ ခဲ့သော်လည်း ထိုမြေပေါ်တွင် ဝါး တိုင်နှင့် ဓနိမိုး အိမ်တလုံး ဆောက်လုပ် ခဲ့ပါသည်။

“အမေစု အစိုးရလက်ထက်မှာ ဒီလို ရက်ရက်စက် လုပ်မယ်မထင်ခဲ့ပါဘူး” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး ဒေါ်ခင်စုယဉ်က ပြောဆိုပါသည်။

ဒေါ်ခိုင်စုရင်၏ ဇာတိမှာက ယားပြည်နယ်ဖြစ်သည်။ အလုပ်ရှာရန် ရန်ကုန်သို့ရောက်လာပြီး နောက်ပိုင်းတွင် အိမ်ထောင်ကျသည်။ ယခင်နှစ်များတွင် သူတို့ လှိုင်သာယာ စက်မှုဇုန်တွင် နေခဲ့ကြသည်။ သို့သော်လည်း ယခုနှစ်တွင် လစဉ်အိမ်ငှားခများ သိသိသာသာ တက်လာသည့်အတွက် ငွေကြေးချွေတာနိုင်ရန် လှည်းကူးအနီးတွင် ဈေးသက်သာသည့် မြေဝယ်ယူရန် အကြောင်း ဖန်လာသည်။

မြေဝယ်ပြီး ကြုံရသည့် အခြေအနေမျိုးက ဒေါ်ခိုင်စုရင် တယောက်တည်း မဟုတ်ပါ။ အစိုးရမြေကို ဆင်းရဲနွမ်းပါးသူများသို့ လိမ်လည်ရောင်းချသည့် အဖြစ်မျိုးက အဝေးပြေးလမ်းမတလျှောက် မကြာခဏ ဖြစ်နေကြဖြစ်သည်။ ယင်းသို့အိမ်များ သောင်းနှင့်ချီ ဆောက်လုပ်ပြီးဖြစ်၍ ရတနာအောင်၊ အောင်ရတနာ၊ စိမ်းလန်း၊ ကန့်ကော် ကျွန်း နှင့် အောင်သုခ အစရှိသော ကျေးရွာသစ်များ ပေါ်ပေါက်လာသည်။

လွန်ခဲ့သည့် နှစ်လကျော်က ဧရာဝတီသတင်းဌာနမှ ယင်းရွာများသို့ သွားရောက်ကာ ရတနာအောင် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဌ ဦးပြုံးချိုနှင့် တွေ့ဆုံ ခဲ့ပါသည်။

၎င်းသည် အသစ်ရောက်လာသူများကို မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ ထုတ်ပေးနေသူဖြစ်သည်။ သူတို့က အစိုးရပိုင်ဆိုင်သည့် မြေကို ကျူးကျော်နေခြင်း ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပြီး အိုးအိမ်မရှိသော ပြည်သူများအတွက် ဈေးအနည်းငယ်ဖြင့် မြေယာများ စီစဉ်ပေးခြင်းဖြစ်ကြောင်း ပြောပါသည်။

ဝယ်ယူမည့် သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူ တဦးထံမှ ၎င်းသည်အိမ်ယာမဲ့သူဖြစ်ကြောင်း ထောက်ခံစာ ယူဆောင်လာရန် လိုအပ်ကြောင်း ဦးပြုံးချိုပြောပြချက်အရ သိရသည်။ ကော်မတီက ပေ ၄၀x၆၀ မြေ ကွက် တကွက်လျှင် ကျပ် ၁၀၀၀၀၀ မှ ၅၀၀၀၀၀ အတွင်း ရှိသည့် ဈေးနှုန်း ဖြင့် ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ရောင်းချခဲ့သည်။

“ကျနော်တို့က အမှန်တကယ်နေစရာ လိုအပ်နေတဲ့သူတွေကို ကူညီနေတာပါ” ဟု ဦးပြုံးချိုက ပြောသည်။

ဧရာဝတီသတင်းဌာန သွားရောက်ခဲ့သည့် အချိန်တွင် ကျူးကျော်အချို့က စတီးလ်ဘောင်များဖြင့် ဈေးတခု တည်ဆောက် နေပြီး ကျောင်းတကျောင်း ဆောင်ရန်လည်း ပြင်ဆင်နေသည်။ ရာနှင့်ချီသော အိမ်များမှာ နေ့ခင်း အချိန် များတွင် လူမရှိပါ။

ကျေးရွာသစ် ထူထောင်ရေးနှင့်ပတ်သတ်ပြီး ကော်မတီက ပြည်ထောင်စု အစိုးရထံ အကြိမ်ကြိမ် တင်ပြတောင်းခံ ခဲ့ကြောင်း သိရသည်။

“တကယ်တော့ ဒါက မြေလွတ်ပါ။ အစိုးရကလည်း ဘာစီမံကိန်းမှ မလုပ်ဘူး။ ဒါပေမယ့် နေရာက နည်းနည်း နေလို့ထိုင် လို့ အဆင်ပြေလာပြီဆိုရင် အာဏာ ပိုင်တွေက ကျနော်တို့ကို ထွက်သွားဖို့ ဖိအားပေး လာတယ်။ ဒါမျိုး အရင်က ၂ ကြိမ် ဖြစ်ပြီးပြီ” ဟု ဦးပြုံးချိုက ပြောသည်။

တဲများကို ဖြိုဖျက်ချိန် စောင့်ကြည့်နေသည့် ဒေါ်ခိုင်စုရင်


ပြန်လည်နေရာချထားရေး အစီအစဉ်

NLD အုပ်ချုပ်ရေး တာဝန်ယူခြင်း ၁ နှစ် ပြည့်သည့် အနေဖြင့် ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက အချို့သူများက စီးပွားရေး မြို့တော် ရန်ကုန်မြို့၏ အဓိက အဝင်လမ်းများ ၏ ဘေးတွင် အစိုးရမြေများကို ရောင်းချနေ သည်ဟု သူကြား သိ ရကြောင်း သတင်းထောက် များကို ပြောကြား ခဲ့သည်။

အဆို ပါမြေမှာ မြို့တမြို့ကဲ့သို့ ဖွံ့ဖြိုးလာလိမ့်မည်ဟု အချို့က ယူဆထားကြောင်းလည်း သူက ပြောသည်။

“အဲဒါက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ ကျနော်ပြောချင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

မြို့သစ်တမြို့ ထူထောင်ခြင်းသည် တည်ဆဲဥပဒေများနှင့် ညီညွတ်မှသာ ဖြစ်လာနိုင်ကြောင်း အစိုးရပိုင် မြေများကို တရားမဝင် ရောင်းချသူများအား အရေး ယူသွားမည် ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ထပ်ပြောသည်။

ကျူးများနေရာချထားရေးအတွက်၂၀၁၆ ခု နှစ် မေလမှ ၂၀၁၇ ခုနှစ် ဇွန်လ အတွင်းတွင် တိုင်းအစိုးရက မြို့နယ် ၁၉ မြို့နယ်မှ နေရာ ၄၂၃ ခုကို ကွင်းဆင်း စစ်ဆေးခဲ့သည်။ အာဏာပိုင်များက ကျူးကျော်များ၏စာရင်းကို ကောက်ယူစု ဆောင်းခဲ့ပြီး ရန်ကုန်မြို့တွင် ကျူးကျော်အရေအတွက် ၄ သိန်း ဝန်းကျင် ရှိ သည်ဟု ခန့်မှန်းထားကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

ကျူးကျော်များ ပြန်လည်နေရာချထားရေး စီမံကိန်းများ အတွက် ကျပ်ငွေ ၆၄ ဘီလီယံ သုံးစွဲရန် တိုင်းအစိုးရက စီစဉ်ထားသည်။ သူတို့သည် ကျူးကျော်အစစ် ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန်အတွက် စိစစ်ရေး အဖွဲ့တခုက ကျူးကျော်အဖြစ် လျှောက်ထားလာသူများ၏ နောက်ခံအကြောင်းများကို စစ်ဆေး သွားမည် ဖြစ် သည်။

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များကလည်း ပြန်လည်နေရာချထားရေး လုပ်ငန်းများတွင် အကူအညီများပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဆယ်စုနှစ်နှင့် ချီ၍ နေထိုင်ခဲ့ကြသော လှည်းကူးမှ ကျူးကျော်အချို့က အဆိုပါ အစီအစဉ်တွင် အကျုံးဝင် ခြင်း ရှိမရှိက ယခုထိ မသဲကွဲသေးပါ။

ယခင်နှစ်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ဦးဖြိုးမင်းသိန်းက မေလ ၂၅ ရက်နောက်ပိုင်းတွင် အစိုးရပိုင်မြေ သို့ မဟုတ် ကုမ္ပဏီပိုင်မြေကို ကျူးကျော် သူများသည် ပြန်လည်နေရာ ချထားရေး အစီအစဉ်တွင် အကျုံးဝင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့ပါသည်။

နှစ်ချို့ကျူးကျော်အချို့၏ နေအိမ်များမှာ ဇွန်လ ၁၂ ရက်နေ့က ဖယ်ရှားခံခဲ့ရပါသည်။ ယခု ဆောင်းပါးကို ရေးသားသည့် အချိန်အထိ အဆိုပါဖယ်ရှားမှုနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ဝင်များထံ ဧရာဝတီက ဆက်သွယ်၍ မရသေးပါ။

ရန်ကုန်-နေပြည်တော် လမ်းမကြီးဘေး လှည်းကူးမြို့နယ်တွင်းမှ တဲအိမ်များ


ဖြေရှင်းနိုင်သည့် နည်းလမ်းများ

မြို့ပြအိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဦးမြင့်မိုရ်ဆွေက အနာဂတ်တွင် အလားတူပြဿ နာများမှ ကာကွယ်နိုင်ရန် အစိုးရ အနေဖြင့် နိုင်ငံပိုင်မြေများကို အများပြည်သူသိအောင် ကြေညာထားသင့်ပြီး ဥပဒေကိုချိုးဖောက်ပြီး မသိနားမလည်သူများကို လိမ်ညာရောင်းချသည့် ပွဲစားများကို ပြစ်ဒဏ်ပေးသင့်ကြောင်း ပြောသည်။

ကျူးကျော်သူများကို နေရာသစ်တခုတွင် တစုတစည်းဖြင့် ပြန်လည်နေရာချထားခြင်းက အလုပ်ဖြစ်မည်မဟုတ်ဟု သူက မှတ်ချက်ပြုပါသည်။ ကျူးကျော်သူများသည် စက်ရုံများ သို့ မဟုတ်သူတို့ အလုပ်လုပ်ကိုင် သည့်နေရာ နှင့် နီးသည့်မြေများ တွင် အခြေချကြသည်ဟုလည်း ထောက်ပြသည်။

ဦးမြင့်မိုဆွေက အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် ပြဿနာနှင့် နှိုင်းယှဉ်ပြခဲ့သည်။

ထိုင်းအစိုးရက ကျူးကျော် များအတွက် မြေယာများကို နှစ်ရှည်ငှားရမ်းခြင်း တိုက်ခန်းများ တည်ဆောက်ပေးခဲ့သည်။ တိုက်ခန်းများအတွက် စရံငွေမယူဘဲ ကာလရှည် အငှားချထားပေးခဲ့သည်။ ထို့အပြင် ဘဏ်အတိုးနှုန်းများကိုလည်း ဖယ်ရှားပေးခဲ့သေးသည်။ အခြားနည်းလမ်းတခုက လမ်းဘေးမှ မြေများကို ကျူးကျော်များသို့ သဘောတူညီချက်တခုဖြင့် နေထိုင်ခွင့်ပေးခြင်းပင်ဖြစ်သည်။

ရန်ကုန်တိုင်း အစိုးရအနေဖြင့် ကျူးကျော်များကို အမျိုးအစားပိုင်းခြားပြီး စီမံကိန်းများတွင် အဆင့်ဆင့်သတ်မှတ်ကာ ဦးစားပေးအဆင့် သတ်မှတ်ရန် လို အပ်ကြောင်း ဦးမြင့်မိုဆွေက အကြံပြုခဲ့သည်။

ကျူးကျော်များအတွက် အိမ်ရာချထား ပေးမည်ဆိုလျှင် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ဘဏ်အတိုးနှုန်းများကို လျှော့ချရန် အစိုးရက ဆောင်ရွက်သင့်ကြောင်း ထပ်ပြောသည်။

လက်ရှိအချိန်တွင် အစိုးရနှင့် ပုဂ္ဂလိကဘဏ်များက အိမ်ရာအရစ်ကျ ဝယ်ယူသည့် စနစ်အတွက် ချေးငွေအတိုးနှုန်းကို ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။

“အဲဒါက ဆင်းရဲသားတွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခုပါပဲ” ဟု ဦးမြင့်မိုဆွေ ကပြောသည်။

ထို့အပြင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများတွင်ပင် တန်ဖိုးနည်းအိမ်ရာများအတွက် လက်ငင်းပေးရမည့် ငွေကို တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း အဖြစ် သတ်မှတ်ရောင်းချနေခြင်းက ကျူးကျော်များ ဝယ်ယူရန် တတ်နိုင်သည့် ပမာဏ ထက် အဆမတန် များပြားနေသည်။ ယင်းကို မိသားစုတစုလျှင် တလ၂ သိန်း ဝန်းကျင် ဝင်ငွေရှိသည့်အခြေအနေနှင့် ပေးသွင်းနိုင်သည်အထိ စဉ်းစားသင့်သည်ဟု သူကပြောသည်။

ကျူးကျော်ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ဆောင်ရွက်ခဲ့သကဲ့သို့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများကို ကာလရှည် ရင်းနှီးမြှုပ်နှံမှုအဖြစ် တိုးမြှင့်သင့်သည်ဟု ဦးမြင့်မိုဆွေက ပြောသည်။

ယခုအချိန်မှာတော့ ကျူးကျော် ပြဿနာက ရန်ကုန်မြို့တွင် ဆက်ပြီး ရှိနေဦးမည် ဖြစ်သည်။ လောလောလတ်လတ် နေစရာပျောက်ခဲ့သည့် ဒေါ်ခိုင်စုရင် ကဲ့သို့ ကျောက်အိုင်ရွာသူရွာသားများက အနီးအနားတွင် မြေလွတ်ရှာ ကြတော့မည် ဖြစ်သည်။

“အခု ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ သွားစရာနေရာလည်းမရှိဘူး။ ကျမတို့ကို ဒီလို (လိမ်လည်) မြေရောင်းခဲ့တဲ့ သူတွေကို အရေးယူသင့်ပါတယ်။ ဒီမှာ ခဏတဖြုတ်နေဖို့အတွက် … ကျန်နေခဲ့တဲ့ (အပျက်အစီး) ဟာတွေကို ကောက်ပြီး ပြန်ဆောက် ဦးမှာပါ” ဟု သူက ပြောသည်။

From : ဧရာဝတီ by မိုးမြင့်

Originally published at - burma.irrawaddy.com

Read More »

Tuesday, June 13, 2017

IS အဖွဲ့ခွဲများ မလေးရှားရောက် ဘင်ဂလီများကို စည်းရုံးဟု ဆို


မလေးရှား IS အဖွဲ့ခွဲ


ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့ များနှင့် တိုက်ခိုက် နေသော အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တွင် ပါဝင်ရန် ISIS ကို ထောက်ခံသည့် အရှေ့တောင် အာရှမှ အဖွဲ့ များက ရခိုင်ပြည်နယ်မှ ထွက်ပြေး လာသော မလေးရှား နိုင်ငံရောက် မွတ်ဆလင်များကို စည်းရုံးရန် ကြိုးစားနေ ကြကြောင်း ဂျကာတာ အခြေစိုက် သုတေ သန လုပ်ငန်း တခု၏ အစီရင် ခံစာ အရ သိရသည်။

အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်မှ အကြမ်းဖက် ပဋိပက္ခများကို စောင့်ကြည့်လေ့လာသည့် The Institution for Policy Analysis of Conflict (IPAC)က ဖိလစ်ပိုင် တောင်ပိုင်း Marawi မြို့မှ လတ်တလောတိုက်ခိုက်မှုများသည် ISIS ကြောင့် ဖြစ် လာသည့် အစွန်း ရောက် လှုပ်ရှားမှုများသည် ဒေသတလွှားတွင် လူဦးရေ ရွေ့လျားမှုနှင့် အတူ ကြီးထွား လာသည်ကို ပြသနေခြင်း ဖြစ်ကြောင်း ဆိုသည်။

မေလအတွင်းက ထုတ်ပြန်ခဲ့သည့် ““How Southeast Asia and Bangladeshi Extremism Intersect” အမည်ရှိ အစီရင်ခံစာတွင် IPAC က ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံမှ အဖြစ်အပျက်များက တောင်အာရှနှင့် အရှေ့တောင်အာရှမှ အစွန်းရောက်များ၏ ဆက်သွယ်မှုက အန္တရာယ်များကြီးမားသည့် အခြေကုတ် ရယူ လာမှုတခုဖြစ်သည်ဟု ထောက်ပြသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဘင်ဂလီ မွတ်ဆလင်တို့၏ အခွင့် အရေးကို ကာလ ကြာရှည်စွာ ငြင်းပယ်ခဲ့ပြီး ၂၀၁၆ ခုနှစ် နှောင်းပိုင်း နယ်ခြားစောင့် ရဲစခန်းများ ဝင်စီး ခံရကာ လုံခြုံရေး တပ်ဖွဲ့များ၏ တန်ပြန် နှိမ်နင်းမှုကြောင့် သေဆုံးသူနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ထောင်နှင့် ချီ၍ ရှိခဲ့သည်။

“မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို ဖိနှိပ်ခြင်းက ပြည်ပရောက် မွတ်ဆလင် အသိုင်းအဝိုင်း အကြားမှာ အစွန်းရောက် လုပ်ရပ်တွေ လုပ်ကိုင်ချင်စိတ် ပိုပြီး များလာစေတဲ့ အလားအလာ ရှိပြီး အရှေ့တောင်အာရှမှာ ရှိတဲ့ အစွန်းရောက် အဖွဲ့အစည်းတွေရဲ့ အမြင်မှာလည်း ဘင်ဂလီ တွေက လူသစ် စုဆောင်းဖို့ အသင့်တော်ဆုံး အနေ အထားမှာ ရှိနေ ပါတယ်” ဟု အဆိုပါ အစီရင် ခံစာက ပြောသည်။

IPAC ၏ ဒါရိုက်တာ Sidney Jones က “ISIS က ပြည်ပရောက် ဘင်ဂလီ အသိုင်းအဝိုင်းကနေ ထောက်ခံမှုတွေ ရှာဖွေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းက ဒေါသထွက်နေတဲ့ လူငယ် ဘင်ဂလီ တွေကတော့ ကမ္ဘာ့အဆင့် ဘာသာရေး စစ် ပွဲ (jihad)နဲ့ ဆက်သွယ်တဲ့ လှုပ်ရှားမှုထက်စာရင် ပြည်တွင်းမှာ လူမျိုးရေး အရ တော်လှန် ပုန်ကန်မှု လုပ်တာမျိုးပဲ ပိုပြီးတော့ ပါဝင် ချင်ပါတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများ တိုက်ခိုက်ခံရ၍ ရဲအဖွဲ့ဝင် ၉ ဦး သေဆုံး ခဲ့ရသည်ကို လက်တုန့် ပြန်သည့် အနေဖြင့် မြန်မာ တပ်မတော်က စစ်ဆင်ရေးများ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံသူ ၇၀၀၀၀ ခန့် ရှိခဲ့သည်။

ရခိုင်ဘင်ဂလီ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) ဆိုသည့် အဖွဲ့ တခုက တိုက်ခိုက်မှုသည် သူတို့၏ လက်ချက်ဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်း ဒီဇင်ဘာလတွင် ထုတ်ပြန် ခဲ့သည့် International Crisis Group ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း ၎င်းတို့သည် မည်သည့် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ အစည်းနှင့်မျှ ဆက်သွယ်မှု မရှိကြောင်း ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတခုတွင် အဖွဲ့ ခေါင်းဆောင်ဆိုသူက ပြောသည်။

ယခု IPAC ၏ အစီရင်ခံစာတွင်မူ ARSA ခေါင်းဆောင်များက စစ်ရေး လေ့ကျင့်ရေး အတွက် အရှေ့တောင်အာရှမှ အကြမ်းဖက် အဖွဲ့အစည်း အချို့ထံ အကူအညီ တောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။

“မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို နယ်စပ်မှာ တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတခု ရှိနေခြင်းက ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ရှိတဲ့ ISIS ထောက်ခဲတဲ့ အဖွဲ့တွေ အနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ဘင်ဂလီ အသိုင်းအဝိုင်းတွေ အတွင်းနဲ့ သူတို့ ကိုယ်တိုင် တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ဆန္ဒ ရှိနေတဲ့ သူတွေကို ပိုပြီး စနစ်ကျတဲ့ လူသစ်စုဆောင်းမှုတွေ လုပ်ဖို့ လှုံ့ဆော်ပေးပါတယ်” ဟု အစီရင်ခံစာက သတိပေးထားသည်။

လက်ရှိ အချိန်တွင် ရခိုင်ပြည်နယ်၌ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု သတ်မှတ်သည့် မွတ်ဆလင် ၁ သန်းခန့် ရှိနေပြီး အများစုမှာ နိုင်ငံမဲ့များ ဖြစ်ကြသည်။

ဗုဒ္ဓဘာသာဝင် ရခိုင် အသိုင်းအဝိုင်းမှ လူအများ အပြားနှင့် မြန်မာအစိုးရ တို့က သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်း အခြေချသည့် ဘင်္ဂါလီများ အဖြစ် သတ်မှတ် ဖော်ပြ ကြသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များက ဘင်ဂလီ မွတ်ဆလင်များ အပေါ် သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း နှင့် မတရားပြုကျင့်ခြင်း စွပ်စွဲမှုများ အတွက် အချက် အလက် ရှာဖွေရေး အဖွဲ့တခု စေလွှတ်ရန် ကုလသမဂ္ဂက မတ်လ အတွင်း ဆုံးဖြတ်ခဲ့သည်။

၂၀၁၇ ခုနှစ် အစောပိုင်းအထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းများအရ အင်ဒိုနီးရှား နိုင်ငံတွင် ဘင်ဂလီ ၈၀၀ ရှိပြီး မလေးရှားနိုင်ငံတွင် ၅၆၅၀၀ ခန့်ရှိသည်။ အများစုမှာ ဆယ်စုနှစ် နှင့် ချီ၍ ရောက်ရှိ နေထိုင်ကြသူများ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသားများ၊ မလေးရှားနိုင်ငံသားများ နှင့် သူတို့ကို စာနာထောက်ထားသူများက ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဘင်ဂလီ အဖွဲ့များမှ တဆင့် မြန်မာနိုင်ငံမှ ဘင်ဂလီများကို ကူညီရန် ကြိုးစား နေကြကြောင်း IPAC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ခြုံပြောရမယ် ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ ISIS ထက်စာရင် အခြေခံ နိုင်ငံရေး အခွင့်အရေးတွေ ရရှိဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ဘင်ဂလီ တွေရဲ့ လက်နက်ကိုင် ပုန်ကန် မှုကို ပိုပြီး စိုးရိမ်ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဒါက သတင်းကောင်းပါ။ ဘာကြောင့်လဲ ဆိုတော့ ရန်ကုန်က အာဏာပိုင်တွေမှာသာ လုပ်ချင်ဖို့ စိတ်ရှိ ကြမယ် ဆိုရင် နိုင်ငံရေး အဖြေတခု အတွက် အလားအလာရှိနေတဲ့ သဘော ဖြစ်ပါတယ်” ဟု Sidney Jones ကပြောသည်။

“ISIS ထဲကို ဝင်ဖို့ကတော့ တခြားနည်းလမ်းတွေ ရှိပါတယ်။ အင်ဒိုနီးရှားက အယူအဆပြင်းထန်တဲ့ ဘာသာရေးကျောင်းတွေဆီ ရောက်သွားတဲ့ လှေစီး ဘင်ဂလီ လူငယ် တယောက် နှစ်ယောက် ဒါမှ မဟုတ်ရင်လည်း ဆီးရီးယားနဲ့ ဖိလစ်ပိုင် မင်ဒါနာအိုက အွန်လိုင်းပေါ် ဆွဲဆောင်နေ တာကို ခံရတဲ့ မလေးရှား ရောက် ဘင်ဂလီ အသိုင်းအဝိုင်းတွေပေါ့” ဟု သူက ထပ်ပြောသည်။

မလေးရှား တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ဘင်္ဂလားဒေ့ရှ် လူလတ်တန်းစား မိသားစုများမှ ကျောင်းသား အချို့ ကြားတွင် ၎င်းတို့နိုင်ငံတွင်ရော မလေးရှားမှာပါ ISIS ကို ထောက်ခံသည့် သဘောတရားများ တိုးပွားအောင်လည်း လုပ်ဆောင်နေသည်ဟု IPAC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အချို့က ဆီးရီးယားနိုင်ငံသို့ သွားရန် အတွက် ကွာလာလမ်ပူကို ထွက်ခွာသည့်နေရာအဖြစ် အသုံးပြုနေကြပြီး အချို့က ဆီးရီးယား သို့မဟုတ် အီရတ်တွင် ISIS တိုက်ခိုက်ရေးသမားများ အဖြစ် အချင်းချင်းတွေ့ကြ သည်ဟုလည်း ဆိုသည်။

အကြမ်းဖက်မှုသည် ပိုမိုကြီးမားစွာ ရောထွေးယှက်နွယ်လာပြီး တောင်အာရှ နှင့် အရှေ့တောင်အာရှကြားတွင် အစဉ်အလာအရ ကွဲပြားခြားနားမှု မရှိသည့် သဘော ဖြစ်လာနေသည်ဟု လည်း IPAC ၏ အစီရင်ခံစာ ကဆိုသည်။

သမိုင်းအရဆိုလျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ဖက်ပိုင်းတွင် လှုပ်ရှားခဲ့သော ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) က ၁၉၈၀ နှောင်းပိုင်း နှစ်များနှင့် ၁၉၉၀ နှစ်များအတွင်းတွင် အရှေ့တောင်အာရှမှ အစွန်းရောက် အဖွဲ့ အစည်းများ နှင့် ဆက်သွယ်မှု ရှိခဲ့သည်ဟု သိရသော်လည်း ယခုအခါ ဖြစ်ထွန်းမှု သစ်များကြား ရောထွေးပျောက်ကွယ် သွားပြီဟု ယူဆရသည်။

From : ဧရာဝတီ by စောရန်နိုင် 13 June 2017

Originally published at - burma.irrawaddy.com

Read More »

Saturday, June 10, 2017

စစ်ဘေးရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေးကို တာဝန်ယူပေးရန် ကချင်လူထုက အစိုးရအား တောင်းဆို


တိုကျိုမြို့ မြန်မာ သံရုံးရှေ့တွင် ဂျပန်ရောက် ကချင်၊ ရခိုင်၊ တအာင်း လူမျိုးများက ဆန္ဒပြစဉ် / Hkalen Uma


ကချင် ပြည်နယ် အတွင်း ဖြစ်ပွား နေသည့် တိုက်ပွဲ များကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်နေသည့် ပြည်သူ လူထု များ၏ စားဝတ် နေရေးကို နိုင်ငံတော် အစိုးရက တာဝန် ယူပေးရန် ပြည်တွင်းနှင့် ပြည်ပရောက် ကချင် ပြည်သူ လူထု များက တောင်းဆို လိုက်သည်။

ယနေ့ ဇွန်လ ၉ ရက်တွင် ကချင် ပြည်နယ်တွင်း တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွား သည်မှာ ၆ နှစ်ပြည့်ပြီ ဖြစ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့တွင် ဆုတောင်း အခမ်း အနား ပြုလုပ်ခြင်း၊ ဂျပန်နိုင်ငံ တိုကျို မြို့တွင် ဆန္ဒပြခြင်းများ ပြုလုပ် ခဲ့ပြီးနောက် ပြည်တွင်းနှင့် ပြည်ပရောက် ကချင် လူမျိုးများ စုဖွဲ့ထားသည့် “Kachin Global Action”တို့မှ တောင်းဆို လိုက်ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဂျပန်ရောက် ကချင်၊ ရခိုင်၊ တအာင်း(ပလောင်) လူမျိုးများက မြန်မာနိုင်ငံ သံရုံးရှေ့တွင် စုဝေးပြီး ဆန္ဒထုတ်ဖော်ကာ “မြန်မာ့ တပ်မတော်မှ လူထုအား မတရားသတ်ဖြတ်နေမှု ချက်ချင်းရပ် ချက်ချင်းရပ်၊ နိုင်ငံတော် အစိုးရမှ စစ်ရှောင်ပြည်သူများအား ကူညီပေးရေး တို့အရေး တို့အရေး” ဟု အော်ဟစ်ကာ တောင်းဆိုခဲ့ကြသည်။

Kachin Global Actionမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်လဘန်ခွန်ဂျာက “စစ်ဘေးရှောင် ဒုက္ခသည် ဆိုတာက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဖြစ်လာတာ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာတာဖြစ်လို့ သူတို့ အရေးအရာကို ကိုင်တွယ်ဖြေရှင်းပေးဖို့က နိုင်ငံတော်အစိုးရမှာ တာဝန်ရှိပါတယ်။ ၂၀၁၁ ကနေ ၂၀၁၇ ရောက်ပြီ။ နိုင်ငံတော်ဘတ်ဂျက်ကနေ ကျခံသုံးစွဲထားတယ်ဆိုတာ မရှိဘူး။”ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်များကို ကမ္ဘာ့ကုလသမဂ္ဂ (UN) က ပြည်တွင်းအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများမှ တဆင့် ထောက်ပံ့နေပြီး ၂၀၁၅ ခုနှစ်၊ နှစ်ကုန်မှစ၍ UN က ရိက္ခာများ၊ ထောက်ပံ့မှုများ ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိ လျော့ချလိုက်သည်။ ပျမ်းမျှအားဖြင့် စစ်ရှောင်များမှာ ယခင် ထောက် ပံ့မှုများနှင့် နှိုင်းယှဉ်လျှင် ၃၆ ရာခိုင်နှုန်းခန့်သာ ထောက်ပံ့မှု ရကြောင်း သိရသည်။

ဒေါ်ခွန်ဂျာက “ဥပမာ ကျောင်းသားတယောက်က ဗလာစာအုပ် ၃ အုပ်သုံးရမယ် ဆိုရင် ၁ အုပ်ပဲ သုံးလို့ ရတော့တယ်။ ထမင်း ၃ နပ်စားရမယ်ဆို ၁ နပ်ပဲ စားရတာနဲ့ တူနေတယ်။ တနှစ်မှာ အကျီင်္ ၃ ထည်ဝတ် ရမယ်ဆိုရင် ၁ ထည်ပဲ ဝတ်ရတာနဲ့ တူနေပါတယ်။ ဒါက ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုး တိုးတက်ရေး နေရာတကာမှာ ထိခိုက်ပါတယ်” ဟု ပြောသည်။

ဗန်းမော်မြို့၊ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ဒေါ်ရွယ်တောင်က စားနပ်ရိက္ခာ ရရှိမှု လျော့ကျသွား သဖြင့် ၎င်းတို့ မိသားစုဝင်များမှာ နေ့ခင်းပိုင်းတွင် စခန်းများမှ ထွက်၍ ကြုံရာကျပန်း နေ့စားအလုပ်များ ကို လုပ်ကိုင်နေရသည်ဟု ဆိုသည်။

“ကျမတို့ အလုပ်လုပ်ရတာကို မညည်းညူပါဘူး။ ဒါပေမယ့် ကျပန်းအလုပ်က မလွယ်ဘူး။ မြို့ပေါ်မှာ ကျမတို့လို စစ်ရှောင်တွေအတွက် အလုပ်ရှားတယ်။ ကျမတို့က ကိုယ့်အိမ်ပြန်လည်း မလုံခြုံသလို အလုပ် လုပ်ဖို့လည်း အခက်အခဲရှိတယ်။ ဖြစ်နိုင်ရင်တော့ အစိုးရဆီက အကူအညီကိုလည်း လိုချင်ပါတယ်။ ”ဟု ဒေါ်ရွယ်တောင်က ပြောသည်။

ဇွန်လပထမပတ်က ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း စားဝတ်နေရေးအတွက် ဝင်ငွေရရန် စစ်ဘေးရှောင် ကချင်အမျိုးသား ၃ ဦး နေ့စား အလုပ်အဖြစ် သစ်သယ်သည့် အလုပ်သွားလုပ်ရာမှ တပ်မတော်က ဖမ်းဆီးမိပြီး သတ်ဖြတ်ခံလိုက်ရသည်။

မြန်မာ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ ဒိန်းမတ် နှင့် ကနေဒါ နိုင်ငံတို့တွင် နေထိုင်သည့် ကချင်လူမျိုးများ ပါဝင်ဖွဲ့စည်းထားသည့် “Kachin Global Action”အဖွဲ့ကလည်း လူသားချင်းစာနာ ထောက်ထားရေး အကူအညီများ လျော့နည်းနေသည့်ကြားက တပ်မတော်သည် စစ်ဘေးရှောင် ပြည်သူ များကို အငတ်ထားရန် ရည်ရွယ်ချက်ဖြင့် KIO ထိန်းချုပ်နယ်မြေများကို ပို့ဆောင်ထောက်ပံ့နေသည့် လူသားချင်း စာနာထောက်ထားရေး အကူအညီ အား လုံးကို ဖြတ်တောက် တားဆီးရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု ၎င်းတို့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“Kachin Global Action”အဖွဲ့၏ ထုတ်ပြန်ချက်တွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းများကို ရပ်တန့်ပြီး တိုင်းရင်းသား ဒေသ တွင်း ရောက်ရှိနေ သည့် တပ်မတော်၊ တပ်ဖွဲ့များ ကို ရုတ်သိမ်းပေးပါဟု လည်း ရေးသားတောင်းဆိုထားသည်။

အဆိုပါ အဖွဲ့သည် အစိုးရနှင့် KIA အကြား အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာစေရန် KIA ပါဝင်သည့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းထားသည့် နိုင်ငံရေးတောင်းဆိုမှုများကို အစိုးရက လက်ခံပေးရန်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ကို ဆက်လက်အကောင်အထည် ဖော်မည်ဆိုပါကလည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ တောင်းဆိုချက် ၉ ချက်ကို လက်ခံပေးရန် လိုကြောင်း၊ အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန်လည်း တောင်းဆိုထားသည်။

ထုတ်ပြန်ချက်ထဲတွင် ကချင်ပြည်နယ်အတွင်း ၆ နှစ်တာ တိုက်ပွဲများ ဖြစ်ပွားနေစဉ် အစိုးရ တပ်မတော် ဘက်မှ ကျူးလွန် ထားသည့် စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဆွေးနွေး ပေးရန်၊ တပ်မတော်မှ ကျူးလွန် ထားသည်ဟု စွပ်စွဲထားသည့် အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသား ဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို တပ်မတော်က ကျူးလွန်ခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးရန် အတည်ပြုရန် အတွက် ဘက်လိုက်မှု ကင်းသည့် လွတ်လပ်သော ကုလသမဂ္ဂ အမှန်တရား ရှာဖွေရေးအဖွဲ့ စေလွှတ်မှုကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပေးရန်ဟုလည်း ရေးသားထားသည်။

ဥရောသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု တို့ကလည်း မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ် ရှိနေဆဲ ကာလတွင် မြန်မာနိုင်ငံနှင့် အစိုးရစစ်တပ်အချင်းချင်း လက်နက်အကူအညီပေးမှုများ မပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားထားပြီး စစ်ရေးတင်းမာနေသည့်အပြင် တပ်မတော်က တရားမဝင် ပယင်း၊ ရွှေမှော်များကို ရှင်းလင်းမည်ဟု ဆိုကာ ဒေသခံများ၊ ရွှေ့ပြောင်းလုပ်သားများကို ပြောင်းရွှေ့ရန် နှင်ထားသဖြင့် လူဦးရေ ၃၀၀၀ ကျော်မှာ တနိုင်းမြို့ပေါ်သို့ ထွက်ပြေးလျက်ရှိသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေး ရှောင်နေရသူ တသိန်းခွဲခန့် ရှိသည်။

From : ဧရာဝတီ by နန်းလွင်နှင်းပွင့် 10 June 2017

Originally published at - burma.irrawaddy.com

Read More »

Friday, June 09, 2017

၅၈၂၀ မှ ပြန်လာရန် မျှော်လင့် နေကြသည်


လူမှု ကွန်ရက် ပေါ်တွင် ပျံ့နှံ့လျက်ရှိသော လေယာဉ်နှင့် အတူ တွေ့ရသည့် ကိုရာဇာဝင်း တို့၏ ဓာတ်ပုံ (ဓာတ်ပုံ − လင်းထွန်း FB)


‘‘ပြန်လာပြီ၊ ကားငှားထားလိုက်’’

လေယာဉ် အမှတ် (၅၈၂၀) ပေါ် မတက်မှီ နာရီဝက်ခန့် အလိုတွင် ဒေါ်တင်လေးက သားဖြစ်သူ ကိုဝေလင်းအောင်ထံ ဖုန်းဆက်မှာ ခဲ့သည်။

ရန်ကုန် လေဆိပ်တွင် မိခင် ပါလာမည့် လေယာဉ်ကို မျှော်ရင်း ကိုဝေလင်းအောင် ကြားလိုက် ရသည်က တပ်မတော် လေယာဉ် ပျောက်ဆုံး သွားသည့် သတင်း။

ဒေါ်တင်လေးသည် မြိတ် လေတပ် စခန်းဌာနချုပ်မှ တပ်ကြပ် စန်းဟိန်း၏ မိခင်ဖြစ်ပြီး ခွင့်ယူကာ ရန်ကုန်မြို့သို့ လိုက်ပါခဲ့ကြောင်း တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ရုံးက ထုတ်ပြန်သည့် ခရီးသည် စာရင်းတွင် ဖော်ပြ ထားသည်။

မိခင်၏ အခြေအနေကို အ တိအကျ မသိရ သေးဘဲ အသက်ရှင် ကျန်ရစ်ရန် မျှော်လင့်လျက် ရှိသည်။ သို့သော် မိခင် အတွက် ရည်စူးကာ သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ် နေသည်ဟု ကိုဝေ လင်းအောင်က ပြောသည်။

ကိုဝေလင်းအောင်တစ်ယောက် စိုးရိမ်ပူပန်မှု ဒွိဟနှင့် ရောယှက်နေ သည်။ မိခင်အတွက် မျှော်လင့်ချက် ရှိသေးပြီး မိခင် အလောင်းကို မျက်မြင် မတွေ့ရ မချင်း လက်မလျှော့သေးဟု ကိုဝေလင်းအောင် က ပြောသည်။

ဇွန်လ ၈ ရက်တွင် လေယာဉ် အစိတ် အပိုင်း အချို့နှင့် သေဆုံးသူ အချို့၏ ရုပ်အလောင်းများ ကို ဆယ်ယူ ရရှိနေပြီ ဖြစ်ရာ ယင်း နေရာသို့ သွားရောက် ကြည့်ရှုရန် စီစဉ်နေသည်ဟု ကိုဝေလင်း အောင်က ပြောသည်။

ကိုဝေလင်း အောင်က မိခင်ပုံကို လူမှု ကွန်ရက်ပေါ် တင်ကာ ကယ်ဆယ်ရေး များကို အကူအညီ တောင်းခံလျက် ရှိသည် ( ဓာတ်ပုံ − ဝေလင်းအောင် FB)


‘‘မနက်ဖြန်လိုက်သွားပြီး ကြည့်မယ်။ ကိုယ်တိုင်မမြင်သေး သ၍ မယုံသေးဘူး’’ဟု မိခင် ပျောက်သည့် သားက သူ၏မျှော် လင့်ချက်ကို ပူဆွေး ဝမ်းနည်းစွာ ပြောသည်။

ဇွန်လ ၇ ရက်က ဖြစ်ရပ်ဆိုး ကြုံခဲ့ရသည့် လေယာဉ်အမှတ် (၅၈၂၀)ပေါ်တွင် လိုက်ပါခဲ့ကြ သော လူပေါင်းများစွာ၏ ကံကြ မ္မာကို လက်ရှိအချိန် အထိ မည်သူ မျှ မခန့်မှန်းနိုင်သေးပါ။

စစ်မှုထမ်း မိသားစုနှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦး လိုက်ပါလာ သည့် လေယာဉ်ပျက်ကျမှုဖြစ်စဉ် တွင် ဇွန်လ ၈ ရက် ညနေ ၆ နာရီ အထိ အလောင်း ၃၁ လောင်း ဆယ်ယူရရှိသည်ကလွဲ၍ ကျန် သည့် လူပေါင်း ၉၁ ဦးမှာ မမျှော် မှန်းနိုင်သေးသည့် အခြေအနေ တွင်ရှိနေသည်။

ပင်လယ်ပြင်တွင် လေယာဉ် ပျက်ကျခြင်းဖြစ်ပြီး ၂၄ နာရီကျော် သည့်အထိ ရှာမတွေ့သေး၍ အ ဆိုး၊အကောင်း မျိုးစုံဖြစ်ပွားနိုင် သည့် အခြေအနေ၌ ရှိနေသော် လည်း လေယာဉ်ပေါ်ပါသူအချို့

၏ မိသားစုဝင်များက မျှော်လင့် ချက်အချို့ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

မျှော်လင့်ချက်အချို့ဖြင့် စောင့်မျှော်နေကြသူများထဲတွင် ကိုမိုးအောင်လည်း ပါသည်။ အ ထူးသဖြင့် သူ၏ လူမမည် တူနှင့် တူမလေးကိုဖြစ်သည်။

၎င်း၏ မရီးဖြစ်သူ မအေး အေးငြိမ်းနှင့် ကလေးနှစ်ဦးသည် လေယာဉ်ပေါ်တွင် ပါသွားသူများ ဖြစ်သည်။ သားအမိသုံးဦး၏ ကံ ကြမ္မာသည် အကောင်းဘက်သို့ တွေး၍မရနိုင်သော်လည်း အ နည်းဆုံး တစ်ဦးလောက်တော့ အသက်ရှင်ကျန်ခဲ့ပါစေဟု မျှော်လင့်နေကြောင်း ကိုမိုးအောင်က ပြော သည်။

အသက်(၈)နှစ်အရွယ် မစု လတ်ရွှေရည်မင်းနှင့် အသက် (၁) နှစ်ကျော်အရွယ် မောင်ကောင်း ထက်နိုင်တို့သည် မအေးအေးငြိမ်း ၏ သမီးနှင့်သား ဖြစ်သည်။

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် တွင် နေထိုင်သူများဖြစ်ပြီး မစု လတ်ရွှေရည်မင်းကို ရန်ကုန်မြို့၌ ဒုတိယတန်းကျောင်းအပ်ရန် လာ သည့်လမ်းခရီး၌ ယင်းကဲ့သို့ ကြုံ တွေ့ခဲ့ရခြင်းဖြစ်သည်။

လေယာဉ်ပေါ် မတက်မီ ရန်ကုန်က မိဘများထံဖုန်းဆက် ပြီး လာကြိုရန် မှာကြားခဲ့သည့် မအေးအေးငြိမ်းတို့ သားအမိသုံး ဦးကို ရန်ကုန်လေဆိပ်သို့ သွား ရောက်ကြိုဆိုခဲ့ကြသော်လည်း ရောက်မလာတော့ချေ။ လက်ရှိ တွင် မအေးအေးငြိမ်း၏ မိဘများ က ရန်ကုန်မှ ရှာဖွေရေးလုပ်ကိုင် နေသည့်နေရာသို့ သွားရောက်နေ ပြီဖြစ်ကြောင်း ကိုမိုးအောင်က ပြောသည်။

မအေးအေးငြိမ်းသည် ဗိုလ်မှူးမင်းသူရ၏ ဇနီးဖြစ်ပြီး အိမ်ထောင်သည်ခွင့်ဖြင့် ရန်ကုန် သို့ သွားရောက်သည်ဟု ဖော်ပြ ထားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကထုတ်ပြန်သည့် လေယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များစာရင်းတွင် မအေး အေးငြိမ်းနှင့် ကလေးတစ်ဦးဟု သာ ဖော်ပြထားပြီး အခြားကလေး အမည်မပါဝင်ပေ။

‘‘တူလေး ကောင်းထက်နိုင်က တစ်နှစ်ကျော် ပဲရှိသေးတယ်။ လေယာဉ်လက် မှတ်တွေနဲ့ တွက်လို့များ တူလေး ကစာရင်းထဲ မပါတာများလား’’ ဟု ဗိုလ်မှူး မင်းသူရ၏ ညီ ကိုမိုး အောင်က သူ၏ မျှော်လင့်ချက်ကို ပြောသည်။

မိသားစုချင်းပြန်ဆုံရန် မျှော် လင့်ရင်းအဝေးဆုံးဝေးသွားရမည့် အခြေအနေနှင့် ကြုံနေရသူများရှိ သကဲ့သို့ ဆွေမျိုးများ မိသားစု လိုက် ပျက်ကျသော လေယာဉ်ပေါ်ပါသွား၍ ကြေကွဲနေ သူများလည်း ရှိနေပါသည်။

ကိုရာဇာဝင်းတို့ မိသားစု သုံးဦးသည်လည်း တပ်မတော် လေယာဉ်အမှတ် (၅၈၂၀)၏ နောက်ဆုံးခရီးစဉ်တွင် လိုက်ပါခဲ့ ကြသူများဖြစ်သည်။ ကိုရာဇာဝင်း နှင့် ဇနီးမသန္တာ၊ ၎င်းတို့၏ တစ်ဦး တည်းသော သားငယ်လေးမောင် ဟိန်းသန့်စင်တို့ဖြစ်သည်။

ပုတီးကုန်းမြို့ တိုက်တော ကျေးရွာတွင် နေထိုင်သည့်၎င်းတို့ ၏ မိသားစုသည် အစ်မရှိသည့် မြိတ်မြို့မှ ကမ်းရိုးတန်းဒေသ တိုင်း စစ်ဌာနချုပ်သို့ သွားရောက် လည်ပတ်ပြီး အပြန်လမ်း၌ ဖြစ် ရပ်ဆိုးနှင့် ကြုံတွေ့ရခြင်း ဖြစ် သည်။

ကိုရာဇာဝင်း၏ အစ်မသည် ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာန ချုပ်မှ ဗိုလ်ကြီး အောင်ကိုဦး ၏ ဇနီးဖြစ်သည်။

‘‘သူတို့က လေယာဉ်တစ်ခါ မှ စီးဖူးတာ မဟုတ်ဘူး။ တစ်သက် မှာ တစ်ခါလေး လေယာဉ် စီးဖူး တာကို ဒီလိုအဖြစ်မျိုး ကြုံရတာ’’ ဟု ကိုရာဇာဝင်း၏ ၀မ်းကွဲ အစ်ကို ဦးနေလင်းထွန်းက ပြောသည်။

ဦးနေလင်းထွန်း ကံ ကောင်းခဲ့သည်။ မြိတ်သို့ မေလ၂၄ ရက်ကသွားရာ ကိုရာဇာဝင်း တို့မိသားစုနှင့် ဦးနေလင်းထွန်း ပါဝင်ခဲ့သည်။ အသွားခရီးစဉ်က လည်း ယခုပျက်ကျခဲ့သည့် လေ ယာဉ်အမှတ် (၅၈၂၀) ဖြင့်ပင် သွားခဲ့ကြောင်း ဦးနေလင်းထွန်း က ပြောသည်။

ဦးနေလင်းထွန်းသည်အလုပ် ကိစ္စကြောင့် ရက်ကြာကြာနေ၍ မရသဖြင့် မေလကုန်က ရန်ကုန် သို့ ပြန်လာခဲ့ပြီး ယင်းအဖြစ်ဆိုးမှ လွတ်မြောက်ခဲ့သည်။ သို့သော်ညီ ဖြစ်သူမိသားစုအတွက် ဝမ်းနည်းကြေကွဲရကြောင်း ၎င်းကဆိုသည်။

ကိုရာဇာဝင်း၏ မိခင်သည် သွေးအားနည်းရောဂါကြောင့် ဆေးရုံတက်နေရသဖြင့် လေ ယာဉ်ပျက်ကျသည့်အဖြစ်ကို ဖွင့် မပြောနိုင်သေးကြောင်း ဦးနေ လင်းထွန်းကဆိုသည်။

လက်ရှိတွင် ဗိုလ်ကြီးအောင် ကိုဦးသည် လေယာဉ်ပျက်ကို ရှာ ဖွေကယ်ဆယ်နေရသဖြင့် ကိုရာ ဇာဝင်းတို့မိသားစု၏ အခြေအနေ ကို စောင့်ကြည့်နေကြောင်း ဦးနေ လင်းထွန်းက ပြောသည်။

‘‘နောက်ဆုံးအထိတော့ မျှော်လင့်နေရတာပါပဲ’’ဟု ၎င်းကဆို သည်။

From : 7 Day daily news - By: ထက်မြက် ခင်မို့မို့လွင် ခိုင်ခိုင်ထွန်း

Originally published at - http://www.7daydaily.com/story/98471

Read More »

Y-8 လေယာဉ်နှင့် ပတ်သက်၍ သိသင့် သိထိုက်သော အချက်လက်များ


Y-8 လေယာဉ် (ဓာတ်ပုံ − wikipedia)


Shaanxi Y-8 သည် တာ လတ် ပျံသန်း နိုင်သည့် အလတ်စား သယ်ယူ ပို့ဆောင်ရေး လေယာဉ် အမျိုး အစား ဖြစ်သည်။ Y-8 များ ကို တရုတ် နိုင်ငံရှိ Shaanxi လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက တပ်ဆင် ထုတ်လုပ်သည်။

ဆိုဗီယက်ခေတ်သုံး Antonov An-12များကို မှီငြမ်းကာ တရုတ်တွင် တည်ဆောက်ခွင့် လိုင် စင်ယူပြီး Y-8 လေယာဉ်များကို ၁၉၈၁ ၌ စတင်၍ စီးပွားဖြစ် ထုတ်လုပ် ရောင်းချခဲ့သည်။

An-12များကို ထုတ်လုပ်မှု ရပ်ဆိုင်း ခဲ့ပြီး ဖြစ်သော်လည်း တရုတ်တွင် မူ Y-8 များကို အဆင့်မြှင့်တင်ကာ မျိုးကွဲများ သတ်မှတ်ပြီးလက်ရှိ အ ချိန်ထိ ဆက်လက်တည်ဆောက် နေဆဲဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ထိ ခန့်မှန်းခြေ စာရင်းအရ Y-8 ၁၆၉ စီး ထုတ်လုပ်ခဲ့ပြီး ဖြစ် ကြောင်း ယူဆရသည်။

Y-8 များသည် အမြီးပိုင်း အောက်တွင် ပင်မတံခါးတပ်ဆင် ထားသည့် သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြစ်ပြီး စစ်သည် များ တင်ဆောင်ခြင်း၊ ထောက်ပံ့ ရေးပစ္စည်းများ ကြဲချခြင်း၊ လေထီး ဆင်း စစ်ဆင်ရေးများ ဆင်နွှဲခြင်း တို့အတွက် တာဝန်ထမ်းဆောင် နိုင်သည်။ ထို့အပြင်ကုန်တင် လေ ယာဉ်များ အနေဖြင့် လည်း စီးပွား ဖြစ် အသုံးပြုနိုင်သည်။

Y-8 တစ်စီး တင်ဆောင်နိုင် သည့် အလေးချိန် ပမာဏမှာ ခန့် မှန်းခြေတန် ၂၀ ဝန်းကျင် ဖြစ် သည်။ ပျမ်းမျှအားဖြင့်စစ်သည် ၉၆ ဦး (သို့မဟုတ်) ပစ္စည်း ကိရိယာ အ ပြည့်အစုံပါရှိသည့် လေထီးဆင်း စစ်သည် ၈၂ ဦး (သို့မဟုတ်) ဒဏ် ရာရရှိထားသည့် စစ်သည် ၈၀ ခန့် နှင့် ဆေးဝန်ထမ်းသုံးဦးတို့ကိုတင် ဆောင် ပျံသန်းနိုင်စွမ်းရှိသည်။

၂၀၀၀ ပြည့်လွန်နှစ်များတွင် Sha-anxi နှင့် Antonovတို့ ပူးပေါင်း ကာ လေယာဉ်၏ တောင်ပံနှင့် ကိုယ်ထည် ဒီဇိုင်းကို မွမ်းမံပြောင်းလဲခဲ့ပြီး အကျိုးဆက် အနေဖြင့် လောင်စာဆီ သယ်ဆောင်နိုင်စွမ်း ၅၀ ရာခိုင်နှုန်းမျှ မြင့်တက်လာသည်။

Y-8 များကိုအဓိက အသုံးပြု မည့် ရည်မှန်းချက်အလိုက် အဆင် ပြေ ကိုက်ညီစေရန် မွမ်းမံ ပြောင်း လဲထားသော မျိုးကွဲများလည်း တည်ဆောက်လေ့ရှိသည်။

ဥပမာ အားဖြင့် Y-8Aများသည် ရဟတ် ယာဉ်များ ထည့်သွင်း သယ်ယူရန် Y-8B များသည် ခရီးသည် တင် ဆောင်မှု အဓိကရည်ရွယ်ထား ခြင်းဖြစ်သည်။

Y-8F-100 တွင် ပိုမိုအားကောင်းသော အင်ဂျင် များ၊ ရာသီဥတု ထောက်လှမ်းရေးရေဒါများနှင့် အဆင့်မြင့် နည်းပညာများတပ်ဆင်ထားသည်။

Y-8တစ်စီး၏ အရွယ်အစား သည် အလျား ၃၄ မီတာနှင့် အမြင့် ၁၁ မီတာရှိသည်။ တောင်ပံနှစ် ဖက်ကြား အလျားမှာ ၃၈ မီတာ ရှည်လျားသည်။ တောင်ပံတစ် ဖက်စီတွင် မြင်းကောင်ရေ ၄,၂၅၀ စက်အားရှိသော WJ-6 အင်ဂျင် နှစ်လုံးစီ (စုစုပေါင်း လေးလုံး) တပ် ဆင်ထားသည်။

Y-8များသည် အမြင့်ဆုံးမြန် နှုန်း တစ်နာရီ ၆၆၀ ကီလိုမီတာ ထိ ပျံသန်းနိုင်ပြီးဆီအပြည့် ဖြည့် ထားပါက ကီလိုမီတာ ၅,၆၀၀ မျှထိ ခရီးပေါက်နိုင်သည်။

ထို့အပြင် ပင်လယ်ရေမျက်နှာပြင် အထက် ၁၀,၄၀၀ မီတာ အမြင့်ထိ တက် ရောက်နိုင်စွမ်းရှိသည်။

Y-8များနှင့် ပတ်သက်၍ လက်ရှိ အချိန်ထိ ထင်ရှားလူသိ များသည့် လေကြောင်းမတော်တ ဆမှုနှစ်ကြိမ် ကြုံတွေ့ ခဲ့ပြီးဖြစ် သည်။

တရုတ်လေတပ်၏ လေ ကြောင်းရန် သတိပေးမှုတာဝန် ထမ်းဆောင်နေသည့် Y-8 မျိုးကွဲ KJ-200 တစ်စီး ၂၀၀၆ ဇွန်လ၃ ရက်က အန်ဟွာပြည်နယ်ရှိ ဂွမ်ဒီ မြို့အနီး ပျက်ကျခဲ့ဖူးသည်။ ထိုစဉ် က လေယာဉ်ပေါ် လိုက်ပါလာသူ ၄၀ ဦး စလုံး သေဆုံးခဲ့သည်။

ဒုတိယ ဖြစ်ရပ်မှာ ယခု မြန်မာ့ တပ်မတော် (လေ) မှ စစ်သည်များ၊ မိသားစုဝင် များကို တင်ဆောင် လာသည့် Y-8 တစ်စီး ၂၀၁၇ ဇွန်လ ၇ ရက်က နိုင်ငံတောင် ပိုင်း ထားဝယ်မြို့အ နီးတွင် ပျက်ကျခြင်း ဖြစ်သည်။

ထို ဖြစ်စဉ်နှင့် ပတ်သက်၍ ကယ်ဆယ် ရေးနှင့် ရုပ်အလောင်းများ ရှာဖွေ ရေးတို့ကို ဆက်လက် ဆောင်ရွက် လျက်ရှိသည်။

Y-8များကို တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့၏ လေ တပ်နှင့် ရေတပ်၊ မြန်မာ့ တပ်မ တော်(လေ)၊ ပါကစ္စတန် လေတပ်၊ ဆူဒန်လေတပ်၊ တန်ဇန်းနီး ယား လေတပ်၊ ဗင်နီဇွဲလား လေတပ်တို့တွင် လက်ရှိ အသုံးပြုလျက် ရှိသည်။

ယခင်က သီရိလင်္ကာ လေတပ်တွင် Y-8 သုံးစီး အသုံးပြုခဲ့ဖူးသော်လည်း ယခုအခါ လေယာဉ်အားလုံး ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။

From : 7 Day daily news - By: ဇွဲရဲဝင့်

Originally published at - http://www.7daydaily.com/story/98471

Read More »

Saturday, June 03, 2017

အွန်လိုင်း ဆယ်လီတွေ အပျော် လုပ်ကိုင်ရင်း စီးပွားရေး အသွင် ဆောင်လာ




အခု နောက်ပိုင်း အွန်လိုင်း ပေါ်က ဆယ်လီ တွေကို အလှကုန် တွေနဲ့ တခြား ထုတ်ကုန် ပစ္စည်း တွေက စပွန်ဆာ ပေးပြီး ကြော်ငြာ တာတွေ ရှိလာ ပါတယ်။
အွန်လိုင်း ပေါ်က ဆယ်လီ တွေကို လုပ်ငန်း ရှင်တွေက စီးပွားရေး ဘက်နွယ်ပြီး ခေါ်ဆောင် လာတယ်။

မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ်ခ် သုံးစွဲသူက သန်းပေါင်း မြောက်မြားစွာ ရှိနေ ပါတယ်။ ဖေ့စ်ဘုတ်ခ် သုံးစွဲသူတွေ ကြားမှာ ရေပန်း အစားဆုံး ကတော့ ဖေ့စ်ဘုတ်ခ် ဆယ်လီတွေပါ။

ဖေ့စ်ဘုတ်ခ် ဆယ်လီတွေမှာ တချို့တွေက ဒီဇိုင်းမိုက်တာ ရုပ်ရည် ချောမော တာတွေကြောင့် ဖော်လိုဝါတွေ တိုးလာတာတွေ ရှိသလို နိုင်ငံရေးတွေ ရေးတာ၊ ဟာသတွေ ရေးတာ၊ ဟာသ ဗီဒီယိုဖိုင် တွေ တင်တာကြောင့် ဖော်လိုဝါတွေ များလာတာလည်း ရှိပါတယ်။

ဖေ့စ်ဘုတ်ခ်အက်ဗာတိုက်ဆာ ကိုအောင်သူရက အွန်လိုင်းဆယ်လီ ဆိုတဲ့ အခေါ်အဝေါ်က ကျယ်ပြန့်တယ်၊ ဘယ်လိုဆယ်လီဖြစ်လာ တယ် ဆိုတာလဲ ရှိသေး တယ်၊ တချို့တွေက ရေးတဲ့စာတွေ၊ စကား လုံးတွေကဆိုရင်တကယ် ကိုကောင်းတယ်၊ အဲဒီလိုလူတွေဆယ်လီ ဖြစ်လာတာကို လက်ခံတယ်၊ တချို့တွေ ကျတော့ ဆယ်လီဖြစ်အောင် ပိုက်ဆံတွေ အကုန်အကျ ခံတယ်၊ ဖော်လိုဝါတွေတော့ ရှိလာတယ်၊ ဘာအနှစ် သာရမှ မရှိဘူး၊ အဲဒီလိုတွေလဲရှိတယ်၊ စီးပွားရေး လုပ်တဲ့ သူတွေကတော့ နာမည်ကြီးတဲ့သူတွေကိုရှာမှာပဲ၊ ရှာပြီးသူတို့ကုန် ပစ္စည်းကိုမပေါက်ပေါက်အောင်ဖောက်မယ်၊ ငွေကြေးတွေ အကုန် အကျခံပြီး ကြော်ငြာတာပေါ့လို့ ပြောပါတယ်။

စီးပွားရေးလုပ်ကိုင်သူအများစုက ဘရန်းတွေကို ကြော်ငြာချင်တဲ့ အခါမှာ အနုပညာရှင်တွေနဲ့ ကြော်ငြာတာတွေရှိသလို အွန်လိုင်း ပေါ်မှာ နာမည်ကြီးနေတဲ့ သူတွေကိုထုတ်ကုန်တွေပို့ပေးတာတွေ၊ ဗီဒီယိုတွေမှာ ထည့်ပြီးကြော်ငြာ တာတွေကိုပါ ပြုလုပ်လာကြပါတယ်။ ဗီဒီယိုတွေမှာထည့်ပြီး ကြော်ငြာတယ်ဆိုရင် ဒေါ်လာနဲ့ပေးရတာ လည်းရှိပါတယ်။ အွန်လိုင်းဆယ်လီတေါအနေနဲ့ကလည်း အပျော် သဘောလုပ်ကိုင်ရင်းနဲ့ ဝင်ငွေတွေတစ်ဖက်တစ်လမ်းက ဝင်ပါတယ်။ သည်လိုနဲ့ အွန်လိုင်းဆယ်လီတွေကိုတဖြည်းဖြည်းနဲ့ စီးပွားရေး ဘက်ကိုဆွဲခေါ်လာပါတယ်။



ဆယ်လီဘယ်လိုဖြစ်လာ

အွန်လိုင်းအသုံးပြုသူ မဇူလိုင်မေက အစ်မတို့ကတော့လိုက်ခ်ကို ကြည့်တယ်၊ ပြီးတော့ သူ့ရဲ့ပို့စ်တွေကို ရှဲလ်တဲ့သူတွေများတယ် ဆိုရင်သူကဆယ်လီပဲ၊ ပြီးတော့ ဟာသ ဗီဒီယိုတွေတင်တဲ့ သူတွေ၊ ပြီးတော့ တချို့ဆယ်လီတွေ ဆိုရင် သိပ်မသိသေးဘူးဆိုရင် သူတို့ ရေးတဲ့စာစုလေးတစ်ခုပေါ့၊ အဲဒါတွေကို ဝိုင်းရှဲလ်ကြတယ်၊ တဖြည်း ဖြည်းနဲ့လူတွေသိလာတယ်၊ ဖော်လိုဝါတွေလဲများလာတယ်ဆိုရင် သူ့ကိုဆယ်လီလို့သတ်မှတ် လိုက်တာ၊ တချို့တွေ ကျတော့ ငွေကုန်ခံပြီးဆယ်လီဖြစ်အောင်လုပ်ကြတယ်၊ လိုက်ခ်ဝယ် တယ်ပေါ့၊ ပြောရရင် အဲဒီလိုလူတွေဆိုရင်လဲ သူ့အလိုလို ဆယ်လီကတော့ ဖြစ်လာတာပဲလို့ ပြောပါတယ်။

အွန်လိုင်းဆယ်လီဆိုတဲ့ အသုံးအနှုန်းတစ်ခုက အနုပညာရှင်တွေ ကိုသာမဟုတ်ဘဲ တခြားနယ်ပယ်မှာ အောင်မြင်နေတဲ့ သူတွေကိုပါ ဆယ်လီလို့ခေါ်ပါတယ်။ အွန်လိုင်းဆယ်လီတစ်ယောက်မှာ အနည်းဆုံးဖော်လိုဝါသောင်းကျော် ရှိနေပါတယ်။ ဖော်လိုဝါများလာ တယ်ဆိုတာနဲ့ လူတွေပိုသိလာပြီး အွန်လိုင်းဆယ်လီလို့သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။

အွန်လိုင်းဆယ်လီတွေဖြစ်တဲ့ နှင်းဟေမာန်စိုး၊ သိမ့်သိမ့်သူ၊ ရတနာမိုး၊ စတီဗင်ဇော်ကြီး၊ အောင်ရဲထွေး၊ Kel-vin Kate စတဲ့ သူတွေရှိပါ တယ်။ သူတို့တွေ ရိုက်ပြီး တင်လိုက်တဲ့ ပုံတွေ၊ ဗီဒီယို ဖိုင်တွေဆိုရင် အချိန် ခဏအတွင်းမှာပဲ ကြည့်ရှုသူတွေ၊ ရှဲလ်သူတွေ၊ လိုက်ခ်လုပ် သူတွေထောင်ချီ၊ သောင်းချီရှိပါတယ်။ သည်လိုမျိုးပဲ တခြားသူတွေ အများကြီး ရှိပါသေးတယ်။ သူတို့ကို နာမည်ကြီး အလှကုန်တွေ၊ စား သောက်ကုန်တွေနဲ့ တခြား ဘရန်းတွေက စပွန်ဆာတွေ ပေးပါတယ်။



ဆယ်လီဖြစ်ဖို့ဆိုရင်

အွန်လိုင်းဆယ်လီတစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ ရုပ်ရည်ချော မောတာတွေ၊ ဒီဇိုင်းမိုက်တာတွေ၊ တချို့ဆိုရင် ဆယ်လီဖြစ်ချင် တာကြောင့် မကောင်းတဲ့ စာတွေရေးသားတာတွေ၊ အဖော်အချွတ် တွေရိုက်လာတာတွေကို တွေ့ရ ပါတယ်။ သည်လို လူတွေဆိုရင် သတင်းပေ့ခ်ျတွေက ဖော်ပြတာနဲ့ပဲ ဆယ်လီတွေ ဖြစ်လာ ပါတယ်။ တချို့ တွေကဆယ်လီဖြစ်မလာဘဲ ဝေဖန်ခံရတာတွေလည်း ရှိပါတယ်။ ဖော်လိုဝါ တိုးအောင် လိုက်ခ်ဝယ်တာတွေ ကိုပြုလုပ်ပြီး ကိုယ့် ကိုယ်ကို ဆယ်လီလို့ သတ်မှတ် လိုက်တာတွေလည်း ရှိပါတယ်။

ဖေ့စ်ဘုတ်ခ်အက်ဗာတိုက်ဆာ တစ်ဦးဖြစ်တဲ့ ကိုအောင်ဟိန်းက ‘တချို့တွေက ဆယ်လီဆိုတာ ဖရန့် ၅၀ဝ၀ ပြည့်သွားရင်ဆယ်လီလို့ သတ်မှတ်လိုက်တယ်၊ အဖော်အချွတ်တွေဝတ်တယ်၊ ပြီးတော့ မကောင်းတဲ့စာစုတွေရေးတယ်၊ သူတို့လို လူတွေမှာဆိုရင်ဖော်လို လုပ်တာတွေက အမျိုးသားတွေပဲများတယ်၊ အဲဒီ လိုလူတွေကျတော့ ဆယ်လီလို့ မသတ်မှတ်လို့ရတယ်၊ ဆယ်လီအစစ်ဆိုတာအမျိုးသား၊ အမျိုးသမီးအကုန်လုံးက လက်ခံအားပေးတဲ့သူကိုမှ ဆယ်လီလို့ သတ် မှတ်တာပါ၊ အမျိုးသမီးတွေကချည်းပဲကြိုက်နေလို့လဲ မရဘူးလို့ ပြောပါတယ်။

ဆယ်လီတွေက အွန်လိုင်းမှာ သူတို့ နေ့စဉ်လှုပ်ရှားသွားလာတာ တွေ၊ နေထိုင်ပုံတွေ၊ နောက်ပြီးသူတို့ဖန်တွေနဲ့ စကားပြောတာတွေ   ပြုလုပ်ကြပါတယ်။ တချို့ဆယ်လီတွေဆိုရင် စပွန်ဆာပေးတဲ့ ပစ္စည်းတွေကို သူတို့ရဲ့ ဗီဒီယိုတွေ၊ ပို့စ်တွေမှာတင်ပြီးကြော် ငြာပါတယ်။ သူတို့တွေတင်လိုက်တော့မှ ပစ္စည်းတွေကို ပိုပြီး လူသိများသွားတာတွေလည်းရှိတတ်ပါတယ်။

ဆယ်လီ အချင်းချင်းတင်း

နာမည်ကြီးနေတဲ့ ဆယ်လီအချို့ မှာလည်း တစ်ဦးနဲ့တစ်ဦးမတည့် တာတွေ အမြင်မကြည်တာတွေရှိပါတယ်။
ပြဿနာတွေတက်တဲ့အခါမှာ ဆယ်လီတွေက ဖေ့စ်ဘုတ်ခ်မှာစာ တွေတင်တယ်။ တချို့တွေဆိုရင်တစ်ယောက်နဲ့တစ်ယောက် block ထားလို့စာတွေကို မမြင်ရပေမဲ့ဖန်တွေက တစ်ဆင့် screen shot ရိုက်ထားတာတွေကို ပြသရင်းမြင်ကြပါတယ်။ဆယ်လီတွေမှာက အသီးသီးဖန်တွေရှိတာကြောင့် ဖန်တွေအချင်းချင်းမခံနိုင်ဘဲ ရန်တွေဖြစ်ကြတာတွေ၊ ဆယ်လီတွေအချင်းချင်း စကားများကြတာ တွေလည်းရှိပါတယ်။

ပြဿနာတက်ရတဲ့ အကြောင်းရင်းတွေမှာတစ်ခုက စပွန်ဆာပေးတာ နဲ့ ပတ်သက်ပြီး တစ်ယောက်ကရပြီး နောက်တစ်ယောက်ကမရတဲ့ အခါ အချင်းချင်းမနာလိုတာတွေ၊ စကားများတာတွေဖြစ်ပါတယ်။ နောက်တစ်ခုက အွန်လိုင်းဆယ်လီတွေက အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို တစ်သမတ်တည်းလုပ်ကိုင်တာနည်းပြီး အွန်လိုင်း မှာပြုလုပ်နေတဲ့ ပြိုင်ပွဲတွေကိုဝင်ပြီးယှဉ်ပြိုင်နေတာတွေလည်း ရှိပါတယ်။ သည်လိုလုပ်တာတွေအပေါ်ကို မကျေနပ်တဲ့ဆယ် လီတွေအချင်းချင်း ပြဿနာတွေတက်တာတွေလည်းရှိပါတယ်။

အမ်ပီတီကလုပ်တဲ့ ပြိုင်ပွဲတုန်းကဆိုရင်သူဝင်ပြိုင်လိုက်တော့ကျန် တဲ့သူတွေအတွက် အခွင့်အရေးက နည်းသွားပြီလေ၊ ကျန်တဲ့သူတွေ ဆီမှာအခွင့်အရေးဆိုတာက မရှိတော့ဘူးလေ၊ ကျန်တဲ့ဆယ်လီတွေက အမြင်တွေမကြည် တော့ဘဲ ပြဿနာတွေစပြီးတက်လာတာပါလို့ အွန်လိုင်းဆယ်လီတစ်ဦးရဲ့ ဖော်လိုဝါမရို့စ်ကပြောပါတယ်။

အွန်လိုင်းပြိုင်ပွဲတွေဆိုရင် ဆယ်လီတွေဝင်မပြိုင်ရဘူးဆိုတဲ့ သတ်မှတ် ချက်မရှိတာကြောင့် ဆယ်လီတွေဝင်ရောက်ယှဉ်ပြိုင်တာကို  တခြားမပြိုင်တဲ့ ဆယ်လီတွေရော၊ ၀င်ရောက်ပြိုင်တဲ့အပြင် သူတွေကပါ အမြင်မကြည်တာတွေ ဖြစ်လာတာပါ။


စီးပွားရေးနွယ်လာ


အခုနာမည်ကြီး ဆယ်လီတွေဖြစ်တဲ့ Kelvin Kate စတီဗင်ဇော်ကြီး တို့ ကိုဆိုရင် သူတို့ရိုက်ပြီးတင်တဲ့ ဗီဒီယိုဖိုင်တွေမလာခင်မှာ ကြော်ငြာတွေကိုထည့်ပြီး ကြော်ငြာတာတွေ၊ ဗီဒီယိုအဆုံးမှာ ထည့်ပြီး ကြော်ငြာတာတွေကို ပြုလုပ်လာကြပါတယ်။

ဖေ့စ်ဘုတ်ခ်အက်ဗာတိုက်ဆာ ကိုအောင်မွန်က စီးပွားရေးလုပ်ငန်း ရှင်တွေက တစ်ချက်ခုတ်နှစ်ချက်ပြတ်အနေနဲ့ လုပ်လိုက်တာ၊ ကြော်ငြာလိုက်လို့ပေါက်သွားတယ်ဆိုရင် လူတွေလဲ ပိုသိလာနိုင် တယ်၊ အရောင်းတွေလဲသွက် လာတယ်၊ တခြားမော်ဒယ်တွေ၊ မင်းသမီး၊ မင်းသားတွေကိုခေါ်တာထက်ကို ဈေးပိုသက်သာတယ် ဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆယ်လီတွေကိုလိုက်ရှာတယ်၊ ပြီးတော့ သူတို့တွေကိုလက်ဆောင်ပေးပြီး ကြော်ငြာတာ တွေကို လုပ်တာပါလို့ ပြောပါတယ်။

အွန်လိုင်းရှော့ပင်းပေ့ခ်ျ အချို့ကလည်း ကြော်ငြာချင်တယ်ဆိုရင် အွန်လိုင်းဆယ်လီတွေကို ငှားပြီးကြော်ငြာခိုင်းတာတွေရှိလာပါတယ်။ အခုနာမည်ကြီး ဘရန်းတွေဖြစ်တဲ့ bella, Ve Ve တို့ကလည်း လက်ဆောင်တွေပေးပြီး ကြော်ငြာလာတာတွေ့ရပါတယ်။

အွန်လိုင်းဆယ်လီတွေကလည်း စလုပ်လုပ်ချင်းမှာ အပျော်အနေနဲ့ လုပ်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ စီးပွားရေးအရ ကြော်ငြာလာ တာတွေတွေ့နေရပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေက အပြိုင်အဆိုင်တွေအနေနဲ့လုပ်နေရ တာကြောင့် သူ့ထက်ငါဦးအောင်လို့ ကြော်ငြာခတွေတိုးပေးတာတွေ၊ အနုပညာရှင်တွေနဲ့ သမားရိုးကျ ကြော်ငြာတာတွေကိုပြုလုပ်တယ် ဆိုရင်ကြည့်ရှုသူတွေဘက်က ရိုးသွားနိုင်တာကြောင့် တစ်ဖက်လှည့် နဲ့ပြောင်းပြီး ကြော်ငြာကြပါတယ်။

From : ကုမုဒြာဂျာနယ် by - လိမ္မာ

Originally published at - http://www.kumudranews.com

Read More »

Tuesday, May 30, 2017

အမြင်အာရုံ ချွတ်ယွင်းမှုက အားနည်းချက်လား


ကိုခင်မောင်သန်း နှင့် သူ ၏ မိခင် / ခင်ဦးသာ / ဧရာဝတီ


မြန်မာ့ လူမှု ဝန်းကျင်၌ ကိုယ်အင်္ဂါ တစ်ခုခု မသန်စွမ်း သူများအား ပုံမှန် သူများနှင့် တန်းတူ အခွင့်အရေး ပေးရန် ရှောင်ဖယ် နေကြဆဲ ဖြစ်သည်။

ကိုယ်အင်္ဂါ တစ်ခုခု ချွတ်ယွင်း နေသူ များသည် အများနှင့် တန်းတူ ဉာဏ်ရည် ဉာဏ်သွေး တူနေ သည့်တိုင် အလုပ် အကိုင် လျှောက်ထား ရာတွင် ဖြစ်စေ၊ စာသင်ခန်း၌ ဖြစ်စေ၊ ခရီး သွားလာ ရာတွင် ဖြစ်စေ တန်းတူ နေရာပေးမှု မခံကြရပေ။

ထို့အတူ တရားဥပဒေ အရ ရင်ဆိုင် ဖြေရှင်းသည့် အခါတွင်လည်း မျက်ကွယ် ပြုခြင်း ခံနေရကြောင်း မွေးရာပါ မျက်စိ အမြင် အာရုံ ချွတ်ယွင်း အားနည်းသူ ကိုခင်မောင်သန်း က ပြောပြသည်။

ကိုခင်မောင်သန်းတို့သည် မျိုးရိုးလိုက် အမြင် အာရုံ နည်းပါး ကြသူများ ဖြစ်သည်။

၎င်းတို့ မိသားစုဝင်များ အကြောင်းကို သိရှိသူ နည်းပါး ခဲ့သော်လည်း ရိုက်နှက်မှု တခု ဖြစ်ပွား ခဲ့ပြီးနောက် လူအများ က သတိပြုမိ လာကြသည်။

ကိုခင်မောင်သန်းက “ကျနော့်ကို ရိုက်တဲ့ အမှု တခုကို ရဲစခန်းမှာ တိုင်ထားတာ တနှစ်ကျော်ပြီ၊ ဒါပေမယ့် ရဲစခန်းက တရားရုံးကို လုံးဝ တင်မပေးဘူး၊ ကျနော် က မျက်စိ မမြင်တဲ့သူ ဖြစ်လို့လား၊ ကျနော်တို့ မသန်စွမ်း သူတွေဟာ ဥပဒေရဲ့ အကာ အကွယ်ပေးမှုကို တခြား လူတွေနဲ့ တန်းတူ မခံရဘူးလို့ပဲ ခံစား ရတယ်” ဟု ပြောဆိုသည်။

ကိုခင်မောင်သန်းသည် ၂၀၁၆ ခုနှစ် အတွင်းက လူတစု၏ အုပ်စုဖွဲ့ ရိုက်နှက်မှုကို ခံခဲ့ရပြီး ၎င်းအား စတင် ရိုက်နှက် သူကို တရား စွဲဆို ထားခြင်း ဖြစ်သည်။

အလားတူ ကိုခင်မောင်သန်းအား စတင် ရိုက်နှက်သူ ကိုဟန်ထွန်း ဆိုသူကလည်း ကိုခင်မောင်သန်းကို ရဲစခန်း၌ ပြန်လည် တိုင်ကြားထားသည်။

ကိုခင်မောင်သန်းက “ကျနော်က စပြီး ရိုက်ပါတယ် ဆိုပြီးတော့ ရဲစခန်းမှာ ပြန်တိုင် ထားတယ်၊ ကျနော့်လို မျက်စိ မမြင် တဲ့ သူက ဘယ်လိုလုပ်ပြီး ရိုက်မှာလဲ၊ တွေးကြည့်ရင် လူတိုင်း သိနိုင်တဲ့ ကိစ္စပါ၊ ကျနော့်ကို ပုဒ်မ ၃၂၅ (ပြင်းထန်းစွာ ထိခိုက် ဒဏ်ရာ ရစေမှု) နဲ့လည်း တိုင်ထားတယ်”ဟု ပြောသည်။

ကိုခင်မောင်သန်းသည် လှိုင်မြို့နယ် ၁၀ ရပ်ကွက်တွင် နေထိုင်သူ ဖြစ်သည်။ ၎င်းနှင့် အငြင်းပွားသည့် ကိုဟန်ထွန်း ဆိုသူ သည်လည်း ကိုခင်မောင်သန်း နေထိုင်သည့် အထပ်မြင့် အဆောက်အအုံတွင် နေထိုင်သည်။

ထိုတိုက်၏ မြေညီထပ်တွင် ကိုခင်မောင်သန်းက တယ်လီဖုန်း ပြုပြင်ဆိုင် ဖွင့်ထားသည်။ ထိုဆိုင်၏ အပြင်ဘက်တွင် အမိုး အကာ အတွက် ထောင်ထားသည့် ထီးနေရာ ပြောင်းရွှေ့ရာမှ စကားများပြီး ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြခြင်း ဖြစ် သည်။

၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော်လည်း တနှစ်ကျော်ကြာသည့်တိုင် တရားရုံး မတင်သည့် အတွက် သတင်းစာ ရှင်းလင်းပွဲ တခုကို ကိုခင်မောင်သန်း မိသားစုက၂၀၁၇ ခုနှစ် မေလဆန်းက ပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ရက်အနည်းငယ် အကြာတွင် တရားရုံးသို့ တင်ပေးမည်ဟု ရဲစခန်းက အကြောင်း ကြားလာကြောင်း ကိုခင်မောင်သန်း၏ မိသားစု ဝင်များ က ပြောသည်။

တရားရုံးသို့ စောလျှင်စွာ တင်မပေးခြင်းသည် ကိုခင်မောင်းသန်း ဘက်မှ ခိုင်မာသည့် မျက်မြင်သက်သေ မရှိခြင်း ကြောင့်ဟု လှိုင်မြို့နယ် ရဲစခန်း အာဏာပိုင် များက တုံ့ပြန် ပြောဆို ထားသည်။

ကိုခင်မောင်သန်းက တိုင်ကြားထားသည့် ပုဒ်မတချို့အား ရဲစခန်းက ဖြုတ်ထား ခဲ့ကြောင်း၊ ထိုကိစ္စကို တရားရုံးချိန်း ရောက်မှသာ ရှေ့နေက တဆင့် မေးမြန်း သွားမည် ဖြစ်ကြောင်း ကိုခင်မောင်သန်း၏ ဇနီးဖြစ်သူ မနှင်းဝေလင်းက ပြော သည်။

ပထမဆုံး အကြိမ် ရုံးချိန်းအား ၂၀၁၇ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ချိန်းဆို ထားသည်။

မနှင်းဝေလင်း က “ကျမတို့ ဘက်က တိုင်ထားတဲ့ ပုဒ်မတချို့ကိုတော့ ဖြုတ်ပစ်တယ်၊ ဟိုဘက်က ပြန်တိုင်ထားတဲ့ အချက်တွေထဲမှာ ဆိုရင် ကိုခင်မောင်သန်း အတွက် ပြစ်မှုတွေ ကြီးနေတယ်၊ သူတို့ဘက်က တိုင်ထားတဲ့ အမှုတွေမှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရမှု ဆိုတဲ့ ပုဒ်မ(၃၂၅) လည်း ပါနေတယ်” ဟု ပြော ဆိုသည်။

ထိုတိုင်ကြားမှုကြောင့်ပင် ကိုခင်မောင်သန်းတို့ သားအမိသည် ယခုအခါ အာမခံဖြင့် နေထိုင်နေရကြောင်း လည်း မနှင်းဝေလင်းက ပြောသည်။

ကိုခင်မောင်သန်း၏ အမှုနှင့် ပတ်သက်၍ တရား မျှတမှု ဖြစ်စေရန် မြန်မာနိုင်ငံ မသန်းစွမ်း သူများ အသင်းက ကူညီ ဆောင် ရွက် ပေးသွားမည်ဟု မသန်စွမ်း သူများ အဖွဲ့မှ ဒေါ်ငယ်ငယ်ဝင်း ကလည်း ဧရာဝတီ ကို ပြောပြသည်။

ကိုခင်မောင်သန်းတို့ ဖြစ်ပွားသည့် ရက်က အိမ်နီးချင်း အခန်းများက ဝိုင်းဝန်း ဖြန်ဖြေပေးခဲ့ ကြသော်လည်း ရန်ပြု ခံရ မည်ကို စိုးရိမ်၍ သက်သေ မထွက် ရဲကြဟု ကိုခင်မောင်သန်းက ပြောသည်။

ကိုခင်မောင်သန်းနှင့် အငြင်းပွားသူ ကိုဟန်ထွန်းသည် တက္ကစီကား မောင်းသူဖြစ်ပြီး ပတ်ဝန်းကျင်တွင် အငြင်းပွားမှု မကြာခဏ ဖြစ်လေ့ ရှိသူဟု သိရသည်။

ကိုခင်မောင်သန်းက “ကိုဟန်ထွန်းကလည်း ကျနော်တို့နဲ့ တတိုက်တည်း နေကြတာ ဆိုတော့ တချို့က သက်သေ မထွက် ရဲ ကြဘူးဗျ၊ ကျနော့်ကို ဝိုင်းရိုက် ကြတုန်းက ဒုတိယထပ်၊ တတိယထပ်က လူတွေက မလုပ်ကြ ပါနဲ့လို့ ပြောခဲ့ ကြသေးတယ်၊ ကျနော့် ဘဝမှာ တခါမှ ရန်မဖြစ် ဖူးဘူး၊ ဒါပထမဆုံး အကြိမ် အရိုက်ခံ ရတာပါ”ဟု ပြောဆိုသည်။

ကိုခင်မောင်သန်းသည် တယ်လီဖုန်း ပြုပြင်ဆိုင်ဖွင့်၍ အသက် မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ မျက်စိ အားနည်း ခြင်းကြောင့် တယ်လီဖုန်း ပြုပြင်ရာတွင် ဆော့ဝဲလ် အပိုင်းကိုသာ ပြုပြင်နိုင်သည်။

မြန်မာစာ မဖတ်တတ်သော်လည်း၊ မျက်မမြင်သူများ အတွက် သင်္ကေတများဖြင့် တီထွင်ထားသည့် အင်္ဂလိပ်စာလုံး များကို ဖတ်တတ်သည်ဟု ပြောသည်။

အခင်းဖြစ်ပွားပြီး နောက်ပိုင်းတွင် တယ်လီဖုန်း ပြုပြင်ဆိုင်အား ပိတ်သိမ်း၍ တခြားရပ်ကွက် တခုသို့ ပြောင်းရွှေ့ နေထိုင် ခဲ့ကြသည်ဟု သိရသည်။

အပြင်ထွက်မည် ဆိုပါက လူအကူပါမှ သွားဖြစ်ကြောင်း၊ သို့သော် တခါတရံတွင် မြို့ထဲသို့ တယောက်တည်း သွားကြည့် ဖူးကြောင်း ပြောသည်။

မြို့ထဲသို့ သွားရာတွင် အမှတ် အသားများဖြင့် သွားသည် ဟုလည်း ကိုခင်မောင်သန်းက ပြောသည်။

ဥပမာ- ဆူးလေဘုရားလမ်း ပြီးလျှင် ဘားလမ်း၊ ဘားလမ်းပြီးပါက ၃၅ လမ်းစသည်ဖြင့် အမှတ်အသားများဖြင့် သွား ကြည့်ဖူးသည်ဟု ဆိုသည်။

ကိုခင်မောင်သန်းက “တခါတလေ လမ်းမှားပြီးတော့ ဆိုင်ထဲတွေ ဝင်သွားတာမျိုး ဖြစ်ဖူးတယ်ဗျ၊ ဆိုင်ထဲကလူတွေက ဘာကိစ္စရှိလဲ ဆိုမှပဲ ဆောရီးဆိုပြီး ခပ်တည်တည်နဲ့ ပြန်ထွက် လာတယ်၊ သူတို့ကတော့ ကျနော့်ကို ကြောင် တောင် တောင် နဲ့ ဘာကောင်လဲဟ ဆိုပြီးထင် မှာပေါ့” ဟု သူ၏ အဖြစ်အပျက်အား ပြန်ပြောင်း ရှင်းပြသည်။

ကိုခင်မောင်သန်းသည် မွေးရာပါ မျက်စိအားနည်းသူ တဦးဖြစ်ပြီး ၎င်း၏ မိခင်၊ အဒေါ်များ၊ ဦးလေးများ အပြင် ဦးလေး ဖြစ်သူ မွေးထားသည့် သားသမီးများအထိ မျိုးရိုးလိုက် အမြင်အာရုံအားနည်းကြသည်။

ထိုဖြစ်ရပ်သည် ကိုခင်မောင်သန်း၏ မိခင်ဘက်မှ အဘွား တော်စပ်သူက စတင်ခဲ့သည်။

ကိုခင်မောင်သန်း၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဝင်းက “ကျမရဲ့ အမေ လက်ထက်က စပြီးတော့ အမြင်အာရုံ အားနည်း တာပါ၊ အမေကတော့ ပြောခဲ့ဖူးတယ်၊ သူဟာ အရင်ဘဝက အရမ်းဆိုးတဲ့ ယောက်ျားလေး ဖြစ်ခဲ့တယ်လို့ ပြောပြ ဖူး တယ်၊ အဲဒါကြောင့် အမေကမွေးတဲ့ ကလေးတွေအားလုံး အမေ့လိုပဲ ဖြစ်မယ်လို့ ဗေဒင်က ပြောတယ်လို့ အမေက ပြောခဲ့ဖူးတယ်” ဟု ဆိုသည်။

ဒေါ်သန်းသန်းဝင်းတို့တွင် မွေးချင်း ၇ ဦးရှိပြီး အငယ်ဆုံးတဦးတည်းသာ မျက်စိပုံမှန်ဖြစ်သည်။ အငယ်ဆုံး ညီမဖြစ်သူ က မွေးသည့် သားသမီးနှစ်ဦးသည် မျက်စိပုံမှန်ဖြစ်သော်လည်း၊ တခြားမွေးချင်းများက မွေးသည့် သားသမီးများသည် ၎င်းတို့ကဲ့သို့ပင် အမြင်အာရုံ အားနည်းကြသည်။

အမြင်အာရုံ အားနည်းခြင်းသည် အတွင်းတိမ်ကြောင့်ဟု ဆိုကာ ခွဲစိတ်ကုသမှု တချို့ လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သိရသည်။

ဒေါ်သန်းသန်းဝင်းတို့ ဇနီးမောင်နှံသည် သားနှစ်ဦး မွေးပြီးနောက် သမီးလေးတဦး လိုချင်ခဲ့သော်လည်း သားနှစ်ဦး ကဲ့သို့ အမြင်အာရုံနည်းပါးမည်ကို စိုးရိမ်၍ သားသမီး ထပ်မယူဖြစ်ခဲ့ဟု ဒေါ်သန်းသန်းဝင်း က ပြောသည်။

ဒေါ်သန်းသန်းဝင်း က “ငါ့သားတွေက သူများသားသမီးတွေနဲ့ မယှဉ်နိုင်ဘူးလေ၊ အဲဒီတော့ သမီးလေး မွေးလာရင် လည်း သားတွေလိုပဲ ဖြစ်မှာ စိုးရိမ်းတယ်၊ အမျိုးသားကတော့ သမီးလေး တယောက်လောက် ဆက်မွေးပါဦးလို့ ပြောပေမယ့် မယူဖြစ်ခဲ့ဘူး” ဟု ပြောပြသည်။

ကိုခင်မောင်သန်းသည် အိမ်ထောင်သည် တဦးဖြစ်ပြီး သူ၏ ဇနီးသည် သူငယ်ချင်းဖြစ်သူ၏ ညီမဟု ပြောသည်။

ကိုခင်မောင်သန်းက “သူ့အိမ်ကို ကျနော်က ခဏခဏ သွားလည်ဖြစ်တယ်၊ ရုပ်ကို မမြင်ရပေမယ့် အသံတော့ အမြဲ ကြားနေရတာပေါ့၊ နောက်ပိုင်းမှာတော့ ဖုန်းနဲ့ အမြဲတမ်းစကားတွေ ပြောဖြစ်တယ်၊ ရည်းစားဖြစ်ပြီး တနှစ်ကျော်ကြာတဲ့ အခါ ကျနော်တို့ လက်ထပ်ဖြစ်ကြတယ်” ဟုလည်း ပြောပြသည်။

ကိုခင်မောင်သန်းသည် ၁ ပေအကွာအထိ အနည်းငယ်မြင်ရသည်ဟုလည်း ပြောသည်။ အိမ်ထောင်ရှင်ဖြစ်၍ မိဘ တဦး ဖြစ်ချင်သည့် ဆန္ဒရှိကြောင်း၊ သို့သော် မွေးလာမည့် ကလေးသည် ဖခင်၏ မျိုးရိုးလိုက်မည်ကိုလည်း ကိုခင်မောင်သန်း က စိုးရိမ်နေသည်။

သူက“ကလေးတော့ လိုချင်တယ်၊ ယူဖို့ဆန္ဒလည်း ရှိပါတယ်၊ ဒါပေမယ့် ကျနော့်လိုဖြစ်မှာကိုလည်း စိုးရိမ်တယ်၊ အဲဒါ ကြောင့် ကလေးမွေးလာရင် သူ့အမေနဲ့တူပါစေဆိုပြီး ကျနော် အမြဲတမ်း ဘုရားမှာ ဆုတောင်းဖြစ်တယ်” ဟု ဆိုသည်။

ကိုခင်မောင်သန်းတို့တွင် ညီအစ်ကို နှစ်ယောက်ရှိပြီး နှစ်ဦးစလုံးသည် မိခင်ဘက် မျိုးရိုးလိုက်သည်။ မွေးရာပါ အမြင် အာရုံ အားနည်း၍ ငယ်စဉ်က ကျောင်းမနေခဲ့ရသော်လည်း ဆရာအား အိမ်သို့ခေါ်၍ သင်ယူခဲ့ကြသည်။

ယခုအခါ ညီဖြစ်သူ မွေးထားသည့် ၅ လသားအရွယ် ကလေးငယ်သည်လည်း ၎င်းတို့ကဲ့သို့ အတွင်းတိမ် ပါရှိသည်ဟု ဆရာဝန်က ပြောဆိုထားကြောင်း ကိုခင်မောင်သန်းက ပြောသည်။

ဒေါ်သန်းသန်းဝင်းနှင့် ကိုခင်မောင်သန်းတို့ သားအမိသည် မျက်စိဆရာဝန်နှင့် ပြသဖူးခဲ့ကြောင်း၊ သို့သော် ပုံမှန် ဖြစ်နိုင်ခြေ မရှိဟု ဆရာဝန်များက ပြောဆိုထား၍ ဆက်လက် ကုသရန် ဆန္ဒမရှိတော့ကြောင်း၊ ခွဲစိတ် လိုက်ပါက ပိုမို ဆိုးသွားနိုင်သည်ဟု ဆရာဝန်များက မှတ်ချက် ပေးထားကြောင်းလည်း ကိုခင်မောင်သန်းက ရှင်းပြသည်။

ဒေါ်သန်းသန်းဝင်းတို့ မိသားစုသည် မွေးရာပါ အမြင်အာရုံ နည်းပါးခြင်းကြောင့် အများနည်းတူ အပြင်ထွက် သွားလာမှု နည်းပါးပြီး မိမိတို့ နေအိမ်၌ပင် တနိုင်တပိုင် အလုပ်များလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုကြကြောင်း သိရသည်။

ဒေါ်သန်းသန်းဝင်း က “ကျမတို့က သူများတွေနဲ့ မယှဉ်နိုင်တော့ ကိုယ့်အိမ်မှာပဲ တယောက်ကိုတယောက် ကူညီပြီး တော့ နေထိုင် စားသောက်ကြရတယ်၊ ချွေးမက မျက်စိကောင်းသူဆိုတော့ သူကပဲအရာရာ ကူညီပေးတယ်” ဟု ပြောဆိုသည်။

From : ဧရာဝတီ By: ခင်ဦးသာ

Originally published at - https://burma.irrawaddy.com

Read More »

Sunday, May 21, 2017

ရန်ကုန်မြို့ရဲ့ အမှိုက်တွေကို ဘယ်လို ထိန်းသိမ်းနေသလဲ




လူဦးရေ ၈ သန်း နီးပါး လောက် နေနေ ကြတဲ့ ရန်ကုန် မြို့ထဲမှာ တနေ့ တနေ့ အမှိုက် တန်ချိန် ၄၅၀၀ ကနေ ၅၀၀၀ ကြားမှာ ထွက်နေ ပါတယ်။

ရန်ကုန် မြို့ရဲ့ လမ်းတွေ ပေါ်မှာ သန့်ရှင်းရေး ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်ဟာ သန့်ရှင်းရေး အလုပ်တွေကို လုပ်နေ ကြတယ်။

ဒါပေမယ့် လမ်းပေါ်မှာ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ် တာတွေနဲ့ နောက်ဖေး လမ်းကြား တွေမှာ ပစ်စလတ်ခတ် ပစ်နေ တာတွေ ကတော့ ရှိနေ တုန်းပါပဲ။

တနေ့ကို တန်ချိန် ၅၀၀၀ လောက် ထွက်နေတဲ့ ရန်ကုန်မြို့ရဲ့ အမှိုက်တွေကို ဘယ်လို သိမ်းနေ သလဲ ဆိုတာကို ရုပ်သံဖိုင်မှာ တွေ့မြင် နိုင်ပါတယ်။



From : ဒီဗွီဘီ by ရဲဝင့်သူ

Originally published at - http://burmese.dvb.no/archives/207559

Read More »

Thursday, May 18, 2017

တဲစုတ်လေးထဲက မြေကြီးပေါ်မှာ သင်ကြားနေရတဲ့ တောင်ပေါ်ဒေသ ပညာရေး


ဆရာမ ၂ ယောက်၊ ကျောင်းသား ပေါင်း ၅ဝ ကျော်နဲ့ ထရံမိုး ထားပြီး ဘေး အကာ အရံ မရှိ၊ ထိုင်ခုံ မရှိ၊ ကျောက်သင်ပုန်း တလုံး၊ ၁၆ ပေ ဝန်းကျင်ခန့် အခန်းမှာ မြေကြီးပေါ် ထိုင်ပြီး စာသင်ကျောင်း တက်ဖူး ပါသလား။

ကျောင်းသား ဆုပေးပွဲ ဒါမှ မဟုတ် ကျောင်းသားများ စုံညီပွဲ၊ ကိုယ့် သူငယ်ချင်း အပေါင်း အသင်း ကြားမှာရော အဲဒီလို ကျောင်းမျိုး ဘယ်သူများ တက်ဖူး ကြ ပါသလဲ။

စာရေးသူတောင်မှ ဖွံ့ဖြိုးမှု အားနည်းခဲ့တဲ့ တောင်ပေါ်ဒေသ ကျေးရွာကနေ မွေးဖွား လာခဲ့ပေမယ့် ဒီလောက်ထိ ဆိုးဝါးလှတဲ့ စာသင်ကျောင်းမှာ မသင်ခဲ့ ရဖူးပါ။

စာရေးသူ ဘဝမှာ တခါသာ မြင်ဖူးတဲ့ စာသင်ကျောင်းလေး တကျောင်းသာ ဖြစ်ပါတယ်။



ခရီးအကွာအဝေးက ၈၃ မိုင်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးကနေ ထိုခရီးကို စတင်ထွက်လာခဲ့ပါတယ်။ မိုးတွေ တဖွဲဖွဲကျလို့ ကားထဲက အဲကွန်းပိတ်ထားပြီး အနွေးထည်လေးနဲ့ ကွေးနေရတယ်။

လမ်းကကျဉ်းပြီး တလမ်းမောင်းလောက်သာ ရှိတဲ့အတွက် တစီးနဲ့တစီး ရှောင်ရင်း လမ်းဘေးထိ ဖယ်ပေးရတယ်။ မိုးရွာရင် လမ်းချော်ပြီး ကားတွေ မကြာခဏ မှောက်နေတဲ့ အတွက် ကားကို ညင်ညင် သာသာလေး မောင်းသွား ရပါတယ်။

ဒီလိုနဲ့ တရွာပြီး တရွာ ကျော်လာတယ်။ အချိန် ၂ နာရီကျော်တော့ ရာသီဥတုကလည်း သာယာစပြုလာပြီ။ မှန်ကို ဖွင့်ပြီး လေညင်းလေးတွေ ခံစားကြည့်ရင်းနဲ့ သီချင်းလေး နားထောင်ရင်း ခရီးကို ဆက်နေတယ်။

ခုသွားရမယ့် ခရီးက စာသင်ကျောင်း မရှိတဲ့ ကျေးရွာတရွာ။ အလှူရှင်ကတော့ ရန်ကုန်က မသီတာအုန်း ဆိုသည့် အလှူ့ဒါယိကာမ။ ကျောင်းလှူရန် စာသင် ကျောင်း အတွက် လိုအပ်တာတွေကို ကျနော်တို့ သွားရောက်ကြည့်ရှုပေးဖို့ ဖြစ်ပါတယ်။

သွားရင်း ခရီးက တဝက်ကျိုး ကျော်နေပြီ။ တောင်ကုန်းပေါ် တက်ရတဲ့အတွက် လမ်းကလည်း ကွေးကောက်လွန်းလှပါတယ်။ ကားအရှိန်လွန်လို့ တချက်မှား သွားရင်ဖြင့် တောင်အောက်ထိ ရောက်သွားနိုင်ပါတယ်။ တောင်ကုန်းတွေ ကျော်လို့ ထင်းရှူးပင်တွေ စတင်မြင်နေရပါပြီ။

လမ်းဘေးမှာ ထင်းရှူးကို ရှေ့မှာချပြီး ထိုင်နေတဲ့ လူတစ်ယောက်စ နှစ်ယောက်စ စတင်မြင်လာပါပြီ။ သူတို့ ဘာများလုပ်နေကြပါလိမ့်။ အကျိုးအကြောင်း သိရအောင်လို့ ကားကို လမ်းဘေး ခဏရပ်ပြီး စပ်စုမိပါတယ်။ ထင်းရှူး ၂ စည်း၊ ၃ စည်းနဲ့ ရှေ့မှာချပြီး ဘာလုပ်နေလဲပေါ့။

အဲဒီနေရာမှာ သားအဖ ၂ ယောက်။ ရှေ့တွင် ထင်းရှူးစည်းချပြီး ထိုင်နေပါတယ်။ အဖေကတော့ အသက် ၄၀ ကျော်ဝန်းကျင်၊ ကလေးကတော့ ၁၀ နှစ်ဝန်း ကျင်။ လူမျိုးကတော့ ပလောင်လူမျိုး။ သူတို့က ထင်းရှူးခုတ်ပြီး လမ်းဘေးထိုင်ပြီး ကားသမားတွေဆီ ရောင်းနေခြင်းပဲ ဖြစ်ပါတယ်။ အချိန်အားဖြင့် ၁၂ နာရီ ကျော်ပြီမို့ ထမင်းရော စားပြီးပြီလား မေးတော့ စားပြီးသွားပြီတဲ့။ ဘာဟင်းစားလဲ မေးတော့ ဆားနဲ့ စားတယ်ဆိုပြီး ပြုံးပြုံးလေးနဲ့ ဖြေပါတယ်။ ထမင်းကိုလည်း ပြည်အလိုက်သာ ဝယ်ပြီး ၁ ပြည်ကို ၁၅၀၀ ကျပ်လို့ သူက ရှင်းပြတယ်။

ထင်းရှူးကလည်း မရောင်းတတ်။ ၁ စည်း ဘယ်လောက်လဲ မေးတော့ ၃ ထောင်တဲ့။ ဈေးမကြီးဘူးလား ပြောတော့ ‘မဟုတ်ဘူး၊ ၂ ထောင်ထဲပါ’လို့ ကလေး အဖေက ချက်ချင်း မျက်နှာငယ်လေးနဲ့ ပြောရှာပါတယ်။ ကလေးကလည်း ၁၀ နှစ်ဝန်းကျင်ခန့် ရှိပေမယ့် ကျောင်းကတော့ သူငယ်တန်း တက်နေတုန်းလို့ ပြောပါတယ်။

စာရေးသူ ဘဝမှာ တခါသာ ကြုံဖူးခဲ့တဲ့ အဖြစ်အပျက်။ ဘဝတွေကလည်း ထမင်းကိုတောင် ဆားနဲ့စားရတဲ့ဘဝ ဆိုးဝါးလွန်းပါလားဆိုပြီး မျက်ရည် မထွက်အောင် ထိန်းပြီး ခရီးကို ဆက်ထွက် ပါတယ်။

နောက်ထပ် လမ်းခရီးတခု အရောက်မှာလည်း အသက် ၄၀ ကျော်အရွယ်ရှိတဲ့ အန်တီ ၅ ယောက်ဟာ ဆန်ကို ကျောပိုးပြီး မိုင်းရယ်မြို့ကနေ သူတို့ရွာကို ကားလမ်းမဘေးကြီးကနေ ခြေကျင် လျှောက်လာကြပါတယ်။ ကားပေါ်မှာ ပါလာတဲ့ မုန့်တွေကို သူတို့ဝေပေးဖို့ ကားကို ရပ်ပြီး စကားပြောဖြစ်ခဲ့ပါတယ်။

သူတို့ဘဝကလည်း မထူးခြားနား သူတို့ကလေးတွေကတော့ ရွာမှာ ကျန်နေခဲ့တယ်။ သူတို့ကတော့ ဆန် ၃၊ ၄ ပြည်ဝယ်ဖို့ တနေ့လုံး တောင်ပေါ်ကနေ မိုင်းရယ်အထိ ဆင်းဝယ်ရတာတဲ့။ ယောက်ျားဖြစ်သူတွေကလည်း ဘိန်းစားသမားဘဝမို့ သုံးစားမရတော့ပါဘူးလို့ ပြောပါတယ်။ မုန့်ဝေပေးပြီးတော့ သူတို့ကလည်း မောမောနဲ့ ကျေးဇူးတင်ကြောင်း ပြောပြီး ကျနော်တို့ ခရီးကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။



အချိန်အားဖြင့် ညနေ ၃ နာရီ။ တန့်ယန်းမြို့နယ် မိုင်းတွမ်အုပ်စုကို ရောက်လာပါတယ်။ အဲဒီမိုင်းတွမ်ကနေ ကျောင်းဆောက်လုပ်မယ့်နေရာကို သွားဖို့ ခရီးကြမ်း ထပ်သွားရဦးမှာမို့ ကားပေါ်မှာ သေချာကိုင်ထားဖို့၊ အဲဒီရွာကို လိုက်ပို့ပေးမယ်လို့ ကိုမိုင်းမိုင်းက ပြောပါတယ်။

အဲဒီမိုင်းတွမ်လမ်းခွဲကနေ ကျောင်းဖွင့်မယ့်ရွာကို ခရီးစတင်ပါတယ်။ ခရီးစဉ်ကတော့ ၂ မိုင်ကျော်ကျော်။ လမ်းခရီးက ဆိုးဝါးလွန်းတဲ့အတွက် ၁ နာရီကျော်ကျော် မောင်းရမယ်။ ပါဂျဲရိုး၊ sufe တို့လို မြင့်တဲ့ကား မဟုတ်ရင် သာမန်ကားတွေ တက်ရောက်နိုင်မည် မဟုတ်။

ခရီးကို ထပ်မံစတင်ပါတယ်။ ဖုန်တွေလည်း တထောင်းထောင်း။ ကားနောက်ကို ပြန်ကြည့်ရင် လမ်းတောင် မမြင်ရတော့ပါ။ တောင်ပေါ်လမ်း စတင်ပါပြီ။ ချိုင့်တွေလည်း ပေါ၊ လမ်းက မြေကြီးလမ်း။ တခါ တခါ ချိုင့်အကြီးကြီး မမြင်မိလို့ သွားမိရင် ကားပေါ်က လက်ကိုင်နဲ့ ခေါင်းကို ဆောင့်မိတယ်။ တခါဆောင့်မိလို့လည် ခေါင်းမှာ ပေါက်တဲ့ ဘုဟာ အမှတ်တရ ဖြစ်ခဲ့ပါတယ်။

လက်ဖက်ပင်တွေ၊ လယ်ခင်းတွေ တွေ့ရလို့လည်း မကြည့်အား။ လမ်းကိုသာ အာရုံစိုက်နေရတယ်။ ဘယ်နေရာမှာ ဘယ်လို ကိုင်ရမလဲ၊ ဘယ်လို ထိန်းမလဲ၊ ခေါင်းထဲမှာ အဲဒီအတွကမထွက် တဖြည်းဖြည်းရွာကို လှမ်းမြင်နေရပါပြီ။ ရွာကလည်း တကယ်တောင်ပေါ်ထိပ်မှာ။ ကားတက်လို့ရပါမလား စိုးရိမ်စိတ်ကလည်း ပေါ်လာတယ်။ တက်ရင်းတက်ရင်း လက်ဖက်ခူးပြန်လာတဲ့ ရွာသားတွေ တွေ့နေရပါပြီိ။

ကလေးတွေရော ဟိုးပေါက်စနတွေရော လူကြီးတွေရော စုံလို့ သူတို့ခဗျား ကားမမြင်ဖူလို့ ထင်ပါရဲ့။ ကြည့်နေလိုက် ကြတာ။ ကားပေါ်ပါလာတဲ့ ချိုချဉ်တွေ မုန့်တွေကို ဝေပေးလို့ သူ့တို့ခဗျားလည်း ဝမ်းသာမဆုံးပျော်နေလိုက် ကြတယ်။ စိတ်ထဲလည်း ကြည့်နူးမိပါရဲ့။ တက်ရင်း နွားလှည်းနဲ့ သွားတိုးမိတော့လည်း တစ်လမ်းမောင်းဆိုတော့ သူနောက်မှာပဲ မျောလိုက်နေရတယ်။

သွားရင်း ရွာထဲ တောင်ပေါ်လက်ဖက်ခြံထဲ တက်ရင်း ရွာထဲစဝင်ပါပြီ။ ထိုရွာနာမည်က ဖာလိုင်းကျေးရွာ။ တန့်ယန်းမြို့နယ် မိုင်းတွမ်အုပ်စု။ ရွာထဲရောက်တော့ ကလေးလူငယ် လူကြီးတွေလည်း ပြေးပြီး စုနေကြပါတယ်။ ကားလာရင် မုန့်တွေဝေလိမ့်မယ်လို့ သူတို့ ကြိုတင်တွက်ထားတဲ့အတွက် လာရောက်စုပြုံတာလို့ လိုက်ပို့ပေးတဲ့ ကိုမိုင်းမိုင်းက ပြုံးရင်းပြောပြတယ်။ ရွာရဲ့တည်ဆောက်ပုံကတော့ အံမခန်းပဲ။ တောင်ဇောင်းမှာ တကယ့်တောင်ဇောင်း။ ကားကိုရပ်လိုက်ပြီးသွားတဲ့ အချိန်မှာ ရွာသူကြီးက ကလေးတွေ စာသင်ကျောင်းနားလေးမှာ သွားစုကြပါလို့ ပလောင်လိုအော်တော့ ကလေးတွေလည်း အပြေးအလွှား ပြေးသွားကြတယ်။

ကားရပ်တဲ့နေရာနဲ့ စာသင်ကျောင်းက ဟိုဘက်တောင် ဒီဘက်တောင် မျက်နှာချင်းဆိုင် မြင်နေရတယ်။ ဇရပ်စုတ်လေးတစ်ခုနဲ့ ကျောင်းသစ်ဆောက်ရန် မြေတွေ ထွန်ထားသည့်နေရာ။ အချိန်လည်း မှောင်နေပြီမို့ အချိန်မဆွဲတော့ဘဲ စာသင်ကျောင်းဆောက်လုပ်မည့်နေရာကို သွားကြည့်ပါတယ်။

ကလေးတွေကို မုန့်၊ ချိုချဉ်ဝေကြွေးရင်းနဲ့ပေါ။ ထိုနေရာမှာ ဇရပ်စုတ်တစ်ခု အကာမပါ အမိုးထရံမိုးတွေ ခုံမရှိ။ အကျယ်အဝန်းအားဖြင့် ၁၆ပေခန့် စာသင် ပုန်းလည်း မတွေ့။ စပ်စုချင်လို့ ဒါဘာလဲလို့ မေးလိုက်တော့ မနှစ်ကတက်တဲ့ စာသင်ကျောင်းတဲ့။

အမလေး…… ကျွန်တော်တို့ အဖွဲ့သားအားလုံး အံသြသွားတယ်။ အော်…သူတို့ပညာရေးကလည်း မလွယ်ပါလား။ ကျောင်းသားပေါင်း ၅၀ကျော်နဲ့ ဒီစာသင်ကျောင်း ဘယ်လိုများ သင်နေကြပါလိမ့် စဉ်းစားလို့မထွက်။

အဲရွာက ဆရာမနှစ်ယောက်ရှိပါတယ်။ အဲဆရာမ၂ယောက်ကလည်း အစိုးရက ချပေးထားသည့် ဆရာမမဟုတ်။ တအာင်းသံဃာတွေဦးစီးပြီး ၉တန်း အောင်တဲ့ လူငယ်တွေကို သင်တန်းပေး မုန့်ဖိုးပေးပြီး လုပ်ခိုင်းထားသည့် ဆရာမ။ ကျောင်းဖွင့်ဖူးတာ တစ်နှစ်ပဲ ရှိသေးတဲ့ အတွက် ကလေးတွေအားလုံး သူငယ်တန်းပဲ ဖြစ်နေ ပါတယ်။

ကလေးတွေကမှု စာသင်ကျောင်းသစ်ရတော့မှာမို့ ဝမ်းသာပိတိအပြုံးတွေ မြင်နေရတယ်။ သို့သော် ပညာရေးမှာ သူတို့က သိပ်စိတ်ဝင်စားကြတာမဟုတ်ပါ။ အချို့ကမူ သူငယ်တန်းပြီးတော့လည်း အေဘီစီ မတက်ကြသေးပါ။ ကလေးမိဘတွေလည်း ပညာရေးကို လိုလားပုံမပေါ်။ ဘာကြောင့်လဲဆိုတော့ ပညာရေး ထက် စားဝတ်နေရေး ဟာ သူတို့အတွက် ပိုအရေးကြီးတယ်လို့ ခံယူထားပုံရပါတယ်။

အဲဖာလိုင်းရွာကလည်း အလွန်ဆင်းရဲကြတယ်။ မည်သူကမှလည်း အဲရွာသားတွေကို အယုံအကြည်မရှိ။ ကျောင်းဆောက်ဖို့ လက်သမားတွေကို သွားခေါ်ခိုင်းတာတောင် လက်သမားတွေက အဲရွာဆို လာမလုပ်ပေးဖူးလို့ ပြောပါတယ်။ ရွာသားတွေလည်း ဘာပညာမှ မတက်။ ပလောင်စကားနဲ့ ရှမ်းမပီတပီကလွဲပြီး ဘာစကားမှ မပြောတတ်။ လက်ဖက်ခူးမယ်။ လက်ဖက်ရာသီပြီးရင် ဘိန်းစိုက်မယ်။ ဒါဟာ သူတို့ရဲ့ နေ့စဉ်ဘဝလို့ ပြောပါတယ်။

ဘိန်းချိန်ရောက်မှ လာရင် ဘိန်းတွေကို လက်ဆောင်အဖြစ်ထည့်ပေးလို့ရတယ်လို့ အဘိုးကြီး တစ်ယောက်က ဝမ်းသာအားရ ကျွန်တော်တို့ကို ပြောနေပါတယ်။ ဒီအချိန်က လက်ဆောင်ပေးစရာမရှိလို့ ဘိန်းစိုက်ချိန်မှာ လာရောက်ဖို့ သူက ဖိတ်ခေါ်နေပါတယ်။ ဘိန်းစိုက်ဖို့ အရင်းအနှီး ၅သိန်း ထည့်ပေးရင် အားလုံးလုပ်ပေးပြီး တော့ ၁ဝသိန်း ပြန်ပေးမယ်လို့ သူက ပြောပါတယ်။ ဘိန်းစိုက်ကြသော်လည်း ပညာမတက်တော့ ချမ်းသာဖို့ မပြောနဲ့ ထမင်း နပ်မှန်အောင်သာ ကြိုးစားရှာနေရပါတယ်။

ရွာက သေးသလောက် ကလေးတွေကလည်း ပေါမှပေါ။ အလုပ်မရှိလို့ ကလေးတွေယူကြတာလို့ ရွာသားတွေကတော့ ဟာသဖောက်ပြီးပြောကြတယ်။ ဒါသူတို့ အပြစ်မဟုတ်။ သို့သော် ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်စရာတော့ အမှန်ပါပဲ။ တစ်ချိန်ချိန်မှာ ဘိန်းစိုက်တဲ့လူတွေ ဖြစ်လာနိုင်တယ်။ ဘိန်းစားတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒီလိုကျေးရွာတွေကို ပညာရေးကို မြှင့်တင်ပေးဖို့ ကျွန်တော်တို့ နိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ အဲလိုကျေးရွာတွေ ကျွန်တော်တို့ မမြင်နိုင်တဲ့ နေရာတွေ အများကြီးကို ရှိနေပါသေးတယ်။ ကလေးမြောက်များစွာလည်း ထိုကဲ့သို့ ကျေးရွာတွေမှာ ကျင်လည်ကျက်စားနေပါ သေးတယ်။

ဒါကြောင့် ခေတ်စနစ်ရဲ့ စီးဆင်းမှုအရ ပညာရေးဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍထဲမှာ ထပ်ဆုံးမှာ ပါဝင်နေပါတယ်။ တိုးတတ်နေတဲ့ ခေတ်ရေစီး ကြောင်းထဲ ပညာမတတ်တဲ့ လူတွေက လိုက်ပါနိုင်မှာ မဟုတ်ဘဲ နောက်ကျကျန်နေခဲ့မှာ ဧကန်မလွဲဖြစ်ပါတယ်။

ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က နိုင်ငံတွေလည်း ပညာရေးကို အပြိုင်အဆိုင် တွန်းအားပေးနေကြတာဟာ ယနေ့တွေ့မြင်နေရတဲ့ တိုးတတ်ကြီးပွားနေတဲ့ နိုင်ငံတွေက သက်သေသာဓကပဲ ဖြစ်ပါတယ်။ ချမ်းသာပြီး ပျော်ရွင်တဲ့ နိုင်ငံတွေဟာ ပညာရေးကို အားပေးကြပြီး ဖွံ့ဖြိုးဆဲ သို့မဟုတ် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပညာရေးကို အလေးမပေးကြတာကို တွေ့နေရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံလည်း တိုးတတ်သော နိုင်ငံကို တည်ဆောက်ဖို့ ပညာရေးစနစ်ကို ဖော်ဆောင်ရာမှာ သိသာထင်းရှားတဲ့ နေရာတွင် မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာ တကယ့်ကျေးလတ်တောင်ပေါ် ဒေသတွေမှာပါ ကွင်းဆင်းလေ့လာပြီး သူတို့ရဲ့ ပညာရေးကိုလည်း မြှင့်တင်ပေးနိုင်ရန် နှိုးဆော်ရင်း……….

နိုင်နိုင်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207198

Read More »

Tuesday, May 16, 2017

စီးပွားရေးဆန်တဲ့ အလှူခံတွေရဲ့ နောက်ကွယ်မှာ စေခိုင်းသူတချို့ ရှိနေ


This is sample


ရန်ကုန်၊ မေ ၁၄ – ပူပြင်း လှတဲ့ နေရောင် အောက်မှာ ချွေးတွေ တဒီးဒီး ကျနေတဲ့ သီလရှင် လေးတွေဟာ အလှူခံ ရထားတဲ့ငွေကြေး တချို့ ကို ရေတွက် နေရာကနေ ပါးစပ်က လိုသေးတယ် မပြည့်သေးဘူး လို့ ရေရွတ်ရင်း ပွေး၊ ဝဲခြောက်တွေ ပြည့်နေတဲ့ ဦးခေါင်းကို တ ဗြင်းဗြင်း ကုတ်ရင်း ဘေးမှာ ရှိနေတဲ့ အနည်းငယ် ကြီးတဲ့ သီလရှင်ကို ကြည့်ရင်း ညှိုးငယ်တဲ့ မျက်နှာနဲ့ ပြောလိုက် ပါတယ်။

သည်မြင်ကွင်း ကတော့ မင်္ဂလာတောင်ညွန့် မြို့နယ်ထဲက ယုဇန ပလာဇာ အနီး တစ်ဝိုက်မှာ ဖြစ်နေတာပါ။

ရန်ကုန်မြို့က ဈေးတွေ၊ စူပါ မားကက်တွေ၊ ကားဂိတ်တွေ၊ ရထား ဘူတာရုံ တွေနဲ့ စားသောက်ဆိုင် တွေမှာ စာအိတ် လေးတွေ ကိုယ်စီ ကိုင်ကာ အစုလိုက် အလှူခံနေတဲ့ ကိုရင်ငယ်လေး တွေနဲ့ သီလရှင်ငယ် လေးတွေကို တွေ့ရ တတ်ပါတယ်။

သည်ကိုရင်လေးတွေ၊ သီလရှင်လေးတွေက တစ်ရက်ကို နေရာ အလိုက်ငွေ ၂၀ဝ၀ ကနေ ၅၀ဝ၀ အထိ ရှာဖွေပေးရ တယ်လို့ မေးမြန်း မှုတွေအရသိရပါတယ်။

ငါးယောက် တစ်စုစုပြီး စီးပွားရေး ဆန်ဆန် အခိုင်းစား ခံနေရတဲ့ သည်ကလေး တွေဟာ ရန်ကုန်မြို့နဲ့ ဝေးတဲ့ ဒေသတွေက ကလေး ငယ်တွေ အများစု ပါဝင်နေ တယ်လို့ သိရ ပါတယ်။

သူတို့နေထိုင်ရာကိုမေးမြန်းရာ အများစုကမြောက်ဥက္ကလာ၊ မင်္ဂလာဒုံ ၊ တောင်ဒဂုံနဲ့ လှိုင်သာယာ မြို့နယ်က သီလရှင်ကျောင်း၊ဘုန်းကြီး ကျောင်းတွေ ကလို့ ပြန်ဖြေ တတ်ကြပါတယ်။

ထိထိရောက်ရောက် ကိုင်တွယ်ဖို့လို

သည်လို ကိုရင်ငယ်လေးတွေ၊ သီလရှင်လေးတွေကို နောက်ကွယ်က စေခိုင်းနေတဲ့ လူပုဂ္ဂိုလ် အဖွဲ့ အစည်းတွေကို သက်ဆိုင်ရာ သာသနာရေး ဝန်ကြီးဌာနက ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ ကလေးတွေကို ကူညီပေးနေတဲ့ အဖွဲ့ အစည်းတွေနဲ့ ကိုယ်တိုင် မြင်တွေ့ခဲ့ ရဖူးတဲ့ သူတွေ က ဆိုကြ ပါတယ်။

စွန့်ပစ်ကလေးငယ်တွေကို ကူညီပေးနေတဲ့ အလင်းသစ်ဦးတည်ရာ ဖောင်ဒေးရှင်းတည်ထောင်သူ ဦးဇော်ထွန်းက အုပ်စုလိုက်အချိန်ပိုင်း အလှူခံနေတဲ့ သီလရှင်အုပ်စုကိုသူနေထိုင်ရာကျောက်မြောင်းအနီးတစ်ဝိုက်မှာ မကြာခဏ ဆုံဖူးတယ်လို့ဆိုပါတယ်။

သူကြုံဖူးတဲ့အုပ်စုဆိုရင် နေရာတွေသတ်မှတ်ထားပြီး တစ်ရက်ကို နှစ်ဖွဲ့ချိန်းကာငယ်ရွယ်တဲ့ သီလရှင်တွေရဲ့မလှမ်းမကမ်းမှာ အသက် အနည်းငယ်ကြီးတဲ့ သီလရှင်ဆရာလေးတွေကစောင့်ကြည့်နေ တတ်ကြတယ်လို့ သူမြင်တွေ့ခဲ့ရတာကိုပြန်ပြောပြပါတယ်။

သူက ကလေးတွေတောင်းလို့ရတဲ့အထဲက ကျပ် ၂၀ဝ၀ ကို မိဘတွေကို ပြန်ပို့ပေးရတယ်၊ ကျန်တာက သူနေထိုင်တဲ့ ကျောင်းက သီလရှင် ဆရာလေး တွေကို အပ်ရတာပါ၊ ဒါတွေက နိစ္စဓူဝတွေ့နေရတာပါ၊ သူတို့တွေက အခါကြီးရက်ကြီးတွေဆိုရင် ရှောင်ကြတယ်၊ တကယ့်သီလရှင်အစစ်တွေနဲ့တိုးမှာစိုးလို့လို့ ပြောပါ တယ်။

သီလရှင်ကျောင်းတိုက်ကြီးတွေကတော့ လပြည့်၊ လကွယ်၊အဖိတ်နေ့၊ ဥပုသ်နေ့တွေမှာ ဆွမ်းဆန်စိမ်းအလှူခံထွက်ကြတာဖြစ်ပါတယ်။

သည်လိုထွက်တဲ့အခါမှာ အိမ်တွေကလောင်းလှူတဲ့ပစ္စည်းတွေကိုသာ လက်ခံကြရပြီး ငွေကြေးသီးသန့်အလှူမခံရဘူးလို့သိရပါတယ်။

ငွေကြေးအလှူခံနေတဲ့ အဖွဲ့အစည်းတွေနဲ့နောက်ကွယ်ကစေခိုင်းတဲ့ အဖွဲ့အစည်းတွေကိုတွေ့ပါက မြို့နယ်အလိုက်သာသနာတော်ထိန်း သိမ်းရေး အဖွဲ့တွေက ထိန်းသိမ်း ဆောင်ရွက်နေ တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဝင်းက ရှင်းပြပါ တယ်။

သူက ဒီလိုတွေရှိနေတာကို မြို့နယ်သာသနာရေးမှူးတွေကိုပြောပြ ရမယ်၊ ဒီလိုငွေကြေးအလှူခံဖို့ ခွင့်ပြုချက်မရှိဘူး၊ အဲဒီလိုလုပ်လို့မရပါ ဘူး၊ တကယ့်သံဃာအစစ်တွေက အလှူခံလို့မရပါဘူးလို့ပြောပါတယ်။

သိလျက်နဲ့ ပို့တာတွေရှိ

သည်လို နောက်ကွယ်ကစေခိုင်းနေတဲ့ အဖွဲ့အစည်းတွေထံကို မိဘတွေကိုယ်တိုင်သိလျက်နဲ့ ပို့ဆောင်ထားကြတာတွေလည်း ရှိနေတယ်လို့ လူမှုရေး အဖွဲ့အစည်းတချို့က ဆိုကြပါတယ်။

နယ်တွေမှာနေထိုင်ကြပြီး မိဘကဆင်းရဲတာကြောင့် ကျောင်းမထား နိုင်တဲ့ကလေးတွေကို မြို့မှာကျောင်းတက်ရင်းကိုရင်ဝတ်ပေးမယ်၊ သီလရှင် ဝတ်ပေးမယ် ဆိုပြီး ခေါ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့ ဒေါ်ဆွေဆိုရင်သူကျွေးမွေစောင့် ရှောက်ခဲ့ဖူးတဲ့ မိန်းကလေးငယ်ကို သူ့အိမ်ကနေဆွေမျိုးတွေက ရန်ကုန်မြောက်ဥက္ကလာပ မှာရှိတဲ့ သီလရှင်ကျောင်း တစ်ကျောင်းကို ပို့လိုက်ပါတယ်။

သူနဲ့ အဆက်အသွယ်ပြတ်ပြီး လေးနှစ် အကြာမှာငွေကြေး အလှူခံနေ တဲ့သီလရှင်လေး အဖြစ် ပြန်တွေ့ခဲ့တာကြောင့်အကျိုး အကြောင်း မေးမြန်းပြီး ပြန်ခေါ် ထားရတယ်လို့ဆိုပါတယ်။

ဒေါ်ဆွေက ကလေးငယ်ကိုမေးမြန်းရာမှာ နွေရာသီကျောင်းပိတ် ရက်တွေမှာ သီလရှင် ဝတ်စုံဝတ်ပြီးအလှူခံ ခိုင်းတာ၊ ရတဲ့ငွေတွေထဲ ကနေ သီလရှင် ကျောင်းကို တစ်ရက်ကျပ် ၅၀ဝ၀ ပြန်အပ် ရပြီး ကျန်တဲ့ငွေကို ယူခိုင်းတာတွေ၊ ကျောင်းတက်နေတုန်း အလှူရှင်တွေ လာရင် ကတုံးတုံးပြီး သီလရှင် ဝတ်စုံတွေ ဝတ်ခိုင်းတာတွေ လုပ်ခဲ့ ရတယ်လို့ ကလေးငယ်ကပြန်ဖြေတယ်လို့ သူကရှင်းပြပါတယ်။

‘ကလေးကလဲငွေကိုသုံးနေရတယ်ဆိုတော့ ဒီလိုဘဝတွေမှာ ပျော်နေကြတာ၊ အဲဒီကလေးကို မနည်းပုံစံပြန်သွင်းထားရတယ်လို့ ပြောပြပါတယ်။

ကလေးငယ်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေကတော့ သည်လို တောင်းခိုင်းနေတာတွေ့ရင် သေချာစစ်ဆေးအရေးယူရမယ်။ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေကနေတောင်းခိုင်းတာဆိုရင်လည်း ချိပ်ပိတ်တဲ့အထိ အရေးယူရမယ်။ လူပုဂ္ဂိုလ်တွေက စေခိုင်းတယ်ဆိုရင်လည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်မှသာ လျော့ကျနိုင်မယ်လို့ ဆိုကြပါတယ်။

‘ဘုန်းကြီးကျောင်းတွေနဲ့သီလရှင်ကျောင်းတွေကို ပညာပေးကာလ အနေနဲ့ ထားရမယ်၊ စာတွေ ပို့တာမျိုး ကျောင်းထိုင် ဆရာတော်တွေကို ထည့်လျှောက် တာမျိုး၊ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းတွေမှာလဲ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ သင်ရိုးတွေကို သင်ပေးရမယ်၊ ပညပေး ကာလကုန်လို့မှ ဆက်တောင်းခိုင်းနေ ရင် ဖမ်းရမယ်လို့ ပြောပါတယ်။

သည်လို စီးပွားရေးဆန်ဆန် အလှူခံခိုင်းနေတာကို ဘုန်းကြီး ကျောင်းတချို့သာလုပ်ပြီး သာသနာနဲ့အညီနေထိုင်တဲ့ကျောင်းတွေ မှာတော့ ကိုရင်လေးတွေကို ပညာပဲသင်စေတာနဲ့ကျောင်းရဲ့ ဝေယျာဝစ္စအနည်းငယ်ကိုသာ လုပ်ခိုင်းတယ်လို့ဆိုပါတယ်။

သည်လို အလှူခံတာကိုထိထိရောက်ရောက် မကိုင်တွယ်ပါက သာသနာမှေးမှိန်စေနိုင်တာကြောင့် အမြန်ကိုင်တွယ်သင့်တယ်လို့ မရမ်းကုန်းမြို့နယ်က ဘုန်းကြီးကျောင်းမှာ ကိုရင်တွေကိုစာသင်aပးနေတဲ့ ဆရာတော် အရှင်ဇောတိလကမိန့်ပါတယ်။

အလင်းသစ်ဦးတည်ရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ထွန်းကတော့ တကယ်တမ်းအရေးယူရင် ကလေးတွေကိုအရေးမယူသင့်ဘဲစေခိုင်း သူကိုသာ ထိထိရောက်ရောက် အရေးယူရမယ်လို့ သူ့ယူဆချက် ကို ပြောပြပါတယ်။

‘အမြဲမြင်နေရတာက မင်္ဂလာဈေးအုပ်စုက ဒီဘက်ပြန်ပြောင်း ဟိုဘက်အုပ်စုက ဒီဘက်ပြန်လာနဲ့လုပ်နေကြတာက စီးပွားရေးလို ဖြစ်နေကြတယ်၊ ပိုက်ဆံတောင်းခိုင်းတဲ့နောက်ကွယ်ကလူကိုအရေး ယူရမယ်၊ ကလေးဆိုတာက မှီခိုသူဆိုတော့ လူကြီးခိုင်းတာလုပ်ရ တာလို့ သူက ဆက်ပြောပါတယ်။

From : ကုမုဒြာဂျာနယ် by အေးအေးအောင်

Originally published at - http://www.kumudranews.com

Read More »