
ပြောရ ရင်တော့ ကိုယ့်ပေါင် ကိုယ် လှန်ထောင်း တာပဲ။ ဒီလိုမှ မဟုတ်ဘဲ နေရင်း ထိုင်ရင်း ရန်သူ မွေးတာလို့ ဆိုချင်လည်း ဆိုဗျ။ အခု တစ်လော စာပေ အကြောင်း ရေးတဲ့ ဆောင်းပါး တွေမှာ အလွဲ အနည်းငယ် ပါနေတာ သတိထား မိတယ်။
ဆောင်းပါးရေးတဲ့ စာ ရေးသူတချို့က ဘစီရဲ့ အသိတွေ ဖြစ်နေတော့ ပထမ နှာစေးနေဦး မယ် စဉ်းစားတယ်။ ဒါပေတဲ့ အမှားတွေက မမြင်ချင်မှ တွေ့လျက် သား ဆိုတာလို ဖြစ်နေတော့ ကလိ ချင်စိတ်က ရွစိရွစိ ဖြစ်လာသဗျာ။
ပိုပြီး ဆိုးတာက စာဖတ်ဖို့တို့၊ စာအုပ် အကြောင်းတို့ ရေးတဲ့ ဆောင်းပါး တွေမှာ ကတိမ်းကပါး အမှတ် မှားလို့ ပမာဒလေခ အချက် ကလေးတွေတွေ့နေရတာ က တယ်ပြီး မသင့်တော်လှဘူး။ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသဟာလို အကြောင်းအရာ ဦးတည်ချက်က ကောင်းပါလျက် ကယ်နဲ့ အနှာလို တစ်လုံး တစ်ပါဒ အလွဲ ပါတာက ရုပ်ဆိုးလှလို့ နောင်မှ ဆင်ခြင် စရာဖြစ်စေကြောင်း စေတနာကောင်းနဲ့ ရေးတယ်လို့ သာ မှတ်ကြပါခင်ဗျ။
ဘစီတို့ကကိုယ်ဖတ်တဲ့စာမှာ စင်းလုံးချော စေချင်တာပဲ။ ကိုယ်တွေ ပင်တိုင်ရေးနေတဲ့ သတင်းစာမှာ အမှားကင်းစေချင်တာပဲ။ အများသူငါလှောင်ပြောင်စရာ မဖြစ်စေချင် ဘူး။ ကိုယ်နဲ့ စာရေးဖော်တွေကို ထိရင် မချိအောင် နာချင်တယ်။ အခု ဗြိတိသျှကိုကိုမောင်တို့ ၆၆ (ဃ) ငြိသဟဲ့ ဆိုတော့လည်းကြည့်။ ဘစီတို့မှာ မချိအောင် နာခဲ့ကြ။ နာလွန်လွန်းလို့ ကျီးကန်းတွေရယ်လို့ ဘွဲ့ထူးပေးတာ ခံရပြီးရောလားခင်ဗျ။
ပူပူနွေးနွေး မနေ့က (ဇွန်လ၁၂ ) ရက်ထုတ် ဆဲဗင်းဒေးသတင်း စာမှာ ဆောင်းပါးရှင် မောင်ရင် ကောင်း (ဆေး-၂) ရေးတဲ့ ‘လာ သူငယ်ချင်းရေ စာဖတ်ကြပါစို့ လေ’ ဆောင်းပါးဖတ်ရသဗျ။ ဆောင်းပါးရှင်ရဲ့ စေတနာနဲ့ ရည် ရွယ်ရင်းက အပြစ်ပြောစရာမရှိ ဘူး။ စာဖတ်ကြဖို့ နှိုးဆော်တာပဲ ဗျာ။ ကောင်းပါလေ့။ စာဖတ်မှ လူတစ်ဦးချင်းဘဝ တိုးတက်လာ မှာဖြစ်သလို လူတစ်ဦးချင်း အသိ ဉာဏ်ရှိလာတဲ့အခါ နိုင်ငံလည်း ပိုပြီးကောင်းလာမှာပေါ့။ ဆောင်း ပါးရှင်က တစ်ခါက ကျုပ်တို့ရွှေ ပြည်ကြီး တစ်နံတစ်လျားမှာ အ လွန်မှ အားကောင်းခဲ့တဲ့ စာအုပ် အငှားဆိုင်လေးတွေ ပျောက် ကွယ်သွားတာကို ဝမ်းနည်းစကား ဆိုထားတယ်။ အခုဆို အနှီ အငှား ဆိုင်လေးများဟာ ကွယ်လု၊ ပျောက်လုနီးနေပြီပေါ့။ အသက် ငင်နေတာ ဖုတ်လှိုက်ဟောဟဲ လိုက်နေပြီဆိုရမယ်။ ကျန်ကောင်းကျန်ရာဆိုရမယ့် စာအုပ်အငှား ဆိုင်လေးများဟာလည်း စီးပွား မဖြစ်တော့ဘူး။ စာငှားသူလည်း အလွန်မှာ နည်းနေပြီလေ။
နည်းမှာပေါ့။ ဖေ့စ်ဘွတ်ခ် တွေ သုံးနေကြတာကိုးခင်ဗျ။ လူ တွေ စာသိပ်မဖတ်ကြတော့ဘူး။ ဒါကို ဆောင်းပါးရှင်က မချိတင် ကဲနဲ့ ရေးလိုက်တာ။ နည်းပညာ လည်း သုံးကြ၊ စာလည်းဖတ်ကြ ဒီလိုမျိုးလုပ်ရမှာကလား။ ဆောင်းပါးရှင်က သူရို့ငယ်ငယ်က စာ ဖတ်ပုံကိုလည်း ရေးပြတယ်။ သူ ဖတ်ခဲ့တဲ့ စာအုပ်တွေကိုလည်း ရေးပြတယ်။ ဘယ်လိုစာအုပ်တွေ ဘယ်လိုကောင်းတယ်ဆိုတာကို လည်း ခပ်ပါးပါး ကြားညှပ်ဖော်ပြ သွားတယ်။ စာအုပ်စာပေကျေးဇူး နဲ့ လူလိမ္မာပညာရှိဖြစ်သွားတဲ့ ရွှေ ပြည်ကြီးရဲ့ ဂုဏ်ပြောင်တဲ့ ရာ ဇဝင်ထဲက ဝန်ဇင်းဘိုးရာဇာ ဘွဲ့ အမည်သညာ နောင်အခါ ရသွား တဲ့ စာတိုငညိုကိုလည်း ကိုးကား တယ်။ ကမ္ဘာ့လူထင်ရှားတွေထဲက ဆိုရင် အမေရိကန်သမ္မတ အေ ဗရာဟင်လင်ကွန်းတို့၊ စာရေး ဆရာ ဂျက်လန်ဒန်တို့ကို စံနမူနာ ထုတ်ပြတယ်။
အားလုံးကောင်းပါတယ်ခင် ဗျာ။ တကယ်ပြောတာပါ။ ပြော စရာက ဂျက်လန်ဒန်ကို ညွှန်းတဲ့ နေရာမယ် ကွင်းစကွင်းပိတ်နဲ့ ဖော် ပြထားတဲ့ ဂျက်လန်ဒန် (ဆရာမြသန်းတင့် ဘာသာပြန် အရိုင်း ခေါ်သံဝတ္ထု မူလစာရေးဆရာ)ဆို တဲ့အသုံးမှာ ဆောင်းပါးရှင် ဆရာ မောင်ရင်ကောင်း (ဆေး-၂) က ပမာဒလေခ အမှတ်မှားသွားပုံရ သဗျ။ မြန်မာစာအုပ်လောကမှာ ဂျက်လန်ဒန်ရဲ့ မူရင်းဝတ္ထုအမည် The Call Of The Wild ကို ‘အရိုင်း ခေါ်သံ’ဆိုပြီး ဘာသာပြန်ခဲ့သူက ဆရာဂုဏ်ဝင်းပါခင်ဗျ။ ၁၉၅၈ ခုနှစ်မှာ ရှုမဝက ပထမအကြိမ်၊ ၂၀၀၂ ခုနှစ်မှာ သန်းစာပေက ဒုတိယအကြိမ်နဲ့ ၂၀၁၁ ခုနှစ်မှာ ရာပြည့်စာအုပ်တိုက်ကနေ တတိ ယအကြိမ် စုစုပေါင်း သုံးကြိမ်တိ တိ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ် ပါတယ်ခင်ဗျ။ မူရင်း ဝတ္ထုက လည်း ဂျက်လန်ဒန်ရဲ့ နာမည်ကြီး လက်ရာပါ။ (ဂုဏ်ဝင်းအပြင် တခြားဘယ်သူတွေ ဘာသာပြန် သေးလဲတော့ မသိပါ)
အနှီဝတ္ထုကို ဆရာမြသန်း တင့် ဘာသာမပြန်ခဲ့ပါဘူးခင်ဗျာ။ အခုလို ပြောတဲ့အတွက် ဘစီကို စိတ်မငြိုငြင်လောက်ဘူးလို့ ထင် ပါတယ်။ ဆရာ မောင်ရင်ကောင်း ရဲ့ ဆောင်းပါးကို ဖတ်ပြီးသကာ လ စာဖတ်ချင်စိတ်ပေါက်လာတဲ့ လူငယ်လေးများ စာအုပ်ဆိုင်သွား တဲ့အခါ ဆရာမြသန်းတင့် ဘာ သာပြန်တဲ့ အရိုင်းခေါ်သံစာအုပ်ရှိ လားမေးရင် အခက်တွေ့မှာ စိုးရ ပါလို့ ကြားဝင်ကာ ငထွားခါးနာခံ ပြီး နတ်လမ်းညွှန်လုပ်ရခြင်းပါခင် ဗျ။
ပြောလက်စ မဆုံးသေးခင် ဇွန်လ ၁ ရက်နေ့ထုတ် ဆဲဗင်းဒေး သတင်းစာမှာပဲ ပါခဲ့တဲ့ ဆောင်း ပါးရှင် မောင်ဥယျာဉ်ရဲ့ ‘ဘာသာ ပြန်စာပေ ဖြောင့်တန်းပါစေ’ဆိုတဲ့ ဆောင်းပါးမှာပါတဲ့ အချက်အ လက်တချို့ လွဲနေတာကိုလည်း တစ်ပါတည်း ဖြည့်စွက်ခဲ့ပေးပါရ စေခင်ဗျ။ မောင်ဥယျာဉ်ဆိုသူက တော့ မန္တလေးရွှေမြို့တော်မှာ အ ခြေစိုက်တဲ့ စာရေးသူတစ်ဦးဖြစ် ပြီး ဘစီရဲ့ ပြောမနာဆိုမနာ မိတ် ရင်းဆွေချာကြီးလည်းဖြစ်တော့ သူများတွေလို အားနာစရာမရှိဘူး ပေါ့လေ။ သို့ကလို ကျုပ်ချစ်ဆွေ ကြီးလည်း မသိဖူး၊ မလေ့လာဖူး တာမဟုတ်ဘဲနဲ့ စာကို တက်သုတ် ရိုက်ရေးတဲ့အတွက် အချက်လက် တချို့ လွဲနေတာတွေပါလာသဗျာ။
အနှီ ‘ဘာသာပြန်စာပေ ဖြောင့်တန်းပါစေ’ဆောင်းပါးမှာ စာရေးသူ မောင်ဥယျာဉ်က ဘာ သာပြန်စာပေတွေရဲ့ လာခဲ့ရာ အစကို ပြန်လည်ခြေရာကောက် ရင်းနဲ့ နဂါးနီစာအုပ်တွေကိုလည်း ဖျတ်ခနဲ ရေးပြသွားတယ်ခင်ဗျ။ သို့ကလို ရေးပြသွားတဲ့အထဲက တစ်နေရာအရောက်မှာ ဘစီကို မျက်မှောင်ကုပ်စေတာကတော့ သခင်စိုးရဲ့ ‘လူမွဲတို့ရဲ့ ထွက်ရပ် လမ်း’တဲ့။ အမှန်တော့ အဲဒီစာ အုပ်က မောင်နု (သခင်နု၊ နောင် မှာ ဝန်ကြီးချုပ် ဦးနု)ရဲ့ စာအုပ် မဟုတ်ဘူးလား။ လူမွဲတို့၏ ထွက် ရပ်လမ်း (လူမွဲတို့ရဲ့ ထွက်ရပ် လမ်းမဟုတ်) ခင်ဗျ။ မူရင်းက A Shot History Of The Russian Revolution ဆိုတဲ့စာအုပ်ကို ဆီ လျော်သလို ဘာသာပြန်ထားတာ တဲ့ခင်ဗျ။ ပထမတွဲနဲ့ ဒုတိယတွဲ နှစ်တွဲခွဲပြီး ၁၉၃၈ ခုနှစ်မှာ နဂါးနီ က ထုတ်ဝေခဲ့တာပါခင်ဗျ။
ဆောင်းပါးရှင် မောင်ဥယျာဉ် က ဘာသာပြန်စာပေတွေနဲ့ပတ် သက်ပြီး မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း (နောင်မှာ စာပေ ဗိမာန်)ရဲ့ အားထုတ်မှုကိုလည်း တခုတ်တရ ထည့်သွင်းပြီးရေးခဲ့ပါ တယ်။ အနှီ ဘာသာပြန်စာပေအ သင်းရဲ့ အားထုတ်ကြိုးပမ်းမှုတွေ ကလည်း နည်းနည်းနောနောမှတ် လို့။ မြန်မာ့စွယ်စုံကျမ်းဆိုတာမျိုး ကြီးကို ထုပ်ထုပ်ပိုက်ပိုက် ထုတ် ဝေနိုင်ခဲ့တာတစ်ခုနဲ့တင် သူ့ကျေး ဇူးတရားက ကြီးလှပြီကိုး။ သို့က လို အစဉ်အလာ ထွန်းပြောင်တဲ့ ဘာသာပြန်စာပေအသင်းကြီးက ထုတ်ဝေတဲ့ စာအုပ်တွေပြောဖို့ဆို တာ ဆောင်းပါးတစ်ပုဒ်တည်းမှာ ရေးဖို့မဖြစ်နိုင်တော့ ကျုပ်တို့ မောင်ဥယျာဉ်က ဥပမာတစ်ခုပဲ အခုလို ထုတ်ဖော်ရေးသားသဗျာ။ ‘... အခုထိတိုင် လက်စွဲအသုံးပြု နေရတဲ့ မြန်မာအဘိဓာန်က ဘာ သာပြန်စာပေအသင်းကြီးရဲ့ အား ထုတ်မှုထဲက တစ်ခုဖြစ်ပါတယ်’ တဲ့။
ဟုတ်ပါရိုးလား ဘစီရဲ့ ချစ် ဆွေကြီးရဲ့။ မြန်မာနိုင်ငံ ဘာသာ ပြန်စာပေအသင်းကြီးက မြန်မာ အဘိဓာန်ပြုစုခဲ့တာ ကျုပ်ဖြင့် မသိလိုက်ရပါလားဆိုပြီး အငေါ့တူး လိုက်ချင်တာကလား။ နို့ပေတဲ့ သိတယ်ဟုတ်။ အဲဒီ မောင်ဥယျာဉ်ဆိုတာ ကျုပ်မန္တလေးရောက်ရင် ဆိုင် ကယ်တစ်စီးနဲ့ သွားချင်တဲ့နေရာ လိုက်ပို့တဲ့သူဆိုတော့ ပြောလည်း ပြောချင်တယ်၊ မပြောလည်းမပြောရဲဘူး ဖြစ်နေတာပေါ့။ သူ့ ကို မှားတယ်ပြောလို့ ဘယ်ဖြစ် မလဲ။ သူက ကျုပ် ဆရာကြီးပဲ ဟာ။ ဆိုတော့ကာ ‘ပညာရှိသတိ ဖြစ်ခဲ’လို့ပြောမှ တော်မယ်။
တကယ်တော့ မြန်မာစာ အဘိဓာန် (အကျဉ်း)ကို ပုံနှိပ်တဲ့ ၁၉၇၈ ခုနှစ်မှာ မြန်မာနိုင်ငံ ဘာ သာပြန်စာပေအသင်းဆိုတာကို စာပေဗိမာန်လို့ ပြောင်းပြီးပါ ပကော။ အနှီ မြန်မာအဘိဓာန် (အကျဉ်း)ကို အဲဒီအချိန် ပြည် ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊မြန်မာစာအဖွဲ့က ထုတ်ဝေတာဖြစ်ပြီး ရိုက်နှိပ်တာက ပြည်လမ်းက စာပေဗိမာန်ပုံနှိပ်တိုက်မှာတဲ့ ခင်ဗျ။ စုစုပေါင်း ငါးတွဲရှိ ပါသဗျာ။ ‘က’မှ ‘စ’အထိ တစ်တွဲ၊ ‘ဆ’မှ ‘န’အထိ တစ်တွဲ၊ ‘ပ’မှ ‘ယ’အထိ တစ်တွဲ၊ ‘ရ’မှ ‘ဠ’အထိ တစ်တွဲနဲ့ ‘အ’ အက္ခရာက တစ်တွဲ စုစု ပေါင်း ငါးတွဲပေါ့ခင်ဗျာ။ ၁၉၇၈ စက်တင်ဘာကနေ ၁၉၈၀ ဇူလိုင်လအတွင်း အနှီငါးတွဲကို ထုတ်ဝေ ခဲ့တာပါခင်ဗျာ။
ဘစီ အခုလို ရေးတာကို ဆဲ ဗင်းဒေးက အယ်ဒီတာမင်းများနဲ့ ရေးဖော်ဖြစ်တဲ့ စာရေးသူတွေက မေတ္တာရှေ့ထား နားလည်ပေးကြ မယ်လို့ ယုံကြည်တယ်ဗျာ။ အခု ခေတ်မှာ အမှားတွေ ရေးကြ၊ ပြောကြတာ အတော်များနေတယ်ခင် ဗျာ။ ဒါကလည်း အခုခေတ် ဖေ့စ် ဘွတ်ခ်လို လူမှုကွန်ရက်တွေပေါ် မှာ အလွယ်ရေး၊ အမြန်ရေး အ လှုပ်ရေးကြရာက အကျင့်ပါသွား တာများလားလည်း မသိပါဘူး။ ဆဲဗင်းဒေးသတင်းစာမှာ ပုံမှန်ဖော်ပြနေကျဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် က ‘အမှားတွေကြား အမှန်ရှာ’ဆို တဲ့ကဏ္ဍကို ဖတ်ကြည့်ရင် ဘယ် လောက်ကြီးတဲ့ အမှားတွေလည်း ဆိုတာ သိသာပါသဗျာ။
ဖေ့စ်ဘွတ်ခ်က အမှားတွေ က ရှိပါစေ။ ဖေ့စ်ဘွတ်ခ်မှာ အ လွယ်အမြန်ရေးကြတာလည်း ရှိ ပါစေ။ နို့ပေတဲ့ အဖြူပေါ် အမည်း တင်တဲ့ စာနယ်ဇင်းစာမျက်နှာမှာ ပုံနှိပ်တဲ့စာတွေကိုတော့ တတ်နိုင် စွမ်းသမျှ မှန်စေ့ချင်တယ်ခင်ဗျ၊ တိကျစေချင်တယ်ခင်ဗျ။ သတင်း စာဆိုတော့ ပိုဆိုးတယ်ခင်ဗျ။ အများသူငါ လက်တစ်ကမ်းမှာ ကောက်ကာငင်ကာ ဖတ်လေ့ရှိ ကြတဲ့ စာတွေကိုး။ စာဖတ်သူများ အမှတ်မှားသွားကြရင် သိသူတွေ အဖို့ ဟားစရာဖြစ်တာက တော် သေးတယ်။ မသိသူတွေအဖို့ အ မှားကို အမှန်ထင်ကုန်ရင် အခက် ဗျာ။ ပြီးတော့ သတင်းစာကို လည်း အယုံအကြည်နည်းမယ်။ သဟာကြောင့် ကျုပ်က အမှန်ကို ကြိုးစားရေးကြဖို့၊ ရေးပြီးရင် လည်း စိစစ်ကြဖို့ ဆန္ဒပြုတာပါ။ အသာစီးရလို့ ဆရာကြီးဝင်လုပ် တာ မဟုတ်ကြောင်းပါ ခင်ဗျာ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)
From : 7 Day daily news By: ဘစီ
Originally published at - http://www.7daydaily.com/story/98765
