နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အတ္ထုပတ္တိ. Show all posts
Showing posts with label အတ္ထုပတ္တိ. Show all posts

Thursday, July 21, 2016

ပြစ်တင်ကဲ့ရဲ့မှုများကြားက ယုံကြည်ရာ လျှောက်လှမ်းနေသည့် ဒီဂျေ မိန်းကလေး


မီးရောင် စုံတွေ ကြားမှာ မြူးကြွတဲ့ သံစဉ်တွေကို အချိုးကျ ရောစပ် နေသူက ချိုသဲ။ သူ့ကို ဒီဂျေ ကစ်တီ (DJ Kitty) လို့ သိကြတယ်။ သူ့အသက်က ၂၁ နှစ်၊ မီးရောင်စုံတွေ ကြားမှာ ဖျော်ဖြေရင်း သူ ညစဉ် ဖြတ်သန်းလေ့ ရှိတယ်။



“ဒီအသံ ကြားလိုက်ရင် ခံစားမှုက လက်တွေ ခြေတွေ ကတော့ လှုပ်နေ တာပဲ။ ဒီဟာကိုလည်း ကြိုက်ပါတယ်၊ ညီမ ၀ါသနာ ပါတယ်။ ဒီဟာကို လုပ်ဖြစ်ဖို့ ညီမ တော်တော် ကြိုးစား အားထုတ် ရတယ်။ တော်တော်လည်း ကြိုးစား ခဲ့ရတယ်၊ ဒီနေရာ ရောက်ဖို့ကို။ ဒီနေရာက ဘာမှ မဟုတ်သေးဘူး။ ဘာမှ မဟုတ်သေးတဲ့ နေရာလေးကို မရောက် ရောက်အောင် မနည်း ကြိုးစား ပြီးတော့မှ လာခဲ့ ရတာ။”

ချိုသဲ တယောက် ဒီဂျေ ပညာရပ်ကို ၂၀၁၄ ခုနှစ် အသက် ၁၉ နှစ်လောက်က စတင် လေ့လာ ခဲ့တာပါ။

ယောက်ျားလေး အများစုသာ ရှိနေတဲ့ ဒီဂျေ လောက ထဲမှာ ရပ်တည်နိုင်ဖို့ သူ အများကြီး ကြိုးစား ခဲ့ရတယ်။

“မိန်းကလေးတွေက မလုပ်နိုင်ဘူး။ ဒါက ယောက်ျားလေး လုပ်ရမယ့် အလုပ်တွေ၊ မိန်းကလေးတွေက ဒီဟာမျိုးတွေ နားမလည် ပါဘူး။ ဒီအကြောင်းတွေ ဘာမှမသိဘူး။ မိန်းကလေးတွေရဲ့ အားနည်းချက်လို ပြောတဲ့ အတွက် ပထမတော့ လုပ်ဖို့ အစီအစဉ် မရှိဘူး၊ ငါလည်း လုပ်နိုင် တာပဲဆိုပြီး တဖြည်းဖြည်း လေ့ကျင့်ရင်း လေ့ကျင့်ရင်း ကနေ အဲ့လိုမျိုး ဖြစ်လာတာ။”

သူ့ ဒီဂျေဘ၀ကို ၂၀၁၅ ခုနှစ် သင်္ကြန် မဏ္ဍပ်ပေါ်မှာ စခဲ့တယ်။

ညဥ့်နက်မှာမှ စတင်လှုပ်ရှား အသက်ဝင်တဲ့ ကလပ်တွေ၊ ဘားတွေမှာ ဖျော်ဖြေရတာမို့ မိန်းကလေးတယောက် အတွက် အလုပ်ချိန် ကလည်း အခက်အခဲ တခုပါ။

အရင်က ကလပ် တခုမှာ စပြီး အလုပ် လုပ်ချိန်က အဆင် မပြေမှုတွေ ကြုံတွေ့ ရတာကို သူ အမှတ်တရ ရှိနေ သေးတယ်။



“ပထမဆုံး စစဖွင့်တဲ့ အခါ ကျတော့ ကြိုက်တဲ့ သူလည်း ရှိတယ်၊ မကြိုက်တဲ့ သူလည်းရှိတယ်။ ညီမက ဒီ ကလပ်ရဲ့ အထာကို မသိတော့ သူတို့က အကြမ်း ကြိုက်လား၊ အပျော့ ကြိုက်လား ညီမ နားမလည်ဘူး။ အဲ့ကျတော့ သူတို့ ကလပ်မှာက အပျော့တွေ ဖွင့်တယ်၊ ညီမက ဒုန်းဒုန်းဒိုင်းဒိုင်း အကြမ်းကြီးတွေ ဖွင့်တယ်။ အဲ့ကျတော့ အဆင် မပြေဘူး။

ညီမ ဖွင့်နေတဲ့ အချိန် ၁၅ မိနစ်နဲ့ ရပ်လိုက် ရတာ၊ နာရီဝက်နဲ့ ရပ်လိုက် ရတာတွေ ရှိတယ်။ အဲ့ကျတော့ ဖယ်ပေး ရတယ်။ တခြားလူ ၀င်အစား ထိုးတာတွေ ရှိတယ်။ အဲ့ကျတော့ အဆင် မပြေတာတို့ ဘာတို့ ဖြစ်လာတယ်။ တခါတလေ ကျလို့ ရှိရင် ကိုယ့် ကိုယ်ကိုယ် အားမရဘူး။ နောက်ပိုင်း ကျတော့ အဲ့လို သွားရ လာရ တာလည်း ညီမအတွက် အဆင် မပြေတော့ဘူး။ အဲ့ဒါကြောင့် ညီမ နားလိုက်တာ အဲ့ အလုပ်ကို။”

“အခုလက်ရှိတော့ တော်တော်ကို လေ့လာနေရတယ်။ ကိုယ်ကိုယ်တိုင်လည်း ကလပ်မှာ သီချင်း ဖွင့်နေပြီ ဆိုတော့ အရင်တုန်း ကလို ဒီတိုင်း လေ့ကျင့်နေလို့ မရဘူး။ သီချင်းတွေ ဒေါင်းလုပ် ဆွဲရတယ်။ သီချင်းတွေ တနေ့ တနေ့ စီရတယ်။ သီချင်းတွေ အမျိုး အစားခွဲရတယ်။ နေ့တိုင်းတော့ လုပ်ဖြစ်တယ်။”

ချိုသဲ အပါအ၀င် မျိုးဆက်သစ် ဒီဂျေ များစွာကို မွေးထုတ်ပေး ခဲ့ပြီး ဒီဂျေသမား အဖြစ်နဲ့ ဆယ်စုနှစ် တခုကျော် ဖြတ်သန်းခဲ့ဖူးတဲ့ DJ Icez ဟာ လက်ရှိမှာလည်း Juezi Music Center မှာ Head Instructor အဖြစ်နဲ့ ဒီဂျေဆိုင်ရာ ဘာသာ ရပ်တွေကို သင်ကြား ပေးနေသူပါ။

“လက်ရှိ ဒီဂျေလောက ထဲမှာ သီချင်းတီးနိုင်တဲ့ သူကတော့ ပိုပြီး နာမည် ရတာပေါ့နော်။ Producer တွေပေါ့၊ သူတို့ကြိုးစားလေ သူတို့နာမည် ရလေပဲ။ Producer မဟုတ်ဘဲ ဒီတိုင်း Remixing ပိုင်းသွားပြီး ကြိုးစားတဲ့ သူတွေလည်း ရှိပါတယ်၊ ရန်ကုန်မြို့မှာ အများကြီး။ သူ့ဟာနဲ့ သူတော့ ကြိုးစားနေ ကြပါတယ်။ အရင်ကထက် စာရင်တော့ ဒီဂျေတွေက ပိုပြီး လက်စွမ်း ထက်လာ ကြပါတယ်။ အရင်ကထက် စာရင်တော့။”

“အခုဆိုရင် မိန်းကလေး ဒီဂျေတွေက သင်လာကြတယ်၊ စိတ်ဝင်စား လာကြတယ်။ အိမ်တွေက ခွင့်ပြုချက် ယူလာဖို့လည်း ပြောထား ပါတယ်။ မိန်းကလေးဒီဂျေတွေက ရန်ကုန်မြို့မှာ ရှားပါတယ်။ သူတို့က မိန်းကလေးဖြစ်နေ တာကလည်း တကြောင်းပေါ့။ တချို့ ကျတော့လည်း ရှက်တယ်၊ ကြောက်တယ်ပေါ့။ ကိုယ်ကိုယ်တိုင် ကလည်း စင်မြင့်ပေါ်မှာ ဖျော်ဖြေ ရတဲ့ အခါကျတော့ အောက်မှာ လူတွေ ကလည်း အများကြီး ကနေတဲ့ အခါကျရင် တချို့ မိန်းကလေးတွေက ကြောက်တာတွေ၊ မလုပ်ရဲ တာတွေ ရှိတယ်။”

လက်ရှိ ရန်ကုန်မြို့မှာ ဒီဂျေအဖြစ်နဲ့ လုပ်ကိုင်နေတဲ့ မိန်းကလေး အရေ အတွက်ဟာ လက်ချိုးရေတွက်နိုင်တဲ့ အရေ အတွက်သာ ရှိသေးပြီး ယောကျာ်လေး ကတော့ အယောက် ၄၀ ကျော်လောက် ရှိပါတယ်။

လက်ရှိအချိန်ထိ မိန်းကလေးတွေ နိုက်ကလပ် သွားတဲ့ အလေ့ အထဟာ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ သဟဇာတ ဖြစ်တဲ့ အနေအထားမျိုးမှာတော့ မရှိသေးပါဘူး။

ချိုသဲတို့လို နိုက်ကလပ်မှာ အလုပ် လုပ်တဲ့ သူတွေ အတွက်ကတော့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေနဲ့ ထိပ်တိုက် ရင်ဆိုင် ရတော့တာပါပဲ။



“ဆိုးဆိုးဝါးဝါးက ညီမဖြတ်လျှောက်တဲ့ အချိန် ညီမဘေးနားမှာ ထိုင်ပြောနေ တာကို ညီမ ကြုံရတယ်။ တော်တော် ဆိုးဆိုး ၀ါးဝါးကို အိမ်ရှေ့ မှာထိ လာပြော တာကို ကြုံရတယ်။ သူက ဒီဂျေ လုပ်နေတာ၊ ဒီဂျေ ဘာမှ လုပ်စားလို့ မရဘူး၊ ပိုက်ဆံလည်း မရဘူး၊ အလကား ညဘက် ကလပ်မှာ လုပ်ရတဲ့ အလုပ်ကြီး၊ အဲ့လိုမျိုး အိမ်ရှေ့မှာ လာပြီး အပြော ခံရတယ်၊ အဲ့လိုမျိုးတွေ ရှိတယ်။”

“ညီမနေတာက တိုက်ခန်းနဲ့ မဟုတ်ဘူး။ ရပ်ကွက်ထဲမှာ နေရတာလေ။ သူတို့တွေက ညီမ မနက်ပြန်လာပြီ ဆိုရင် ကြည့်ကြတယ်၊ အတင်းတွေပြောကြတယ်။ ညီမသိတယ်။ ဒါပေမယ့် ညီမ မမှုဘူး။ ဒါ ညီမလျှောက်နေ တဲ့လမ်း၊ ညီမ မဟုတ်တာ လုပ်နေတာ မဟုတ်ဘူး၊ ညီမ ဆက်လျှောက်နေမှာပဲ။”

ပတ်ဝန်းကျင်ရဲ့ ဝေဖန် တိုက်ခိုက်မှုတွေတင် မကသေးပါဘူး။ အဖေဖြစ်သူ ကလည်း ဒီဂျေ အလုပ် လုပ်နေတာကို လုံးဝ မနှစ်သက်ပါဘူး။

“ကလပ်မှာ အလုပ် လုပ်နေတယ်၊ ဒီဂျေလုပ်နေတယ်၊ အဲ့လိုပြော လိုက်တော့ သူ ဒေါသ ထွက်သွားတယ်။ မကြိုက်ဘူးပေါ့နော်။ ဒီလို လုပ်တာကို လုံးဝမကြိုက်ဘူး။ ဘာလုပ်တယ် ဆိုတာကို သူ့ကိုပြောပြတယ်။ ဓာတ်ပုံတွေလည်းပြတယ်။ ပွဲအတွေ့ အကြုံပုံတွေ ပြတယ်။ ဒါပေမယ့် သူ လုံးဝ မကြိုက်ဘူး၊ မလုပ် ပါနဲ့တဲ့။ အဲဒါနဲ့ အဖေနဲ့လည်း စကား မပြော ဖြစ်တော့ဘူး။ အခုတော့ စကားပြန်ပြော ဖြစ်ပေမယ့် လက်ခံလာတဲ့ ပုံတော့ မပေါက်သေးဘူး။”

ဘာတွေပဲ ဖြစ်ဖြစ် ချိုသဲကတော့ သူရွေးချယ် ထားတဲ့ ဒီလမ်းကို ခရီးဆုံးတိုင် လှမ်းလျှောက် သွားဖို့ ဆုံးဖြတ် ထားပြီးနေပါပြီ။

“ညီမခံယူထား တာကတော့ ညီမ လုပ်နိုင်တဲ့ အချိန်ထိကို လုပ်မှာ။ အသက်တွေ ဘာတွေ ကြီးသွားလို့ ကိုယ်မလုပ်နိုင်ဘူးဆိုတော့တဲ့ အချိန်ကျမှ ညီမ နားဖို့ အစီအစဉ် ရှိတယ်။ နားတယ် ဆိုတာ ရပ်ပစ် လိုက်ဖို့ မျိုးတော့ မဟုတ်ဘူး။ ညီမ ဒါကို ဆက်လုပ်နေ ဦးမှာပဲ။ အခုက Mixing ပိုင်းပဲ ရှိသေးတာလေ။ သီချင်း တီးဖို့တွေ ဘာတွေ ရှိသေးတယ်။ ဒါတွေက ထပ်သင် ရဦးမှာ။ ညီမအတွက် လိုတာတွေ အများကြီး ရှိသေးတယ်။”

ပြည့်ဖြိုးကျော်

From ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/160099

Read More »

ဂေးလ်အလှမယ် မျိုးကိုကိုစန်းရဲ့ ငယ်ဘဝ


လူတိုင်းမှာ ငယ်ဘ၀ ရှိကြ ပါတယ်။ ငယ်ငယ် တုန်းက ကလေး ဘ၀ကို အရွယ် ရောက်တဲ့ အခါ ပြန်တွေး ကြည့်ရင် လူတိုင်း အမှတ်ရ စရာတွေ ကိုယ်စီဘဲ ရှိကြတာပါ။ ငယ်ငယ် တုန်းက ရှင်သန် နေထိုင် ကြီးပြင်း ခဲ့ပုံတွေဟာ လူကြီး ဖြစ်လာတဲ့ အခါ မတူညီပဲ ခြားနား သွားပါတယ်။ တချို့က နေထိုင်ပုံ အကျင့် စရိုက်တွေ ပြောင်းလဲ သွားပြီး တချို့က ရုပ်ရည် အသွင် အပြင်တွေ ပြောင်းလဲ သွားတတ် ကြပါတယ်။

တချို့က အသက်ကြီး လာတဲ့ အထိ ငယ်ရုပ် မပြောင်းတဲ့ သူတွေ ရှိသလို၊ ငယ်ငယ် တုန်းက ပုံနဲ့ လက်ရှိပုံ မမှတ်မိ လောက်အောင် ပြောင်းလဲ သွားတဲ့ သူတွေလည်း ရှိပါတယ်။ လူတိုင်း ကိုယ်စီမှာ ရှိခဲ့တဲ့ ငယ်ဘ၀ တွေဟာ တယောက်နဲ့ တယောက် မတူညီဘဲ စိတ်ဝင်စားဖို့ ကောင်းလှ ပါတယ်။ အဲဒီထဲမှာမှ LGBT လို့ခေါ်တဲ့ (Lesbian, Gay, Bisexual, Transgender) တို့ရဲ့ ဘ၀က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အလယ်တန်းကျောင်းသား မျိုးကိုကိုစန်း(ဓာတ်ပုံ – မျိုးကိုကိုစန်း facebook)


ယောက်ျားလေး တယောက် ဖြစ်ပေမယ့် ငယ်ငယ် ကတည်းက မိန်းကလေး ဖြစ်ချင်စိတ် ရှိခဲ့ပြီး ယခု အသက် ၂၂ နှစ် အရွယ်မှာ မိန်းကလေး တယောက်လို ပြင်ဆင်
ပြုမူ နေထိုင်နေတဲ့ Miss International Queen Myanmar 2015 ဂေးလ် အလှမယ် မျိုးကိုကိုစန်းရဲ့ ငယ်ဘ၀ ကလည်း စိတ်ဝင်စား စရာပါ။

မိသားစုနှင့်အတူ ၀ဲဘက်အစွန်တွင် ရပ်နေသူ မျိုးကိုကိုစန်း


ဖခင် ဦးစန်းငွေ၊ မိခင် ဒေါ်သန်းသန်းရီ တို့မှ မွေးဖွားပြီး မွေချင်း အစ်ကို အကြီးဆုံး ကိုအောင်ဆန်းဦး၊ အငယ်ဆုံးညီ ကိုကျော်ဇင်ကိုနဲ့ မိသားစု ၅ ယောက်မှာ သူက အလတ် ဖြစ်ပါတယ်။

သူငယ်တန်းကနေ ၄ တန်း အထိ မန္တလေး အ.မ.က (၈) မှာ ကျောင်းတက် ခဲ့ပြီး ၅ တန်း ကနေ ၁၀ တန်းအထိက မန္တလေး အ.ထ.က (၁၂) ကျောင်းမှာ ပညာသင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ မန္တလေး နည်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ်။

“ငယ်ငယ်တုန်းက စကားပြောရင် “ဘာဖြစ်တာတော့” ဆိုပြီး စကားပြောရင် ‘တော့’လို့ ပြောတာ ညီမ အဖိုးက မကြိုက်ဘူး။ အဲဒီလို ပြောတဲ့အခါမျိုး နည်းနည်း မိန်းကလေး ဆန်သွားတဲ့ အခါမျိုးဆို အဖိုးက ညီမ ဗိုက်ခေါက်ကို ဆွဲလိမ်တယ်။ ညီမအဖိုးကတော့ ညီမ ၂ တန်းလောက်ကတည်းက ဆုံးသွားတယ်။ အဖိုးသာရှိရင် ညီမ ဒီလိုမျိုး ဖြစ်လာမယ် မထင်ဘူး။ ငယ်ငယ်တုန်းက အဖိုးကို ကြောက်ရတယ်” လို့ မျိုးကိုကိုစန်းက သူ့ငယ်ဘ၀ကို ပြောပါတယ်။

“ငယ်ငယ်တုန်းကတည်းက တယောက်တည်းပဲ နေခဲ့တယ်။ အပေါင်း အသင်းလည်း သိပ်မရှိဘူး။ ယောက်ျားလေး သူငယ်ချင်း တွေလည်း မရှိဘူး။ ယောက်ျားလေး ကစားနည်း တွေလည်း မကစားခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေတယ်။ စာလုပ်တယ်၊ တခါတလေ မိန်းကလေး တွေနဲ့ ကစားတယ်” လို့ သူက ဆက်ပြော ပါတယ်။

ပထမ စစချင်းတော့ မိသားစုမှာ အစ်ကိုနဲ့ ညီက ညီအစ်ကို ၃ ယောက်မှာ မတူညီ ကွဲပြားနေတဲ့ မျိုးကိုကိုစန်းကို လက်မခံ နိုင်ပေမယ့် အမေဖြစ်သူရဲ့ စကားကြောင့် အခုတော့ တဖြည်းဖြည်း လက်ခံ လာပြီလို့ သူက ဆိုပါတယ်။

Miss International Queen Myanmar 2015 အလှမယ် မျိုးကိုကိုစန်း


မိန်းကလေး တယောက်လို ပြောင်းလဲ ၀တ်ဆင် ပြုမူ နေထိုင်ဖြစ် လာတာ ကတော့ Miss International Queen Myanmar 2015 ပြိုင်ပွဲမှာ သရဖူ ရရှိပြီးနောက်မှာ စတင် ခဲ့တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ကျောင်းတက်နေရင်း အိမ်က မသိအောင် ၀င်ပြိုင် ခဲ့တဲ့ အတွက် သရဖူ ရရှိပြီးနောက် နိုင်ငံခြားမှာ သွားရောက် ယှဉ်ပြိုင် ရမယ့် အကြောင်း အိမ်ကို ပွင့်ပွင့် လင်းလင်း ပြောဆိုပြီး နေထိုင် လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပထမတော့ အဖေက လုံးဝ လက်မခံဘူး။ ညီမကို စကားလည်း မပြောဘူး။ အမေ ကတော့ ညီမ စိတ်ကို နဂိုကတည်းက ရိပ်မိသိနေလို့လားမသိဘူး။ ညီမသေချာပြောပြ ရှင်းပြတော့ လက်ခံတယ်။ အဖေက စစချင်းမှာ ညီမကို စကား တခွန်းမှ လုံးဝမပြောဘဲ အခုတော့ အဖေက ညီမကို နားလည် လက်ခံ လာပါပြီ” လို့ ဆိုပါတယ်။

LGBT တယောက်ဖြစ်နေလို့ ငယ်ငယ် တုန်းက စနောက် ခံခဲ့ရတာတွေ ရှိပေမယ့် အေးဆေး နေတတ်တဲ့ သူ့ပုံစံကြောင့် ရွယ်တူ သူငယ်ချင်းတွေ ကြားမှာ အနိုင်ကျင့် ခံရတာမျိုး မရှိခဲ့ ဘူးလို့ သူက ဆိုပါတယ်။

“ငယ်ငယ်က ဖြစ်ချင် ခဲ့တာက အနုပညာ တက္ကသိုလ် တက်ပြီး မြန်မာ့ သဘင်ပညာကို သင်ယူ ချင်တယ်။ ပြီးတော့ နိုင်ငံကျော် Professional သဘင် ပညာရှင် တယောက် ဖြစ်ချင် ခဲ့တာပါ”လို့ မျိုးကိုကိုစန်းက သူ့ရဲ့ ငယ်ဘ၀ စိတ်ကူး အိပ်မက်ကို ပြောပြ ပါတယ်။



လက်ရှိမှာတော့ သူဟာ ၂၀၁၅ ခုနှစ်၊ Miss International Queen Myanmar 2015 ပြိုင်ပွဲမှာ သရဖူ ရရှိခဲ့တဲ့ အလှမယ် တဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Miss International Queen 2015 ကို သွားရောက် ယှဉ်ပြိုင် ခဲ့တာပါ။ ပွဲမှာ သရဖူနဲ့ လွှဲခဲ့ ရပေမယ့် မျိုးကိုကိုစန်းကို ခေါင်းဆောင် မင်းသမီး အဖြစ် ရုပ်ရှင်ရိုက်ဖို့ အထိ ကမ်းလှမ်း ခံခဲ့ရ ဖူးပါတယ်။

အကြောင်းကြောင်းတွေကြောင့် မရိုက်ဖြစ် တော့တဲ့ ရုပ်ရှင်ဇာတ်ကား အကြောင်း ကိုတော့ “မရိုက်ဖြစ်ဘူး ဆိုတာက ပထမအချက်က ညီမ အသံပိုင်းပေါ့။ ညီမအသံကို မိန်းကလေး တယောက် အသံနဲ့ အစားထိုးပြီး ရိုက်မယ် ဆိုတော့ ပထမ တခါ မရိုက်တော့ဘူးလို့ လုပ်လိုက်သေးတယ်။ သူငယ်ချင်းတွေနဲ့ Organization က ညီမကို ရိုက်ပါ။ ဒါကိုယ့်ရဲ့ အခွင့်အရေး တခုပဲ၊ အသံ အစား ထိုးလည်း ကိစ္စ မရှိဘူးဆိုပြီး ဖျောင်းဖျ ကြတယ်။

ဒါပေမဲ့ ရိုက်ဖြစ်တဲ့အချိန်မှာ နည်းနည်း ကတောက်ကဆ ဖြစ်သွားတယ်။ အဲ့ဒီလို ကတောက်ကဆ လေးတွေကြောင့် ဒီကိစ္စကိုလည်း မရိုက်တော့ဘူး ဆိုပြီး ညီမဘက်က စငြင်း လိုက်တယ်” လို့ ဆိုပါတယ်။



နောက်ပိုင်းမှာ မျိုးကိုကိုစန်းအနေနဲ့ လိင်ပြောင်းဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။ ဒီလို လိင်ပြောင်းလဲမှု လုပ်ရခြင်းဟာလည်း မိန်းမ စစ်စစ် မဟုတ်ဘူး ဆိုရင်တောင် မိန်းမ တယောက်နဲ့ အနီးစပ်ဆုံး တူတဲ့ မိန်းမအဖြစ် ယုံကြည်မှု ရှိချင်တာကြောင့်လို့ သူ့ရဲ့ခံယူချက်ကို ပြောပြပါတယ်။ တကယ်လို့များ လုပ်ဖြစ်မယ် ဆိုရင်တော့ ရင်သား ခွဲစိတ်မှုကို အရင်ပြုလုပ် ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

LGBT တွေရဲ့ အချစ်ရေးကလည်း စိတ်ဝင်စားဖို့ ကောင်းတော့ သူ့အချစ်ရေးကို အနည်းငယ် မေးမြန်းကြည့်တဲ့အခါ “အမှန်အတိုင်းဝန်ခံရရင်တော့ ချစ်သူရည်းစား ရှိပါတယ်။ ကိုယ်အနေနဲ့ ဒီတယောက်နဲ့ အသက်ထက်ဆုံး တွဲချင်တယ်ပေါ့။ ဒါပေမယ့် သူ့ဘက်က ဘယ်လိုလဲ ဆိုတာ သေချာ မသိဘူး။ သူ့ဘက်က ဒီလိုမျိုး လူတယောက်နဲ့ သေသေချာချာ လက်တွဲနိုင် ပါ့မလား။ သူ့ကိုယ်သူ ယုံကြည်မှု ရှိလား၊ သူ့ကိုယ်သူ သတ္တိရှိလား၊ နောက်ဆုံး သူ့အသိုင်း အ၀န်းက သိသွားရင် သူသတ္တိ ရှိလား။ နှစ်ဖက်မိဘ အဲ့ဒါလေးတွေ ရှိတော့ သူ့အပေါ်မှာလည်း အများကြီး မူတည်ပါတယ်” လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး “LGBT ဖြစ်တာ ရှက်စရာ မဟုတ်ဘူး။ ရှက်စရာဖြစ်နေရင်တောင် အများက အထင်သေး မခံရအောင် အပြုအမူ၊ အပြော အဆို အနေ အထိုင်တွေ ဆင်ခြင်ပြီး ပြောင်းလဲ မယ်ဆိုရင် LGBT အပေါ် အထင်မြင် သေးနေတဲ့ အမြင်တွေလည်း ပြောင်းလဲ သွားမှာပါ” လို့ မျိုးကိုကိုစန်းက သူ့သဘောထားကို ပြောဆိုပါတယ်။

From : ဧရာဝတီ by htet htet

Originally published at - http://burma.irrawaddy.com/lifestyle/2016/07/21/118769.html

Read More »

Thursday, April 23, 2015

"တကယ်တော်တဲ့ လူငယ်နိုင်ငံရေး သမားတွေ ပေါ်ထွန်းစေချင်တယ်"



အောင်ဇင်
အသက် (၂၂) နှစ်
Chairman (Myanmar Youths Capacity Building Network)

ကျနော် “မြန်မာလူငယ်များ စွမ်းဆောင် ရည် မြှင့်တင်ရေး ကွန်ရက် (Myanmar Youths Capacity Building Network)” မှာ ဥက္ကဌ အဖြစ် တာဝန်ယူ ပြီး အလုပ် လုပ်နေတယ်။ ကျနော့် ပညာ အရည် အချင်းက AGTI (CNC, Computer Numerical Control) နဲ့ ပြီး ထားတယ်။ ပြီးတော့ ကျနော် ကျောင်းနား လိုက်ရတယ်။ လက်ရှိ ပြီးခဲ့တဲ့ နှစ်နှစ် လောက်က စပြီး ကျနော် ဒုတိယနှစ် ဥပဒေ ပြန်တက် နေတယ်။ Diploma in IT လည်း တက်ထားတယ်။

ကျနော် Myanmar Youths Capacity Building Network မှာ မလုပ်ခင်က တခြား လူငယ်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ အဖွဲ့အစည်းတခုမှာ ကျနော်လုပ်ရင်းလုပ်ရင်းနဲ့ အားမရတာတခုကို သွားတွေ့တယ်။ ဘာကို အားမရတာလဲဆိုတော့ ကျနော်က Capacity Building ကို သွားချင်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း Youth တွေက Charity တို့ ဘာတို့ဖက်သွားတယ်။

အဲဒါနဲ့ ကျနော်က ကိုယ့်ဘာသာကိုယ် လုပ်ကြည့်ချင်တယ်ဆိုပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျနော် ဒီ “မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ယက် (Myanmar Youths Capacity Building Network)” ကို ကျနော် အပါအဝင် ကျနော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ စပြီး ထူထောင်ခဲ့ကြတယ်။

ကျနော်တို့ အဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်နိုင်ငံရေးသမား များများပေါ်စေချင်တယ်။ Capacity Building Network လို့သုံးပြီး ဘာကြောင့် နိုင်ငံရေးသမားလို့သုံးလဲဆိုတော့ ကျနော်တို့ဆီမှာ တခြား Management ဘာညာ၊ အဲဒီလို Capacity တွေများတယ်။ ကျနော်က အဲဒါထက် လူငယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဲဒီလိုမျိုးတွေ များများပေါ်ထွက်လာစေချင်တယ်။ အဲဒါကြောင့် ဒီအဖွဲ့အစည်းကို စပြီး တည်ထောင်ခဲ့တာပါ။

အဖွဲ့အစည်း အင်အားအနေနဲ့က မြန်မာတနိုင်ငံလုံး အနေနဲ့ဆို အဖွဲ့ဝင်အင်အား ၇၀၀ ကျော်လောက် ရှိပါပြီ။ ကျနော်တို့ အဖွဲ့က ရန်ကုန်ကို အခြေစိုက်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ အဖွဲ့တွေ ဆက်ဖွဲ့ပေးထားပါတယ်။ ကျနော့အဖွဲ့က Activity အနေနဲ့ ပုံမှန်အားဖြင့် Myanmar Youths Capacity Building Network အပြင် Myanmar Youth Leadership Academy ဆိုပြီးတော့ မြန်မာ့လူငယ်ခေါင်းဆောင်မှု သင်တန်းကျောင်းဆိုပြီး ဖွင့်ထားပါတယ်။

အဲဒီမှာ သုံးလတကြိမ် Leadership သင်တန်းတွေ ပေးတယ်။ Leadership ဆိုတဲ့ နေရာမှာ Political Leadership သင်တန်းတွေ ကျနော် များများပေးဖြစ်တယ်။ နောက်ပြီး ကျနော် နယ်တွေမှာ လူငယ်တွေကို အဓိကထားပြီး Civil Education နဲ့ Voter Education တွေ သင်တန်းပေးဖြစ်တယ်။ နောက်ပြီး ကျနော် Understanding the Law လို့ခေါ်တဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ သင်တန်းတွေ လိုက်ပြီး ပေးဖြစ်ပါတယ်။

ကျနော့် ဝါသနာကို ပြောရရင် ကျနော်ငယ်ငယ်တုန်းက ဆယ်တန်းအောင်ပြီးခါစက ဥပဒေနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းပြုချင်တာ။ ရှေ့နေပဲဖြစ်ဖြစ်၊ တရားသူကြီးပဲဖြစ်ဖြစ် ကျနော်ဖြစ်ချင်ခဲ့တာ။ အသက်ကြီးလာတဲ့ အခါ ပိုပီပြင်လာတာက ကျနော် ရှေ့နေတယောက် ဖြစ်ချင်ခဲ့တာ။ အဲဒီမှာ ကျနော့်မိသားစုက ဆယ်တန်းအမှတ်စာရင်းကို ကြည့်ပြီး ကျနော့်ကို နည်းပညာတက္ကသိုလ် GTC ကို အတင်းပို့တယ်။ အဲဒီမှာ ကျနော်က စိတ်မဝင်စားတော့ AGTI အထိပဲ တက်ခဲ့ပြီး အခုလက်ရှိမှာ ဥပဒေကိုပဲ ပြောင်းတက်ခဲ့တယ်။

အားကစားကိုတော့ ကျနော်ငယ်ငယ်ကတည်းက ဟုတ်တိပတ်တိ မလုပ်ခဲ့ဘူး။ ကျနော် စိတ်ဝင်စားတာက စာဖတ်တာကို ပိုပြီး စိတ်ဝင်စားခဲ့တယ်။ ကျနော် မြန်မာသီချင်းအေးအေးလေးတွေ၊ ဒါမှမဟုတ် စန္ဒရားသံ အေးအေးလေးတွေ နားထောင်ပြီး စာဖတ်ရတာကို သဘောကျတယ်။ ဘယ်လို စာပေအမျိုးအစားတွေ ဖတ်ဖြစ်လဲဆိုရင် ကျနော် သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ ဥပဒေ အဲဒီစာအုပ်တွေ ဖတ်တယ်။ ဝတ္ထုဘက်ဆိုရင် ကျနော် ကြိုက်တဲ့ စာရေးဆရာက ဆရာမ ဂျူးပါ။ ကျနော် အားလပ်တဲ့အချိန်တွေကို စာအုပ်တွေ ဖတ်တယ်။

ကျနော့် အနာဂတ် ရည်မှန်းချက်ပန်းတိုင်ကို ပြောပါဆိုရင် ကျနော် မြန်မာပြည်မှာ တကယ် အရမ်းကိုတော်တဲ့ ရှေ့နေတယောက်ဖြစ်ချင်ပါတယ်။ ကျနော် အများကြီး မျှော်မှန်းမထားပါဘူး။ ကျနော်တို့ အဖွဲ့အစည်းလေးကို ဒီထက်ပိုကောင်းအောင် လုပ်သွားချင်တယ်။ လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး Funding လုပ်နေတာတွေ ရှိတယ်။ ဥပမာ- Civil Education နဲ့ Voter Education သင်တန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ Fund တွေနဲ့ လုပ်ပေးတယ်။ လူငယ်တွေနဲ့ ပတ်သက်ပြီး သင်တန်းတွေ များများ ပေးသွားချင်တယ်။

ကျနော့် အနေနဲ့ လူငယ်တွေအပေါ် အမြင်ဆိုရင် ဒီနေ့ လက်ရှိ ၂၁ ရာစုမှာ ရပ်တည်နေတဲ့ လူငယ်တွေ ကျနော့်ထက် အကုန်တော်ကြတယ်။ သူတို့တွေ များများလုပ်နိုင်တယ်။ ကျနော်တို့ ငယ်ငယ်က မြင်ခဲ့ကြတဲ့ လူငယ်တွေနဲ့ လက်ရှိ ကျနော်တို့မြင်နေရတဲ့ လူငယ်တွေ မတူကြဘူးဗျ။ ကျနော်တို့ ငယ်ငယ်တုန်းက မြင်ခဲ့တဲ့ လူငယ်တွေဆိုတာက ခေတ်ကာလကလည်း အရမ်းကြီး မတိုးတက်သေးတော့ ဘာမှ မလုပ်နိုင်ကြသေးဘူး။ အခုခေတ် လူငယ်တွေ အားလုံးလုပ်နိုင်ကြတာကို တွေ့ရပါတယ်။

နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေလို့ ဆိုရင် ကျနော်တို့ ဒီနေ့ခေတ်မှာလေ နိုင်ငံရေးကို စိတ်ဝင်စားတာလား ပေါ်ပြူလာဖြစ်ဖို့ကို စိတ်ဝင်စားတာလားဆိုတာကို အရင်မေးရပါမယ်။ ကျနော်တို့ အဖွဲ့က လူငယ်နိုင်ငံရေးသမားများများ ပေါ်ထွန်းစေချင်တယ်ဆိုတာ တကယ်တော်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ပေါ်ထွန်းစေချင်တာ။ တကယ့်ကိုတော်ပြီး တတ်သိတဲ့ လူငယ်နိုင်ငံရေးသမားတွေ အများကြီး ရှိလာစေချင်တယ်။ ပေါ်ပင်ဖြစ်ချင်ရုံ သက်သက်နဲ့ နိုင်ငံရေးလုပ်နေတာမျိုးတွေတော့ ကျနော် မဖြစ်စေချင်ပါဘူး။

ဒီနှစ်သင်္ကြန်ကျနော်တို့ လုပ်ခဲ့တာလေးတခုရှိတယ်။ သင်္ကြန်မတိုင်ခင် ရှေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲအကြိုဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ကနေ အကြိုမဲစာရင်း ရန်ကုန်က မြို့နယ် ၁၀ မြို့နယ်မှာ ကပ်တယ်။ ကပ်တဲ့အခါမှာ ပြည်သူလူထု စိတ်ဝင်စားမှုရှိမရှိ လေ့လာကြည့်တဲ့အချိန်မှာ လူထုစိတ်ဝင်စားမှု နည်းတယ်။ လူငယ်တွေ စိတ်ဝင်စားမှု လုံးဝ မရှိဘူး။

အဲဒီလို အနေထားမျိုး ရှိတဲ့အတွက် သင်္ကြန်မှာ လူငယ်တွေ မဲပေးမှုအပေါ်ကို စိတ်ဝင်စားအောင် လူငယ်တွေ စိတ်ဝင်စားတဲ့ အနုပညာနဲ့ သင်္ကြန်မှာ အလှပြယာဉ်ထွက်ပြီး လူငယ်တွေကို တိုက်တွန်းကြရအောင်ဆိုပြီး ရည်ရွယ်ခဲ့ကြတယ်။ အဲဒီမှာ ကံအားလျော်စွာပဲ International Republican Institute ကနေ ကျနော်တို့ကို Fund ပေးတဲ့အတွက် ကျနော်တို့ သင်္ကြန်တွင်းမှာ “We Vote For Us’’ ဆိုပြီး လူငယ်တွေကို မဲပေးဖို့ တိုက်တွန်းတဲ့ သင်္ကြန်အလှပြယာဉ် ထွက်ပြီး ဖျော်ဖြေတဲ့ အစီအစဉ်လေး လုပ်ဖြစ်ခဲ့ပါတယ်။

သီဟတိုး

The Irrawaddy's Blog by thae thae
http://blog.irrawaddy.org/2015/04/blog-post_46.html

Read More »

Tuesday, August 20, 2013

စာရေးဆရာကြီး ဒဂုန်တာရာ ရဲ့ အတ္ထုပတ္တိ အကျဉ်း



မွေးသက္ကရာဇ်၁ဝ၊ ၅၊ ၁၉၁၉
အမည်ရင်းဦးဌေးမြိုင်
မိဘအမည်ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွား ဒေသထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ)
ကျိုက်လတ်မြို့နယ်
ကလောင်ခွဲများမြိုင်သဇင်၊ မောင်နန်းနွယ်၊
စောထွတ်၊ ဦးတိုး၊ မောင်
လင်းထက်၊ ဗညား သီဟ၊
ဦးဒဂုန်

ထင်ရှားကျော်ကြားမှု - မြန်မာ့သမိုင်းဆိုင်ရာတွင်
အားကိုးလောက်သောကျမ်းများကို အင်္ဂလိပ် မြန်မာ
ဘာသာများဖြင့် ပြုစုခဲ့ , ရာထူးစည်းစိမ်ကို မက်မော
ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား ခဲ့သည်။

ဆရာ ဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင် ကျောင်းတွင် ပညာ
သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန်
ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။

၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင် သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပ
ညာ သင်ကြား ခဲ့သည်။

► ကိုယ်ရေး ဖြစ်စဉ်

ဆရာ ဒဂုန်တာရာသည် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ရေနံမြေ စည်းရုံးရေးကိုယ်စားလှယ်၊
တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များ
ကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာ ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ်
အမှုဆောင် မြန်မာ - ဆိုဗိယက်ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး
ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ
ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။

ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အ
မည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆
ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။

ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်
ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။ဆရာ၏
ရုပ်ပုံလွှာ အဖွဲ့အနွဲ့များမှာ အထူးထင်ရှားလှပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို"
အောင်ဆန်း ( သို့မဟုတ် ) အရိုင်း" ဟူ သောအမည်ဖြင့် ရေးဖွဲ့ခဲ့သည်။

၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊
အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေ ဗိမာန် ဝတ္ထုတို
ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်
တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။

ယခုအခါ ဆရာသည် ရှမ်းပြည်နယ် အောင်ပန်း မြို့တွင်နေထိုင်ခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့ တွင် ကွယ်
လွန်သွားခဲ့ပါသည်။

Popular Myanmar News Journal
Read More »