နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label အားကစားဆောင်းပါး. Show all posts
Showing posts with label အားကစားဆောင်းပါး. Show all posts

Sunday, June 26, 2016

လူငယ်တွေကြား ရေပန်းစားလာတဲ့ အားကစား




ဒီနေ့ အိုင်တီ နည်းပညာ ခေတ်၊ ဒီဂျစ်တယ် ခေတ်မှာ လှုပ်ရှား ရုန်းကန် နေကြတဲ့ လူငယ် လူရွယ်တွေရဲ့ နေ့စဉ် လူနေမှု ဘ၀ ပုံစံတွေမှာ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ Laptop, Tablet စတဲ့ Electronic Device တွေကို ထိတွေ့ အသုံးပြုပြီး အလုပ် လုပ်နေ ကြပါတယ်။

ရုံးမှာ အလုပ် လုပ်ရတဲ့ သူတွေ၊ ကျောင်းမှာ စာသင်ရတဲ့ ကျောင်းသားတွေ တနေကုန် ထိုင်ပြီး အလုပ်လုပ်၊ ကျောင်းတက် ရခြင်း တွေအပြင် နေ့စဉ် ရင်ဆိုင် ကြုံတွေ့နေ ရတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမများ ပေါ်က ယာဉ်ကြော ပိတ်ဆို့မှုတွေ ကြောင့်လည်း လမ်းခရီးမှာ တနေ့ကို အနည်းဆုံး အသွား အပြန် တနာရီကျော်၊ နှစ်နာရီကြာ အထိုင်များ ရပြန်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့် ခန္ဓာကိုယ် အဝလွန်လာတာ၊ ဗိုက်၊ ခါးစတဲ့ နေရာတွေမှာ အဆီတွေ ပိုလာတာ၊ ဗိုက်ပူလာတာ စတဲ့ ခန္ဓာကိုယ်အလှအပ အပြင် ရေရှည် ကျန်းမာရေးမှာလည်း ထိခိုက်လာပါတယ်။

ဒါကြောင့် အခုနောက်ပိုင်းမှာ ကျန်းမာရေးအရရော မိမိ ခန္ဓာကိုယ်အချိုးအစား လှချင်သူများက ပုံမှန် အားကစား ကိုယ်လက် လှုပ်ရှားမှု အနေနဲ့ Gym ကစားခြင်းကို ပြုလုပ်လာကြပါတယ်။ လူငယ်လူရွယ် တွေကြားမှာ Gym ကစားခြင်းဟာ ခေတ်ရေစီးကြောင်း တခုလို ဖြစ်လာပါတယ်။

“Gym စဆော့ဖြစ်တာက ကျနော်က အစက ဝတယ်ဗျ။ ပြီးတော့ အဆီလည်း များတယ်။ နေရ ထိုင်ရတာလည်း ပေါ့ပေါ့ပါးပါးမရှိ၊ အဝတ်အစား ဝတ်ရတာလည်း အဆင်မပြေ၊ ပြီးတော့ Body မိုက်ချင်တာလည်း ပါတာပေါ့။ သူများတွေက ကိုယ့်ကိုမြင်တာနဲ့ Body က အရမ်းမိုက်တာပဲလို့ ချီးကျူးတာလည်း ခံချင်တယ်။ အဲဒါနဲ့ Gym စဆော့ဖြစ်တာပါ” လို့ မန္တလေးမြို့ My Gym fitness Center မှာ ကစားနေတဲ့ အသက် ၂၀ အရွယ် ကိုမြတ်မင်းနိုင်က ပြောပါတယ်။

သူက အသက် ၁၈ နှစ် လောက်ကတည်းက Gym စဆော့ခဲ့တာဖြစ်ပြီး “Gym ဆော့ပြီးနောက် ပြောင်းလဲမှုတွေကတော့ အများကြီးပဲ။ ကျန်းမာရေး ပိုကောင်းလာပြီး Strong ဖြစ်လာတယ်။ ၆ လ နေလို့ တခါမဖျားဘူး။ လူကလည်း ပေါ့ပါးသွက်လက်ပြီး နေရထိုင်ရတာလည်း ကောင်းတယ်။ Body က အဆီကျ အချိုးကျ ကျစ်လစ်ပြီး အဝတ်အစား ဝတ်ရတာလည်း အဆင်ပြေလာတယ်။ ဒီနေ့ည Gym ဆော့ အိပ်ပြီး မနက်လင်းရင် တနေ့တာလုံး အင်အားအပြည့်နဲ့ လန်းဆန်းတက်ကြွနေတယ်” လို့ ဆိုပါတယ်။



“Gym ဆော့တယ်ဆိုတာ ၀မှ ပိန်မှ ဆော့သင့်တာ မဟုတ်ပါဘူး။ ပုံမှန် ကျန်းမာနေတဲ့ လူတယောက်လည်း နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာ အနေနဲ့ ဆော့သင့်တယ်။ ခန္ဓာကိုယ်မှာ လိုအပ်ချက်ရှိလာမှ ဆော့တာထက်စာရင် ၀တာ ပိန်တာပဲဖြစ်ဖြစ် ကိုယ်ကျန်းမာရေး မချို့တဲ့ခင်မှာ ပုံမှန်ကျန်းမာရေး ဂရုစိုက်တဲ့ အနေနဲ့ လူတိုင်းဆော့သင့်တယ်” လို့ Ygn Gym ရဲ့ အားကစားနည်းပြ (Gym Instructor) ကိုကောင်းကင်ယံက ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ် ကိုကောင်းကင်ယံက Gym Instructor အဖြစ် ၂၀၀၉ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် လုပ်ငန်းအတွေ့အကြုံ ၇ နှစ်နီးပါး ရိှပြီလို့ သိရပါတယ်။

“ဟိုအရင် ၂၀၀၉ လောက်ကနဲ့ အခု ၂၀၁၆ ကို နှိုင်းယှဉ်မယ် ဆိုရင် Gym ဆော့တဲ့ လူဦးရေပမာဏ တိုးပွားလာတယ်။ Gym ဆိုတာ ဆော့သင့်ပါလားဆိုတဲ့ Gym ရဲ့ အကျိုးကျေးဇူးကို ပိုသိလာကြတယ်။ နောက်တခု လုပ်ငန်း အတွေ့အကြုံအရ ဘာသိလာလဲ ဆိုတော့ လူတွေက ၀မှ ပိန်မှ လာဆော့ကြတာ များတယ်။ နည်းပြဆရာ တယောက်အနေနဲ့ ဘယ်လို အကြုံပြုချင်လဲဆိုရင် ခန္ဓာကိုယ် လိုအပ်ချက်ရှိမှ လာဆော့တာထက် မဖြစ်ခင်က ပုံမှန်ဆော့ပါလို့ အကြံပြုချင်ပါတယ်” လို့ ကိုကောင်းကင်ယံက ဆိုပါတယ်။

ကျောင်းတွေ၊ တက္ကသိုလ် ကောလိပ်တွေမှာ အားကစားလုပ်ဖို့ Gymnasium and Gymnastic Services ကို ပေးရာကနေ တဆင့် အခုနောက်ပိုင်းမှာ Gym ကစားခြင်းဟာ တဖြည်းဖြည်း တွင်ကျယ်လာတာကို တွေ့ရပါတယ်။

လူငယ်လူရွယ်တွေ ကိုယ်တိုင်က Gym ကို ကိုယ်တိုင်လည်း ကစားလာကြသလို ကိုယ်တိုင် Gym ခန်းမတွေ ဖွင့်လာတာကိုလည်း တွေ့ရပါတယ်။

“အခု နောက်ပိုင်းလူငယ်တွေ ကိုယ်တိုင် Gym ဖွင့်လာကြတာက သူတို့ကိုယ်တိုင် ဆော့ဖူးလို့ ဖြစ်တယ်။ သူတို့ကိုယ်တိုင် ဆော့ဖူးတော့ Gym ရဲ့ ကောင်းကျိုး ကိုယ်တိုင်သိတယ်။ Gym ဖွင့်ထားတဲ့ အတွက် ကိုယ်တိုင်လည်း ဆော့လို့ရမယ်။ Gym က နောက်ပိုင်းမှာ ရေရှည်စီးပွားရေး အနေနဲ့ ပိုပြီးအောင်မြင်နိုင်တဲ့ လုပ်ငန်းဖြစ်တယ်လို့ ကျနော်မြင်တယ်။ စီးပွားရေးအရကော ကျန်းမာရေး အရကော တချက်ခုတ် နှစ်ချက်ပြတ်ပေါ့” လို့ ကိုကောင်းကင်ယံက သူ့အမြင်ကို ပြောပါတယ်။

သူကဆက်ပြီး “အခုနောက်ပိုင်း လူငယ်တွေ Gym ပို ကစားလာတာကတော့ မီဒီယာတွေ ပိုပွင့်လင်း လာတာ ကြောင့်လည်း ပါတယ်။ အရင်ကဆို လူငယ်တွေက နိုင်ငံခြားက မော်ဒယ်လ်တွေ ဘယ်လို ၀တ်တယ် စားတယ်၊ သူတို့ ခန္ဓာကိုယ်အချိုးအစား ဘယ်လိုပုံစံ ရှိတယ်ဆိုတာ သိပ်မသိကြဘူး။ အခု နောက်ပိုင်းကျ မီဒီယာတွေ ပွင့်လင်းလာတော့ သူတို့အတွက် ရှေ့ဆောင်လမ်းပြ Role Model ပေါ့။ Body တောင့်တောင့်တင်းတင်းနဲ့ သူတို့အားကျရတဲ့ ပုံစံမျိုးတွေ တွေ့လာတော့ သူတို့ လိုချင်တဲ့ Body ရအောင် Gym ဆော့ရမယ်မှန်း သိလာကြပြီး ပိုဆော့လာကြတာ” လို့ ပြောပါတယ်။

Gym ဆော့ခြင်းမှာ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ပထမတချက်က Gym ကစားခြင်းဟာ ပုံမှန် လေ့ကျင့်ခန်း ဖြစ်တဲ့အတွက် ကျန်းမာရေး ကောင်းမွန်မယ်။ ပုံမှန်ကစားပေးသွားရင် လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစား ရရှိမယ်။ ဒုတိယတချက်က စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာလည်း ပိုမိုကြံ့ခိုင်မှု ရှိလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self Confidence) လည်း ပိုမို တိုးလာစေပါတယ်။ Gym ကစားခြင်းဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းမွန်စေတဲ့ အားကစားနည်းတခု ဖြစ်ပါတယ်။

Gym ကစားတာက အချိန်အများကြီး ပေးဖို့ မလိုပါဘူး။ တနေ့ကို ပုံမှန် တနာရီနှုန်းနဲ့ တပတ်ကို ၄ ရက် သို့မဟုတ် ၅ ရက် ကစားပေးသွားမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓာကိုယ် အချိုးအစား ကြည့်ကောင်းနေမှာ အမှန်ပါ။ ရွေးချယ်စရာ Gym ခန်းမတွေကလည်း အခုနောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ပေါများလာတာမို့ လူကြီး၊ လူငယ် ကျားမမရွေး ကျန်းမာရေးနဲ့ ခန္ဓာကိုယ် အလှအပအတွက် ပုံမှန် Gym ကစားဖို့ စတင်နိုင်ပါပြီ။

ဓာတ်ပုံများ – (ဂျေပိုင်/ဧရာဝတီ)

ဧရာဝတီ by Zaw Lin Maung

Originally published at - http://mobile.irrawaddy.com/lifestyle/health/2016/06/26/116993.html

Read More »

Saturday, September 26, 2015

ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်




၇ ပွဲမြောက် ပရီးမီးယားလိဂ် ပြိုင်ပွဲတွေ စက်တင်ဘာ ၂၆ ရက် ကစား တော့မှာ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ ပရီးမီးယား လိဂ် ပွဲစဉ် ၈ ပွဲ ကစားမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်တွေ ထဲမှာ မန်စီးတီးနဲ့ တော့တင်ဟမ် ဟော့စပါး တို့ရဲ့ပွဲစဉ် ကတော့ ကြည့်ကောင်းမယ့် ပွဲတပွဲ ဖြစ်ပါတယ်။

ရှုံးပွဲမရှိသေးတဲ့ မန်စီးတီး အရင်တပတ်က ၀က်ဟမ်းကို ရှုံးပြီး အထိနာခဲ့တဲ့အတွက် ဒီတပတ်မှာ နိုင်ပွဲရအောင် အားထည့်ကစားရမယ့် အနေအထားရှိနေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ဖိအားတွေရင်ဆိုင်နေရပြီး ရုန်းကန်နေရတဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ်၊ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား နံပါတ် ၄ နဲ့ ၅ မှာရပ်တည်နေတဲ့ လက်စတာနဲ့ အာဆင်နယ်တို့ ပွဲတွေကလည်း ကြည့်ကောင်းမယ့်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။

မန်ယူကတော့ ဇယားအောက်ဆုံးမှာ ရပ်တည်နေရတဲ့ ဆန်းဒါးလန်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ လပ်ကီး ဆဲဗင်း ပွဲစဉ်မှာ ဘယ်အသင်းတွေက ကံကောင်းမလဲ။ ဘယ်အသင်းတွေက ကံဆိုးမလဲဆိုတာကို ဘောလုံးပွဲ ကျွမ်းကျင်သူတွေရဲ့ ပွဲကြို ခန့်မှန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

တော့တင်ဟမ်ဟော့စပါး- မန်စီးတီး

ပူပူနွေးနွေး ရှုံးပွဲ ရင်ဆိုင်ထားရတဲ့ အသင်း ၂ သင်းကစားမှာ ဖြစ်ပါတယ်။ အရင်တပတ်က မန်စီးတီးအသင်း ၀က်ဟမ်းကို ရှုံးထားသလို စပါးကတော့ ကက်ပီတယ်ဝမ်းမှာ အာဆင်နယ်ကို ရှုံးထားပါတယ်။ ပရိသတ်တွေအတွက် အနိုင်ရှာပေးဖို့ ၂ သင်းလုံးက လိုအပ်နေပါတယ်။ အမှတ် ပေးဇယားမှာတော့ မန်စီးတီးက ထိပ်ဆုံးမှာ ရပ်တည်နေပြီး စပါးကတော့ နံပါတ် ၉ မှာ ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ် ၆ ပွဲမှာ မန်စီးတီးက ၅ ပွဲနိုင်ပြီး စပါးက ၂ ပွဲပဲ အနိုင်ရထားပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲမှာတော့ မန်စီးတီးက ၁ ဂိုး ဂိုးမရှိနဲ့ စပါးကို နိုင်ထားပါတယ်။ ဒီအချက်အလက်တွေအရဆိုရင်တော့ မန်စီးတီးက အသာစီးရနေပါတယ်။ ဘီဘီစီက ဘောလုံး ကျွမ်းကျင်သူ မတ်ခ်လော်ရင်ဆန်(လော်ရို)နဲ့ စကိုင်းစပေါ့က ပေါလ်မာဆန်ပါ မန်စီးတီးကို နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

လက်စတာ-အာဆင်နယ်

ဇယား နံပါတ် ၄ နဲ့ ၅ မှာ ရပ်တည်နေတဲ့ လက်စတာနဲ့ အာဆင်နယ်တို့ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ စတုတ်နဲ့ လက်စတာ သရေကျထားသလို အာဆင်နယ်ကတော့ ချဲလ်ဆီးကို ရှုံးထားပါတယ်။ ရှေ့တန်း ဂိုးသွင်းအားကို ယှဉ်ကြည့်မယ်ဆိုရင်တော့ လက်စတာက အာဆင်နယ်ထက်သာနေတာကို တွေ့ရပါတယ်။ ဒီ ၂ သင်းနောက်ဆုံးတွေ့ဆုံစဉ်ကတော့ အာဆင်နယ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒီ၂ သင်းကစားမယ့် ပွဲကခန့်မှန်းရခက်ပေမယ့် ဘောလုံးပွဲကျွမ်းကျင်သူ လော်ရိုရော မာဆန်ပါ အာဆင်နယ်နိုင်မယ်လို့ မှန်းပါတယ်။

လီဗာပူး-အက်စ်တွန်ဗီလာ

၆ ပွဲကစား ၂ ပွဲနိုင် ၂ ပွဲရှုံး ၂ ပွဲသရေကျထားတဲ့ လီဗာပူးနဲ့ ၆ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ ၄ ပွဲရှုံးထားတဲ့ ဗီလာတို့ ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ လီဗာပူးလ်က သရေကျထားပြီး ဗီလာက ရှုံးထားပါတယ်။ ပရီးမီးယားလိဂ် ဂရပ်ဖ် အရ ဗီလာကတော့ တောက်လျှောက် အကျပိုင်းကို ဦးတည်နေသလို လီဗာပူးကတော့ ခြေစွမ်း အနိမ့်အမြင့် မညီတဲ့ အခြေအနေကို ပြသထားပါတယ်။ ရလဒ်တွေအရကတော့ လီဗာပူး အသာရပေမယ့် နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ဗီလာက လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ လီဗာပူးတိုက်စစ်မှူး ဘန်တက်ကီအတွက်တော့ အသင်းဟောင်းဗီလာကို ပြန်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲကျွမ်းကျင်သူ လော်ရိုရော မာဆန်ပါ လီဗာပူးအနိုင်ရမယ်လို့ မှန်းပါတယ်။

မန်ယူ-ဆန်းဒါးလန်း

ဘောလုံးပွဲကျွမ်းကျင်သူ လော်ရိုရော မာဆန်ပါ မန်ယူကို အနိုင်ရမယ်လို့ မှန်းထားပါတယ်။ မန်ယူအသင်းရဲ့ ခြေစွမ်းဟာ တက်လာသလို အသစ်ခေါ်ထားတဲ့ မာရှယ်လည်း ဂိုးပေါက်တွေ့ပြီး ဂိုးတွေ သွင်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရင်တပတ် ဆောက်သင်တန်နဲ့ကစားစဉ် နာရီဝက်လောက်က မန်ယူ အသင်း အသာစီးမရတဲ့ အခြေအနေကိုလည်း သူတို့က ထောက်ပြပါတယ်။ တိုက်စစ်မှူး ဂိုးသွင်းအားမှာတော့ မန်ယူက မာရှယ်က ၃ ဂိုး သွင်းယူထားပြီး ဆန်းဒါးလန်းက ဒီဖိုးက ၂ ဂိုးသွင်းယူထားပါတယ်။ ဆန်းဒါးလန်းကတော့ နိုင်ပွဲ ရရှိထားခြင်း မရှိသေးပါဘူး။ ဒီ ၂ သင်း နောက်ဆုံး တွေ့ဆုံစဉ်က မန်ယူက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဆောက်သမ်တန်-ဆွမ်ဆီး

၂ သင်းလုံးက ရှေ့တန်းတိုက်စစ်မှူးတွေ ၄ ဂိုးစီသွင်းထားပြီး ဂိုးသွင်းအားတူတဲ့ အသင်း ၂ သင်းတွေ့ဆုံကြတဲ့ ပွဲ ဖြစ်ပါတယ်။ ၂ သင်းစလုံးမန်ယူနဲ့ ကစားခဲ့ဖူးပါတယ်။ ဆွမ်ဆီးက မန်ယူကို နိုင်ပေမယ့် ဆောက်သမ်တန်က မန်ယူကိုရှုံးထားပါတယ်။ အမှတ်ပေးဇယားမှာတော့ ဆွမ်ဆီးက နံပါတ် ၇ နဲ့ ဆောက်သမ်တန်ကတော့ ၁၆ မှာ ရပ်တည်နေပါတယ်။ ဒီ ၂ သင်းနောက်ဆုံး တွေ့ဆုံခဲ့စဉ် ဆွမ်ဆီးက ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ လော်ရိုရော မာဆန်ပါ ဆောက်သမ်တန်ကို ရွေးထားပါတယ်။

စတုတ်-ဘုန်းမောက်

တန်းတက်ပြီး အစောပိုင်း ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဘုန်းမောက်နဲ့ စတုတ်တို့ ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်မှာတော့ ဘုန်းမောက်က ဆန်းဒါးလန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားသလို စတုတ်က လက်စတာနဲ့ သရေကျထားပါတယ်။ ဘုန်းမောက်ရဲ့ ခြေက တက်လာပြီး နိုင်ပွဲ ၂ ပွဲရထားသလို စတုတ်ကတော့ ခြေစွမ်းကျနေပြီး နိုင်ပွဲတပွဲမှ မရသေးပါဘူး။ အချက်အလက်တွေ အရ ဘုန်းမောက်က သာနေပေမယ့် စတုတ်ကို ပိုကြိုက်တွေ့တယ်လို့ လော်ရိုရော မာဆန်ပါ ဆိုပါတယ်။

ဝက်စ်ဟမ်း-နောဝှစ်ခ်ျ

ရှုံးပွဲမရှိသေးတဲ့ မန်စီးတီးကို တန်ပြန်တိုက်စစ်ကနေတဆင့် အနိုင်ကစားထားတဲ့ ၀က်စ်ဟမ်းနဲ့ လီဗာပူးကို သရေကျအောင် ကစားထားတဲ့ နောဝှစ်ခ်ျတို့ ပွဲစဉ်ကလည်း ကြည့်ကောင်းမယ့် ပွဲတပွဲ ဖြစ်မှာပါ။ ၀က်စ်ဟမ်းရဲ့ ခြေစွမ်းက တက်လာသလို ဇယားမှာ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ၀က်စ်ဟမ်းက ၆ ပွဲမှာ ၄ ပွဲ အနိုင်ရထားပါတယ်။ နောဝှစ်ခ်ျကတော့ ၆ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲရှုံး ၂ပွဲသရေကျထားပါတယ်။ မာဆန်ကတော့ ၀က်စ်ဟမ်းကို ရွေးထားပေမယ့် လော်ရိုကတော့ သရေကျမယ်လို့ မှန်းပါတယ်။

နယူးကာဆယ်-ချဲလ်ဆီး

၆ ပွဲကစားခဲ့ပေမယ့် နယူးကာဆယ်တို့ နိုင်ပွဲတပွဲမှ ရှာမတွေ့သေးပဲ ၄ ပွဲရှုံးပြီး ၂ ပွဲသရေကျတဲ့ အတွက် နည်းပြ မက္ကလာရင်က ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရှုံးပွဲတွေကြောင့် ပရိသတ်တွေက စိတ်ဆိုးဒေါသထွက်နေပါတယ်။ ချဲလ်ဆီးအသင်းကတော့ နောက်ပိုင်းမှာ ခြေတက်ပြီး ယုံကြည်မှုတွေရှိလာပါတယ်။ စိတ်ပိုင်းဆိုင်ရာအရတော့ ချဲလ်ဆီးအသင်းက အသာရနေပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ချဲလ်ဆီးက နယူးကာဆယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ လော်ရိုရော မာဆန်ပါ ချဲလ်ဆီးကို ရွေးထားရင် အိမ်မက်လှလှမက်မယ်လို့ ဆိုပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/113620

Read More »

Saturday, September 19, 2015

ဘောလုံးလောကမှ အဆိုးရွားဆုံး ဒဏ်ရာ ရရှိမှုများ




ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောရဲ့ ဒဏ်ရာ ရရှိ သွားပုံဟာ ဘောလုံးလောက တစ်ခုလုံး အတွက် ချောက်ချား စရာ ဖြစ်လာ ပါတယ်။ ပီအက်စ်ဗီ အင်ဒိုဗန် ခံစစ်မှူး ဟက်တာ မိုရီနိုရဲ့ ဖျက်ထုတ်မှု ကနေ အကျ မတော်ဘဲ ရှောရဲ့ ညာဘက်ခြေ သလုံးသွင်သွင် ကျိုးသွား ခဲ့တာပါ။ ရှောရဲ့ ခြေသလုံး ရိုးရော၊ ညို့သကျည်းရိုးပါ ကျိုးသွားတဲ့ အတွက် ခွဲစိတ် ကုသမှု ခံယူခဲ့ ရပါတယ်။

ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် ကတော့ အသက် (၂၀) အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ခြောက်လလောက် အနားယူပြီး ဘောလုံးပြန် ကစားနိုင်ဖို့ အကောင်းမြင်
မျှော်လင့်နေ ပါတယ်။ ဘောလုံး လောကနဲ့ ဆက်နွှယ်သူတွေ၊ ပရိသတ်တွေ အပြင် ကမ္ဘာ့ အားကစား နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်ကျော်တွေ ကလည်း ရှောအမြန်ဆုံး ဒဏ်ရာ သက်သာ လာစေဖို့ ဆုမွန်ကောင်း တောင်းပေးနေ ကြတယ်။ တကယ်တော့ ရှောဟာ ယူနိုက်တက်နဲ့ ပထမဆုံး ရာသီမှာ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး လက်ရှိ ရာသီကျမှ ပုံစံကောင်းရပြီး ခြေစွမ်းပြနေတာ ဖြစ်တာကြောင့် အခုလို ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားတာဟာ သူ့အတွက် နစ်နာ လွန်းပါတယ်။

ဘောလုံးလောကမှာ ရှောလိုပဲ ပွဲကစားနေရင်း ကြောက်မက်ဖွယ် ဒဏ်ရာဆိုးတွေ ကြုံသွားရှာတဲ့ ကစားသမားကောင်းတွေ အရင်ကရှိခဲ့ဖူးပါတယ်။ တချို့က ဘောလုံးပြန်ကစားနိုင်ပေမယ့် တချို့ကတော့ သူတို့မြတ်နိုးတဲ့ အားကစားနည်းကို စွန့်ခွာသွားရတဲ့အထိ အဖြစ်ဆိုး ကြုံခဲ့တယ်။ ရှောမတိုင်ခင်က ခြေထောက်သွင်သွင် ကျိုးသွားသူတွေ အပါအဝင် ဘောလုံးလောကမှာ အဆိုးရွားဆုံးဒဏ်ရာတွေ ရခဲ့ဖူးတဲ့ ကစားသမား ၁၀ ဦးကို စုစည်း ဖော်ပြလိုက်ပါတယ်။

၁။ ဒေးဗစ်ဘတ်စ်ထ် (၁၉၉၆၊ ဧပြီ ၈ ရက်)

ဘောလုံးသမိုင်းမှာ အဆိုးဆုံး ခြေထောက်ကျိုးမှုအဖြစ် နာမည်ဆိုးတွင်ခဲ့တာ ဘတ်စ်ထ်ရဲ့ ဒဏ်ရာပါပဲ။ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားတဲ့ ပွဲစဉ်မှာ ကိုဗင်ထရီစီးတီး ခံစစ်မှူးဟာ ပြိုင်ဘက် ဧရိယာထဲမှာ ဒင်းနစ်အာဝင်နဲ့ မတော်တဆထိခိုက်မိပြီး ခြေထောက်ကျိုးသွားပါတယ်။ ဒီမြင်ကွင်းကို အနီးကပ်တွေ့လိုက်တဲ့ ယူနိုက်တက် ဂိုးသမား ပီတာရှမိုက်ကယ်ဟာ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ အော့အန်တဲ့အထိ ဒဏ်ရာအခြေအနေက ဆိုးခဲ့ပါတယ်။ ဘတ်စ်ထ်ရဲ့ ခြေသလုံးရိုးက ကျိုးထွက်သွားပြီး အရေပြားကို ဖောက်ထွက်သွားတာ ဖြစ်ပါတယ်။ ပွဲကို ၁၅ မိနစ်လောက်ရပ်နားပြီး သွေးတွေကို ပြန်သုတ်ရတယ်ဆိုကတည်းက ထိခိုက်မှု ဘယ်လောက် ပြင်းထန်တယ်ဆိုတာ တွေးလို့ရပါလိမ့်မယ်။ ဘတ်စ်ထ်ဟာ အဲဒီဖြစ်ရပ်အပြီးမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကို အပြီးတိုင် ဆုံးရှုံးခဲ့ပါတယ်။ တကယ်တော့ ဒါဟာ သူ့အတွက် ကံကောင်းလှပြီလို့တောင်ဆိုရမှာပါ။ ဘတ်စ်ထ်ရဲ့ ဒဏ်ရာကြောင့် ခြေထောက်ကို ဖြတ်ပစ်ရလောက်တဲ့ထိ ကြုံခဲ့ဖူးပေမယ့် ဆရာဝန်တွေရဲ့ ကြိုးစားကုသပေးမှုကြောင့် လမ်းပြန်လျှောက်လာနိုင်တာ ဖြစ်ပါတယ်။

၂။ ပက်ထရစ်ဘက်တစ်စတန် (၁၉၈၂၊ ဇူလိုင် ၈ ရက်)

ပြင်သစ်နဲ့ အနောက်ဂျာမနီ အသင်းတို့ ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ ပြင်သစ်ကွင်းလယ်လူ ဘက်တစ်စတန် ကံဆိုးသွားခဲ့ပါတယ်။ ဆီဗီလာမှာ ကစားတဲ့ ပွဲစဉ်မှာ ဘက်တစ်ဆန်က အပိုင်ဂိုးသွင်းဖို့ အခွင့်အရေးရနေချိန်မှာ ဂျာမန်ဂိုးသမား ဟာရဲလ်ရှူမေချာက လူချင်းပြေးပူးပြီး ကာကွယ်ဖို့ ကြိုးစားခဲ့တယ်။ ရှူမေချာရဲ့ အားထုတ်မှုဟာ ခြေထောက်မြှောက်ပြီး ခပ်ကြမ်းကြမ်းဝင်ခဲ့တာ ဖြစ်ပေမယ့် အံ့ဩစရာ ကောင်းလောက်အောင်ပဲ ပြစ်ဒဏ်ချမှတ်မခံခဲ့ရပါဘူး။ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အရက်စက်ဆုံး ဖျက်ထုတ်မှုတစ်ခုလို့ လူပြောများခဲ့တဲ့ ရှူမေချာရဲ့ လုပ်ပုံကြောင့် ဘက်တစ်စတန်ကတော့ ကွင်းထဲမှာတင် ကိုမာဝင်ပြီး သတိမေ့သွားပါတယ်။ ကျောရိုးမှာ ပြင်းပြင်းထန်ထန်ထိခိုက်သွားသလို မေးရိုးလည်း ကျိုးသွားတယ်။ ရှေ့သွားလေးချောင်း ကျွတ်သွားတယ်။ ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ သူ့မေးရိုးကို အကောင်းပကတိပြန်ဖြစ်အောင် ကုသနိုင်ခဲ့ပါတယ်။ ငါးလအကြာမှတော့ ဘက်တစ်စတန်တစ်ယောက် သူ့ရဲ့ကလပ် စိန့်အက်တနီယန်အတွက် တစ်ကျော့ပြန်ကစားပေးနိုင်ခဲ့ပါတယ်။


၃။ အက်ဖ်အင်းဂ်ဟာလန်း (၂၀၀၁၊ ဧပြီ ၂၁ ရက်)


ဒီဖြစ်ရပ်ကတော့ ကွဲလွဲမှုတွေနဲ့ပါ။ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ဟာလန်းကို ခြေထောက်ကျိုးသွားအောင် တက်နင်းခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ရွိုင်ကိန်းက နောက်ပိုင်းမှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ မန်ချက်စတာစီးတီးကစားသမားဟာ အဲဒီမတိုင်ခင် လေးနှစ်က လိဒ်စ်ယူနိုက်တက်မှာ ရှိနေစဉ်မှာ ကိန်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေတဲ့ ဖျက်ထုတ်မှုမျိုး ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ကိန်းက လက်စားပြန်ချေခဲ့တာလို့ သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိထဲမှာ ရေးသားဝန်ခံထားပါတယ်။ ကိန်းဟာ အဲဒီဖျက်ထုတ်မှုအတွက် စတာလင်ပေါင် ၁၅,၀၀၀ ဒဏ်ရိုက်ခံရသလို ၅ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဟာလန်းကို ရည်ရွယ်ချက်ရှိရှိ ရန်ပြုခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ချိန်မှာ နောက်ထပ်သီးခြားပြစ်ဒဏ်လည်း ကျခံခဲ့ရပြန်တယ်။ ဟာလန်းအတွက်တော့ ကစားသမားဘဝအဆုံးသတ်သွားတာပါပဲ။ ဘောလုံးပြန်ကစားဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘဲ ၂၀၀၃ ခုနှစ်မှာ အနားယူလိုက်ရတယ်။

၎။ ပီတာဆက်ခ်ျ (၂၀၀၆၊ အောက်တိုဘာ ၁၄ ရက်)

ဘောလုံးကစားရာမှာ ရှေ့၊ လယ်၊ နောက် နေရာတွေတင်မကဘဲ ဂိုးသမားတွေမှာလည်း ဒဏ်ရာကြီးကြီးမားမားရသွားနိုင်ကြောင်း ဆက်ခ်ျရဲ့ ဖြစ်ရပ်က သက်သေခံနေပါတယ်။ ချယ်လ်ဆီးဂိုးသမားဟာ ရက်ဒင်း ကစားသမား စတီဖန်ဟန့်ရဲ့ အဝင်ကြမ်းပုံကြောင့် ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့တယ်။ ကွင်းထဲမှာ ဆက်ခ်ျဟာ မူးဝေနေပုံပေါ်နေပြီး အဝတ်လဲခန်းထဲ အရောက်မှာတော့ ခြေပစ်လက်ပစ်လဲကျတဲ့ထိ ဖြစ်သွားတယ်။ ဆက်ခ်ျကို ချက်ချင်းဆေးရုံတင်ပို့ပြီး အရေးပေါ် ခွဲစိတ်မှုတွေ လုပ်ခဲ့ရပါတယ်။ သူ့ရဲ့ဦးခေါင်းမှာ အရိုးအက်သွားတာကြောင့်ပါ။ ဆက်ခ်ျဟာ ဟန့်နဲ့ ဝင်တိုက်မိတဲ့ အချိန်ပိုင်းကိုတောင် မမှတ်မိတော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အစောပိုင်းက သူဟာ တစ်နှစ်လောက် အနားယူရဖို့ ရှိနေတယ်လို့ ခန့်မှန်းပေမယ့် သုံးလအကြာမှာပဲ ဆက်ခ်ျက ချယ်လ်ဆီး ဂိုးပေါက်ရှေ့ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ထိ သူ့ခေါင်းမှာ အထူးစီမံထားတဲ့ အကာအကွယ် ခေါင်းစွပ်ကို ဝတ်ဆင်ပြီး ဘောလုံးကစားနေဆဲပါ။

၅။ အီဒွာဒိုဒါဆေးလ်ဗား (၂၀၀၈၊ စက်တင်ဘာ ၂၃ ရက်)

ဘာမင်ဂမ် နောက်ခံလူ မာတင်တေလာရဲ့ ဖျက်ထုတ်မှုကနေ အာဆင်နယ် တိုက်စစ်မှူး အီဒွာဒိုရဲ့ ဘယ်ဘက်ခြေထောက်မှာ နှစ်နေရာ ကျိုးသွားပါတယ်။ ခြေချင်းဝတ်ကျိုးထွက်သွားသလို ခြေသလုံး အရိုးလည်း ကျိုးသွားပြီး သူ့ကို ကွင်းထဲကနေ အောက်ဆီဂျင်ပေးပြီး ထမ်းထုတ်သွားခဲ့ရတယ်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးဟာ အစောပိုင်းမှာ တေလာကို ပွဲပယ်ဖို့ တောင်းဆိုပေမယ့် နောက်ပိုင်းမှာတော့ အဲဒီ မှတ်ချက်စကားကို ပြန်ရုပ်သိမ်းသွားပါတယ်။ အီဒွာဒိုဟာ ဒဏ်ရာရပြီး တစ်နှစ်ပြည့်ဖို့ တစ်ပတ်အလိုမှာ ပြန်ကစားခဲ့ပါတယ်။ ကားဒစ်ဖ်စီးတီးနဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာပါ။ ဒါပေမဲ့ အဲဒီပွဲမှာလည်း တံကောက်ကြောဒဏ်ရာ ရသွားပြန်တယ်။

၆။ လုခ်နီးလစ် (၂၀၀၀၊ စက်တင်ဘာ ၉ ရက်)

အသင်းက အသစ်ခေါ်ယူလိုက်တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး နီးလစ်ကို အက်စ်တန်ဗီလာ ပရိသတ်တွေက အများကြီး မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ ပီအက်စ်ဗီအင်ဒိုဗန်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ နီးလစ်ဟာ ဘောလုံးရာသီစတင်ပြီး သိပ်မကြာခင် အစ်ဆွစ်ခ်ျနဲ့ပွဲမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ပါတယ်။ အစ်ဆွစ်ခ်ျဂိုးသမား ရစ်ချတ်ရိုက်နဲ့ ထိခိုက်မိရာကနေ ညာဘက်ခြေထောက်မှာ အရိုးနှစ်နေရာ ကျိုးထွက်သွားပါတယ်။ နီးလစ်လည်း ကံမကောင်းခဲ့ရှာပါဘူး။ ဒဏ်ရာအနေအထားအရ ပရော်ဖက်ရှင်နယ်အဆင့် ပြန်ကစားဖို့ မဖြစ်နိုင်တော့တာကြောင့် လေးလအကြာမှာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ရရှာပါတယ်။

၇။ ဂျီဘရယ်ဆစ်ဆေး (၂၀၀၄၊ အောက်တိုဘာ ၃၀ ရက်)

ဆံပင်ပုံစံ ဆန်းဆန်းတွေကြောင့် လူသိများတဲ့ ပြင်သစ်တိုက်စစ်မှူးအတွက်တော့ ဒဏ်ရာဆိုးတွေကလည်း သင်္ကေတတစ်ခုလို ထင်ဟပ်ခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် ကစားပေးနေချိန်မှာ ဆစ်ဆေးဟာ အီးဝုဒ်ပါ့ခ်မှာ ဘလက်ဘန်းရိုဗာနဲ့ ရင်ဆိုင်ကစားရင်း ခြေထောက်ကျိုးသွားခဲ့ပါတယ်။ တစ်ဖက်က ဖျက်ထုတ်တာကြောင့် မဟုတ်ဘဲ မြက်ခင်းပြင်နဲ့ သူ့ဖိနပ်ထိပ်ငြိမိရာက ဟန်ချက်ပျက်လဲကျရင်း ဘယ်ဘက်ခြေထောက်က ညို့သကျည်းရော၊ ခြေသလုံးပါ အရိုးကျိုးသွားခဲ့တယ်။ ကံဆိုးတာက ဒီလောက်နဲ့ မပြီးသေးပါဘူး။ နောက်ထပ် နှစ်နှစ်အကြာ ကမ္ဘာ့ဖလား ပြိုင်ပွဲအကြို တရုတ်နဲ့ ခြေစမ်းရာမှာ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုရင်း ညာဘက်ခြေထောက် ထပ်ကျိုးပြန်ပါတယ်။ ဆစ်ဆေးဟာ ဘောလုံးလောကမှာတော့ ခြေထောက်နှစ်ဖက်စလုံး သွင်သွင်ကျိုးဖူးတဲ့ ရှားရှားပါးပါးကစားသမား တစ်ယောက်ပါပဲ။ အံ့ဩစရာကောင်းတာက ဖြစ်ရပ်နှစ်ခုစလုံးမှာ ခုနစ်လလောက်စီ အနားယူပြီးတဲ့နောက် ကြံ့ခိုင်မှု အပြည့်နဲ့ သူပြန်ပြီး ဘောလုံးကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

၈။ ကီယွန်ဒိုင်ယာ (၂၀၀၇၊ ဩဂုတ် ၁၈ ရက်)

ဒိုင်ယာဟာ ဆေးရုံခုတင်နဲ့ မစိမ်းလှတဲ့ ဘောလုံးသမားတစ်ယောက်ပါ။ နယူးကာဆယ်ယူနိုက်တက် ကစားသမား ဘဝမှာလည်း ဒဏ်ရာပွေခဲ့တာကြောင့် တိုးတက်သင့်သလောက် မဖြစ်ထွန်းခဲ့ပါဘူး။ ဒါပေမဲ့ ဝက်စ်ဟမ်းယူနိုက်တက်ကို ပြောင်းလာချိန်မှာတော့ အဆိုးဆုံး ဒဏ်ရာ ပြဿနာနဲ့ ကြုံခဲ့ပါတယ်။ ဝက်စ်ဟမ်းကစားသမားဘဝ အစပြုပြီး သီတင်းသုံးပတ်လောက် အကြာမှာပဲ ဘရစ္စတိုရိုဗာစ် ဘယ်ခြမ်းခံစစ်မှူး ဂျိုးဂျက်ကော့ဘ်ဆန်ရဲ့ ဖျက်ထုတ်မှုကြောင့် ညာဘက်ခြေထောက်မှာ အရိုးနှစ်နေရာ ကျိုးသွားခဲ့ပါတယ်။ လိဂ်ဖလားပွဲစဉ် ယှဉ်ပြိုင်ကစားရင်း ပွဲအစ ၁၀ မိနစ်လောက်မှာတင် အခုလို အဖြစ်ဆိုးကြုံသွားတာပါ။ နောက်ပိုင်းမှာ ဒိုင်ယာအနေနဲ့ ဝက်စ်ဟမ်းမှာ အမြင့်ဆုံး ခြေစွမ်းပြန်မရတော့သလို အသင်းငယ်တွေကို ပြောင်းရွှေ့ပြီး ဘောလုံးလောကကနေ တိုးတိုးတိတ်တိတ် အနားယူပျောက်ကွယ်သွားရှာပါတယ်။

၉။ အလန်စမစ်သ် (၂၀၀၆၊ ဖေဖော်ဝါရီ ၁၈ ရက်)

ပြိုင်ဘက်နဲ့ ထိခိုက်တာတင်မကဘဲ ဘောလုံးထိမှန်ရင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်ကြောင်း စမစ်သ်က ဝမ်းနည်းကြေကွဲစွာ ဝန်ခံပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်ကတော့ စမစ်သ်ရဲ့ ဒဏ်ရာဟာ သူ့တစ်သက်တာ မြင်ဖူးသမျှ အဆိုးဆုံးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ လီဗာပူးနောက်ခံလူ ဂျွန်အာနီရီဆေးရဲ့ ပြစ်ဒဏ်ဘော အပြင်းကန်ချက်ကို ကာကွယ်ဖို့ ကြိုးစားရင်း စမစ်သ်ရဲ့ ဘယ်ဘက် ခြေထောက်ကို ဘောလုံးမှန်ရာကနေ ခြေချင်းဝတ်ကျိုးထွက်သွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ဒဏ်ရာဆိုးရွားလွန်းတာကို နားလည်တာကြောင့် ခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်နေတဲ့တိုင် ကွင်းထဲကနေ သူ့ကို ထမ်းထုတ်သွားချိန်မှာ လီဗာပူးပရိသတ်တွေက လက်ခုပ်တီးပြီး အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ စမစ်သ်ဟာ နောက်ထပ် ခုနစ်လအကြာမှာ တစ်ကျော့ပြန် ဘောလုံးကစားနိုင်ခဲ့ပါတယ်။

၁၀။ ဟင်းနရစ်ခ်လာဆင် (၁၉၉၉၊ အောက်တိုဘာ ၂၂ ရက်)

ဂလက်စဂို ဆဲလ်တစ်ရဲ့ တိုက်စစ်မှူးဟာ အိုလံပစ်လိုင်ယွန်နဲ့ ကစားတဲ့ ယူအီးအက်ဖ်အေဖလားပြိုင်ပွဲမှာ တစ်ဖက်အသင်းရဲ့ ခပ်ကြမ်းကြမ်း ဖျက်ထုတ်ပုံကြောင့် ခြေထောက်ကျိုးသွားခဲ့ပါတယ်။ အဲဒီတုန်းက လာဆင်ရဲ့ ဘယ်ဘက်ခြေချင်းဝတ်ဟာ အထက်ကို ကွေးတက်သွားသလိုတောင် ဖြစ်နေခဲ့တာကြောင့် မြင်သူတိုင်း တုန်လှုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ခြေသလုံးကာ နေရာလွဲသွားတာကြောင့် အမြင်ဆိုးခဲ့တာဖြစ်ပြီး ဒဏ်ရာက မူလမှန်းသလောက် မပြင်းထန်ခဲ့ပါဘူး။ ဒါပေမဲ့ လအတန်ကြာအနားယူဖို့ လိုအပ်ခဲ့ပြီး တစ်ကျော့ပြန် ဘောလုံးကစားရာမှာ ဆွီဒင်လက်ရွေးစင်ဟာ အရင်ကထက်တောင် ခြေစွမ်းပိုပြလာနိုင်ခဲ့ပါတယ်။ သူဟာ ဆဲလ်တစ်အတွက် ၂၄၂ ဂိုးသွင်းပေးပြီး ကလပ်ရဲ့ ဂိုးသွင်းစံချိန်ရှင်အဖြစ် ရပ်တည်ခဲ့ပါတယ်။

_Ref: Mirror

By - ဇွဲရဲဝင့်

Original link - http://www.7daydaily.com/story/46690

Read More »

ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်




ပရီးမီးယားလိဂ် ပွဲစဉ်တွေ စတင်ပြီး အရှိန်ရ လာတာနဲ့ အမျှ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမြောက် ပွဲစဉ်တွေ စက်တင်ဘာ ၁၉ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာတော့ ပွဲစဉ် ၇ ပွဲ ကစားကြ မှာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ကစားမယ့် ပွဲထဲမှာတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ပွဲကတော့ ပရိသတ်တွေ စိတ်ဝင်စားမယ့် ပွဲတပွဲဖြစ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆွမ်ဆီးနဲ့ အဲဗာတန်တို့ ပွဲတွေကလည်း စိတ်လှုပ်ရှားစရာပွဲတပွဲ ဖြစ်လာနိုင်ပါတယ်။

စက်တင်ဘာ ၂၀ ရက်မှာတော့ မန်ယူအသင်းအပါအ၀င် တခြား ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲကစားမှာ ဖြစ်ပါတယ်။

ဒီတပတ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဘယ်အသင်းတွေ အနိုင်ရနိုင်သလဲ ဆိုတာကို ဘောလုံးပွဲခန့်မှန်းသူတွေရဲ့ ခန့်မှန်းချက်တွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

ချဲလ်ဆီး-အာဆင်နယ်

စက်တင်ဘာ ၁၉ ရက်အတွက် ပရီးမီးယားလိဂ် ဘောလုံးပရိသတ်တွေ စိတ်ဝင်အစားဆုံး ပွဲတပွဲလို့ ပြောလို့ရပါတယ်။ ချဲလ်ဆီးရဲ့ အိမ်ကွင်းမှာ အာဆင်နယ်တို့ ယှဉ်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ဇယားနံပါတ် ၁၇ မှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့ ပွဲတပွဲဖြစ်ပါတယ်။ ဒီပွဲအနိုင်ရရင်တော့ ရုန်းကန်နေရတဲ့ ချဲလ်ဆီး ယုံကြည်မှုတွေ ပြန်လည်ရရှိလာနိုင်ပါတယ်။ လက်ရှိ အသင်း ၂ သင်းရဲ့ ရပ်တည်မှုကို ကြည့်လိုက်ရင် ချဲလ်ဆီးက ဇယား နံပါတ် ၁၇ မှာ ရပ်တည်နေသလို အာဆင်နယ်ကတော့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်က ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဖလားပြိုင်ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

ပရီးမီးယားလိဂ် ကစားခဲ့ပြီးတဲ့ ၅ ပွဲမှာ ချဲလ်ဆီးအသင်းက ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲ ရှုံးထားပါတယ်။ အာဆင်နယ်ကတော့ ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲရှုံးထားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက အလယ်တန်းသမား ၀ီလီယံက ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဖဲလ်ကာအိုနဲ့ အော်စကာကလည်း ဒူးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာသလို ပက်ဒရိုကလည်း ပေါင်ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်နိုင်ချေရှိပါတယ်။ အာဆင်နယ်အသင်းက နောက်ခံကစားသမား မာတီဆက်ကာကတော့ ဗိုင်းရပ်စ်ကြောင့် ၄ ပွဲလောက် မကစားနိုင်ဖြစ်နေပါတယ်။ ဂိုးသမား ပီတာချက်ကတော့ ဒီပွဲမှာ ကစားနိုင်ချေရှိပါတယ်။

ပွဲကို သုံးသပ်သူတွေကတော့ အာဆင်နယ်ဟာ ချဲလ်ဆီးထက် ရာသီစတာ ပိုကောင်းပေမယ့် ခြေစွမ်းက သာမာန်လောက်ပဲရှိသေးတယ်လို့ ဆိုပါတယ်။ ဘီဘီစီ ဘောလုံးပွဲကြိုခန့်မှန်းသူ မတ်ခ် လော်ရိုဆန်ကတော့ ဒီပွဲကို သရေကျမယ်လို့ မှန်းပါတယ်။ စကိုင်းစပေါ့က ပေါလ်မာဆန်ကတော့ ချဲလ်ဆီးနိုင်မယ်လို့ မှန်းပါတယ်။

အက်စ်တွန်ဗီလာ-၀က်စ်ဘရွန်း

ဇယားနံပါတ် ၁၅ က ဗီလာနဲ့ ၁၄ က ၀က်စ်ဘရွန်းတို့ ကစားမှာ ဖြစ်ပါတယ်။ ဗီလာက ၅ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးထားသလို ၀က်စ်ဘရွန်းကတော့ ၅ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အချိန်မှာတော့ ဗီလာက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားထားပါတယ်။ အရင်ပွဲက ၂ ဂိုးနဲ့ ဦးဆောင်ကစားပြီး ၃ ဂိုးပြန်ပေးကာ လက်စတာကို အရှုံးပေးလိုက်ရတဲ့ ခြေစွမ်းကို မူတည်ပြီး လော်ရိုက ဗီလာရှုံးမယ်လို့ မှန်းပါတယ်။ မာဆန်ကတော့ ဗီလာနိုင်မယ်လို့ မှန်းပါတယ်။

ဘုန်းမောက်- ဆန်းဒါးလန်း

၅ ပွဲကစား တပွဲနိုင်ထားတဲ့ ဘုန်းမောက်နဲ့ နိုင်ပွဲရှာမတွေ့သေးတဲ့ ဆန်းဒါးလန်းတို့ ကစားမယ့် ပွဲဖြစ်ပါတယ်။ တန်းတက် ဘုန်းမောက်နဲ့ ဆန်းဒါးလန်းတို့ ပရီးမီးယားလိဂ်မှာတော့ ဆုံတွေ့ကစားခဲ့ဖူးခြင်း မရှိသေးပါဘူး။ လော်ရိုရော မာဆန်ပါ ဒီပွဲမှာ ဘုန်းမောက်နိုင်မယ်လို့ ခန့်မှန်းပါတယ်။

နယူးကာဆယ်-၀တ်ဖိုဒ့်

နိုင်ပွဲပျောက်နေတဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ နယူးကာဆယ်နဲ့ ၀တ်ဖိုဒ့်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ၅ ပွဲမှာ ဆွမ်ဆီး ၁ သင်းကိုသာ နံပါတ် ၁၃ မှာရပ်နေတဲ့ ၀တ်ဖိုဒ့်က အနိုင်ရထားခဲ့ပြီး ၃ ပွဲသရေနဲ့ ၁ ပွဲရှုံးထားပါတယ်။ လော်ရိုရော မာဆန်ပါ နယူးကာဆယ်ကို နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

စတုတ်-လက်စတာ

ဇယားနံပါတ် ၂ က လက်စတာနဲ့ နံပါတ် ၁၈ က စတုတ်တို့ ကစားကြမယ့်ပွဲ ဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာတော့ စတုတ်က ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။ ဒီ ၂ သင်းလုံးဟာ တော့တင်ဟမ်နဲ့ ကစားခဲ့ဖူးပြီး ၂ သင်းလုံး သရေကျခဲ့ပါတယ်။ အရင်တပတ် ဗီလာနဲ့ကစားစဉ်က နောက်ကနေ လိုက်ကစားခဲ့ပြီး အနိုင်ရတဲ့ လက်စတာ ခြေစွမ်းကလည်း မသေးပါဘူး။ လော်ရိုနဲ့ မာဆန် ခန့်မှန်းချက်က ဒီပွဲမှာလည်း တူညီနေပါတယ်။ စတုတ်နိုင်မယ်လို့ ခန့်မှန်းပါတယ်။

ဆွမ်ဆီး-အဲဗာတန်

ဒီပွဲကတော့ ကြည့်ကောင်းမယ့်ပွဲတပွဲဆိုရင်တော့ မမှားပါဘူး။ ချဲလ်ဆီးကို သရေကစားထားတဲ့ ဆွမ်ဆီးနဲ့ အနိုင်ကစားထားတဲ့ အဲဗာတန်တို့ ကစားကြမယ့်ပွဲလည်း ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ဒီ ၂ သင်းက သရေကျထားပါတယ်။ ဇယားမှာလည်း ၂ သင်းက ကပ်လျက်ရပ်တည်နေပါတယ်။ အဲဗာတန်က ၇ နဲ့ ဆွမ်ဆီးက ၈ မှာ ရပ်တည်နေပါတယ်။ အားကစားခန့်မှန်းတဲ့သူတွေကတော့ သရေကျမယ်လို့ မှန်းထားပါတယ်။

မန်စီးတီး-၀က်စ်ဟမ်း

၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ အနိုင်ကစားထားတဲ့ ဇယားထိပ်က မန်စီးတီးနဲ့ ၃ ပွဲနိုင် ၂ ပွဲရှုံးထားတဲ့ ၀က်စ်ဟမ်းတို့ ကစားမယ့်ပွဲဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ မန်စီးတီးက ၀က်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

တော့တင်ဟမ်- ခရစ္စတယ်ပဲလေ့စ်

ဒီပွဲအပေါ် ဘောလုံးပွဲ ခန့်မှန်းတဲ့သူတွေရဲ့ ခန့်မှန်းချက်ကတော့ ကွဲလွဲနေပါတယ်။ ဘီဘီစီက လော်ရိုကတော့ တော့တင်ဟမ်နိုင်မယ်လို့ မှန်းပါတယ်။ စကိုင်းစပေါ့က မာဆန်ကတော့ ပဲလေ့စ်ကို အနိုင်ပေးထားပါတယ်။ ဘယ်သူမှန်သလဲဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပဲလေ့စ်က ၃ ပွဲနိုင်ထားပေမယ့် တော့တင်ဟမ်ကတော့ တပွဲပဲ အနိုင်ရထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ် ရလဒ်အရ ပဲလေ့စ်က တော့တင်ဟမ်ကို အနိုင်ရထားပါတယ်။

လီဗာပူး-နောဝှစ်ခ်ျ

လီဗာပူးနဲ့ တန်းတက် နောဝှစ်ခ်ျတို့ အရင်နှစ် ပရီးမီးယားလိဂ်မှာတော့ မဆုံခဲ့ဖူးသေးပါဘူး။ အမှတ်ပေးဇယားမှာတော့ နောဝှစ်ခ်ျက နံပါတ် ၉ နဲ့ လီဗာပူးက နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ၂ သင်းစလုံး ၅ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဘောလုံးပွဲကြိုခန့်မှန်းတဲ့ လောရိုရော မာဆန်ပါ လီဗာပူးကို အနိုင်ပေးထားပါတယ်။

ဆောက်သမ်တန်-မန်ယူ

နောက်ဆုံးတွေ့ဆုံစဉ် ဆောက်သင်တန်က ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားတဲ့ အနိုင်ကို မန်ယူတို့ ချေပနိုင်မလား။ နောက်ထပ် ရှုံးကြွေးထပ်တင်မလားဆိုတာကို စောင့်ကြည့်ရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ မန်ယူက ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးထားပြီး ဆောက်သမ်တန်ကတော့ ၅ ပွဲမှာ ၁ ပွဲနိုင် ၃ ပွဲသရေနဲ့ တပွဲရှုံးထားပါတယ်။ ဇယားနံပါတ် ၃ မန်ယူနဲ့ ၁၁ က ဆောက်သမ်တန်တို့ ကစားကြမယ့်ပွဲဖြစ်ပါတယ်။ လက်ရှိနိုင်ပွဲ ရရှိမှုကို ကြည့်ရင်တော့ မန်ယူက အနည်းငယ်သာနေတဲ့ အနေအထားမှာရှိပါတယ်။ လော်ရိုက ဆောက်သမ်တန်ကို အနိုင်ပေးထားသလို မာဆန်ကတော့ သရေကျမယ်လို့ မှန်းထားပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/112658

Read More »

Saturday, August 22, 2015

ဘောလုံး ကျွမ်းကျင် သူများ၏ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်




လာမယ့် သြဂုတ် ၂၂-၂၃ မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲရဲ့ ၃ ပွဲမြောက် ပွဲစဉ် တွေကို ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ်။

ချန်ပီယံ ချဲလ်ဆီး အသင်းက ရုန်းကန်နေ ရသလို မန်စီးတီး အသင်းက တပွဲကို ၃ ဂိုးနှုန်းလောက် သွင်းပြ နေပြီး မန်ယူကတော့ ၂ ပွဲဆက်တိုက် အနိုင်ရ ထားပါတယ်။

၂ ပွဲကစားပြီး တဲ့နောက် မန်စီးတီးက အမှတ်ပေး ဇယားကို ဦးဆောင်နေ သလို သူ့နောက်မှာ လက်စတာ၊ လီဗာပူး၊ မန်ယူ အသီးသီး ရပ်တည်နေ ပါတယ်။ အာဆင်နယ် ကတော့ အဆင့် ၁၁၊ ချဲလ်ဆီး ကတော့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေ ပါတယ်။

သြဂုတ် ၂၄ ရက် လီဗာပူးနဲ့ အာဆင်နယ်ပွဲကတော့ ဘောလုံးပရိသတ်တွေ အကြိုက်တွေ့ နိုင်မယ့် ပွဲကြီးပွဲကောင်းတပွဲလည်း ဖြစ်လာနိုင်ပါတယ်။

လာမယ့် ၃ ပွဲမြောက်ပြိုင်ပွဲတွေမှာတော့ ဘယ်သူတွေ အနိုင်ရမလဲ။ ပွဲအဖြေတွေက ဘယ်လို ထွက်လာနိုင်သလဲဆိုတာကို ဘောလုံးကျွမ်းကျင်သူတွေက အခုလို ခန့်မှန်းထားပါတယ်။

မန်ယူ- နယူးကာဆယ်

မန်ယူကတော့ ပရီးမီးယားလိဂ် ၂ ပွဲကစား ၂ ပွဲနိုင်ထားပါတယ်။ နယူးကာဆယ်က ၂ ပွဲကစား ၁ ပွဲ သရေ ၁ ပွဲ ရှုံးထားပါတယ်။ မန်ယူနဲ့ နယူးကာဆယ်တို့ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။

၂ သင်းစလုံးက တိုးတက်လာသလို မန်ယူက ဘောလုံးရာသီအစကောင်းနေပြီး ဒါကို ဆက်ထိန်းသိမ်းထားနိုင်မယ်လို့ ဘီဘီစီက ဘောလုံးကျွမ်းကျင်သူ လော်ရိုက သုံးသပ်ပါတယ်။ နယူးကာဆယ်ရဲ့ အစပိုင်း ခြေစွမ်းကတော့ သိပ်ဘ၀ကျလောက်စရာမရှိတဲ့အတွက် ဒီပွဲမှာ မန်ယူက နိုင်သွားမယ်လို့ သူက ခန့်မှန်းထားပါတယ်။

စကိုင်းစပေါ့က ဘောလုံး ကျွမ်းကျင်သူ ပေါလ်မာဆင်ကတော့ မန်ယူရဲ့ ခြေစွမ်းဟာ အားရစရာ မရှိသေးပေမယ့် ဒီပွဲမှာ မန်ယူက နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

ခရစ္စတယ်ပဲလေ့စ်- အက်စ်တွန်ဗီလာ

လက်ရှိ ဇယားမှာ နံပါတ် ၇ နဲ့ ၁၀ မှာ ရပ်တည်နေတဲ့ အသင်း ၂ သင်း ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ၂ သင်းလုံးဟာ ၂ ပွဲကစားထားပြီး ၁ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။ ပဲလေ့စ်က အာဆင်နယ်ကို ရှုံးထားပြီး ဗီလာကတော့ မန်ယူကို ရှုံးထားတာ ဖြစ်ပါတယ်။ ဒီ ၂ သင်း နောက်ဆုံး တွေ့ဆုံစဉ်ကတော့ ဂိုးမသွင်းနိုင်ပဲ သရေကျထားပါတယ်။

လူရွှင်တော်နဲ့ ရုပ်ရှင်မင်းသား ဂျက်ဝှိုက်ဟော၊ လော်ရိုနဲ့ ပေါလ်မာဆင်တို့ရဲ့ ဒီပွဲအပေါ် ခန့်မှန်းချက်ကတော့ အတူတူ ဖြစ်နေပါတယ်။ ပဲလေ့စ်နိုင်သွားမယ်လို့ အားလုံးက ခန့်မှန်းပါတယ်။

လက်စတာ-တော်တင်ဟမ်ဟော့စပါး

၂ ပွဲကစား ၂ ပွဲနိုင် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လက်စတာနဲ့ ၂ ပွဲကစား ၁ ပွဲသရေ ၁ ပွဲရှုံးထားတဲ့ စပါးတို့ရဲ့ ပွဲ ဖြစ်ပါတယ်။ စပါးကမန်ယူကို ရှုံးပြီး စတုတ်ကို သရေကျထားတာ ဖြစ်သလို လက်စတာကတော့ ၀က်စ်ဟမ်းနဲ့ ဆန်းဒါးလန်းကို အနိုင်ရထားတာပါ။ နောက်ဆုံးတွေ့ဆုံတဲ့ ပွဲစဉ်မှာတော့ စပါးက ၄ ဂိုး ၃ ဂိုးနဲ့ လက်စတာကို နိုင်ထားပါတယ်။

ဒီပွဲအပေါ် ဘောလုံးကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်ကတော့ ကွဲလွဲနေပါတယ်။ လော်ရိုကတော့ ဒီပွဲကို သရေကျမယ်လို့ ခန့်မှန်းပေမယ့် မာဆင်ကတော့ ဂိုးသွင်းဖို့ အတွက် တိုက်စစ်မှူး ဟယ်ရီကိန်းကို မှီခိုလွန်းတဲ့ စပါးအသင်း ရှုံးသွားမယ်လို့ ခန့်မှန်းပါတယ်။

နောဝစ်-စတုတ်

နောဝစ်ကတော့ ၂ ပွဲမှာ ၁ ပွဲနိုင် ၁ ပွဲရှုံးထားသလို စတုတ်ကတော့ ၁ ပွဲသရေ ၁ ပွဲရှုံးထားပါတယ်။ စတုတ်က လီဗာပူးကိုရှုံးထားပြီး နောဝစ်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးထားတာပါ။

လော်ရိုကတော့ နောဝစ်နိုင်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ မာဆင်ကတော့ သရေကျမယ်လို့ ဆိုပါတယ်။

ဆန်းဒါးလန်း-ဆွမ်ဆီး

ဒီ ၂ သင်း နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ၁ ဂိုးစီသရေကျထားတဲ့ အသင်း ၂ သင်း ပြန်ကစားမှာ ဖြစ်ပါတယ်။ လက်ရှိ ဆန်းဒါးလန်းကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ ဇယား နံပါတ် ၂၀ မှာ ရပ်တည်နေသလို ဆွမ်ဆီးကတော့ ၁ ပွဲနိုင် ၁ ပွဲသရေကျထားပါတယ်။ လက်ရှိ ချဲလ်ဆီးအသင်းကို သရေကစားထားတဲ့ ဆွမ်ဆီးရဲ့ ခြေစွမ်းကလည်း လျော့တွက်လို့ မရပါဘူး။

လော်ရိုက ဒီပွဲသရေကျမယ်လို့ မှန်းပေမယ့် မာဆင်ကတော့ ဆွမ်ဆီး အနိုင်ရသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဝက်စ်ဟမ်း-ဘုန်းမောက်

တန်းတက်လာတဲ့ ဘုန်းမောက်နဲ့ ၀က်စ်ဟမ်းတို့ အရင်ကတော့ ကစားခဲ့ဖူးခြင်းမရှိသေးပါဘူး။ ၁ ပွဲနိုင် ၁ ပွဲရှုံး ၀က်စ်ဟမ်းနဲ့ တန်းတက်လာပြီး ပရီးမီးယားလိဂ်မှာတော့ ဘိုနီမောက် ၂ ပွဲလုံး ရှုံးထားပါတယ်။

အာဆင်နယ်ကိုတောင် အနိုင်ကစားထားနိုင်တဲ့ ၀က်စ်ဟမ်းရဲ့ ခြေစွမ်းကလည်း သတိထားရမယ့် အခြေအနေမှာ ရှိပါတယ်။ မာဆင်ရော၊ လော်ရိုပါ ၀က်စ်ဟမ်း အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။

ဝက်စ်ဘရွန်း-ချဲလ်ဆီး

ရာသီအဖွင့်မှာ နိုင်ပွဲမရသေးဘဲ ၁ ပွဲရှုံး ၁ ပွဲသရေကျထားတဲ့ ချဲလ်ဆီးနဲ့ အလားတူ ၁ ပွဲသရေ ၁ ပွဲရှုံးထားတဲ့ ၀က်စ်ဘရွန်းတို့ ကစားမှာ ဖြစ်ပါတယ်။ ဒီ ၂ သင်းမှာ တူညီတဲ့ အချက်ကတော့ ၂ သင်းစလုံးဟာ မန်စီးတီးကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာလည်း ၀က်စ်ဘရွန်းက ချဲလ်ဆီးကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

ဘီဘီစီ ဘောလုံးရေးရာ ကျွမ်းကျင်သူ လော်ရိုကတော့ ဒီပွဲကို သရေကျမယ်လို့ ခန့်မှန်းထားပေမယ့် မဖြစ်မနေ အနိုင်ကစားရမယ့် ချဲလ်ဆီးအသင်းက ဒီပွဲအနိုင်ရမယ်လို့ စကိုင်းစပေါ့စ်က မာဆင်က ခန့်မှန်းပါတယ်။

အဲဗာတန်- မန်စီးတီး

ရှုံးပွဲမတွေ့သေးဘဲ ၂ ပွဲကစား ရမှတ် ၆ မှတ်နဲ့ အမှတ်ပေး ဇယား နံပါတ် ၁ နေရာက မန်စီးတီးနဲ့ ၁ ပွဲနိုင် ၁ ပွဲသရေကစားထားတဲ့ နံပါတ် ၅ နေရာက အဲဗာတန်တို့ ကစားမယ့် ပွဲစဉ်ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ဒီ ၂ သင်း ၁ ဂိုးစီသရေကျထားပါတယ်။

ဒီဘောလုံးရာသီအစမှာ တာထွက်ကောင်းပြီး ခြေစွမ်းတက်နေတဲ့ မန်စီးတီးပဲ အနိုင်ရသွားမယ်လို့ လော်ရိုရော၊ မာဆင်ပါ ခန့်မှန်းပါတယ်။

ဝတ်ဖို့ဒ်- ဆောက်သမ်တန်

၂ ပွဲကစား ၂ ပွဲသရေကျထားတဲ့ တန်းတက် ၀တ်ဖို့ဒ်နဲ့ ဆောက်သမ်တန်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ဒီ ၂ သင်းလုံးဟာ အဲဗာတန်နဲ့ ကစားခဲ့ပြီး ဖြစ်ပါတယ်။ ၀က်ဖို့ဒ်က အဲဗာတန်ကို ၂ ဂိုးစီ သရေကစားထားပေမယ့် ဆောက်သမ်တန်ကတော့ အဲဗာတန်ကို ၃ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ ဒီနှစ်မှာ တန်းတက်လာတဲ့ ၀က်ဖို့ဒ်နဲ့ ဆောက်သမ်တန်တို့ အရင်နှစ်တွေမှာတော့ ယှဉ်ပြိုင်ကစားခဲ့ခြင်း မရှိပါဘူး။ မာဆင်ကတော့ သရေကျမယ်လို့ ခန့်မှန်းပေမယ့် လော်ရိုကတော့ ဆောက်သမ်တန်ကို အနိုင်ပေးထားပါတယ်။

အာဆင်နယ်-လီဗာပူး

ဒီတပတ် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲမှာ ဒီ ၂ သင်း ကစားမယ့်ပွဲဟာ ပရိသတ် စိတ်ဝင်စားမှု အရှိဆုံး ပွဲစဉ်ဆိုရင်တော့ မမှားပါဘူး။ အရင်နှစ်က ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ ရှုံးကြွေးကို လီဗာပူးက ပြန်ဆပ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်မယ်ဆိုရင်တော့ လီဗာပူးက ၂ ပွဲကစား ၂ ပွဲနိုင်ပြီး အမှတ်ပေးဇယား နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်ကတော့ ၁ ပွဲကစား ၁ ပွဲသရေနဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။

ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲကို ပြန်ကြည့်မယ်ဆိုရင် အာဆင်နယ်က ခရစ်တယ်ပဲလေ့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပေမယ့် ၀က်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးထားပါတယ်။ လီဗာပူးကတော့ စတုတ်နဲ့ ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားထားပါတယ်။

ဘုန်းမောက်နဲ့ လီဗာပူးပွဲကို သွားကြည့်ခဲ့တဲ့ လော်ရိုကတော့ ၄-၅-၁၊ ၄-၃-၃၊ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုကစားတဲ့ လီဗာပူးဟာ အလယ်တန်းနဲ့ ခံစစ်ကို အထိုင်ထားပြီး တိုက်စစ်ဆင်တဲ့အတွက် ဒီဘောလုံးရာသီမှာတော့ မာထန်ထန် ကစားတဲ့ အသင်းလို့ သုံးသပ်ပါတယ်။

ဒီကစားပုံက တိုက်စစ်ကို အားနည်းသွားစေပေမယ့် ၂ ပွဲစလုံး အနိုင်ကစားနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အာဆင်နယ်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီးတော့ လမ်းကြောင်းမှန်ပေါ် ရောက်လာသလို ဒီပွဲမှာ အနိုင်အရှုံးရလဒ်က ကျဉ်းမြောင်းနိုင်ပြီး သရေကျမယ်လို့ ခန့်မှန်းပါတယ်။

မာဆင်ကတော့ လီဗာပူးက ပွဲစဉ်တွေ အနိုင်ရနေပေမယ့် အကောင်းဆုံး အနေအထား မဟုတ်သေးဘူးလို့ ဆိုပါတယ်။ အာဆင်နယ်ဟာ အိမ်ကွင်းဖြစ်တဲ့ အတွက် အသာရဖို့များ သလို လီဗာပူးအတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။ အာဆင်နယ် အနိုင်ရမယ်လို့ သူက သုံးသပ်ပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/108660

Read More »

Thursday, August 13, 2015

ပရီးမီးယားလိဂ် အချမ်းသာဆုံး ကလပ်အသင်း ပိုင်ရှင်များ


အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အသင်း ပိုင်ရှင်တွေမှာ ဘယ်သူ တွေက အချမ်းသာ ဆုံးပါလဲ၊ သူတို့တွေရဲ့ ပိုင်ဆိုင် မှုတွေ ဘယ်လောက် ရှိပါသလဲ၊ ဗြိတိန် အခြေစိုက် ကြေးမုံ သတင်းစာ ကတော့ အချမ်းသာဆုံး ကလပ် အသင်း ပိုင်ရှင် အယောက် ၂၀ အကြောင်း ရေးသား ထားပါတယ်။ ဒီအထဲက ၁၀ ယောက် အကြောင်း တင်ဆက် လိုက်ပါတယ်။

၁။ မန်ဆူဘင်ဇိုင်ယက် အယ်လ်ညာရန် – မန်စီးတီး ကလပ်ပိုင်ရှင်



မန်စီးတီးကလပ်အသင်းပိုင်ရှင်ကတော့ ပရီးမီးယားလိဂ် ကလပ်အသင်းပိုင်ရှင်တွေထဲမှာ ပေါင် ဘီလီယံ ၂၀ နဲ့ အချမ်းသာဆုံးအဖြစ် ထိပ်တန်းကနေ ရပ်တည်နေပါတယ်။

၂၀၀၈ ခုနှစ်က မန်စီးတီးအသင်းကို ပေါင် သန်း ၂၀၀ နဲ့ ၀ယ်ယူခဲ့ပြီး အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အချမ်းသာဆုံး ကလပ်အသင်းတခု ဖြစ်သွားစေပါတယ်။

ဒီနောက်မှာတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

၂။ ရိုမန် အဗရာမိုဗစ်ခ်ျ – ချဲလ်ဆီး



ချဲလ်ဆီးအသင်းက ရုရှားသူဌေး ရိုမန် အဗရာမိုဗစ်ခ်ျကတော့ ပေါင် ၅ ဒသမ ၃ ဘီလီယံနဲ့ ဒုတိယ အချမ်းသာဆုံးပိုင်ရှင်အဖြစ် ရပ်တည်နေပါတယ်။

၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီးအသင်းကို ဒေါ်လာ သန်း ၄၀၀ နဲ့ ၀ယ်ယူခဲ့ပြီး အင်္ဂလန် ဘောလုံးလောကကို ပုံပြောင်းလိုက်တဲ့သူ အဖြစ်လည်း ပြောဆိုနေပါတယ်။

ရေနံ၊ သံမဏိ သတ္တုတူးဖော်ရေး လုပ်ငန်းတွေနဲ့ အဗရာ မိုဗစ်ချစ်က ချမ်းသာလာခဲ့တာ ဖြစ်ပါတယ်။

၃။ ဂျိုးလူးဝစ် – တော့တင်ဟမ်ဟော့စပါး



ပေါင် ၄ ဒသမ ၉ ဘီလီယံ ချမ်းသာတဲ့ လူးဝစ်ဟာ ဗြိတိန် ဘီလျံနာတဦး ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ဗြိတိန် အချမ်းသာဆုံး ၁၀ ဦးထဲမှာ တဦးအပါအ၀င် ဖြစ်တယ်လို့ ဖော့ဘ်မဂ္ဂဇင်းက ရေးပါတယ်။

၎။ စတန့် ခရော်ကီ – အာဆင်နယ်



၂၀၀၈ ခုနှစ်က အာဆင်နယ် ဘုတ်အဖွဲ့ထဲကို ၀င်လာတဲ့ အမေရိကန် လုပ်ငန်းရှင်က ပေါင် ၄ ဘီလီယံနဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။ အာဆင်နယ်မှာ သူ့ရဲ့ အစုရှယ်ယာက ၆၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

၅။ မိုက်အက်ရှ်လေ – နယူးကာဆယ်



အားကစားပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ဘီလျံနာဖြစ်လာတဲ့ နယူးကာဆယ်အသင်း ပိုင်ရှင် မိုက် အက်ရှ်လေက ပေါင် ၃ ဒသမ ၅ သန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။

၂၀၀၇ ခုနှစ်က နယူးကာဆယ်ရဲ့ ရှယ်ယာ ၄၁ ရာခိုင်နှုန်းကို ၀ယ်ယူခဲ့ပြီး အားကစား ခေါင်းကြီးသတင်း တော်တော်များများမှာ နေရာယူခဲ့ပါတယ်။

အသင်းက ပရိသတ်တွေနဲ့ ညှိနှိုင်းဖို့ ငြင်းဆိုချက်တွေနဲ့ ကလယ်အသင်းမှာ အပြည့်အ၀ ရင်းနှီးမြှုပ်နှံမှု မလုပ်တာတွေကြောင့်လည်း ဝေဖန်ခံနေရပါတယ်။

၆။ ဂလေဇာ မိသားစု – မန်ချက်စတာယူနိုက်တက်အသင်း



မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုကတော့ ပေါင် ၃ ဘီလီယံနဲ့ နံပါတ် ၆ နေရာမှာ ရပ်တည်နေပါတယ်။ ၂၀၀၃ ခုနှစ်မှာ မန်ယူက ရှယ်ယာတွေကို ၀ယ်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ရှယ်ယာအများစုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မန်ယူပရိသတ်တွေကတော့ ဂလေဇာ မိသားစုကို သိပ်မကြိုက်ပါဘူး။

၇။ အိလစ် ရှော့ခ် – ဆန်းဒါးလန်း



အိုင်းရစ် အမေရိကန် စီးပွားရေးသမား အိလစ်ရှော့ခ်ကတော့ ပေါင် ၂ ဒသမ ၄ ဘီလီယံနဲ့ နံပါတ် ၇ နေရာမှာ ရှိနေပါတယ်။ ၂၀၀၈ ခုနှစ်က ဆန်းဒါးလန်းကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်းကလည်း သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ တန်းဆင်းဇုန်ကနေ နည်းအမျိုးမျိုးနဲ့ လွတ်မြောက်နေပါတယ်။

၈။ ကတ်သရင်းလီဘဲ – ဆောက်သမ်တန်



နှလုံးရောဂါနဲ့ သေဆုံးသွားတဲ့ ဖခင် မားကပ်ထံကနေ ဆောက်သမ်တန်ကို ရယူခဲ့ပြီးတဲ့နောက် ကတ်သရင်းလီဘဲကို လူသိများလာပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရော်နယ် ကိုးမန်းကို ခန့်အပ်ပြီး အသင်းက နာမည်ကြီးလူတွေကို ထုတ်ရောင်းခဲ့တဲ့အတွက် လူကြိုက်မများခဲ့ပေမယ့် ၂၀၁၄-၁၅ ပရီးမီးယားလိဂ် ဘောလုံးရာသီကိုတော့ လူအထင်ကြီးစရာ ဖြစ်အောင် ဖြတ်သန်းပြနိုင်ခဲ့ပါတယ်။

၉။ ၀ီချိုင်း ဆရီဗာဟန်နာပရာဘာ – လက်စတာ



လေဆိပ်တွေမှာ ပစ္စည်းဝယ်ရင် အခွန်ခမပါဘဲ ရောင်းချတဲ့ ကင်းပါဝါဆိုင်တွေကို ထူထောင်သူ ထိုင်း အမှုဆောင်အရာရှိက ၂၀၁၀ ခုနှစ်မှာ လက်စတာအသင်းကို ၀ယ်ယူခဲ့ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုက ပေါင် ၁ ဒသမ ၄ ဘီလီယံ ရှိပါတယ်။

၁၀။ ဂျွန်ဟင်နရီ – လီဗာပူး



၂၀၁၁ ခုနှစ်မှာ လီဗာပူးအသင်းကို ၀ယ်ယူခဲ့တဲ့ ဟင်နရီကတော့ ပိုင်ဆိုင်မှု ပေါင် ၁ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ အသင်းကို ၀ယ်ယူပြီး နောက်တနှစ်မှာ အသင်းရဲ့ ဂန္ထ၀င် ကစားသမား ကင်နီ ဒဲဂလစ်ကို အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။

ဒီနောက်မှာတော့ စတုတ်စီးတီးပိုင်ရှင် ကွတ်တစ်မိသားစုက ပေါင် ၉၂၅ သန်း၊ ၀က်စ်ဟမ်းက ဒေးဗစ် ဆူလီဗန်က ပေါင် ၈၅၀ သန်း၊ အက်စ်တွန်ဗီလာက ရန်ဒီလာနာက ပေါင် ၆၄၀၊ ၀က်ဖို့ဒ်အသင်းက ဂျွန်ပိုလို ပေါဇိုက ပေါင် သန်း ၁၂၀၊ ဘုန်းမောက်အသင်းက မက်ဇင် ဒီမင်က ပေါင် သန်း ၁၀၀ နဲ့ အသီးသီး ရပ်တည်နေပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/107457

Read More »

အမျိုးသမီးများ၏ ဘောလုံး စွမ်းရည်ကို ပြသ (ရုပ်သံ)




အမျိုးသမီး ပြေးခုန်ပစ် သမားတွေရဲ့ လစာနဲ့ မီဒီယာတွေက ရေးသား နေမှုတွေဟာ မျှတမှု မရှိတာကို မီးမောင်း ထိုးပြဖို့ အတွက် MaxMan.tv က အမျိုးသမီး တွေရဲ့ ဘောလုံး စွမ်းရည် ပြသထားတဲ့ ဗွီဒီယို ဖိုင်ကို ပြသ လိုက်ပါတယ်။

အမျိုးသမီး ဘောလုံးသမား ၂ ဦး ရာကွေး ဘန်နက်တီနဲ့ အဲလက်စ်ဖောင်ဂရေး တို့က အမျိုးသား တသိုက်နဲ့ အတူ ဘောလုံး ကစားရင်း ဘောလုံး စွမ်းရည် ပြသ လိုက်တဲ့ ရုပ်သံလည်း ဖြစ်ပါတယ်။

အနီရောင် နွေရာသီ ၀တ်စုံနဲ့ နွမ်းနယ်နေတဲ့ အဖွားအို အဖြစ် အမျိုးသမီး ၂ ဦး ရုပ်ဖျက်ပြီး ဘောလုံး ကစားဖို့ တောင်းဆို တာကို အမျိုးသားတွေက ဈေးဝယ် ထွက်မယ့်သူ ဖြစ်တယ်လို့ တုံ့ပြန် ခဲ့ပါတယ်။

ဒီနောက်မှာတော့ အမျိုးသမီး ၂ ဦးက ဘောလုံး ပွဲကို ပါဝင် ကစား ခဲ့ပြီး သူတို့ရဲ့ ဘောလုံး စွမ်းရည်တွေကို ပြသပြီး ဂိုးတွေ သွင်းယူ သွားတဲ့ ရုပ်သံလည်း ဖြစ်ပါတယ်။

ဒီဗွီဒီယိုက ပေးချင်တဲ့ အချက် အလက်ကတော့ အမျိုးသမီးတွေရဲ့ ဘောလုံးစွမ်း ရည်ကို လျှော့မတွက် ဖို့ဘဲ ဖြစ်ပါတယ်။

video

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/107411

Read More »

Saturday, July 18, 2015

ရာသီသစ်မှာ ဗန်ဂါးလ် ထုတ်ခင်းမယ့် ဝှက်ဖဲ




ကစားသမား တစ်ယောက် ဒဏ်ရာ ရသွား ချိန်မှာ ဆိုးဆိုး ရွားရွား ပေးဆပ်မှုကြီး သွားခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီအတွေ့ အကြုံကို မန်ချက် စတာယူနိုက်တက် မန်နေဂျာ လူးဝစ် ဗန်ဂါးလ် တစ်ယောက် အ လွယ် တကူ မေ့ဖျောက် နိုင်မယ့်ပုံ မရှိပါဘူး။

ခြောက်ပွဲ ဆက်တိုက် အနိုင် ရလဒ်တွေ ပိုင်ဆိုင် ခဲ့တဲ့ နောက် ဧပြီ ၂၈ ရက် မှာတော့ ယူ နိုက်တက်ဟာ အမှတ်ပေး ဇယား ဦးဆောင်သူ ချယ်လ်ဆီး အသင်းနဲ့ ရင်ဆိုင်တွေ့ခဲ့ ပါတယ်။ ဒါပေမဲ့ အဲဒီပွဲ မှာတော့ ဘောလုံး ပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းထိ တစ်ဖက်သတ် ပြတ်ပြတ် သားသား အသာစီးရခဲ့ လျက်နဲ့ အိမ်ရှင် ချယ်လ်ဆီးကို ရှုံးနိမ့် ခဲ့တယ်။ ပြီးတော့ အဲဗာတန်၊ ဝက်စ်ဘရွန်းဝစ်ခ်ျ တို့ကိုလည်း ဆက်တိုက်ထပ်ရှုံးပြန်တယ်။ ဒီအ ခြေအနေမှာတော့ ချန်ပီယံဆုအ တွက် လက်ကျန်မျှော်လင့်ချက် ငွေ့ငွေ့အပြင် ချန်ပီယံလိဂ်တိုက် ရိုက်ဝင်ခွင့်ကိုပါ လက်လွှတ်လိုက် ရပါတော့တယ်။

အဲဒီလိုသုံးပွဲ ဆက်တိုက်အရေးနိမ့်ရတဲ့ အဓိက အကြောင်းရင်းတစ်ခုဟာ မိုက် ကယ်ကာရစ် ဒဏ်ရာ ရသွားပြီး ယူနိုက်တက် ကွင်းလယ် ဟန်ချက် ပျက်စီး သွားခြင်း ဖြစ်တယ်လို့ ဘောလုံး ကျွမ်းကျင်သူ အားလုံးလို လိုက သုံးသပ် ခဲ့ကြတယ်။ ဒါကိုဗန် ဂါးလ်ကိုယ်တိုင်လည်း လက်ခံခဲ့ တာသေချာ ပါတယ်။ ဒါကြောင့် လည်း နွေရာသီ ဈေးကွက် ဖွင့်ချိန် မှာ ကာရစ် နေရာကို အစားထိုးနိုင် ရေး အတွက် ဦးစားပေး အဆင့် လုပ်ဆောင် ခဲ့တာ ဖေစ်ပါတယ်။ အဲ ဒီအတွက် အကောင်းဆုံး အဖြေက တော့ မော်ဂန်ရှနိုက် ဒါလင် ပါပဲ။



ဗန်ဂါးလ်ရဲ့ ရီဗော်လူးရှင်း
ဒီနွေရာသီဈေးကွက်မှာ ဗန် ဂါးလ်ဟာ သူ့ရဲ့ဘောလုံးဒဿန ကို ပီပီပြင်ပြင်အကောင်အထည် ဖော်ဖို့ ခြေလှမ်းပြင်လာပါတယ်။ ယူနိုက်တက်နဲ့ ပထမဆုံးရာသီ ဖြတ်သန်းမှုမှာ မြေစမ်းခရမ်းပျိုး စမ်းတဝါးဝါးရှိခဲ့ပေမယ့် အခုအ ခါမှာတော့ ဘယ်ကစားသမား တွေဟာ သူ့နည်းစနစ်မှာအံဝင်ပြီး ဘယ်သူတွေကတော့ လမ်းခွဲသင့် ပြီဆိုတာကို နယ်သာလန်သား ဘောလုံးနည်းဗျူဟာကဝေကြီး ကောင်းကောင်းသဘောပေါက် သွားပါပြီ။ ရာဒါမယ်ဖယ်လ်ကာ အို၊ ရော်ဘင်ဗန်ပါစီ၊ လူးဝစ်နာနီ တို့ကို ရှင်းထုတ်လိုက်သလို ရာ ဖေးလ်ဒါဆေးလ်ဗား၊ ဂျွန်နီအီ ဗန်စ်၊ ဟာဗီးယားဟာနန်ဒက်ဇ် အစရှိတဲ့ ပိုလျှံကစားသမားတွေ လည်း အိုးလ်ထရက်ဖို့ဒ်နဲ့လမ်းခွဲ ရဖို့အလားအလာများနေပါတယ်။

ဗန်ဂါးလ်ဟာတိုရီနို နောက် ခံလူ မက်တီယိုဒါမီယန်၊ ပီအက်စ် ဗီအင်ဒိုဗန် တောင်ပံတိုက်စစ်မှူး မမ်ဖစ်ဒီပိုင်း၊ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဘက်စတီယန်ရှဝိန်းစတိုင်ဂါတို့အပြင် ဆောက်သမ် တန်ကပြင်သစ်လက်ရွေးစင်ကွင်း လယ်လူ ရှနိုက်ဒါလင်ကိုပါ ခေါ် ယူခဲ့ပါတယ်။ လက်ရှိအားဖြည့်မှု တွေအရ ဗန်ဂါးလ်ရဲ့ကွင်းလယ် ဟာ ပရီးမီးယားလိဂ်မှာအတောင့် တင်းဆုံးဖြစ်လာပြီလို့ ယူဆနိုင် ပါတယ်။ မီဒီယာတွေကတော့ က မ္ဘာ့ဖလားချန်ပီယံဆုရှင် ဂျာမန် လက်ရွေးစင် ရှဝိန်းစတိုင်ဂါရဲ့ အင်္ဂလန်စွန့်စားခန်းကို ရွှန်းရွှန်း ဝေအောင် ရေးသားနေကြပြီး ရှ နိုက်ဒါလင်နဲ့ ပတ်သက်လို့တော့ အသံသိပ်မထွက်တာကို တွေ့ရ ပါတယ်။ တကယ်တော့ အသက် (၃၃)နှစ်ရှိပြီဖြစ်တဲ့ကာရစ်ရဲ့ကွင်း လယ်ဒေါက်တိုင်နေရာမှာ အဓိ က အ စားထိုးဝင်ရောက်နိုင်သူဟာ ရှ နိုက်ဒါလင်ဖြစ်ပါတယ်။ သူဟာ လာမယ့်ရာသီ လမ်းသစ်ထွင်မယ့် ဗန်ဂါးလ်ရဲ့ ရီဗော်လူးရှင်းတစ်ခု လုံးမှာ အဓိကအကျဆုံးကစားသ မားတစ်ယောက် ဖြစ်လာမယ်ဆို ရင်လည်း အံ့ဩစရာမရှိပါဘူး။

ကောင်းသထက် ကောင်းလာတဲ့သူ
ဘောလုံးသမားဘဝဆိုတာ အနိမ့်အမြင့် အတက်အကျအမျိုး မျိုး ကြုံရတတ်ပေမယ့် ရှနိုက်ဒါ လင်ရဲ့ဖြတ်သန်းမှုကတော့အမြင့် ကိုပဲ တောက်လျှောက်ထိုးတက် လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၀၈ မှာ အသက် (၁၈) နှစ်အ ရွယ် ချာတိတ်လေးတစ်ယောက် ဟာ ပြင်သစ်ကလပ်စထရာဘော့ဂ် ကိုစွန့်ခွာပြီး ဆောက်သမ်တန်ကို ခြေချလာတယ်။ အဲဒီနောက် ရှ နိုက်ဒါလင်ဟာ ဆောက်သမ်တန် နဲ့အတူ ချန်ပီယံရှစ်နဲ့ ပထမတန်း လို အောက်တန်းအဆင့်ပြိုင်ပွဲ တွေမှာ ကျင်လည်နေခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဆင့်ထိ ဆောက်သမ်တန်ပြန်တက် လှမ်း လာချိန်မှာလည်း ရှနိုက်ဒါလင် ဟာ အသင်းရဲ့ အဓိကမဏ္ဍိုင် ကစားသမားတစ်ဦး ဖြစ်ခဲ့ပါ တယ်။

ဆောက်သမ်တန်ကိုရောက် စမှာ ပိန်ပိန်နွဲ့နွဲ့ ကလန်ကလား ဖြစ်နေတဲ့ ချာတိတ်လေးဟာ ပရီး မီးယားလိဂ်မှာ အသားကျကျက စားရင်း ကာယကြံ့ခိုင်မှုအကောင်း ဆုံးဖြစ်လာတယ်။ ပြီးတော့ သွေး အေးအေး တည်တည်ငြိမ်ငြိမ်နဲ့ ကွင်းလယ်ကို စိုးမိုးထိန်းချုပ်နိုင်တဲ့ သူ့ရဲ့ စိတ်ဓာတ်မာကျောမှုက လည်းပိုပြီးအားကောင်းလာတယ်။ ဒါတွေကြောင့်လည်း ၂၀၁၄ ၊ နွေ ရာသီမှာ အာဆင်နယ်အသင်း ဟာ ရှနိုက်ဒါလင်ကို အလေးအ နက်ကမ်းလှမ်းလာခဲ့ပါတယ်။ ဒါ ပေမဲ့ ဆောက်သမ်တန်မန်နေဂျာ ရော်နယ်လ်ကိုးမန်းက အဓိက ကစားသမားတော်တော်များများ ရောင်းထုတ်ထားပြီးဖြစ်တာ ကြောင့် ရှနိုက်ဒါလင်ကို လက် လွှတ်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ပြီး တော့ အာဆင်နယ်ဘက်ကလည်း ဆောက်သမ်တန် လက်ခံနိုင် လောက်မယ့် ပြောင်းရွှေ့ကြေး စတာလင် ပေါင် ၁၈ သန်းထိ ပေး ချေလိုစိတ်မရှိတာကြောင့် အ ပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ ပါဘူး။

ချန်ပီယံလိဂ်မှာ ပါဝင်ယှဉ် ပြိုင် ကစားချင်နေတဲ့ ရှနိုက်ဒါလင် အတွက်တော့ ဒါဟာစိတ်ပျက်စ ရာ အခြေအနေတစ်ရပ်ပါပဲ။ ဒါ ပေမဲ့ သူဟာ ဆောက်သမ်တန်အ တွက်ပဲ အပြည့်အဝအာရုံစိုက်ပြီး ၂၀၁၄-၁၅ ဘောလုံးရာသီကို အ ကောင်းဆုံးခြေစွမ်းပြ ဖြတ်သန်း နိုင်ခဲ့တယ်။ ဒဏ်ရာ ပြဿနာတွေ ကြောင့် ပွဲစဉ်တချို့ ကစားခွင့်မရ ခဲ့ပေမယ့် သူ့ရဲ့တစ်ဦးချင်းစွမ်း ဆောင်ရည်တွေက အရင်ထက် ပိုမြင့်တက်လာတယ်။၂၀၁၃-၁၄ ရာသီမှာ ရှနိုက်ဒါလင်ဟာ သူ့ရဲ့ ဖျက်ထုတ်မှု အားလုံးရဲ့ ၇၇ ရာ ခိုင်နှုန်း အောင်မြင်အောင် အား ထုတ်နိုင်ခဲ့ပြီး တစ်ပွဲကို ကြားဖြတ် ဟန့်တားမှု ပျမ်းမျှ ၂ ဒသမ ၀၆ ကြိမ်လောက် လုပ်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၄-၁၅ ရာသီမှာတော့ ဘောလုံးဖျက်ထုတ်မှု အရည်အ သွေးဟာ ၈၂ ဒသမ ၃ ရာခိုင်နှုန်း ထိ မြင့်တက်လာပြီး တစ်ပွဲကို ပျမ်းမျှ ၂ ဒသမ ၄၂ ကြိမ်ထိ ကြား ဖြတ်ဟန့်တားမှုတွေ လုပ်ပြလာ နိုင်တယ်။ ခံစစ်ကိုအားပြုကစား တဲ့ အလယ်တန်းလူတစ်ယောက် ပေမယ့် သူ့ရဲ့ဘောလုံးဖြန့်ဝေမှု တွေဟာ ၈၉ ဒသမ ၃ ရာခိုင်နှုန်း ထိ အထမြောက် အောင်မြင်ခဲ့တာ ကလည်း ချီးကျူးစရာပါပဲ။



အိုးလ်ထရက်ဖို့ဒ်သို့ ဦးတည်ခြင်း
တရိပ်ရိပ် တက်လာတဲ့ ရှ နိုက်ဒါလင်ရဲ့ စွမ်းရည်ကောင်း တွေကြောင့် သူ့ကိုအရင်ကတည်း ကပစ်မှတ်ထားနေတဲ့ အာဆင် နယ်၊ တော့တင်ဟမ်ဟော့စပါး တို့အပြင် ယူနိုက်တက်ကပါရှနိုက် ဒါလင်ကို စိတ်ဝင်စားလာပါ တယ်။ အာဆင်နယ်မန်နေဂျာ အာစင်ဝင်းဂါးဟာ ရှနိုက်ဒါလင် အတွက် ပြောင်းရွှေ့ကြေးများများ ပေးချေဖို့ တွန့်ဆုတ်နေပြီးစပါးကို တော့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ တာကြောင့် ကစားသမားကိုယ် တိုင်က စိတ်မဝင်စားခဲ့ဘူး။ နောက်ဆုံးမှာတော့ ယူနိုက်တက် ဟာ အသက် (၂၅) နှစ်အရွယ် ရှ နိုက်ဒါလင်အတွက် ဆောက်သမ် တန်တောင်းဆိုတဲ့အတိုင်း စတာ လင်ပေါင် ၂၅ သန်းထိပေးချေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလို နဲ့သူဟာ ခုနစ်နှစ်ကြာ ဖြတ်သန်းခဲ့ တဲ့ စိန့်မေရီကိုစွန့်ခွာပြီး အင်္ဂလန် ရဲ့အောင်မြင်မှုအကြီးဆုံးအသင်း ကြီးဆီ ခြေချခွင့်ရလာပါတော့ တယ်။

ဗန်ဂါးလ် အနေနဲ့ကတော့ ရှနိုက်ဒါလင်ကို ရည်ရွယ်ချက်ကြီး ကြီးနဲ့ ခေါ်ယူနိုင်ခဲ့တာသေချာပါ တယ်။ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်း က ကာရစ်ဒဏ်ရာရသွားချိန်မှာ သူ့နေရာကို ဘယ်သူမှဝင်မဖြည့် နိုင်ခဲ့ပါဘူး။ ယူနိုက်တက်ရဲ့တိုက် စစ်အားသန် ကွင်းလယ်ကစားသ မားတွေဟာ ပြိုင်ဘက်ကို စီးထား နိုင်ပေမယ့် တစ်ဖက်ကတန်ပြန် တိုက်စစ်ကို ဖြတ်တောက်နိုင်စွမ်း နဲ့ တိုက်စစ်လမ်းကြောင်းကိုကိုယ် တိုင်ပြန်ပြီး အစပျိုးနိုင်စွမ်းတွေမှာ လုံးဝအားရစရာမရှိခဲ့ဘူး။ ဗန် ဂါးလ်ဟာ ဘယ်နောက်ခံလူ ဒါ လေဘလင်းကို ကာရစ်နေရာမှာ ပွဲထုတ်ပြီး ဆေးမြီးတိုအနေနဲ့သုံးခဲ့ ပေမယ့်လည်း အခြေအနေက ပို ဆိုးပြီး အဲဗာတန်ကို ၃-၀ ဂိုးနဲ့ အ ပြတ်အသတ် ရှုံးတဲ့ထိဖြစ်ခဲ့ပါ တယ်။

ရှနိုက်ဒါလင်ကတော့ ခံစစ် ကိုအားပြုကစားတဲ့ ကွင်းလယ်လူ တစ်ယောက်အနေနဲ့ ကာရစ်နေ ရာကို တိုက်ရိုက်အစားဝင်နိုင်မှာ ပါ။ ပြီးတော့ သူ့ရဲ့ပင်ကိုကစား ဟန်နဲ့ ဘောလုံးအမြင်တွေက လည်း အင်္ဂလန်ဝါရင့်ကစားသမား ကြီးနဲ့ တော်တော်လေးဆင်တူပါ တယ်။ ရှနိုက်ဒါလင်ဟာ ကာရစ် လိုပဲ ကစားဟန်ရိုးရှင်းပေမယ့် ထိ ရောက်တဲ့ဖြတ်တောက် တားဆီး မှုတွေလုပ်နိုင်တယ်။ ကွင်းလယ် မှာ အနီးကပ်အပေးအယူ ကစား နေရင်း တိုက်စစ်ကိုတစ်မုဟုတ် ချင်း အစပြုနိုင်မယ့် အမြင့်ဘော တွေ တိတိကျကျ ရိုက်တင်နိုင် တယ်။ ပြီးတော့ သူ့အသက် (၂၅) နှစ်ပဲရှိသေးတာကြောင့် နောက် ထပ် အများကြီးတိုးတက်လာဖို့ မျှော်လင့်နိုင်ပါသေးတယ်။ ဗန် ဂါးလ်လက်အောက်မှာ နည်းမှန် လမ်းမှန်ရှေ့ဆက်ရင်း ရှနိုက်ဒါ လင်ဟာ ကာရစ်ထက်အများကြီး ပိုထူးချွန်တဲ့ အဆင့်အတန်းမျိုးထိ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

ဗန်ဂါးလ်ရဲ့ ဝှက်ဖဲ
ဒီရာသီ ယူနိုက်တက်ခေါ်ယူ ထားတဲ့ လူသစ်တွေမှာဒီပိုင်းနဲ့ ရှ ဝိန်းစတိုင်ဂါတို့ကတော့ လူပြော အများဆုံးကြယ်ပွင့်တွေဖြစ်နေ ပြီး ရှနိုက်ဒါလင်ကတော့ ငုပ် ကောင်သဘောမျိုးပဲ ရှိနေပါ တယ်။ ဒါပေမဲ့ ဗန်ဂါးလ်ကတော့ အသွင်သစ်နဲ့ သူတည်ဆောက် မယ့်အသင်းမှာ ရှနိုက်ဒါလင်ရဲ့ အရည်အသွေးကောင်းတွေကို အပြည့်အဝပုံအောပြီး ထုတ်သုံး လာမှာသေချာပါတယ်။ ဘောလုံး ပိုင်ဆိုင်မှုကိုအားပြုတဲ့ ဗန် ဂါးလ်ရဲ့ ဘောလုံးဒဿနမှာကွင်း လယ်လူတွေဟာ အဓိက အ ကျဆုံးအစိတ်အပိုင်းဖြစ်လာပါ တယ်။ အဲဒီအခါ ကိုယ့်အသင်း ဖော်တွေ စိတ်ကြိုက်ကစားနိုင်ဖို့ ကွင်းလယ်ကနေ လုပ်အားနှုန်း ကောင်းကောင်း ဖြတ်တောက် ဟန့်တားမှုတွေ လုပ်ပေးမယ့် ရှ နိုက်ဒါလင်ဟာ အရေးအပါဆုံး လက်နက်ပုန်းတစ်ခုလည်း ဖြစ် လာမှာပါ။

သူဟာ ဂိုးတွေတဒိုင်းဒိုင်း သွင်းပြီး ပရိသတ်လက်ခုပ်သံကို ဆွတ်ယူနိုင်တဲ့ ကစားသမားမျိုး တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ကစားကွက် နရီစည်းချက်မှာတော့ ကာရစ်လို ပဲ အဓိကပဲ့ကိုင်လမ်းညွှန်သူတစ် ယောက်ဖြစ်လာမှာ သေချာပါ တယ်။ ပြီးတော့ ဗန်ဂါးလ်ရဲ့လမ်း ညွှန်မှုနဲ့အတူ ရှနိုက်ဒါလင်ဆိုတာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကွင်းလယ်ခံစစ်သမားတစ် ယောက်အဖြစ် ညွှန်းဆိုခံလာရရင် လည်း အံ့ဩစရာတော့မရှိပါဘူး။

ပြီးခဲ့တဲ့ရာသီတုန်းက ဗန် ဂါးလ်တဖွဖွပြောခဲ့တာတစ်ခုရှိ ပါတယ်။ အဲဒါကတော့သူ့အသင်း ရဲ့စုဖွဲ့မှုလူစာရင်းဟာ ဟန်ချက် မညီဘူးဆိုတာပါပဲ။ ဗန်ဂါးလ်ရဲ့ စကားမှန်ခဲ့တယ်ဆိုတာကိုလည်း ဖြတ်သန်းခဲ့တဲ့ပွဲစဉ်ရလဒ် တချို့ က သက်သေခံနေပါတယ်။ လာ မယ့်ရာသီသစ်ကတော့ ယူနိုက် တက်ဟာ ဗန်ဂါးလ်အလိုကျ ဟန် ချက်မျိုးနဲ့ချီတက်နိုင်ဖို့ အသင့်ဖြစ် နေပါပြီ။ အဲဒီဟန်ချက်ကိုချုပ်ကိုင် နိုင်မယ့်ဝှက်ဖဲအဖြစ် ဗန်ဂါးလ်ထုတ်ပြီး ခင်းကျင်းလာမှာကတော့ ရှနိုက်ဒါလင်အပြင် တခြားတစ်ယောက် ဖြစ်လာစရာမရှိပါဘူး။

By - ဇွဲရဲဝင့်

Original link - http://7daydaily.com/story/42101

Read More »

Wednesday, July 08, 2015

မြန်မာ့မြေတွင် ဘဝသစ် ရှာတွေ့သွားသော ပရီးမီးယားလိဂ် ကစားသမားဟောင်း



အိုင်ယာလန် လက်ရွေးစင်ဟောင်း ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်များ ဖြစ်သော ဝီဂန်၊ ဟူးလ်စီးတီး တို့၌ ကစားခဲ့သော ကာလက် ဖိုလန် / Dailymail

ကာလက် ဖိုလန် အနေနဲ့ အင်္ဂလန် ဘောလုံး လောကမှာ ကြုံတွေ့ ခဲ့တဲ့ စိတ်ပျက်စရာ တွေကို မေ့ပျောက်ဖို့ ကစားသမား ဘဝရဲ့ အလှည့် အပြောင်းသစ် တစ်ခုကို ရှာဖွေဖို့ လိုအပ် လာတဲ့ အခါ ဘယ်နေရာကို အာရုံစိုက် ကြည့်သင့် သလဲ ဆိုတာကို ကောင်းကောင်း သဘောပေါက် ခဲ့ပါတယ်။

‘‘အဲဒါ ဘားမား (မြန်မာ) ပဲ။ ပြီးတော့ ခင်ဗျား ကြုံဖူးသမျှ နယ်ပယ် ဒေသ တိုင်းနဲ့ လည်း တော်တော်လေး မတူညီဘဲ ဖြစ်နေ လိမ့်မယ်’’လို့ ၁၉ ရာစုရဲ့ ဗြိတိသျှ စာရေးဆရာ ရုဒ့်ကစ်ပလင်က ရေးခဲ့ ဖူးတယ်။ ဒါဟာ ဖိုလန် အတွက် အဖြေလည်း ဖြစ်ပါလိမ့်မယ်။

အာရှတိုက်ရဲ့ ဆင်းရဲနွမ်းပါးဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့သလို စစ်အာဏာရှင် တွေရဲ့ ရာစုနှစ်ဝက်လောက် အုပ်စိုးမှု အောက်မှာ အနောက်ကမ္ဘာနဲ့ ၂၀၁၁ ခုနှစ်ထိ တသီးတခြား ရပ်တည်နေ ခဲ့တယ်။ ဒါပေမဲ့ ဘာကလေ ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲတွေနဲ့ ပတ်သက် ရင်တော့ ဒီနိုင်ငံက အံ့ဩစရာ ကောင်းလောက်အောင် နှံ့စပ် ထိတွေ့နေတာ ဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်ပြီး အင်္ဂလန်က ကလပ်အသင်း ရှစ်ခု အပြင် အမေရိကန်နဲ့ မလေးရှားတို့မှာ ကစားဖူးတဲ့ ဘောလုံး ခရီးသည် ဖိုလန် တစ်ယောက် နောက်ဆုံး မှာတော့ မြန်မာနိုင်ငံကို ဆိုက်ရောက် ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံကို ရောက် လာတာဖြစ်ပြီး ချက်ချင်း လိုလိုပဲ သူ့အတွက် သက်သောင့် သက်သာ နေသား တကျ ဖြစ်လာပါတယ်။

‘‘တိမ်မြုပ်နေတဲ့ ကျောက်မျက်ရတနာ တစ်မျိုးလိုပဲ။ အများကြီး ဖြစ်ပျက်ပြောင်းလဲနေပြီး နက်နဲအသိခက်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီး ကြွယ်ဝပေမယ့် တခြားအာရှနိုင်ငံအများစုနဲ့ ယှဉ်ရင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ တော်တော်လေး ကင်းကွာနေတာတွေ ရှိသေးတယ်’’လို့ ဖိုလန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပါတယ်။

‘‘မလေးရှားမှာတုန်းက ကျွန်တော့်အသင်း (T-Team FC) နဲ့အတူ ရာသီကြို လေ့ကျင့်ရေးခရီးစဉ်အဖြစ် ဒီကို ရောက်ခဲ့ဖူးတယ်။ အဲဒီကတည်းက ဒီနိုင်ငံကို သဘောကျခဲ့တာပါ။ ဒီမှာ လာကစားဖို့ အဆက်အသွယ်ရလာတော့ မှန်ကန်သင့်လျော်တဲ့ အခွင့်အရေး တစ်ရပ်လို့ ရှုမြင်မိခဲ့တယ်။ ကျွန်တော် နောက်ဆုံးအကြိမ် ဒီကိုရောက်ခဲ့ဖူးတုန်းကနဲ့ ယှဉ်ကြည့် ရင် နှစ်အနည်းငယ်အတွင်း အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ပွင့်လင်းမှု တွေ အစပြုလာပြီ ဆိုပေမယ့် အစဉ်အလာ အစွဲအလမ်းတွေတော့ အများကြီး ရှိနေသေးတယ်။ လမ်းဘေးဝဲယာကို ကြည့်မယ်ဆိုရင် ဘုန်းတော်ကြီးတွေ ဖိနပ်မပါဘဲ လမ်းလျှောက် (ကြွ)နေတာကို မြင်ရပါလိမ့်မယ်။ ကျွန်တော် စက်ဘီးတစ်စီး ဝယ်ထားပြီး ဟိုဟိုဒီဒီ လျှောက်စီးကြည့်တယ်။ မြို့တော်ဟောင်း ရန်ကုန်နဲ့ပတ်သက်လို့ တော်တော်များများတော့ ကျွန်တော် လျှောက်ကြည့်ပြီးပါပြီ။ ကျွန်တော်က လမ်းလျှောက်ရင်း စူးစမ်းရတာကို ကြိုက်တယ်လေလို့’’ ဖိုလန်က ဆိုပါတယ်။

‘‘တစ်ခါတလေ တချို့နေရာတွေမှာ ကျွန်တော် ကြုံရတဲ့ တုံ့ ပြန်မှုတွေက ရယ်စရာဖြစ်နေတယ်။ လူတွေက သူတို့ အလုပ်လုပ်နေတာကို ရပ်ထားပြီး ကျွန်တော့်ကို စူးစမ်းပြီး လှမ်းကြည့် တတ်တယ်။ အဲဒီအခါ ကျွန်တော်က ပြုံးပြပြီး ဒေသသုံး (မြန်မာ)စကား တစ်လုံးနှစ်လုံးလောက် ပြောတယ်။ သူတို့တွေက ခင်မင်တတ်တဲ့ သူတွေပါ။ ဒီနေရာမှာ ရှိနေတဲ့အခါ အရမ်းကို ရင်းနှီးဖော်ရွေတဲ့ စွမ်းအင်တစ်ခု လွှမ်းမိုးနေသလို ခံစားရတယ်’’ လို့လည်း ဖိုလန်က သူ့အမြင်ကိုပြောပါတယ်။


ရွှေတိဂုံစေတီတော်တွင် အမှတ်တရဓာတ်ပုံရိုက်နေသော ကာလက်ဖိုလန်/Dailymail

မြန်မာနေရှင်နယ်လိဂ် (MNL) ဘောလုံးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှာ စတင်ထူထောင်ပြီး အသင်း ၁၂ သင်း ပါဝင်ပါတယ်။ ပွဲစဉ်အများစုကတော့ ၂၀၀၆ ခုနှစ်အထိ နိုင်ငံရဲ့ မြို့တော်အဖြစ် တည်ရှိခဲ့ပြီး လက်ရှိ အကြီးဆုံးမြို့လည်းဖြစ်တဲ့ ရန်ကုန်မှာပဲ ကစား ကြပါတယ်။ ဖိုလန်က တောင်ကြီးမြို့ရဲ့ ကမ္ဘောဇအသင်းမှာ ကစားတာပါ။ တောင်ကြီးက ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိပြီး ရန်ကုန်နဲ့ ယှဉ်ရင်တော့ ပိုသေးငယ်တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

‘‘နိုင်ငံခြားသား ကစားသမား တော်တော်များများကတော့ ရန်ကုန်က ဟိုတယ်တွေမှာပဲ နေကြပါတယ်။ ဒါပေမဲ့ အချိန်တိုင်းလိုလို သွားလာနေရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကွင်းပွဲစဉ်တွေ ကစားဖို့ ခရီးသွားရတယ်လေ။ တောင်ကြီးမှာဆိုရင် ကျွန်တော်တို့ အရာအားလုံးနဲ့ မိုင်တွေဝေးသွားသလိုပဲ။ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင် တကယ့်ကို လိုအပ်ချက်တွေ ရှိနေတယ်လေ။ အဲဒီမှာ အင်တာနက်ရတာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ တောင်ကြီးမြို့နားမှာ နာမည်ကြီး ရေကန်တစ်ကန် ရှိတယ်။ အင်းလေးကန်လို့ ခေါ်ကြတယ်။ အဲဒီမှာနေတဲ့ လူတွေက ဝါးအိမ်လေးတွေနဲ့ ရေပေါ်မြို့လေး ဆောက်ထားတာ။ ပြီးတော့ ရေထဲမှာတင် သူတို့ရဲ့ ကိုယ်ပိုင်လမ်းပန်းဆက်သွယ်ရေး ကွန်ရက်ရှိတယ်ဗျ’’ လို့ ဖိုလန်က သူ့အမြင်အတိုင်း ပြောပါတယ်။

ဒီစကားတွေ ကြားရတာတော့ ကစားသမားဘဝကို တစ်ကျော့ပြန် အစပြုဖို့ အားထုတ်ခဲ့သူ တစ်ယောက်အနေနဲ့ တော်တော်လေး ပျော်ရွှင်ချမ်းမြေ့နေတယ်လို့ ယူဆရမယ် ထင်ပါတယ်။

ကြုံတောင့်ကြုံခဲ အာရုံကြော ဒဏ်ရာတစ်ခုကြောင့် ဖိုလန်ဟာ ညာဘက်ခြေထောက် တစ်ဖက်လုံးရဲ့ ထိတွေ့ခံစားမှုတွေ ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ဖူးသလို ၂၀၁၂ ခုနှစ်မှာ ဘာမင်ဂမ်စီးတီးအတွက် တစ်နှစ်လုံး တစ်ပွဲပဲ ကစားပေးနိုင်တဲ့အထိ အခြေအနေဆိုးခဲ့တာပါ။

‘‘အဲဒီတုန်းက ကျွန်တော့် ခြေထောက်က ခြောက်လ၊ ခုနစ်လလောက်ထိ လှုပ်လို့ မရတော့ဘူး။ ကျွန်တော့်ဒူး အနောက်ဘက်မှာ ရေခဲအုံပြီး ကုသဆောင်ထဲ ရောက်လာကတည်းက အဲဒီလို စဖြစ်တာ။ ကျွန်တော့် ခြေထောက်မှာ ရေခဲကပ်ထားတာ ဘယ်လောက် ကြာသွားသလဲ သေချာမသိဘူး။ အဲဒီမှာ တော်တော်ကြာအောင်တော့ နေရတယ်။ မိနစ် ၃၀ လောက်ထင်တယ်။ ပြီးတော့ အာရုံကြောထိခိုက်တာ သိလာတယ်။ ခြေထောက်က ထုံသွားတယ်။ သိပ်မကြာခင် ထုံတာပျောက်သွားမှာပဲလို့ ကျွန်တော် ထင်ခဲ့ပေမယ့် နှစ်နာရီကြာတဲ့အထိ ထုံနေပြီး ဘာမှ မခံစားရဘူး။ နောက်တစ်နေ့ လည်း ထုံနေတုန်းပဲ။ အဲဒီအခြေအနေက ရက်ပိုင်းကနေ သီတင်းပတ်တွေထိ ကြာလာတယ်လေ။ တကယ်တော့ ကျွန်တော့် ပင်မကျောရိုးကနေ ခြေထောက်ကို ယှက်နွယ်နေတဲ့ အာရုံကြောကြီးတစ်ခု ထိခိုက်မိသွားတာပါ။ ဒီအကြောင်းကို သိလာတော့ အမြဲတမ်း ဒါမျိုးဖြစ်နေတော့မယ်လို့ ကျွန်တော် တွေးကြောက်သွားမိတယ်’’ လို့ ဖိုလန်က ဖွင့်ဟခဲ့ပါတယ်။

‘‘အဲဒီကစပြီး ကျွန်တော့်အတွက် ခက်ခဲတဲ့ ကာလတွေ ကြုံလာတော့တာပဲ။ ကျွန်တော်ကတော့ ပြန်ကောင်းအောင် လုပ်နိုင်မယ် ဆိုတာမျိုး အမြဲတမ်း တွေးနေမိခဲ့တယ်။ အချိန်တော်တော်ကြာတဲ့အထိ ကျွန်တော် ဘာမှမလုပ်နိုင် ခဲ့ဘူး။ စိတ်ဓာတ်ရေးရာ လေ့ကျင့်ခန်းတွေက လွဲလို့ပေါ့။ ဘောလုံးသမားတစ်ယောက်အနေနဲ့တော့ ကျွန်တော် မလေ့ကျင့်နိုင်ဘူး။ အခြေအနေ ပြန်ကောင်းလာတော့ ကျွန်တော် ဘဝကို အသစ်စနိုင်ဦးမယ်လို့ ခံစားမိလာတယ်။ နောက်တော့ မလေးရှားမှာ သွားကစားဖို့ အခွင့်အရေးရလာတယ်။ မလေးရှားမှာ ခြောက်လကြာခဲ့ပြီး ကျွန်တော့်နာလန်ထ အစီအစဉ်တွေ အရှိန်ရလာဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဘလက်ပူးလ်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားမှု တော်တော်လေး ပြသလာတဲ့နောက် ကျွန်တော် အင်္ဂလန်ကို ပြန်သွားချိန်မှာ သူတို့နဲ့ အတူ ရာသီကြိုကာလတစ်ခုလုံး အတူရှိခဲ့တယ်။ အဲဒီတုန်းက ဘလက်ပူးလ်မှာ မန်နေဂျာမရှိဘူး။ နောက်တော့ ပေါလ်အင့်စ် ရောက်လာတယ်။ အဲဒီမှာ ဘောလုံးကစားဖို့ ကျွန်တော်တို့ တော်တော်လေး ဆွေးနွေးစကားပြောခဲ့ပေမယ့် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ အပြီးမှာတော့ သူတို့က ကျွန်တော့်ကို တစ်လချင်းစီ သက်တမ်းတိုးသွားမယ့် စာချုပ်မျိုးပဲ ကမ်းလှမ်းလာတယ်လေ’’ လို့ ဖိုလန်က ဆိုပါတယ်။

သူက ‘‘ဒါက ထူးဆန်းသလို ဖြစ်နေတယ်။ ရာသီကြိုကာလတစ်ခုလုံး ကျွန်တော်က သူတို့နဲ့ အချိန်ကုန် ဖြတ်သန်းခဲ့တာပါ။ ဘရတ်ဖို့ဒ်က စတိဗ်ပါကင်က ကျွန်တော့်ကို ဖုန်းခေါ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ ရေတိုကစားနိုင်မယ်လို့ အကြံပေးတယ်။ ကျွန်တော်လည်း သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသည်းနှလုံးကတော့ အဲဒီအသင်းမှာ အပြည့်အဝ မြှုပ်နှံထားလို့ မရခဲ့ပါဘူး’’ လို့လည်း အနာတရ ကာလအလွန် ရှုပ်ထွေးတဲ့ ဖြတ်သန်းမှုကို ပြောပြခဲ့တယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာတော့ ဖိုလန်ဟာ ဘရတ်ဖို့ဒ်ကို ကျောခိုင်းခဲ့ပါတယ်။ အမေရိကန်ကို နောက်တစ်ကျော့ ပြန်သွားနိုင်မယ့် အခွင့်အရေးကိုလည်း သူက ငြင်းခဲ့တယ်။

‘‘ကျွန်တော့်အနေနဲ့ ဘောလုံး လောကမှာ အနိမ့်အမြင့်၊ အတက် အကျတွေ အများကြီး တွေ့ကြုံ ပြီးပြီလို့ ခံစားမိပါတယ်။ နည်းပြတွေနဲ့ နောက်ကွယ်က ကိစ္စတွေအပါအဝင် လူတွေ အလွယ်တကူ မမြင်နိုင်တဲ့ အခြေအနေတွေက အစပေါ့။ ဘောလုံးသမားဘဝမှာ ခက်ထန်မှုတွေ ရှိနိုင်တယ်။ ဒါဟာ အရင်ခံစားချက်ဟောင်းတွေနဲ့ တူညီပါတယ်။ တကယ့်အစစ်အမှန်လိုမျိုး မဟုတ်ဘူး။ ကျွန်တော့် အမြင်မှာ တစ်ခုခုက အမှားအယွင်း ဖြစ်နေသလိုပဲ။ အာရှတိုက်ကို နောက်တစ်ခေါက် ပြန်သွားဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို လိဒ်စ်ယူနိုက်တက်နဲ့ ချုပ်ဆိုခဲ့ပေမယ့် အဲဒီကတည်းက တရုတ်၊ ဒါမှမဟုတ် ဟောင်ကောင်မှာ တစ်နေ့နေ့သွားကစားချင်တယ်လို့ အတွေးဝင်ခဲ့တာ မှတ်မိပါသေးတယ်’’လို့လည်း ဖိုလန်က ဆိုပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ အိုင်ယာလန် တိုက်စစ်မှူးဟာ လိဒ်စ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အယ်လန်ရုဒ်ကို စွန့်ခွာပြီး ချက်စ်တာဖီးလ်ကို ကူးပြောင်းခဲ့တယ်။

ချက်စ်တာဖီးလ်ကနေတစ်ဆင့် စတာလင်ပေါင်ငါးသိန်းနဲ့ ဝီဂန်ကို ပြောင်းရွှေ့ပြီး အင်္ဂလန်ရဲ့ ထိပ်ဆုံးတန်း ပြိုင်ပွဲတွေမှာ ကစားခွင့် ရလာတယ်။ နောက်တော့ အဲဒီပြောင်း ရွှေ့ကြေးနှစ်ဆနဲ့ ဟူးလ်စီးတီးဆီ ရောက်သွားပြန်တယ်။ ဟူးလ်မှာတော့ အသင်းကို ပရီးမီးယားလိဂ် တန်းတက်ခွင့်ရအောင် ဖိုလန်က ကူညီပေးခဲ့သလို ပရီးမီးယားလိဂ် အဆင့်ရဲ့ ပထမဆုံးနိုင်ပွဲကို ရယူရာမှာ သူက အနိုင်ဂိုးသွင်းယူပေးခဲ့ တယ်။ နောက်တော့ အိုင်ယာလန် လက်ရွေးစင်အသင်းရဲ့ အသိအမှတ်ပြု ခေါ်ယူခြင်းကိုလည်း ခံခဲ့ရပြန်တယ်။

အဲဒီကာလတွေ အပြီးမှာ တော့ မစ်ဒယ်ဘရော့ကို အငှား သွားကစားရပြီး အမေရိကန်ကလပ် ကော်လိုရာဒိုရက်ပစ်ဒ်စ်ကို လည်း ရောက်သွားခဲ့တယ်။ ပြီးတော့ ဘာမင်ဂမ်ကို ပြောင်းရွှေ့ခဲ့ ပြီး သူ့ကစားသမား ဘဝရဲ့ စိတ်ပျက်စရာအကောင်းဆုံး ဒဏ်ရာအိပ်မက်ဆိုးတွေကို ဖြတ်သန်းခဲ့ရတာပါပဲ။

ဒါပေမဲ့ အသက် (၃၂)နှစ်အရွယ် ကစားသမားဟာ မြန်မာနိုင်ငံမှာတော့ စိတ်လက်ရွှင်ပျ ပျော်ရွှင်နေပါပြီ။ ဘောလုံးကစားရင်း သူဝါသနာပါတဲ့ အနုပညာနဲ့ ဓာတ်ပုံကဏ္ဍမှာလည်း အချိန်ပေးနေနိုင်ပြီလေ။

MNL ဘောလုံးရာသီဟာ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရာ ဧပြီလမှာ ရပ်နားထားလေ့ ရှိပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းတွေရဲ့ ပွဲစဉ်တွေ ရှိနေပြန်တော့ အဲဒီနားရက်ကာလက ပိုပြီး သက်တမ်းကြာသွားတယ်။ ဒါပေမဲ့ အခု တော့ MNL ပွဲစဉ်တွေ တစ်ကျော့ပြန်စတင်နေပါပြီ။

‘‘ဗြိတိန်က လူတွေဟာ နိုင်ငံရပ်ခြားမှာ ထွက်ခွာ အလုပ်လုပ်တာ ပိုများလာတယ်။ နေရပ်နိုင်ငံမှာ အခွင့်အရေး ကန့်သတ်ချက်က ပိုပြီး ကြီးလာတယ်လေ။ တခြားနိုင်ငံ တချို့မှာ ခင်ဗျား အနေနဲ့ ဘဝသစ် အစပြုနိုင်တယ်။ ဒါကို လက်တွေ့ကျကျ လိုက်လျော လက်ခံဖို့ လိုပါတယ်။ မဟုတ်ရင် အိမ်လွမ်းစိတ်က ကိုယ့်ကို တိုက်စားဝါးမျိုသွားလိမ့်မယ်။ ကျွန်တော်ကတော့ ကိုယ့်ဘောလုံးသမားဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း တခြားအရာတွေကို သင်ယူနေဆဲပါ။ တခြားသူတွေ ဘယ်လိုနေထိုင် ဖြတ်သန်းတယ်ဆိုတာကို မြင်အောင် ကြည့်တတ်ဖို့က ဘဝမှာ အရေးကြီးပါတယ်။ ဒီနိုင်ငံမှာ လူတွေက ရှင်သန်ရပ် တည်ဖို့အတွက် လိုအပ်ချက်အများကြီး တောင်းဆိုနေတာ မရှိဘူး။ သူတို့ ပိုင်ဆိုင်ထားတာကို သူတို့ဘာသာ ရောင့်ရဲနိုင်စွမ်း ရှိတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေဟာ သူတို့အတွက် သိပ်အရေးမပါဘူး။ ဒီကလူတွေက တဲလေးတွေနဲ့ နေတယ်၊ စက်ဘီးလေးစီးပြီး လိုရာသွားကြတယ်။ ဒီအခြေအနေတွေ က ခင်ဗျားရဲ့ အသိဉာဏ် မျက်စိကို ဖွင့်ပေးလိမ့်မယ်’’ လို့လည်း ဖိုလန်က ပြောပါတယ်။

အာရှကို တစ်ကျော့ပြန် ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဒလိုင်းလားမား ကိုယ်တော်ကြီးရဲ့ အဆုံးအမတစ်ခုကို ဖိုလန်က ကိုးကားပြပါတယ်။ အဲဒီ အဆုံးအမကတော့ ‘‘ဒါဟာ ငါ့ရဲ့ ရိုးရှင်းတဲ့ ကိုးကွယ်ယုံကြည်မှုပဲ။ ဘုရားကျောင်းတွေ မလိုဘူး။ ရှုပ်ထွေးတဲ့ ဝိဝါဒ ဒဿနတွေ မလိုဘူး။ ငါတို့ကိုယ်ပိုင် နှလုံးသား၊ ငါတို့ကိုယ်ပိုင် ဦးနှောက်ဟာ ငါတို့ရဲ့ ဘုရားကျောင်း ဖြစ်တယ်။ အတွေးအခေါ် ဒဿနကတော့ ကြင်နာခြင်းပါပဲ’’ ဆိုတာပါ။

ဒီအဆိုအမိန့်ကို လက်တန်းရွတ်ပြဖို့ ဖိုလန်အတွက် ဘာအခက်အခဲ အထစ်အငေါ့မှ မရှိပါဘူး။ ဒီအဆုံးအမက သူ့ရဲ့ စိတ်သဘောနဲ့ ခြွင်းချက်မရှိ ထပ်တူကျနေပုံရပါတယ်။

‘‘ကျွန်တော် ဒီနိုင်ငံကို သဘောကျတယ်ဗျ။ ဒီမှာက ကောင်းမွန်တဲ့ စွမ်းအင်တစ်ရပ် ဖြာထွက်နေသလိုပဲ။ ပြီးတော့ နေရောင်ခြည် ကျရောက်ပုံကိုက ခင်ဗျားရဲ့ခံစားပုံ နည်းလမ်းကို ပြောင်းလဲပစ်လိုက်သလိုပါပဲ’’ လို့ သူက ပြောပြပါတယ်။

(ဒေးလီးမေးလ်မှ Matt Barlow ၏ Caleb Folan: I'm embracing new life in Asia otherwise it will eat me up... journeyman striker has found happiness in Burma ဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်။)

By - ဇွဲရဲဝင့်

Original link - http://7daydaily.com/story/41305

Read More »

Sunday, July 05, 2015

အမေရိကန် - ဂျပန် အမျိုးသမီး ကမ္ဘာဖလား ဗိုလ်လုပွဲ ပွဲကြို




ကနေဒါ နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် အမျိုး သမီး ကမ္ဘာ့ ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် အမေရိကန်နဲ့ ဂျပန် အသင်းတို့ ဇူလိုင် ၆ ရက် မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

ဒီပွဲကို ဗင်ကူးဗားက BC Place ကွင်းမှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပြီး ဒိုင်အဖြစ် ယူကရိန်းက ကာတာနီးယား မွန်ဇူက ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ လက်ရှိ ချန်ပီယံ ဂျပန်ကပဲ အနိုင်ရ သွားမလား အမေရိကန်က ၂၀၁၁ ခုနှစ် ဂျာမနီမှာ ကျင်းပတဲ့ ကမ္ဘာဖလားက ရှုံးကြွေးကို ပြန်ဆပ်နိုင် မလားဆိုတာကို အားကစား ကလောင်ရှင် တွေရဲ့ အမြင်နဲ့ သမိုင်းကြောင်း အချက် အလက် တွေကို အခြေခံပြီး တင်ပြ ချင်ပါတယ်။

အမေရိကန် အမျိုးသမီး ဘောလုံးအသင်းကတော့ ကမ္ဘာ့ဖလားမှာ အစဉ်အလာရှိတဲ့အသင်း တသင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာဖလားကို ၇ ကြိမ် ပါဝင်ကစားထားသလို ၁၉၉၁ နဲ့ ၁၉၉၉ ခုနှစ်မှာ ဗိုလ်စွဲခဲ့ဖူးသလို ၂၀၁၁ ခုနှစ်မှာ ဒုတိယနဲ့ ၁၉၉၅၊ ၂၀၀၃ နဲ့ ၂၀၀၇ ခုနှစ်မှာတော့ တတိယ ရရှိခဲ့ဖူးတဲ့ သမိုင်းကို ပိုင်ဆိုင်ထားပါတယ်။

ဂျပန်အမျိုးသမီး ဘောလုံးအသင်းလည်း ကမာ့္ဘဖလားကို ၇ ကြိမ် ပါဝင်ကစားထားသလို ၂၀၁၁ ခုနှစ်မှာ ဗိုလ်စွဲထားခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့ဖူးပြီး ကျန်နှစ်တွေမှာတော့ အုပ်စု အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

၁၉၉၁ ခုနှစ်ကနေစတင်တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက်မှာ အမေရိကန်နဲ့ ဂျပန်အသင်းတို့ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒီ ၃ ကြိမ်မှာ အမေရိကန် အသင်းက ၂ ကြိမ် နိုင်ထားပြီး ဂျပန်ကတော့ ၁ ကြိမ် အနိုင်ရရှိထားပါတယ်။

အိုလံပစ် ဘောလုံးပြိုင်ပွဲမှာလည်း ဂျပန်နဲ့ အမေရိကန်တို့ ၄ ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး ၄ ကြိမ် စလုံး အမေရိကန်က အနိုင်ရထားပါတယ်။

လက်ရှိ ၂၀၁၅ ကမ္ဘာဖလားပြိုင်ပွဲ ပွဲစဉ် ၆ ခုမှာ ဂျပန်အသင်းဟာ ပွဲတိုင်းကို အနိုင် ကစားခဲ့ပြီး ၉ ဂိုး သွင်းယူထားသလို ပေးဂိုးကတော့ ၃ ဂိုးရှိခဲ့ပါတယ်။

အမေရိကန်အသင်းကတော့ ၆ ပွဲမှာ ၅ ပွဲနိုင် ၁ ပွဲသရေနဲ့ ၉ ဂိုး သွင်းယူထားသလို ပေးဂိုးကတော့ ၁ ဂိုးပဲရှိခဲ့ပါတယ်။

ကစားသမားစာရင်းကို ကြည့်မယ်ဆိုရင်တော့ ဂျပန်အသင်းမှာ ဂျာမနီ ဘိုင်ယန်မြူးနစ်၊ ၀ှဖ်ဘတ်ကလပ်နဲ့ ပြင်သစ် ကလပ်တွေမှာ ကစားနေတဲ့ ကစားသမားနဲ့ ပြည်တွင်း အခြေစိုက် ကစားသမားတွေကို အခြေခံ ဖွဲ့စည်းထားပါတယ်။

အမေရိကန် အသင်းမှာတော့ ပြည်တွင်း အခြေစိုက် ကစားသမားတွေကိုပဲ အခြေခံ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အမေရိကန်က ကာလီ လောဒ့်က ဂျပန်ကို ခြိမ်းခြောက် ဒုက္ခပေးနိုင်တဲ့ ကစားသမား တဦးဖြစ်သလို ဂျပန်က ယူကီအိုဂီမီကို စောင့်ကြည့်ရမယ်လို့ ဖီဖာ ၀က်ဆိုဒ်မှာ သုံးသပ်ထားပါတယ်။

ကနေဒါမှာ ကစားတဲ့ ဂျပန်အသင်းရဲ့ ပွဲစဉ်တွေမှာ သွင်းယူတဲ့ ၃၃ ရာခိုင်နှုန်းသော ဂိုးတွေက ပွဲချိန် ၁ နာရီအတွင်း သွင်းယူသလို ကျန်ဂိုးတွေကတော့ ပွဲပြီးခါနီးမှာ သွင်းယူလေ့ရှိပါတယ်။

အမေရိကန် အသင်း ကတော့ ပွဲချိန် ၄၅ မိနစ်နဲ့ ဒုတိယ ပိုင်းရောက်မှ ဂိုးသွင်း ယူလေ့ ရှိတယ်လို့ ဆိုပါတယ်။

ဂျပန် နည်းပြ နိုရီနို ဆာဆာကီကတော့ ၂၀၁၁ ခုနှစ်မှာ ဒီ ၂ သင်း အံသြဖွယ်ရာ ကစားသွားသလို ၂၀၁၅ မှာလည်း အလားတူ ဖြစ်မယ်လို့ မျှော်လင့်တယ်လို့ ပါတယ်။

“အရင်နှစ် ချစ်ကြည်ရေးပွဲမှာ အမေရိကန်အသင်းနဲ့ ကစားခဲ့ဖူးပါတယ်။ သူတို့ရဲ့ စွမ်းအားကို ဒီအချိန်မှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံးတွေ့ရတဲ့ပွဲမှာ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို ဒီနေ့ပွဲမှာ အသုံးချမှာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ဂျပန်အသင်း ကွယ်လယ်ကစားသမား ရူမီ အူဆူဂီကတော့ ၂၀၁၂ အိုလံပစ်နောက်ဆုံး ဗိုလ်လုပွဲမှာ အမေရိကန်ကို ဂျပန်က ရှုံးနိမ့်မှုက အခု ဂျပန်အသင်းအတွက် လှုံ့ဆော်မှု တခု ဖြစ်နေတယ်လို့ ပြောပါတယ်။

ဝါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အမေရိကန်နဲ့ ဂျပန် အသင်းကစားပုံဟာ မတူညီသလို ဂျပန်အသင်း ကစားသမားတွေက ကြံ့ခိုင်ပြီး အမေရိကန် အသင်းကစားသမားတွေက အရပ်အမောင်းကို အခြေခံပြီး အဝေးဘောနဲ့ အမြင့်ဘောတွေကို အဓိကထား ကစားတယ်လို့ ပြောပါတယ်။

ပွဲက ပွဲကောင်းတပွဲ ဖြစ်သလို ကနေဒါမှာ ကစားတဲ့အတွက် အမေရိကန် အသင်းက ရာသီဥတု အားသာချက်ရှိနေသလို လက်ရှိချန်ပီယံ ဂျပန်ကလည်း သူရဲ့ အောင်မြင်မှုကို ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဘယ်အသင်းနိုင်မလဲဆိုတာကတော့ တိတိကျကျပြောဖို့ ခက်တယ်။ ဒါပေမယ့် ကျနော့်အမြင်အရကတော့ ကစားထားသမျှ ပွဲတွေ ကြည့်ရသမျှတော့ အမေရိကန်က နှာတဖျားသာလိမ့်မယ်။ အရပ်အမောင်းကောင်းတယ်။ အမြင့်ဘောတွေကောင်းတယ်။ အဝေးက ကန်တဲ့ ကန်ချက်တွေကောင်းတယ်။ ဘာပဲပြောပြော ဂျပန်ကတော့ ခါတိုင်း ကစားတာထက် ၂ ဆ ပိုအားထုတ်ကစားရမယ်” လို့ ဦးခင်မောင်ထွေးက ခန့်မှန်းပါတယ်။

အားကစားကလောင်ရှင် ကိုစိုးညီကတော့ အမေရိကန်နဲ့ ဂျပန်တို့က ပြိုင်ဖက်ဟောင်းတွေ ဖြစ်နေပေမယ့် အမေရိကန်က သာသလို အရင် ကမ္ဘာ့ဖလားတုန်းက ဂျပန်က အားလုံးကို အံ့အားသင့်အောင် လုပ်ပြခဲ့တယ်လို့ ပြောပါတယ်။

အုပ်စု ရှုံးထွက် ကွာတားနဲ့ ဆီမီးဖိုင်နယ်မှာ ကစားသွားတဲ့ ခြေစွမ်းအရတော့ ဂျပန်က အရင်ခြေစွမ်းကို မမီပဲ ကျသွားသလို အသင်းကို ရွေးရမယ်ဆိုရင် အမေရိကန်ကို ရွေးမယ်လို့ ပြောပါတယ်။

“အမေရိကန်ကို ရွေးတာက ဂျပန်နဲ့ အဓိက နှိုင်းယှဉ်တာပေါ့နော်။ ဂျပန်က အနီးပေး အတိုပေးလေးတွေ ကစားတာကောင်းတယ်။ အုပ်စုဖွဲ့တာကောင်းတယ်။ ဒါပေမယ့် အမေရိကန်က ပါဝါနဲ့ ကစားတာပိုကောင်းတယ်။ နောက်ပြီး တဦးချင်းစီ ထိုးဖောက်နိုင်တဲ့ အမေရိကန်အသင်းရဲ့ တိုက်စစ်တော်တော်လေးကောင်းတယ်။ ချန်ပီယံခြေစွမ်းလည်း အမေရိကန် တောက်လျှောက်ပြနေတယ်လို့ ထင်ပါတယ်” လို့ ကိုစိုးညီက ပြောပါတယ်။

ဒီဗိုလ်လုပွဲမှာ ဘယ်သူတွေက ဗိုလ်စွဲမလဲ၊ အားကစားကလောင်ရှင်တွေ ခန့်မှန်းသလို ဖြစ်လာမှာလား၊ ရွှေလက်အိတ်နဲ့ ရွှေဘောလုံး ဆုတွေ၊ လူငယ်ကစားသမား ဆုတွေ ဘယ်သူတွေ ရမလဲဆိုတာကတော့ ဇူလိုင် ၆ ရက် မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲမှာ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

DVB by ကို​ထွေး

Original link - http://burmese.dvb.no/archives/101169

Read More »

Thursday, June 18, 2015

မြန်မာ့ဘောလုံး ရွှေခေတ် ဘယ်တော့ ရောက်မှာလဲ



ဗိုလ်လုပွဲ ကြည့်ရှု နေသည့် ရန်ကုန်မှ ပရိသတ်များ (ဓာတ်ပုံ – ဧရာဝတီ)

စင်ကာပူ နိုင်ငံတွင် ကျင်းပ ခဲ့သည့် ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဆီးဂိမ်းတွင် ယူ-၂၃ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက် ခဲ့ပြီး ထိုင်း အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ ရာတွင် ၃ ဂိုး၊ ဂိုးမရှိ ဖြင့် ရှုံးနိမ်ခဲ့ ရသည်။

ဇွန်လ ၁၅ ရက်နေ့ ပြိုင်ပွဲ မစတင်မှီ ရန်ကုန်မြို့ အပါအဝင် နိုင်ငံ တဝန်းတွင် မြန်မာဘောလုံး အသင်း ယှဉ်ပြိုင်သည့် ဗိုလ်လုပွဲ စဉ် အတွက် ပြည်သူ သန်းပေါင်း များစွာက အုတ်အော် သောင်းတင်း အုံးအုံး ကျွက်ကျွက် အားပေး ခဲ့ကြသည်။

မြန်မာ့ဘောလုံး ရွှေခေတ်ဟု ဆိုရမည့် ၁၉၅၉ ခုနှစ်မှ ၁၉၇၅ အထိ အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းသည် ၅ ကြိမ် တိုင်တိုင် ရွှေတံဆိပ် ဆုကို ဗိုလ်စွဲနိုင် ခဲ့သော်လည်း ယင်းနောက်ပိုင်း တွင် တော့ ရွှေတံဆိပ်ဆု ဗိုလ်စွဲနိုင်ခြင်း မရှိတော့ပေ။

နှစ်ပေါင်း ၄၂ နှစ်ကာလအထိ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲတွင် ရွှေတံဆိပ် ဝေးကွာခဲ့ရပြီး ၁၉၉၃ ခုနှစ်၊ ၂၀ဝ၇ ခုနှစ်တို့တွင် ဆီးဂိမ်း ဗိုလ်လုပွဲအထိ တက် ရောက်နိုင်ခဲ့သော်လည်း ၂ ပွဲစလုံးတွင် ထိုင်းအသင်း ကိုရှုံးနိမ့်ကာ ငွေတံဆိပ်ဖြင့်သာ ကျေနပ် ခဲ့ရသည်။ ယခု ၂၀၁၅ ခုနှစ် ၂၈ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ တွင်လည်း ထိုင်းအသင်းကို ထပ်မံ ရှုံးနိမ့် ခဲ့ရပြန်သည်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ LED TV ကြီးရှေ့တွင် လာရောက်အားပေးခဲ့ကြသော ထောင် ပေါင်းများစွာ ပြည်သူများမှာ ဗိုလ်လုပွဲ ကိုကြည့်ရှုရင်း ငိုင်ကျသွားသည်။ ငိုသူတွေက မျက်ရည်လည်ရွှဲဖြင့် ငိုကြ၊ တောက်ခေါက်သူကလည်း မချိတင်ကဲ တောက်ခေါက်ကြ။ မြန်မာအသင်း၏ အရှုံးကို အားမလို အားမရ မချိတင်ကဲ ဖြစ်ကြသော်လည်း အရှုံးကို လက်ခံကြသည်။ မျိုးချစ်စိတ် အပြည့်ဖြင့် မြန်မာ အသင်းကို အားပေးနေကြသော်လည်း ဘောလုံးစွမ်း ရည်၊ ကစားကွက်၊ ကစားနည်းနှင့် တဦးချင်း ကျွမ်း ကျင်မှု သာလွန်သော ထိုင်းအသင်းကို မယှဉ်နိုင်မှန်း အားလုံးက နားလည်လက်ခံကြသည်။

မြန်မာဘောလုံး ရွှေခေတ် ဘယ်တော့ရောက် မှာလဲဆိုသော မေးခွန်းက ဘောလုံးချစ် ပြည်သူ သန်းပေါင်းများစွာ ရင်ထဲတွင် အဖြေမရှိသောမေးခွန်း တခုအဖြစ် ဆက်လက်ရပ်တည်နေဆဲပင်။ ဆီးဂိမ်း ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသော မြန်မာ ဘောလုံးလောကအတွက် ပြန်လည် ပြင်ဆင်ရမည့် အချက်များနှင့် ပတ်သက်၍ ဘောလုံး အားကစားနည်း ကျွမ်းကျင်သူများကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

ဦးခင်မောင်ထွေး (ပျဉ်းမနား)
ဝါရင့် အားကစားကလောင်ရှင်


ကျနော်တို့ကလေးတွေကစားတာ ပထမပိုင်းမှာ ကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တော်တော် လေးကို ကစား အားကျသွားတာ တွေ့ရတယ်။ကစားသမားတွေလည်း အမှားတွေဖြစ်တတ်ပါတယ်။ နောက်ပြီး ရှေ့တန်းမှာ ကစား တဲ့သူတွေကလည်း ဘောလုံးပေးပို့မှုတွေမှာ အပျက်တွေ များနေခဲ့ပါ တယ်။ အဝေးဘောတွေကနေ ဂိုးသွင်းဖို့လုပ်ရင်း ဘောလုံးတွေ ဖြုန်းပစ်တာပဲပေါ့။ နောက်တန်းနဲ့ ဂိုးသမားကတော့ အပြစ်ပြောလို့မရဘူး။

ကျနော်ပြောချင်တာကတော့ ရှေ့တန်းကစား သမားတွေပါပဲ။ အစကတည်းကလည်း ထိုင်းကို နိုင်မယ်လို့ မမျှော်မှန်း ထားရဲပါဘူး။ ဘာပဲဖြစ်ဖြစ် ယူ-၂၃ အသင်းအနေနဲ့ အချိန်တိုအတွင်းမှာ ဒီနေရာ ရောက်အောင် လုပ်နိုင်တာကိုပဲ ကျေးဇူး တင်ပါတယ်။ သူတို့အသင်းက စဖွဲ့တဲ့အချိန်မှာ တလ ၂ လ လောက်ပဲ ပြင်ဆင်လေ့ကျင့်ချိန် ရခဲ့တာဖြစ်ပါတယ်။

အနာဂတ်အတွက် လူငယ်တွေ မွေးထုတ်ဖို့ စီမံကိန်းတွေ၊ အကယ်ဒမီတွေလုပ်ရမယ်။ အခုတော့ ကျနော်တို့ကလေးတွေမှာ ကစားဖို့ ဘောလုံးကွင်း တွေတောင် မရှိကြပါဘူး။ ရှိတဲ့ကွင်းတွေကလည်း ကောင်းကောင်းကစားဖို့ အဆင့်မမီ တာတွေမျိုး တွေ ရှိပါတယ်။ ဒီလို အခြေခံကျတာတွေကနေစပြီးလုပ်ဖို့ လိုနေပါပြီ။

ဦးခင်မောင်လတ်
ဥက္ကဋ္ဌ၊ KBZ FC


ကျနော်တို့အသင်း ထိုင်းကိုရှုံးပြီး ရွှေနဲ့ လွဲခဲ့ပေ မယ့် အဆိုးကြီးတော့ မဟုတ်ခဲ့ပါဘူး။ သူတို့နဲ့ကွာ သွားတာက တဦးချင်း ကစားပုံနဲ့ အပေးအယူအချိတ် အဆက်လေးတွေမှာ ကျနော်တို့ကလေးတွေ အား နည်းခဲ့တာ တွေ့ရပါတယ်။ ကျနော် တယောက် တည်း အနေနဲ့ကတော့ ဒီရလဒ်ကိုကျေနပ်ပါတယ်။ အရင် ထဲကလည်း ထိုင်းနဲ့တွေ့မယ်ဆို ကျနော် တို့ဘက်မှာ နိုင်ခြေက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပြီး သူတို့ဘက် မှာ ၈၀ ရာခိုင်နှုန်းလောက် ရှိတာပါ။

မျိုးချစ်စိတ်နဲ့သာ ကျနော်တို့ အနိုင်ရလဒ်ကို မျှော်လင့်ပြီး အားပေးခဲ့ကြတာပါ။ ဂိုးသမားက ၁၀ ယောက် နဲ့ ၁ ယောက် ကန်ခဲ့ရသလိုပါပဲ။ အခုကစပြီး နည်းစနစ်တွေ၊ တဦးချင်းစွမ်းရည်တွေကို ပိုကောင်း လာအောင် ကြိုးပမ်း လုပ်ဆောင် ကြမယ် ဆိုရင် ကျနော်တို့ဘက် ရောက်လာမှာပါ။ အခုဒုတိယလည်း မနည်းပါဘူး။ ပွဲထွက်ကစားသမားတွေနဲ့ အရန်ကစား သမားတွေရဲ့ကြားက ကွာဟမှုတွေ နည်းလာအောင် လုပ်ဆောင်ကြရပါမယ်။ ခုလို ဗိုလ်လုပွဲမှာ ထိုင်းကို ရှုံးခဲ့တယ် ဆိုပေမယ့် ကျနော်အနေနဲ့ တဂိုးလောက် ပြန်ရဖို့တော့ မျှော်လင့်ခဲ့မိပါတယ်။

ဦးမျိုးလှိုင်ဝင်း
မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း


ထိုင်းကိုတော့ အနိုင်ရဖို့မလွယ်ဘူးလို့ အစက တည်းက ပြောခဲ့တာတွေရှိပါတယ်။ ဘာလို့လဲဆို တော့ သူတို့က ကိုယ့်ထက် အစစအရာရာ သာလွန် နေခဲ့တာပါ။ ကျနော်တို့ဆီမှာ နည်းစနစ်ပိုင်းရော၊ တဦးချင်းမှာပါ ပြန်ပြီးပြင်ဆင်ရမယ့် အပိုင်းတွေ အများကြီးရှိပါသေးတယ်။ နောက်ပြီး ကျနော်တို့ ကလေးတွေ တရက်ခြား တပွဲနှုန်းနဲ့ ကစားခဲ့ရတဲ့ အတွက် သူတို့မှာ အင်အားလည်း နည်းနေပါပြီ။ ဒီနေ့ကစားသွားတာ သူတို့မှာအကုန်ပါပဲ။ ကျနော်တို့ ဒီလောက်လုပ်နိုင်တာကိုပဲ ကျေနပ် တယ်၊ ကျေနပ် တယ်ဆိုပြီး ဒီနေရာမှာတင် ရပ်နေလို့မရပါဘူး။

ဒီနေရာကို ရောက်လာတဲ့အခါမှာ ကျနော်တို့ရဲ့ လိုအပ်ချက်တွေ၊ အမှားတွေကို ပြန်လည်ပြင်ဆင်ရမှာ ပါ။ ဒီပြိုင်ပွဲဟာ ၂ နှစ်တခါ ပြိုင်တဲ့ပွဲဖြစ်တဲ့အတွက် ကျနော်တို့ အမှားတွေပြန်ပြင်ပြီး ပြိုင်ပွဲကို ထပ်ပြိုင် ရဦးမှာပါပဲ။ လက်ရှိမှာတော့ ယူ-၂၃ က အကောင်းဆုံးကစားသွားခဲ့ပါပြီ။ သူတို့ကို ကျနော်အနေနဲ့ကတော့ ဂုဏ်ပြုချင်ပါတယ်။ နောက် ပြိုင်ပွဲတွေအတွက် အခုက စ ပြီး ပြင်ဆင်ရပါမယ်။

ဦးစိုးမင်း
မန်နေဂျာ၊ မကွေးယူနိုက်တက်အသင်း


ကျနော်တို့ကလေးတွေ ရှုံးခဲ့ပေမယ့် အားလုံး စည်းစည်းလုံးလုံး ကစားနိုင်ခဲ့ကြပါတယ်။ ထိုင်းနဲ့က တဦးချင်း ကစား တဲ့နေရာ မှာ ကွာသွားတာပါ။ ယူ-၂၃ အနေနဲ့ ရှိတဲ့အင်အားနဲ့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ် လို့ မြင်ပါတယ်။ သူတို့အနေနဲ့ ဒီအသင်း ကို တည် ဆောက်တဲ့နေရာမှာ အချိန်နည်းခဲ့ပါတယ်။ နည်းပြချုပ် ဦးကြည်လွင်နဲ့ ဦးသန်းတိုးအောင်တို့ အနေနဲ့ လည်း ရှိတဲ့ကစားသမားတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်သွားနိုင်တာပါ။

ဘောလုံးကိုသာ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ ဦးကြည်လွင်အနေနဲ့ အသီးအပွင့်တွေကို ပြန်ခံစားရ တာပါ။ သူလုပ်နိုင်ခဲ့ တာပါ။ သူ့ကိုချီးကျူးရမှာပါ။ ဒီအသင်းက တချို့ဆို MNL မှာတောင် မကစားဖူး သေးတဲ့သူတွေ ပါပါတယ်။ ကျနော်တို့တွေ ဒီပုံစံအတိုင်း ဆက်ပြီးကြိုးစားသွားကြရင် ဖြစ်လာမှာပါ။ ဒီကလေးတွေရဲ့ အားသာချက်က သူတို့ အစွမ်းကုန်ပေးဆပ် ကစား ခဲ့ကြပါတယ်။ အဲ့အတွက်လည်း သူတို့ ဒီအဆင့်အထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော့်အနေနဲ့တော့ ဂိုးသမား ကို ချီးကျူးချင်ပါတယ်။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Original link - http://burma.irrawaddy.org/interview/2015/06/18/76594.html

Read More »

Tuesday, June 16, 2015

ကွင်းပျောက်နေတဲ့ ကြယ်ပွင့်များ (ဆောင်းပါး)


အသက် ၁၀ နှစ် အရွယ် ကောင်လေး တယောက် ဘောလုံး တလုံးကို ဘယ်ဘက် ခြေဖမိုး ခြေဖျားပေါ် ကနေ ညာဘက် ခြေဖမိုး ခြေဖျားပေါ် မြှောက် တင်လိုက်၊ ညာဘက် ခြေဖမိုး ခြေဖျား ပေါ်ကနေ ဘယ်ဘက် ခြေဖမိုး ခြေဖျားပေါ် မြှောက်တင် လိုက်နဲ့ ဘောလုံး အောက်ကို ကျမသွားအောင် ဘောလုံးကို “တော့” ကစားနေတာ အကြိမ်ရေက ၁ ထောင်ကျော် နေပါပြီ။ ဘောလုံးကို ကျွမ်းကျင် ပိုင်နိုင်စွာ ဆော့ကစား နိုင်ဖို့ အခြေခံ လေ့ကျင့်ရတဲ့ ခြေဖျားနဲ့ ဘောလုံး “တော့” ပြီး လေ့ကျင့် နည်းကို ဘောလုံး ကစားနေကြ လူကြီး တယောက်တောင် တခါတည်း အကြိမ်ရေ ရာဂဏန်း ရဖို့ ဆိုတာ မလွယ်ကူ ပါဘူး။

အရပ် ၄ ပေ ၃ လက်မရှိတဲ့ ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ်နဲ့ ၁၀ နှစ်အရွယ် ကလေးတယောက်က ဘောလုံး “တော့” ကစားတဲ့ အကြိမ်ရေ ၁၆၀၀ ကျော် ရောက်တဲ့ထိ မောပန်းပုံမပေါ်ဘဲ ကစားနေဟန်က ပေါ့ပေါ့ပါးပါး။ အသက်အရွယ်နဲ့မလိုက် ဘောလုံးကို ခြေခွင်နဲ့ ခတ်လိုက်၊ ဒူးခေါင်းနဲ့ တိုက်လိုက်၊ ဦးခေါင်းနဲ့ တော့လိုက် ကစားနေတဲ့ဟန်က မြန်မာနိုင်ငံ အနာဂတ် ဘောလုံးလောကအတွက် ဘောလုံးပါရမီရှင် တဦးအလား။



သူရိန်ထွန်းလို့ခေါ်တဲ့ ၁၀ နှစ်အရွယ် ဘောလုံးအားကစားဝါသနာရှင်ကလေးဟာ မန္တလေးသားတဦးဖြစ်တယ်။ ဘောလုံးအားကစားကို အသက် ၃ နှစ် အရွယ်ကစ ရူးသွပ်သူဖြစ်ပြီး အသက် ၇ နှစ်အရွယ်မှာ ဘောလုံးအားကစားကို ပရောဖက်ရှင်နယ် ဘောလုံးအားကစား သင်တန်းတခုမှာ စနစ်တကျ စတင်လေ့ကျင့် ကစားခဲ့သူ။ သူ့ကိုသိတဲ့ ရွယ်တူကလေးတွေနဲ့ လူကြီးတွေကတော့ ချစ်စနိုးနဲ့ “ဒိုလေး” လို့လည်း ခေါ်ကြတယ်။ သူဟာ မြန်မာလက်ရွေးစင် ဘောလုံးသမားတဦးဖြစ်ဖို့နဲ့ နိုင်ငံခြားအထိ ကြေးစားဘောလုံးသမားတဦးအဖြစ် သွားရောက်ကစားနိုင်ဖို့ထိ ရည်ရွယ်ချက်ကြီးမားသူ။

ဘောလုံးအားကစားကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးသွပ်တာ ဒိုလေးလို့ ခေါ်တဲ့ သူရိန်ထွန်း တယောက်တည်းတော့မဟုတ်။ သူနဲ့အတူတူ ညနေတိုင်း လေ့ကျင့်ကစားနေတဲ့သူ ဆယ်ကျော်သက်အရွယ် ယောက်ျားလေး ၃ ဦးနဲ့ အသက် ၂၀ အရွယ် မိန်းကလေးတဦးတို့လည်း အပါအ၀င်ပါ။ သူတို့ ၅ ဦးက ဘောလုံးအားကစားကို ရူးသွပ်ကြတဲ့ အနာဂတ်အတွက် ဘောလုံးပါရမီရှင်လေးတွေ။

“သားကိုယ်တိုင် ၀ါသနာပါလို့၊ ငယ်ငယ်ကတည်းက ဘောလုံးတွေဝယ်တယ်၊ ဘောလုံးကန်တဲ့ ဖိနပ်တွေဝယ်တယ်၊ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တယ်။ ကြီးလာရင် မြန်မာ့လက်ရွေးစင်တယောက် ဖြစ်အောင်လုပ်မယ်။ နိုင်ငံခြားထွက်ပြီး သွားကန်မယ်။ အခုလက်ရှိ ကန်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ ၂၀ ထဲက ကိုသန်းပိုင်ကို ကြိုက်တယ်။ နိုင်ငံခြား ကလပ်အသင်းတွေ အာစင်နယ်အသင်းကို ကြိုက်တယ်။” လို့ သူရိန်ထွန်းကပြောတယ်။

မြန်မာနိုင်ငံ အနာဂတ် ဘောလုံးလောကအတွက် အောင်မြင်တဲ့ ဘောလုံးအားကစားသမားတွေ တောက်လျှောက် ထွက်ပေါ်လာဖို့ အခုလို ၀ါသနာရှင်ကလေးတွေကို ငယ်ရွယ်စဉ်ကတည်း ပြုစုပျိုးထောင်ပေးဖို့ လိုအပ်နေပါတယ်။ လက်ရှိအချိန်မှာ ဒိုလေးတို့လို အပြင်က ဘောလုံးဝါသနာရှင် ကလေးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲက မန္တလေးမှာ ဘောလုံးလေ့ကျင့်ကစားဖို့အတွက် အများပြည်သူ ကစားလို့ရတဲ့ ဘောလုံးကွင်းတွေ ရှားပါးလာတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ဒိုလေးတို့လို ဘောလုံးအားကစားကို ရူးသွပ်တဲ့ ကလေးတွေက သူတို့ရဲ့ အားလပ်ချိန်လေးမှာ ဘောလုံးကစားနည်းကို နည်းပြဆရာနဲ့ စနစ်တကျသင်ပြီး ဘောလုံးကွင်း အတည်တကျမရှိဘဲ ရှိတဲ့နေရာမှာ ဖြစ်သလို လေ့ကျင့်နေကြရတာ ဖြစ်ပါတယ်။



ညနေ ၄ နာရီခွဲကနေ ညနေ ၆ နာရီထိက ဒိုလေးတို့ သူငယ်ချင်းတစု နေ့စဉ် ဘောလုံး လေ့ကျင့်ကြပါတယ်။ သူတို့ကို လေ့ကျင့်ပေးနေတဲ့ ဆရာက ၁၉၇၀ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်ထိ အိုလံပစ်ဖလား၊ မာဒေးကားဖလားတို့မှာ ၀င်ရောက်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းကြီး ဦးခင်မောင်လေး။ သူတို့တွေ လေ့ကျင့်နေတဲ့ နေရာက မန္တလေးမြို့က ၀န်ကြီးဌာနတခုပိုင် မြက်ခင်းစိမ်းစိမ်းနဲ့ ဘောလုံးကွင်းကြီး ၂ ခုရဲ့ကြားက မြေကွက်လပ် နေရာလေးတခုမှာ။

“ရပ်ကွက်ဘောလုံးကွင်းတွေလည်း မရှိတော့ဘူး။ အရင်က နာမည်ကြီးခဲ့တဲ့ ကွင်းတွေလည်း မရှိတော့ဘူး။ အခု ဒီနေရာလေးတောင် လုပ်ပါရစေဆိုပြီး ခွင့်တောင်းလို့ နားလည်မှုနဲ့ လုပ်ရတာ။ ရှိတဲ့ကွင်းတွေကျေတာ့လည်း လူကြီးလာရင်ပြဖို့ပဲ။ လူကြီးလာကြည့်ရင် မြက်တွေစိမ်းလန်းနေဖို့ပဲ။ တကယ်တမ်း ကလေးတွေ သင်တန်းလုပ်နေမယ်၊ ကစားနေမယ်ဆိုရင် မြက်စိမ်းဖို့က အဓိက မဟုတ်ဘူး။ ကလေးတွေ ပြည့်နေဖို့ကအဓိက။” လို့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းကြီး ဦးခင်မောင်လေးက ပြောပါတယ်။

မန္တလေးမြို့က ဘောလုံကွင်းအချို့ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ၇၀ ရာခိုင်နှုန်းနီးပါးလောက် တဖြည်းဖြည်း ပျောက်ကွယ်ခဲ့တယ်။ ၁၉၈၈ မတိုင်ခင်က မန္တလေးမြို့မှာ ဘောလုံးကွင်းတွေ အမြောက်အမြား ရှိခဲ့တယ်။ မြောက်ပြင်အရပ်က ယခုအခါ ဈေးလုပ်ထားတဲ့ ဆရာစံကွင်း၊ တမ္ပ၀တီရပ်ကွက်မှာရှိပြီး လျှပ်စစ်ဌာနက အသုံးပြုနေတဲ့ သခင်ဖိုးလှကြီးကွင်း၊ လက်ရှိ ရေပေးဝေရေးစက်ရုံ တည်ဆောက်ထားတဲ့ မလွန်ကွင်း၊ မန္တလေးတောင်ခြေမှာရှိတဲ့ မြရတနာကွင်းတွေဟာ ပြိုင်ပွဲတွေ ကျင်းပခဲ့တဲ့ ဘောလုံးကွင်းတွေဖြစ်ပြီး ထူးချွန်တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ မန္တလေးတိုင်း ပဏာမ ဘောလုံးလက်ရွေးစင်ဖြစ်ခဲ့သူ ဦးငြိမ်းချမ်း (စာရေးဆရာ ညီပုလေး) ကဆိုတယ်။



10527497_1729092857318047_7149397935629751783_n“ကိုယ့်ရဲ့ကလေးတွေကို ဘောလုံးကွင်းထဲမှာပဲ ကန်စေချင်တယ်။ လမ်းပေါ်မှာ မကန်စေချင်ဘူး။ ကျနော်က သား အခုလို ဘောလုံး အားကစားဝါသနာ ပါတာကို အားပေးတယ်။ ဒါဆို ကျန်တဲ့ မူးယစ်ဆေးဝါးတို့မှာ စိတ်မရောက်တော့ဘူး။ ကလေးတွေ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ကျတော်တို့ တတ်နိုင်သလောက် အားကစားဝတ်စုံ လိုသလား၊ ဖိနပ်လိုသလား၊ တတ်နိုင်သလောက် ပံ့ပိုးပေးတယ်။” လို့ သူရိန်ထွန်း (ခေါ်) ဒိုလေးရဲ့ ဖခင် ကိုမျိုးကျော်က ပြောတယ်။

အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပံ္ပက ဘောလုံးဝါသနာပါတဲ့ အနယ်နယ်အရပ်ရပ်က ကလေးတွေကို အသက်အပိုင်းအခြားအလိုက် နှစ်စဉ်ရွေးချယ်ပြီး ဘောလုံးအားကစားသမား မျိုးဆက်ကို မြေတောင်မြှောက်ပေးနေပေမယ့်လည်း ဘဏ္ဍာငွေ အခြေအနေအရ လက်ခံသင်ကြားပေးနိုင်တဲ့ အရေအတွက်က နည်းတယ်။ ရွေးချယ်မခံရတဲ့ ကလေးတွေနဲ့ ရပ်ကွက်ထဲမှာ ဘောလုံးအားကစားကို ၀ါသနာပါတဲ့ ကလေးတွေကို တဘက်တလမ်းကနေ ထူးချွန်တဲ့ ဘောလုံးသမားတွေ ဖြစ်လာဖို့ နည်းစနစ်ကျကျ သင်ပေးပြီး မြေတောင်မြှောက်ပေးမယ့် အဓိက မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းကြီးတွေက အဆင်သင့်ရှိနေပေမယ့် အခက်အခဲက လေ့ကျင့်သင်ကြားပေးဖို့ အားကစားကွင်း သတ်သတ်မှတ်မှတ် မရှိတာပါဘဲ။

ဘောလုံးဝါသနာရှင် ကလေးတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် ဘောလုံးအားကစားကွင်းတွေကို အကောင်အထည် ဖော်ပေးဖို့ လိုအပ်နေပြီး လက်ရှိ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ အကောင်အထည် မဖော်နိုင်သေးရင်တောင် အားကစားဝန်ကြီးဌာနပိုင် လေ့ကျင့်ရေးကွင်းတခုကို ဘောလုံးဝါသနာရှင် ကလေးတွေ လေ့ကျင့်ကစားတာ လုပ်နိုင်ဖို့ ခွင့်ပြုပေးမယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ ဦးခင်မောင်လေးက ဆိုတယ်။

“အားကာမှာ လေ့ကျင့်ကွင်းတွေ ရှိတယ်။ အဲဒီကွင်းထဲက တကွင်းကွင်းလောက် ရမယ်ဆိုရင်ကို အဆင်ပြေတယ်။ လေ့ကျင့်ရေးကွင်းတွေ အများကြီးရှိပေမယ့် ဒီအတိုင်းပဲ အလှကြည့်ထားတယ်။” လို့ ဦးခင်မောင်လေးက ပြောတယ်။

အများပြည်သူ လေ့ကျင့်ဖို့ ဘောလုံးကွင်းတွေ ကွယ်ပျောက်လာတာ၊ ကလေးအများစုဟာ တနေကုန်၊ တနှစ်ပတ်လုံး ကျူရှင်နဲ့ ကျောင်း အချိန်ကုန်နေကြတာတွေဟာ ဘောလုံးအားကစားကို စိတ်ဝင်စားတဲ့၊ ငယ်ရွယ်တဲ့ မျိုးဆက်လည်း အရင်ခေတ်တွေကနဲ့ နှိုင်းယှဉ်ရင် တဖြည်းဖြည်း နည်းလာတယ်လို့ ဦးခင်မောင်လေးက သူ့အမြင်ကိုပြောတယ်။

မန္တလေးဟာ အဆက်ဆက်မှာ ထူးချွန်တဲ့ ဘောလုံးအားကစားသမား အများအပြား ပေါ်ထွက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ မန္တလေးမြို့ပေါ်ထက် နယ်ဘက်တွေကသာ ပေါ်ထွက်လာတတ်ကြပြီး မြို့ပေါ်နေထိုင်ကြတဲ့ ကလေးတွေထဲက ထူးချွန်တဲ့ ဘောလုံးအားကစားသမား ပေါ်ထွက်တာမျိုး မရှိသလောက် ဖြစ်လာပါတယ်။ မန္တလေးမြို့မှာ နေထိုင်ပြီး ကိုယ်တိုင်လည်း ဘောလုံးအားကစားကို ၀ါသနာပါသူ၊ ဘောလုံးကစားချင်တဲ့ ကလေးတွေ တွေ့ရင်လည်း ပံ့ပိုးကူညီနေသူဖြစ်တဲ့ ဦးသုခက…



“ဘောလုံးဝါသနာပါသူ ဘယ်လောက်အထိ ရှားလဲဆိုရင် လမ်းမှာ ဘောလုံးကန်တဲ့ ကလေးတွေ လိုက်မှတ်ထားတယ်။ ဘယ်သူတွေကန်တယ်။ နောက်နေ့ သူတို့ကို ကားပေါ်တင်ပြီး အားကစားပစ္စည်းရောင်းတဲ့ဆိုင် ခေါ်သွားပြီးတော့ ဖိနပ်တွေဝယ်၊ အင်္ကျီတွေ ၀ယ်ပေးတယ်။ ကားတွေနဲ့ ကြိုပို့ပေးတယ်။ နောက်ဆုံးတယောက်ချင်း ပျောက်သွားတာ ဘယ်သူမှ မရှိတော့ဘူး။” လို့ သူကြုံတွေ့ရတာကို ပြောပြတယ်။

အခုလို အခက်အခဲအချို့ ရှိနေပေမယ့်လည်း အဆိုးထဲက အကောင်းအနေနဲ့ ဘောလုံးကို ရူးသွပ်တဲ့ သူ့တပည့် ဒိုလေးတို့အုပ်စုအပေါ်မှာ ဦးခင်မောင်လေးက အများကြီး မျှော်လင့်ထားတယ်။

“ဒီအရွယ်နဲ့ ဒီလောက်ရဖို့ဆိုတာ မလွယ်ဘူး။ အကုန်ဖြစ်နိုင်တဲ့ သူတွေချည်းပဲ။

တခုရှိတာက ဒီအရွယ်ကနေ ကြီးလာတဲ့အရွယ်ထိ ကံတွေလည်း ပါသေးတာကို။ ကြားထဲမှာ အဲဒါတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီကလေးတွေကတော့ ပါရမီရှင်တွေပဲ။” လို့ ဦးခင်မောင်လေးက သူ့တပည့်တွေကိုကြည့်ပြီး ပြောတယ်။

မိုးဖွဲဖွဲအောက် ဗွက်ထနေတဲ့ မြေသားပျော့ပျော့ပေါ်မှာ ဘောလုံးကို ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ဒိုလေးတို့ ကလေး ၅ ယောက်။ သူတို့တကိုယ်လုံးမှာ ရွှံ့ဗွက်တွေ ပေကျံလို့။

(ဒီဆောင်းပါးဟာ ၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။)

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/98014

Read More »

အကောင်းဆုံး အရှုံးသမားများ



ယူ-၂၃ ထိုင်းနဲ့ မြန်မာ ဗိုလ်လုပွဲကို အားပေးနေတဲ့ မန္တလေး ပရိသတ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

စင်ကာပူ နိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်း အရှေ့တောင်အာရှ အားကစား ပွဲတော် ဗိုလ်လု ပွဲမှာ ယူ-၂၃ မြန်မာ ဘောလုံး အသင်းက ထိုင်း အသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးသွား ပါတယ်။ မြန်မာဘောလုံး အသင်း အနေနဲ့ ရှုံးသွား သည့်တိုင် ပြည်သူ့ မေတ္တာ ကိုတော့ အပြည့်အ၀ ရရှိသွား ပါတယ်။ ပြည်သူ တွေက မြန်မာဘောလုံး အသင်းကို ရွှေတံဆိပ် အထိ ရရှိဖို့ မျှော်လင့် ခဲ့ပေမယ့် လက်တွေ့ မှာတော့ ငွေတံဆိပ်နဲ့ သာ ကျေနပ် လိုက်ကြ ရပါတယ်။

ဘောလုံးပွဲ မစတင်ခင် နေ့လည်ကတည်းက ဈေးမှာ၊ ကုန်စည်ဒိုင်မှာ၊ စက်မှုဇုံမှာ၊ ရှော့ပင်းမောလ်မှာ၊ ပလာဇာမှာ၊ စူပါမားကတ်မှာ၊ ဘောလုံးပွဲအားပေးဖို့ ပရိသတ်ပြည်သူတွေက စိတ်စောနေကြတယ်။ ကုန်ပို့တဲ့ အလုပ်သမား တွေကလည်း မြန်မာဘောလုံးအသင်း ဂျာစီတွေ ၀တ်ထားကြတယ်။ လက်ဘက်ရည်ဆိုင်က စားပွဲထိုးတွေကလည်း မြန်မာအလံ စတစ်ကာတွေ ပါးပေါ်မှာ ကပ်ထားကြတယ်။ တချို့က အလံဆိုဒ်စုံဝယ်ပြီး ကားတွေမှာ ချည်နှောင်ကြတယ်။ အရောင်းမြှင့် ၀န်ထမ်းတချို့က ဘောလုံးပွဲပြသကြမယ့် နေရာတွေမှာ ကုမ္ပဏီ ယူနီဖောင်းတွေဝတ်ပြီး လာကြည့်တဲ့ ပရိသတ်ကို ဧည့်ခံတယ်။ အားလုံးရဲ့ မျက်နှာမှာ မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ တောက်ပနေတယ်။

လက်ဘက်ရည်ဆိုင်တချို့က မြန်မာဘောလုံးအသင်း ဗိုလ်လုပွဲ တက်ရောက်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဧည့်ခံကြတယ်။ လက်ဘက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေမှာ ဘောလုံးပွဲ အားပေးကြတဲ့ ပရိသတ်က ကြိတ်ကြိတ်တိုး စည်ကားနေတယ်။ ညနေ ၅ နာရီလောက်ကတည်းက ဘောလုံးပွဲ ပရိသတ်က လှုပ်လှုပ်ရွရွဖြစ်နေပြီ။ တချို့က
ဗန္ဓုလ၀တ်စုံနဲ့ အားပေးကြဖို့ ကျုံးနဘေး ရောက်လာကြတယ်။ ဖိုးသူတော် ဒီဇိုင်းနဲ့ ကျုံးဘေးက ဘောလုံးပွဲ လာရောက် အားပေးသူလည်းရှိတယ်။ အမျိုးသမီးငယ်လေးတွေက မြန်မာဘောလုံးအသင်း ဂျာစီဝတ်ထားကြသလို အမျိုးသားတွေကလည်း နိုင်ငံတော်အလံတွေ ဝှေ့ရမ်းပြီး အားပေးဖို့ ဘောလုံးပွဲ မစတင်မီကတည်းကေ ရာက်ရှိ နေရာယူထားကြတယ်။ ရဲတပ်ဖွဲ့ဝင်တချို့ကလည်း လုံခြုံရေး ရယူပေးထားတာကို တွေ့ရပါတယ်။

ဘောလုံးပွဲ စတင်ကစားချိန်မှာတော့ ကျုံးဘေးမှာ ပွဲတော်တမျှ စည်ကားနေပါပြီ။ အော်ဟစ်အားပေးသံ ဘ၀ဂ်ညံအောင်အထိ ပရိတ်သတ်က အားပေးကြတယ်။ အောင်မြင်မှုကို ငတ်မွတ်နေကြသူတွေပီပီအောင်မြင်ချင်ကြတယ်။ အထူးသဖြင့် ဘောလုံးလို လူထုအားကစားနည်းမျိုးမှာ အောင်မြင်မှုရပြီး အောင်ပွဲခံလိုတဲ့ ဆန္ဒ အားလုံးမှာ ရှိကြတယ်။ တီဗီရှေ့မှာ ငုတ်တုပ်ထိုင်နေကြသူ ရဟန်းရှင်လူ ပြည်သူတရပ်လုံးက ဘောလုံးပွဲကို စိတ်ပါလက်ပါ အားပေးကြတယ်။ အစီအစဉ် တင်ဆက်သူတချို့ရဲ့ ပြောဆိုမှုကိုတော့ သည်းခံကြရတာရှိတယ်။

ပရိသတ် တချို့ကတော့ မျိုးချစ်စိတ် လွန်ကဲပြီး အနိုင်ရချင်ဇောနဲ့ အားပေးကြတာလည်း ရှိတယ်။ မျိုးချစ်စိတ်တခုတည်းနဲ့ အနိုင်မရနိုင်တာလည်း အသေအချာပါပဲ။ အားကစားနည်းတခု အောင်မြင်မှု ရဖို့ဆိုတာ စစ်မှန်တဲ့ လေ့ကျင့်မှု၊ ကောင်းမွန်တဲ့ ပံ့ပိုးမှု၊ တဦးချင်း ကစားနိုင်အား၊ အသင်းလိုက်စုစည်းမှု၊ ကြံခိုင်မှု၊ စွမ်းရည်၊ ကျွမ်းကျင်မှု၊ ပညာ၊ သက်လုံ စတဲ့ ဘက်စုံ လိုအပ်ချက်တွေ ရှိစမြဲဖြစ်ပါတယ်။ တပွဲထိုး နည်းနဲ့က ဘယ်အားကစားမှ အောင်မြင်မှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာတွေဟာ အောင်မြင်မှုနဲ့ ထိုက်တန်တယ်ဆိုတာကို ဘောလုံးအားကစားပြိုင်ပွဲမှာ ထိုင်းကို အနိုင်ယူပြီး သက်သေပြချင်ကြတဲ့ ပြည်သူအများစုရဲ့ ချင်ခြင်းတပ်မှုဟာ ကြောက်ခမန်းလိလိပါပဲ။ အစစ အရာရာ ချွတ်ခြုံကျခဲ့ရသူတွေအတွက် ဘောလုံးပွဲ အောင်မြင်မှုဟာ သေလောက်အောင် အရေးကြီးပါပကော။ ပိုပြီးဆိုးတာက ထိုင်းအသင်းနဲ့က ရာဇ၀င်ကြွေးကလည်း ရှိနေခဲ့ပြန်သေးတယ်။ ဘောလုံးပြိုင်ပွဲကို တောရောမြို့ပါ အားပေးနေကြတယ် ဆိုတာ ကိုယ်တိုင်ကန်နေကြတဲ့ မြန်မာ ဘောလုံးသမားလေးတွေလည်း သိကြပါတယ်။ သူတို့မှာလည်း ကြီးမားတဲ့
ဖိအား အသေအချာ ရှိမှာပါပဲ။

ဘောလုံးတကယ်ကစားချိန်မှာတော့ ထိုင်းအသင်းကချည်း တိုက်စစ်ဆင်နေခဲ့တယ်။ ပထမပိုင်းမှာ မြန်မာတွေ အကောင်းဆုံး ပိတ်ဆို့ကစားနိုင်ခဲ့လို့ ဂိုးမရှိသရေ ဖြစ်ခဲ့ရတယ်။ ဒုတိယပိုင်းမှာ ထိုင်းအသင်းကပဲ တိုက်စစ်ဆင်ခဲ့ပြီး ကစားပြန်တယ်။ မြန်မာထိုးဖောက်မှုက သိပ်ပြီး အရာမထင်ခဲ့ဘူး။ ထိုင်းအသင်းက ပညာရော ကြံ့ခိုင်မှုပါ မြန်မာအသင်းထက် သာခဲ့တာကြောင့် ဂိုးရရှိသွားတယ်။ မြန်မာအသင်း ချေပဂိုးရဖို့ ကြိုးစားသော်ငြား ထိုင်းနောက်တန်းကို
မထိုးဖောက်နိုင်ခဲ့ပါဘူး။ ထိုင်းအသင်းကပဲ တန်ပြန် တိုက်စစ်ကတဆင့် ဒုတိယဂိုးနဲ့ တတိယဂိုး ရရှိသွားတယ်။ ထိုင်းအသင်းရသွားတဲ့ ဂိုးတွေက တတိယဂိုးကလွဲရင် သေသေသပ်သပ် ရသွားတာတွေ ဖြစ်တယ်။

ပရိတ်သတ်တချို့က ကွင်းလယ်ဒိုင်က တဖက်အသင်းဘက်က ပါသွားတယ်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိပါတယ်။ မြန်မာဘောလုံးသမားလေးတွေ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကစားသွားကြတာပါပဲ။ သူတို့မှာရှိတဲ့ စွမ်းအားတွေ အစွမ်းကုန် ထုတ်သုံးပြီး ကစားသွားကြတယ်။ ဘောလုံးပွဲကြည့်နေတဲ့ အိမ်ရှင်မတချို့ကတော့ ထိုင်းတွေ နှစ်ဂိုးသွင်းပြီးချိန်မှာ မြန်မြန်ပြီးဖို့သာ ဆုတောင်းနေကြတော့တယ်။ မြန်မာ ဘောလုံးသမားလေးတွေကို သနားလို့ပါတဲ့။ အထူးသဖြင့် မြန်မာဂိုးသမားလေး ကျော်ဇင်ဖြိုးအပေါ် ဘောလုံးဝါသနာရှင် အမျိုးသမီးအများစုက သနားပိုခဲ့ကြတယ်။

မြန်မာပရိသတ်တွေက တာဝန်ကြေခဲ့ကြတယ်။ နိုင်ငံရေးလည်း နိုင်ငံရေးမို့ တာဝန်မမဲ့ခဲ့ကြဘူး။ အားကစားမှာလည်း အားကစားအလျောက် အစွမ်းကုန်အားပေးပြီးသား။ ထောက်ခံပွဲဆိုပြီး အာဏာပိုင်တွေ ဆင့်ခေါ်ရင် မနက် ၄ နာရီ လာဆိုလည်း မြွေမကြောက် ကင်းမကြောက် ထသွားခဲ့ကြတာပဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်မှတ် ထိုးကြရအောင်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) က ဖိတ်ခေါ်ပြန်တော့လည်း အသက် ၁၈ နှစ်ပြည့်ပြီးသူတွေက အင်တိုက်အားတိုက် လက်မှတ်ပေါင်း ၅ သန်းနီးပါး ရအောင် ထိုးပေးလိုက်ကြတာပဲ။

အခုလည်း ဘောလုံးပွဲဆိုပြန်တော့ အလုပ်ပျက်အကိုင်ပျက်ခံပြီး အားပေးလိုက်ကြတာပဲ။ အုပ်စုပွဲစဉ်တုန်းကဆိုရင် မွန်းလွဲ ၂ နာရီပွဲ နေပူကြဲတောက်မှာ ဖိနပ်ဖင်ခုထိုင်ပြီး အသံပြာအောင် အော်ဟစ် အားပေးခဲ့ကြသေးတာပေါ့။ နေ့စား အလုပ်သမားတွေကလည်း နေ့လည်နေ့ခင်း ကန်တဲ့ပွဲဆို ဘောလုံးပွဲ အားပေးမှာမို့ ဘယ်လောက် အရေးကြီးကြီး အလုပ်မသွားကြဘူး။ အဲဒီလို အလုပ်မသွားလို့ ဆန်အိုးထဲမှာ ဆန်ပြည့်နေပြီလို့ မထင်လိုက်ပါနဲ့။ သူတို့က ထမင်းထက်
အောင်မြင်မှုကို ပိုဆာလောင်နေကြတဲ့သူတွေလေ။

ကံမကောင်း အကြောင်းမလှစွာဘဲ ဗိုလ်လုပွဲမှာ မြန်မာအသင်းရှုံးပါတယ်။ တဖက်အသင်း ထိုင်းက အောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်။ မြန်မာဘောလုံးအသင်း ရွှေတံဆိပ်မရခဲ့ပေမယ့် ငွေတံဆိပ်တော့ ရခဲ့တယ်။ မြန်မာကစားသမားတွေ ပွဲစဉ်တိုင်း မခိုမကပ်ဘဲ အင်တိုက်အားတိုက် ကစားခဲ့ကြတာကိုတော့ အသိအမှတ် ပြုရမှာဖြစ်ပါတယ်။ နောက်ထပ် အသိအမှတ်ပြုကြရမယ့် သူတွေကတော့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ မျှော်လင့်ချက်ကြီးကြီးထားပြီး ပွဲစဉ်တိုင်းကို
အကောင်းဆုံး အားပေးသွားကြလို့ ဖြစ်ပါတယ်။

ဧရာဝတီ-သတင်းဋ္ဌာန by Heavyrain

Original link - http://burma.irrawaddy.org/opinion/viewpoint/2015/06/16/76476.html

Read More »

Sunday, June 14, 2015

ပထမပိုင်း သရေ ကစားနိုင်ရင် မြန်မာရွှေ ရနိုင်တယ် – ဦးသန်းတိုးအောင်




ဆီးဂိမ်း ပြိုင်ပွဲဝင် မြန်မာ ယူ ၂၃ အသင်းဟာ ဇွန် ၁၅ ရက်နေ့ မြန်မာ စံတော်ချိန် ၇ နာရီမှာ ထိုင်း အသင်းနဲ့ နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ထိုင်း အသင်းနဲ့ ကစားမယ့် မြန်မာယူ ၂၃ ရဲ့ ပြင်ဆင် ထားမှု အခြေအတွေနဲ့ ပတ်သက်ပြီး မြန်မာ အသင်း မန်နေဂျာ ဦးသန်းတိုးအောင်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။

ဗီယက်နမ်နဲ့ကန်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ မြန်မာ ၂၃ အသင်းရဲ့ အားနည်းချက် ဘာတွေ တွေ့လိုက်ရလဲဗျ။

“သူတို့လက်ထဲ ဘောလုံးရတဲ့အခါကျရင် တောင်ပံတွေကိုခွဲပြီး ချဲ့ပြီး ကစားတာပေါ့။ အဝေးဘောက ကျနော်တို့က ပိုအားသာတာပေါ့။ ကျနော်တို့ဆီမှာ အဝေးဘောကို တိတိကျကျနဲ့ ဘယ်ညာ ကန်နိုင်တာဆိုလို့ ရဲကိုဦး တယောက်ပဲ ရှိတာကို။ နောက်တခုက ကလေးတွေက အကုန်လုံး စုပြုံပြီး ဆင်းခံတာကလည်း အမှားပေါ့။ အဲ့လိုမျိုး တောက်လျှောက်ကြီး အသင်းတသင်းက ၁၅ မိနစ်လောက် ဖိနေပြီဆိုလို့ရှိရင် ထောင့်ကန်ဘောတွေလည်း ခဏခဏ ရနေပြီဆိုရင် ဒါမျိုးက ပေးရတတ်တယ်ဗျ။ တချိန်မဟုတ် တချိန်။ ကျနော်တို့လည်း ဘေးက အော်ပေမယ့် ကလေးတွေက ဂိုးမပေးရဇောနဲ့ နောက်ကို အတင်း ကပ်ကပ်သွားတော့ နောက်ဆုံးခံတဲ့ လိုင်းက နည်းနည်းလေး အောက်ကျနေတယ်။

အဲ့ဒီမှာ တလုံးကျွံ့ထွက်ပြီး ပေးလိုက်ရတယ်။ အားသာမှုကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် စိတ်ဓာတ်နဲ့ ကြိုးစားမှုနဲ့ ကံကြမ္မာ ဖေးမမှုလည်း ပါတာပေါ့ဗျာ။ ဘာကြောင့်လဲဆို ကျနော်တို့ ၄-၅ လုံးလောက်ပဲ ကန်ခွင့်ရတာ၊ အသင်းခေါင်းဆောင် နေလင်းထွန်းဆို သူ့ခြေထောက်နဲ့ ထိရင်ပဲ ၁ ဂိုးလို ဖြစ်နေတာ။ ပြစ်ဒဏ်ဘောလည်း ဒီလိုပဲလေ၊ သူကန်လိုက်တဲ့အချိန်မှာ ပယ်နယ်တီရလိုက်တယ်။ နောက်တလုံးလည်း သူကန်လိုက်တဲ့အချိန်မှာ လမ်းကြောင်းပြောင်းပြီး ဂိုးသမားလည်း ဘာမှ မတတ်နိုင်ဘဲ ဂိုးဝင်သွားခဲ့တာပေါ့။ ကျနော်တို့ မနေ့က ကံကောင်းတယ်ပဲ ပြောရမှာပဲဗျာ။”

ကျနော်တို့ ပရိသတ်အနေနဲ့ ပြောရရင် ပထမပိုင်းမှာ ၁ ဂိုး ရထားတော့ ဒုတိယပိုင်းမှာ နည်းပြတွေက ခံစစ်ကစားခိုင်းလို့များ ဒီလို ဖြစ်ရတာလာပေါ့လေ။

“မဟုတ်ဘူးခင်ဗျ။ ကျနော်တို့ ခံကစားခိုင်းတာ မဟုတ်ဘူး၊ ပြန်တိုက်ခိုင်းတာ။ သို့သော် ကလေးတွေက ပြန်တိုက်ဖို့ နေနေသာ တဘက်က ရှုံးနေတဲ့အခါကျတော့ ဘောလုံးရဲ့ သဘာဝ အားထည့်ပြီး ဖိလာတယ်။ အဲ့ဒီမှာ ကလေးတွေက ရှေက ကောင်းဆက်နိုင်တို့၊ ရှိုင်းသူအောင်တို့ အကုန်လုံးက လိုက်ဖျက်ရင်း လိုက်ဖျက်ရင်းနဲ့ နောက်ထဲကို ရောက်သွားတဲ့သဘောပဲ။”

မြန်မာအသင်းကစားသမားတွေက အသင်းကြီးနဲ့ တွေ့လို့ ရှိန်နေပုံလည်းရတယ်။

“အင်းပေါ့၊ နည်းနည်း ရှိန်တာလည်း ပါတယ်။ မနေ့ကဆိုရင် အထူးသဖြင့် အားထားရတဲ့ စည်သူအောင်ပေါ့၊ နံပါတ် ၅ ဆို ကျနော်တို့ တော်တော်အားကိုးရတယ်။ သို့သော် စည်သူအောင် နံပါတ် ၅ က ပယ်နယ်တီ ၁ ဂိုးကလွဲရင် အစ်ကိုတို့ မြင်တဲ့အတိုင်းပဲ သူ ပုံမှန်ခြေ မရဘူး၊ ရွံ့သလိုလို ဘာလိုလိုဖြစ်နေတော့ ဒုတိယပိုင်းကျ ကျနော်တို့ ထုတ်ပစ်လိုက်ရတယ်။ ကျန်တဲ့ ကစားသမားတွေကတော့ သူတို့မှာ ရှိသမျှ အကုန်လုံး ကစားကြတယ်။ ကြောက်လည်း မကြောက်ကြပါဘူး။

နောက်တခု မနေ့က နိုင်ရတဲ့အကြောင်းရင်းက ဂိုးသမားပေါ့၊ ကျော်ဇင်ဖြိုး၊ သူက ပထိ တပွဲ နှစ်ပွဲ သုံးပွဲ လေးပွဲ မကောင်းတော့ နောက်ဆုံးတပွဲမှာတော့ ကျနော်တို့ ကျော်ဇင်ဖြိုးအစား အောင်ဝေဖြိုးလေးကို ထည့်ကစားလိုက်တယ်။ အောင်ဝေဖြိုးကိုပဲ ဦးစားပေး ဖမ်းခိုင်မယ့် ပုံစံလုပ်လိုက်တော့ သူ မခံချင်စိတ် ဖြစ်လာတယ်။ နောက် ကျနော်တို့လည်း ပြောပြတယ်၊ အသင်းတသင်းမှာ အသင်းက တော်တန်ရုံဖြစ်ပစေ၊ ဂိုးသမားကောင်းလို့ရှိရင် အဲ့ဒီအသင်းက ချန်ပီယံ ဖြစ်သွားနိုင်တယ်ဆိုတာ၊ မနေ့က ပွဲပြီးတဲ့အချိန်မှာတော့ သူ တော်တော် သဘောပေါက်သွားတယ်။”

အဲ့ဒီတော့ အခု ထိုင်း ကျနော်တို့ထက် အစစ အရာရာ သာတယ်။

“မှန်တယ်။”

မြန်မာအသင်း ဘယ်လို ပြင်ထားလဲ။

“ထိုင်းက သာတယ်၊ သူတို့ရဲ့ အနီးဘော အဝေးပေး ဘောလုံးပေးပို့ ပုံတွေက ဒီမှာရှိတဲ့ အသင်းတိုင်းထက် သာတယ်။ သူ့ အားသာချက်တခုက နောက်ခံလူတွေ အလယ်တန်းနဲ့ ရှေ့တန်းနဲ့က ကပ်နေတယ်ဗျ။ နောက်ခံအစွန်လူတွေနဲ့ အလယ်ခံစစ်ကစာသမားတွေက ချဲပြီး နေတယ်။ သူတို့ အသင်းလိုက် ကစားပုံက အောက်ကနေပတ်ရင်းနဲ့ အလယ်ကို ပေးတယ်၊ ရှေ့ကို ပေးတယ်၊ မရဘူးဆိုရင် ဘတ်ဆို နောက်ပြန်ပေးတယ်။ အဲ့ဒီလို နောက်ပြန်ပေးတဲ့အချိန်မှာ တသင်းသင်းက ထွက်သာလိုက်လိုက်လို့ရှိရင် တယောက် နှစ်ယောက် ထွက်လာလို့ရှိရင် ဟာသွားတဲ့နေရာကို ပြန်ကစားပြီး ကစားတတ်တယ်။

အဲ့ဒီတော့ သူတို့က နောက်ကို ဆွဲခေါ်ရင် မလိုက်ဘူး၊ လိုင်းကနေပဲ ကန်မယ်၊ လိုင်းဆိုတာက အလယ်ခေါင်းလိုင်းကို ဆိုလိုတာ၊ အဲ့ဒီမှာ တခု သတိထားရမှာက အဝေးဘောတွေ လာနိုင်တယ်၊ ထိုင်းက သူ့ကို ပေးကစားလိုက်ရင် ဘောလုံးပိုင်ဆိုင်မှု အသာရရင်ရင် ပိုပိုပြီး ကောင်းလာတတ်တယ်။ သူ့ကို ပေးကစားလို့ မရဘူးဆိုရင် ထိုင်းက တခါတလေကျ ဘေးကန် တောင်ကန်မြောက်ကန်နဲ့ ထိုင်းကစားသမားတွေ မတည်မငြိမ်ဖြစ်တတ်တယ်။

အဲ့ဒီတော့ ကျနော်တို့က ပထမပိုင်းမှာ ဂိုးရရင်လည်း ရသလောက်ပေါ့လေ၊ ဂိုးမရလည်း ၀-၀ပေါ့၊ သရေကန်ထားနိုင်ရင် ထိုင်းအသင်းက ခုနက ကျနော်ပြောသလို ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ သူတို့က ကျနော်တို့ထက်သာတဲ့ အသင်းဖြစ်တော့ သေချာပြင်ဆင်ပြီး ကန်ရမယ်၊ တချက်မှ ပေါ့လျော့လို့မရဘူး၊ တယောက်မှ မှားလို့ မရဘူး။

ကျနော်တို့က အသင်းလိုက်ပဲ တိုက်ရမယ်၊ တယောက်ကောင်းနဲ့ သွားလို့ မရဘူး။ ကောင်တာကစားသလို နှစ်ယောက်မျိုး သုံးယောက်မျိုးနဲ့လည်း သွားလို့ မရဘူး၊ အဲ့လို သွားလို့ရှိရင် သူက ပြန်မိသွားတဲ့အခါ ကျနော်တို့အတွက် အန္တရာယ် ပြန်ဖြစ်ဦးမယ်။”

ပွဲထွက် ကစားသမားကရော ဗီယက်နမ်နဲ့ပွဲထွက်အတိုင်း ကစားမလား။

“ဗီယက်နမ်နဲ့အတိုင်းတော့ မဟုတ်ဘူး၊ သိန်းနိုင်ဦးနေရာမှာ ရဲဝင်းအောင်ကို ပြန်ထည့်မယ်၊ ကျန်တာတော့ ဟိုနေ့ကအတိုင်း ပွဲပြန်ထုတ်မယ်။”

ပရိသတ်ကတော့ ထိုင်းနဲ့ ခြေကွာတာလည်း သိထားတယ်ပေါ့ဗျာ၊ အသင်းမန်နေဂျာတယောက်အနေနဲ့ ဗိုလ်လုပွဲနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ ပြောနိုင်မလဲ။

“ထိုင်းက ခြေသာတာ မှန်တယ်ပေါ့။ ခြေသာတယ်ဆိုပေမယ့် တအားကြီးတော့ မကွာဘူး၊ ခြေက သိပ်မကွာဘူး။ ဒါပေမယ့် သူတို့က ဘောလုံးကစားတာ တအားလည်တယ်။ ကျနော်တို့ ၁၁ ယောက်စလုံးက တချိန်လုံး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားပြီးတော့၊ နိုင်မလားဆိုတော့ ဖိုင်နယ်ပွဲဖြစ်လို့ ကျနော် မကြောက်တော့ဘူး။ ပထမပိုင်းသာ ၀-၀ ကစားနိုင်ရင် မြန်မာ ရွှေတံဆိပ် ရနိုင်တယ်လို့ ကျနော် ပြောချင်တယ်။”

DVB by ရွှေအောင်

Original link - http://burmese.dvb.no/archives/97744

Read More »

ယူ ၂၃ မြန်မာ - ထိုင်း ဗိုလ်လုပွဲ သုံးသပ်ချက်




ဒေသတွင်း အင်အားကြီး နာမည်ကြီး ထိုင်းဘောလုံး အသင်းနဲ့ မြန်မာ ယူ ၂၃ အသင်းတို့ ဆီးဂိမ်း ဘောလုံး ပြိုင်ပွဲ ဗိုလ်လု ပွဲကို ဇွန် ၁၅ ရက်နေ့ မြန်မာ စံတော်ချိန် ည ၇ နာရီ ယှဉ်ပြိုင် ကစား ကြတော့မှာ ဖြစ်ပါတယ်။

ထိုင်း အသင်းဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အတိုင်း ဗိုလ်လုပွဲကို တက်ရောက် လာတဲ့ အသင်း ဖြစ်ပြီး မြန်မာ အသင်း ကတော့ ပြိုင်ပွဲ ကျမှ ရေပန်းစားပြီး ဗိုလ်လုပွဲ တက်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ထိုင်း အသင်းဟာ သူ့အုပ်စုမှာ ပွဲတိုင်းကို အနိုင် ကစားနိုင် ခဲ့သလို အဓိက ပြိုင်ဘက်ဖြစ်တဲ့ ဗီယက်နမ် အသင်းကို ၃-၁ ဂိုးနဲ့ သက်တောင့် သက်သာ ကစားပြီး ဆီမီးဖိုင်နယ် တက်ခဲ့ ပါတယ်။

တခါ ဆီမီးဖိုင်နယ် မှာလည်း အင်ဒိုနီးရှား အသင်းကို ၅ ဂိုးပြတ်နဲ့ သာသာလေး အနိုင်ယူ ကျော်ဖြတ် ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ထိုင်း အသင်းနဲ့ ဗိုလ်လုမယ့် မြန်မာ အသင်း ကတော့ ပြိုင်ပွဲ မတိုင်မီ ပရိသတ် စိတ်ဝင်စားမှု သိပ်မရှိ ခဲ့ပေမယ့် အဖွင့်ပွဲမှာ အင်ဒိုနီးရှားကို ၄-၂ ဂိုးနဲ့ အနိုင် ကစားပြ လိုက်ပြီး တဲ့နောက် ပြိုင်ပွဲမှာ စောင့်ကြည့် ရတဲ့အသင်း တသင်း ဖြစ်လာ ခဲ့ပါတယ်။

ဒုတိယပွဲမှာ အိမ်ရှင် စင်ကာပူကို ၂-၁ ဂိုးနဲ့ အနိုင်ယူ ကစားပြီးတဲ့ နောက်မှာတော့ ဗိုလ်လုပွဲ တက်နိုင်တဲ့ အသင်း အဖြစ် ရေပန်းစား ခဲ့ပါတော့တယ်။

အုပ်စု တတိယ ပွဲမှာ ကမ္ဘောဒီးယား အသင်းကို အရန် ကစားသမား အများစုနဲ့ သရေ ကစာပြီး အုပ်စုဗိုလ် အဖြစ် ဆီမီးဖိုင်နယ် တက်ခဲ့ ပါတယ်။

ဆီမီးဖိုင်နယ်မှာ ဒေသတွင်း အင်အားကြီး အသင်း တသင်းဖြစ်တဲ့ ဗီယက်နမ်ကို ၂-၁ ဂိုးနဲ့ အနိုင် ယူပြီး ဗိုလ်လုပွဲ တက်နိုင် ခဲ့ပေမယ့် ခြေစွမ်းပိုင်း အရ ဗီယက်နမ်က သာပါတယ်။

ဆီမီးဖိုင်နယ် ပွဲတွေ အဖြစ် ဇွန် ၁၃ ရက်နေ့က ကစား ခဲ့တဲ့ မြန်မာ-ဗီယက်နမ်ပွဲ၊ ထိုင်း-အင်ဒိုနီးရှား ပွဲတွေ ကြည့်ခဲ့ရ သူတိုင်း ထိုင်း အသင်းဟာ မြန်မာ အသင်းထက် အစစ သာလွန်ကောင်း မွန်တယ် ဆိုတာ တွေ့မြင် ခဲ့ကြ ရမှာပါ။

တက်လမ်းအားကစားဂျာနယ်အယ်ဒီတာ ဦးချစ်ဝင်းမောင်ကတော့ ကံတရားရဲ့ ဖေးမမှုနဲ့ မြန်မာအသင်း နိုင်နိုင်ပါတယ်လို့ ပြောပါတယ်။

“ထိုင်းသည် မြန်မာထက် ကောင်းတယ် ဆိုတာကိုတော့ ကျနော်တို့ ပရိသတ်ကြီး ကလည်း လက်ခံ ထားပြီး သားပါ။ ဒါပေမယ့် မြန်မာ အသင်းမှာ စိတ်ဓာတ်၊ ကြိုးစား အားထုတ်မှု၊ ပရိသတ် အားပေး မှုတို့မှာ အားသာချက် ရှိပါတယ်။ ကျနော် ထင်ပါတယ်၊ အင်ဒိုနီးရှား လိုတော့ ရုပ်ပျက် ဆင်းပျက် ရှုံးနိုင် စရာ မရှိဘူး။ ဘောလုံးက တခါတရံ ကံတရားရဲ့ ဖေးမမှု ကလည်း ရှိတော့ ကံကောင်း ရင်တော့ ကျနော်တို့ နိုင်ခြေ ရှိပါတယ်။”

မြန်မာအသင်းဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်း ကလည်း ဆီးဂိမ်း ဘောလုံး ပြိုင်ပွဲမှာ ထိုင်းနဲ့ အလားတူ ဗိုလ်လုပွဲမှာ တွေ့ပြီး ၂-၀ နဲ့ ရှုံးဖူး ပါတယ်။ ဒီတုန်း ကလည်း အခုလိုပဲ ဗီယက်နမ်ကို ကျော်ဖြတ်ပြီး မြန်မာ အသင်း ဗိုလ်လုပွဲ ရောက်ခဲ့ တာပါ။

နောက်ထပ် မြန်မာ အားကစား ကလောင်ရှင် တယောက်ဖြစ်တဲ့ ကိုစိုးညီ ကတော့ မြန်မာ အသင်း ပရိသတ် အနေနဲ့ မဟုတ်ဘဲ ကလောင်ရှင် တယောက်အနေနဲ့ ပြောရရင် မြန်မာ အသင်း ၂ ဂိုးပြတ်လောက်နဲ့ ရှုံးနိုင် တယ်လို့ ပြောပါတယ်။

“ထိုင်းကို အနိုင်ယူပြီး ဗိုလ်စွဲ ဖို့တော့ အရမ်း ခက်ခဲမယ် ထင်တယ်။ ထိုင်း အသင်းက အနည်းဆုံး ၂-၀ လောက်နဲ့ မြန်မာကို နိုင်သွားမယ် ထင်ပါတယ်။”

မြန်မာယူ ၂၃ အသင်း နည်းပြ ဦးကြည်လွင် ကတော့ ဗိုလ်လုပွဲမှာ ဘယ် အသင်းနဲ့ တွေ့ပါစေ။ ပြင်ဆင် စရာရှိတာပဲ ပြင်ဆင် သွားမယ်လို့ မီဒီယာကို ပြောထားပြီး ဗီယက်နမ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကစားသမား တွေနဲ့ပဲ ထိုင်းကို ယှဉ်ပြိုင် ကစားမယ်လို့ ဆိုထား ပါတယ်။

ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အပြန်အလှန် ကစားပြီး ဒုတိယ ဆိုလည်း ကျေနပ် ရမယ်လို့ ပြောပါတယ်။

“ထိုင်းက အင်ဒိုနီးရှားကို ၅ ဂိုး သွင်းတယ်။ ကျနော်တို့ အသင်းကလည်း အင်ဒိုနီးရှားကို ၄ ဂိုး သွင်းထား တာပဲဗျ။ ဟုတ်တယ် မို့လား၊ အပြန် အလှန်တော့ ရှိမယ်။ မြန်မာ ဖြစ်တော့လည်း မြန်မာပဲ နိုင်စေ ချင်တယ်။ ဒါပေမယ့် နည်းနည်းတော့ ခက်မယ်၊ ဒုတိယလောက်နဲ့ ကျေနပ် ရရင်လည်း တော်ပြီပေါ့ဗျာ။”

ဆီးဂိမ်းမတိုင်မီ ထိုင်းနိုင်ငံမှာ ထိုင်းယူ ၂၃ အသင်းနဲ့ မြန်မာယူ ၂၃ အသင်းတို့ ခြေစမ်းကစားခဲ့ကြပြီး ထိုင်းက ၄ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းမန်နေဂျာ ဦးသန်းတိုးအောင်က အဲ့ဒီခြေစမ်းပွဲတုန်းက မြန်မာအသင်း ပုံမှန်ခြေစွမ်း မရခဲ့ဘဲ ပြိုင်ပွဲစတဲ့ အင်ဒိုနဲ့ပွဲမှာမှ အသင်းခြေစွမ်း ပုံမှန်ပြန်ရခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

DVB by ရွှေအောင်

Original link - http://burmese.dvb.no/archives/97673

Read More »

Saturday, June 13, 2015

မြန်မာ U23 ဗိုလ်လုပွဲ တက်ဖို့ မျှော်လင့်




မြန်မာ U-23 အသင်း အနေနဲ့ ဗီယက်နမ်ကို အနိုင် ကစားပြီး အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖိုင်နယ် တက်မယ်လို့ မြန်မာ အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင် က ပြောလိုက် ပါတယ်။ မြန်မာ U-23 အသင်းဟာ ဒီကနေ့ စနေနေ့မှာ ဗီယက်နမ် အသင်းနဲ့ အကြို ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ပြင်ဆင် ထားတဲ့ မြန်မာ အသင်းရဲ့ အခြေအနေ၊ ပရိဿတ် တွေရဲ့ တုံ့ပြန် သံတွေနဲ့ ပွဲကြို သုံးသပ်ချက် တွေကို ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှာတော့ မြန်မာ ယူ-၂၃ ဘောလုံးအသင်းဟာ ဆီမီးဖိုင်နယ်ကို ရောက်နေပါပြီ။ ဆီမီးဖိုင်နယ် မှာ မြန်မာအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ကစားရမှာပါ။ အရှေ့တောင်အာရှပြိုင်ပွဲ မတိုင်ခင် ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ မေလက ခြေစမ်းခဲ့ တုန်း ကတော့ မြန်မာအသင်း ဟာ ဗီယက်နမ်အသင်းဟာ တဘက် ၂ ဂိုးစီ နဲ့ သရေကျထားပါတယ်။

ဒါပေမဲ့ အခု ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ မြန်မာအသင်းအနေနဲ့ ဗီယက်နမ်ကို အနိုင်ရပြီး ဖိုင်နယ်ကို တက်လိမ့်မယ်လို့ မြန်မာအသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောပါတယ်။ မြန်မာအသင်းအနေနဲ့ ဗီယက်နမ်ကို ဒီပွဲမှာ နိုင်မှာဖြစ်ပြီး ၊ ရာခိုင်နှုန်းအားဖြင့် ၆၀ - ၄၀ ဖြစ်တယ်လို့ ဦးသန်းတိုးအောင်က ပြောပါတယ်။

ဒါ့အပြင် မြန်မာအသင်းရဲ့ နည်းပြချုပ် ဦးကြည်လွင်ကလည်း ဗိုလ်လုပွဲရောက်ဖို့ အတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး ၊ ဗိုလ်လုပွဲရောက်မယ်လို့လည်း ယုံကြည်ကြောင်း မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောကြား သွားပါတယ်။ ဒါ့အပြင် မြန်မာယူ ၂၃ အသင်းအနေနဲ့ ဗိုလ်လုပွဲရောက်မယ်လို့ ယုံကြည်သလို၊ ဗိုလ်စွဲမယ်လို့ပါ ယုံကြည်ကြောင်း ဦးကြည်လွင်က ပြောပါတယ်။

ဆိုတော့ မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲကို တက်နိုင်ဖို့အတွက်ဆိုရင် ဗီယက်နမ် အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်း အနေနဲ့ ဗီယက်နမ်ကို အနိုင်ရဖို့အတွက် ဘာတွေလိုအပ်နေပါသလဲ။ ဒီပွဲအပေါ် အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့် သုံးသပ်တာက-

"မြန်မာအသင်း အနေနဲ့ အခု ကစားခဲ့ပြီးတဲ့ လေးပွဲလို တည်တည်ငြိမ်ငြိမ်နဲ့ ကစားရမယ်။ ကိုယ်က ဂိုးပေးလိုက်ရလို့ရှိရင်လည်း မပျာ ပဲနဲ့ ခြေပဂိုးရဖို့အတွက် တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစားမယ်ဆိုရင် ကျနော်တို့အသင်း ဗိုလ်လုပွဲ ကို ရောက်နိုင်တဲ့ ခြေစွမ်း မျိုးရှိတယ်လို့ ကျနော်က အဲ့လိုပဲ သုံးသပ်ချင်တယ်။

ဒီအုပ်စုကနေ ရှုံးထွက်အဆင့်ရောက်ပြီဆိုရင်တော့ ဒါ ဘောလုံးပြိုင်ပွဲ တပွဲမှာ ဘယ်အသင်းမှ ဖလား မရနိုင်ဘူးဆိုတာ ပြောလို့မရပါဘူး။ ဒီလိုမျိုး အဖြစ်အပျက်တွေက ဘောလုံးပွဲတွေမှာ များစွာ ဖြစ်ခဲ့ပြီးပြီလေ။ မြန်မာ U 23 အသင်း ဆိုရင် အုပ်စုကနေ ဗိုလ်လုပွဲအဆင့်တောင် ရောက်နေပြီဆိုတော့ ကစား စရာ နောက်ထပ် နှစ်ပွဲပဲ ကျန်တော့တယ်။ ဆိုတော့ အဲ့ဒီ့နှစ်ပွဲမှာပါ အကောင်းဆုံးခြေစွမ်းကို ပြပြီးတော့ နည်းပြတွေကလည်း တည်တည်ငြိမ်ငြိမ်နဲ့ အသင်းကို ကိုင်တွယ်မယ်။ ကစားသမားတွေကလည်း နှစ်ပေါင်း ၄၀ ကျော် ၅၀နီးပါး Sea Game ရွှေဆုကို ပြန်ရအောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန် ချပြီးတော့ ကြိုးစားပြီးတော့ ရေကုန်ရေခမ်းကစားမယ်ဆိုရင် ကျနော်တို့Sea Game ရွှေဆုကို ပထမဆုံးအကြိမ် ပြန်သယ်လာနိုင်မယ့်ပွဲ ဖြစ်လာနိုင်စရာ ရှိပါတယ်လို့ ကျနော်ကတော့ အဲ့လိုပြောလိုက်ချင်ပါတယ်။ "

မြန်မာ နဲ့ ဗီယက်နမ်ပွဲကို စင်ကာပူ စံတော်ချိန် နေ့လည် ၂ နာရီ၊ မြန်မာစံတော်ချိန် ၁၂း၃၀ မှာ ကစားကြမှာဖြစ်ပြီး အခုလို နေ့လည်ပိုင်းကစားတဲ့အတွက် ကစားရတာ ခက်မယ်လို့ ဦးကြည်လွင်က ပြောပါတယ်။ မြန်မာအသင်းဟာ အခုဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့အင်္ကျီအနီရောင်ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

ရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)

Original link - http://burmese.voanews.com/content/u-23-football-team-2015/2820315.html

Read More »