နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Monday, February 27, 2017

ခရီးသည် အချင်းချင်း မူးမေ့စေတဲ့ အရည်တိုက်ပြီး ရွှေထည်နဲ့ ငွေသား ခိုးယူ




မန္တလေး၊ ဖေဖော်ဝါရီ ၂၆ – နတ်မောက်မြို့ ကားဂိတ် ကနေ မန္တလေးမြို့ကို လာရောက်တဲ့ ခရီးသည်တင် ယာဉ်တစ်စီး ပေါ်မှာ ခရီးသည် သုံးဦးကို တခြား ခရီးသည် တစ်ဦးက မူးမေ့စေတဲ့ အရည်တိုက်ကာ ရွှေထည် ပစ္စည်း ခိုးယူ မှုဖြစ်ပွား ခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သိရပါ တယ်။

အခုလ ၂၂ ရက်က နတ်မောက်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားဟာ မြစ်ကြီးနားမှာ  အလုပ်လုပ်ဖို့သွားရာ တစ်မြို့နယ်တည်းနေတဲ့ အသက် ၁၆ နှစ်နဲ့ အသက် ၁၅ နှစ် အရွယ်အမျိုးသားတို့ကလည်း အလည်လိုက်ဖို့ နတ်မောက်မြို့ကားဂိတ်ကနေ မန္တလေးမြို့ကိုလာတဲ့ ခရီးသည်တင်ယာဉ်နဲ့ အတူလိုက်ပါ လာတာ ဖြစ်ပါတယ်။

အဲသည်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ တခြားခရီးသည်တစ်ဦးက နတ်မောက်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသားသုံးဦးထိုင်တဲ့ ခုံအနီးလာထိုင်ကာမိတ်ဖွဲ့စကားပြောပါတယ်။
မိတ္ထီလာမြို့ရှိ စားသောက်ဆိုင်မှာခရီးသည်တင်ယာဉ် ခေတ္တရပ်နားတဲ့ အချိန်မှာလည်း နတ်မောက်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသားသုံးဦးထိုင်တဲ့ စားပွဲမှာလာရောက်ထိုင်ပါတယ်။

ကားပြန်ထွက်တဲ့အချိန်မှာ နတ်မောက်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသားသုံးဦးရဲ့ဘေးမှာဝင်ထိုင်ပြီး သုံးဦးစလုံးကို လစ်ပိုတစ်ပုလင်းစီပေးပါတယ်။ အဲသည် လစ်ပိုပုလင်းကို နတ်မောက်မြို့မှာ နေထိုင် တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားက မသောက်တာကြောင့် သူ့ရဲ့အိတ်ထဲက ငှက်ပျောသီးနှစ် လုံးထဲက တစ်လုံးကိုအခွံနွှာကာ ထပ်ကျွေးတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အမျိုးသားက သူကျွေးတဲ့ငှက်ပျောသီးကိုစားမိပြီး အိပ်ပျော်သွားရာမှာ အဆိုပါ အမျိုးသားဝတ်ဆင်ထားတဲ့ ရွှေလက်စွပ်၊ ဟန်းချိန်း၊ ဆွဲကြိုး၊ ငွေသားကျပ် ၄၅ သိန်း၊ လက်ကိုင်ဖုန်းနှစ်လုံးစုစုပေါင်းငွေကျပ် ၉၅ သိန်းကျော်ဖိုး ခိုးယူသွားခဲ့တာဖြစ်ပါတယ်။

မူးမေ့စေပြီးနောက် ရွှေထည်နဲ့ငွေသားတွေ ခိုးယူသွားတယ်ဆိုသူဟာ အသက် ၄၅ နှစ်အရွယ်ခန့်ရှိ ပြီး ဗိုက်ရွှဲ၊ နှာခေါင်းချွန်၊ နှာခေါင်းပေါ်မှာ ဘုပါရှိကာ ယာဘက် လက်ဖျံမှာ ဆေးမင်ကြောင်ပါရှိတယ်လို့ သိရပါတယ်။

From : ကုမုဒြာဂျာနယ် by နန်းဟေမာထွေး

Originally published at - http://www.kumudranews.com


Read More »

လာမယ့်နွေရာသီ ရန်ကုန်အတွက် လျှပ်စစ်မီး အပြည့်ရနိုင်မှာ မဟုတ်ဟု ဆို




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ – ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပျက်တောက်မှု လျော့ကျရန် အတွက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဝါယာကြိုး ရှုပ်ထွေးမှု ပြင် ဆင်ရာမှ ပြည်သူရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားနည်း တာကြောင့် လာမယ့်နွေမှာ လျှပ်စစ်မီး အပြည့်အဝ ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဒါရိုက်တာ အဖွဲ့ဝင် ဦးအောင်ကျော်ဦးက ‘အဟောင်းတွေကို ပြင်မယ်ဆိုရင် ပြည်သူလူထုကပါဝင်ရမယ်ဆိုတော့ တချို့နေရာတွေမှာ မလုပ်နိုင်တာတွေရှိပါတယ်၊ ပူးပေါင်းပါဝင် လုပ်ကိုင်မယ်ဆိုရင်ဌာနက ဝန်ထမ်းတွေနဲ့ဆောင် ရွက်ပေးတာတော့ ရှိပါတယ်လို့ ပြောပါတယ်။

စီမံချက်ထဲမှာပါဝင်တဲ့ မြို့နယ်တွေကိုတော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အကုန်ကျခံပြီး ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ ရှုပ်ထွေးဆားဗစ်ဝါယာကြိုးပေါင်း ၁၀,၁၁၈ ရှိပြီး ၃၃၀၁ ဝါယာကြိုးများကို ဆောင်ရွက်ပြီးစီးပြီး ၆၈၁၇ ဝါယာကြိုးပေါင်း ပြင်ဆင်ရန် ကျန်ရှိနေ
သေးတယ်လို့သိရပါတယ်။

အဲသည်လို ပြုပြင်ရာမှာ ဓာတ်အားမနိုင်တဲ့ဓာတ်အားလိုင်းတွေကို ဓာတ်အားလိုင်းကြိုးအကြီးဖြင့် လဲလှယ်တာ၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး အတွက်အရည်အသွေးကျဆင်းနေတဲ့ ဓာတ်အားလိုင်း ကြွေသီးတွေ လဲလှယ်တာ၊ သစ်သားလက်တန်းတွေ သံလက်တန်းလဲလှယ်တာ၊ ဆွေးမြေ့သစ်သားတိုင်တွေကို ကွန်ကရစ်တိုင်တွေနဲ့အစားထိုးလဲ လှယ်ပါတယ်။

အဲသည့်နည်းကို ဖြေရှင်းနိုင်ဖို့နောက်ထပ်ဆောက်လုပ်မယ့် ကန်ထရိုက်တိုက်ဆောက်လုပ် သူတွေဟာ လူအများသုံးစွဲနတဲ့ ဓာတ်တိုင်မှ သွယ်တန်း ချိတ်ယူခွင့် မပြုတော့ဘဲ ထရန်စဖော်မာမှ ဓာတ်အားကို တိုက်ရိုက်ယူပြီး အသုံးပြု ရမှာဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲသည်လို ကန်ထရိုက်တိုက်တွေက အခန်းမြောက်မြားစွာနဲ့ ဆောက်လုပ်ရာမှာ တစ်ခန်းကို ဆားဗစ်ကြိုးတစ်ချောင်းဆီယူပြီး သုံးစွဲတာဖြစ်တာကြောင့် ဝါယာကြိုးတွေရှုပ်ထွေးပြီး လျှပ်စစ်မနိုင်တဲ့ ပြဿနာတွေဖြစ်ပေါ်မှုရှိနေ တာကြောင့် အခုလိုပြောင်းလဲတပ်ဆင်ရတာဖြစ် တယ်လို့သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးအပြည့်အဝရရှိရန်အတွက် လျှပ်စစ်ကဏ္ဍကို ပုဂ္ဂလိကပူးပေါင်း ပါဝင်လာနိုင်ဖို့အတွက် လာမယ့် မတ်လ ၃ ရက်နေ့မှာ ပုဂ္ဂလိက လုပ်ငန်းရှင်များဆွေးနွေး ညှိနှိုင်းဖို့အတွက် စီစဉ်ဆောင်ရွက်ထား တယ်လို့သိရပါတယ်။

From : ကုမုဒြာဂျာနယ် by မိုးမိုး

Originally published at - http://www.kumudranews.com


Read More »

တရုတ် ကြက်ဥတွေ နယ်စပ်က ဝင်နေလို့ သတိပြုပါ




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ – သည်ရက်ပိုင်း အတွင်း တရုတ်ပြည်မှာ ကြက်ငှက် တုပ်ကွေး ရောဂါ ဗိုင်းရပ်စ်ပိုး (H7N9) ဖြစ်ပွားနေတဲ့ ကာလမှာ တရုတ် ကြက်ဥတွေ ဝင်ရောက်နေတဲ့ အတွက် ပြည်တွင်း ကြက်ဥ ရောင်းဝယ်ရေး လုပ်တဲ့ သူတွေ ရောင်းအား ကျဆင်းနေ ပါတယ်။

မန္တလေးမြို့က ကြက်ဥရာင်းဝယ်ရေး လုပ်ကိုင်သူ ကိုချမ်းမင်းနိုင်က တရုတ်ကြက်ဥ ဝင်လာတာထက် တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ကြက်ငှက်တုပ်ကွေးကြောင့်လဲ ပါတာပေါ့၊ ဈေးကွက်မှာ တရုတ်ကြက်ဥတွေက ပျံ့နေတော့ စားသုံးသူတွေအနေနဲ့ ကလဲ ရှောင်လာကြတာလဲပါတယ်၊ ဆုံသွားတာပေါ့၊ ပြီးတော့ တကယ်ကြက်ဥ လုပ်ငန်းလုပ်နေတဲ့သူတွေမှ မြန်မာကြက်ဥနဲ့ တရုတ်ကြက်ဥကိုခွဲတတ်တာ၊ စားသုံးသူတွေအနေနဲ့ အလွယ်တကူသိဖို့ ခက်တယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာ ယခုလက်ရှိဝင်ရောက်လျက်ရှိတဲ့ တရုတ်ကြက်ဥတွေကတော့ တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှသာ မြန်မာနိုင်ငံဘက်ကို အများဆုံး တင်ပို့လာတာဖြစ်တယ်လို့ ကြက်ဥရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင် သူတွေထံက သိရပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၂၀ ရက်အတွင်းမှာ ကြက်ငှက်တုပ် ကွေးရောဂါဖြစ်ပွားမှုကြောင့် လူဦးရေ ၈၈ ဦးသေဆုံးခဲ့ပြီး ကြက်မွေးမြူရေးလုပ် ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း စိုးရိမ်မှုတွေဖြစ်ပေါ်လျက်ရှိတယ်လို့ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနရဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ကလည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်ပြီး တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတွေရှိ check point တွေမှာ ကြက်၊ ဘဲနဲ့ ကြက်ထွက်ပစ္စည်း တွေတင်သွင်းတာတွေကို စစ်ဆေးခြင်း၊ နယ်စပ်ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ မူဆယ်ဘက်တွေကိုလည်း ရောဂါစူးစမ်း လေ့လာခြင်းတွေ ပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။

‘နှစ်တိုင်းကလဲ တရုတ်ကြက်ဥတွေဝင်တယ်လို့ ကြားတာပဲ၊ ဒါပေမဲ့ ဒီနှစ်လောက် ဈေးကွက်ကိုမပျံ့ဘူး၊ မများဘူး၊ ဒီနှစ်ကျ ဟိုဘက်မှာကြက်ငှက်တုပ်ကွေးတွေ အဖြစ်များလို့ ဒီဘက်ကို အောက်ဈေးနဲ့ ပို့တာလို့တော့ထင်တာပဲ၊ ဈေးလဲချိုတယ်၊ ဒါကြောင့်ရောင်းအားပါလာထိတာလို့ ကိုချမ်းမင်းနိုင်က ပြောပါတယ်။

တရုတ်ကြက်ဥတွေ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာတာဟာ ဖေဖော်ဝါရီလ လယ်ပိုင်းလောက်ကဖြစ်ပြီး ကြက်ဥဈေးကွက်အေးလာတာကတော့ဖေဖော်ဝါရီလ ၁၈ လောက်ကဖြစ်တယ်လို့ ကြက်ဥရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါ တယ်။

ဒါပေမဲ့ တရုတ်ဘက်ကနေဝင်လာတဲ့ ကြက်ဥတွေဟာ မူဆယ်ဘက်ကနေ မန္တလေးဘက်ကို တိုက်ရိုက်ဝင်နေတာဖြစ်ပြီး တခြားကြက်ဥထွက်ရှိရာ တောင်ကြီးမြို့နဲ့ ပြင်ဦးလွင်မြို့တွေမှာတော့ လက်ရှိအချိန်အထိဝင်ရောက်ခြင်းမရှိ သေးဘူးလို့သိရပါတယ်။

ပြင်ဦးလွင်မြို့မှ ကြက်ဥရောင်းဝယ်ရေးလုပ်ကိုင်သူ မမြငြိမ်းစိုးက အစ်မတို့ဆီမှာ တော့ဝင်လာတာမရှိသေးဘူး၊ နောက်ပြီး ဒီမှာက ခြံထွက်တွေများတယ်၊ ဒါပေမဲ့ မန္တလေးမှာ တရုတ်ကြက်ဥတွေ ဝင်လာတဲ့အတွက်တော့ အစ်မတို့လက်ကားဖြန့်တဲ့ သူတွေအနေနဲ့ မန္တလေးဈေးကွက်ဖြန့်ရတာတော့ အေးလာတာအမှန်ပဲ၊ လျှော့မှာ လာကြတာပေါ့လို့ ပြောပါတယ်။

ပုံမှန်အားဖြင့် ပြည်တွင်းကြက်ဥဈေးကွက်ဟာ သည်ကာလမှာဆိုရင် နွေရာသီအဝင် ကြက်သေများတဲ့အချိန်ဖြစ်တဲ့အတွက် ဈေးကောင်းရတဲ့အချိန်ဖြစ်တယ်လို့သိရပါ တယ်။

အခုအချိန်မှာတော့ တရုတ် ကြက်ဥတွေအဝင်များလာ တဲ့အတွက် ကြက်ဥ တစ်ပိဿာကို ကျပ် ၂၅၅၀ ကနေကျပ် ၂၁၅၀ သာရှိတော့တယ်လို့သိရပါတယ်။

‘အရင်က ဒီကာလမှာ တစ်ပိဿာကို ၃၀ဝ၀ ဝန်းကျင်ရှိတယ်၊ ခုတော့ရောင်းအားလဲ ကျသလို ဈေးတွေလဲကျတယ်လို့ ကိုချမ်းမင်းနိုင်က ပြောပါတယ်။

လက်ရှိ တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး(H7N9) ဖြစ်ပွားနေချိန်မှာ ပြည်တွင်းကိုတရုတ်ကြက်ဥတွေ အလုံးအရင်းနဲ့ ၀င်ရောက်နေတာကြောင့် စတင်ဖမ်းဆီး စစ်ဆေးနေပြီလို့ သိရပါတယ်။

Author – မာရီခိုင်

From : ကုမုဒြာဂျာနယ် by နှင်းနှင်း

Originally published at - http://www.kumudranews.com


Read More »

ကလေးတစ်ဦး သံပိုက်ခေါင်းထဲ ၀င်ကစားရင်း ပြန်ထွက်မရလို့ မီးသတ်က သွားရောက် ကယ်ထုတ်ရ




ရန်ကုန်။ ဖေဖော်ဝါရီ ၂၇ –

မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူ မြို့နယ်၊ ကုက္ကိုလှ ကျေးရွာ အုပ်စုက အသက်ငါးနှစ် အရွယ် ကလေး တစ်ယောက်ဟာ ရေသွယ်တန်းတဲ့ သံပိုက်ခေါင်း ထဲမှာ ၀င်ကစားရင်း ပြန်ထွက်လို့ မရတာကြောင့် ပခုက္ကူ မြို့နယ် မီးသတ်ဌာနမှ သွားရောက် ကယ်ထုတ် ခဲ့ရတယ်လို့ သိရ ပါတယ်။

” ကလေးကပိုက်ခေါင်းထဲဝင်ပြီး ဆော့ကစားတာ အဲ့သည်အချိန်မှာ ခြေထောက်နှစ်ဖက်က ကွေးနေပြီးတော့ ထွက်လို့မရတော့ဘူးဖြစ်သွားတာပါ “လို့ ပခုက္ကူမြို့နယ်မီးသတ်ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ကပြောပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဖေဖော်ဝါရီလ ၂၆ရက်နေ့ မနက်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။



ကလေးငယ်နှစ်ဦးဟာ ပခုက္ကူမြို့နယ် ရေအရင်းအမြစ်ဦးစီးဌာန ရှင်းလင်းရေးဆောင်အနီးမှာရှိတဲ့ ရေသံပိုက်ထဲကို ၀င်ကစားခဲ့တာဖြစ်ပါတယ်။

ကလေးငယ်နှစ်ဦးမှာတစ်ဦးက ယောက်ကျားလေးဖြစ်ကာ ပိတ်မိခဲ့တာကတော့ မိန်းကလေးဖြစ်ပြီးနှစ်ဦးစလုံးဟာအသက် ငါးနှစ်အရွယ်ရှိပြီလို့သိရပါတယ်။

ကလေးငယ်ပိတ်မိခဲ့တဲ့ ရေသံပိုက်ခေါင်းက အချင်း(၁)ပေရှိပြီး အထူ (၁)လက်မရှိတယ်လို့လည်းသိရပါတယ်။

ပိတ်မိခဲ့တဲ့ကလေးဟာ ထိခိုက်ဒဏ်ရာအနည်းငယ်ရပြီး ခြေထောက်နှစ်ဖက်လုံးနာကျင်နေတာကြောင့် ပခုက္ကူပြည်သူဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။

From : ကုမုဒြာဂျာနယ် by နှင်းနှင်း

Originally published at - http://www.kumudranews.com


Read More »

တောင်ကြီး-မိတ္ထီလာ လမ်းမပေါ်တွင် တန်ဖိုး သိန်းပေါင်း ၆ သောင်းကျော် မူးယစ် ဆေးဝါး ဖမ်းမိ




တောင်ကြီး-မိတ္ထီလာ လမ်းမပေါ်၊ ဟဲဟိုးမြို့ အရှေ့တောင်ဘက် ၄ မိုင် အကွာ ဝေသန္တရာ တံတား အနီးမှာ ဖေဖော်ဝါရီ ၂၆ ရက်က မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား သိန်း ၆၀ နဲ့ ၅ သောင်းပြား၊ ကာလတန်ဖိုး သိန်းပေါင်း ၆ သောင်းကျော် ဖမ်းဆီး ရမိခဲ့ ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၅ နာရီအချိန်မှာ တောင်ကြီးမူးယစ်တပ်ဖွဲ့နဲ့ ဟဲဟိုးနယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေရာမှာ ယာဉ်မောင်း ကျော်ထွေးလှိုင်
မောင်းနှင်လာတဲ့ CANTER ကားအဖြူရောင်နဲ့ တင်လာတဲ့ WY စိတ်ကြွဆေးပြားတွေကို ဖမ်းဆီး ရမိတာ ဖြစ်ပါတယ်။

“မူးယစ်တပ်ဖွဲ့ တောင်ကြီးနဲ့ ဟဲဟိုးနယ်မြေခံ ရဲတပ်ဖွဲ့တို့က ပိတ်ဆို့ရှာဖွေတာ မနက် ၅ နာရီ အချိန်မှာ ယာဉ်မောင်း ကျော်ထွေးလှိုင် မောင်းနှင်လာတဲ့ ကားအဖြူရောင်၊
ဘေးက လိုက်ပါလာသူ စိုင်းသူရအောင်တို့ကို ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိတာ ဖြစ်တယ်။ အခု ဖမ်းမိသူကို စစ်ဆေးနေဆဲ ဖြစ်တယ်။ အမှုမဖွင့်ရသေးဘူး။ အမှုကြီးနဲ့ ဖွင့်သွားမှာ ဖြစ်တယ်”လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးထွန်းဝင်းက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူဟာ စိုင်းသူရအောင် တောင်ကြီးမှာ နေထိုင်တာဖြစ်ပြီး၊ ယာဉ်မောင်းကျော်ထွေးလှိုင်က တောင်ကြီးမြို့နယ် အေး သာယာမှာ နေထိုင်ကြောင်း သိရပါတယ်။

သတင်း – ခွန်ရာဇာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191728

Read More »

ကျပ် ၅၀၀ တန်ထီ အက္ခရာ အလုံး ၃၀ ဖြင့်ရောင်းချဖွင့်လှစ်မည်




ပထမ အကြိမ် ကျပ် ၅၀၀ တန် ထီလက်မှတ် များကို မတ်လ ၁ ရက်က စလို့ ရောင်းချ ပေးသွားမှာ ဖြစ်ပြီး ‘က’ အက္ခရာ ကနေ ‘သ’ အက္ခရာထိ အက္ခရာ အလုံး ၃၀ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ‘ကက’ အက္ခရာ နဲ့လည်း အရန်ထီ အဖြစ် ရောင်းချ ပေးမှာဖြစ်ပြီး အမြင့်ဆုံးထီဆု ကျပ်သိန်း ၁၀၀၀၀၊ ကျပ်သိန်း ၅၀၀၀ နဲ့ ကျပ်သိန်း ၁၀၀၀ ဆုများ ပါဝင်ပြီး အနိမ့်ဆုံးဆုက ကျပ် ၅၀၀၀၀ ဖြစ်တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။

အခု စတင်ဖွင့်လှစ်မယ့် ၅၀၀ တန်ထီကို ဧပြီ ၁ ရက်မှာ ဆုဖွင့်ပေးမှာ ဖြစ်ပါတယ်။

ဖွင့်လက်စ ကျပ် ၂၀၀ တန် ထီကိုလည်း ဆက်လက်ရောင်းချပေးမှာဖြစ်ပြီး ‘က’ အက္ခရာကနေ ‘ဂ’ အက္ခရာအထိသာ ဖွင့်လှစ်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

၁၉၃၈ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ရောင်းချခဲ့တဲ့ အောင်ဘာလေထီကနေ အစိုးရက အခွန် ၃၁ ရာခိုင်နှုန်းပဲ ရတယ်လို့ မကြာသေးခင်က လုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း ဘဏ္ဍာအခွန်ဌာနက ရှင်းလင်းပြောကြားခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191726

Read More »

ဦးကိုနီကို ရဲဘော်ရဲဘက် တစ်ယောက် အနေနဲ့ရော ဥပဒေ ပညာရှင် အနေနဲ့ရော လေးစားတယ်




ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မြို့တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပပြု လုပ်တဲ့ ဦးကိုနီနဲ့ ဦးနေ၀င်းတို့ အတွက် အောက်မေ့ဖွယ် အခန်း အနားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် ခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီကို တန်ဖိုးထားလေးစားရကြောင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့က ဦးကိုနီကို ရဲဘော်ရဲဘက်တစ်ယောက်အနေနဲ့ရော၊ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ရော၊ ဥပဒေပညာရှင် တစ်ယောက်အနေနဲ့ရော ကျွန်မ အင်မတန်မှ လေးစားတယ်။ အင်မတန်မှ တန်ဖိုးထားတယ်။ ဒီလိုပုဂ္ဂိုလ်တွေများများရှိမှ ကျွန်မတို့ နိုင်ငံမှာ ကိုယ်လုပ်ချင်တဲ့ကိစ္စကို တရားဥပဒေဘောင်အတွင်းက လုပ်တယ်ဆိုတဲ့ အစဉ်အလာဟာ ခိုင်မြဲသွားမှာဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အငှားယာဉ်မောင်းဦးနေ၀င်းဟာလည်း တာဝန်သိတတ်မှုဆိုတဲ့ စိတ်ဓာတ်ကို အရင်းတည်ကာ လုပ်ဆောင်မှုဖြစ်ခြင်းကြောင့် ဂုဏ်ယူ တန်ဖိုးထား လေးစား ရပါကြောင်းလည်း ပြောကြားပါတယ်။

“ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်မတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရဲတဲ့အချိန်မှာ၊ မလုပ်သင့် မလုပ်ထိုက်တာကို ကြောက်လို့ မလွန်ဆန် ရဲတဲ့အချိန်မှာ၊ ဒီလိုကျွန်မတို့ရဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေထဲက အာဇာနည်သူရဲကောင်းများ၊ ကျွန်မတို့ရဲ့ အဖွဲ့သားကောင်းများ၊ နိုင်ငံတော်ရဲ့ သားကောင်များ ရှိခဲ့တယ် ဆိုတဲ့ အသိကို အမြဲအောက်မေ့ပြီး အင်အားဖြစ်ကြပါလိျုွ့န်မဆန္ဒပြုပါတယ်”လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးကိုနီ၊ ဦးနေ၀င်းတို့ရဲ့ မိသားစုဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ပြည်သူများစွာ တက်ရောက်ခဲ့ကြပါတယ်။

Source: News Watch
Photos & Video : 7Day Daily, China Xinhua News

From : Duwun by Y

Originally published at - http://www.duwun.com.mm/news/local/-id6284478.html


Read More »

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး လက်ရှိ အစိုးရအား စောင့်ကြည့် သွားမည်ဟု ဆို




ဖေဖော်ဝါရီ ၂၆

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် တောင်းဆိုရန် လက်ရှိ အစိုးရအား အချိန် အတိုင်း အတာ တစ်ခု အထိ စောင့်ကြည့် သွားမည်ဟု ဆိုခဲ့ပြီး မလိုက်လျော ပါက ကျောင်းသားများ အနေဖြင့် ရွေးချယ် စရာ မရှိဟု ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ဦးမှ ကိုမိုးထက်နေက ပြောသည်။

"ကျွန်တော်တို့ ဒါကို ပညာရေးမူအရ စွဲကိုင် ထားတုန်းပဲ jဖစ်တယ်။ အစိုးရကို အချိန်တစ်ခုထိ စောင့်ကြည့်ရဦးမယ် လို့ မြင်တယ်။ဘယ်အချိန်မှာ လုပ်မလဲ။ ဘယ်လို ပုံစံ လုပ်မလဲပေါ့။ အဲဒါတွေကို နောင်တစ်ချိန်မှာ မလိုက်လျော ဘူး။ ဆန့်ကျင်ဘက်အနေအထားကို သွားနေတယ်ဆိုရင်တော့ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိပါဘူး”ဟု ကိုမိုးထက်နေက ပြောသည်။

ဆက်လက်၍ “စာရွက်တွေပေါ်က တောင်းကြည့်တယ် မရဘူးဆိုရင် လမ်းမပေါ်ထွက်ပြီး တောင်းရတာပါပဲ။ ဒါ နောက်ဆုံး အခြေအနေကို ပြောတာပါ" ဟု ၎င်းက ပြောသည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန် ကျောင်းသားများက ပြင်ဆင်ရေး ၁၁ ချက်တောင်းဆိုခဲ့ပြီး ပညာရေးမူဝါဒတွင် ကျောင်းသား၊ ကျောင်သူကိုယ်စားလှယ်များ ပါဝင်ရေး၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်၊ စာမေးပွဲစနစ်များပြင်ဆင်ရေးအပါအ၀င် အခမဲ့မသင်မနေရပညာရေးစနစ်အား မူလတန်းသာမက အလယ်တန်းအထိတိုးမြှင့်ပေးရေး အစရှိသော အချက် ၁၁ ချက်အား ယခင်အစိုးရလက်ထက်ကတည်းက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အချက်များမှာ ယခု အစိုးရလက်ထက်အထိ ပြည့်စုံမှုမရှိသေးကြောင်းနှင့် ဗကသအနေဖြင့် အဆိုပါအချက်များအား စွဲကိုင်ထားဆဲဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေး တပ်ဦးမှ ကိုမိုးထက်နေက ပြောခဲ့သည်။

“ လက်ရှိအစိုးရဟာ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတယ်လို့ အားလုံးက နားလည်ထားကြတယ်။ နောက်တစ်ခါ သူတို့မှာလည်း တစ်ခြား အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့ရှိသေးတယ်လို့ နားလည်ထားကြတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေက ဒီအချက်တွေကို စွဲကိုင်ထားတုန်းဆိုပေမယ့် တရားဝင်တောင်းဆိုဖို့ကြတော့ နိုင်ငံရေးအရရော၊ တစ်ခြားအချက်တွေအရရော စဉ်းစားစရာတွေ ရှိနေသေးတယ်လို့ ကျွန်တော်မြင်တယ် " ဟု ကိုမိုးထက်နေက မဇ္ဈိမသို့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောသည်။

ရန်ကုန်မြို့၊ ဖေဖော်ဝါရီလ ၂၅ရက်နေ့ ကျင်းပခဲ့သည့် "ပျိုမြစ်သူတို့ နိုင်ငံတော်" ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် လူငယ်နိုင်ငံရေးဆွေးနွေးပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းပညာရေးပြောင်းလဲရေး ကိုယ်စားလှယ်တစ်ဦးဖြစ်သူကိုရဲဝင်းက အဆိုပါ ပြင်ဆင်ရေး ၁၁ ချက်ကို ထောက်ခံပြီး အစိုးရက အကောင်အထည်ဖော်နေသည့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းတွေ မှာလည်း ဒီအချက်တွေ ပါဝင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

From : မဇ္ဈိမ မီဒီယာ by ဒေါင်းလူ

Originally published at - http://mizzimaburmese.com/article/23985


Read More »

မိသားစုအနေနဲ့ ကျေနပ်မှု ရှိမရှိပြောဖို့ အချိန်မတန်သေးဘူးလို့ ဦးကိုနီရဲ့ သမီး ဒေါက်တာ ယဉ်နွယ်ခိုင် ပြောကြား




ဦးကိုနီကို လုပ်ကြံ သတ်ဖြတ် သူတွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်း ချက်တွေ အပေါ်မှာ မိသားစု အနေနဲ့  ကျေနပ်မှု ရှိမရှိပြောဖို့ အချိန် မတန်သေး ဘူးလို့  ဦီးကိုနီရဲ့ သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်က ပြောကြား လိုက်ပါတယ်။

တရားလွတ်တော်ရှေ့ နေ ဦးကိုနီနဲ့ တက္ကစီ ယာဉ်မောင်း ဦးနေ၀င်းတို့ ကွယ်လွန်ခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်း အနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့ (ဖေဖော်ဝါရီ ၂၆ )မှာကျင်းပ ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားမှာ ဒေါက်တာယဉ်နွယ်ခိုင်က ဖခင်လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဆဲဖြစ်နေတာကြောင့် မိသားစုအနေနဲ့  ကျေနပ်မှုရှိမရှိကို ပြောဖို့ အချိန်မတန် သေးဘူးလို့ပြောထားကြာင်း Kumudra ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အားလုံးအပြီးသတ်ရုံးတင်ပြီးမှ မိသားစုရဲ့  သဘောထားကို ပြောမှာဖြစ်ပြီး အခုတော့ ပြောဖို့အချိန်မတန်သေးဘူးလို့ ဒေါက်တာယဉ်နွယ်ခိုင်က ပြောထားပါတယ်။

ဖေဖော်ဝါရီလ၂၅ ရက်နေ့ မှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဦးကိုနီလုပ်ကြံခံခဲ့ရတာဟာ အစွန်းရောက် မျိုးချစ်စိတ်ကြောင့်သာဖြစ်တယ်လို့  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင်တို့ ဟာ “လူမှုကွန်ရက်မှာ တွေ့ရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင်ချက်တွေအပေါ် လူငယ်သဘာဝအရ၊ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့” ရာက လုပ်ကြံဖို့ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့  ရဲချုပ်ဇော်ဝင်းက ပြောဆိုထားပါတယ်။

Photos & Source: Kumudra, ချမ်းသာ, စစ်ထက်အောင်

From : Duwun by Y

Originally published at - http://www.duwun.com.mm/news/local/-id6284405.html

Read More »

မလေးရှားမှ လှူဒါန်းသော အကူအညီများ မောင်တောတွင် ပေးဝေ




ဖေဖော်ဝါရီ ၂၆

ရခိုင် ပြည်နယ် မောင်တော မြို့နယ် အတွင်းရှိ ကျေးရွာ များသို့ မလေးရှား နိုင်ငံမှ ပေးပို့ လှူဒါန်းသော စားသောက်ကုန်၊ ရေနှင့် အသုံး အဆောင် ပစ္စည်း များအား
ကျေးရွာများ အရောက် ပေးဝေ ခဲ့ကြောင်း ပြန်ကြားရေးမှ သတင်း ထုတ်ပြန်သည်။

မောင်တော ဒေသရှိ ကျီးကန်းပြင်၊ ဝါးပိတ်၊ မောင်နှမ၊ စံပြ ဖားဝပ်ချောင်း၊ ငန်းချောင်း၊ လောင်းဒုံး ကျေးရွာများ အရောက် အဆိုပါ ကျေးရွာ များတွင် နေထိုင်သူ များအား ဖေဖော်ဝါရီလ ၂၅ ရက်က ပေးပို့ ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ပေးဝေမှုကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် စီမံခန့်ခွဲမှု ကော်မတီများမှ တာဝန်ရှိသူများ၊ UN ၊ UNHCR မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

မလေးရှားနိုင်ငံမှ မလေးရှားနိုင်ငံမှ ပေးပို့လှူဒါန်းသောပစ္စည်းများမှာ မောင်တောခရိုင် စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ်များအတွက် ဆန်အိတ် ၆ဝဝဝ၊ ခေါက်ဆွဲဖာ ၁၈၄၆၊ ရေသန့်ဖာ ၉၇၅၊ သွားတိုက်ဆေးဖာ ၁ဝဝ၊ သွားတိုက်တံ ၃၆ ဖာ၊ မျက်နှာသုတ်ပဝါ ၉၄ ဖာ၊ ပရုတ်ဆီ ၃၅ ဖာ၊ ဆပ်ပြာမှုန့် ၅၆၂ ဖာ၊ ဆပ်ပြာခဲ ၂၂ ဖာ၊ ဘီး ၈ ဖာ၊ အမျိုးသမီးသုံးပစ္စည်း ၁၃၉ ဖာ၊ မုတ်ဆိတ်ရိတ်ဓား ဖာ ၅ဝ၊ လက်သည်းညှပ် ၉ ဖာ၊ ဖိနပ်ထုပ် ၅ဝ ဖြစ်သည်။

From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/23984

Read More »

မြန်မာ - ထိုင်း အပြန်လှန် ဗီဇာရက်ပေါင်း ၉ဝ ရရှိရန် ဆောင်ရွက်မည်




ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာ - ထိုင်း အပြန် အလှန် ဗီဇာ ရရှိရေးကို ထိုင်းနိုင်ငံ အစိုးရက ကမ်းလှမ်း ထားပြီး ဖြစ်သောကြောင့် ယင်းကဲ့သို့ နှစ်နိုင်ငံ အပြန် အလှန် ဗီဇာ ရက်ပေါင်း ၉ဝ ရရှိရန် နိုင်ငံတော် အဆင့်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း မှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး လာစေရေး ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်း အာဏာပိုင် အဖွဲ့နှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း လုပ်ဆောင်သွားရန် စီစဉ်ခြင်းများလည်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

From : Xinhua-Myanmar

Originally published at - http://xinhuamyanmar.com

Read More »

အောက်မေ့ဖွယ် အခမ်းနား လုပ်ခြင်းမှာ ဂုဏ်ပြုခြင်းနှင့် ကျေးဇူးတင်ခြင်း အဓိကဖြစ်ကြောင်း ဒေါ်စု ပြော




ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၂၉ ရက်နေ့ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်ပ ဆိုက်ရောက် ဂိတ်ဝ အပြင်ဘက်၌ သေနတ် သမား တစ်ဦး၏ ပစ်ခတ်မှုဖြင့် ကွယ်လွန် ခဲ့ရသော တရား လွှတ်တော် ရှေ့နေ ဦးကိုနီ နှင့် သေနတ် သမားအား ဖမ်းဆီးရင်း ကွယ်လွန် ခဲ့ရသည့် အငှား ယာဉ်မောင် ဦးနေဝင်းတို့ နှစ်ဦး အတွက် အောက်မေ့ဖွယ် အခမ်း အနား လုပ်ရခြင်းမှာ ဂုဏ်ပြုခြင်းနှင့် ကျေးဇူး တင်ခြင်း အဓိကဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အခမ်းနားတွင် ပြောကြား ခဲ့သည်။



ဒေါ်အောင်ဆန်းစုကြည်က “ပထမဦးဆုံး သတိထားမိတာက တော့ ဦးကိုနီရဲ့ အတန်းပညာ အရည်အချင်းနဲ့ ဦးနေဝင်းရဲ့ အတန်းပညာ အရည်အချင်း ကွာပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ် ကြတော့ မကွာဘူး ဆိုတာ မြင်ရပါတယ်။ ဦးကိုနီ ကိုးကွယ်တဲ့ ဘာသာနဲ့ ဦးနေဝင်း ကိုးကွယ်တဲ့ ဘာသာ ကွာပါတယ်။ သို့သော်ငြားလည်း စိတ်ဓာတ်အရ မကွာဘူးဆိုတာ တွေ့ခဲ့ရပါတယ်။ ဦးကိုနီ လုပ်နေတဲ့ အလုပ်နဲ့ ဦးနေဝင်းလုပ်နေတဲ့ အလုပ် လည်းကွာပါတယ်။ သို့သော်ငြားလည်း စိတ်ဓာတ်အရ မကွာ ပါဘူး။ နောက်ဆုံးကြတော့ ရဲဘော်ရဲဘက် ဆိုတဲ့ ခေါ်ရတဲ့ အကြောင်းအရင်းဟာတူညီတဲ့ စိတ်ဓာတ်တွေနဲ့ တူညီတဲ့ ယုံကြည်မှုတွေ ရှိလို့ ဖြစ်ပါတယ်’’ ဟုပြောသည်။

တရားလွှတ်တော်ရှေ့နေဦးကိုနီသည် ဥပဒေ ပညာရှင်တစ်ယောက် ဖြစ်ပြီး ဦးကိုနီ၏ အဓိက စိတ်ဝင်စားမှုသည် ဥပဒေဖြစ်ကြောင်း၊ အထူးပြုပြီးစိတ်ဝင်စားမှုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကပဲ “နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။ နိုင်ငံရေးစနစ်တစ်ခုရဲ့ ကျောရိုးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပဲ။ ဒါကို ဦးကိုနီက လုံးဝဥဿုံ သဘောပေါက်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဦးကိုနီ အထူးစိတ်ဝင်စားတဲ့ ပညာရပ်ပဲ ဖြစ်တယ်။’’ ဟုပြောကြားခဲ့သည်။

From : Xinhua-Myanmar

Originally published at - http://xinhuamyanmar.com

Read More »

Sunday, February 26, 2017

ဒဂုံမြို့သစ် မြောက်ပိုင်းမှာ YBS ဘတ်စ်ကား တစ်စီး မီးလောင်မှုဖြစ်




ဒီနေ့ မွန်းလွဲ ၃ နာရီလောက်က (ဖေဖော်ဝါရီလ ၂၆ ရက်) ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် မြို့နယ် မြောက်ပိုင်း ၄၆ လမ်းဆုံ နားမှာ အမှတ် ၁၂ YBS ဘတ်စ်ကား တစ်စီး မီးလောင်မှု ဖြစ်ပွား ခဲ့တယ်လို့ သိရ ပါတယ်။

မီးလောင်မှု အကြောင်း အရင်းကို မသိရသေး ပေမယ့် မီးလောင်မှု ဖြစ်စဉ်ကြောင့် ဘတ်စ်ကား တစ်စီးလုံး မီးလောင်ကြွမ်း ခဲ့ပြီး နယ်မြေခံ မီးသတ် တပ်ဖွဲ့ဝင်တွေက သွားရောက် ငြိမ်းသတ် ခဲ့လို့ ညနေ လေးနာရီမှာ မီးကို ငြိမ်းသတ်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၇ ရက်နေ့ကလည်း ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းမပေါ်မှာ အမှတ် ၃၆ ယာဉ်လိုင်းက YBS တစ်စီးမီးလောင်ကြွမ်းမှု ဖြစ်ခဲ့ပါသေးတယ်။

Source & Photos : Myanmar Fire Service

From : Duwun by WL

Originally published at - http://www.duwun.com.mm/news/local/ybs-id6283708.html

Read More »

ဒေါ်အောင်ဆန်း စုကြည်နှင့် အပစ်မရပ် တပ်ဖွဲ့များ ဆွေးနွေးပွဲ မပျက်ဟု ဦးဇော်ဌေး ပြော


ဒေါ်စုနှင့် ယူအန်အက်ဖ်စီ ခေါင်းဆောင်တို့ ပြီးခဲ့တဲ့ ဇူလိုင် တွေ့ဆုံ ခဲ့စဉ်က


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ အပစ်မရပ် တပ်ဖွဲ့ တို့ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဖွဲ့ ဒီပီအန်တို့ မတ်လဆန်း တွေ့ဆုံ ဆွေးနွေးပွဲ ဖျက်ဖို့ မရှိဘူးလို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

အပစ်မရပ်တပ်ဖွဲ့တို့ရဲ့ ပန်ခမ်းစည်းဝေးပွဲက အန်စီအေမှာ လက်မှတ်မထိုးဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဒီအဖွဲ့ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တွေ့မယ့် အစီအစဉ်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ သမ္မတရုံးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“တွေ့ဆုံပွဲက ပျက်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ မတ်လ ၁ ရက်နေ့ ဖိတ်ခေါ်ထားပါတယ်။ အဲ့ဒီ မတ်လ ၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီပီအန် တွေ့ပါမယ်။ ဒီပီအန်နဲ့ တွေ့တဲ့အခါမှာ အဓိကအားဖြင့် မူဝါဒပိုင်းဆိုင်ရာတွေ အပြန်အလှန် ဖလှယ်မယ်၊ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

စေ့စပ်ညှိနှိုင်းတာတော့ မလုပ်ဘူးလို့လည်း သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီပီအန်တို့ တွေ့ဆုံဆွေးနွေးကြပြီးရင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီပီအန်တို့ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီပီအန်အဖွဲ့ဘက်က အစိုးရက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရေး အပါအ၀င် အချက် ၈ ချက် တောင်းဆိုထားပြီး အဲ့ဒီအချက်တွေ ဆွေးနွေးညှိနှိုင်းလို့ အဆင်ပြေရင် အန်စီအေမှာ လက်မှတ်ထိုးမယ်လို့ ကနဦးက ပြောဆိုထားပါတယ်။

ဒါပေမယ့် အဲ့ဒီ ဒီပီအန်အဖွဲ့ဝင်တွေ အများစုပါတဲ့ ပန်ခမ်းစည်းဝေးကြေညာချက်ထဲမှာတော့ အန်စီအေကို လက်မှတ်မထိုးဘူးလို့ ပြောဆိုထားပြန်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191661

Read More »

လက်ပံတောင်း သီးနှံလျော်ကြေးရရှိရေး ၀မ်ပေါင်နှင့် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဆွေးနွေးမည်




စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က လက်ပံတောင်း တောင် ဒေသခံတွေ သီနှံ လျော်ကြေး ရရှိရေး အတွက် ဝမ်ပေါင် ကုမ္ပဏီနဲ့ ဆွေးနွေး သွားမယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်က မုံရွာမြို့ တိုင်းဒေသကြီး အစိုးရရုံးမှာ ဝန်ကြီးချုပ်နဲ့ လက်ပံတောင်းတောင် ဒေသခံတွေ တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်အနေနဲ့ ဒေသခံတွေရဲ့ သီးနှံလျော်ကြေးကိစ္စတွေကို ဖြေရှင်းပေးဖို့ ၅ ရက် အတွင်းဝမ်ပေါင် ကုမ္ပဏီနဲ့ ဆွေးနွေးသွားမှာ ဖြစ်ကာ ဆွေးနွေးမှု အဆင်မပြေပါက ပြည်ထောင်စုအဆင့်ထိ တင်ပြပေးသွားမယ်လို့ ပြောပါတယ်။

သီးနှံလျော်ကြေးကိစ္စအတွက် ညှိနှိုင်းဆောင်ရွက်ဆဲ အခြေအနေဖြစ်တာကြောင့် ဆွေးနွေးပွဲကို တံခါးပိတ် ဆွေးနွေးခဲ့တာ ဖြစ်ပြီး မီဒီယာတွေ သတင်းရယူခွင့်မရရှိခဲ့ပါဘူး။

တွေ့ဆုံဆွေးနွေးရာမှာ လက်ပံတောင်းတောင် ဒေသခံတွေဘက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ အတိုင်း အစာထိုးမြေဧက ၁၉၀၀ ကို အမြန်ဆုံးဖော်ထုတ်ပေးရေး၊ မြေယာလျော်ကြေး မယူထားတဲ့ သိမ်းဆည်းခံမြေယာတွေအတွက် နစ်နာနေတဲ့ တောင်သူတွေကို နှစ်စဉ် သီးနှံလျော်ကြေးပေးရေ၊ စတဲ့ အချက်၎ ချက်ကို တောင်းဆိုထားပါတယ်။

သီးနှံလျော်ကြေးရရှိရေးအတွက် ဒေသခံတွေက ဝမ်ပေါင် ကုမ္ပဏီကားတွေကို တားမြစ်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံ ၂၅ ဦးကို အမှုဖွင့်ထားလို့ ဒေသခံတွေက ပြန်လည်ရုပ်သိမ်းပေးဖို့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပေမယ့် ရုပ်သိမ်းပေးမှာ မဟုတ်ဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191637

Read More »

ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်သည့် CCTV ဗွီဒီယို ထွက်လာပါပြီ




ရန်ကုန် (Myanmar Now)

ဇန်န၀ါရီ ၂၉ ရက် ညနေ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကလေးငယ် တစ်ဦးကို ပွေ့ချီလျက် ဟိုဒီငေးမော နေသော ဦးကိုနီအား လူသတ် သမား ဦးကြည် လင်းက တစ်လှမ်းခြင်း နောက်မှ ကပ်လိုက် လာပြီး နှစ်စက္ကန့် မျှသာကြာသော အချိန် အတော အတွင်း ဦးကိုနီ၏ နောက်စေ့ကို သေနတ်ဖြင့်တေ့ချိန်ပြီး မိမိရရ ပစ်ချ လိုက်သည်။

ကျောပိုးအိတ် လွယ်ထားသော ဦးကိုနီသည် သမံတလင်း ပေါ်တွင် နောက်လှန် လဲကျ သွားသဖြင့် သူ၏ မြေးငယ်မှာ တစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာ မရခဲ့ခြင်းဖြစ်သည်။

တစ်ချက်တည်းသော သေနတ်သံထွက်ပေါ်ပြီး ဦးကြည်လင်းက သူ၏ညာလက်ကို ဆန့်တန်းလျက် အနေအထားဖြင့် ထွက်ပြေးလေသည်။

အခင်းဖြစ်ပွားရာတွင်ရှိနေသော လူတစ်ချို.ထိတ်လန့်ထွက်ပြေးကြသော်လည်း အမျိုးသားတစ်ဦးက ပုဆိုးပြင်ဝတ်လျက်အနေအထားဖြင့်ပင် လက်ဗလာဖြင့် လူသတ်သမားထံ ထပ်ချပ်မကွာလိုက်သွားခဲ့သည်။

Myanmar Now ကရရှိထားသော ယခုဗွီဒီယိုမှတ်တမ်းမှာ ထိုပစ်ခတ်မှုအား ဖမ်းယူရရှိခဲ့သော လေဆိပ် CCTV မှတ်တမ်းထဲမှ အပိုင်းအစတစ်ခုသာဖြစ်သည်။

လေဆိပ် CCTV မှတ်တမ်းများတွင် သင်္ကာမကင်းဖြစ်ဖွယ်ရာကောင်းသော လူအချို.အား ရဲတပ်ဖွဲ.ကအလိုရှိလျက်ရှိသော်လည်း ၄င်းတို့၏ ဓာတ်ပုံမှတ်တမ်းများအား သက်ဆိုင်ရာ အာဏာပိုင်များက ယခုတိုင် လျှို.၀ှက်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

ထိုနေ့က လေဆိပ် CCTV မှတ်တမ်းတွင် တွေ.ရသော ဒုဗိုလ်မှုးကြီးဟောင်း အောင်ဝင်းခိုင်သည် ဇန်န၀ါရီ ၃၀ ရက် ညနေတွင် နေပြည်တော်ရှိ ဥပါတသန္တိစေတီ အနီး တ၀ိုက် ပျောက်ဆုံး တိမ်းရှောင် သွားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြား ခဲ့သည်။


From : ဆွေဝင်း / Myanmar Now

Originally published at - https://www.facebook.com/myanmarnownews/

Read More »

ဦးကိုနီအမှု သတင်းစာ ရှင်းလင်းပွဲ ပြောကြားချက် နိုင်ငံရေး အကဲခတ်တွေ ပယ်ချ


ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရမှု ပထမဆုံး အကြိမ် ပြည်ထဲရေး သတင်းစာ ရှင်းလင်းပွဲ


ရန်ကုန် နိုင်ငံတကာ လေဆိပ်လို နေရာ မျိုးမှာ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ် လုပ်ကြံ တာဟာ နိုင်ငံရေး လုပ်ကြံမှု သက်သက်သာ ဖြစ်တယ် ဒီကနေ့ ကျင်းပ ခဲ့တဲ့ ပြည် ထဲရေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သလို လူငယ် သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဥပဒေ ပညာရှင်တွေနဲ့ နိုင်ငံရေး အကဲ ခတ်တွေက သုံးသပ်လိုက်ပါတယ်။ အခင်းဖြစ်ပြီး တစ်လနီးပါးကြာမှ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးကိုနီ ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ အဓိက ကျတဲ့အကြောင်းအရင်းကို ခိုင်ခိုင်လုံလုံ ရှင်းရှင်းလင်းလင်း မပြသနိုင်ခဲ့ဘူးလို့လည်း ဝေဖန်မှုတွေရှိပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

နိုင်ငံတော်အစီအစဉ်နဲ့ သွားခဲ့တဲ့ ပြည်ပခရီးစဉ်ကအပြန် ရန်ကုန်နိုင်ငံတကာလေဆိပ်လို လူစည်ကားတဲ့နေရာမှာ ဦးခေါင်းကို သေနတ်နဲ့တေ့ပစ်ပြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ NLD အစိုးရရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ် တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရမှုနဲ့ပတ်သက်လို့ ကိုယ်တိုင်ပစ်သတ်ခဲ့သူအပါအဝင် ကြံရာပါတွေကို စုံစမ်း စစ်ဆေးချက်တွေအရ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် အခြေခံပြီး လူငယ်ဘာဝ လုပ်ကြံမှု ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဒီအပေါ်မှာတော့ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုသပ်သပ်သာဖြစ်ပြီးသာမာန်ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်ဖြစ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဥပဒေပညာရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေက ပယ်ချပါတယ်။ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေ့နေကြီးဦးသိန်းသန်းဦးက သူ့အမြင်အခုလိုပြောပါတယ်။

“ ပြည်ထဲရေးကစဉ်းစားတဲ့နည်းက - နံပါတ် ၁ လူငယ်သဘာဝ .. လူကြီး မပါတော့ဘူးလား၊ လူငယ်တွေပဲလို့ ဘာလို့ပြောတာတုန်း နော်။ ပုဂ္ဂိုလ်ရေး တယောက်ချင်း မုန်းတီးရလောက်အောင် ဦးကိုနီ ဘာတွေပြောခဲ့သလဲ၊ ဒီလို ဒုတိယ ဗိုလ်မှူးကြီးတယောက်ပါတဲ့ .. အငြိမ်းစားပေါ့ဗျာ ထွက်သွားတဲ့ ဗိုလ်မှူးကြီးတယောက် ပါခဲ့လို့ရှိရင်၊ သူ့ထက်မြင့်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ ဘာတွေ မပါနိုင်ဘူးလား။ မြို့လယ်ခေါင်မှာ လူပုံအလယ်မှာ ဒီလိုကျူးလွန်ခဲ့တာဟာ ဒါဟာ သာမန်ပုဂ္ဂိုလ်ရေး လုပ်ကြံမှု မဟုတ်ဘူး။ အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင် တို့နဲ့ သူနဲ့တွေ့ဖူးတယ်ဆိုတာ မပေါ်ဘူး။ အဲဒီတော့ သူတို့ရဲ့အကျိုးစီးပွား ထိခိုက်အောင် ဦးကိုနီက ဘာတွေများ ပြောခဲ့ဖူးလို့လဲ။ ဒါလဲ ကျနော်မတွေ့ဘူးဗျ။ အဲဒီတော့ ဒါဟာ နိုင်ငံရေး လုပ်ကြံမှုဖြစ်တယ်။ ဒီ့နောက်မှာ ဒီထက်ကျယ်ပြန့်တဲ့ အချက်တွေ ရှိတယ်လို့ ကျနော်ထင်တယ်”

အခုလို ဦးကိုနီအသတ်ခံရတာဟာ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ် ခံရမှုသာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာ အကဲခတ်နေတဲ့ ဦးအောင်သူငြိမ်းကလည်း ယူဆပါတယ်။

“ သုံးသပ်ချက်က ကျနော်ထင်တယ် .. ခုနလို လူငယ်တွေရဲ့ သဘာဝပေါ့ဗျာ ဒီလိုလုပ်တာမျိုးဆိုရင်တော့ မဟုတ်သေးဘူးထင်တယ်။ အဓိကတော့ နိုင်ငံရေး လုပ်ကြံမှုဖြစ်ဖို့ ပိုများပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ကွယ်က အကြောင်းတွေတော့ သေချာတော့ ကျနော် မသိနိုင်ဘူးပေါ့လေ ”

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ပြည်သူတွေဘက်က မေးခွန်းထုတ်မှုတွေ အရမ်းများလာတဲ့အတွက် အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်တာဖြစ်ပေမဲ့လို့ ရှေ့ဆက်ပြီး အမှုမှန်ပေါ်ပေါက်အောင် ဆက်လုပ်သွားဖို့ လိုတယ်လို့လည်း ဦးအောင်သူငြိမ်းက အကြံပြု ပါတယ်။

“ ပြည်သူတွေဖက်က မေးခွန်းတွေ အများကြီးရှိနေပါတယ်။ဘာကိစ္စကြောင့် ဖြစ်တာလဲ၊ ဘယ်သူတွေ လုပ်တာလဲ၊ နောက်ကွယ် ကွင်းဆက်တွေက ဘယ်သူတွေလဲပေါ့နော်၊ အဲဒါတွေနဲ့ ပတ်သက်လို့ အစောပိုင်းမှာလည်း သတင်းထုတ်ပြန်မှုတွေက တော်တော်နှေးတဲ့ သဘောမျိုး ရှိပါတယ်။ နောက် မပြည့်စုံတဲ့ဟာတွေလည်း ရှိတော့ အခုချိန်ထိ သို့လောသို့လောပေါ့နော် မေးခွန်းတွေရှိနေပါသေးတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ဒီလောက်တင် ပြီးသွားတာမျိုး မဟုတ်ပဲနဲ့ သေချာ ဆက်ပြီးဖေါ်ထုတ် သင့်တယ်လို့ ထင်ပါတယ်။

ဦးကိုနီလုပ်ကြံခံရပြီး တစ်လနီးပါးကြာမြင့်လာတဲ့အထိ အစိုးရဘက်ကရော သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေဘက်က အများပြည်သူ သိရှိနိုင်အောင် သတင်းထုတ်ပြန်မှု အားနည်းခဲ့ပြီး သတင်းမီဒီယာတွေ ဘက်ကပဲ ဖော်ထုတ်တင်ပြသုံးသပ်မှုတွေ လုပ်နိုင်ခဲ့တယ်လို့ မြန်မာ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

“ အခုဟာက မီဒီယာက ဖေါ်ပြမှုက သူတို့ထက်ကို တပတ်လောက်စောတယ်။ တခါတလေ ၂ပတ်လောက်စောတယ်။ Myanmar Now ကဖေါ်ပြပြီးမှ တခါ အဲဒီတယောက်ကို ချပြတယ်။ တခါအခု Speaker ကဖေါ်ပြပြီးမှ ဒီသတင်းစာ ရှင်းလင်းပွဲ လုပ်တယ်ဆိုတော့၊ အဲဒီဟာမျိုး ကျတော့ မီဒီယာနောက်ကို လိုက်နေတဲ့သဘောပဲ။ တကယ်တမ်းပြောရင်တော့ ဘာ့ကြောင့်နောက်ကျလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ကျနော် ကောက်ချက်မချ ချင်ဘူးပေါ့လေ။ သိုပေမယ့် နောက်ကျနေတာတော့ အမှန်ပဲ။ တကယ်တမ်းကျတော့ ဒီလိုအနေအထားမျိုးက လုံလောက်တဲ့ ဝီရိယ လုံလောက်တဲ့ စိုက်ထုတ်မှုမျိုး မရှိဘူးလို့ပဲ ကောက်ချက်ချရမလိုပဲ ”

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း သတင်းသမားတွေ သိလိုတဲ့ အချက်တွေကို တာဝန်ရှိသူတွေဘက်က တိတိကျကျ ရှင်းရှင်းလင်းလင်း မပြောပြနိုင်ခဲ့ဘူးလို့ ဦးမြင့်ကျော်က ပြောပါတယ်။

“ ပြည်ထဲရေးဝန်ကြီး ပြောတဲ့ဟာက သူ့ရဲ့ထင်မြင်ချက်ကို ကောက်ချက်ချသလို ဖြစ်နေတယ်ပေါ့နော်။ စစ်ဆေးတွေ့ရှိချက်တွေမှာ ဒီထက်ပိုပြီး ဘာမှ မတွေ့ရှိရတော့ဘူးတို့၊ နောက်တခုက ဒီငွေကြေးတွေ ဘယ်က လာသလဲတို့ အဲလိုမျိုးဟာကို လူတွေက ထပ်သိချင်တယ်။ ဟို တိတိကျကျ ခိုင်ခိုင်မာမာ အချက်အလက်မျိုး ကျနော်တို့ မတွေ့ရဘူးပေါ့လေ ”

ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အရေးယူမှုတွေအပေါ် အများပြည်သူဘက်က သို့လော သို့လော မေးခွန်းထုတ်မှုတွေ များလာသလို စုံစမ်း စစ်ဆေးမှုတွေ သတင်းထုတ်ပြန်မှုတွေ နှေးကွေး တွန့်ဆုတ်နေတဲ့အပေါ် ဝေဖန်မှုတွေ များလာလို့ အခုလိုသတင်းစာ ရှင်းလင်းပွဲ လုပ်တာဖြစ်ပေမဲ့ ပြည်ထဲရေးဝန်ကြီး ဌာနဘက်က သတင်းသမားတွေ မေးမြန်းတာနဲ့ အများပြည်သူတွေ သိလိုတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ခိုင်လုံတိကျတဲ့ သတင်းအချက် အလက်တွေကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်ခဲ့ ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိလာနေတာဖြစ်ပါတယ်။



From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by - (မဆုမွန်)

Originally published at - http://burmese.voanews.com

Read More »

တမန်တော်နေ့ အခမ်းအနားကို ကန့်ကွက် ဆန္ဒပြ




ရန်ကုန်မြို့ Strand Hotel မှာ ကျင်းပ​​နေတဲ့ အစ္စလာမ် ဘာသာဝင် တွေရဲ့ တမန်တော်​​နေ့ အခမ်း အနားကို အမျိုးသားရေး တက်​ကြွ လှုပ်​ရှား​နေတဲ့ သံဃာ​ ၁၀ ပါးကျော်နဲ့ လူ ၂၀ လောက်က ဟိုတယ်ရှေ့မှာ ကန့်ကွက်ခဲ့ ကြပါတယ်။

ဘာသာရေး အခမ်းအနားကို အကြောင်းပြပြီး နိုင်ငံရေး အမြတ် ထုတ်တာတွေကြောင့် လာရောက် ဆန္ဒပြတာဖြစ် တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ သံဃာ တစ်ပါးက မိန့်ပါတယ်။

"၄င်းတို့အဆိုအရ ဧပြီလ ၂၂ ရက်နေ့ဟု သိရပါသည်၊ ထို့နေတွင် ကျင်းပခြင်းမျိုးမဟုတ်ပါပဲ အကြိမ်ကြိမ်အခါခါကျင်းပနေသည်မှာ ဘာသာရေးကိုအကြောင်းပြပြီး လူမျိုးရေး ပဋိပက္ခများဖြစ်ပေါ်စေရန် ရည်ရွယ် လုပ်ဆောင်နေခြင်းမှာ ထင်ရှားနေသည့် အပေါ် သဘောထား ကြေညာချက်ကို ထုတ်ပြန်လိုက်သည်" အစ္စလာမ် တွေရဲ့ တမန်တော်နေ့အခမ်းအနားကို ဒီနေ့ ညနေ ၆ နာရီမှာ စတင်ကျင်းပတာဖြစ်ပါတယ်။

အခမ်းအနားကို ၁၄၉၁ ကြိမ်မြောက် တမန်တော်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီက ဦးစီးကျင်းပ တာဖြစ်ပြီး နိုင်ငံတကာ သံတမန်တချို့ တက်ရောက် နေပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးတို့ကို ဖိတ်ကြား ထားတယ်လို့လည်း သိရပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese


Read More »

မောင်တောမှာ ဥပဒေနဲ့ မညီဘဲ နိုင်ငံသား ပြုခွင့်ပေးထားသူ ၃၅ ဦးရှိကြောင်း ဒေသခံတွေ တင်ပြ




ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ် တွေမှာ ၁၉၈၂ ခုနှစ် ဥပဒေနဲ့ မကိုက်ညီဘဲ နိုင်ငံ သားပြုခွင့် ပေးနေတယ် ဆိုပြီး ဒေသခံ ရခိုင် တိုင်းရင်းသား တွေက ကန့်ကွက် နေတာကြောင့် သွားရောက် စစ်ဆေးတဲ့ ကြားနာ စစ်ဆေးရေး အဖွဲ့ဟာ မောင်တော မြို့နယ်က ဒေသခံ တွေနဲ့ မနေ့က တွေ့ဆုံ ခဲ့ပါတယ်။

မောင်တောမြို့နယ်အတွင်း ၁၉၈၂ ဥပဒေနဲ့ မကိုက်ညီဘဲ နိုင်ငံသားပြုခွင့်ပေးခဲ့သူ ၃၅ ဦးရှိနေပြီလို့ ဒေသခံတွေ ကပြောကြောင်း မောင်တော မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း က ပြောပါတယ်။

"မောင်တောသာသနာ့ဗိမာန်မှာ လူမှုအဖွဲ့အစည်းတွေနဲ့တွေ့တယ်။ ဒါတစ်ခုပဲရှိသေးတယ်ဗျ။ ပြောတာ ကတော့ အဲ တရားမဝင် ၈၂ ဥပဒေနဲ့မကိုက်ဘဲနဲ့ နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်ထုတ်ပေးနေ တာ မောင်တောဆိုရင် ၃၅ ယောက်တောင်ရှိပြီ။ သူတို့က ဘယ်လိုထုတ်ပေးနေတယ်ဆိုတာ သူတို့က မပြောဘူး။ သူတို့ပေးချင် သလိုပေး လုပ်ချင်သလို လုပ်လို့ မရဘူးလေဗျာ။ မြန်မာနိုင်ငံမှာ ဟုတ်တယ် မလား ခုက စည်းပေါက်နေသလိုဖြစ်နေတယ်ဗျ"

ပြည်နယ်လွှတ်တော် ဥက္ကဌက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြားနာစစ်ဆေးရေး အဖွဲ့ကို စေလွှတ်ပြီး အစီရင်ခံ စာရေးသားတင်ပြဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ကြားနာစစ်ဆေးရေးအဖွဲ့ဟာ ဒီနေ့ညနေမှာ ဘူးသီးတောင်မြို့နယ်က အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး မနက်ဖြန်မှာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် ၂ ခုလုံးက နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးအဖွဲ့တွေနဲ့ ဆက်လက်တွေ့ဆုံသွားဖို့ ရှိတယ်လို့ သိရပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေတာနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးရေးအဖွဲ့ကို ဘူးသီးတောင်မြို့နယ် က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ခေါင်းဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနဲ့ ပြည်နယ်လွှတ်တော်က ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။

မြို့နယ်အသီးသီးက နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး အဖွဲ့တွေမှာ ဒေသခံတွေ ပါဝင်ခွင့် မရတဲ့အပေါ်မှာ ဒေသခံ ရခိုင် တိုင်းရင်းသားတွေက ကျေနပ်မှု မရှိကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသားပါတီကလည်း ဒီနေ့ရက်စွဲနဲ့ ၁၉၈၂ ခုနှစ်ဥပဒေနဲ့မကိုက်ညီဘဲ နိုင်ငံသားပြုခွင့် ကတ်ပြား ထုတ်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့နဲ့ ဥပဒေနဲ့မညီဘဲ နိုင်ငံသား ဆိုင်ရာဆောင်ရွက်နေမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese


Read More »

တပ်ဘက်က နေရာ ကန့်သတ်မှုကြောင့် ရှမ်းနိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ မသေချာ



နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ပြီး လုပ်ဆောင်မယ့် ၂၁ ရာစု ပင်လုံ ညီလာခံမှာ နိုင်ငံရေး ဆိုင်ရာ အချက် အလက်တွေ တင်ပြနိုင်ရေး အတွက် တိုင်းနဲ့ ပြည်နယ်တွေမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေ ချိန်မှာဘဲ ဖေဖေါ်ဝါရီ လကုန်ပိုင်းမှာ ကျင်းပဖို့ လျာထားတဲ့ တောင် ပိုင်း ရှမ်းပြည် တပ်မတော် RCSS/SSA ဒေသမှာ ရှမ်းလူမျိုး အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ မသေချာ သေးဘူးလို့ RCSS တာဝန်ရှိသူတွေက ပြောပါတယ်။

ရှမ်းအဖွဲ့အစည်းတွေက တောင်ကြီးနဲ့ပင်လုံမြို့မှာ ရှမ်းလူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုဖို့တောင်းဆိုချက်အပေါ် တပ်မတော်က ခွင့်မပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးမှာ တပ်မတော်ရဲ့သဘောထားတခုထဲ တောင်းခံနေရတဲ့အပေါ် မဖြစ်သင့်ဘူးလို့ ရှမ်းနိုင်ငံရေး ပါတီခေါင်းဆောင် တွေ က ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် တပ်မတော်က ခွင့်ပြုတဲ့နေရာမှာ ကျင်းပဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မီတီ UPDJC ကနေ အကြောင်းပြန် လာတာကြောင့် ရှမ်းပြည်နယ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ မသေချာသေးဘူးလို့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“ ဒီတပ်မတော် အစုအဖွဲ့ကနေ အတည်ပြုပေးထားတဲ့ အတိုင်းသာ စဉ်းစားကြပါ ဆိုပြီးတော့ အဲလို ပြောလာပါတယ်။ အဲဒီနေရာတွေမှာတော့ ကျင်းပလို့ မဖြစ်နိုင်တဲ့ဒေ သတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်ကြီးမြို့နဲ့ ပင်လုံ ရှားသီးမြို့တွေမှာ ကျနော်တို့ကို ကျင်းပခွင့် ပြုပါဆိုပြီး ထပ်မံတောင်းဆို ထားဆဲဖြစ်ပါတယ်။ အကယ်၍ ခွင့်ပြုချက် မရဘူး ဆိုရင်တော့ ကျနော်တို့က ဘယ်နည်း ဘယ်ပုံနဲ့မှ ကျင်းပနိုင်မှာ မဟုတ်တော့ဘူး ဆိုတာကတော့ ထင်ရှားပါတယ်ခင်ဗျ ”

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးအတွက် ရှမ်းအဖွဲ့အစည်းတွေ ကနေ တောင်ကြီး ပင်လုံမြို့မှာ ကျင်းပခွင့်ပြုဖို့ တောင်းဆို ခဲ့ပေမဲ့ တပ်မတော် အစုအဖွဲ့ ကနေ ရှမ်းပြည်အရှေ့တောင်ပိုင်းဒေသရှိ မိုင်းပန်၊ မိုင်းတော့၊ မိုင်းထား မြို့တွေမှာသာ ကျင်းပဖို့ခွင့် ပြုကြောင်း UPDJC ကိုယ်စား နိုင်ငံတော်သမ္မတရုံးကနေ ဖေဖေါ်ဝါရီ ၂၃ ရက်စွဲနဲ့ အကြောင်းကြားလာခဲ့တာပါ။ အဲဒီစာထဲမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကို တပ်မတော် ခွင့်ပြုတဲ့နေရာ မှာသာကျင်းပဖို့နဲ့ တပ်မတော်နဲ့ဘဲ ညှိနှိုင်းဖို့ သဘောထား မှတ်ချက်ပေးထားပါတယ်။

လက်ရှိ တပ်မတော်ကနေ ခွင့်ပြုထားတဲ့ မိုင်းပန်၊ မိုင်းတော့၊ မိုင်းထား မြို့တွေမှာ သွား လာနေထိုင်ရေး အခက်ခဲရှိနေတဲ့ အတွက် တောင်ကြီးနဲ့ ပင်လုံမြို့တွေမှာ ကျင်းပ ခွင့်ပြုဖို့ ထပ်မံတောင်းဆို ထားတယ်လို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။

“ ကျနော်တို့မှာ ကျင်းပလို့ မရနိုင်တဲ့ အနေအထားတွေ အများကြီးရှိပါတယ်။ ဥပမာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတဲ့နေရာမှာ ကျနော်တို့ လူဦးရေ သောင်း လေးရာ ငါးရာလောက် ဖိတ်ကြားပြီးတော့ ဆွေးနွေးကြမယ်ဆိုရင် ခရီးသွားလာရေး နေရေး စားရေးသောက်ရေး ကအစပေါ့နော်၊ မဆောင်ရွက်နိုင်တဲ့ အနေအထား ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဒေသကို လာကြည့်ကြပါ .. သူတို့ ကိုယ်တိုင်တော့ ရောက်ဖူးသလားတော့ မသိဘူး၊

အဲဒီနေရာတွေက တောတောင်တွေ ပါပဲ။ ဥပမာ မိုင်းတော့၊ မိုင်းထားဆို အိမ်ခြေ ၁၀ အိမ်တောင် မရှိတဲ့နေရာ မျိုးမှာ ဖြစ်ပါ တယ်ခင်ဗျား။ ဆိုတော့ ထပ်မံပြီးတော့ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ် ကျနော်တို့ UPDJC ရဲ့ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီတောင်ကြီးမြို့နဲ့ ပင်လုံမြို့မှာ ကျနော်တို့ကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့် ပြုစေ လိုကြောင်း ထပ်မံပြီး တောင်းဆိုထားဆဲ ဖြစ်ပါတယ် ”

RCSS/SSA အနေနဲ့ တောင်ကြီး ပင်လုံမြို့မှာ ကျင်းပခွင့်ပြုဖို့ ထပ်မံတောင်းဆို ထားတာဖြစ်ပြီး တကယ်လို့ ခွင့်ပြုချက် မရဘူးဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ မသေချာတော့ဘူးလို့ ဗိုလ်မှူးကြီးစိုင်းလက ဆိုပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC ကနေ ဦးစီးကျင်းပ သွားရမှာ ဖြစ်ပြီး တပ်မတော်ရဲ့ သဘောထား တခုထဲတောင်းခံနေ ရတဲ့အပေါ် မဖြစ်သင့်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး စိုင်းကျော်ညွန်က ပြောပါတယ်။

“ သတ်မှတ်ပေးတဲ့ နေရာမှာပဲ လုပ်ရမှာလားပေါ့ဗျာ၊ ဒီလုပ်ငန်းစဉ်တွေပေါ်မှာ ကျနော် တို့လဲ ပါဝင်ပတ်သက်နေတာပဲ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို စီမံကျင်းပ ကွပ်ကဲပိုင်ခွင့်ရှိတာ UPDJC ပါ။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့အတွက် ဟိုအဖွဲ့အစည်းရဲ့ သဘောထား ဒီအဖွဲ့ အစည်းရဲ့ သဘောထား လိုက်တောင်းသလို ဖြစ်နေရတယ် ဆိုတာက သိပ်တော့ ပုံသဏ္ဍန် သိပ်မမှန်သလိုဖြစ်နေပါတယ် ”

ရှမ်းအဖွဲ့အစည်းတွေရဲ့ တင်ပြချက်အပေါ် နောက်အပတ်မှာ ကျင်းပမယ့် UPDJC အစည်းအဝေးမှာ ဆက်လက်ဆွေးနွေး သွားမယ်လို့ UPDJC ရဲ့ ဒုတိယဥက္ကဌ ဦးသုဝေက ပြောပါတယ်။

“ မပြောတတ်သေးဘူး.. သူတို့ ထပ်ပြီးတော့ တင်ထားတယ် ဆိုတာတော့ ကျနော်တို့ ဆုံးဖြတ်တာ မရှိသေးဘူးခင်ဗျ။ ချင်းပြည်နယ်ဆိုရင် ပထမတုန်းက သူတို့ ခွင့်တောင်း တာကလည်းပဲ ဟားခါးမှာ လုပ်ဖို့လေ၊ အဲဒီမှာ သူတို့ သဘောတူပြီးတော့ လုပ်မယ် လို့တော့ ပြောတာပဲ။ အခု ဘယ်လို .. ဘယ်လိုတွေ ပြောင်းတယ် အဲဒါတော့ သူတို့ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ အခြေအနေကြောင့်လို့ ထင်တာပဲလေ။ သူတို့ လုပ်မယ့် ဒေသတွေရဲ့ လုံခြုံရေးကိစ္စတွေ ဘာတွေကြောင့်မို့လို့ တပ်မတော်ကို ပြော တာလည်း ဖြစ်လိမ့်မယ် ထင်တယ်။ ရှေ့အပတ်လောက်ဆိုရင် ကျနော်တို့ UPDJC အစည်းအဝေးခေါ်မယ်လေ၊ အဲဒီမှာမှ ကျနော်တို့ သေချာသိမယ်ထင်တယ် .. နောက်ပိုင်း အပြောင်းအလဲကိုလေ ..”

လာမယ့် မတ်လမှာ ၂၁ ရာစု ပင်လုံညီလာခံခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပ သွားမှာဖြစ်ပါတယ်။ ဒီညီလာခံ မတိုင်ခင် တိုင်းနဲ့ ပြည်နယ်အလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့လျာထားပေမဲ့ လက်တွေ့မှာ (၇)နေရာလောက် ဘဲ ကျင်းပနိုင်ဦး မယ်လို့ UPDJC ရဲ့ဒုတိယ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်မှာ ရှမ်းအမျိုးသားများ နိုင်ငံရေး ဘုံသဘော တူညီချက် တခုထဲ တင်ပြဆွေးနွေး နိုင်ရေးအတွက် CSSU ရှမ်းပြည် ညီညွတ်ရေး ကော် မတီက ကိုယ်စားလှယ် ၃၀၀ ကျော်ကနေ အုပ်စု ၁၅ စုခွဲပြီး ရှမ်းပြည်နယ်မြို့နယ် ၄၅ မြို့မှာ လူထု သဘောထား ကောက်ယူရေး ကွင်းဆင်းတွေ့ဆုံ မှတ်တမ်း ပြုစုခဲ့ကြပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ ထွက်ရှိလာမယ့် ရှမ်းလူမျိုးတွေရဲ့ သဘောထား စုစည်းမှုတွေကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ တို့ကနေတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပြန်လည် တင်သွင်းသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီး ပအိုဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ကျင်းပပြီးစီးခဲ့ပြီး ပဲခူးတိုင်း၊ နေပြည်တော်၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS ဒေသနဲ့ ချင်းပြည်နယ်မှာ ကျင်းပဖို့ ပြင်ဆင်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ ရှမ်းပြည်နယ်နည်းတူ ချင်းပြည်နယ်မှာလည်း သွားလာရေးခက်ခဲတဲ့ ထန်တလန်မြို့နယ်မှာ အစိုးရက ကျင်းပခွင့်ပေး တဲ့အပေါ် ချင်းအမျိုးသား အဖွဲ့အစည်းတွေကြား ဘ၀င်မကျ ဖြစ်နေပါတယ်။



From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by - (နိုင်ကွန်းအိန်)

Originally published at - http://burmese.voanews.com

Read More »