နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label မြန်မာရေးရာ. Show all posts
Showing posts with label မြန်မာရေးရာ. Show all posts

Tuesday, March 28, 2017

မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက စစ်လက်နက်များ ထောက်ပံ့




မြန်မာ နိုင်ငံကို အိန္ဒိယ နိုင်ငံ ကနေ ပေါ့ပါးတဲ့ တော်ပီဒို ရေအောက် ဗုံးတွေ ထောက်ပံ့ ပို့ဆောင် ပေးနေ တယ်လို့ The Times of india အိန္ဒိယ သတင်း စာမှာ ရေးပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို ဒုံးကျည်တွေ၊ မော်တာအမြောက်ဆန်တွေ၊ ရိုင်ဖယ်သေနတ်တွေ၊ ရေဒါကိရိယာတွေ၊ ညကြည့်ကိရိယာတွေ၊ တံတားဆောက်လုပ်ဖို့ အလွယ်တကူ သယ်ဆောင်နိုင်တဲ့ ပစ္စည်းတွေ၊ လမ်းဖောက်လုပ်ရာမှာသုံးတဲ့ မြေညှိစက်တွေနဲ့ ကုန်တင်ကားတွေ မြန်မာစစ်တပ်ကို ပို့ဆောင်ပြီးပြီလို့ သတင်းက ဆိုပါတယ်။

မြန်မာကို ပို့ဆောင်မယ့် အိန္ဒိယထုတ် အဆင့်မြင့် ရေအောက်တော်ပီဒိုဗုံး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉ သန်းတန် ပို့ကုန်စာရွက်စာတမ်းတွေကို အိန္ဒိယကာကွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး အာရန်ဂျိတ်လေထံ မတ် ၂၄ ရက်က ရောက်ရှိတယ်လို့ ဆိုပါတယ်။

နည်းပညာ အဆင့်မြှင့်ထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ပေါ့ပါးတဲ့တော်ပီဒိုရေအောက်ဗုံးတွေ ပို့ဆောင်မှုဟာ အရင်က မြန်မာပြည်ကို ပို့ဆောင်ထားတဲ့ ရေအောက်အနက်နဲ့ ရေအောက်အရာဝတ္ထုများ အခြေအနေ တိုင်းတာကိရိယာအပါအဝင် ပစ္စည်းတွေပြီးရင် နောက်ပို့တဲ့ပစ္စည်း ဖြစ်မယ်လို့ အိန္ဒိယ ကာကွယ်ရေးဌာန သုတေသနနဲ့ ဖွံ့ဖြိုးမှုအဖွဲ့ (DRDO) အကြီးအကဲ အက်စ်ခရစ်စ်တိုဖာက ပြောပါတယ်။

အိန္ဒိယစစ်တပ်ဟာ ကီလိုမီတာ ၁၆၄၃ ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ မြန်မာ့တပ်မတော်နဲ့အတူ ပူးတွဲကင်းလှည့်တာတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ တောထဲမှာ ကာလကြာအခြေပြုပြီး အိန္ဒိယအစိုးရကို တိုက်ခိုက်နေတဲ့ နာဂလက်နက်ကိုင်အဖွဲ့တွေကို မြန်မာနိုင်ငံဘက်က တာဝန်ယူ စစ်ဆင်ရေး လုပ်ဆောင်မှုအပေါ် အိန္ဒိယနိုင်ငံက စိတ်ဝင်စား သဘောကျတယ်လို့လည်း အိန္ဒိယ သတင်းစာမှာ ရေးသားထားပါတယ်။

ကိုးကား- The Times of india

From : DVB

Originally published at - http://burmese.dvb.no/archives/197848


Read More »

Monday, March 27, 2017

ဒုသမ္မတ ဦးမြင့်ဆွေ စန်းယမြို့ရှိ နန်ရှန် ဘုရားကျောင်းအား ကြည့်ရှု လေ့လာ




နေပြည်တော် မတ် ၂၆

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ဘိုအောမြို့၌ ရောက်ရှိ နေသည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေ သည် ယနေ့ နံနက်ပိုင်းတွင် ဘိုအောမြို့မှ စန်းယမြို့သို့ မော်တော်ယာဉ် များဖြင့် ပြန်လည် ထွက်ခွာ ကြပြီး ဒေသ စံတော်ချိန် နံနက် ၁၀ နာရီတွင် စန်းယမြို့ နန်ရှန် ဘုရားကျောင်းသို့ ရောက်ရှိ ကြသည်။


ဒုတိယ သမ္မတနှင့် အဖွဲ့ဝင် များသည် စန်းယမြို့ရှိ နန်ရှန် ဘုရားကျောင်း အတွင်း လှည့်လည် ကြည့်ရှု ကြရာ တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်း ပြသ ကြသည်။

မွန်းလွဲ ပိုင်းတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေသည် စန်းယမြို့မှ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ဟိုင်နယ် ပြည်နယ် စန်းယမြို့ ဒုတိယ မြို့တော်ဝန် မစ္စတာ တိုင်ယွီမင်နှင့် တာဝန် ရှိသူများက စန်းယ အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။

ဒုတိယ သမ္မတနှင့် အဖွဲ့ဝင် များသည် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိ ကြရာ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဦးဖေဇင်ထွန်း၊ ဒုတိယ ၀န်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံရုံး ယာယီတာဝန်ခံ Ms.Li Xiaoyan နှင့် တာဝန်ရှိ သူများက နေပြည်တော် လေဆိပ်တွင် ကြိုဆို နှုတ်ဆက် ကြသည်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - http://moigovnews.blogspot.com

Read More »

Sunday, March 26, 2017

ဥရောပသမဂ္ဂ နှစ်ခြောက်ဆယ်ပြည့် ဒေါ်စု ဂုဏ်ပြု


ဥရောပ သမဂ္ဂ နှစ် ၆၀ ပြည့် ဗီဒီယိုက တဆင့် ဒေါ်စု ဂုဏ်ပြု စကားပြောကြာ။စဉ် (မတ် ၂၅၊ ၂၀၁၇)


EU ဥရောပ သမဂ္ဂ တည်ထောင်တဲ့ နှစ် ၆၀ ပြည့် အထိမ်း အမှတ် အဖြစ် အီတလီ နိုင်ငံ ရောမမြို့မှာ စည်လုံး ညီညွတ်မှု ကြေညာ စာတမ်းကို မတ်လ ၂၅ ရက်နေ့ ဒီကနေ့မှာ EU ခေါင်းဆောင်တွေ လက်မှတ် ရေးထိုး သွားကြ ပါတယ်။

ရှေ့တိုး ဆောင်ရွတ်တဲ့ လုပ်ငန်းစဉ် ကသာ စီးပွားရေး ကောင်းအောင်နဲ့ လုံခြုံရေး အကျိုး အမြတ်တွေ ဖြစ်ပေါ်ပြီး လူအများရဲ့ ထောက်ခံမှုကို ပြန်ရ ရှိအောင် စွမ်းဆောင် နိုင်မယ်လို့ ခေါင်းဆောင် တွေက ပြောပါတယ်။

နိုင်ငံသားတွေရဲ့ အခွင့်အရေး အပါအဝင် နောင် ၁၀ နှစ်မှာ အကောင်အထည်ဖော်ရမယ့် အစီအစဉ်တွေကို ထည့်သွင်းရေးဆွဲထားတဲ့ ဒီကြေညာချက်ကို EU အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ဥရောပသမဂ္ဂ အကြီးအကဲတွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အခုလို ဥရောပ သမဂ္ဂ ထူထောင်မှု နှစ် ၆၀ ပြည့် မြောက်ပြီး အခုအချိန်အထိ ဒီနိုင်ငံပေါင်းစုံ အဖွဲ့အစည်းကြီး အောင်အောင်မြင်မြင် ရပ်တည်နိုင်တာကို အထူး ဝမ်းမြောက်ပါကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ် နိုင်ငံခြားရေးဝန်ကြီး လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က Video ကနေ ချီးကျူးဂုဏ်ပြုစကား ပြောကြားသွားပါတယ်။

"ဥရောပသမဂ္ဂဟာ စိန်ခေါ်မှုတွေအများကြီးရှိတဲ့ကြားကဘဲ အောင်မြင်လာတဲ့ဖြစ်ရပ်အဖြစ် ကျမတို့ ရှုမြင်သုံးသပ်ပါတယ်။ ကျမတို့အားလုံး ချစ်ကြည်မှု၊ အပြန် အလှန် လေးစားမှုနဲ့ အတူ တကွ ယှဉ်တွဲနေထိုင် ကြဖို့ အတွက်၊ ဒီအောင်မြင်မှု တွေကို ဆက်လက် ရရှိနိုင်အောင် အကြီးအကျယ် ကြိုးပမ်း အားထုတ်ကြရဖို့ဖြစ်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံမှာလည်း နားလည်မှု၊ ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု စတဲ့ ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေနဲ့ ကိုယ်ပိုင်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ အားထုတ်နေကြပါတယ်။

EU ဥရောပသမဂ္ဂရဲ့ ပြည်သူတွေရဲ့ ပျော်ရွှင်မှု၊ သာယာဝပြောမှုတို့ကို အပြုသဘောနဲ့ ရှေ့ရှုပြီး ပါဝင်ဆောင်ရွက်နိုင်ဖို့ EU ကမိတ်ဆွေများနဲ့အတူ ကျမတို့ အတူတကွ ရပ်တည်နေကြပါတယ်။"

ဥရောပကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker ကတော့ ဒီ ဥရောပသမဂ္ဂ နှစ် ၆၀ ပြည့် အထမ်းအမှတ် ကြေညာစာတမ်းဟာ သူတို့အကြား အကောင်းမြင် မျှော်လင့် ချက်တွေ တိုးလာတာကို ပြသနေတယ်လို့ ပြောသွားတာပါ။

ဒီကနေ့ ရောမမြို့က အခမ်းအနား တက်ရောက်တဲ့နိုင်ငံတွေထဲမှာတော့ Britain နိုင်ငံ မပါဝင်ပဲ Britain နိုင်ငံက ဒီ ဥရောပသမဂ္ဂ ကနေ နှုတ်ထွက်ဖို့ တရားဝင် လုပ်ငန်း စဉ်တွေကို မကြာခင် ရက်ပိုင်းအတွင်း စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။



From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန

Originally published at - http://burmese.voanews.com

Read More »

Saturday, March 25, 2017

စစ်ရှောင် မြန်မာဒုက္ခသည် ၇ သောင်းခန့် နေရပ်ပြန်ရန် ထိုင်း အစိုးရ ပန်ကြား


ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလက နို့ဖိုး ဒုက္ခသည် စခန်းမှ ဒုက္ခသည် အချို့ နေရပ် ပြန်စဉ်က


မြန်မာ နိုင်ငံတွင်းမှ စစ်ပွဲ တွေကြောင့် ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေး တိမ်းရှောင် နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၇ သောင်း နီးပါးကို နေရပ်ပြန်ဖို့ ထိုင်း အစိုးရက ပန်ကြား တောင်းဆို သွားမယ်လို့ ဘန်ကောက်ပို့စ် သတင်း တပုဒ်မှာ မတ်လ ၂၄ ရက်နေ့က ဖော်ပြ ပါတယ်။

ဒါပေမယ့် သူတို့တွေထဲက မိမိနေရပ်ကို ပြန်လိုသူတွေကိုသာ ဆိုလိုတာဖြစ်ပြီး နေရပ်ပြန်ဖို့ အဆင်သင့်ဖြစ်နေသူတွေကို တဖြည်းဖြည်းပြန်ပို့သွားမယ်လို့ ထိုင်း တပ်မ ၃ ဒုတိယဗိုလ်ချုပ်ကြီး ဗီဆက်ခ် ဆီရိ ဘန်ဆော့ပ်က ပြောပါတယ်။

လက်ရှိပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေဟာလည်း အောင်မြင်ဖို့ အလားအလာတွေရှိနေပြီး မြန်မာအစိုးရဘက်ကလည်း ဒီဒုက္ခသည်တွေအတွက် နေထိုင်ဖို့ နေရာတွေ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီအစီအစဉ်ကို ကုလသမဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နဲ့ ထိုင်းနိုင်ငံအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး နေရပ်ပြန်မယ့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အလေးထားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်း ၇ ခုမှာ မြန်မာဒုက္ခသည်ပေါင်း ၆၉၁၂၈ ယောက်ရှိနေတာဖြစ်ပြီး သူတို့ကို ထိုင်းတပ်မ ၃ ရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိတာပါ။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/197353

Read More »

ကုလ လူ့အခွင့်ရေး ကောင်စီ ဆုံးဖြတ်ချက် မြန်မာ လက်မခံ ပယ်ချ




ရခိုင် ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံကို နိုင်ငံ တကာ အချက် အလက် ရှာဖွေ ဖော်ထုတ်ရေး အဖွဲ့ စေလွှတ်ဖို့ တောင်းဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက သဘောတူ လက်ခံခြင်း မရှိပဲ ပယ်ချ လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မတ် ၂၄ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အီးယူ ဥရောပသမဂ္ဂက တင်သွင်းတဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဌာနက ပြန်လည် တုံ့ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်၏ ပကတိအခြေအနေသည် ထိလွယ်ရှလွယ်ပြီး ဖြေရှင်းရန် စိန်ခေါ်မှု ကြီးမားနေဆဲ အခြေအနေဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်မည် မဟုတ်သည့်အပြင် ပြဿနာရပ်ကို ပိုမိုကြီးထွားစေမှာ ဖြစ်ပါတယ်။

လက်ရှိမြေပြင်အခြေအနေမှန်တွေကိုလည်းကောင်း၊ လက်ရှိမြန်မာနိုင်ငံရဲ့ ပကတိအခြေအနေများနှင့်လည်းကောင်း ကိုက်ညီမှုလည်းမရှိပါ။ ဤသို့သော အခြေအနေများကြောင့် လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းတည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ရရှိရေးအတွက် အလေးအနက်ထား ကြိုးပမ်းဖြေရှင်းနေခြင်းကြောင့်လည်းကောင်း၊ လူ့အခွင့် အရေးကောင်စီ၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆုံးဖြတ်ချက်တစ်ခုလုံးကို သဘောတူလက်ခံပါဝင်ခြင်းမရှိကြောင်း (Dissociate) ပြုလုပ်ခဲ့ပါသည်။”လို့ နိုင်ငံခြားရေးဌာနရဲ့ မတ် ၂၄ရက်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်တွေ ခိုင်လုံမှုရှိပါက သက်သေတွေကို နိုင်ငံတကာရဲ့ ကာကွယ်စောင့်ရှောက်မှု အစီအစဉ်နဲ့ မြန်မာနိုင်ငံသို့ လာရောက်စေပြီး တရားရုံးတွေမှာ ဥပဒေနဲ့ အညီ အမှုဖွင့်တရားစွဲဆိုနိုင်ရေးကို ဆောင်ရွက်ပေးသွားမယ်လို့လည်း ကြေညာလိုက်ပါတယ်။

ဂျီနီဗာမှာ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အီးယူက တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအပြင် တရုတ်နဲ့ အိန္ဒိယနိုင်ငံ အပါအ၀င် အခြားလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကလည်း သဘောတူလက်ခံ ပါဝင်ခြင်းမရှိကြောင်း ကြေညာခဲ့သလို အဆိုပါ နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ခြင်းကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နဲ့ တရားဥပဒေစိုးမိုးရေးအပြင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကို လူ့အခွင့်အရေးကောင်စီက ကြိုဆိုထားပါတယ်။

တဖက်မှာ လူ့အခွင့်အရေး ကောင်စီအနေနဲ့ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့တဖွဲ့ကို စေလွှတ်ဖို့လည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/197338

Read More »

တိုက်လေယာဉ်ငယ်များ မြန်မာသို့ ပို့ခဲ့ကြောင်း ရုရှ အတည်ပြု




မြန်မာ နိုင်ငံသည် ရုရှား နိုင်ငံမှ ဝယ်ယူ ထားသည့် Yakovlev Yak-130 ‘Mitten’ အဆင့်မြင့် လေ့ကျင့်ရေးနှင့် အသေးစား တိုက်ခိုက်ရေး လေယာဉ် သုံးစင်းကို ပထမ အသုတ် အဖြစ် လက်ခံ ရယူ ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိတဦးက မလေးရှားနိုင်ငံ လန်ကာဝီတွင် ကျင်းပသည့် ကာကွယ်ရေး ပစ္စည်းပြပွဲ LIMA 2017 exhibition တွင် ကာကွယ်ရေး ဆိုင်ရာ သတင်း မဂ္ဂဇင်း Jane’s သို့ ပြောကြောင်း သိရသည်။

ထိုလေယာဉ်အစင်း မည်မျှအထိ မြန်မာနိုင်ငံက မှာကြားထားသည်ကို ထိုအရာရှိက အတည်ပြုပြောကြားခြင်း မရှိသော်လည်း ထိုပထမအသုတ်ကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းက ပေးပို့ ခဲ့ကြောင်းနှင့် နောက်ထပ် လေယာဉ်များကို ၂၀၁၈ ခုနှစ် အထိ ဆက်လက် ပေးပို့မည် ဖြစ်ကြောင်းလည်း ပြောဆိုသည်ဟု Jane’s က ရေးသည်။

မြန်မာနိုင်ငံက နောင်တွင်လည်း ဆက်လက်မှာယူနေမည်ဟု မျှော်လင့်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

“လေယာဉ် အနည်းငယ်လောက် မြန်မာ့တပ်မတော် လေ ကို ပို့ပေးခဲ့ပါတယ်။ သူတို့က အဲဒီလေယာဉ်တွေကို ကြိုက်လွန်းလို့ ထပ်ဝယ်ချင်နေကြတယ်” ဟု Rostec State Corporation မှ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသဆိုင်ရာ မူဝါဒ ဒါရိုက်တာ Viktor Kladov က Jane’s သို့ ပြောကြောင်း သိရသည်။

From : ဧရာဝတီ - By: စောရန်နိုင်

Originally published at - https://burma.irrawaddy.com


Read More »

Friday, March 24, 2017

မြန်မာ ဒုက္ခသည်အရေး ဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်နဲ့ UNHCR တွေ့မယ်




မြန်မာ ဒုက္ခ သည်များ နေရပ် ပြန်ရေး၊ နိုင်ငံမဲ့နေ သူများကို အသိ အမှတ်ပြု လက်မှတ် ပေးရေးနဲ့ ရွှေ့ပြောင်း ဝင်ရောက် သူများ အရေးတွေ ဆွေးနွေးဖို့ UNHCR နဲ့ ထိုင်း ဝန်ကြီးချုပ်တို့ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီဟာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ၊ ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး သာဝိ နတ်နိယွမ်တို့နဲ့ မတ်လ ၂၈ ရက်နေ့မှာ မြန်မာ့ ဒုက္ခသည်များ အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။

အင်ဒိုချိုင်းနား ဒေသမှာ ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး၊ မြန်မာဒုက္ခသည်များကို ခိုလှုံခွင့် ပေးရေး၊ ရခိုင်ပြည်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင်များကို ခိုလှုံခွင့်ပေးရေးတွေကို UNHCR နဲ့ ပူးတွဲ လုပ်ဆောင်နေပါတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မနေ့က မတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်အရေးမှာ ထိုင်းဟာ ကြားနေပြီး ဝင်ရောက်မစွက်ဖက်တဲ့မူကို သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းဟာ ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါပေမယ့် ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခု ဖွင့်ခွင့်ပေးထားပြီး ဒုက္ခသည် ၁ သိန်းလောက် ခိုလှုံနေပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/international-news/32642/

Read More »

Thursday, March 23, 2017

ရခိုင်ကော်မရှင်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက် စုံစမ်းမေးမြန်း




ပြီးခဲ့တဲ့ အောက်တိုဘာလ အကြမ်းဖက် စီးနင်း တိုက်ခိုက် မှုတွေ အပြီး ထွက်ပြေး သွားသူ တွေကို ရခိုင်ပြည်နယ် မောင်တော ဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင် တာဝန်ရှိ သူတွေက ဘင်္ဂလားဒေ့ရှ်ကို သွားရောက် တွေ့ဆုံ စုံစမ်းမေးမြန်း ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က အတွင်းရေးမှူး ဦးဇော်မြင့်ဖေခေါင်းဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်၁၈ရက်မှ ၂၂ ရက်အထိ သွားရောက်ပြီး ကောက်စ်ဘဇား ခရိုင် အတွင်းရှိ ဒုက္ခသည် စခန်း ၃ ခုမှာ မေးမြန်း စုံစမ်းမှုတွေပြုလုပ်ခဲ့တာလို့ အစိုးရကသတင်းထုတ်ပြန်ပါတယ်။



ကော်မရှင်အဖွဲ့ဝင်တွေဟာ Kutupalong ဒုက္ခသည် စခန်းရှိ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား တွေကို သီးခြားစီ တွေ့ဆုံမေးမြန်း စုံစမ်းခဲ့သလို Balukhali ဒုက္ခသည်စခန်းသို့ သွားရောက်ပြီးလည်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (အိုင်အိုအမ်) အစီအစဉ်နဲ့ အမျိုးသား (၅) ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၈ ဦးတို့ကို ခန်းဆီးအပိုင်းကာရံပြီး တစ်ဦးချင်းရော အုပ်စုလိုက်ပါ မေးမြန်း ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် Leda ဒုက္ခသည်စခန်းကို သွားရောက်ပြီးလည်း အမျိုးသမီး ၅ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ၈ ဦးတို့အား ခန်းဆီးအပြည့်ကာရံ မေးမြန်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေး မေးမြန်းရာမှာ ဘာတွေမေးမြန်းဖြေကြားခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မောင်တောဒေသမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းစစ်ဆင်ရေးအတွင်း အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာတွေရှိခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ အမျိုးသမီးတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကုလသမဂ္ဂအရာရှိတွေအပါအ၀င် နိုင်ငံတကာ မီဒီယာတွေမှာ စွပ်စွဲပြောဆိုရေးသားအစီရင်ခံစာတွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ကတော့ အစီရင်ခံစာ တင်ပြရာမှာ ပြဿနာတွေကို လွှမ်းခြုံသုံးသပ် လက်တွေ့ ဖြေရှင်းချက်တွေ ပါဝင်တဲ့ အကြံပြုချက်တွေကို တင်သွင်းနိုင်ဖို့ရည်ရွယ်ပြီး တဖက်နိုင်ငံက ဒုက္ခသည် စခန်းတွေကို ခက်ခက်ခဲခဲ သွားရောက်ခဲ့တာလို့ အစိုးရကသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့မှာ အတွင်းရေးမှူး ဦးဇော်မြင့်ဖေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးထွန်းမြတ်၊ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဦးညွန့်ဆွေ၊ ဒေါ်ကျိန်ငိုက်မန်တို့လိုက်ပါသွားပါတယ်။

ဓာတ်ပုံ – MOI

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196904

Read More »

လောက်ကိုင် တိုက်ပွဲပြင်းထန်၊ လက်​နက်​ကြီးများ တရုတ်​ဘက် ကျရောက်




လောက်ကိုင် ဒေသမှာ ဒီနေ့ မတ်လ ၂၂ရက်နေ့က တိုက်ပွဲ ပိုမို ပြင်းထန် လာခဲ့ပြီး နန်းဆန်- မုန်းတိန်း လမ်းမကြီး ပေါ်မှာ လက်နက်ကြီး အမြောက် အမြား ကျရောက် ခဲ့တဲ့ အတွက် အဲလမ်းမ ကြီးကို လုံခြုံရေး ချထားပြီး လမ်းကို ပိတ်ထား ခဲ့ရတယ်လို့ နန်းဆန် သတင်းဌာန ကွမ်ပေါကျွေမှာ ဖော်ပြ ထားပါတယ်။

“အိုး..ကျတာတော့ အများကြီးပဲ ဘယ်ရေတွက်နိုင် တော့မှာလဲ။ ကျတာက အဲနယ်စပ် ကျော်ပြီး တရုတ်ပြည်ဘက် ၂ မိုင်ကျော်မှာ ကျတာ။ အဲဒီ နန်းဆန်-မုန်းတိန်း လမ်းမကိုလည်း သူတို့ ပိတ်ထားတယ်။ ကျနော်တောင်မှ အဲသတင်းတွေကို သိချင်လို့ သွားလိုက်တာ။ သူတို့ကိုလည်း ဟိုပြော ဒီပြောတော့ သူတို့က ပေးသွား လိုက်တာ။”

“ခါတိုင်း ဒီလမ်းကို ၁ နာရီပဲ မောင်းတယ်။ ဒီနေ့ ၄ နာရီ မောင်းရတယ်။ လက်နက်ကြီးတွေ ကျလို့ နားလိုက် သွားလိုက် လုပ်နေ ရတာ။ အဲကြား ထဲမှာလည်း တရုတ် စစ်သားတွေက လုံခြုံရေး လုပ်နေ တယ်လေ” လို့ နန်းဆန် ဒေသခံ တစ်ဦးဖြစ်သူ ဝမ်အိုက်တင်က ပြောပါတယ်။

မိုင် ၄၀ ရှိတဲ့ နန်းဆန်-မုန်းတိန်း လမ်းမကြီးပေါ်မှာ ၁၀ မိုင်ခြား၊ ၁၀မိုင်ခြားကို တရုတ်လုံခြုံရေးကင်း တည်ဆောက်ထားပြီး လက်နက်ကြီး ကျရောက်တဲ့ နေရာတွေကိုလည်း တရုတ်စစ်သား အယောက် ၂၀ ကျော်လောက် ပြည်သူ့လုံခြုံရေး လိုက်လံ ဆောင်ရွက် နေတယ်လို ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲပြင်းထန်တယ်။ လက်နက်ကြီးလည်း ကျတယ်။ ဒါပေမယ့် သူတို့ တိုက်လိုက် နားလိုက် လုပ်တယ်။ ဒီနေ့တော့ တရုတ်နာရီ မနက် ၇ နာရီကနေ ည ၇နာရီအထိ အပြင်း အထန်ပဲ။ အဲကြောင့် ပြောတာ တရုတ်ပြည်ဘက်ကို လက်နက်ကြီးကို ဘယ်လောက် ရှိမှန်းကို မသိတော့ဘူ။” လို့ သူက ဆက်ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196817

Read More »

နယ်စပ်စခန်း ရိက္ခာထုတ်ပေးမှု ပုံစံပြောင်း




ထိုင်း မြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့အနီးက ကရင်နီ ဒုက္ခသည် စခန်း အမှတ် ၁ က ဒုက္ခသည် တွေကို အခု မတ်လကုန်က စလို့ အလှူရှင်တွေ ထောက် ပံ့ပေးနေတဲ့ ဆန်နဲ့ ရိက္ခာ အကူအညီ တွေကို အရင်က စားကုန် အဖြစ် ထုတ်ပေး နေရာက နေပြီး ပိုက်ဆံကဒ် အနေနဲ့ ပြောင်းလဲ ထုတ်ပေး သွားဖို့ စီစဉ်နေ ပါတယ်။

အရင်က ဒုက္ခသည်တစ်ယောက်ကို ဆန် ၉ ကီလိုနဲ့ အတူ ဆီ၊ ဆား၊ ပဲ၊ မီးသွေး စတဲ့ ရိက္ခာ ပစ္စည်းတွေကို လစဉ်အလှူရှင်တွေက ထောက်ပံ့ကူညီပေးနေ တာဖြစ်ပါတယ်။

ထောက်ပံ့မှုတွေ လျှော့ချတဲ့အနေနဲ့ ရိက္ခာအစား ကုန်ကျမှုတွေကို ငွေသားအဖြစ်သတ်မှတ်ပြီး ပြောင်းလဲထုတ်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ကရင်နီ ဒုက္ခသည် ကော်မတီ KNRC အဖွဲ့ရဲ့ အတွင်းရေးမှူး ၁ စောလူ့စီ က ပြောပါတယ်။

"အကူအညီတွေ လျှော့ချမယ်ဆိုတာ သူတို့က ဥပမာ ရိက္ခာဆိုလို့ရှိရင် သူက ရိက္ခာပုံစံမျိုးနဲ့ မပေးတော့ဘူး၊ ဒါပေမဲ့ သူတို့က ငွေဖြည့်ကဒ် ပုံစံမျိုးနဲ့ သူပေးမယ်၊ သူတို့ခေါ်တာက Cash for Smart Card လို့ခေါ်တယ်။ သူက အဲ့ Card ထဲမှာပဲ ပိုက်ဆံထည့်ပေးမယ်။

ဥပမာ မိသားစု တစ်စု ကုန်ကျစရိတ် အကုန်လုံးက တစ်ယောက်ကို တစ်ထောင်ကျတယ်ဆိုလို့ရှိရင် သူ့မှာ ၅ ယောက်ရှိတယ်ဆို ၅ ထောင်ပေါ့။ အဲဒီဟာကို သူက အဲ့ဒီ ကဒ်ထဲမှာပဲ သူထည့်ပေး မယ်။ စားကုန် အဖြစ် သူမပေးတော့ဘူး ပိုက်ဆံကဒ်အဖြစ်ပေးမှာပေါ့။ လူတွေက ဂိုဒေါင်မှာလာ ပြီးတော့ ဆန်ထုတ်စားရတယ် နောက် ရိက္ခာတွေ လာထုတ်တယ်ဆိုတာက ဂုဏ်သိက္ခာ သိပ်မရှိဘူး၊ အရင်တုန်းကဆိုလို့ရှိရင် အချိန်တိုအတွင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းလုပ်တဲ့ သဘော တရားမျိုး ဖြစ်တယ်ပေါ့။ အခုအခါကြတော့ ရေရှည်ကြာသွားပြီ ဖြစ်တဲ့အခါကြတော့ လူတွေလည်း ဂုဏ်သိက္ခာရှိအောင်ပေါ့ ကဒ်နဲ့ပဲ သူက ပေးမယ်။ နောက်ပြီးတော့ မိသားစုတစ်စုမှာ ကြိုက်တဲ့အချိန် ဆိုင်မှာ သူသွားဝယ်လို့ရတာပေါ့နော် ကဒ်နဲ့ဝယ်လို့ရတဲ့ဆိုင်တွေ သူတို့ဖွင့်မယ် စခန်းထဲမှာ"

ထိုင်းနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုက္ခသည်တွေကို ပုံစံသစ်နဲ့ ရိက္ခာထုတ်ပေးမှု အစီအစဉ် သစ်ကို ခွင့်မပြုသေးတာကြောင့် အမြန်ဆုံး အကောင် အထည်ဖော်နိုင်ဖို့ အလှူရှင် တွေက ညှိနှိုင်းနေကြတယ်လို့လည်း သိရပါတယ်။

ဒုက္ခသည်တွေကို ဆယ်စုနှစ်ပေါင်းများစွာ စားကုန်အဖြစ် ကူညီထောက်ပံ့လာခဲ့ရာကနေပြီး အခုလို ပိုက်ဆံကဒ်စနစ်နဲ့ ၀ယ်ယူသုံးစွဲခွင့်စနစ် ပြောင်းလဲလိုက် မယ်ဆိုရင် ထိုင်း နိုင်ငံရဲ့ ကုန်ဈေးနှုန်းမြင့် တက်မှုတွေနဲ့ ကြုံလာရရင် ဒုက္ခသည်တွေအနေနဲ့ အခက်ကြုံလာနိုင်ဖွယ် ရှိတယ်လို့လည်း စောလူ့စီ က သုံးသပ်ပါတယ်။

လက်ရှိ ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်မြို့အနီးက ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နဲ့ အမှတ် ၂ မှာ ဒုက္ခသည်ဦးရေ တစ်သောင်းသုံးထောင်နီးပါး အိမ်ထောင်စု သုံးထောင်နီးပါး ရှိပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

ကိုးကန့်မှာ နေထိုင်သူတွေရဲ့ ဘဏ်အကောင့်တွေကို တရုတ်က ယာယီ ပိတ်ထား




တိုက်ပွဲတွေ ဖြစ်ပွား နေတဲ့ လောက်ကိုင် ဒေသမှာ နေထိုင် သူတွေရဲ့ ဘဏ်အကောင့် တွေကို တရုတ် အစိုးရပိုင် တရုတ် စိုက်ပျိုးရေး ဘဏ် (ABOC) က ယာယီ ပိတ်ထား လိုက်ပါတယ်။

မြန်မာ အစိုးရ တပ်မတော်နဲ့ ကိုးကန့် MNDAA အကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ တရုတ်နဲ့ မြန်မာ အစိုးရအကြား သံတမန် ဆက်ဆံရေး ထိခိုက်မှု မရှိစေရေးအတွက် အခုလို ဘဏ်အကောင့်တွေကို ယာယီ ပိတ်ထားတာ ဖြစ်ပါတယ်။

ဒီလို ပိတ်ပင်လိုက်ခြင်းအားဖြင့် ကိုးကန့် MNDAA ကို ထောက်ခံသူက ငွေကြေး ထောက်ပံ့မှုမလုပ်နိုင်အောင် ပြုလုပ်တာဖြစ်တယ်လို့ MNDAA က ပြောပါတယ်။

ငွေမည်းကို ငွေဖြူလုပ်တာ တားဆီးဖို့၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု မလုပ်နိုင်ဖို့၊ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပြုလုပ်တာဖြစ်တယ်လို့ ဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/local-news/32519/

Read More »

Tuesday, March 21, 2017

လောက်ကိုင် တိုက်ပွဲကြောင့် လူဦးရေ ၃၀,၀၀၀ ကျော် နေရပ်စွန့်ခွာဟု ကုလ ထုတ်ပြန်


စစ်ဘေးရှောင် သူများအား လားရှိုးမြို့သို့ ပို့ဆောင်ပေးရန် စီစဉ်နေစဉ်


မြန်မာ့ တပ်မတော်နှင့် ကိုးကန့် အဖွဲ့ (MNDAA) တို့ အကြား မတ်လ ၆ ရက်က စတင် ၍ တိုက်ပွဲများ ဖြစ်ပွား ခဲ့သည့် အတွက် လူဦးရေ ၃၀,၀၀၀ ကျော် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ နေရပ် စွန့်ခွာ တိမ်းရှောင် ခဲ့ရ သည်ဟု ခန့်မှန်းကြောင်း ကုလ သမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က မတ်လ ၂၀ ရက်တွင် ထုတ်ပြန်သည်။

လောက်ကိုင်ဒေသတိုက်ပွဲ များကြောင့် လူဦးရေ ၂၀,၀၀၀ ကျော်မှာ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံအတွင်းသို့ တိမ်း ရှောင်ခဲ့ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရနှင့် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးမိတ်ဖက်အဖွဲ့အစည်း များမှ အတည်ပြုသည်ဟု ကုလ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ပြင် ရွှေ့ပြောင်းလုပ်သား ၁၀,၀၀၀ ကျော်မှာလည်း မြန်မာ နိုင်ငံအတွင်းရှိ ၎င်းတို့၏နေရပ် ဒေသများသို့ ပြန်ရန် လောက်ကိုင်မြို့မှ ထွက်ခွာခဲ့ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများကို ကိုးကား၍ OCHA ကဆိုသည်။ လောက် ကိုင်မြို့ ပတ်ဝန်းကျင်ဒေသများ တွင် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေကြောင်း OCHA က ထုတ် ပြန်သည်။

အခြားဖြစ်ရပ်တစ်ခုအနေ ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင်လည်း မြန်မာ့ တပ်မတော်နှင့် တအာင်းအဖွဲ့ (TNLA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အနည်းဆုံးအ ရပ်သားလေးဦးခန့် သေဆုံးခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ထို့အပြင် ရခိုင်ပြည်နယ်အ ခြေအနေနှင့် ပတ်သက်၍လည်း OCHA ထုတ်ပြန်ချက်တွင် ၂၀၁၆ အောက်တိုဘာကစတင်ပြီး ရခိုင် ပြည်နယ်မှ ခန့်မှန်းလူဦးရေ ၇၄,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော် ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဖော်ပြ ထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် မောင်တောဒေသရှိ နယ်ခြား စောင့်ရဲစခန်းသုံးခုကို ၂၀၁၆ အောက်တိုဘာ ၉ ရက်တွင် အ ကြမ်းဖက်သမားများက ဝင် ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့သည်။ ထို့နောက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများအတွင်း လူ့အခွင့်အ ရေးချိုးဖောက်မှုများရှိခဲ့ပြီး ဘင်္ဂါ လီလူမျိုးများမှာ တစ်ဖက် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြောင်း နိုင်ငံတကာက စွပ်စွဲပြောကြားသည်။

From : 7 day daily

Originally published at - http://www.7daydaily.com/story/92248

Read More »

မြန်မာ ဒုက္ခသည် အမျိုးသမီး တစ်ဦး မလေးရှားမှာ အသတ်ခံရ




မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဂျလန် ဂျန်တင်း ကလန် အနီးရှိ အခန်း တခုရဲ့ အိပ်ယာပေါ်မှာ ကုလသမဂ္ဂ ဒုက္ခသည် လက်မှတ် ကိုင်ဆောင် ထားတဲ့ မြန်မာ အမျိုးသမီး တစ်ဦး ဓားနဲ့ အချက်ပေါင်း များစွာ ထိုးပြီး အသတ်ခံ ခဲ့ရပါတယ်။

အသက် ၂၆ နှစ် အရွယ်ရှိ အဲဒီ အမျိုးသမီးကို မနေ့က မတ်လ ၁၉ ရက်နေ့မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံး နေတာကို တွေ့ရကြောင်းနဲ့ အဆိုပါ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၂ လ ကတည်းက သူ့ရဲ့ ရည်းစားဖြစ်သူ အသက် ၂၇ နှစ် အရွယ် အမျိုးသား အတူ နေနေတာဖြစ်ကြောင်း ရဲဌာနက ဆိုပါတယ်။

အဆိုပါ အမျိုးသားဟာ စားသောက်ဆိုင် တစ်ခုမှာ ဧည့်ကြို လုပ်ပါတယ်။ အသတ် မခံရခင် အစောပိုင်းမှာ သူမကို သူ့ရည်းစားနဲ့ အတူတွေ့ခဲ့ တယ်လို့ မျက်မြင် သက်သေတွေက ဆိုပါတယ်။

အသတ်ခံရသူ အမျိုးသမီးဟာ ဗိုက်ကို ဓားနဲ့ အနည်းဆုံး ၅ ချက်မက အထိုးခံထားရပြီး ညာဘက်လက်ကိုလည်း လိမ်ချိုးခံထားရတယ်လို့ မူခင်းဆရာဝန်တွေရဲ့ ကနဦးစစ်ဆေးချက်မှာ ဖော်ပြထားပါတယ်။

အခန်းထဲကို ချိုးဖျက် ဝင်ရောက်ထားခြင်းမရှိဘဲ သူမရဲ့ လက်ကိုင်ဖုန်းကလွဲလို့ တခြား ပျောက်ဆုံးတာလည်း မရှိပါဘူး။ အသတ်ခံရသူရဲ့ ရည်းစား အမျိုးသားကို ရဲက ခေါ်ယူစစ်ဆေးနေပြီး သံသယရှိသူ အသက် ၂၅ နှစ်အရွယ် ဗီယက်နမ် အမျိုးသားနဲ့ အသက် ၂၈ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသား နှစ်ယောက်ကိုလည်း ဖမ်းဆီး စစ်ဆေးနေပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/local-news/32319/

Read More »

Monday, March 20, 2017

NLD အစိုးရ သက်တမ်း တစ်နှစ်ပြည့် အခမ်းအနား စင်္ကာပူမှာ ကျင်းပ




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ သက်တမ်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်း အနားနဲ့ စာပေ ဟောပြောပွဲကို စင်္ကာပူ နိုင်ငံ ရောက်ရှိ နေတဲ့ မြန်မာနိုင်ငံ သားတွေ စုပေါင်းပြီး ဒီကနေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။

NLD ပါတီရဲ့ နိုင်ငံရေး ဖြတ်သန်းရာ တစ်လျှောက် တွေ့ကြုံခဲ့ တာတွေကို NLD ပါတီရဲ့ အဓိက ပုဂ္ဂိုလ်တွေက ဟောပြောကြတာ ဖြစ်ပြီး စင်္ကာပူနိုင်ငံရောက် မြန်မာ လူငယ်တွေ သိစေဖို့ အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ အခမ်းအနား စီစဉ်သူတွေ ထဲက တစ်ဦးဖြစ်တဲ့ ကိုမျိုးဇေယျာဦးက ပြောပါတယ်။

စာပေဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် အနီးကပ်နေထိုင်ခဲ့တဲ့ ဒေါ်ခင်ခင်ဝင်း၊ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနဲ့ မြန်မာ့လူမှုဘဝတိုးတက်မြင့်မားရေး အသင်းက ဦးနေမျိုးဇင်တို့က ဟောပြောကြပါတယ်။

လူအယောက် ၅၀၀ ဆန့်တဲ့ စင်္ကာပူနိုင်ငံရဲ့ MDIS ကျောင်းခန်းမကြီးထဲမှာ ကျင်းပတာဖြစ်ပြီး စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ခန်းမပြည့်တက်ရောက် ကြပါတယ်။

အခမ်းအနားမှာ NLD နာယက သူရဦးတင်ဦး ၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် တစ်လျှောက်လုံး ထမင်းချိုင့်ပို့ပေးခဲ့တဲ့ ဦးမြင့်စိုးနဲ့ ရန်ကုန်တိုင်းဒေသကြီး ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးတို့က ဗွီဒီယိုက တဆင့် အမှတ်တရ စကားပြောခဲ့ကြပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

အမျိုးသမီးများ အဖွဲ့ချုပ် ခေါင်းဆောင် သစ်တွေနဲ့ ပြည်တွင်းသို့ ပြောင်းမည်




ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အမျိုးသမီးများ အဖွဲ့ချူပ် မြန်မာနိုင်ငံ WLB ရဲ့ ၉ ကြိမ်မြောက် ညီလာခံ ကနေ ခေါင်းဆောင် အသစ်တွေ ရွေးချယ် လိုက်ပြီး နှစ်ပေါင်း များစွာ နယ်စပ် ဒေသတွေမှာ အခြေ စိုက်ရာ ကနေ ပြည်တွင်း ပြောင်းရွှေ့ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

အမျိုးသမီး အဖွဲ့ ၁၃ ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်း ထားတဲ့ အမျိုးသမီးများ အဖွဲ့ချူပ် မြန်မာနိုင်ငံ WLB ရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြည်တွင်းမှာ ပြောင်းရွှေ့ အခြေစိုက်လုပ်ဆောင်သွားကြဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ အဖြစ် အသစ်ခန့်အပ်ခံရတဲ့ မော်ဒေးမြာက RFA ကို အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံက အမျိုးသမီးတွေက အကြောင်းအရင်းတွေ အများကြီးရှိတယ်၊ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကောပေါ့နော် စစ်ပွဲတွေ တိုးလာနေတဲ့အပေါ်မှာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြီးတော့ ထိုးစစ်ဆင်မှုတွေ ပြီးတော့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ၊ ပြီးတဲ့ အခါမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ချိုးဖောက်နေမှုနဲ့ ပတ်သက်တဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေ ပြီးတော့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် အမျိုးသမီးတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ၊ အဲ့ဒါတွေ အကုန်လုံး အပေါ်မှာ အခြေခံပြီးတော့ သုံးသပ်လိုက်တဲ့ အခါမှာ ဒီကိစ္စကို လုပ်ဆောင်ဖို့ လိုလာပြီ ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ကြတယ်ပေါ့နော်"

အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ WLB အဖွဲ့ကို ဦးဆောင်အကြံညဏ်ပေးနိုင်ဖို့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ အဖြစ် အဖွဲ့ဝင် ကိုယ်စားလှယ် တစ်ဦးကျစီ ပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ယောက်နဲ့ ဖွဲ့စည်းပြီး WLB ရဲ့ အတွင်းရေးမှူး အဖွဲ့ကိုတော့ အထွေထွေအတွင်းရေးမှူး အဖြစ် ပလောင် အမျိုးသမီး များအဖွဲ့ PWO က မလွေးပိုးငေး ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ တာဝန်ကို တော့ ကရင်အမျိုးသမီးအဖွဲ့ KWO က နော်ဆဲဆဲ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ တာဝန် ကိုတော့ ကရင်နီ အမျိုးသမီးအဖွဲ့ KNOW မော်ဒေးမြာ တို့ကို ခန့်အပ်ခဲ့ကြတယ်လို့ သိရပါတယ်။

WLB အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတတဲ့ လူ့ဘောင်အဖွဲ့အစည်း ကို ရှေးရှု့ပြီး အမျိုးသမီးတွေရဲ့ ဘ၀ အဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွေမှာ အခြေစိုက်တဲ့ အမျိုးသမီးအဖွဲ့အစည်း ၁၃ ဖွဲ့နဲ့ ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

From : အာအက်ဖ်အေမြန်မာသတင်းဋ္ဌာန

Originally published at - http://www.rfa.org/burmese

Read More »

Sunday, March 19, 2017

နိုင်ငံတကာ ခရီးသွားပြပွဲတွင် ပအိုဝ်းဒေသ လူမှုဆိုင်ရာ တာဝန်သိခရီးသွားလုပ်ငန်းဆု ရရှိ




ရှမ်းပြည်နယ် ညောင်ရွှေ မြို့ ပအိုဝ်း ဒေသတွင် ပြုလုပ်ထားသည့် ရပ်ရွာလူထု အခြေပြု ခရီးသွား ဒေသကို ကမ္ဘာ့ ခရီးသွား လုပ်ငန်း၏ အကြီးဆုံး ပြပွဲ တစ်ခုက လူ မှုဆိုင်ရာ တာဝန်သိ ခရီးသွား လုပ်ငန်းဆု ပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။

ယင်းဆုကို ဂျာမနီနိုင်ငံ အ ခြေစိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့က မတ်လ ၈ ရက်မှ ၁၂ ရက်အထိ ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ပြုလုပ်ခဲ့သည့် ITB Berlin 2017 နိုင်ငံတကာခရီးသွား ပြပွဲတွင် ပေးအပ်ခဲ့ကြောင်းဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီအတွင်း က စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့ သည့် အာဆီယံခရီးသွားဖိုရမ်တွင် လည်း မြန်မာနိုင်ငံအတွင်းရှိ ရပ် ရွာလူထု အခြေပြု ခရီးသွားလုပ် ငန်း ဆောင်ရွက်နေသည့် ဒေသ သုံးခုကို ဆုများပေးအပ်ချီးမြှင့်ခဲ့ သည်။

အဆိုပါ ခရီးသွားပြပွဲသည် ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ အကြီး ဆုံးပြပွဲတစ်ခုဖြစ်ပြီး မြန်မာ့ခရီး သွား ကဏ္ဍကို ဥရောပနှင့် အမေရိကရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော အစိုးရအဖွဲ့အ စည်းများ၊ လုပ်ငန်းများ ပိုမိုသိရှိ လာစေရန် ယခုနှစ်တွင် ပြခန်းများ ကို ယခင်နှစ်များထက် ပိုမိုဖွင့် လှစ်ပြသခဲ့ကြောင်း ယင်းပြပွဲသို့ လိုက်ပါသည့် ခရီးသွားလုပ်ငန်းရှင်အချို့က ပြောသည်။

အဆိုပါ CBT စီမံချက်သည် ကျေးရွာလူမှုအခြေပြု ခရီးသွား လုပ်ငန်းဆောင်ရွက်မည့် ဒေသ များရှိ ရွေးချယ်ထားသော ကျေး ရွာများ၌ ခရီးသွားများ တည်းခို နေထိုင်ရန် လုံးချင်းအိမ်များ ဆောက်လုပ်ပေးပြီး ဒေသဆိုင်ရာ အစားအစာများ ကျွေးမွေးခြင်း၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုများ၊ ဒေသဆိုင်ရာ လက်မှုလုပ်ငန်း များ ပြသနိုင်သည့် ခရီးသွားလုပ် ငန်းတစ်ခုဖြစ်ကြောင်း ခရီးသွား လုပ်ငန်း အသင်းများမှ တာဝန်ရှိ သူအချို့က ပြောသည်။

‘‘လောလောဆယ် CBT က နေရာဒေသ ၂၀ လောက်မှာ လုပ် ထားပါပြီ။ အဲဒါက ခရီးသွားလုပ် ငန်းအသစ်ဖွင့်ပေးတဲ့သဘော လည်းဖြစ်သလို ရပ်ရွာဒေသဖွံ့ဖြိုး ရေးကိစ္စလည်း ခရီးသွားလုပ်ငန်း ရှင်တွေက ဧည့်သည်တွေကိုခေါ် ပြီး သွားပြမယ်။ နောက်ပြီး အဲဒီ မှာ ပေးအိပ်မယ်။ ပြရင်း အဲဒီမှာ အိပ်ခ၊ စားခ၊ နေခတွေကို ဟို တယ်လုပ်ငန်းရှင်တွေက တစ် ပြားတစ်ချပ်မယူဘဲနဲ့ ကျေးရွာ လူထုကို ခံစားခွင့်ပေးမယ့် အစီ အစဉ်မျိုးဖြစ်ပါတယ်။ အဲဒါက အခုစပြီး အကောင်အထည်ဖော် နေပါပြီ’’ဟု ဟိုတယ်ခရီး ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြိုင်ဒေသ၊ ရှမ်းပြည်နယ်ရှိ ပအိုဝ်း ဒေသ၊ ကယားပြည်နယ် လွိုင် ကော်အနီးရှိ ကျေးရွာနှစ်ရွာ၊ ကရင်ပြည်နယ်ရှိ သံတောင်၊ ဘားအံ၊ ချင်းပြည်နယ် ကန်ပက် လက်နှင့် ကလေးမြို့အနီးရှိ ခိုင် ခမ်းရွာနှင့် စလေမြို့အနီးရှိ မန် ကျည်းကန်ရွာတို့တွင် အထက်ပါ စီမံချက်အရ တည်းခိုအိမ်များ ဆောက်လုပ်ထားသည်။

(ဓာတ်ပုံ− ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန)

From : 7 day daily - By: မင်းဟိန်းကျော်

Originally published at - http://www.7daydaily.com/story/91929

Read More »

Saturday, March 18, 2017

ရခိုင်အရေး ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက် အပေါ် တရုတ်နှင့် ရုရှား ကန့်ကွက်




ရခိုင်ပြည်နယ် အခြေအနေ တင်းမာမှု အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စိုးရိမ်ကြောင်း မတ်လ ၁၇ ရက်နေ့က သတင်း ထုတ်ပြန် ခဲ့မှုကို တရုတ်နဲ့ ရုရှားနိုင်ငံ တို့က ကန့်ကွက် လိုက်တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြ ပါတယ်။

မြန်မာ စစ်တပ်က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူသားမျိုးနွယ် အပေါ် ရာဇဝတ်မှု ကျူးလွန်တယ်၊ အလွန်ကြမ်းကြုတ် ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ ၄ လ ကြာအောင် ပြုလုပ်နေ တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်းဖော်ထုတ် သူတွေက ပြောလိုက်တာပါ။

ဗြိတိန် သံအမတ်ဖြစ်သူ မက်သရူးရီကရော့ဖ်တ် ကတော့ ကုလသမဂ္ဂရဲ့ သတင်း ထုတ်ပြန်မှု အပေါ် အားလုံးက သဘောတူ လက်ခံတာမျိုး မရှိဘူးလို့ သတင်းထောက်
တွေကို ပြောပါတယ်။

နိုင်ငံရဲ့နယ်မြေအချို့မှာ တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပေါ်နေတာအပေါ် သိရှိစိုးရိမ်ကြောင်းနဲ့ အဲ့ဒီဒေသတွေအားလုံးမှာ အရေးကြီးလှတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိအောင် အလေးထားဆောင်ရွက်ခဲ့ကြောင်းလည်း ဗြိတိန်နိုင်ငံရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတဲ့ ဗြိတိန်နိုင်ငံရဲ့ သံအမတ် ရီကရော့ဖ်ထ်က “ကျနော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံပြီး ရခိုင်ပြည်နယ်အပါအဝင် နှစ်ဦးနှစ်ဖက်လုံးကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထောက်ပံ့နေတဲ့ အကြီးမားဆုံး အလှူရှင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပေါ် အရေးယူနိုင်ပေမယ့် လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ရဲ့ ထောက်ခံမှုအပေါ် လုံးဝမူတည်နေပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က တရားလက်လွတ်သတ်ဖြတ်မှု၊ လက်နက်ကိုင်အဓမ္မကျင့်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်နိုင်ခြေတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/195872

Read More »

Thursday, March 16, 2017

ဖိလစ်ပိုင်သမ္မတ ဒူတာတေး မြန်မာပြည်လာမည်




မူးယစ် ဆေးဝါး နှိမ်နင်းရာမှာ နာမည်ဆိုးနဲ့ ကျော်ကြား နေတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် တရားဝင် ချစ်ကြည်ရေး ခရီး လာရောက်ဖို့ ရှိနေ ပါတယ်။

မြန်မာ သမ္မတ ဦးထင်ကျော်ရဲ့ တရားဝင် ဖိတ်ကြားချက် အရ မကြာမှီ ကာလမှာ လာရောက်မယ်လို့ အစိုးရ ပြန်ကြားရေးက သတင်း ထုတ်ပြန် ထားပြီး ခရီးစဉ် အသေးစိတ် ကိုတော့ ဖော်ပြခြင်း မရှိသေးပါဘူး။

ဒူတာတေးဟာ ၂၀၁၆ ဇွန်လမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတ အဖြစ် တာဝန် ထမ်းဆောင် ခဲ့တာဖြစ်ပြီး သူတက် လာပြီးနောက် နိုင်ငံတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ် ဖောက်ကား မှုတွေကို ပြင်းပြင်း ထန်ထန် ပြတ်ပြတ် သားသား နှိမ်နင်းခဲ့သူ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေကို ပစ်သတ်နိုင်တဲ့ ဥပဒေတခု ပြဋ္ဌာန်းပေးခဲ့သလို မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေအတွင်း ဖိလစ်ပိုင်မှာ လူပေါင်း ၇၀၀၀ လောက် သေဆုံးခဲ့ပြီး ဒီအထဲက ၂၅၀၀ လောက်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်လွတ်စပယ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ရတာလို့ ဝေဖန် ခံနေရပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/195390

Read More »

Wednesday, March 15, 2017

စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ လူ့အခွင့်ရေး ကောင်စီမှာ ယန်ဟီးလီ တောင်းဆိုချက် ထောက်ခံမှု နည်း




ရခိုင်ပြည်နယ်က မွတ်စလင် အရေးမှာ အထူးစုံစမ်းရေး ကော်မရှင်ဖွဲ့ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီရဲ့ တောင်းဆိုချက်ကို ဥရောပ သမဂ္ဂအပါအဝင် အရေးကြီး ကိုယ်စားလှယ်တွေက မထောက်ခံကြပါဘူး။

မစ္စ ယန်ဟီးလီက ၂၀၁၂ နဲ့ ၂၀၁၄ မှာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ကိုင်တွယ်ခဲ့မှုတွေကို စုံစမ်းဖို့ အထူး စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နယ်သာလန်၊ ဗြိတိန်တို့လို အရေးကြီးတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေက မစ္စ ယန်ဟီးလီ တောင်းဆိုချက်ကို မထောက်ခံကြပါဘူး။ အဲဒီလို စုံစမ်း စစ်ဆေး မှုတွေက နုနယ်သေးတဲ့ ဒီမိုကရေစီ အကူးအပြောင်း နိုင်ငံ တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံကို ခြိမ်းခြောက် လိုက်သလို ဖြစ်သွားမှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ နယ်သာလန်၊ ဗြိတိန်တို့က စုံစမ်းရေး ကော်မရှင်ဖွဲ့မယ့်ကိစ္စမှာ ဘာမှ ဝင်မပြောဘဲ နေခဲ့ကြပါတယ်။

လူ့အခွင့်အရေး ကောင်စီဆိုင်ရာ ဗြိတိသျှ ကိုယ်စားလှယ် ဂျူလီယန် ဘရိတ်သ်ဝိတ်က နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာ့ အရပ်ဘက်နဲ့ စစ်ဘက်အကြား ရှုပ်ထွေးသိမ်မွေ့တဲ့ မျှခြေ အနေအထားကို မပျက်စီးစေဘဲ ဆက်ဆံဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။

မြန်မာဘက်ကလည်း ရခိုင်ပဋိပက္ခအရေးမှာ ကိုယ့်ဖာသာ ကိုင်တွယ်စုံစမ်းနေကြောင်း တုံ့ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/local-news/31733/

Read More »

Tuesday, March 14, 2017

မြန်မာ လင်မယားထံမှ မွေးကင်းစ ကလေးငယ် ခိုးယူခဲ့သည့် ထိုင်း အမျိုးသမီးကို ဖမ်းဆီး




ထိုင်းနိုင်ငံ ဆေးရုံ တရုံပေါ်မှာ မြန်မာ လင်မယား စုံတွဲထံမှ ရက်သား အရွယ်သာ ရှိသေးတဲ့ မွေးကင်းစ ကလေးငယ်ကို ခိုးယူခဲ့တဲ့ ထိုင်း အမျိုးသမီး တဦးကို ရဲတွေက ဖမ်းဆီး ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဆူနီပွန် ဆက်ခ်ဒီးဟာ နခွန်ပထုန်ခရိုင်၊ နခွန်ပထုန်ဆေးရုံမှာ မွေးဖွားတဲ့ မြန်မာလင်မယားရဲ့ ၅ ရက်သားကလေးကို မတ်လ ၁၂ ရက်နေ့က ခိုးယူခဲ့တာဖြစ်တယ်လို့ ရဲတွေကို ဝန်ခံထွက်ဆိုခဲ့တာပါ။

ကလေးရဲ့ ဖခင်ဖြစ်သူက တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ရဲတွေဟာ ဆေးရုံ စီစီတီဗွီ ရုပ်သံမှတ်တမ်းတွေကတဆင့် သူ့ကို ဖမ်းဆီးနိုင်ဖို့ ရှာဖွေခဲ့ကြချိန်မှာ နခွန်ပထုန်ဒေသမှ သူ့နေအိမ်မှာ ဖမ်းမိခဲ့တာပါ။

ခိုးယူခံရတဲ့ကလေးကို မတ်လ ၉ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ဆူနီပွန်ဟာ ကလေးမွေးဖွားပြီး နောက်တနေ့ကတည်းက ကလေးငယ်ရဲ့ မိဘတွေအနီး ရှိနေခဲ့ပြီး လိုအပ်တာတွေကို ကူညီနေခဲ့ကာ ဆေးရုံဝန်ထမ်းတွေကိုတော့ သူဟာ ဆွေမျိုးတော်စပ်တဲ့သူတဦးလို့ ပြောထားခဲ့တာပါ။

ဆူနီပွန်ဟာ ဆေးဖိုးဝါးခ ကုန်ကျငွေတွေကိုတောင် ပေးခဲ့ပြီးနောက်မှာတော့ မြန်မာစုံတွဲကတော့ သူ့ကို စိတ်သဘောကောင်းသူတဦးအဖြစ် ယုံကြည်ယူဆခဲ့ကြတာပါ။

မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ သူတို့ဟာ ဆေးရုံက ဆင်းခဲ့ကြပြီး နေ့လယ်ပိုင်းမှာတော့ သူတို့နေအိမ်ကို ဆူနီပွန်က ရောက်လာခဲ့ကာ ကလေးကို ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ။

ကလေးငယ်ရဲ့မိခင်ဟာ ကလေးငယ်ကို ဆူနီပွန်နဲ့အတူ ထည့်ပေးလိုက်ကာ ခင်ပွန်းဖြစ်သူကိုပါ အငှားကားနဲ့ အတူလိုက်စေခဲ့ပါတယ်။

ဆေးရုံကိုရောက်ပြီး ဖခင်ဖြစ်သူက တက္ကစီခ ပေးချေနေချိန်မှာတော့ ဆူနီပွန်ဟာ တခြားထွက်ပေါက်တခုကနေ ကလေးငယ်ကို ခိုးယူထွက်ပြေးသွားခဲ့တာပါ။

လက်ရှိမှာတော့ ကလေးငယ်ကို နခွန်ပထုန်ဆေးရုံ ပို့ဆောင်ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။

ဆူနီပွန်ကတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ခိုးယူမှုနဲ့ ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/194864


Read More »