
အချိန်အခါနှင့် အညီ ကထိန် ရာသီ ရောက်လေတိုင်း ကထိန်ပွဲ များသို့ အရောက် သွား ခဲ့ပါသည်။ သို့သော်လည်း မိတ်ဆွေ
များနှင့် စားသောက် ရယ်မော စကားပြော၍သာ ပြန်ခဲ့တာများပါသည်။ အချိန်မရ၍ ဟူသော အကြောင်းပြချက်နှင့် ကထိန် တရားကို ကောင်းစွာ မနာယူခဲ့သဖြင့် ကထိန်အကြောင်းကို ကောင်းစွာ မသိခဲ့။
ထို့ကြောင့် ကထိန်အကြောင်း တစေ့ တစောင်း သိလို၍ နီးစပ်ရာ ဆရာတော်အား မေးမြန်း လျှောက်ထားရာ -
☺မေး။ ။ အရှင်ဘုရား .. ကထိန်ဆိုတာ ဘာလဲ ဘုရာ့၊ တန်ဆောင်မုန်း လမှာ ပျော်ပွဲရွှင်ပွဲ ကခုန်ပွဲတွေ ကျင်းပတဲ့ အခါ ဆီမီး
ထိန်ထိန် ထွန်းတာကို ကထိန်လို့ ခေါ်တာလား။
☺ဖြေ။ ။ အေး .. ကောင်းသကွာ၊ ဒကာလေး မေးလိုက် တော့မှပဲ ကထိန် ရဲ့ အဓိပ္ပာယ် ပျက်စီး တော့ တယ်။ ကထိန် ဆိုတဲ့ အ
ဓိပ္ပာယ်က ဒီလို ဒကာလေးရ ကထိန်ခင်းပြီးတဲ့ အခါ ကထိန်ခင်းတဲ့ ကျောင်းက ပထမဝါသီတင်းသုံးကြတဲ့ ရဟန်းတွေအား
လုံး ကထိန်ရဲ့ အကျိုးငါးမျိုး ရကြတယ်။ အဲဒီ အကျိုး ငါးမျိုး ရရှိမှုကို ခိုင်မြဲစေတာကို ကထိန်လို့ ခေါ်တယ်။
☺မေး။ ။ ကထိန် ခင်းတယ် ဆိုတာကကော ဘာလဲဘုရာ့။ သင်္ကန်းတွေ စောင်တွေ တိုင်ကပ်နာရီတွေ တခြား အသုံးအဆောင်
ပစ္စည်းတွေကို ပဒေသာပင် သီးပြီး ခင်းကျင်းပြသ ထားတာကို ကထိန် ခင်းတယ်လို့ ခေါ်တာလား။
☺ဖြေ။ ။ ကထိန်ခင်းတယ် ဆိုတာ သံဃာတွေ လုပ်ရတဲ့ အလုပ် ဒကာလေးရ။
ကထိန်အကျိုး ငါးမျိုးကို ကျောင်းတိုက်အတွင်းမှာ ဖြန့်ခင်းထားသလို ပြန့်နှံ့အောင် လုပ်တာကို တနည်းအားဖြင့် ဝိနည်းစည်း
ကမ်းအရ စီစဉ်တာကို ကထိန်ခင်း တယ်လို့ ခေါ်တယ်။ ဒကာ ဒကာမ တွေက ကထိန် ခင်းလို့ မရဘူး ဒကာလေးရ ။ ကထိန်
သင်္ကန်းနဲ့ ကထိန်ပွဲ ဖြစ်အောင် လှူဒါန်း ထောက်ပံ့ တာကိုပဲ လုပ်နိုင် တယ်။ အဲဒီလို သင်္ကန်း စတဲ့ လှူဖွယ် ပစ္စည်း တွေ လှူပြီး ကထိန်ပွဲ ဖြစ်အောင် ဆောင်ရွက်ပေး တာကိုပဲ ကျွန်တော် ကျွန်မတို့ ဘယ်ကျောင်းမှာ ဒီနှစ် ကထိန်ခင်းတယ်လို့ ပြောတတ်
ကြတယ်။ တကယ်တော့ ဒကာ ဒကာမတွေက ကထိန်ခင်းလို့ မရဘူး။ သံဃာတော် တွေကပဲ ကထိန်ခင်းလို့ ရတယ်။
သံဃာတော် တွေ ကထိန် ခင်းနိုင် အောင်လို့ ဒကာ ဒကာမတွေက သင်္ကန်းလှူဒါန်း ရတာမို့ ဒကာ ဒကာမတွေ ကထိန်ခင်း
တယ်လို့လဲ ပရိယာယ် အနေနဲ့ ဆိုနိုင်ပါတယ်။ ဒါကြောင့် “ကျွန်တော် ကျွန်မတို့ ဘယ်ကျောင်းမှာ ဒီနှစ် ကထိန်ခင်းတယ်”
လို့ ပြောတဲ့ စကားဟာ တနည်းအားဖြင့် သင့်လျော်တယ်လို့ ဆိုနိုင်ပါတယ်။
☺မေး။ ။ အရှင်ဘုရား ညပ်မကြီး ညပ်မကြီးဆိုတာကကော ဘာလဲဘုရာ့။ ပဒေသာပင်မှာ ကပ်,ညှပ်ထားတဲ့ အဖိုးတန်ဆုံးအ
ရာကို ညပ်မကြီးလို့ ခေါ်တာလား။
☺ဖြေ။ ။ ညပ်မကြီးဆိုတာ ဒကာလေးပြောသလို မဟုတ်ဘူး။ အသံထွက်တူပေမယ့် သတ်ပုံ စာလုံးပေါင်း မတူ၊ အဓိပ္ပာယ်မ
တူတဲ့ စကားလုံး ဝေါဟာရတမျိုးဖြစ်နေတယ် ဒကာလေးရ။ ကထိန်နဲ့ ပတ်သက်တဲ့ စကားလုံးက “ဉတ်”ဖြစ်တယ်။ “ဉတ္တိ”
ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတယ်။ “ဉတ္တိဒုတိယကမ္မဝါစာ” ရွတ်ဖတ်ပြီး ကထိန်ခင်းထိုက်တဲ့ ရဟန်းကို ကထိန်သ
င်္ကန်းပေးရတယ်။ ဒါကြောင့် အဲဒီ ကထိန် သင်္ကန်းကို “ဉတ်သင်္ကန်း”လို့ ခေါ်ရတယ်။ ဉတ်သင်္ကန်း ဟာ ရဟန်းတွေ အသုံး
ပြုနေကြ ခါးဝတ် သင်္ကန်း၊ အပေါ်ရုံ သင်္ကန်း၊ ခြုံသင်္ကန်း (နှစ်ထပ် သင်္ကန်းကြီး) ဆိုတဲ့ သင်္ကန်း သုံးထည် ထဲက တစ်ထည်
ထည် ဖြစ်နိုင်တယ်။
☺မေး။ ။ အရှင်ဘုရား ပြောရင်း ပြောရင်းနဲ့ ရှုပ်သွားပြန်ပြီ။ “ဉတ္တိဒုတိယကမ္မဝါစာ” ရွတ်ဖတ်ပြီး သင်္ကန်းပေးရတယ်ဆိုတာ
မှာ ဉတ်ဆိုတာက ဘာလဲဘုရာ့။ နောက်ပြီး ကမ္မဝါစာဆိုတာကြီးကကော။
☺ဖြေ။ ။ ဉတ်ဆိုတာက ‘သံဃာတော်ဟာ ယခု သံဃာ့ကိစ္စကို ပြုကြပါမယ်’လို့ သံဃာတော်တွေကို သိစေဖို့ ပြောကြားတာပဲ။ ကမ္မဝါစာဆိုတာကတော့ ‘သံဃာက ဒီကိစ္စကို ဒီလိုပြုလုပ်ပါတယ်၊ သဘောတူကြပါသလား၊ သဘောမတူရင် ပြောကြပါ၊
သဘောတူရင် ငြိမ်ငြိမ်နေတော်မူပါ’လို့ အဆိုပြု တင်ပြတဲ့စကားရပ်ပဲ။ နားလည်အောင် ပြောရရင်တော့ သံဃာနဲ့ပတ်သက်
တဲ့ ကိစ္စတခုခုကို ပြုတဲ့အခါ သဘောတူ,မတူ မေးမြန်းပြီး သံဃာရဲ့ အတည်ပြုချက်ရဖို့ မေးမြန်းပြောဆိုတဲ့ စကားကို ကမ္မဝါ
စာလို့ ခေါ်တယ်။
☺မေး။ ။ ဘာကြောင့် ကထိန်ခင်းရတာလဲဘုရာ့။
☺ဖြေ။ ။ ရဟန်းတော်တွေ လိုက်နာဖို့ ဘုရားရှင်ချမှတ်ထားတဲ့ စည်းကမ်းချက် (ဝိနည်းသိက္ခာပုဒ်) အချို့ကို အချိန်ကာလ အ
တိုင်းအတာတခုအတွင်း မလိုက်နာဘဲ ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်နိုင်ဖို့အတွက် ကထိန်ခင်းရတာပဲ ဒကာလေးရ။
☺မေး။ ။ ဘယ်လို စည်းကမ်းချက်တွေက ကင်းလွတ်ခွင့်ရတာလဲ ဘုရာ့။
☺ဖြေ။ ။ ရဟန်းတပါးဟာ အိမ်တအိမ်က ဆွမ်းစားပင့်ထားပြီး ဖြစ်ပါလျက်နဲ့ အဲဒီအိမ်မှာ ဆွမ်းမစားမီဖြစ်စေ၊ ဆွမ်းစားပြီးမှ ဖြစ်
စေ တခြား အိမ်ကို ကိစ္စ တခု ခုကြောင့် သွားချင်ရင် ရဟန်း တပါး ပါးကို ပြောပြီးမှ သွားရတယ်။ မပြောဘဲ သွားရင် အာပတ်
သင့်စေလို့ ဘုရားရှင်က စည်းကမ်း ချမှတ်ထားတယ်။ ဒါပေမယ့် မကျန်းမာတဲ့ အခါ သင်္ကန်းလှူတဲ့အခါ သင်္ကန်းချုပ်တဲ့အခါ
မျိုးတွေမှာတော့ ဘယ်သူ့မှ မပြောဘဲ သွားနိုင်တယ်။ ကထိန် ခင်းထားတဲ့ ရဟန်းကတော့ ကထိန် ခင်းပြီးတဲ့ အချိန်က စပြီး
တပေါင်း လပြည့်နေ့ အထိ အဲဒီ စည်းကမ်းကို မလိုက်နာဘဲ နေနိုင် တယ်။ မြို့ထဲရွာထဲ သွားတဲ့ အခါ မှာလဲ ဘယ်သူ့ ကိုမှ
မပြောဘဲ သွားနိုင်တယ်။
ရဟန်းတော်တွေမှာ ခါးဝတ်(သင်းပိုင်) အပေါ်ရုံ(ဧကသီ) ခြုံထည်(သင်္ကန်းကြီး)ဆိုတဲ့ သင်္ကန်းသုံးထည်ကို ဝတ်ရုံ သုံးဆောင်
ပုံ နှစ်မျိုးရှိတယ် ဒကာလေးရ ဒီသင်္ကန်းသုံးထည်ကို သာမန်အဝတ်သင်္ကန်းအနေနဲ့ သဘောထားပြီးတော့ ဝတ်ရုံသုံးဆောင်
တာနဲ့ အဲဒီသင်္ကန်းသုံးထည်ကိုပဲ သူ့အမျိုးအစားအလိုက် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သတ်မှတ်ထားပြီးတော့ ရိုရိုသေသေ ဝတ်ရုံသုံး
ဆောင်တာ ဖြစ်တယ်။
တကယ်လို့ ရဟန်းတပါးဟာ သင်္ကန်းသုံးထည်ကို သူ့အမျိုး အစား အလိုက် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သတ်မှတ် ထားပြီးတော့ ရိုရို
သေသေ ဝတ်ရုံသုံးဆောင်ရင် အဲဒီသင်္ကန်းသုံးထည်စလုံးနဲ့ အရုဏ်တက်ချိန်အထိ အတူ ရှိနေရမယ်။ ဝတ်ရင်လဲ ဝတ်ထား၊ ဝတ်မထားရင်လဲ သူ့ရဲ့နှစ်တောင့်ထွာ အကွာအဝေး အတွင်းမှာ ရှိနေစေရတယ်။ အဲဒီလို မဟုတ်ဘူး ဆိုရင် အပြစ် ရှိတယ်။
ကထိန်ခင်းတဲ့ ရဟန်းတော်မှာတော့ ဒီစည်းကမ်းချက်ကို တပေါင်းလပြည့်နေ့အထိ မလိုက်နာဘဲ နေလို့ရတယ်။ ဥပမာ-ခရီး
သွားရင် သင်္ကန်းတထည်ထည်ကို ယူသွားစရာ မလိုတော့လို့ ပေါ့ပေါ့ပါးပါး ခရီးသွားနိုင်တယ်။
“အရှင်ဘုရား၊ တပည့်တော်အိမ်ကို ထမင်းစားကြွပါဘုရား၊ ထမင်းဘုဉ်းပေးကြွပါဘုရား၊ မုန့်စားကြွပါဘုရား”လို့ လူသုံးစကား
နဲ့ (သာသနာသုံးစကားနဲ့ မဟုတ်ဘဲ) ဆွမ်းစားပင့်ရင် လေးပါးထက်များတဲ့ ရဟန်းတွေဟာ အတူတူ တချိန်ထဲ ကြွသွားပြီး အဲ
ဒီဆွမ်းကို မဘုဉ်းပေး ကောင်း ဘူး။ အပြစ် ဖြစ် တယ်။ လေးပါး အောက် နည်းတဲ့ ရဟန်းတွေ ကတော့ အတူတူ တချိန်ထဲ ကြွ
သွားပြီး အဲဒီဆွမ်းကို ဘုဉ်းပေးနိုင်တယ်။ ကထိန်ခင်းတဲ့ ရဟန်းတော်မှာတော့ ဒီစည်းကမ်းချက်ကို တပေါင်းလပြည့်နေ့ အထိ
မလိုက်နာဘဲ နေလို့ရတယ်။
မှတ်ထား ဒကာလေးရ .. ဘုန်းကြီးတွေကို ဆွမ်းစားပင့်ရင် ‘မုန့်ဟင်းခါးစား ကြွပါဘုရား၊ ခေါက်ဆွဲစား ကြွပါဘုရား၊ ထမင်းစား
ကြွပါဘုရား’လို့ မပင့်ရဘူး။ ‘အရှင်ဘုရား၊ တပည့်တော်အိမ်ကို ဆွမ်းဘုဉ်းပေးကြွပါဘုရား၊ မုန့်ဆွမ်း ဘုဉ်းပေးကြွပါဘုရား’လို့
သာသနာသုံးစကားနဲ့ ဆွမ်းစားပင့်ရတယ်။
☺မေး။ ။ အရှင်ဘုရား .. ဒီလိုဆို နိုင်ငံခြားသားတွေက ဆွမ်းစားပင့်ရင် ဘယ်လိုလုပ်မလဲ ဘုရာ့။ သူတို့က ဆွမ်းဆိုတဲ့ စကားလုံး
ကို သုံးမှ မသုံးတတ်ပဲ။
☺ဖြေ။ ။ တော်တော် ကပ်ကပ်သပ်သပ်နိုင်တဲ့ ဒကာလေးပဲ။ ဆွမ်းဆိုတဲ့ စကားလုံးကို မသုံးတတ်ရင် breakfast နဲ့ lunch ဆိုတဲ့
စကားလုံးကိုပဲ သုံးပြီး ဆွမ်းစားပင့်ပေါ့ ဒကာလေးရ။ Pizza, Fried noodle, KFC စတဲ့ စကားလုံးတွေကို မသုံးနဲ့ပေါ့။
☺မေး။ ။ ကပ်သပ်တယ်တော့ မဟုတ်ပါဘူးဘုရား။ စဉ်းစားမိလို့ မေးတာပါ။ နောက်ကော ဘယ်လို စည်းကမ်းချက်တွေက ကင်း
လွတ်ခွင့်ရသေးပါသလဲ။
☺ဖြေ။ ။ ရဟန်းတော်တွေဟာ သင်္ကန်းကိုးထည်ထဲက တထည်ထည်ရလာရင် အဲဒီသင်္ကန်းကို (၁၀)ရက်မပြည့်မီ အဓိဋ္ဌာန်တင်
ရင်လဲတင်၊ ဝိကပ္ပာပြုရင်လဲပြု တခုခုလုပ်ပြီး သိမ်းထားရတယ်။ မလုပ်ဘဲ သိမ်းထားရင် အဲဒီသင်္ကန်းကို မသုံးဆောင်ကောင်း
တော့ဘူး။ ရလာတဲ့ သင်္ကန်းကို ဆယ်ရက် အတွင်းမှာ အဓိဋ္ဌာန် မတင် ဝိကပ္ပနာမပြုဘဲ သိမ်းထားမိတဲ့ အတွက် အပြစ်ဖြစ်ပြီး
အဲဒီ သင်္ကန်းကိုလဲ စွန့်လွှတ် လိုက်ရ တော့တယ်။ ကထိန်ခင်းတဲ့ရဟန်းတော်မှာတော့ ဒီစည်းကမ်းချက်ကို တပေါင်းလပြည့်
နေ့အထိ မလိုက်နာဘဲ နေလို့ရတယ်။
☺မေး။ ။ အဓိဋ္ဌာန်တင်တယ်၊ ဝိကပ္ပနာပြုတယ်ဆိုတာက ဘယ်လိုလုပ်တာလဲ ဘုရာ့။
☺ဖြေ။ ။ အဓိဋ္ဌာန်တင်တယ်ဆိုတာ သင်္ကန်းသုံးထည်ကို သူ့အမျိုးအစားအလိုက် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သတ်မှတ်ထားပြီးတော့ ရို
ရိုသေသေ ဝတ်ရုံ သုံးဆောင် မယ်လို့ စွဲမြဲစွာ တည်ဆောက် တာပဲ။ ဝိကပ္ပနာ ပြုတယ် ဆိုတာ ကတော့ ရလာတဲ့ သင်္ကန်းကို
ကိုယ့် ပစ္စည်းဆိုတဲ့ အမှတ်သညာ ကင်းအောင် ပြုလုပ်ပြီး အခြား ရဟန်း တပါးပါးအား ခေတ္တအပ်နှံ ထားတာပါပဲ။
☺မေး။ ။ စောစောက ပြောတဲ့ အထဲမှာ သင်္ကန်း ကိုးထည်ဆိုတာ ပါတယ်။ အဲဒီ သင်္ကန်း ကိုးထည်ဆိုတာ ဘာပါလဲဘုရာ့။
☺ဖြေ။ ။ သင်္ကန်း ကိုးထည် ဆိုတာ ခါးဝတ်သင်္ကန်း၊ အပေါ်ရုံသင်္ကန်း၊ နှစ်ထပ် သင်္ကန်းကြီး၊ အိပ်ယာခင်း၊ မျက်နှာသုတ်ပုဝါ၊
သင်္ကန်း မချုပ်ရသေးတဲ့ အဝတ်အထည် အတိုအစ၊ ထိုင်စရာ အခင်း၊ မိုးရေခံ ရေလဲသင်္ကန်းနဲ့ အမာလွှမ်း သင်္ကန်းတွေ
ဖြစ်တယ်။
☺မေး။ ။ ကထိန်ခင်းတဲ့အတွက် နောက်ထပ် ဘယ်လို အကျိုးရနိုင်သေးသလဲ ဘုရာ့။
☺ဖြေ။ ။ ကထိန်ခင်းတဲ့ရဟန်းဟာ ကျောင်းတိုက်အတွင်းမှာ ကထိန်ခင်းတဲ့ လက စပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်း
ဖြစ်ပေါ်လာတဲ့ အများဆိုင်သင်္ကန်းစတဲ့ ပစ္စည်းတွေကို ဝေစုအနေနဲ့ ပိုင်ဆိုင်ခွင့် ရတယ်။
မေး။ ။ ဒီလိုဆို ကထိန်ပွဲမှာ လှူတဲ့ သင်္ကန်းတွေ ဘုန်းဘုန်းတို့ အားလုံး ပိုင်ဆိုင် တာပေါ့နော်။ သင်္ကန်းလှူတဲ့ ဒကာ ဒကာမ၏
တွေကလဲ အများကြီး သင်္ကန်းကပ်တဲ့အခါ သင်္ကန်းမလောက်လို့ ကပ်ပြီးသား သင်္ကန်းတွေကိုပဲ ထပ်ထပ်ပြီးကပ်နေရတယ်။ သင်္ကန်းတွေတောင် Recylce ဖြစ်နေပြီ။
☺ဖြေ။ ။ ဒကာလေးပြောသလို သင်္ကန်းလှူတာ Recycle ဖြစ်နေတယ်ဆိုတာ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် အဲဒီသင်္ကန်းတွေအ
တွက် လှူတဲ့ အလှူငွေတွေနဲ့ ရေ, မီး, ဓာတ်ငွေ့, တယ်လီဖုန်းခ စတဲ့ ကျောင်းရဲ့ကုန်ကျစရိတ်တွေကို အသုံးပြုရတယ်။ ရေ,
မီး, ဓာတ်ငွေ့ တယ်လီဖုန်းစတာတွေကို သံဃာတော်တွေပဲ အသုံးပြုကြတာမို့ ဒီအလှူငွေ တွေကို သံဃာတော် လှူတာနဲ့ အ
တူတူပါပဲ ဒကာလေးရ။ နောက်ပြီး ဝါဆိုသင်္ကန်းကပ်ပွဲ ကထိန်သင်္ကန်းကပ်လှူပွဲ ကဆုန်ညောင်ရေသွန်းပွဲ (ဗုဒ္ဓနေ့)၊ နှစ်သစ်
ကူး ဆုဆောင်း မေတ္တာပို့သပွဲ စတဲ့ ကျောင်းက ပြုလုပ်တဲ့ပွဲတွေက အလှူခံရတဲ့ ငွေတွေနဲ့ သာသနာပြု လုပ်ငန်းကြီးတွေကို
လုပ်နေတာ အေဘီဘီအေ အသင်းအနေနဲ့ နယူးယောက်၊ နယူးဂျာစီပြည်နယ်မှာ ကျောင်းတွေ တည်ထောင်နိုင်ခဲ့ပြီး နယူး
ဂျာစီမှာ စေတီတော်ကြီး တစ်ဆူကိုလည်း တည်ထားနိုင် ခဲ့တယ်။ ရိပ်သာ အဆောက်အဦကြီးတဆောင်ကို ဆောက်လုပ်ဖို့
လည်း စီစဉ်နေကြတယ်။ ဒီလို သာသနာပြု လုပ်ငန်းတွေကို အကောင် အထည် ဖော်နိုင်တာဟာ ဒကာ ဒကာမတွေက စေ
တနာ ထက်ထက် သန်သန်နဲ့ လှူကြလို့၊ ဆရာတော် သံဃာတော် တွေရဲ့ ဦးဆောင်မှုကို ရယူပြီး အမှုဆောင်အဖွဲ့, ဝေယျာ
ဝစ္စအဖွဲ့နဲ့ အသင်းသူအသင်းသား အားလုံးတို့က ကြိုးပမ်းကြလို့ပေါ့ ဒကာလေးရ။
မှန်လှပါ အရှင်ဘုရား၊ ကြားရတာ ဝမ်းသာလှပါတယ်။ ကထိန်အကြောင်းလဲ အတော်အသင့် နားလည်သွားပါပြီ။
သာဓု .. သာဓု .. သာဓုပါ ဘုရား။
နွယ်သာကီ(ယူအက်စ်အေ)
မူကြိုဆရာ မှ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
မူရင်းလင့် = http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A442597&xgs=1&xg_source=msg_share_post