နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label ရုပ်/သံ. Show all posts
Showing posts with label ရုပ်/သံ. Show all posts

Friday, May 26, 2017

ပဲကြော် ကြွပ်ကြွပ် ရွရွလေး




မုန့်ဟင်းခါးကို အိမ်မှာ ချက်စားတဲ့ အခါ ဖြစ်ဖြစ် ဆီသန့်သန့် အနံ့ မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ပဲကြော် ကြွပ်ကြွပ် ရွရွလေး စားချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေ စေမယ့် ပဲကြော် ကြော်နည်း လေးကို The Kitchen ရဲ့ဟင်းလျှာ အစီအစဉ် ကနေ မျှဝေ တင်ဆက် ပေးလိုက် ပါတယ်။


From : 7Day TV

Originally published at - 7DayOnlineTV


Read More »

မန်ချက်စတာ ဗုံးခွဲသမားက လစ်ဗျားမှ ရောက်လာပြီး ရက်ပိုင်းတွင်း ကျူးလွန်




မန်ချက်စတာ၊ မေ ၂၅ ။ ။ အင်္ဂလန်က မန်ချက်စတာမြို့ ဂီတ ရှိုးပွဲတွင် အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့သူ ဆာလမန် အဘီဒီသည် လစ်ဗျားမှ ပြန်ရောက် သည်မှာ မကြာ သေးသည့် အချိန် အတွင်း ယင်းတိုက်ခိုက် မှုကို ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုင်အက်စ် တို့က ၎င်းတို့ လက်ချက်ဖြစ်သည် ကြွေးကြော်သော အမေရိကန် ပေါ့ပ် အဆိုတော် အာရီယာနာဂရန့်၏ ရှိုးပွဲတွင် ယင်းအသေခံ ဗုံးခွဲ၌ လူ ၂၂ ဦး သေဆုံးကာ ၆၄ ဦးထက် မနည်း ဒဏ်ရာ ရသည်။

အဘီဒီအား ကူညီသည့် ချိတ်ဆက် ကွန်ရက်အား ရှာဖွေဖော်ထုတ်မှု၌ ဖမ်းဆီး ထားသူ ဆယ်ဦး အထိ ရှိနေပြီဖြစ်ကာ ခြောက်ဦးမြောက် အဖြစ် အမျိုးသမီး တစ်ဦး ကိုပါ ဖမ်းဆီး ထားသည်။

အဆိုပါ အသေခံဗုံးခွဲမှုနောက်ပိုင်း ဗြိတိန်နိုင်ငံတွင် အကြမ်းဖက်ခြိမ်းခြောက်မှု အဆင့်သတ်မှတ်လိုက်ကာ တိုက်ခိုက်မှုများ ထပ်ဖြစ်နိုင်ခြေနီး၍ နိုင်ငံ တစ်ဝန်းက အရေးကြီးနေရာများတွင် စစ်အင်အားဖြင့် လုံခြုံရေး ဖြန့်ကြက်ချထားသည်။

ချိတ်ဆက်ဆောင်ရွက်မှုများအားဖြင့် လစ်ဗျားအာဏာပိုင်များက အဘီဒီ၏ ညီဖြစ်သူကိုလည်း ထရီပိုလီတွင် ဖမ်းဆီးထားသည်။


From : မဇ္ဈိမ မီဒီယာ by EFE_EPA

Originally published at - http://www.mizzimaburmese.com/article/27365

Read More »

Thursday, May 25, 2017

တရုတ်နိုင်ငံနှင့် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ကို ကျေးဇူးတင်ကြောင်း ဒေါက်တာ တင်မျိုးဝင်းပြော




၂၁ ရာစု ပင်လုံ ညီလာခံကို တက်ရောက် လာတဲ့ “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကို ကျေးဇူးတင်တဲ့ အကြောင်း ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။

နေပြည်တော် Horizon Lakeview ဟိုတယ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့ကို တဖွဲ့ ချင်းစီ တွေ့ဆုံပြီး ကျေးဇူးတင် စကားပြောဆို ခဲ့တာလို့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။

“လာတက်တဲ့အတွက် ကျနော်တို့တဖွဲ့ချင်းစီကို ကျေးဇူးတင်စကားပြောတဲ့သဘောပါ။ တဖွဲ့ချင်းစီဆိုတော့ နည်းနည်းကြာသွားတယ်။ အခု အဓိကကတော့ very social ပဲ။ ဘာတွေဆွေးနွေးတာမပါဘူး။ လာတာ social ပဲ။ အားလုံး ၇ ဖွဲ့လုံးနဲ့ တဖွဲ့ချင်းစီတွေ့တယ်။ အားလုံးကလည်း ကျနော်တို့နားလည်မှုရှိတယ်။ ကျေးဇူးတင်တယ်။ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ချက်တူတဲ့ အတွက် အားလုံးကို နှစ်ဖက်စလုံး ကျနော်တို့ တဖက်နဲ့ တဖက် အားလုံးကျေကျေ နပ်နပ် ဆွေးနွေး ဖြစ်တယ်။ ဒီလောက်ပါပဲ။”

ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အကြံပေးအဖွဲ့ခေါင်းဆောင်ဦးအောင်ကြည်တို့ တက်ရောက်ဆွေးနွေးခဲ့ ပါတယ်။

မြောက်ပိုင်းအဖွဲ့အနေနဲ့ ညီလာခံကိုလာတက်ပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ညီလာခံတက်နိုင်ရေးဝင်ရောက်ဆောင်ရွက်ပေးခဲ့တဲ့ တရုတ်ပြည် ကိုလည်း ကျေးဇူးတင်ကြောင်း လည်း မီဒီယာတွေနဲ့တွေ့ဆုံစဉ် ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

“အားလုံးကို နိုင်ငံတော်ဘက်က ကျေးဇူးတင်ဖို့ သိပ်ကောင်းတယ်။ ခွင့်ပြုတယ်။ သူတို့ဘက်လာတာလည်း ကျနော်တို့က ကျေးဇူးတင်တယ်။ ၀င်ရောက် ဆောင်ရွက်ပေးတဲ့ တရုတ်ပြည်ကိုလည်း ကျေးဇူးတင်တယ်။ ဘာလို့လဲ၊ တွေ့ရတယ်။ စကားပြောရတယ်။ အဓိကက trust ပဲလိုတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် မျက်နှာချင်းဆိုင် စကားပြောတယ်။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့လည်း မနက်ဖြန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တဖွဲ့ချင်းစီတွေ့ဆုံမှာဖြစ်တယ်လို့လည်း ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208678

Read More »

အန်စီအေပါ ခွဲမထွက်ရေးမူ SNLD ပါတီ လက်မခံ




တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ဆိုင်ရာ ရပ်စဲရေး သဘောတူ စာချုပ်(NCA) မှာ ပါရှိတဲ့ နိုင်ငံတော်၏ နယ်မြေ အပိုင်း အခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့် အခါမှ ခွဲမထွက်ရ ဆိုတဲ့ အချက်ကို ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က လက်မခံဘဲ ကန့်ကွက် လိုက်ပါတယ်။

အန်စီအေ စာချုပ်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ် အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး သုံးပါး ထည့်သွင်း ထားပြီး ဖြစ်တဲ့ အတွက် ထည့်သွင်း စရာ မလိုအပ် ဘူးလို့ ယူဆ တာကြောင့် ကန့်ကွက် တာလို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေး ဆွေးနွေးပွဲကိုယ်စားလှယ် အဖြစ် တက်ရောက် နေတဲ့ ပါတီ စည်းရုံးရေးမှူး စိုင်းထင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိက ကျနော်တို့ ကန့်ကွက်တဲ့အချက်သည် ပုဒ်မ ၈၊ အပိုဒ်ခွဲ (ဂ)။ ပုဒ်မ ၈ အပိုဒ်ခွဲ (က)မှာ ဒို့တာဝန်အရေးသုံးပါး ထည့်သွင်းထားပြီးဖြစ်တယ်။ ဒါကြောင့် မို့လို့ ဒီအချက်က ထည့်စရာ မလိုဘူးလို့ ကျနော်တို့ ကန့်ကွက်တယ်။ နံပါတ် (၂) ဒါ ထည့်သွင်း ထားခြင်းသည် ၄၇ ပင်လုံ ကတိ ကဝတ်တွေ၊ ပင်လုံ စာချုပ် ပေါ်မှာ ကျနော်တို့က တပ်မတော်ရဲ့ဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား လူမျိုး ပေါင်းစုံ၊ ခေါင်းဆောင်တွေ ညှိနှိုင်း ထားချက်၊ သဘောတူ ထားချက် ပင်လုံ စာချုပ်ကြီးကို သွေဖည်ရာ ရောက်တယ်လို့ ကျနော်တို့ ပါတီကြီးက လေးလေးနက်နက် ခံယူတယ်။

ဒါကြောင့် ကန့်ကွက်တယ်။”

အခုလက်ရှိသွားနေတဲ့လမ်းကြောင်းဟာ လုပ်ထုံးလုပ်နည်းအရလွဲချော်နေပြီး အခုလို ဆက်သွားပါက အန်စီအေ လမ်းကြောင်းပေါ်ကိုမရောက်လာသေးတဲ့ အဖွဲ့အစည်းတွေကို အခက်အခဲဖြစ်စေတယ်လို့လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှမည်သည့်အခါမှခွဲ မထွက်ရဆိုတဲ့ အချက်ဟာ အစုအဖွဲ့တစ်ဖွဲ့တချို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိ သွားနိုင်ပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်တယ်လို့ ယူဆတဲ့ အကြောင်းလည်း SNLD ပါတီရဲ့ ဒီကနေ့ မေ ၂၅ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။



From : ဒီဗွီဘီ by ကျော်ဇေယျာဝင်း

Originally published at - http://burmese.dvb.no/archives/208670

Read More »

ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်း တပ်ဖွဲ့များ တွေ့မည်ဟု ၀တပ်ဖွဲ့ပြော




နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေး မယ်လို့ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ ပြင်ပ ဆက်ဆံရေး မှူးကြီး ဦးကျောက်ကော်အန်းက ပြောကြား လိုက်ပါတယ်။

“ကျနော်တို့တော့ ဘာမှ ဆွေးနွေးတာ မရှိဘူး။ ရင်းနှီး ခင်မင်မှုကို ကြိုတင်ပြီး အဲဒီ လိုမျိုး ထိတွေ့တာ ရှိခဲ့တယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဖို့ လောလော ဆယ် ချိန်းထားတာ မနက်ဖြန်။ အကြောင်း အရာတော့ လောလော ဆယ်တော့ မရှိသေး ပါဘူး။ ခင်မင်မှု အနေနဲ့ ရင်းနှီးမှု ရယူမှာပါ။

ကျနော်တို့ ပြောချင် တာတော့ တခုပဲ ရှိတယ်။ ဒီတခါ ကျနော်တို့ ဒီညီလာခံ ဖွင့်ပွဲကို ချောမွေ့ သွားဖို့ပဲ ဖြစ်တယ်။ လောလောဆယ် ကျနော်တို့ အဲဒီလောက်ပဲ သိခဲ့သေးတယ်။ တခြားတော့ မသိသေးဘူး။

အခုတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်ပေါ့နော်။ ကျနော်တို့ ခုဖွဲ့ထားတဲ့ ကော်မတီ၊ နိုင်ငံရေး ရပ်တည်ချက်နဲ့ တောင်းဆိုချက်တော့ ကျနော်တို့ ရေးဆွဲ ထားတာ ရှိတယ်။ ဒါကတော့ ပြောမယ်ဆိုရင် ကြာရှည် သွားမယ်။ အဲဒါကို ကျနော်တို့ စာအုပ် ပုံစံနဲ့ ဖြန့်ပေးမယ်။”

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က ခေါင်းဆောင်တွေဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်းအဝေး တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိ နေတာ ဖြစ်ပါတယ်။

မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ဒီကနေ့ မွန်းလွဲပိုင်းက ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။



From : ဒီဗွီဘီ by နေဖြိုးဝင်း

Originally published at - http://burmese.dvb.no/archives/208647

Read More »

သာသနာရေး ဝန်ကြီး၏ ပြောဆိုချက် မဟုတ်မှန်ဟု အမရဘဏ် တုံ့ပြန်




သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုရဲ့ ပြောကြားချက် တွေဟာ လုံးဝ မှန်ကန်မှု မရှိကြောင်း အမရဘဏ်က ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ခုရက်ပိုင်း အတွင်း မီဒီယာတွေမှာ ဖော်ပြ ခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုရဲ့ အမရဘဏ်နဲ့ ပတ်သက်ပြီး ပြောဆို ချက်တွေ အပေါ် ပြန်လည် တုံ့ပြန် လိုက်တာပါ။

အမရဘဏ်ရဲ့ထုတ်ပြန်ချက်မှာ “ပြည်ထောင်စု ဝန်ကြီး၏ မီဒီယာများအား ပြောကြား ခဲ့သည့် မဘသ အဖွဲ့ အစည်းနှင့် အမရဘဏ်တို့ ပတ်သက်၍ ပြောကြားမှု များသည် လုံးဝ (လုံးဝ) မှန်ကန်မှု မရှိကြောင်း အသိပေး ကြေညာ အပ်သည်” လို့ ပါရှိ ပါတယ်။

ယူနိုက်တက် အမရဘဏ်ဟာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ အလျောက် ငွေကြေးစာရင်းများ၊ အကောင့် ဖွင့်လှစ်ခြင်းများ၊ ငွေထုတ် ယူခြင်းများ စတဲ့ ဘဏ္ဍာရေး ကိစ္စအဝဝကို ဗဟိုဘဏ်မှ ချမှတ်ဆောင်ရွက်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ အညီ လိုက်နာဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဗဟိုဘဏ်ကနေ ငွေကြေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တောင်းဆိုလာတဲ့ အချက်အလက်တွေ၊ စာရင်းဇယားတွေကိုလည်း နှောင့်နှေးခြင်းမရှိဘဲ အချိန်မီ ပေးပို့ဆောင်ရွက်နေကြောင်းလည်း ဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်တွေရဲ့ နေပြည်တော်ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုက “အဲဒီ ၂၀၁၆ တုန်းကလည်း ဒီငွေတွေ ဘယ်ကရလဲ ကျနော်တို့ တွေးပါတယ်။ တွေးလို့မို့ ကျနော့် လက်လှမ်းမှီသလောက် ကိုယ်ပိုင်အတွေးလေးနဲ့ပဲ ကျနော် စာရေးပါတယ်။

ဗဟိုဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေ အပ်နှံထားတဲ့ အပ်နှံငွေစာရင်းကို ဆောလျင်စွာ စိစစ်ပြီး ပြန်ကြားပေးရန် မေတ္တာရပ်ခံပါသည် ဆိုပြီး ဗဟိုဘဏ်ကို တောင်းခဲ့ပါတယ်။ တောင်းတဲ့အခါမှာ ဗဟိုဘဏ်က အချိန်နောက်ကျမှ ပြန်ပါတယ်။

အဲဒီကာလအတွင်းမှာ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်လုံးလုံး အရပ်သတင်းတွေ ထွက်လာပါတယ်။ အမရဘဏ်မှာအပ်ထားတဲ့ ငွေတွေကို နေ့ရော ညရော စနေရော တနင်္ဂနွေရော ထုတ်ပြီး ဖြန့်ခွဲ လိုက်ကြ တယ်တဲ့။

အမရဘဏ်မှာ အပ်တဲ့ငွေတွေကို ပြောပါတယ်။ အမရဘဏ်ကို ဘယ်သူတည်ထောင်လဲဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ကျနော် အထူးမပြောလိုပါဘူး” လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ မှာ မေ ၂၄ ရက် မနက်က ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မီဒီယာတွေရဲ့ မေးမြန်းချက်တွေ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208596

Read More »

ဆရာ စံဇာဏီဘို၏ မေလ ၂၄ ရက်မှ ၃၀ ရက် အထိ တစ်ပတ်စာ ဟောစာတမ်း




ဗေဒင် ပညာရှင် ဆရာ စံဇာဏီဘို၏ တစ်ပတ်တာ ဟောစာတမ်းကို ပရိတ်သတ် အတွက် တင်ဆက် လိုက်ပါသည်။

မေလ ၂၄ ရက်မှ ၃၀ ရက် အထိ တစ်ပတ်စာ ဟောစာတမ်း ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်းတွင် စောင့်မျှော် ကြည့်ရှု နိုင်မည် ဖြစ်ပါသည်။



From : 7Day News Journal

Originally published at - https://www.facebook.com/7DayOnlineTV/videos/1478295502242147/?hc_ref=NEWSFEED

Read More »

Wednesday, May 24, 2017

တန်းတူဆွေးနွေး ဆုံးဖြတ်ခွင့် မရှိသဖြင့် ၂၁ ရာစုပင်လုံ မတက်ဟု ယူအန်အက်ဖ်စီ ရှင်းလင်း




တန်းတူ ရည်တူ ဆွေးနွေး ဆုံးဖြတ်ခွင့် မရှိတဲ့ အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်း အဝေးကို တက်ရောက် တော့မှာ မဟုတ်ဘူးလို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) က ရှင်းလင်း ပြောကြား လိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့ ညက ကျင်းပ ပြီးစီး သွားတဲ့ အစည်း အဝေး အပြီး ၂၁ ရာစု ပင်လုံ ညီလာခံ မတက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး မီဒီယာ တွေကို ပြောကြား လိုက်တာပါ။

တန်းတူရည်တူ ပါဝင်ဆွေးနွေးခွင့်မရှိတဲ့ အထူးဖိတ်ကြားသူများ အဆင့် အနေအထားနဲ့သာ ဖိတ်ကြား လာလို့ ပါဝင် တက်ရောက်နိုင်တော့မှာ မဟုတ်တဲ့ အကြောင်း ယူအန်အက်ဖ်စီ ဒု-ဥက္ကဋ္ဌ နိုင်ငံဟာက ပြောပါတယ်။

“ကျနော်တို့ကို အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားတယ်။ အထူးဖိတ်ကြားသူအဆင့်ပေါ့၊ ဒါကတော့ စကားလုံးလှအောင်ပေါ့၊ အထူးဖိတ်ကြားသူပေါ့။ အမှန်ကတော့ လေ့လာသူ အဆင့်ပေါ့။ ကျနော်တို့ တခြားကိုယ်စားလှယ်တွေနဲ့တန်းတူ ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့်တွေ မရှိတဲ့ အနေအထားပေါ်မှာ ကျနော်တို့ မတက်သင့်ဘူးလို့မြင်တယ်။ အရင်ကလည်း ဒီလိုပဲဆုံးဖြတ်ခဲ့တယ်။”

၂၁ ရာစု ပင်လုံညီလာခံကျင်းပချိန်ဟာ ယူအန်အက်ဖ်စီ အစည်းအဝေး ကျင်းပချိန်နဲ့လည်း ကပ်နေလို့ နည်းနည်းအခက်အခဲရှိသလို ဖိတ်စာကလည်း နောက်ကျပြီးမှ ရောက်လာတယ်လို့ နိုင်ဟံသာက ပြောပါတယ်။

ညီလာခံမတက်ရောက်နိုင်တော့ပေမယ့် ပင်လုံမူ၊ ပင်စိတ်ဓာတ်၊ ပင်လုံကတိကဝတ်တွေနဲ့ အညီ အမျိုးသားရေးတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားပြည်နယ်များကို အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ယူအန်အက်ဖ်စီအနေနဲ့ ကြိုဆိုထောက်ခံ ဝန်းရံပံ့ပိုးသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို ဒီကနေ့မနက် နေပြည်တော်မှာ စတင်ကျင်းပဖို့ရှိနေပြီး အပစ်ရပ်တိုင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တို့ တက်ရောက်ဖို့ ရှိနေပါတယ်။



From : ဒီဗွီဘီ by နန်းမြနဒီ

Originally published at - http://burmese.dvb.no/archives/208295

Read More »

ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ၂၁ ရာစု ပင်လုံ ညီလာခံ မိန့်ခွန်း




ဒီကနေ့ မေလ ၂၄ ရက်နေ့ နေပြည်တော်မှာ စတင် ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ် အစည်း အဝေး ဖွင့်ပွဲ အခမ်း အနားမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ပြောကြား ခဲ့တဲ့ မိန့်ခွန်းကို ကောက်နုတ် ဖော်ပြပေး လိုက်ပါတယ်။

ညီလာခံအပေါ် မျှော်လင့်ချက်

“ဒီညီလာခံကြီးဟာ မျှော်လင့်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ထုတ်နိုင်မယ့် ဖိုရမ်တခုဖြစ်ပါလိမ့်မယ်။ အဲဒီလိုအနေအထားကနေ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးမယ့် စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားပေးမယ့် နည်းလမ်းတွေ၊ ဖြေရှင်းချက်တွေ ရှာဖွေတွေ့ရှိလာမှာလည်း ဖြစ်ပါတယ်။”

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ နိုင်ငံအတွက်၊ ပြည်သူအတွက် အရေးကြီးတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ဆွေးနွေးနိုင်တဲ့အဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်တယ်၊ အနှစ်နှစ်အလလ မျှော်လင့်ခဲ့ကြတဲ့ သမိုင်းတွင်မယ့် အခါသမယ၊ နိုင်ငံရေးဆွေးနွေးမှု သမိုင်းသစ်ကို ကျမတို့အားလုံး အတူတကွ စတင်ဖွင့်လှစ်ကြတော့မှာဖြစ်တယ်။”

ငြိမ်းချမ်းရေးပန်းတိုင်

“ဒီကနေ့ ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ ကျမတို့အနေနဲ့ ပြည်ထောင်စုတဝန်းက ပြည်သူတွေကို အသိပေးပြောကြားချင်တဲ့ အဓိကရည်မှန်းချက် ၃ ရပ်ရှိပါတယ်။ ပထမဦးဆုံးအချက်ကတော့ ကျမတို့ ဦးတည်လျှောက်လှမ်းနေတဲ့ပန်းတိုင် ဖြစ်ပါတယ်။ ကျမတို့နိုင်ငံ၊ ကျမတို့သမိုင်းကြောင်းမှာ ရှည်ကြာလှပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဖြေရှင်းချက်ဟာ အားလုံး သဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ဖြစ်တယ်ဆိုတာကို အားလုံးနီးပါးက လက်ခံထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးဟာ ကျမတို့ရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို အရောက်လှမ်းနိုင်မှာလား ဆိုတာကတော့ ဒီကနေ့ ကျမတို့အားလုံးရဲ့ လက်ဝယ်မှာ ရှိနေပါတယ်။ ဒီတာဝန်ဟာ ကျမတို့အားလုံးရဲ့ ပခုံးထက်မှာ ကျရောက်နေပါပြီ။ ဒါကို ရှောင်လွှဲဖို့၊ ဒါကို ရှောင်ဖယ်ဖို့၊ ဒါကို နောက်တွန့်ဆုတ်ဖို့ ဘယ်သူကမှ ဆန္ဒရှိလိမ့်မယ်လို့ မထင်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ကျမတို့ ပေးဆပ်ရတဲ့ စွမ်းအားတွေ၊ ယုံကြည်မှုတွေ အလေးအမြတ်ထားရှိမှုတွေ ဒီနိုင်ငံ ဒီပြည်ထောင်စုနဲ့ ကျမတို့ရဲ့ တိုင်းရင်းသားပြည်သူတွေကို အလင်းရောင် ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအလင်းရောင် မှိန်ဖျော့လာမှာလား၊ ဒီအလင်းရောင် ပိုပြီး တောက်ပလာမှာလား ဆိုတာက ကမ္ဘာကြီးမှာ မြန်မာရဲ့နေရာကို ပြသလာပါလိမ့်မယ်။”

ဒီမိုကရေစီဖက်ဒရယ် အခြေခံအုတ်မြစ်

“အခုညီလာခံကြီးမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံမူတွေကို ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုပေးရတော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုနှစ် ပင်လုံ ပထမအစည်းအဝေး ရပ်နားပြီးနောက် ၆ လအကြာမှာ အခြေခံမူတွေ ထွက်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျမတို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းပြီးတော့ ကြည့်နေကြပါ။ ၂၀ ရာစုနှစ်ပင်လုံစာချုပ်နဲ့ ငြိမ်းချမ်းရေးရရှိပြီးနောက်မှာ ပြည်တွင်းစစ်မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်ခဲ့ပါတယ်။ နှစ်ပေါင်း ၇၀ လောက်ကြာရှည်ခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ် အဆိုးသံသရာမှာ ကျမတို့နိုင်ငံရဲ့ တည်ငြိမ်မှု၊ အေးချမ်းမှု၊ တိုးတက်မှုတွေကို စတေးခဲ့ရပါတယ်။ တဆက်တည်းမှာပဲ ကျမတို့ တိုင်းရင်းသားပြည်သူတွေ မျိုးဆက်တဆက်ပြီးတဆက် လူမှုစီးပွားနဲ့ စိတ်ဓာတ် အညွန့်ကျိုးခဲ့ရုံသာမက ကျမတို့နိုင်ငံရဲ့ အနာဂတ်ကိုပါ တဖြည်းဖြည်းချင်း ပျက်သုဉ်းစေခဲ့ရပါတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခထောင်ချောက်က ဒီကနေ့အချိန်ထိ မလွတ်မြောက်နိုင်သေးတဲ့ ကျမတို့နိုင်ငံဟာ ကျန်တဲ့နိုင်ငံတွေနဲ့ အလှမ်းမကွာရအောင် မနည်းအားထုတ် ကြိုးပမ်းနေရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီကနေ့ ညီလာခံကြီးကတော့ ကျမတို့ ပြည်သူတွေရဲ့ ခေတ်အဆက်ဆက် မျှော်လင့်ချက်တွေအတွက် အလင်းရောင်လေးတစ အဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။ ဒီအလင်းရောင် မှိန်ပျပျလေး ထွက်ပေါ်လာဖို့ ကျမတို့ ပြည်သူတွေ နှစ်ပေါင်း ၇၀ နီးပါး စောင့်ခဲ့ရတာ ဖြစ်ပါတယ်။”

အန်စီအေ ပေါ်ပေါက်လာခြင်း

“တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရေး ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) က တံခါးဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီတံခါး ပွင့်လင်းနိုင်စေခဲ့တဲ့ အန်စီအေဟာလည်း တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် ပြန်ကြည့်ရင် အပစ်ရပ်သဘောတူစာချုပ်တွေ အသီးသီး ချုပ်ဆိုခဲ့ကြပေမယ့် အပစ်ရပ်လုပ်ငန်းစဉ် ခိုင်မာရေး၊ အပစ်ရပ်ပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ် ဖြစ်မြောက်ရေးတို့အတွက် အာမခံချက်တွေ မရှိခဲ့ပါဘူး။ အာမခံချက် ၂ ရပ်ကို ရရှိစေဖို့ နှစ်ဦးနှစ်ဘက် ကတိကဝတ်ပြုကြမယ့် သဘောတူစာချုပ်တရပ်ရှိဖို့ လိုတယ်ဆိုတဲ့ အယူအဆနဲ့ အန်စီအေဆိုတာ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။”

ညှိနှိုင်းဆောင်ရွက်ရေးမူ

“ကျမတို့ လက်ခံကျင့်သုံးနေတဲ့ ညှိနှိုင်းဆောင်ရွက်ရေးမူ ဖြစ်ပါတယ်။ ကျမတို့ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရ ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီး ကျမတို့အနေနဲ့ နိုင်ငံတော်ရဲ့ ရှေ့ခရီးအတွက် လျှောက်လှမ်းရာမှာ အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ခြေလှမ်းတွေ လှမ်းနေတာဖြစ်ပါတယ်။ ပေါ်ပင် အများကြိုက်မယ့်နည်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး ကျမတို့ လုပ်မှာမဟုတ်ပါဘူး။ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေရအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သဘောထားကွဲလွဲမှုတွေမှ ဘုံသဘောတူညီချက်တွေ ထွက်ပေါ်လာအောင် ညှိနှိုင်းဆွေးနွေးကြရာမှာ ယဉ်ကျေးတာဟာ ပျော့ညံ့တာ မဟုတ်ပါဘူး။ ညှိနှိုင်းတာဟာ အလျှော့ပေးတာမဟုတ်ပါဘူး။ ရိုးသားတည်ကြည်မှုနဲ့ ယုံကြည်မှုကို အားလုံး သတိတရား၊ အသိတရားနဲ့ ဆင်ခြင်ကျင့်သုံးကြဖို့ လိုအပ်ပါတယ်။ ဘယ်သူနဲ့မဆို စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ စိုးရိမ်စရာ မလိုအပ်ပါဘူး။ ကွဲပြားမှုတွေ ပိုပြီး ကြီးမားလာစေနိုင်တဲ့ ပြဿနာတွေကို အာရုံစိုက်မနေကြဘဲ ကျမတို့အချင်းချင်း ပေါင်းစည်းမှုတွေ ပိုပြီးခိုင်မာလာစေနိုင်တဲ့ အဆိုပြုချက်တွေကို ရှာဖွေဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုဟာ နားလည်မှု၊ ရင်းနှီးမှုကို တိုးပွားစေပြီး စာနာနားလည်မှု မျှဝေခံစားမှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အဝေးကနေ စကားလုံးတွေ၊ ပြောကြားချက်တွေကို နားထောင် အနက်ကောက်ပြီး သုံးသပ်နေတာထက် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းကြတာက တူညီတဲ့ သဘောထားတွေကို ဖော်ထုတနိုင်စေမှာဖြစ်ပါတယ်။”

အန်စီအေ ထီးအောက်ရောက်ရှိအောင် တွေ့ဆုံဆွေးနွေးရေးတံခါးဖွင့်ထား


“၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ရာမှာ ဖက်ဒရယ်စနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မူတွေ ထွက်ပေါ်လာအောင် ဦးတည်ကြိုးပမ်းသွားဖို့ မျှော်မှန်းထားပါတယ်။ တချိန်တည်းမှာ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အန်စီအေထီးရိပ်အောက် ရောက်ရှိအောင် တွေ့ဆုံဆွေးနွေးရေး တံခါးကို ဖွင့်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208322

Read More »

ပြည်သူ့အကျိုး ဆက်လက် ဆောင်ရွက်သွားမယ့် ဝန်ကြီးဟောင်း ဦးဆန်းဆင့်




ပြည်သူ့ အကျိုးအတွက် ဆက်လက် aဆာင်ရွက် သွားမယ်လို့ ဒီနေ့ တောင်ငူ အကျဉ်းထောင် ကနေ ပြန်လည် လွတ်မြောက် လာတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြောကြား လိုက်ပါတယ်။

“ကျနော် ဝမ်းတော့ သာတာ aပါ့ဗျာ။ အားလုံး ပြည့်ပြည့် စုံစုံ ဝမ်းမသာ နိုင်သေးဘူး။ ဘာလို့လဲ ဆိုတော့ ထောင်ထဲမှာ ကျန်နေတဲ့ သူတွေ၊ ကျန်တဲ့ အကျဉ်း သားတွေ အများကြီး ကျန်ပါ သေးတယ်။ ကျနော် သူတို့ကိုပါ လွတ်စေ ချင်ပါတယ်။

သူတို့ဟာ တချို့ဟာလည်း ဒီထဲမှာ နေပြီး ပြစ်ဒဏ်နဲ့ ပြစ်မှု မမျှတ တာတွေ၊ တချို့လည်းပဲ မတရား ခံရတဲ့ ဟာတွေ ဒီလိုတွေ ရှိနေ သေးတဲ့ အတွက် ကျန်တဲ့ အကျဉ်းသား တွေကိုပါ နိုင်ငံတော် အနေနဲ့ စဉ်းစားပေး စေချင်တယ်။

စဉ်းစားပြီးတော့ လွှတ်ပေး စေချင်တယ်။ အဲဒါ ဆိုရင် ကျနော် အပြည့် အဝ ဝမ်းသာ ပါပြီ။ အခု ကတော့ ဒီထောင်က ဆိုရင် ကျနော် တယောက်တည်း ပါသေး တယ်လို့ ပြောတယ်။ ကျနော် တယောက်တည်း ဆိုတော့ အပြည့် အဝ ဝမ်းမသာ နိုင်သေးဘူး။ အပြည့်အဝ ဝမ်းသာချင်တဲ့ အတွက် ကျနော် ဆုတောင်း နေပါ တယ်လို့ ပြောချင် ပါတယ်။

ကျနော်က နဂိုကတည်းက ပြည်သူလူထု အတွက်၊ အခြေခံ လူတန်းစားတွေ အတွက်၊ တောင်သူ လယ်သမားတွေ၊ အလုပ်သမားတွေ အတွက် ကျနော် ဆက် လက်ပြီး တာဝန် ထမ်းဆောင်ဖို့ အတွက် တပ်မတော်က အငြိမ်းစား ယူပြီး ကတည်းက သန္နိဋ္ဌာန် ချထားပြီး သားပါ။

ဒါကြောင့်မို့လို့ ကျနော် ပြည်သူ့အကျိုး အတွက်ကိုပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ယခင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်း ဆင့်ကို ၂၀၁၄ ဇွန် ၁၉ ရက်က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုတွေနဲ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ကြိုဆိုတဲ့အနေနဲ့ ဦးဆန်းဆင့် အပါအ၀င် အကျဉ်းသား ၂၅၉ ဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးပြီး ဒီကနေ့မနက် အကျဉ်းထောင်အသီးသီးက ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208372

Read More »

Tuesday, May 23, 2017

ကမ္ဘာအေး ဘုရား လမ်းမကြီးပေါ် ဖုန်းတိုင်နဲ့ ဓာတ်တိုင်တွေ ပြိုလဲ




ကမ္ဘာအေး ဘုရား လမ်းမ ပေါ်မှာ ရှိတဲ့ ပုလဲ ကွန်ဒို ရှေ့နားက လမ်းမီးတိုင်နဲ့ ဖုန်းကြိုး တိုင်တွေ ပြိုလဲကျ ခဲ့ပြီး ကားတွေပေါ် ပြိုလဲခဲ့တဲ့ ဖြစ်စဉ် တစ်ခု ဒီနေ့ မေလ(၂၂) ရက် နေလည်ပိုင်းက ဖြစ်ပွား ခဲ့ပါတယ်။

အခုလို ဓာတ်တိုင်တွေ ပြိုလဲကျ ခဲ့တာကြောင့် အငှားယာဉ် နှစ်စီး၊အိမ်စီးကား နှစ်စီး၊ ဘတ်စ်ကား တစ်စီး ပျက်ဆီးမှု ရှိခဲ့ပြီး ကားတချို့လည်း ပိတ်မိ နေတယ်လို့ သိရ ပါတယ်။

ဓာတ်တိုင်တွေ ပြိုလဲနေ တာကြောင့် ကမ္ဘာအေး လမ်းတစ်လျှောက် ကားတွေ ပိတ်မိနေပြီး ယာဉ်ထိန်း ရဲတွေကဖြစ်စဉ် ဖြစ်ပွားတဲ့ နေရာကို လမ်းပိတ်ပြီး လမ်းရှင်း နေတာတွေကို ပြုလုပ် ခဲ့ရပါတယ်။

အခုဓာတ်တိုင်နဲ့ ဖုန်းတိုင်တွေ ပြိုလဲ ယာဉ်တစ်စီးက သွယ်တန်း ထားတဲ့ ဖုန်းကြိုးတွေနဲ့ ငြိမိရာမှ ဓာတ်တိုင်နဲ့ ဖုန်းတိုင်တွေ ဆက်တိုက် ပြိုလဲတာ ဖြစ်တဲ့ အတွက် တိုက်မိတဲ့ ယာဉ်ကို အမှုဖွင့် အရေးယူ သွားမှာဖြစ်တယ်လို့ ဗဟန်းမြို့နယ်ရဲ့ လျှပ်စစ် မန်နေဂျာ ဦးရင်မိုးက ပြောပါတယ်။

ဓာတ်တိုင်တွေပြိုလဲကျတဲ့ဖြစ်စဉ်မှာ လမ်းမီးတိုင်(၃)တိုင်နဲ့ ဖုန်းကြိုးတိုင်(၃)တိုင်ပြိုလဲကျတာ ဖြစ်တယ်လို့ သိရပါတယ်။ ကားတွေပေါ်လဲကျနေတဲ့ လမ်းမီးတိုင်နဲ့ ဖုန်းကြိုးတိုင်တွေကို သက်ဆိုင်ရာလျှပ်စစ်ဌာနကတာဝန်ရှိသူတွေ လာရောက်ရှင်းလင်းခဲ့ပါတယ်။

ဓာတ်တိုင်တွေပြိုလဲ ကျတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ယာဉ်မှုစစ်က စုံစမ်း စစ်ဆေးဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လမ်းမီးတွေ ပြန်လည် ရရှိအောင် ဆောင်ရွက်နေပြီး ဗဟန်းမြို့နယ်အတွင်း ဓာတ်အားပြတ် တောက်ဧရိယာ မရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက သတင်း ထုတ်ပြန် ထားပါတယ်။


ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

From : 7Day News Journal

Originally published at - https://www.facebook.com/7daynews

Read More »

Monday, May 22, 2017

ကနေဒါတွင် ပင်လယ်ဖျံကြီးက မိန်းကလေးငယ် တဦးကို ထိတ်လန့်ဖွယ် ရေထဲ ဆွဲချ




ကနေဒါ နိုင်ငံ ရစ်ခ်ျမွန် မြို့က ဆိပ်ခံ တံတားမှာ ပင်လယ်ဖျံ တကောင်က ကုန်းပတ် အစွန်းမှာ ထိုင်နေတဲ့ မိန်းကလေး ငယ်ကို သူ့ရဲ့ နှုတ်သီးနဲ့ ရုတ်တရက် လှမ်းဆွဲပြီး ရေထဲကို ဆွဲချ လိုက်တဲ့ ထိတ်လန့် စရာဖြစ်ရပ် ဖြစ်ပျက် ခဲ့ပါတယ်။

မိန်းကလေး ငယ်ကို ပင်လယ် ဖျံကြီး ရေထဲ ဆွဲချ သွားတာ သူမနဲ့ သူမရဲ့ မိသားစုက ပင်လယ်ဖျံ ကြီးရဲ့ ဒီလို ရုတ်တရက် တိုက်ခိုက် ခံခဲ့ရလို့ ကြောက်လန့် တုန်လှုပ် သွားတာကို ရုပ်သံထဲမှာ မြင်ရ ပါတယ်။

ရုပ်သံရဲ့မြင်ကွင်းမှာ ပင်လယ် ဖျံကြီး ရေကူးခတ် နေတာကို လူတွေက ပျော်ပျော် ရွှင်ရွှင် ဝိုင်းကြည့်နေပြီး ဖျံကြီးရဲ့လှုပ်ရှား မှုကို ရယ်မော နေတာနဲ့ စမြင် ရပါတယ်။

အဲ့ဒီလိုကြည့်နေ ကြစဉ် အချိန် တခုမှာ ပင်လယ်ဖျံကြီးက ဆိပ်ခံ တံတားပေါ်က သူ့ကို ထိုင်ကြည့်နေတဲ့ ကောင်မလေးဆီကို ဦးတည်ပြီး ခုန်လိုက် ပါတယ်။ နောက်ထပ် ဘာဖြစ်မယ် ဆိုတာကို မသိလို့ အားလုံးက ရယ်ရယ် မောမောပဲ ရှိနေကြပါတယ်။

နောက် တကြိမ်မှာတော့ ဖျံကြီးက ရေပေါ် ခုန်တက် ဆိပ်ခံ တံတား ဘောင်ပေါ် ထိုင်နေတဲ့ ကောင်မလေးရဲ့ အဖြူရောင် ဂါဝန်ကို သူ့ပါးစပ်နဲ့ ရုတ်တရက် ဆွဲလိုက်ပြီး ကောင်မလေးကို ရေထဲ ဆွဲချ သွားပါတယ်။

ကောင်မလေးရဲ့ မိသားစုက ထိတ်လန့် တကြား အော်ဟစ် နေချိန်မှာ အမျိုးသား တဦးက ရဲရဲဝံ့ဝံ့ ရေထဲ ခုန်ဆင်းပြီး ကောင်မလေးကို ဆွဲဖမ်းကာ စက္ကန့်ပိုင်း အတွင်းမှာပဲ အသက် အန္တရာယ် ကင်းစွာ ခေါ်ဆောင်နိုင် ခဲ့ပါတယ်။

မိသားစုဝင်တွေ ရပ်ကြည့်သူတွေရဲ့အကူအညီနဲ့ နှစ်ဦးလုံး ရေထဲက ဆိပ်ခံတံတားပေါ် ပြန်တက်နိုင်ပြီး ဘယ်သူမှ ထိခိုက်ခြင်းမရှိဘူးလို့ သိရပါတယ်။

ပင်လယ်ဖျံတွေက များသောအားဖြင့် ကြောက်တတ်တဲ့ ရေသတ္တဝါတွေဖြစ်ပေမယ့် လူသားတွေကို တိုက်ခိုက် တတ်တယ်လို့ သိရပါတယ်။

ပင်လယ်ဖျံ အထီးတွေက မိတ်လိုက် ချိန်မှာ ပိုပြီး ရန်မူ တတ်တယ်လို့ သိရကြောင်း မေရာရဲ့ မေလ ၂၁ ရက်နေ့သတင်းမှာ ရေးထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207880

Read More »

ဒူးရင်းသီး မုန့်လေးတွေ လုပ်စား ကြမယ်




ရာသီစာ ဒူးရင်းသီးတွေ လှိုင်လှိုင် ပေါတဲ့ အချိန်မှာ ဒူးရင်းသီး အချစ်တော် တွေက ဒူးရင်းသီးကို အမျိုးမျိုး လုပ်စားလေ့ ရှိကြ ပါတယ်။

တချို့ကတော့ ဒူးရင်းသီးကို ဒီအတိုင်း စားလေ့ ရှိကြ ပေမယ့် အရသာ ရှိလှပါတယ် ဆိုတဲ့ ဒီအသီးကို ကိတ့်မုန့်တွေ ယိုတွေ အနေနဲ့လည်း လုပ်စား တတ်ကြ ပါတယ်။

ဒါ့ကြောင့် ဒီတစ်ပတ်မှာတော့ ဒူးရင်းသီးနဲ့ လုပ်တဲ့ ဒူးရင်းသီး ကိတ်မုန့်၊ ဒူးရင်းသီး အလွှာကိတ် (Durian Crepe) လေးတွေကို ဘယ်လို လုပ်ကြမလဲ ဆိုတာကို ပြန်လည် မျှဝေ တင်ဆက် ထားပါတယ်။



From : 7DayDaily - YouTube

Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ

Read More »

Sunday, May 21, 2017

သီချင်းဆိုပြိုင်ပွဲတွင် ထောင်ကျ ဖခင်အား တွေ့ခွင့်ရရေး တောင်းဆိုသည့် ထိုင်းမိန်းကလေး




ထိုင်းနိုင်ငံ ဘန်ကောက်မှာ သီချင်းဆို ပြိုင်ပွဲ ၀င်ပြီး ထောင်ကျ နေတဲ့ ဖခင်နဲ့ တွေ့ဆုံဖို့ တောင်းဆိုတဲ့ မိန်းကလေး ရုပ်သံ လူမှု ကွန်ရက်မှာ ရေပန်းစား နေပါတယ်။

အသက် ၁၂ နှစ်ရွယ် နောင့်ဘင်း ခေါ် ဖိမ်းဖစ်ချား နတ်ဆနစ် ဆိုတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က Workpoint TV ရဲ့ Super Ten ပြိုင်ပွဲ အစီ အစဉ်မှာ ၀င်ပြိုင် ခဲ့တာပါ။

သူဟာ “အလုပ်ကြမ်း သမမှ သမီးအတွက် အမှာစကား” ဆိုတဲ့သီချင်းကို ချိုသာတဲ့ အသံနဲ့ ခံစားချက် ပါပါ သီဆို ယှဉ်ပြိုင် ရာမှာ ပရိပ်သတ် တွေရော ဒိုင်လူကြီးတွေ မျက်ရည် ၀ဲတဲ့ထိ အားပေး ခဲ့ကြပါတယ်။

အဲဒီသီချင်းထဲမှာ မုဆိုးမအလုပ်ကြမ်းသမားမိခင်တဦးမှ သားသမီးတွေကို ပန်းရံလုပ်ပြီး ပင်ပန်းဆင်းရဲစွာရှာကြွေးရပေမယ့် သားသမီးတွေကို ပညာတတ် ဖြစ်စေချင်တဲ့ ရည်မှန်းချက်ကြောင့် မောပန်းရမှန်းမသိဘဲ သားသမီးတွေကို စိတ်ဓာတ်မကျဖို့ ကြိုးစားဖို့ တိုက်တွန်းထားတာဖြစ်ပြီး သူ့ဘ၀နဲ့ တိုက်ဆိုင်နေလို့ ရွေးချယ်သီဆိုရတာလို့ နောင့်ဘင်းက ပြောပါတယ်။

သူ့ဖခင်ဟာ သူ့ကိုမမွေးခင် ကိုယ်ဝန် ၇ လကတည်းက မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ ထောင်ကျသွားကြောင်း၊ ဖခင်ကို ၄ နှစ်သမီးအရွယ်က တကြိမ်သာ မြင်ဖူးကြောင်း၊ ကျောင်းကကျင်းပတဲ့ ဖခင်များနေ့အခမ်းအနားမှာ သူငယ်ချင်းတွေက သူတို့အဖေတွေကို ကန်တော့ပေမယ့် သူ့မှာ အဖေမရှိ အမေလည်း အလုပ်လုပ်နေရလို့ မလာနိုင်တာကြောင့် မိဘကိုယ်စား ဆရာကိုပဲ ကန်တော့ခဲ့ရတယ်လို့ ဆိုပါတယ်။

မိခင်က ကြုံရာအလုပ်လုပ်ပြီး သူတို့မောင်နှမနှစ်ယောက်ကို ကျွေးမွေးခဲ့ကြောင်း၊ သူမက စိတ်ဓာတ်မကျဘဲ စာကြိုးစားသူမို့ အတန်းထဲမှာ အမြဲ ပထမ ရတယ်လို့ ဆိုပါတယ်။

သီချင်းပြိုင်ပွဲမှာ အနိုင်ရရင် အိမ်စာလုပ်ဖို့ လက်ထော့ပ်ကွန်ပျူတာတစ်လုံးနဲ့ ဖခင်ကို ထောင်ဝင်စာတွေ့ချင်တဲ့အကြောင်း တောင်းဆိုခဲ့ပါတယ်။

ဧပြီ ၂၂ ရက်နေ့ ပြိုင်ပွဲမှာ ဆုရွေးချယ်ရေးအဖွဲ့က သူမကို ကွန်ပျူတာတစ်လုံးနဲ့ ပညာ သင်ထောက်ပံ့ကြေး ဘတ် ၅ သောင်း ဆုချခဲ့ပေမယ့် နောက် တောင်းဆိုချက် တခုဖြစ်တဲ့ ဖခင်နဲ့ ထောင်ဝင်စာတွေ့ရရေး ကိုတော့ လုပ်မပေးနိုင်ခဲ့ပါဘူး။

သီချင်းဆိုပြိုင်ပွဲကို တီဗွီက ထုတ်လွှင့်ပြီးတဲ့နောက် သူ့ဖခင်က သူတို့ဆီ စာတစောင် ပေးပို့လာပါတယ်။ စာထဲမှာ တီဗွီကြည့်ရစဉ် အစက သူ့သမီးကို မမှတ်မိကြောင်း၊ ကလေးက သူ့ဘ၀အကြောင်းပြောတဲ့ခါ သမီးမှန်းသိပြီး ငိုကြွေးခဲ့ရကြောင်း၊ သူ့အနေနဲ့ ထောင်ကျနေတဲ့ အဖေကို လာတွေ့ရင် သားသမီးတွေ သိမ်ငယ်ပြီး အရှက်ရမှာစိုးလို့ အဆက်အသွယ်မလုပ်ခဲ့ရတဲ့ အကြောင်း၊ ဒါပေမယ့် တီဗွီထဲမှာ သမီးက ထောင်သားရဲ့ သမီးဖြစ်ရတာ မရှက်ပါဘူးလို့ ပြောလိုက်တာကြောင့် သားသမီးနဲ့တွေ့လိုကြောင်း ရေးသားထားပါတယ်။

ဒီအကြောင်းကိုသိရှိသွားတဲ့ ထိုင်းတရားရေးဌာနက မိသားစုတွေ ပြန်ဆုံရအောင် ပန်ခွမ်ထောင်မှူးကြီးဆီ ခွင့်တောင်းပေးပြီး မေလ ၂၀ ရက်နေ့က ထောင်ထဲမှာပဲ မိသားစုတွေ့ဆုံပွဲ လုပ်ပေးခဲ့ပါတယ်။

နောင့်ဘင်းတို့ မောင်နှမ ၂ ယောက်က ဖခင်ရဲ့ ခြေအစုံကိုရှိခိုးကာ အဖေဟာ ဘယ်လိုအခြေအနေမှာပဲရှိနေနေ ရှက်တယ်ဆိုတာမရှိကြောင်း၊ အဖေဟာ ဘာဖြစ်ဖြစ် အဖေ့သမီးဖြစ်ရတာ ဂုဏ်ယူကြောင်း၊ အဖေကို သိပ်ချစ်သလို အဖေပြန်လွတ်မယ့်ရက်ကို မျှော်နေမယ်လို့ ပြောခဲ့ပါတယ်။

ဖခင်ဖြစ်သူကလည်း သူဟာ ငွေကိုဖြတ်လမ်းနဲ့ရှာပြီး လမ်းမှားလိုက်မိခဲ့တဲ့အပေါ် ခွင့်လွှတ်ဖို့၊ သားသမီးတွေကို မပြုစုမစောင့်ရှောက်နိုင်တဲ့ပေါ် ခွင့်လွှတ်ဖို့ တောင်းပန်ကာ လွတ်ငြိမ်းချမ်းသာခွင့်ရရေး ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေသွားမယ့်အကြောင်း သားသမီးတွေကိုရော ထောင်မှူးကြီးကိုပါ ကတိပေးခဲ့ပါတယ်။ နောင့်ဘင်းရဲ့ ဖခင်ဖြစ်သူဟာ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံထားရတာပါ။

လူမှုကွန်ရက်ပေါ်မှာတော့ အရွယ်နဲ့ မလိုက်အောင် သိတတ်တဲ့ နောင့်ဘင်းကို ချီးမွမ်းပြီး သူတို့မိသားစု ပြန်ဆုံအောင် ဆောင်ရွက်ပေးတဲ့ Workpoint တီဗွီကိုလည်း ကျေးဇူးတင်နေကြပါတယ်။


From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207833

Read More »

Friday, May 19, 2017

တရုတ်နိုင်ငံက ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရဟတ်ယာဉ် ထုတ်ဖော် ပြသ




တရုတ် နိုင်ငံဟာ သူ့ရဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ထုတ်ဖော် ပြသ လိုက်ပါတယ်။

အမြတ် အစွန်း ကြီးမားတဲ့ ဈေးကွက်ထဲ ဝင်ဖို့ ပြင်ဆင် နေတာ ဖြစ်သလို ခေတ်မှီ အစီအစဉ်ကို အရှိန် အဟုန်နဲ့ မြှင့်တင်ဖို့ ဆောင်ရွက် နေတာပါ။

အစိုးရပိုင် ဟာဘင် လေယာဉ် ထုတ်လုပ်ရေး စက်ရုံက ထုတ်လုပ် ခဲ့တဲ့ Z-19E အမျိုး အစား အဲဒီ ရဟတ်ယာဉ်ကို ဟာဘင်မြို့မှာ စမ်းသပ် မောင်းနှင် ခဲ့ပုံတွေကို အစိုးရ တီဗွီ သတင်းမှာ ပြသ ခဲ့ပါတယ်။

အဲဒီ Z-19E ရဟတ်ယာဉ်ကို မြေပြင်နဲ့ ကပ် ပျံသန်းပြီး တင့်ကားတွေ၊ ကျည်ကာ မော်တော်ယာဉ် တွေနဲ့ တခြား မြေပြင် ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ် ထုတ်လုပ် ထားတာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက် လိုအပ်ချက် တွေနဲ့ ပြည့်မှီအောင် တည်ဆောက် ထားတာ ဖြစ်တယ်လို့ အစိုးရပိုင် ဆင်ဟွာ သတင်းက ပြောပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ ကမ္ဘာ့အကြီးဆုံး စစ်တပ်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က စစ်သုံးစက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို ခေတ်မီစက်ပစ္စည်းတွေ၊ နည်း ပညာတွေနဲ့ အစားထိုးပြောင်းလဲကာ အရေအတွက်ထက် အရည်အသွေးကို တိုးတက်လာအောင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံပြီး ဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207470

Read More »

နယူးယောက် မြို့လယ်ခေါင် လူအုပ်စုတွင်း ကားတစီးဖြင့် သိမ်းကျုံး တိုက်




အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့၊ တိုင်းမ် စကွဲ ရင်ပြင် ထဲမှာ လူတယောက်က ကားတစီးနဲ့ လူအုပ်စုထဲကို သိမ်းကျုံး တိုက်ခဲ့တဲ့ ရုပ်သံ ဗွီဒီယိုဖိုင် ထွက်ပေါ် ခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ဒီအဖြစ် အပျက်မှာ ကားနဲ့ တိုက်ခံ ရမှုကြောင့် အမျိုးသမီး တဦး သေဆုံးကာ အနည်းဆုံး လူ ၂၂ ဦး ထိခိုက် ဒဏ်ရာတွေ ရရှိ ခဲ့ကြတယ်လို့ နယူးယောက် မြို့တော်ဝန်က ပြောပါတယ်။



“ဒီယာဉ်တိုက် မှုမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ လက္ခဏာ တွေတော့ မတွေ့ခဲ့ရပါဘူး” လို့ မြို့တော်ဝန် ဘီလ်ဒီဘလက်စီရိုက ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ အဲဒီကားဟာ အရှိန်နဲ့ မောင်းနှင်လာတာဖြစ်ပြီး လမ်းဘေးပလက်ဖောင်းပေါ်ကို တက်ကာ တဟုန်ထိုး တိုက်မိခဲ့တာလို့ ဆိုပါတယ်။



ဒီအဖြစ်အပျက်မှာ အသက် ၁၈ နှစ်အရွယ် အယ်လစ်ဆာ အယ်လ်စ်မန်ဟာ နေရာတင် သေဆုံးခဲ့ရပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ ပြစ်မှုကျူးလွန်သူ အသက် ၂၆ နှစ်အရွယ် ရစ်ချတ် ရိုဂျက်စ်ကိုတော့ လမ်းသွားလမ်းလာတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာပါ။

လက်ရှိမှာတော့ ရဲတွေက လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ရစ်ချတ် ရိုဂျက်စ်ဟာ အမေရိကန်နိုင်ငံ၊ ဘရွန့်ဇ်ခရိုင်မှာ နေထိုင်သူတဦးဖြစ်ကာ အမေရိကန် ရေတပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ပြစ်မှုမှတ်တမ်းရှိသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းမ်စကွဲရင်ပြင်ဟာ နယူးယောက်မြို့မှာ အချက်အချာကျတဲ့ နေရာတခု ဖြစ်သလို ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အခင်းဖြစ်ပွားတဲ့ နေရာကို ရဲတပ်ဖွဲ့က ပိတ်ထားတယ်လို့ ဆိုပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207509

Read More »

Thursday, May 18, 2017

ထိုင်းနိုင်ငံ ပထုန်ဌာနီ ခရိုင်တွင် မြန်မာ အလုပ်သမားများ ဖမ်းဆီး ခံရ




ထိုင်း နိုင်ငံ အလယ်ပိုင်း နခွန်း ပထုန်နဲ့ ပထုန် ဌာနီ ခရိုင်ထဲမှာ အလုပ်ရုံ တွေကို ရှောင်တခင် ၀င်ရောက် စစ်ဆေး ရာမှာ မြန်မာ အလုပ် သမားတွေ ဖမ်းဆီးခံ ခဲ့ရ ပါတယ်။

နခွန်းပထုန် ခရိုင်ဝန်ရဲ့ ညွှန်ကြားချက် အရ ခရိုင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့နဲ့ တရား မ၀င် အလုပ် သမား ဖမ်းဆီးနှိမ်နင်းရေး အဖွဲ့ဟာ မေ ၁၇ ရက် နေ့ နေ့ခင်း ပိုင်းက နခွန်း ပထုန်ခရိုင် နခွန်း ချိုင်းဆီမြို့နယ်ရှိ စက်မှုဇုန်ကို ၀င်ရောက် စစ်ဆေးရာမှာ အလုပ်သမားတွေ ကစဥ့် ကလျား ထွက်ပြေး ကြကြောင်း၊ တာဝန်ရှိ သူတွေ လိုက်လံ ဖမ်းဆီးရာမှာ အလုပ်သမား ၁၄ ဦးကိုသာ ဖမ်းမိ ခဲ့တယ်လို့ နခွန်းချိုင်းဆီ ရဲစခန်း တာဝန်ကျ ရဲအရာရှိမှ သတင်း ထောက် တွေကို ပြော ပါတယ်။

အဆိုပါ ၁၄ ဦးမှာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အလုပ်သမားကတ်လည်းမရှိ၊ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့်အထောက်အထားလည်း မရှိတာကြောင့် သူတို့ကို တရားမ၀င် ၀င်ရောက်မှု၊ ခွင့်ပြုချက် မရှိဘဲ အလုပ်ဝင်လုပ်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် အထောက်အထား မရှိသူတွေကို လက်ခံပြီး မှီခိုခွင့်ပြုထားတဲ့ အလုပ်ရှင်ကိုလည်း အရေးယူသွားမယ်လို့ ထိုင်းရဲအရာရှိက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင် ပထုန်ဌာနီမြို့မှာ မြန်မာအလုပ်သမား ၁၂ ဦး အဖမ်းခံခဲ့ရပါတယ်။

ပထုန်ဌာနီမြို့ ဘန်ပလောက်ရပ်ကွက် ဘန်ဖိုင်လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမ၀င် အလုပ်သမားတွေ ၀င်ရောက်လုပ်ကိုင်နေကြောင်း ထိုင်းဒေသခံတွေရဲ့ သတင်းပို့ချက် အရ မြို့နယ်အုပ်ချုပ်ရေးရုံး၊ အလုပ်သမားရုံးနဲ့ တာဝန်ရှိသူတွေက ဆောက်လုပ်ရေးအလုပ်သမား တိုက်ခန်းကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီတိုက်ခန်းမှာတော့ အလုပ်သမားတွေက ကြည်ဖြူစွာ အစစ်ဆေးခံခဲ့ပြီး အထောက်အထား မပြည့်စုံတဲ့ အလုပ်သမား ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ၁၂ ဦးအနက် အလုပ်သမား မှတ်ပုံတင်မရှိသူ ၈ ဦး၊ အလုပ်သမားမှတ်ပုံတင်ရှိပေမယ့် ခွင့်ပြုနယ်မြေပြင်ပမှာလာ လုပ်ကိုင်သူက ၄ ဦးရှိပြီး အားလုံးဟာ မြန်မာနိုင်ငံသားတွေချည်း ဖြစ်တယ်လို့ တရားမ၀င်အလုပ်သမားနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ဒုရဲမှူး ဘန်းထွန်းဖွန်းဆုခါက သတင်းထောက်တွေကို ပြောသွားပါတယ်။



ကိုးကား – မန်နေဂျာအွန်လိုင်း

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207188

Read More »

တက္ကဆက်၊ အိုကလာဟိုးမားနှင့် ဝီလ်ကွန်ဆင် ပြည်နယ်တို့တွင် လေဆင်နှာမောင်း ဝင်မွှေ




မေလ ၁၆ ရက် နေ့က အမေရိကန် ပြည်ထောင်စု တက္ကဆက်၊ အိုကလာ ဟိုမားနဲ့ ဝီလ်ကွန်ဆင် ပြည်နယ်တွေကို လေဆင် နှာမောင်း ဝင်ရောက် ခဲ့ပါတယ်။

လေဆင် နှာမောင်း ကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံး ခဲ့တယ်လို့ ဒေသ အာဏာပိုင် တွေက ပြောကြား ခဲ့ပါတယ်။

အိုကလား ဟိုးမား ပြည်နယ် အဲ့ခ်စီးတီး (Elk City) မှာလည်း အပျက်အစီး များခဲ့ပြီး အိမ်တွေ ဒါဇင်နဲ့ချီ ပျက်စီးခဲ့တယ်လို့ NBC သတင်းဌာနက ကြေညာ ခဲ့ပါတယ်။

တက္ကဆက်ပြည်နယ် မက္ကလင်း(Mclean)မြို့အနီးမှာ လေဆင်နှာမောင်း ဝင်ရောက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးမှု ကြီးကြီးမားမား မရှိဘူးလို့ သိရပါတယ်။

အဲဒီဒေသတွေမှာ လေပြင်းတွေ ပိုမိုတိုက်ခတ်ဖွယ် ရှိတယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207175

Read More »

တိပ်အမည်းများ ပတ်ပြီး ကလပ်သွားသည့် အမျိုးသမီး ဖက်ရှင်




အဝတ် အစား မဝတ်ဘဲ အရှက် လုံနိုင်မယ့် နေရာလေး တွေသာ တိပ်အမည်းတွေ ပတ်ပြီး ကလပ်မှာ ကနေကြတဲ့ အမျိုးသမီး တွေရဲ့ဖက်ရှင်ဟာ ရေပန်းစား ကျော်ကြား နေပါတယ်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် မီယာမီမြို့က ဂျိုးအယ်လ် ဗာရက်စ်လို့ ခေါ်တဲ့ အမျိုးသား တဦးက အမည်းရောင် တိပ် စီမံကိန်းလို့ ခေါ်တဲ့ “အနုပညာ” လုပ်ငန်း တခုကို စတင် လုပ်ဆောင် ခဲ့တာပါ။

သူရဲ့စိတ်ကူးက ရိုးရိုးလေး ဖြစ်ပြီး ဘာအဝတ် အစားမှ မဝတ်ထားတဲ့ အမျိုးသမီး တွေကို သူတို့ရဲ့ခန္ဓာကိုယ်တွေ ပေါ်မှာ အရှက်လုံရုံ တိပ်အမည်း တွေနဲ့ဖုံးပြီး ဖက်ရှင် တီထွင်ကာ ကလပ်မှာ ကကြတာပါ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဒီဖက်ရှင်က ကျော်ကြားလာပြီး အနက်ရောင်တိပ် ပရောဂျက်ကို အင်စတာဂရမ်မှာ ထောက်ခံသူ ၂ သိန်းနီးပါးလောက် ရှိတယ်လို့ သိရပါတယ်။

ဂျိုးကလည်း သူ့ရဲ့အနုပညာကို “စိတ်ကူးကောင်းတဲ့ စိတ်လှုပ်ရှားဖွယ်အမြင်ရှိတဲ့ သရုပ်ပြမှုအဖြစ်” ညွှန်းဆိုလိုက်ပြီး ကမ္ဘာအနှံ့က ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ်လို့ ပြောပါတယ်။

မီယာမီအခြေစိုက် ဖက်ရှင်ဒီဇိုင်နာတဦးက အိမ်သုံးပစ္စည်းတွေနဲ့ လူသားရဲ့ ခန္ဓာကိုယ်အလှကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ဖက်ရှင်လို့ ပြောပါတယ်။

ခုချိန်မှာ ကုမ္ပဏီတခုအဖြစ် တည်ထောင်ထားတဲ့ အမည်းရောင်တိပ်ပရောဂျက်လုပ်ငန်းက လက်စ်ဗီးဂက်စ်၊ နယူးယော့ခ်၊ ကရစ်ဘီယမ်နဲ့ ဥရောပနိုင်ငံ တချို့ကို သွားရောက် လုပ်ကိုင်ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ယူကေမှာလည်း တချို့လူတွေ ကြိုက်နိုင်တဲ့ အတွက် အလုပ်ဖြစ်နိုင်တယ်လို့ မေရာရဲ့ မေလ ၁၅ ရက်နေ့သတင်းမှာ ရေးထားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207134

Read More »

Monday, May 15, 2017

ဖွဲ့စည်းပုံကို တပ်က သဘောတူ ထားသည့် အချက်တွေကို ဦးစားပေး ပြင်သင့်ဟု ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ပြော




ရန်ကုန်၊ မေ ၁၄ ။ ။ တပ်မတော်က မြန်မာ့ နိုင်ငံရေးတွင် ချောမွေ့သည့် အသွင် ကူးပြောင်းရေး တစ်ခု အထိ ပါဝင်လိုသည့် အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ကို တပ်မတော်က သဘောတူ ထားသည့် အချက် များအား ဦးစားပေးပြင်ဆင် သင့်သည်ဟု ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြား လိုက်သည်။

၎င်းက မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ယနေ့၊ မေလ ၁၄ ရက်က ပြုလုပ် ခဲ့သည့် ဆွေးနွေး ပွဲတွင် ယခုလို ပြောကြား ခဲ့ခြင်း ဖြစ်သည်။

"ချောမွေ့တဲ့အသွင်ကူးပြောင်းတစ်ခုအထိတော့ သူပါချင်သေးတယ်။ သူထိန်းထားတာနော်၊ ပြီးလို့ရှိရင် သူထွက်ကို ထွက်သွားရမှာ။ ကျွန်တော်တို့ တစ်သက် လုံးနေလို့ မရဘူးဆိုတာ လူတိုင်း ကျွန်တော်တို့ အားလုံး သိတယ်။

ဦးစားပေးအနေနဲ့ တပ်မတော်က သဘောတူထားတဲ့အချက်တွေ စပြင်ပေါ့ဗျာ။

ယုံကြည်မှုတည်ဆောက်နိုင်ရင် နောက်ထပ်ခက်ခဲတဲ့အလုပ်ကိုလုပ်ပေါ့။ အခုဟာက မယုံကြည်သေးလို့ လက်တွဲပြီး ယုံကြည်မှုတစ်ခု တည်ဆောက်တဲ့အခါ လွယ်တာကနေ စပြင်ဖို့လိုတယ်။ ဦးစားပေးမှန်ဖို့ လိုတာကို ကျွန်တော်ထောက်ခံတယ်။" ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အရပ်ဖက်၊ ပါတီနှင့်တပ်မတော်အပြင် တိုင်းရင်းသားများ အားလုံး ညှိနှိုင်းအဖြေရှာနိုင်ရန် လိုအပ်ပြီး ပင်လုံ ညီလာခံကလည်း ခြေခံဥပဒေပြင်ဆင်ရေးအတွက် ပထမအဆင့်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြော သည်။

"အရပ်ဖက်ရယ်၊ ပါတီရယ် ပြီးတော့ တပ်မတော်ရယ် ညှိနှိုင်းပြီးတော့မှ ဘယ်လိုမျိုးပြင်ကြမလဲဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ နောက်တစ်ခု မဖြစ်မနေ စဉ်းစား ရမှာက အရပ်ဖက်၊ စစ်ဖက်တင် မကဘူး။ တိုင်းရင်း သားတွေလည်း ပါတယ်။

ဒီဖွဲ့စည်း ပုံက တိုင်းရင်းသားတွေနဲ့လည်း သက်ဆိုင် ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော် ထင်ပါတယ်။ ပင်လုံ ညီလာခံ လုပ်နေတယ် ဆိုတာလည်း ပထမ အဆင့်၊ပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို နောက်တစ်ဆင့် သွားမယ့် သဘောရှိတယ်။

အဲဒီလိုသွားတဲ့အခါ တိုင်းရင်း သားတွေရဲ့အသံကို ရပြီဆိုရင် တပ်မတော်ရဲ့အခန်းကဏ္ဍကို အကောင်းဆုံးနည်းနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုပါမယ်။" ဟု လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည်ဆိုသည့် အယူအဆကို လက်မခံနိုင်သလို ငြိမ်းချမ်း ရေးကိစ္စကသပ်သပ် အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စက သပ်သပ် သီးခြားစီတစ်ပြိုင်တည်း ဆောင်ရွက် သင့်သည်ဟု ၈၈မျိုးဆက်၊ ဦးကိုကိုကြီးက တုံပြန်သည်။

"စစ်တပ် ဘာကြောင့်နိုင်ငံရေးမှာပါသလဲဆိုရင် ပြည်တွင်းစစ်ကြောင့်ဆိုတဲ့အကြောင်းပြချက် ပါလာပြီ။ ဒီမှာတော့ ကျွန်တော်အငြင်းပွားစရာရှိတယ်။

ငြိမ်းချမ်းရေးကို ဦးစားပေး၊ နောက်မှ အခြေခံဥပဒေပြင်ဆင် နိုင်မယ်ဆိုတဲ့ အယူအဆကို ကျွန်တော်ကတော့ လက်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးက ဘယ်တော့ရမလဲ ကျွန်တော်မသိဘူး။ ငြိမ်းချမ်းရေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုပြီး ကိုယ့်ခြေထောက်ကိုယ် ကြိုးနဲ့ချည်နေလို့ မဖြစ်ဘူး။

ဖွဲ့စည်းပုံပြင်တာက သပ်သပ် လုပ်ကို လုပ်နေရမယ်။ ငြိမ်းချမ်းရေး ကတော့ မြန်လေကောင်းလေ ဖြစ်ချင်တယ်။ ဒါပေမယ့် နှစ် ၇၀ လောက် ကိစ္စကို တစ်ထိုင်တည်း ပြီးဖို့ဆိုတာ သိပ်စိတ်ကူးယဉ် ဆန်လွန်းတယ်။" ဟု ၈၈ မျိုးဆက်၊ ဦးကိုကိုကြီးက ပြောသည်။

ဦးကိုကိုကြီးက ပြောကြားမှုအပေါ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကို ကိုးကားကာ ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်

"လူလုပ်ခဲ့တဲ့အရာပဲ၊ လူတွေပဲ ပြင်ရမှာပဲ။ အစတည်းကလည်း တပ်မတော်က လိုတဲ့အချိန်ပေါ့ ငြိမ်းချမ်းရေးရမှဆိုတာ အခုနောက်ပိုင်းမှစကားပါ။

ဟိုတုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက (ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ) ပါဝင်ပတ်သက်နေတဲ့ သူတွေ အားလုံး ယုံကြည်မှု တည်ဆောက်နိုင်ရန် ပြင်ကြပေါ့လို့ ပြောခဲ့တာ"ဟု ဦးရဲထွဋ်က ပြောသည်။

ယင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ နိုင်ငံရေးပါတီသစ်တစ်ခု ထူထောင်ရန် ကြိုးစားနေသည့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးနှင့် လက်ရှိ ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ ပါဝင်ခဲ့ပြီး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ ရပ်များ အပြင် အရပ် ဘက် စစ်ဘက် ဆက်ဆံရေးနှင့် ရခိုင်ပြည်နယ် လူမျိုးရေး ဆိုင်ရာ ကိစ္စများ ကိုလည်း အဓိကဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲကို နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲအစည်းများနှင့် နိုင်ငံရေးစိတ်ပါဝင်စားသူများလည်း တက်ရောက်ခဲ့ကြသည်။


From : မဇ္ဈိမ မီဒီယာ by ဒေါင်းလူ

Originally published at - http://moigovnews

Read More »